နှလုံးအိမ်ဝါးမျိုခြင်းမှော်ပညာ။
Vol. 28 Ch. 381
Translator - Hsue Htet
ဘုန်း!
ရှန်ရှန့်ကျုံဂိုဏ်းတည်ရှိရာအရပ်၌ ပေါက်ကွဲသံကျယ်ကြီး ပေါ်ထွက်လာခဲ့သည်။ ထို့နောက် ရှန်ရှန့်ကျုံဂိုဏ်း တောင်ဂိတ်တံခါးဝ အထက်လေဟာပြင်မှ ပုံရိပ်တစ်သောင်းခန့် ပေါ်ထွက်လာခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်းတောင်ကြားတစ်ခုလုံးကို တင်းတင်းကြပ်ကြပ်ဝန်းရံထားသည်။
ကြောက်ခမန်းလိလိ ကြီးမားကျယ်ပြန့်စွာသော အရှိန်အဝါသည် လောကတစ်ခွင်၌ စိမ့်ဝင်ပျံ့နှံ့နေလေရာ လေဟာပြင်မှာ ၎င်းအင်အားကြီးကို ခံနိုင်ရည်မရှိသည့်အလား သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သည်အထိ တွန့်လိမ်ပုံပျက်နေတော့သည်။
အက်ကွဲလာသောကောင်းကင်ပြင်နှင့်အတူ လူတို့သည်လည်း အရှိန်အဝါ၏ဖိနှိပ်မှုကြောင့် မလှုပ်ရှားနိုင်ဖြစ်ကြရသည်။ သစ်ရွက်များကိုလှည်းကျင်းနေသည့် ကောင်းကင်ခွဲဖြာအရှင်၏ တံမြက်စည်းသည်လည်း ပထမဆုံးအကြိမ်အဖြစ် ရပ်တန့်သွား၏။
မိမိသည် သေခြင်းရှင်ခြင်းနိယာမကို နားလည်သဘောပေါက်လျှင်သော်မှ အဆုံးသတ်တွင်တော့ သူ၏ကျင့်ကြံမှုအခြေခံသည် ထျန်းဝူအဆင့်သာဖြစ်သည်။ အဘယ်သို့များ ဒါဇင်ကျော်သော ထျန်းကျွင်းအဆင့်ကျင့်ကြံသူများနှင့် ထျန်းရှင်းအဆင့်ကျင့်ကြံသူသောင်းချီ၏ အရှိန်အဝါကို ခုခံနိုင်ပါမည်နည်း။
ကောင်းကင်ခွဲဖြာအရှင်ကို မဆိုထားနှင့် တိုက်ခိုက်ချေမှုန်းစွမ်းရည်မြင့်မားသော ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူလျှင်မှ ဤအရှိန်အဝါနှ့င် ရင်ဆိုင်ရပါလျှင် ဒူးထောက်ရမည်သာဖြစ်သည်။
ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းထဲရှိ ယဲ့မုချင်နှင့် အခြားသောဂိုဏ်းသားများသည်လည်း ထိုအရှိန်အဝါကြောင့် ခံစားမိကြ၏။ ယဲ့မုချင်နှင့် ရုပ်အလောင်းထိန်းချုပ်သူမျိုးနွယ်စုကျင့်ကြံသူများမှအပ မဟာနတ်ဆိုးရွှမ်ရှ၊ ဝမ်ချုံးယန်နှင့်အခြားသူများသည်ပင် ထိုအရှိန်အဝါကြောင့် မျက်နှာအမူအရာမှာ မည်းမှောင်သွားရသည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်!”
သက်လတ်ပိုင်းအရွယ် အစောင့်အရှောက်များနှင့် အခြားသူများသည် ယွမ်ဝူလင်ကို မြင်တွေ့ကြသောအခါ ပျော်ရွှင်ဝမ်းမြောက်သွားကြ၍ ဒူးထောက်ချကာ ကျယ်လောင်စွာ နှုတ်ဆက်ကြသည်။
အစောင့်အရှောက်များနှင့် အခြားသူများ၏ နှုတ်ဆက်ဂါရဝပြုခြင်းကို ယွမ်ဝူလင်တို့သည် စိုးစဉ်းမျှ ဂရုမစိုက်ချေ။ လက်ကိုဝှေ့ယမ်း၍ အစောင့်အရှောက်များကို နောက်ဆုတ်စေလိုက်ပြီးနောက် ကောင်းကင်ခွဲဖြာအရှင်သို့ အကြည့်ပို့လိုက်ကြသည်။ သူတို့၏မျက်လုံးများ၌ ပူပြင်းမှုအချို့ထင်ဟပ်လာသည်။
“မင်းက အလောင်းထိန်းချုပ်သူမျိုးနွယ် မဟုတ်ဘူး။ ဘာလို့ သူတို့နဲ့ပူးပေါင်းချင်ရတာလဲ?”
ယွမ်ဝူလင်သည် ကောင်းကင်ခွဲဖြာအရှင်ကို ခဏမျှစိုက်ကြည့်ပြီးနောက် မေးမြန်းလိုက်သည်။
ကောင်းကင်ခွဲဖြာအရှင်၏ ခန္ဓာကိုယ်တွင်းမှ မဟာတာ့အိုအရှိန်အဝါကို ရယူလိုပါသော်ငြား အလျင်စလိုပြုမူ၍ မရနိုင်သည်ကို သူတို့သိပါ၏။ ကောင်းကင်ခွဲဖြာအရှင်မှ သူတို့အား လမ်းစဉ်ကို အဘယ်သို့ နားလည်သဘောပေါက်နိုင်ခဲ့သည်ကို စိတ်လိုလက်ရပြောပြခဲ့ပါလျှင် ပို၍ အကျိုးအမြတ်ရှိနိုင်သည်။
နောက်ဆုံးသောခိုကိုးရာအဖြစ် ကောင်းကင်ခွဲဖြာအရှင်၏ မဟာတာ့အိုအရှိန်အဝါကို အတင်းအကြပ် မဝါးမြိုလိုပါ။ ကောင်းကင်ခွဲဖြာအရှင်၏ ကျင့်ကြံမှုအခြေခံကို အရင်းခံ၍ မဟာတာ့အိုအရှိန်အဝါအား အဘယ်သို့ နားလည်သဘောပေါက်နိုင်ခဲ့သည်ကို သိရှိလိုခြင်းသည် အဓိကအချက်ဖြစ်၏။
ယွမ်ဝူလင်၏ ခန္ဓာကိုယ်မှ လေးပင်သောအငွေ့အသက်သည် ကောင်းကင်ခွဲဖြာအရှင်ကို အသက်ရှူကြပ်စေသည်။ ကောင်းကင်ခွဲဖြာအရှင်သည် သိလိုစိတ်ပြင်းပြနေကြသည့် ယွမ်ဝူလင်တို့ကို အေးစက်သောမျက်လုံးအိမ်တို့ဖြင့် တစ်ချက်ကြည့်လိုက်သော်ငြား စကားမဆိုပေ။
“အိုး မင်းက အတော်လေးမောက်မာသားပဲ? ဒီသခင်မက မင်းလိုမောက်မာတဲ့သူမျိုးကို သဘောကျတယ်ရယ်”
ကောင်းကင်ခွဲဖြာအရှင်၏ အပြုအမူကို မြင်တွေ့သည်တွင် မှော်နန်းတော်သခင်မသည် ခပ်ဖျော့ဖျော့ပြုံးလိုက်၏။ သူမ၏ အသရေတင့်တယ်သော ခန္ဓာကိုယ်ကိုလှုပ်ယိမ်းလျက် ကောင်းကင်ခွဲဖြာအရှင်၏အနီးသို့ လျှောက်လှမ်းသွားသည်။
သူမ၏ တစ္ဆေတစ်ကောင်ကဲ့သို့သောမျက်နှာသည် ပြိုင်ဘက်ကင်းအလှလေးဟု မဆိုနိုင်သော်ငြား သူမ၏ခန္ဓာကိုယ်သည်တော့ အတော်လေးဝံ့ကြွားပေသည်။ အထူးသဖြင့် ခန္ဓာကိုယ်လှုပ်ရှားချိန်တွင်ဖြစ်၏။ နေရာရှိ အင်အားစုကြီး၆စု၏ ကျင့်ကြံသူများမှာ မသိမသာ တံတွေးမြိုချမိကြရသည်။
ယွမ်ဝူလင်တို့သည် ရယ်မာလျက် ခပ်ဖျော့ဖျော့အကြည့်တစ်ချက် ပစ်လွှတ်လေသည်။ ကောင်းကင်ခွဲဖြာအရှင်မှ အဆိပ်ပြင်းသည့်နှင်းဆီဖြစ်သော ဤပြိုင်ဘက်ကင်းအလှလေးကို ခံနိုင်ရည်ရှိမည်ဟု သူတို့ မယုံကြည်ပါ။ အခြားမည်သူမျှလည်း ခံနိုင်ရည်မရှိခဲ့ဖူးပေ။
ယွမ်ဟွားကောင်းကင်နယ်မြေ၌ မှော်နန်းတော်သခင်မသည် အရပ်မျက်နှာတိုင်းတွင် ကျော်ကြားသူဖြစ်သည်။ မှော်နန်းေတာ်သခင်မ၏ ဝံ့ကြွားဟန်ပုံရိပ်လေးသည် လူများစွာတို့၏အိပ်မက်ဖြစ်သည်။ သို့သော်ငြား ထိပ်တန်းကျင့်ကြံသူများပင်လျှင် ေမှာ်နန်းတော်သခင်မကို မမျှော်မှန်းဝံ့ကြချေ။
အကြောင်းမှာ မှော်နန်းတော်သခင်မသည် မှော်ပညာရပ်နှင့် နှလုံးအိမ်ဝါးမျိုခြင်းမှော်ပညာရပ်ကို အမွေဆက်ခံခြင်းကြောင့်ဖြစ်သည်။ မှော်နန်းတော်သခင်မသည် မှော်ပညာရပ်နှင့် နှလုံးအိမ်ဝါးမျိုခြင်းမှော်ပညာရပ်တို့ကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံပြီးဖြစ်ရာ သူမ၏ လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းမှာ အဆုံးမဲ့နှစ်လိုဖွယ်ညှို့ဓာတ်များ ထုတ်လွှတ်လျက်ရှိသည်။ မှော်နန်းတော်သခင်မမှ ဆန္ဒမရှိပါလျှင် သူမ၏ခန္ဓာအား မည်သူမျှ ရရှိနိုင်မည်မဟုတ်ပေ။
မှော်နန်းတော်သခင်မမှ လူသတ်ချင်ပါလျှင်မူ ထိုအသတ်ခံရသူမှာ မိမိ မည်သို့သေသွားခဲ့သည်ကိုပင် သိနိုင်မည်မဟုတ်ပေ။
ပြောစမှတ်ရှိကြသည်မှာ မှော်နန်းတော်သခင်မ၏ သတ်ဖြတ်ခြင်းခံရသူတိုင်းသည် တောက်တောက်ပပ ပြုံးရယ်နေကြသည်ဟူ၏။ မှော်နန်းတော်သခင်မသည် သူတို့အား မည်သည့်ပုံရိပ်ယောင်လောကသို့ ဆွဲခေါ်သွားခဲ့သည်မသိပေ.. သေဆုံးသူတိုင်းသည် အလွန်တရာ ပျော်ရွှင်နေဟန်ရှိကြလေသည်။
ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံး၌ မှော်နန်းေတာ်သခင်မ၏ပုံရိပ်ယောင်စွမ်းအင်ကို ထိုအင်အားစုကြီးများ၏ကျင့်ကြံသူအိုကြီးများမှလွဲ၍ ခံနိုင်ရည်ရှိသူမှာ ကျင့်ကြံဆင့်တူညီသော ကျင့်ကြံသူ၁၀ဦးထက် မပိုနိုင်ချေ။
မှော်နန်းတော်သခင်မသည် ကောင်းကင်ခွဲဖြာအရှင်သို့ လျှောက်သွားပြီးနောက်တွင် သူမ၏ဝိဉာဉ်စုပ်ယူနိုင်စွမ်းသော မျက်ဝန်းအစုံတို့ဖြင့် စိတ်လှည့်ဖြားမှုအရှိန်အဝါတို့ ဖြန့်ကျက်လျက် ကောင်းကင်ခွဲဖြာအရှင်ကို ကြည့်ခဲ့သည်။ သို့သော် ကောင်းကင်ခွဲဖြာအရှင်၏ မျက်လုံးတို့၌ စိတ်လှည့်ဖြားခြင်းအငွေ့အသက်တို့ ရှိမနေသည်ကြောင့် သူမ,အံ့ဩသွားခဲ့ရသည်။ ကောင်းကင်ခွဲဖြာအရှင်၏စိတ်နှလုံးမှ အတမ်းတဆုံးသော စိတ်ကူးယဉ်လောကသို့ ဝင်ရောက်သွားချိန်တွင်လည်း သုသာန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်နေခြင်းကိုသာ မြင်တွေ့ခဲ့ရသည်။
ကောင်းကင်ခွဲဖြာအရှင်သည် မြေအောက်ဘုံလောကမှ တွယ်တက်လာခဲ့သည့် သေလူတစ်ဦးအလား… သုသာန်တစ်စပြင်ကဲ့သို့သော တိတ်ဆိတ်မှုမှအပ အခြားသော စိတ်ခံစားချက်များလည်း ရှိမနေချေ။ ထိုသူ၏ မျက်လုံးသေကြီးများမှ အကြည့်လွှဲပြီးခဲ့လျှင်သော်မှ နှလုံးအိမ်အတွင်း၌ စွဲကျန်ရစ်စေနိုင်ပေသည်။
“ကြည့်ရတာ မင်း သုသာန်ပြင်အလားတိတ်ဆိတ်မှုကို နားလည်သွားခဲ့တာထင်တယ်”
မှော်နန်းတော်သခင်မသည် ကောင်းကင်ခွဲဖြာအရှင်၏ဘေးသို့ တိုးကပ်သွား၏။ ကောင်းကင်ခွဲဖြာအရှင်၏လည်တိုင်ထက်တွင် မှော်သစ်ပင်တစ်စုံ တွဲလောင်းချိတ်နေခဲ့ပြီး မှော်နန်းတော်သခင်မသည် ကောင်းကင်ခွဲဖြာအရှင်၏ ခပ်ကိုင်းကိုင်းခန္ဓာကိုယ်ကို ပွေ့ဖက်လိုက်သည်။ ကောင်းကင်ခွဲဖြာအရှင်၏ အရေးအကြောင်းများတွန့်ရှုံ့နေသော မျက်နှာသည် သူမ၏ကိုယ်ထဲသို့ နစ်မြုပ်သွားလေသည်။ ဆီးနှင်းဖုံးလွမ်းသောတောင်ထက်၌ သူမ၏နီရဲသောနှုတ်ခမ်းနှစ်လွှာကို ကောင်းကင်ခွဲဖြာအရှင်၏နားထက်သို့ ဖိကပ်လိုက်သည်။ နှစ်လိုဖွယ်ဆွဲဆောင်မှုပြင်းလှသော မှော်နန်းတော်သခင်မ၏အသံသည် ကောင်းကင်ခွဲဖြာအရှင်၏ဝိဉာဉ်ကို ဖောက်ထွင်းဖြတ်သန်းသွားသည့်အလားပင်။
“အဲ့ဒီ့ကောင်းကင်ခွဲဖြာအရှင် လူအိုကြီးက ကံကောင်းလိုက်တာ!”
ထိုမြင်ကွင်းတွင် ခြံဝင်းထဲရှိ မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးတို့ တောင့်ခဲသွားလျက် မထိန်းချုပ်နိုင်စွာဖြင့် မနာလိုအားကျမိရသည်။ သို့သော် စကားဆိုလိုက်မိပြီးသည်နှင့် ကြက်သီးမွေးညင်းထသွားရကာ တစ်ကိုယ်လုံးတုန်ရီသွားရလေသည်။ ခေါင်းမော့ကြည့်လိုက်ရာ အချိန်ကိုက်ပင် ဧကရီမေသုရှား၏ ခက်ထန်သောမျက်ဝန်းအကြည့်တို့ ဝေ့ဝဲသွားသည်နှင့် ကြုံလိုက်ရ၏။ မဟာနတ်ဆိုးရွှမ်ရှသည်လည်း မနာလိုအားကျမှုသည့်အတွေးတို့ကို အလျင်အမြန် လွှင့်ပစ်ဖယ်ရှားလိုက်ပြီး လူကြီးလူကောင်းသဖွယ် အကောင်းဆုံးကြိုးစားသရုပ်ဆောင်လေသည်။
ယွမ်ဝူလင်နှင့် အင်အားစုကြီး၆ခု၏ကျင့်ကြံသူများပင်လျှင် ထိုအခိုက်အတန့်၌ မနာလိုအားကျမှုများ ဖြစ်တည်မိကြရသည်။ မှော်နန်းတော်သခင်မထံမှ ပွေ့ဖက်မှုကို မဆိုထားနှင့် ဤလောက၌ မှော်နန်းတော်သခင်မထံမှ စကားသံလေးတစ်ချက်ပင် အကျိုးအမြတ်ရရှိဖူးသူ မရှိခဲ့ဖူးချေ။ ထိုလူအိုကြီးသည် အသက်ဆုံးလုနီးပါး ပျက်စီးခြင်းဆိုက်နေခဲ့ပြီးဖြစ်သော်ငြား ပျိုနီပန်းလေးနှင့် ချစ်ကြည်နူးဖွယ်အခိုက်အတန့်ကို ပိုင်ဆိုင်နိုင်သေးလေသည်။
မှော်နန်းတော်သခင်မ၏ လက်အစုံ၌ ပွေ့ဖက်ခံရသူမှာ ကောင်းကင်ခွဲဖြာအရှင်မဟုတ်ဘဲ မိမိကိုယ်တိုင်ဖြစ်ပါရန် ဆုတောင်းနေမိသူ မည်မျှရှိသည်ကိုပင် မရေတွက်နိုင်ချေ။
ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခွင်လုံး၌ မှော်နန်းတော်သခင်မနှင့် ခန္ဓာကိုယ်အလှတရား ယှဉ်ပြိုင်နိုင်သူဟူ၍ မရှိပေ။ မှော်နန်းတော်သခင်မ၏ ပွေ့ဖက်ခြင်းကို ခံယူနိုင်ခြင်းဖြင့် အသက်သေဆုံးရမည်ဆိုလျှင်သော်မှ ထိုက်တန်ပါ၏။
သို့သော်ငြား ထိုအခိုက်အတန့်တွင် မှော်နန်းတော်သခင်မမှာ ကြောက်စိတ်ကြီးစိုးလာရသည်။ သူမ ပွေ့ဖက်ထားသည်မှာ လူသားတစ်ဦးမဟုတ်ဘဲ ရေခဲရုပ်တုတစ်ခုဟု ခံစားနေရ၏။ ဤလူအိုကြီး၌ လူသားတစ်ဦးတွင် ရှိသင့်ရှိအပ်သော အနည်းပါးဆုံးသော နွေးထွေးမှုလေးပင် မရှိချေ။ လူသေရုပ်အလောင်း၏ အေးစက်မှုမျိုးသာ ရှိ၏။
သူမ အထူးတလည်စီမံထားသည့် စိတ်ကူးယဉ်လောကသည်ပင် ဤလူအိုကြီးအတွက် မည်သည့်သက်ရောက်မှုမှ ရှိမနေခဲ့ပေ။
“ဒီလူကြီးရဲ့ စိတ်ကူးယဉ်လောက,က ထူးကဲတယ်”
ယဲ့မုချင်၊ ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုမှ အခြားသောမျိုးနွယ်စုများသည် အစမှအဆုံးထိ စိုးစဉ်းမျှ လှုပ်ရှားမှုမရှိသော မှော်နန်းတော်သခင်မကိုကြည့်လျက် မျက်နှာအမူအရာတို့ လေးနက်လာကြသည်။
ကံကောင်းထာက်မစွာဖြင့် သူတို့သည် တစ်ချိန်က ဟုန်မန့်နတ်ဘုရားနယ်မြေ၏ ကျင့်ကြံသူများဖြစ်ခဲ့ဖူးကြ၍ တော်သေးသည်။ သို့မဟုတ်ပါက ဤလူ၏ လက်ရှိကျင့်ကြံမှုဖြင့် ဤလူ၏စိတ်ကူးယဥ်ေလာကထဲသို့ အလွယ်တကူ ဝင်ရောက်ရန်မှာ မဖြစ်နိုင်လောက်ပေ။
သူတို့မှအပ အခြားသူများသည် ဤလူ၏စိတ်ကူးယဉ်လောကထဲသို့ ကျရောက်သွားခဲ့ကြပြီလား မသိပေ။
“အဟင်း!”
ယဲ့မုချင်နှင့် အခြားသူများမှ သက်ပြင်းချလာသည်တွင် ကျန်းထျန်းလင်သည်လည်း တစ်စုံတစ်ရာမှ မူမမှန်သည်ကို သတိထားမိသွား၍ ခပ်ဖျော့ဖျော့ ချောင်းဟန့်လိုက်၏။ သို့သော် ၎င်းအသံမှာ မိုးခြိမ်းသံအလား ကျယ်လောင်စွာမြည်ဟီးသွားခဲ့ကာ စိတ်ကူးယဉ်လောကအတွင်းမှ လူအားလုံးကို ပြန်ဆွဲထုတ်သွားခဲ့သည်။
သူတို့အားလုံး အသိစိတ်ပြန်လည်လာကြပြီးနောက်တွင်လည်း လှုပ်ရှားမှုကင်းမဲ့နေဆဲဖြစ်သော မှော်နန်းတော်သခင်မကို မြင်တွေ့ကြရလေရာ ကြောက်ရွံ့မှုအချို့ ထင်ဟပ်သွားရသည်။ မှော်နန်းတော်သခင်မမှ သူတို့ကို သတ်ဖြတ်လိုပါလျှင် သူတို့၌ ခုခံနိုင်သည့်စွမ်းရည်ပင် မရှိပေ။
ယွမ်ဝူလင်နှင့်အခြားသူများသည်လည်း ကြောက်ရွံ့ထိတ်လန့်သွားကြ၏။ မမျှော်လင့်စွာဖြင့် မှော်နန်းတော်သခင်မ၏ စိတ်ကူးယဉ်လောကသည် ပို၍ပို၍အင်အားကြီးမားလာခဲ့ပြီး သူတို့အားလုံးမှာ သတိမထားမိပါဘဲ ထိုစိတိကူးယဉ်လောကအတွင်း ကျရောက်သွားခဲ့ရသည်။
ကောင်းကင်ခွဲဖြာအရှင်မှ ခေါင်းမော့လာခဲ့ပြီး မှော်နန်းတော်သခင်မကို ကြည့်လာ၏။ မှော်နန်းတော်သခင်မ၏ လှည့်စားမှုလေးကို လှောင်ရယ်နေသည့်အလား သူ၏ပါးရေတွန့်နေသော မျက်နှာထက်တွင် အထင်မြင်သေးဟန်သော အပြုံးတစ်ခုဖြစ်တည်လာခဲ့သည်။
မှော်နန်းတော်သခင်မ၏ လှပသောမျက်ဝန်းအစုံတို့မှာ တောင့်ခဲသွားလျက် ကောင်းကင်ခွဲဖြာအရှင်ကို တစ်ဖန် သေချာအကဲခတ်ကြည့်ရှု၏။ ထို့နောက် တစ်စုံတစ်ရာစဉ်းစားမိသွားဟန်ဖြင့် ပြုံးရယ်လာပြန်သည်။
“မဟာတာ့အိုအရှိန်အဝါကို သိမြင်နားလည်ထားသူလို့ မဆိုရဘူးပဲ။ ငါနန်းတော်သခင်မ မင်းကို လျှော့တွက်မိသွားပြီ”
“ဒီတိုင်း.. ဒီစိတ်ကူးယဉ်လောက,က ဒီနန်းတော်သခင်မရဲ့ အင်အားအကုန်ပဲလို့ တွေးထားရင်တော့ မင်းမှားသွားပြီနော်!”
မှော်နန်းတော်သခင်မသည် ကောင်းကင်ခွဲဖြာအရှင်နှင့် ကစားလိုသေးသည်ကို မြင်သောအခါ ကျန်းထျန်းလင်မှ လက်ကိုဝှေ့ယမ်း၍ တည်ကြည်လေးနက်စွာပြော၏။
“ကောင်းပြီ ကစားေနတာ ရပ်လိုက်တော့။ သူက အခုကိစ္စတွေကို မသိဘူးဆိုမှတော့ တိုက်ရိုက်ပဲ လုပ်ကြတာပေါ့”
ဤခြံဝင်းထဲ၌ မှော်နန်းတော်သခင်မနှင့် ကျင့်ကြံဆင့်တူညီသော တစ်ဦးတည်းသောသူဖြစ်သည့် ကျန်းထျန်းလင်သည် မှော်နန်းတော်သခင်မ၏စွမ်းအင်ကို အထူးတလည်သတိရှိ၏။ မှော်နန်းတော်သခင်မမှ ဆက်လက်ကစားနေပါလျှင် ကောင်းကင်ခွဲဖြာအရှင်ကို ထိန်းချုပ်နိုင်ကောင်းသည်။ သို့သော် လူအများစုမှာ အသက်ရှင်နိုင်လိမ့်မည်မဟုတ်ပေ။
မှော်နန်းတော်သခင်မသည် မကျေနပ်ဟန်ဖြစ်သွားသော်ငြား မည်သည့်စကားမျှ ထပ်မံပြောဆိုမလာခဲ့ပေ။
ဘုန်း!
သို့ဖြစ်၍ ကျန်းထျန်းလင်သည် လက်ကိုဆန့်ထုတ်၍ ညင်သာနူးညံ့စွာ တစ်စုံတစ်ရာကို ဆုပ်ကိုင်ယူဟန်ပြုလိုက်သည်။ လောကတစ်ခွင်ရှိ စွမ်းအင်များသည် ရုတ်ချည်းစုဝေးသွားကြပြီး လက်ဖဝါးပုံရိပ်ကြီးတစ်ခုဖြစ်တည်လာကာ ကောင်းကင်ခွဲဖြာအရှင်ကို ဖိညှပ်၍ သူ၏အနီးသို့ ခေါ်ဆောင်၏။
ဟမ်!
ဤသို့အရေးကြီးလှသောအခိုက်အတန့်တွင် တောင်ဂိတ်တံခါးဝမှ အလင်းတန်းတစ်ခု ပစ်လွှတ်လိုက်ခြင်းနှင့်အတူ လက်ဖဝါးပုံရိပ်သည် ကွဲကြေစေကာ ကျန်းထျန်းလင်သို့ တိုက်ရိုက်ဦးတည်လေသည်။
ထိုပြောင်းလဲမှုသည် ကျန်းထျန်းလင်၏မျက်နှာအမူအရာကိုလည်း ပြောင်းလဲသွားစေ၏။ ကျန်းထျန်းလင်မှ လက်တစ်ချောင်းကိုဆန့်ထုတ်လိုက်ခြင်းဖြင့် ရှည်လျားသော သက်တံကဲ့သို့သော အလင်းတန်းတစ်ခုကို ရုတ်ချည်းပစ်လွှတ်လိုက်သည်။ ထိုသက်တံအလင်းတန်းသည် တောင်ဂိတ်တံခါးဝမှ သူ့ထံ ဦးတည်လာနေသည့် အလင်းတန်းနှင့် ထိခတ်သွား၏။
ဘုန်း!
ပေါက်ကွဲမှုကြီး ဖြစ်တည်သွားခဲ့ပြီး လေပြင်းလှိုင်းဂယက်သည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွား၏။ ကျန်းထျန်းလင်၏နောက်ရှိ ကျင့်ကြံသူများမှာ မထိန်းချုပ်နိုင်စွာဖြင့် ခြေလှမ်းဒါဇင်ကျော်မျှ နောက်ဆုတ်လိုက်ရသည်။ ထို့ပြင် ထိုအလင်းတန်းနှစ်ခု ထိခတ်မှုသည် ကောင်းကင်ခွဲဖြာအရှင်ကို ဖိညှပ်ခံထားရခြင်းမှ လွတ်မြောက်စေခဲ့ရာ ကောင်းကင်ခွဲဖြာအရှင်သည် အလင်းတစ်ပြက်ဖြင့် တောင်တံခါးဂိတ်ဝသို့ ပျံသန်းသွားခဲ့သည်။
“ထျန်းကျွင်းအထွတ်အထိပ်အဆင့်!”
ကျန်းထျန်းလင်၏မျက်နှာအမူအရာမှာ အကြီးအကျယ်ပြောင်းလဲသွားရပြီး အံ့အားသင့်စွာဖြင့် ရေရွတ်လေသည်။ သူ၏မျက်လုံးများသည် တောင်ဂိတ်တံခါးဝမှ ပေါ်ထွက်လာနေသည့်ပုံရိပ်ကို မလွှဲတမ်းကြည့်နေခဲ့သည်။
ကျန်းထျန်းလင်၏ရေရွတ်သံအဆုံးတွင် မှော်နန်းတော်သခင်မနှင့် အခြားသူများ၏ မျက်နှာအမူအရာသည်လည်း မည်းမှောင်သွားကြ၏။
ထျန်းကျွင်းအထွတ်အထိပ်အဆင့်!
ယွမ်ဟွားကောင်းကင်နယ်မြေ၌ပင် ထျန်းကျွငိးအထွတ်အထိပ်အဆင့်ဟူသည် အင်အားအကြီးမားဆုံးသောဖြစ်တည်မှု ဖြစ်သည်။ ၎င်းဖြစ်တည်မှု၏ လှုပ်ရှားမှုတစ်ချက်တိုင်းမှာ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေကြီးကို ဖျက်ဆီးရန်လုံလောက်၏။ ၎င်းထျန်းကျွင်းအထွတ်အထိပ်အထိပ်အဆင့်ကို သတ်ဖြတ်ရန်မှာ များပြားလှစွာသော အားစိုက်ထုတ်မှု လိုအပ်ပေမည်။
ကျန်းထျန်းလင်နှင့်အခြားသူများ၏ အကြည့်အောက်၌ ယဲ့မုချင်သည် ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ကျင့်ကြံသူများစွာနှင့်အတူ ဖြေးညှင်းစွာ ထွက်ပေါ်လာသည်။
“ဂိုဏ်းချုပ်ကတော်ကို ဂါရဝပြုပါတယ်!”
ယဲ့မုချင်ကို မြင်တွေ့သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ခွဲဖြာအရှင်မှ ချက်ချင်းဂါရဝပြု၏။
“လုပ်တာကောင်းတယ်”
ယဲ့မုချင်မှ ခေါင်းညိတ်၍ ကောင်းကင်ခွဲဖြာအရှင်အား ပြုံးရယ်လျက် ပြော၏။
ယဲ့မုချင်၏အတည်ပြုစကားကြောင့် တစ်ချိန်လုံး မျက်နှာအမူအရာကင်းမဲ့နေခဲ့သော ကောင်းကင်ခွဲဖြာအရှင်၏ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့လေသည်။
ယဲ့မုချင်တို့သည် အခြားမည်သူမျှ ရှိမနေသည့်အလား စကားစမြည်ပြောဆိုနေကြသည်ကို မြင်သောအခါ ကျန်းထျန်းလင်နှင့်အခြားသူများ၏ မျက်နှာတို့မှာ ပို၍မှုန်မှိုင်းလာကြတော့သည်။ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူမှာ ဤသို့သော မိန်းမလှလေးတစ်ဦးဖြစ်လိမ့်မည်ဟု မျှော်လင့်မထားခဲ့မိချေ။ ထိုအမျိုးသမီးသည် ကောင်းကင်ဘုံမှ နတ်သမီးများပင်လျှင် တုနှိုင်းမမီနိုင်လောက်သော မိန်းမလှတစ်ဦးဖြစ်၏။
အကြည့်တစ်ချက်သည်ပင် လူကို ရှက်သွေးဖြာစေကာ ပြိုင်ဘက်ကင်းအလှလေးဖြစ်သော မှော်နန်းတော်သခင်မပင်လျှင် သက်ပြင်းချမိရသည်။
ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ထိုမိန်းမလှလေးကို မဆိုထားနှင့် သူမ၏နံဘေးရှိ ဧကရီမေသုရှားသည်လည်း မှော်နန်းတော်သခင်မကို ရှင်းပြရန်မတတ်နိုင်သော အလင်းစအချို့ ဖြတ်ပြေးသွားစေသည်အထိ အံ့ချီးဖွယ်ကောင်းသူဖြစ်လေသည်။