← Chapters

သာမညောင်ည။

Vol. 28 Ch. 379

သာမညောင်ည။

Vol. 28 Ch. 379

Translator - Hsue Htet 

အစောင့်အရှောက်များမှ လှေကားထစ်သို့ တက်လှမ်းလာကြ၏။ တောငိဂိတ်တံခါးရှိရာ အမြင့်သို့ မရောက်မီ၌ သူတို့၏နားထဲသို့ ကံကြမ္မာအပြောင်းအလဲကို ဖြစ်ပျက်စေမည်ကဲ့သို့သော အသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။ အားလုံးမှာ ထိတ်လန့်သွားကြလျက် အသံပိုင်ရှင်ဖြစ်သည့် ကောင်းကင်ခွဲဖြာအရှင်ကို ကြည့်လိုက်ကြ၏။

“စကားပြောနိုင်တယ်လား?”

သက်လတ်ပိုင်းအရွယ်အစောင့်အရှောက်သည် မျက်လုံးများမှေးကျဉ်း၍ ကောင်းကင်ခွဲဖြာအရှင်အား စေ့စေ့စပ်စပ်ကြည့်နေလေသည်။ ကောင်းကင်ခွဲဖြာအရှင်ကို ဆွံ့အသူတစ်‌ဦးဟု ထင်ထားခဲ့သောကြောင့် စကားပြောနိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။

ဒါဆို ဒီလူအိုကြီးရဲ့အပြုအမူတွေက သူတို့ကို မထီမဲ့မြင့်ပြုနေတာပဲမဟုတ်လား?

“လူအိုကြီး ခင်ဗျားက စကားပြောနိုင်ရဲ့သားနဲ့ ခုနက မဖြေဘဲနေခဲ့တာပေါ့လေ? ငါမင်းကို မသတ်နိုင်ဘူးလို့များ ယုံကြည်နေရော့သလား?”

ခုနက ကောင်းကင်‌ခွဲဖြာအရှင်ကို မေးမြန်းခဲ့သူမှာ ဒေါသထွက်လွန်း၍ ကောင်းကင်ခွဲဖြာအရှင်အား ‌စူးရဲစွာစိုက်ကြည့်နေတော့သည်။ ဒေါသနှ့င်အတူ အေးစက်သည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်များကိုလည်း ထုတ်လွှတ်နေ၏။

ကောင်းကင်ခွဲဖြာအရှင်မှ သူသည်လည်း အလောင်းထိန်းချုပ်သူမျိုးနွယ်စု၏ နေရာဌာနကို မသိပါဟု ဖြေကြားလာခဲ့လျှင်သော်မှ သူတို့အနေဖြင့် ဘာမျှပြောနိုင်မည်မဟုတ်ပေ။ ခြုံငုံသုံးသပ်ကြည့်ပါက အလောင်းထိန်းချုပ်သူမျိုးနွယ်စုသည် ဤမျှအချိန်ကြာမြင့်စွာ ပုန်းကွယ်နိုင်ခဲ့သည်ဖြစ်ရာ သာမန်လူများမှ အဘယ်သို့များ သူတို့၏သဲလွန်စကို သိရှိနိုင်ပါမည်နည်း။

သို့သော် ဤလူအိုကြီးသည် စကားပြောနိုင်ပါရက်နှင့် မိမိကို မထီမဲ့မြင်ပြု၍ လျစ်လျူရှုခဲ့သည်။ မိမိသည် ထျန်းလင်ဂိုဏ်း၌ အဆင့်အတန်းမြင့်မားသူ မဟုတ်ပါဘဲ စည်းကမ်းထိန်းသိမ်းရေးအရာရှိတစ်ဦးသာ ဖြစ်သော်ငြား ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပါ၏။ လက်တစ်ချောင်းလှုပ်ရှားမှုဖြင့်ပင် လောကငယ်တစ်ခုကို ဖျက်ဆီးပစ်နိုင်စွမ်း၏။

ဤထျန်းတန့်အဆင့် လူအိုကြီးသည် ထျန်းရှင်းအဆင့် မိမိကို လျစ်လျူရှုဝံ့ခဲ့သည်။

ဒါက ငါ့ကိုအရှက်ရစေတာပဲ မဟုတ်လား? အားနည်းတဲ့ကောင်က ကိုယ့်ထက်အင်အားကြီးသူကို လျစ်လျူရှုဖို့အရည်အသွေးတွေ ဘယ်ကနေများ ရလာလို့တုန်း?

“‌ဒီလိုဆက်လုပ်နေရင် သေမယ်!”

ထိုလူ၏ဒေါသကို ကောင်းကင်ခွဲဖြာအရှင်သည် တုံ့ပြန်မှုမရှိချေ။ ငြိမ်းအေးစွာပင် သစ်ရွက်များကို ဆက်လက်လှည်းကျင်းနေ၏။ သို့သော် နှုတ်မှ အရေးမထားဟန်အသံတစ်ချက်ပြုလာခဲ့သည်။

“ဟားဟားဟား ခင်ဗျားလိုလူအိုကြီးက အတော်လေး ရက်စက်ကြမ်းကြုတ်နိုင်ပါရဲ့ ဒါပေမဲ့ ခင်ဗျားမှာ ရက်စက်ကြမ်းကြုတ်ဖို့အင်အားရော ရှိရဲ့လား?”

ကောင်းကင်ခွဲဖြာအရှင်၏စကားကို ထိုလူသည် အနည်းငယ်သော်မျှ မကြောက်ရွံ့ချေ။ ထိုအစား ခွက်ထိုးခွက်လှန် ရယ်မောလေသည်။ သက်လတ်ပိုင်းအရွယ်အစောင့်အရှောက်နှင့် အခြားသူများပင်လျှင် ခေါင်းတွင်တွင်းခါရမ်းမိကြ၍ မျက်နှာထက်တွင် လှောင်ပြောင်သည့်အပြုံးများ ဖြစ်တည်သွားကြ၏။

လူအိုကြီးမှာ သူ၏လုပ်နိုင်စွမ်းထက် မိမိကိုယ်ကို ပို၍အထင်ကြီးလွန်းနေသည်ထင်ရပေသည်။

ရှန်ရှန့်ကျုံဂိုဏ်းအတွင်း၌ ယဲ့မုချင်နှင့် အခြားသူများသည် ခြံဝင်းထဲတွင်စုဝေး၍ တောင်ဂိတ်တံခါးဝရှေ့ရှိ မြင်ကွင်းကို စောင့်ကြည့်နေကြသည်။

“ဂိုဏ်းချုပ်ကတော် အဲဒီ့လူအိုကြီးက မညံ့ဖျင်းပါဘူး။ ဒါပေမဲ့ အဲဒီ့လူတွေနဲ့ ရင်ဆိုင်နိုင်စွမ်းမရှိမှာ စိုးရတယ်။ အဲဒါကြောင့် ဒီနတ်ဆိုးအိုကြီးကို သွားတိုက်ခိုက်ခွင့်ပြုပါ”

မဟာနတ်ဆိုးရွှမ်ရှ၏ မျက်နှာမှာ အေးစက်မှုအချို့ ထင်ဟပ်နေလျက် တည်ကြည်လေးနက်စွာပြော၏။

“ရှင့်လောက်နဲ့များ? ကိုယ့်ကိုယ်ကို အရှက်မခွဲစမ်းနဲ့။ အဲဒီ့လူတွေရဲ့ကျင့်ကြံဆင့်က အနည်းဆုံး ထျန်းရှင်းအဆင့်ရှိတယ်။ အဲဒီ့အစောင့်အရှောက်ဆိုတဲ့လူဆို ထျန်းရှင်းအထွတ်အထိပ်အဆင့်ပဲ!”

မဟာနတ်ဆိုးရွှမ်ရှ၏စကားကို ယဲ့မုချင်မှ ပြန်လည်မဖြေကြားနိုင်မီ၌ပင် ဘေးရှိ ဧကရီမေသုရှားမှ လှောင်ရယ်ပြောဆိုလာ၏။

သွားရော!

ဧကရီမေသုရှား၏စကားကို ကြားသည်တွင် မဟာနတ်ဆိုးရွှမ်ရှသည် ဇက်ကလေးပု၍ အသံလုံးဝထွက်မလာတော့ချေ။ မဟာနတ်ဆိုးရွှမ်ရှသည် ထျန်းတန့်အဆင့်သို့ ရောက်ရှိပြီးရုံမျှဖြစ်၏။ တိုက်ခိုက်ချေမှုန်းစွမ်းရည် မည်မျှအားကောင်းသည်ဖြစ်စေ ထျန်းရှင်းအဆင့်ကျင့်ကြံသူ၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။

“သူကိုယ်တိုင်ပဲ ဖြေရှင်းပါစေ။ သူ့မှာ အလားအလာ ဘယ်လောက်ရှိလဲ ကြည့်ကြတာပေါ့”

ယဲ့မုချင်သည် တောက်ပသောမျက်ဝန်းအစုံတို့ဖြင့် ကောင်းကင်ခွဲဖြာအရှင်၏ နောက်ကျောပြင်ကိုကြည့်လျက် နူးညံ့စွာတီးတိုး‌ရေရွတ်၏။

“သူ့တစ်ယောက်တည်းလား?”

ယဲ့မုချင်၏စကားကြောင့် မဟာနတ်ဆိုးရွှမ်ရှသည် တစ်စုံတစ်ရာ၏ လှုံ့ဆော်ခြင်း ခံလိုက်ရသည့်အလားပင်။ ကောင်းကင်ခွဲဖြာအရှင်၏နောက်ကျောကို လက်ညှိုးညွှန်လျက် မယုံသင်္ကာဖြင့်ပြော၏။

ဂုဏ်သရေကြီးမြတ်သော ရှန်ရှန့်ကျုံဂိုဏ်းအပြင်စည်း အကြီးအကဲချုပ်ဖြစ်သော မိမိသည်ပင် ထျန်းရှင်းအဆင့်၏ ပြိုင်ဘက်မဟုတ်လေရာ တစ်နေကုန်တံမြက်လှည်းနေသော လူအိုကြီးသည် ထိုလူ၏ပြိုင်ဘက် ဖြစ်နိုင်ပါ၏လော?

ဂိုဏ်းချုပ်ကတော်က ကောင်းကင်ခွဲဖြာအရှင်ကို တိတ်တိတ်လေး လေ့ကျင့်ပေးနေခဲ့တာများလား?

ဂိုဏ်းချုပ်ကတော်သည် မိမိကို အချိန်ကြာမြင့်စွာ လေ့ကျင့်ပေးခဲ့ပြီးနောက် ထျန်းတန့်အဆင့်သို့ ရောက်ရှိခဲ့သည်။ ထိုလူအိုကြီးသည် ယခင်က ကျင့်ကြံမှုကိုဖျက်ဆီးခဲ့ဖူး၏။ ဂိုဏ်းချုပ်ကတော်မှ လေ့ကျင့်ပေးလျှင်သော်မှ အဘယ်သို့များ ထိုမျှအင်အားကြီးမားနိုင်ပါအံ့နည်း။

“သူက မသန်မစွမ်းဖြစ်ခြင်းကို အရင်းခံပြီး သူတော်ကောင်းလမ်းစဉ်ကို နားလည်သဘောပေါက်နိုင်ခဲ့တယ်။ ရှင်က တခြားသူနဲ့ နှိုင်းယှဉ်ဖို့ထိုက်တန်လို့လား?”

ဧကရီမေသုရှားမှ အကြင်နာကင်းမဲ့စွာ ပျက်ရယ်ပြု၏။

အတိတ်ကာလများ၌ ဧကရီမေသုရှားမှ မည်မျှ‌ပျက်ရယ်ပြုသည်ဖြစ်စေ မဟာနတ်ဆိုးရွှမ်ရှအတွက်မူ တေးသံသာကဲ့သို့ ဖြစ်ခဲ့သည်။ ဧကရီမေသုရှားမှ သူ့အား ကောင်းကောင်းမွန်မွန် စကားပြောဆိုပါရန် သူတစ်ခါမျှ မမျှော်လင့်ခဲ့ဖူးပါချေ။ ‌ဧကရီမေသုရှားမှ သူ့အား နူညံ့ညင်သာစွာ စကားဆိုသည့်နေ့တစ်နေ့သို့ ရောက်ရှိခဲ့ပါလျှင် မဟာနတ်‌ဆိုးရွှမ်ရှမှာ ကြောက်ရွံ့တုန်လှုပ်မိလောက်၏။

သို့သော် ဧကရီမေသုရှား၏ ယခု‌ပျက်ရယ်ပြုခြင်းသည် ထက်ရှသည့်ဓားတစ်လက်ကဲ့သို့ မဟာနတ်‌ဆိုးရွှမ်ရှ၏ နှလုံးသားထဲသို့ စူးစူးနင့်နင့်စိုက်ဝင်သွားခဲ့လေရာ အလွန်နာကျင်သွားရ၏။

ဂိုဏ်းချုပ်ကတော်မှ မိမိကို လေ့ကျင့်ပေးခဲ့သည်ဖြစ်ရာ မဟာနတ်ဆိုးရွှမ်ရှသည် မိမိ၏စွမ်းရည်ကို ယုံကြည်မှုရှိ၏။ ရှန်ရှန့်ကျုံဂိုဏ်း၏ နံပါတ်တစ်ထိပ်တန်းကျင့်ကြံသူ မဖြစ်နိုင်လျှင်သော်မှ ထိပ်တန်းအဆင့်ကျင့်ကြံသူများထဲတွင် ပါဝင်ပေလိမ့်မည်ဖြစ်ပြီး လူအနည်းငယ်သာလျှင် မိမိနှင့် ယှဉ်နိုင်ပေလိမ့်မည်။ သို့သော် ဧကရီမေသုရှား၏စကားအရ ဤလူအိုကြီးသည် မိမိထက်ပို၍ အရည်အချင်းရှိသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။

ကျုပ်က ဂုဏ်သရေကြီးမြတ်တဲ့ ရှန်ရှန့်ကျုံဂိုဏ်းအပြင်စည်းအကြီးအကဲပဲကို ကျုပ်ရဲ့အရည်အချင်းက တံမြက်လှည်းတဲ့ လူအိုကြီးနဲ့တောင် မယှဉ်နိုင်ဘူးတဲ့လား?

မဟာနတ်ဆိုးရွှမ်ရှသည် မိမိကိုယ်ကို ချုပ်ထိန်း၍ ခေါင်းငုံ့ကာ ဆိတ်ဆိတ်နေခြင်းဖြင့် စိတ်ဓာတ်ကျနေပုံလည်း ဖြစ်နေခဲ့သည်။

…..

တောင်ဂိတ်တံခါးဝရှေ့၌ ထိုလူသည် ရယ်မေယလျက်ဖြင့် ရှန်ရှန့်ကျုံဂိုဏ်းတောင်ဂိတ်တံခါးဝသို့ ခြေတစ်လှမ်းတိုးလာခဲ့၏။ ထို့နောက် ကောင်းကင်ခွဲဖြာအရှင်ကို ‌ကျီစယ်နောက်ပြောင်လျက် ပြောသည်။

“ကျုပ် ခြေတစ်လှမ်းတိုးလာခဲ့ပြီလေ.. ကျုပ်ကိုသတ်ဖို့ကြိုးစားကြည့်ပေါ့ ဘယ်လိုလဲ?”

ထိုလူ၏စကားအဆုံး၌ သက်လတ်ပိုင်းအရွယ်အစောင့်အရှောက်နှင့် သူ၏နောက်ရှိ ကျင့်ကြံသူများစွာတို့မှာ ပြုံးရယ်လာကြ၏။

ဒီသာမညောင်ညလူအိုကြီးက ဘယ်လိုတောင် သူတို့ကို လျစ်လျူရှုရဲတာလဲ? တကယ်တတ်နိုင်လွန်းတယ်။ သူတကယ်ကြီး ငါတို့ကို ကိုင်တွယ်ရလွယ်ကူတယ်ထင်နေတာလား?

အချိန်ကိုက်ပင် ဆူပူမှုအချို့ပြုလုပ်၍ အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များကို ရှာဖွေရပေမည်။ သို့ဖြင့် ၎င်းအကြွင်းအကျန်များ၏ တည်နေရာကို ရှာဖွေကောင်းရှာဖွေနိုင်၏။

သူတို့သည် အမှန်တကယ်ပင် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများကို သတိချပ်ပါ၏။ သို့သော် ကြောက်ရွံ့သည်ဟု မဆိုလိုပေ။ သူတို့၏နောက်၌ ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်တန်းအင်အားစု၆စု ရှိနေသည်မဟုတ်ပါလော။ ထျန်းရှင်းအဆင့်ကျင့်ကြံသူများစွာ ကျောထောက်နောက်ခံအဖြစ် တည်ရှိနေလေရာ ကြောက်ရွံ့ခြင်းကင်းမဲ့နိုင်ပါ၏။

ဂိုဏ်းချုပ်နှင့်အခြားသူများ၏ ကျင့်ကြံမှုအခြေခံအရ သူတို့အန္တာရာယ်ကျရောက်ပါလျှင် သေချာပေါက် လှုပ်ရှားနိုင်ပေသည်။ ထို့ကြောင့် အစောင့်အရှောက်ဖြစ်စေ၊ ကျင့်ကြံသူဒါဇင်ခန့်ဖြစ်စေ မိမိကိုယ်ကိုယုံကြည်မှုရှိ၏။

ကြယ်စုံသောကောင်းကင်ယံ၌ လှေပျံကြီးထက်တွင် ထျန်းလင်ဂိုဏ်းချုပ်ယွမ်ဝူလင်နှင့် အခြားသော အင်အားစု၅စု၏ခေါင်းဆောင်များသည် ရှန်ရှန့်ကျုံဂိုဏ်းကို ကာဆီးထားသည့် အကာအကွယ်စည်းဝန်းကျင်သို့ ဝိဉာဉ်သိစိတ်များ ထုတ်လွှတ်ထား၏။ ရှန်ရှန့်ကျုံဂိုဏ်းတောင်ဂိတ်တံခါးဝရှေ့ရှိ မြင်ကွင်းကိုလည်း သေချာပေါက် မြင်တွေ့‌ေနရသည်။

“တံမြက်လှည်းတဲ့လူအိုကြီးကို ခင်ဗျားတို့ ဘယ်လိုမြင်လဲ?”

ယွမ်ဝူလင်သည် မျက်လုံးအနည်းငယ် မှေးကျုံ့လျက်ဖြင့် ညင်သာစွာမေးမြန်းသည်။

“အဲဒီ့လူအိုကြီးရဲ့ပုံစံက ကျင့်ကြံမှုမြင့်မားပုံ မပေါ်ပါဘူး။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ သူ့ဆီကနေ လျှို့ဝှက်ဆန်းကြယ်တဲ့အရှိန်အဝါတစ်မျိုး ခံစားမိနေတယ်။ ဘာလဲဆိုတာတော့ အတိအကျမသိပါဘူး”

ကျန်ထျန်းလင်၏မျက်နှာမှာ တောင့်ခဲနေလျက် အတော်လေး သံသယမကင်းဟန်ဖြင့် ပြော၏။ သူ၏မျက်လုံးများသည် ကောင်းကင်ခွဲဖြာအရှင်ကို ‌စူးစိုက်ကြည့်ရှုနေခဲ့သည်။

“သူ့ရဲ့ခန္ဓာပေါ်မှာ ရတနာတစ်ခုခု ရှိနေမယ်လို့ထင်ပါတယ်။ အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေအပြင် ဒီလောကငယ်ထဲက လူတွေထဲမှာ သူတို့ရဲ့ကျင့်ကြံဆင့်ကိုသိရှိနိုင်ဖို့အတွက် ကျုပ်ကိုအချိန်ကြန့်ကြာစေတဲ့သူ ရှိနိုင်မတဲ့လား? အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေတောင်မှ ကျုပ်ကို ဒီလိုကြန့်ကြာစေနိုင်မှာ မဟုတ်ဘူး။ ကျုပ် သူ့ရဲ့ကျင့်ကြံမှုအခြေခံကို မသိနိုင်ဘူးဖြစ်နေတယ်”

“အင်း အဲဒါဆို ဒီလူအိုကြီးက ဘာအလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်မှ ဟုတ်မနေဘူး။ သူက ဒီတိုင်း သာမန်လူအိုကြီးတစ်ယောက်ပါပဲ”

အခြားသောခေါင်းဆောင်နှစ်ဦးမှာ ပြုံးရယ်လာလျက် ခပ်သာသာပြော၏။

သူတို့၏စကား‌ေကြာင့် ကျန်းထျန်းလင်နှင့် ယွမ်ဝူလင်တို့မှာ စိတ်ပြေလျော့သွားရလေသည်။ သူတို့ပြောသည့်အတိုင်းပင် ဤလောကငယ်လေးထဲ၌ ကျင့်ကြံမှုအခြေခံကို မသိရှိနိုင်အောင် ဖုံးကွယ်နိုင်သည့်လူဟူ၍ မရှိနိုင်ပေ။

တစ်ဖက်တွင်တော့ မှော်နန်းတော်သခင်မသည် အတော်လေး ဖြူဖျော့နေ၏။ သူမ၏မျက်လုံးလှလှလေးများသည် ကောင်းကင်ခွဲဖြာအရှင်အား နက်နဲစွာသောအဓိပ္ပာယ်ကို ဖော်ဆောင်လျက် ငေးစိုက်ကြည့်နေပေသည်။

All Chapters