ယန်ဖေးကို ဆင့်ခေါ် ခြင်းနှင့် အင်အားစု ၆ စုရောက်ရှိလာခြင်း
Vol. 27 Ch. 376
ဘာသာပြန်- The Fate
"ဒင်~ မြေအောက်ဘုံလောက ရှေ့ပြေးတပ်နှင့် တန်မိသားစုကို ဖျက်ဆီးခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ဂိုဏ်းအမှတ် ၃၀ ဘီလီယံနှင့် နတ်မင်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့် ၅ ကြိမ် ဆုချလိုက်သည်"
ယခုအချိန်တွင် ဝမ်ဖုန်းသည် စနစ်၏အသံကို ကြားလိုက်ရသော်လည်း အံ့ဩတုန်လှုပ်ခြင်း မရှိတော့ပါ။ မြေ အောက်ကမ္ဘာစစ်တပ်၏ စိတ်ဓာတ်ခွန်အားက သူ့ကို တုန်လှုပ်စေခဲ့ပြီး ဖြစ်သည်။
"စနစ်~ နတ်မင်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့် ၅ ကြိမ်ကို စုပေါင်းပြီး ဆင့်ခေါ်လိုက်ပါ" တစ်ခဏတာ တွေးလိုက်ပြီးနောက် ဝမ်ဖုန်းက လျှို့ဝှက်စွာ ပြောဆိုလိုက်သည်။
ဝမ်ဖုန်းက ဆင့်ခေါ်နေချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများက တိုက်ပွဲမြေပြင်ကို စတင်ရှင်းလင်းလိုက်သည်။ လီပိုင်က မြေအောက်ဘုံလောက၏ လူများကို ဖျက်ဆီးလိုက်သော်လည်း သူတို့၏ ချမ်းသာကြွယ်ဝမှုများကိုတော့ ချန်ရစ်ထားခဲ့သေးသည်။
တောင်ပိုင်းနယ်မြေ အရှေ့ပိုင်းဒေသတစ်ခုလုံးရှိ အင်အား စုကြီးကြီးငယ်ငယ်၏ ချမ်းသာကြွယ်ဝမှုများကို မြေ အောက်ကမ္ဘာစစ်တပ်က လုယူခဲ့သည်ဖြစ်ရာ သူတို့၏ ချမ်းသာကြွယ်ဝမှုမှာ သာမန်လူများ တွေးထင်မထားနိုင်လောက်အောင် များပြားလေသည်။ ၎င်းက ရှန်ရှန့်ကျုံဂိုဏ်းကို အကျိူးအမြတ်များစွာ ရရှိစေလိမ့်မည်။
"ဒင်~ယန်ဖေးကို ဆင့်ခေါ်မိတဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ သူ့ရဲ့စွမ်းရည်ဇယားကို စစ်ဆေးကြည့်ပါမည်လား"
"စစ်ဆေးမယ်"
"ဒင်~ယန်ဖေး၏ စွမ်းရည်ဇယားမှာအောက်ပါအတိုင်းဖြစ်သည်။
အမည် - ယန်ဖေး
ဘွဲ့ - အရိုင်းဆန်သော ဓါး
ကျင့်ကြံမှု - ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့်
နတ်မင်းနယ်ပယ် အထူးစွမ်းအားများ - နေနှင့်လ လီထျန်းသာ့ဖ၊ မိုးကောင်းကင်တံခါး ဓါးသိုင်းပညာ။
နတ်မင်းလက်နက် - ပန်းကိုချစ်သော လိပ်ပြာများ "
ယန်ဖေး၏ စွမ်းရည်ဇယားကို လှမ်းကြည့်လိုက်ရင်း ဝမ်ဖုန်းက လျှို့ဝှက်စွာ ခေါင်းညိမ့်လိုက်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
"စနစ်~ ထီကံစမ်းဖို့ ဂိုဏ်းအမှတ် ၂၀ ဘီလီယံ အသုံးပြုလိုက်ပါ ၊ ရလာတဲ့ ကျင့်ကြံမှုတွေကို ဒီဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေအပေါ် ကောင်းချီးပေးလိုက်ပါ"
"ဒင်~လင်းတုန်လိုင်၏ ကျင့်ကြံမှုအခြေခံ ဆယ်ပုံတစ်ပုံရရှိတဲ့အတွက် ပိုင်ရှင့်ကို ဂုဏ်ပြုပါတယ် "
"ဒင်~~~"
"ဒင်~ ပိုင်ရှင်နှင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများအားလုံး မိုးကောင်းကင်နတ်မင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ်"
ထွက်ပေါ်လာသော အေးစက်သည့်အသံက ဝမ်ဖုန်း၏ မျက်နှာကို မဲမှောင်သွားစေခဲ့သည်။ ဂိုဏ်းအမှတ် ၂၀ ဘီလီယံက အဆင့်တစ်ဆင့်ပဲ မြှင့်တင်ပေးလိုက်တာလား?။ ကျင့်ကြံမှုအဆင့် ပိုမိုမြင့်မားလေလေ အဆင့်တက်ရန် ခက်ခဲလေလေဖြစ်လာခဲ့သည်။
"စနစ်~ ဒီဂိုဏ်းချုပ်နဲ့အကြီးအကဲတွေ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့်ထိ ရောက်တဲ့တိုင်အောင် ထီလက်မှတ်တွေ ကံစမ်းလိုက်ပါ" ဝမ်ဖုန်းက အံကိုတင်းတင်းကြိတ်လိုက်ပြီး လေးနက်စွာပြောဆိုလိုက်သည်။
အစက ဝမ်ဖုန်းသည် သူ၏ ကျင့်ကြံမှုကို လျှင်မြန်စွာ တိုးမြှင့်ရန် မစီစဥ်ခဲ့ပါ။ သူဟာ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများကို သူတို့၏ ကိုယ်ပိုင်စွမ်းအားများအပေါ် အပြည့်အဝထိန်းချုပ်မှု ရစေချင်သည်။ သို့ပါသော်လည်း လက်ရှိအချိန်တွင် ဝမ်ဖုန်းက အနည်းငယ် ထိတ်လန့်နေမိသည်။ ထို့အတွက်ကြောင့် ခွန်အားကိုတိုးမြှင့်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
"ဒင်~ ပိုင်ရှင်နဲ့ ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့်ကို ရောက်ရှိသွားသည့် ဂုဏ်ပြုပါတယ် ၊ ထီကံစမ်းဖို့အတွက် ဂိုဏ်းအမှတ် ၃၀ ဘီလီယံ အသုံးပြုခဲ့ရပါတယ်"
စနစ်၏ အသိပေးသံကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ နှုတ်ခမ်းများက တွန့်လိမ်သွားခဲ့သည်။ အနှီသောက်ကျိူးနဲ စနစ်မှာ ပို၍ပို၍ ပုပ်စပ်လာသည်။ ထိုက်ရွှမ်နတ်မင်းနယ်ပယ် နောက်ဆုံးအဆင့်ကို ရောက်ရှိဖို့အတွက် ဂိုဏ်းအမှတ် ၅၀ ဘီလီယံတိတိ အသုံးချခဲ့ရလေသည်။
၎င်းမှာ နာကျင်ဖွယ်ကောင်းလှသည်...
ကံကောင်းထောက်မစွာဖြင့် သူ့ခန္ဓာကိုယ်အတွင်းပြည့်နှက်လာသော စွမ်းအားများက ဝမ်ဖုန်းကို နေ၍ထိုင်၍ ကောင်းလာစေခဲ့သည်။ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားမှာ ကိုးကွယ်ခံနတ်မင်းအဆင့်နှင့် လွန်မင်းစွာကွာခြားလေသည်။
ဤအချ်ိန်တွင် ဝမ်ဖုန်းက တောင်ပိုင်းနယ်မြေတစ်ခုလုံးကို လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးနိုင်တော့မည်ကဲ့သို့ ခံစားလိုက်ရသည်။
ဟုတ်ပါပေသည်... ၎င်းမှာ စွမ်းရည်အများအပြား တိုးပွားလာပြီးနောက် ဖြစ်ပေါ်လာသည့် ထင်ယောင်ထင် မှား ခံစားချက်သာဖြစ်၏။ သို့ပါသော်လည်း တောင်ပိုင်းနယ်မြေ၏ ဒေသအများစုကို ဖျက်ဆီးပစ်ဖို့တော့ တတ် စွမ်းနိုင်ပါသေးသည်။ အန္တိမနတ်မင်း အထွတ် အထိပ်အဆင့်သည် ဤဘုံလောကကြီး၏ အထွတ် အထိပ် စွမ်းအားရှင်အဆင့် ဖြစ်လေသည်။ အန္တိမနတ်မင်းအဆင့်များ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် လေဟာပြင်လည်း အက်ကွဲသွားရပေလိမ့်မည်။
"လီပိုင်... မြောက်ပိုင်းနယ်မြေက မြေအောက်ဘုံလောကရဲ့ စစ်တပ်ကို ဖျက်ဆီးဖို့အတွက် ဂိုဏ်းအကြီးအကဲ အယောက်နှစ်ဆယ်ကို ခေါ်ဆောင်သွားလိုက်ပါ" ကိုယ်တွင်းရှိ တိုးပွားလာသော စွမ်းအင်များကို ခံစားလိုက်ပြီးနောက် ဝမ်ဖုန်းက လီပိုင်ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ ဂိုဏ်းချုပ်"
လီပိုင်က ခေါင်းညိမ့်လိုက်ပြီး မြေအောက်ဘုံလောကစစ်တပ်ကို ချေမှုန်းချင်နေကြသော ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများကို လှမ်းကြည့်လိုက်သည်။ ထို့နောက်သူက ရှီပိုထျန်း ၊ အားချင်း စသည့် အကြီးအကဲ အယောက်နှစ်ဆယ်ကျော်ကို ရွေးထုတ်သွားသည်။
ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲ အယောက်နှစ်ဆယ်ကို ရွေးထုတ်လိုက်ပြီးနောက် လီပိုင်က တုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုအဖွဲ့ကို ဦးဆောင်၍ မြောက်ပိုင်းနယ်မြေရှိ မြေအောက်ဘုံလောက စစ်တပ်ကို ချေမှုန်းရန် ထွက်ခွာသွားသည်။
"ကျန်းစန်ဖုန်း... မင်းကတော့ အကြီးအကဲ ၅ ယောက်ကို ခေါ်ဆောင်သွားပြီး အရှေ့ပိုင်းမြို့သစ်ကို အညံ့ခံအောင် ပြုလုပ်လိုက်ပါလေ" ဝမ်ဖုန်းက လီပိုင်နှင့် အခြားသူများ ထွက်ခွာသွားတာကို လှမ်းမျှော်ကြည့်ရင်း ထပ်မံ၍ အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်"
ကျန်းစန်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး တုကုချိုးပိုင်နှင့်အခြားသော လေးယောက်တို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ကျန်းစန်ဖုန်းတို့ ထွက်ခွာသွားပြီးနောက် ဝမ်ဖုန်းက ကြွင်းကျန်ရစ်သော ဂိုဏ်းအကြီးအကဲများကို ခေါ်ဆောင်သွားပြီး ရှန်ရှန့်ကျုံဂိုဏ်းရှိရာသို့ ကြွယ်ဝမှုများနှင့်အတူ ပြန်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ ဝမ်ဖုန်းသည် မြေအောက်ဘုံလောကစစ်တပ် ကြီးစိုးထားသော အနောက်ပိုင်းနယ်မြေသို့ အမည်မဲ့ဓါးသမားနှင့် အခြားသူများကို သွားလာရန် စေလွှတ်ခဲ့သည်။
မြေအောက်ဘုံလောက၏ ရှေ့ပြေးတပ်ကို သုတ်သင်ပြီးပါက မြေအောက်ဘုံလောက၏ အဓိကတပ်မဟာကြီးမှာ ရှန်းရွှမ်ဒေသသို့ အချိန်အတော်ကလေးကြာအောင် ပေါ်လာနိုင်ဦးမှာမဟုတ်ပါ။ ဝမ်ဖုန်းက ထိုအချ်ိန်အတော အတွင်းကို အခွင့်ကောင်းယူပြီး အလယ်ပိုင်းကုန်းမြေသို့ သွားရောက်ကာ ရှန်းရွှမ်ဒေသတစ်ခုလုံးကို သိမ်းပိုက်ဖို့ကြံစည်ထားသည်။ ထိုမှသာ မြေအောက်ဘုံလောကနှင့် ရင်ဆိုင်ရမည်။
အခုအချိန်တွင် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲအားလုံးမှာ အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် သို့ ရောက်ရှိနေခဲ့ကြပြီ။ မြောက်ပိုင်းနယ်မြေနှင့် အနောက်ပိုင်းနယ်မြေတို့ကို သိမ်းပိုက်ရန်မှာ မခက်ခဲတော့ပါ။ ခက်ခဲနေသည့်အရာက နောက်ဆုံးကြွင်းကျန်ရစ်သော အလယ်ပိုင်းနယ်မြေသာ ဖြစ်သည်။
အလယ်ပိုင်းနယ်မြေသည် ရှန်းရွှမ်ဒေသတစ်ခုလုံးရှိ စွမ်းအားကြီး ကျင့်ကြံသူများ စုရုံးရာ နေရာကြီးဖြစ်သည်။ ထိုနေရာတွင် ထိုက်ရွှမ်နတ်မင်းအဆင့်ကို ကျော်လွန်သော စွမ်းအားရှင်များတောင် ရှိနေနိုင်သည်။ ထို့အတွက်ကြောင့် ဝမ်ဖုန်းက လက်လွတ်စလွယ် မလှုပ်ရှားရဲပါ။
ဝမ်ဖုန်းက ဂိုဏ်းအကြီးအကဲများကို ခေါ်ဆောင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွားသည့်အချိန်တွင် ရှေးဟောင်းကမ္ဘာကြီးအတွင်းရှိ ရှန်ရှန့်ကျုံဂိုဏ်းမှာလည်း ပြဿနာရပ်တစ်ခုကို ရင်ဆိုင်ရတော့မည်။
ရှေးဟောင်းကမ္ဘာကြီးအထက်ရှိ ကြယ်ရောင်စုံသော ကောင်းကင်ကြီးထဲတွင် ကြီးမားသော ကြယ်ဂိတ်တံခါးကြီးတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာခဲ့သည်။ ထိုကြယ်ဂိတ်တံခါးကြီးမှာ အဆမတန် ကြီးမားလွန်းတာကြောင့် ကောင်းကင်ကြီးတစ်ခုလုံးကို ကြီးစိုးထားသယောင် ထင်မှတ်ရသည်။
ကြယ်ဂိတ်တံခါးကြီးအတွင်းမှနေ၍ ပေတစ်ထောင်ခန့်အမြင့်ရှိပြီး ပေတစ်ထောင်ခန့်ကျယ်ဝန်းသော ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသည့် လှေပျံကြီးသုံးစင်း ထွက်လာခဲ့သည်။ ထိုဧရာမလှေပျံကြီးသုံးစင်းနှင့် ထိတွေ့မိသွားသည့်အခါ ကြယ်များရော ဥက္ကာခဲများကပါ အပိုင်း ပိုင်းအစစ ပြတ်တောက်သွားခဲ့သည်။ ၎င်းအရာဝတ္ထုများမှာ လှေပျံကြီးသုံးစင်းကို တားဆီးနိုင်စွမ်းမရှိကြပါ။
လှေပျံကြီးများမှ ထုတ်လွှတ်နေသော ထိတ်လန့်ခြောက်ခြားဖွယ်အရှိန်အဝါသည် ကြယ်ရောင်စုံသော ကောင်း ကင်ကြီးတစ်ခုလုံးကို အဆက်မပြတ်ယိမ်းခါစေခဲ့သည်။ ကောင်းကင်ကြီးတစ်ခုလုံးမှာ ထိုလှေကြီးသုံးစင်အား ထိတ်လန့်ကြောက်ရွံ့နေသည့်အလားပင်။
အလယ်ဗဟိုရှိ လှေပျံပေါ်တွင် ယွမ်ဟွားကောင်းကင်ဘုံမှ ထျန်းလင်းဂိုဏ်း၏ ဂိုဏ်းချုပ် ယွမ်ဝူလင်းက လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေပြီး သူ့အရှေ့ ၌ရှိနေသော ဘောလုံးတစ်လုံး ပုံသဏ္ဍာန်ရှိသည့် ရှေး ဟောင်းကမ္ဘာကြီးကို ငုံ့ကြည့်နေခဲ့သည်။ သူ၏ မျက် လုံးများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခုရှိနေသည်။
သူ၏ ဘေးနားတွင် သန်မာသော အမျိုးသား အမျိုးသမီး ၅ ယောက်ရှိနေခဲ့သည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက ထုတ်လွှတ်နေသော စွမ်းအားအရှိန်အဝါများသည် ယွမ်ဝူလင်းထက် အားနည်းခြင်းမရှိပါ။ သူတို့ထဲက နှစ်ယောက်ဟာ ပို၍တောင် စွမ်းအားကြီးနေသေးသည်။
ထိုလူ ၅ ယောက်မှာ ယွမ်ဟွားကောင်းကင်ဘုံ ထိပ်တန်းအင်အားစုများ၏ ဆရာသခင်များ ဖြစ်ကြသည်။ သူတို့ဟာ ထျန်းမိန်မြို့အရှင် လီထျန်းမိန် ၊ ရှေးဟောင်းလဝန်းဂိတ်တံခါး၏ ခေါင်းဆောင် ကုဖုန်းလင်း ၊ ဝူယင်းဂိုဏ်းချုပ် သွမ့်ဝူယင်း ၊ ပဥ္စလက်နန်းတော်အရှင် လင်းယောင်ယောင် ၊ ထျန်းရှီတောက်မှ ကျန်းထျန်းလင်း တို့ဖြစ်ကြသည်။
သူတို့ထဲတွင် ထျန်းရှီတောက်မှ ကျန်းထျန်းလင်းနှင့် ပဥ္ဧလက်နန်းတော်သခင် လင်းယောင်ယောင်တို့ဟာ အစွမ်းထက်ဆုံးဖြစ်ကြပြီး ထျန်းကျွင်း အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေခဲ့ကြသည်။ ယွမ်ဝူလင်းနှင့် အခြားသူများကတော့ ထျန်းကျွင်းအစောပိုင်းအဆင့်တွင်ရှိကြသည်။
ဤအချိန်တွင် ယွမ်ဟွားကောင်းကင်ဘုံ၏ ထိပ်တန်းအင်အားစု ၆ စုသည် ထျန်းရှင်းအဆင့် အယောက်တစ်သောင်း ၊ ထျန်းဝူအဆင့် အယောက်တစ်ထောင်နှင့် ရှန်းယိကျိအဆင့် အယောက်တစ်ရာ ၊ ထျန်းကျွင်းအဆင့် ၁၈ ယောက်စေလွှတ်ခဲ့သည်။ ထိုသူများထဲတွင် အဓိကအင်အားစု ၆ စု၏ ဆရာသခင်များလည်း ပါဝင်လေသည်။
ဤကဲ့သို့သော စွမ်းပကားကို ယွမ်ဟွားကောင်ကင်ဘုံ၏ အစစ်အမှန် အထူးအင်အားစုများမှ လွဲ၍ဘယ်သူကမှ ရင်ဆိုင်နိုင်မှာ မဟုတ်ပါ။ ထိုကဲ့သို့ အင်အားစုများက ဘုံလောက တစ်ချို့ကို ဖျက်ဆီးဖို့တောင် အခက်အခဲမရှိပြုလုပ်န်ိုင်သည်။
ထိုမျှလောက် အင်အားကြီးသည့် ပုဂ္ဂိုလ်များကို စေလွှတ်ခဲ့ခြင်းမှာ ထိပ်တန်းအင်အားစု ၆ စုက အလောင်းဆင့်ခေါ်ခြင်း သွေးမျ်ိုးဆက်၏ အကြွင်းအကျန်ကို အဘယ်မျှလောက် အလေးထားကြောင်း ပေါ်လွင်စေသည်။ ထိပ်တန်းအင်အားစုကြီး ၆ စုက လှုပ်ရှားမှုအများကြီးပြုလုပ်လိုက်ပါက ယွမ်ဟွားကောင်းကင်ဘုံ၏ စိတ်ဝင်စားမှုကို ရရှိမိမှာကို စိုးရိမ်မိတာကြောင့် မဟုတ်ပါက ဒီထက်ပို၍တောင် စွမ်းအားများ အသုံးချနိုင်သေးသည်။
ထိုသို့ဆိုရင်တောင် ဒီတစ်ကြိမ်အသုံးပြုလ်ိုက်သော စွမ်းအားသည် အထူးအင်အားစု ၆ စု၏ သုံးပုံတစ်ပုံခန့်သော စွမ်းအားစုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ ယွမ်ဟွားကောင်းကင်ဘုံမှ လူများသာ ထိုအကြောင်းသိရှိလိုက်ရပါက ယွမ်ဟွားကောင်းကင်ဘုံကြီးတစ်ခုလုံး ပွက်ပွက်ဆူသွားပေလိမ့်မည်။
သူတို့မထွက်ခွာခင် ဘိုးဘေးများကို အကူအညီတောင်း၍ လျှို့ဝှက်ချက်များ ဖုံးကာနိုင်သည့် မဟာအစီအရင်ကြီးများ ပြုလုပ်ခဲ့၍ မဟုတ်ပါက သူတို့အားလုံးကို ယွမ်ဟွားကောင်းကင်ဘုံ အထူးအင်အားစုများက သတိပြုမိသွားမှာ ဖြစ်သည်။ ထိုအချိန်ရောက်ပါက အဆိုပါအထူးအင်အားစုများကလည်း သူတို့ကြား၊ ကြားဝင်နှောင့်ယှက်လာနိုင်သည်။
ထိုအထူးအင်အားစုကြီးများ ပါဝင်ပက်သက်လာပါက ထိပ်တန်းအင်အားစု ၆ စုပူးပေါင်းထားသော အင်အားကတောင် အနည်းငယ်မျှသော အကျိုးရလဒ်ကို ရရှိအောင် စွမ်းဆောင်နိုင်မှာ မဟုတ်တော့ပါ။ အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက် အကြွင်းအကျန်ကို ဖျက်ဆီးပစ်လိုက်ရင်တောင် သူတို့ဟာ ဘယ်အကျိုးအမြတ်ကိုမှ ရရှိနိုင်မှာမဟုတ်တော့ချေ။
အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်ကို ဖျက်ဆီးပစ်လိုက်ရင် ဘာများဖြစ်လာမှာမလို့လဲ။ ဟုတ်ပါပေသည်။ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်၏ လျှို့ဝှက်ဆန်းကြယ်ပြီး ထိတ်လန့်စရာကောင်း သော အမွေအနှစ်ကြောင့်သာ မဟုတ်ပါက ဘယ်သူကမှ အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက် အကြွင်းအကျန်များကို အားအားယားယား လိုက်လံသတ်ဖြတ်နေမှာ မဟုတ်ပါ။ အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်က ဧရာမမုန်တိုင်းများကို ဖြစ်တည်စေခဲ့ပြီး သူတို့၏ နည်းလမ်းများက အင်မတန်မှ ဆန်းကြယ်နေရင်တောင် သူတို့နဲ့ ဘာဆိုင်သေးတုန်း။
သူတို့ဤတစ်ကြိမ် စစ်ပွဲစတင်ရသည့်အကြောင်းအရင်းမှာ အကျိုးအမြတ်များကြောင့်သာ ဖြစ်လေသည်!