← Chapters

သေခြင်းရှင်ခြင်းလမ်းစဉ်

Vol. 28 Ch. 380

သေခြင်းရှင်ခြင်းလမ်းစဉ်

Vol. 28 Ch. 380

Translator - Hsue Htet 

“တုံးအလိုက်တာ! ငါနတ်ဆိုးအိုကြီးရဲ့ကျင့်ကြံမှုက မလုံလောက်သေးတာကြောင့်သာမဟုတ်ရင် ရှန်ရှန့်ကျုံဂိုဏ်းရှေ့မှာ ရိုင်းပျတာရဲ့အဆုံးသတ်ကို ဒီနတ်ဆိုးအိုကြီးက သေချာလေး ပြသပေးလိုက်မှာ!”

ထျန်းလင်ဂိုဏ်း၏ကျင့်ကြံသူမှ ကောင်းကင်ခွဲဖြာအရှင်ကို ပျက်ရယ်ပြုနေသည်ကို မြင်သောအခါ မဟာနတ်ဆိုးရွှမ်ရှသည် ဒေါသတကြီးဖြင့် အော်ဟစ်‌ကြိမ်းမောင်းလေသည်။

သို့သော်ငြား စက္ကန့်ပိုင်းမျှကြာမြင့်ပြီးနောက်‌၌ သူ၏ဒေါသတို့မှာ အံ့ဩမင်သက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားရ၏။

‌တောင်ဂိတ်တံခါးဝရှေ့၌ ကောင်းကင်ခွဲဖြာအရှင်သည် တံမြက်စည်းကို အသာအယာလှည်းကျင်းလိုက်လေရာ ထျန်းလင်ဂိုဏ်း၏ကျင့်ကြံသူမှာ မြေပြင်ထက်သို့ လဲကျသွားရပြီး လုံးထွေးနေသောအသံလုံးကြီး ထွက်ပေါ်လာခဲ့သည်။

ထိုမြင်ကွင်းကြောင့် သက်လတ်ပိုင်းအရွယ်အစောင့်အရှောက်နှင့် သူ၏နောက်ရှိကျင့်ကြံသူများ၏ မျက်နှာထက်ရှိ လှောင်ပြုံးရိပ်များမှာ ကသုတ်ကရက် ပျောက်ကွယ်သွားရ၍ အံ့ဩထိတ်လန့်သွားကြ၏။

သူတို့သည် ရှေ့သို့တိုးကပ်၍ စစ်ဆေးခြင်းပြုရန်ပင် မလိုအပ်ဘဲ ထိုလဲကျသွားသူမှာ အသက်မရှိတော့သည်ကို ခံစားသိနိုင်ပေသည်။ 

ဒါပေမဲ့ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ? တံမြက်စည်းလေးတစ်ချက် လှည်းလိုက်တာကို ထျန်းရှင်းအဆင့်ကျင့်ကြံသူက သေသွားရတယ်တဲ့လား?

ဤထူးဆန်းသည့်အခြေအနေကြောင့် သက်လတ်ပိုင်းအ‌ရွယ်အစောင့်အရှောက်နှင့် ကျင့်ကြံသူများမှာ အေးစိမ့်လာရကာ ကောင်းကင်ခွဲဖြာအရှင်ကို မယုံကြည်နိုင်စွာ ကြည့်နေကြလေသည်။

ထျန်းရှင်းအဆင့်ကျင့်ကြံသူကို အလွယ်လေးသတ်လိုက်နိုင်တာ သာမန်လူဖြစ်ပါ့မလား?

ကျင့်ကြံမှုအခြေခံက သူတို့အားလုံး မှားသွားခဲ့တာများလား?

“ကောင်းကင်… ကောင်းကင်ခွဲဖြာအရှင်က အရမ်းအင်အားကြီးတဲ့သူလား?”

မဟာနတ်ဆိုးရွှမ်ရှ၏ မျက်လုံးများမှာ ကျွတ်ထွက်တော့မည်အလား ပြူးကျယ်နေလျက် အံ့အားသင့်စွာရေရွတ်၏။

ကောင်းရော! ငါက အဲဒီ့လူအိုကြီးကို အမှိုက်သရိုက်လို အမြဲသတ်မှတ်နေခဲ့တာ။ မထင်မှတ်ဘဲ သူက အသံတစ်သံတောင်မထွက်ဘဲနဲ့ အင်အားကြီးကျင့်ကြံသူကြီး ဖြစ်နေတယ်တဲ့လား? အပြင်စည်းအကြီးအကဲချုပ်ဖြစ်တဲ့ ငါ့ထက်တောင် အင်အားကြီးနေသေးတယ်?

“မဖြစ်နိုင်တာ!”

သက်လတ်ပိုင်းအရွယ်အစောင့်အရှောက်သည် ကောင်းကင်ခွဲဖြာအရှင်ကိုကြည့်၍ ဒေါသတကြီးအော်ဟစ်ရင်းဖြင့် လက်ကိုဝှေ့ယမ်း၍ နောက်ဘက်ရှိကျင့်ကြံသူများကို ရှေ့ဆက်တိုးရန် အချက်ပြလိုက်သည်။

‌

ရှေ့ရှိကျင့်ကြံသူ၏ သေဆုံးခြင်းသည် အလွန်ထူးဆန်းလှသောကြောင့် အစောင့်အရှောက်နှင့် အခြားသူများသည် အံ့အားသင့်နေကြသည်။ သူတို့သည် ကောင်းကင်ခွဲဖြာအရှင်မှ သူ၏ကိုယ်ပိုင်အင်အားဖြင့် သတ်လိုက်သည်ဟု မယုံကြည်ပေ။ ထူးဆန်းသည့် နည်းလမ်းတစ်ခုခုကို အသုံးပြုခဲ့ခြင်းဖြစ်မည်ဟုသာ ယုံကြည်ကြလေသည်။

သက်လတ်ပိုင်းအရွယ်အစောင့်အရှောက်၏ အမိန့်အောက်၌ ထျန်းရှင်းအဆင့်ကျင့်ကြံသူ၁၀ဦးသည် ရှေ့သို့လျှောက်လှမ်းလာကြပြီး တောင်ဂိတ်တံခါးဝသို့ ဦးတည်ကြသည်။ လျှောက်လှမ်းရင်းဖြင့် ခန္ဓာကိုယ်တွင်းစွမ်းအင်များကိုလည်း အား‌ပြင်းပြင်း လှည့်လည်စီးဆင်းထားစေ၏။ သူတို့ထံမှ အင်အားကြီးမားသည့်အဟုန်များ ထုတ်လွှတ်နေပေသည်။

ကျင့်ကြံသူတစ်ဦး၏ ထူးဆန်းသည့်သေဆုံးမှုကြောင့် သူတို့သည် ကောင်းကင်ခွဲဖြာအရှင်ကို အထင်မြင်မသေးဝံ့ပါ။ ကောင်းကင်ခွဲဖြာအရှင်သည် သစ်ရွက်များကို တံမြက်လှည်းကျင်းခြင်းမှအပ အခြားမည်သည့်လှုပ်ရှားမှုမျှ မရှိသော်ငြား သူတို့အားလုံးသည် စွမ်းအင်များကို အမြင့်ဆုံးအဆင့်အထိ ထုတ်လွှတ်စီးဆင်းထားစေသည်။

ဤတစ်ကြိမ်တွင်တော့ ‌အစောင့်အရှောက်နှင့် ကျင့်ကြံသူများအားလုံးသည် ကောင်းကင်ခွဲဖြာအရှင်ကို အကြည့်မလွှဲတမ်း အကဲခတ်ကြည့်ရှုနေကြ၏။

ဘုန်း!

ကျင့်ကြံသူ၁၀ဦးမှ လှေကားထစ်သို့ ခြေချလိုက်သည်တွင် ကောင်းကင်ခွဲဖြာအရှင်၏လက်ထဲမှ တံမြက်စည်းသည် တစ်ဖန်လှုပ်ရှားသွားပြန်၍ လျှို့ဝှက်ဆန်းကြယ်သော အသက်သေစေနိုင်လောက်သောစွမ်းအင်များ လှိုင်းထလာခဲ့ပြီး ကျင့်ကြံသူ၁၀ဦး၏ခန္ဓာကိုယ်များသို့ ထိုးဖောက်သွားလေသည်။ သူတို့၏ အကာအကွယ်စွမ်းအင်သည်လည်း ၎င်းအသက်သေစေနိုင်လောက်သောစွမ်းအင်ဖြင့် စက္ကူပါးလေးတစ်ရွက်အလား အလွယ်တကူ တိုက်စားခံလိုက်ရ၏။

သူတို့၏ကျင့်ကြံဆင့်ဖြင့်ပင် ထိုအင်အားကြီးမားသည့် အသက်သေစေလောက်သော စွမ်းအင်၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ ထျန်းရှင်းအဆင့်ကျင့်ကြံသူ၁၀ဦးသည်လည်း ယခင်တစ်ယောက်ကဲ့သို့ လဲကျကုန်ကြ၍ အသက်သေဆုံးသွားကြလေသည်။

“ကျစ်!”

ထိုမြင်ကွင်းကြောင့် သက်လတ်ပိုင်းအရွယ်အစောင့်အရှောက်နှင့် အခြားသူများမှာ တုန်ယင်လာကြလျက် ဦးခေါင်းထက်မှသည် ခြေဖျားအထိ အေးစိမ့်မှုကြီးကို ခံစားလိုက်ရကာ အလိုအလျောက် နောက်ပြန်ဆုတ်မိကြသည်။

ဒီလူဘာလုပ်လိုက်တာလဲဟ?!

သို့သော် ကျင့်ကြံသူ၁၀ဦး သေဆုံးသွားသည့်တိုင် ကောင်းကင်ခွဲဖြာအရှင်၏ လူသတ်နည်းကို သူတို့ မသိရှိရသေးပေ။ ကောင်းကင်ခွဲဖြာအရှင်၏ ကျင့်ကြံဆင့်ကိုလည်း မသိရှိရသေး။ ဤသို့သောထူးဆန်းသည့်နည်းလမ်းကြောင့် အားလုံးမှာ တုန်လှုပ်နေတော့သည်။

“သေခြင်းရှင်ခြင်းလမ်းစဉ်! မဆိုးဘူးပဲ”

ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းထဲ၌ ယဲ့မုချင်နှင့် ဧကရီမေသုရှားတို့သည် လှုပ်ရှားမှုအချို့ ထင်ဟပ်စေရင်းဖြင့် ယဲ့မုချင်မှ လေးစားမှုစွက်သောအသံဖြင့် တီးတိုးရေရွတ်၏။

ကောင်းကင်ခွဲဖြာအရှင်မှ သေခြင်းရှင်ခြင်းလမ်းစဉ်၏ စစ်မှန်သောအနှစ်သာရကို နားလည်သဘောပေါက်သွားခဲ့မည်ဟု သူမ ထင်မထားခဲ့ပေ။ ၎င်းမှာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်လွန်းသော လမ်းစဉ်ဖြစ်သည်။ မသန်စွမ်းသူတစ်ဦးမှ ၎င်းလမ်းစဉ်ကို အောင်မြင်နိုင်ခဲ့ခြင်းသည် ကောင်းကင်ခွဲဖြာအရှင်၏ သာလွန်ထူးကဲသော အလားအလာကို မြင်တွေ့နိုင်ရန် လုံလောက်၏။

ကောင်းကင်ထက်ရှိ လှေပျံကြီးပေါ်၌ ယွမ်ဝူလင်နှင့်အခြားခေါင်းဆောင်များသည် ခံစားချက်အချို့ထင်ဟပ်နေလျက် အချင်းချင်း အကြည့်ချင်းဆုံလိုက်ကြသည်။ ယွမ်ဝူလင်မှ လှောင်ရယ်၏။

“မှားသွားတာပဲ! ဒီလူအိုကြီးက ထျန်းဝူအဆင့်ဖြစ်နေမယ်လို့ မျှော်လင့်မထားမိဘူး”

“ထျန်းဝူအဆင့်လောက် မရိုးရှင်းမှာကို စိုးရွံ့မိပါတယ်”

မှော်နန်းတော်သခင်မသည် မျက်လုံးလုံးလှလှလေးများ တောက်ပစွာဖြင့်ပြော၏။

“အို? မှော်နန်းတော်သခင်မက ဘာများရှာတွေ့လို့ပါလဲ?”

ကျန်းထျန်းလင်သည် မှော်နန်းတော်သခင်မကို တောက်ပသည့်မျက်လုံးများဖြင့် ကြည့်လျက်မေးမြန်း၏။ ကျန်းထျန်းလင်၏အမေးကြောင့် ယွမ်ဝူလင်နှင့်အခြားသူများပါ မှော်နန်းတော်သခင်မကို ကြည့်လာကြသည်။

“ထျန်းဝူအဆင့်ဆိုတာ ဘာမှမဟုတ်ဘူး။ ‌ကြောက်ဖို့ကောင်းတာက ကျွန်မ သူ့ဆီကနေ မဟာ‌တာ့အိုတစ်မျိုးကို ခံစားမိနေတယ်”

မှော်နန်းတော်သခင်မမှ လေးနက်စွာဖြင့် ပြော၏။

“ဘာ? ဘယ်လိုဖြစ်နိုင်မှာလဲ?”

မှော်နန်းတော်သခင်မ၏စကားတွင် ယွမ်ဝူလင်နှင့်အခြားသူများသည် မျက်လုံးအိမ်များကျဉ်းကျုံ့လျက် မယုံကြည်နိုင်စွာပြောလာကြသည်။

သူတို့၏ကျင့်ကြံမှုဖြင့် တာ့အိုလမ်းစဉ်များကို နားလည်နိုင်စွမ်းသည် သာမန်ကျင့်ကြံသူများထက် ပိုမိုသာလွန်၏။ ဒဏ္ဍာရီလာအင်ပါယာနယ်ပယ်များသာလျှင် နားလည်သဘောပေါက်နိုင်သည်မျိုး ဖြစ်သည်။ မွန်မြတ်ဘုံလောကသည်ပင် တာ့အိုကို စူးစမ်းလေ့လာသည့်ဖြစ်စဉ်၌သာ ရှိသေးလေရာ နားလည်သဘောပေါက်နိုင်သည့်အဆင့် မဟုတ်ပေ။

ဒီတံမြက်လှည်းနေတဲ့လူအိုကြီးမှာ တကယ်ကြီး မဟာတာ့အိုအရှိန်အဝါရှိနေတာလား? ဘယ်လိုဖြစ်နိုင်မှာလဲ?

မှော်နန်းတော်သခင်မသည် သူတို့ကို လိမ်လည်လှည့်ဖျားမည့်သူမဟုတ်ကြောင်းကို သိမနေခဲ့ပါလျှင် မှော်နန်းတော်သခင်မသည် သူတို့ကို နောက်ပြောင်နေခြင်းဟုသာ တွေးထင်လောက်ပေမည်။

“ကံကောင်းထောက်မစွာနဲ့ ဒီလူက ထျန်းဝူအဆင့်မှာပဲ ရှိနေသေးတယ်။ မဟုတ်လို့ကတော့ သူက…”

မှော်နန်းတော်သခင်မသည် အနည်းငယ်စိတ်ကျေနပ်စွာဖြင့် ပြော၏။ ထျန်းဝူအဆင့်နဲ့ မဟာတာ့အိုကို အောင်မြင်နိုင်လျှင် တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ပုံမှန်အားဖြင့် ကျင့်ကြံဆင့်တူများသည် ထိုလူအိုကြီးကို အနိုင်မတိုက်နိုင်လောက်ပေ။

ပြိုင်ဘက်ကင်းပါရမီရှင်လျှင်သော်မှ မေ့လျော့ခံအာကာပြင်အဆင့်သို့ ရောက်ရှိနေသည်ကြောင့်နှင့် မဟာတာ့အိုကို အောင်မြင်နိုင်သည် မဟုတ်ပေ။ လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးမားသော မဟာတာ့အိုဟူသည် သာမန်လူများမှ ယှဉ်နိုင်စွမ်းသည့်အရာ မဟုတ်ပါချေ။ 

“ကျုပ်သူ့ကို စောင့်ဖမ်းလိုက်ရင် သူ့ရဲ့မဟာတာ့အိုကို လွှဲယူလို့ ရကောင်းရနိုင်တယ်။ ဒါဆို…”

ထိုအခိုက်၌ ယွမ်ဝူလင်မှ အလျင်စလိုပြောလာ၏။

ထိုစကားကြောင့် မှော်နန်းတော်သခင်မနှင့် အခြားသူများ၏မျက်လုံးများ၌ အပူမီးတောက်တစ်စ ဖြစ်တည်သွား၏။ သူတို့အားလုံးသည် ထျန်းကျွင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုမဟာတာ့အိုကို ရယူနိုင်ပါလျှင် မွန်မြတ်ဘုံလောကသို့ တိုက်ရိုက်ရောက်ရှိကောင်း ရောက်ရှိသွားနိုင်၏။

ထိုအတွေးဖြင့် မှော်နန်းတော်သခင်မဖြစ်စေ၊ အခြားအင်အားစုခေါင်းဆောင်များဖြစ်စေ၊ အားလုံး၏စိတ်နှလုံးမှာ ပူပြင်းတောက်လောင်လာခဲ့ပြီး ကောင်းကင်ခွဲဖြာအရှင်ကို ဖမ်းဆီး၍ မဟာတာ့အိုအရှိန်အဝါစွမ်းအင်တို့ကို လွှဲပြောင်းယူရန် မစောင့်ဆိုင်းနိုင်တော့ပေ။

“အဲဒီ့လူ အဲဒီ့နေရာမှာရှိနေတာ ကျုပ်တို့စေလွှတ်လိုက်တဲ့သူတွေ ဘာမှစုံစမ်းစစ်ဆေးရမှာ မဟုတ်ဘူး။ တိုက်ရိုက်ပဲ သွားလိုက်ရင်ရော? အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေ ဘယ်လောက်ပဲရှိနေပါစေ ကျုပ်တို့စေလွှတ်နိုင်တဲ့ ကျုပ်တို့ရဲ့အင်အားနဲ့ အကြွင်းအကျန်အုပ်စုလေးတစ်စုကို ကြောက်ရွံ့နေဖို့လိုလို့လား?”

“တိုက်ရိုက်အင်အားနဲ့ဖိနှိပ်မယ်!”

ကုယွဲ့ဂိုဏ်းချုပ် ကုဖုန်းလင်သည် စောင့်ဆိုင်းရခြင်းကို စိတ်မရှည့်သည့်ဟန်ဖြင့် တောင်ဂိတ်တံခါးဝရှိ ကြောက်ရွံ့နေကြသော အစောင့်အရှောက်နှင့်ကျင့်ကြံသူများကိုကြည့်၍ တည်ကြည်လေးနက်စွာပြော၏။

“ကောင်းပြီ!”

ကျန်းထျန်းလင်နှင့်အခြားသူများသည် အချင်းချင်း အကြည့်ခြင်းဖလှယ်ကြပြီး‌ေနာက် တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

ကောင်းကင်ခွဲဖြာအရှင်ထံမှ မဟာတာ့အိုအရှိန်အဝါသည် သူတို့ကို ဒီတိုင်းထိုင်မစောင့်နေနိုင်ဘဲ ဖြစ်စေသည်။ ထပ်မံ မစောင့်ဆိုင်းလိုကြတော့ပေ။ ကောင်းကင်ခွဲဖြာအရှင်ကို ဖမ်းဆီး၍ သူ၏မဟာတာ့အိုကို လွှဲပြောင်းဝါးမျိုရန်သာ အဓိကအချက်ဖြစ်‌လာခဲ့လေပြီ။

အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များကို ဖြေရှင်းရန်ကိစ္စရပ်ကိုပင် ဘေးချိတ်ထားလိုက်ကြ၏။ ကောင်းကင်ခွဲဖြာအရှင်၏ မဟာတာ့အိုကိုသာ ဦးစွာရယူလိုကြသည်။

ဒါက ဖြစ်သင့်တဲ့အရာပဲမဟုတ်လား?

သူတို့မှ မဟုတ်ဘဲ မွန်မြတ်ဘုံလောက၏ ကျင့်ကြံသူများ ရောက်လာခဲ့လျှင်ပင် မဟာတာ့အိုအတွက် ရူးသွပ်ကြမြဲသာ ဖြစ်ပေလိမ့်မည်။ ဤအင်အားစုခေါင်းဆောင်များသည် အတော်လေး ကံကောင်းကြ၏။ သူတို့သည် ယွမ်ဝူလင်၏ အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များကို ဖျက်ဆီးရန် ဖိတ်ခေါ်မှုကို လက်ခံခဲ့ကြပြီးနောက် ဤသို့အခွင့်အရေးမျိုးကို ရရှိခဲ့ကြ၏။

ထိုမဟာတာ့အိုသည် သူတို့၏ကျင့်ကြံမှုကို အဆင့်မြှင့်တင်ပေးနိုင်သည်။ သို့ဖြစ်ပါက ယွမ်ဟွားကောင်းကင်နယ်မြေ၏ ဖိအားကို ကြောက်ရွံ့နေကြရတော့မည် မဟုတ်ပေ။ ကိုယ်ပိုင်အင်အားကို ထူထောင်နိုင်မည်ဖြစ်၏။

ဒါက ကောင်းကင်ဘုံကိုဆန့်ကျင်တဲ့ ရှားပါးတဲ့အခွင့်အရေးပဲ!

“သွား!”

ကျန်းထျန်းလင်သည် လက်ကိုဝှေ့ယမ်း၍ လူအားလုံးကို လှေပျံကြီးပေါ်မှ ရှေးဟောင်းနယ်မြေသို့ ဆင်းသက်စေလိုက်သည်။ ကောင်းကင်ယံထံမှာ ကျင့်ကြံသူတစ်သောင်းခန့်သည် အလျှိုလျှိုဆင်းသက်လာကြ၏။

ကျန်းထျန်းလင်နှင့် အခြားသူများသည်တော့ ရှေးဟောင်းနယ်မြေသို့ တိုက်ရိုက်မဆင်းသက်ဘဲ အစီအရင်ပြားတစ်ခုကိုထုတ်ယူကာ လျှို့ဝှက်စွာကာကွယ်ရန် ကောင်းကင်သို့ဖုံးလွှမ်းသည့် အစီအရင်တစ်ခုကို အတူတကွ ဖန်တီးကြသည်။ 

ဤကောင်းကင်လွှမ်းခြုံအစီအရင်သည် ချောင်းမြောင်းကြည့်ရှုသည့်မျက်လုံးများကို ကာကွယ်ရန်သာမက သူတို့၏အရှိန်အဝါကို ကာကွယ်ရန်အတွက်လည်း ဖြစ်သည်။ ရှေးဟောင်းနယ်မြေမှ သူတို့၏အရှိန်အဝါများကို ခံနိုင်ရည်မရှိဘဲနှင့် ရုတ်ချည်းပြိုကွဲပျက်စီးသွားမည်ကို ကာကွယ်ရမည်မဟုတ်ပါလော။

ကောင်းကင်လွှမ်းခြုံအစီအရင်ကြောင့် သူတို့မှ ရှေးဟောင်းနယ်မြေသို့ ရောက်လာခဲ့ဟန် ထင်မှတ်ရသည်။ သို့သော် တကယ်တမ်းတွင်မူ သူတို့သည် ၎င်းကောင်းကင်လွှမ်းခြုံအစီအရင်အတွင်း၌သာ ရှိနေခြင်းဖြစ်သည်။ မည်မျှပြင်းထန်သော ပေါက်ကွဲမှုမျိုးဖြစ်စေ သက်ရောက်မှုများကို ရှေးဟောင်းနယ်မြေမှသာ ခံယူရမည်ဖြစ်ပြီး သူတို့၏အစီအရင်မှာမူ ပြိုကွဲမည်မဟုတ်ပေ။

ကျန်းထျန်းလင်နှင့်အခြားသူများမှာ ရှေးဟောင်းနယ်မြေကို လွှမ်းခြုံပိတ်ကာလိုက်သည်တွင် ယဲ့မုချင်နှင့် ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းအတွင်းရှိ အခြားသူများသည်လည်း သတိပြုမိကြ၍ ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။ မျက်လုံးများမှာ အေးစက်သည့်အလင်းတို့တောက်ပနေသည်မှာ ‌တိမ်တိုက်မည်းကြီးများကို ဖောက်ထွင်းသွားသည့်အလားပင်။ တိမ်တိုက်ထက်ရှိ ယွမ်ဝူလင်နှင့်အခြားသူများကို မြင်တွေ့လိုက်ရ၏။

ရှန်ရှန့်ကျုံဂိုဏ်း တောင်ဂိတ်တံခါးဝရှိ အစောင့်အရှောက်နှင့် ကျင့်ကြံသူများသည်လည်း ပုံမှန်မဟုတ်သော အရှိန်အဝါကို ခံစားမိကြ၍ စိတ်သက်သာရာရသွားကြသည်။ ‌ယခု၌ ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာပြီဖြစ်ရာ မိမိတို့မှာ ဤလူထူးဆန်းကြီးနှင့် ရင်ဆိုင်ရင် မလိုအပ်တော့ပေ။

အမှန်အတိုင်းဆိုရပါလျှင် ဤကောင်းကင်ခွဲဖြာအရှင်နှင့် မိမိတို့မှ ထိပ်တိုက် တိုက်ခိုက်ရင်‌ဆိုင်ရပါလျှင် သူတို့ ကြောက်ရွံ့မိမည်မဟုတ်ချေ။ သို့သော် ဒဏ်ရာလေးပင် မမြင်တွေ့ရဘဲ အသံတိတ်သေဆုံးသွားခြင်းမှာမူ ကြောက်မက်ဖွယ်ကောင်း၏။

ဤသို့မြင်ကွင်းကို မြင်တွေ့ရသူတိုင်းမှာ သေချာပေါက် ကြောက်ရွံ့ထိတ်လန့်ကြပေလိမ့်မည်။

“ရှပ်!”

ထိုအခိုက်တွင် ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာ ကမ္ဘာသစ်သည် ရုတ်တရက်တုန်ခါလာပြီး ဧရာမလက်ကြီးနှစ်ဖက်မှ ကမ္ဘာလောကငယ်ကို ကြမ်းတမ်းစွာ ဆုတ်ဖြဲနေသည့်အလား ကမ္ဘာလောကတစ်ခုလုံးမှာ အဆက်မပြတ် တုန်ခါနေတော့သည်။

 အကာအကွယ်စည်းဖြင့် ကာကွယ်ထားသည့် ရှန်ရှန့်ကျုံဂိုဏ်းသည်ပင် တုန်ခါနေခဲ့သည်။ အကာအကွယ်စည်းသာ မရှိနေပါလျှင် ဤစွမ်းအင်လှိုင်းတစ်ခုတည်းဖြင့်ပင် ရှန်ရှန့်ကျုံဂိုဏ်းကို အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲစေနိုင်လောက်၏။

All Chapters