ငါဂိုဏ်းချုပ် ဒီတိုင်းရပ်ကြည့်နေမှာမဟုတ်။
Vol. 28 Ch. 382
Translator - Hsue Htet
“ဂိုဏ်းချုပ် သူတို့က အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေပါ”
ယွမ်ဝူလင်၏နောက်ရှိ အပြင်းအထန်တုန်ခါနေသော ကြေးမုံမှန်တစ်ချပ်ကို ကိုင်ဆောင်ထားသော ထျန်းလင်ဂိုဏ်းအကြီးအကဲတစ်ဦးသည် ဧကရီမေသုရှားတို့ကို ညွှန်ပြလျက် တင်းကြပ်လေးလံစွာသောအသံဖြင့် ပြော၏။
ဟမ်?
ထိုအကြီးအကဲ၏စကားကြောင့် ယွမ်ဝူလင်နှင့်အခြားသူများမှာ ဧကရီမေသုရှားသို့ တစ်ပြိုင်နက်တည်း အကြည့်ရောက်သွားကြပြီးနောက် မျက်မှောင်ကြုတ်သွားကြလေသည်။
သူတို့၏ကျင့်ကြံမှုမှာ ထျန်းကျွင်းအဆင့်သို့ မရောက်ရှိသေးကြောင်း ခံစားမိသောအခါတွင်မှ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမောချမိရသည်။
ထျန်းကျွင်းအထွတ်အထိပ်အဆင့် ယဲ့မုချင်သည် သူတို့မျှော်လင့်ထားသည်ထက် အမှန်တကယ် သာလွန်နေပါ၏။ သို့သော် ကံကောင်းထောက်မစွာဖြင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များမှာ အလွန်တရာ အင်အားကြီးမားသည် မဟုတ်သေးပေ။ အခြေအနေသည် ထိန်းချုပ်နိုင်သည့်အကန့်အတွင်း၌ ရှိနေသေးသည်။
“မင်းတို့မှာ ဘယ်လိုကျောထောက်နောက်ခံရှိနေလို့လဲ? အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေကို ဖုံးကွယ်ခေါ်ထားပေးရအောင်ထိလေ? အလောင်းထိန်းချုပ်သူမျိုးနွယ်စုက မွန်မြတ်ဘုံလောကရဲ့ အလိုရှိအပြစ်သားတွေဆိုတာကို မင်းတို့ရဲ့သခင်က မသိဘူးလား?”
ကျန်းထျန်းလင်သည် ယဲ့မုချင်တို့အား စူးရဲလေးနက်စွာကြည့်လျက် အသံနက်ဖြင့်အော်ဟစ်ပြောဆို၏။
ယဲ့မုချင်တို့မှာ ရှေးဟောင်းနယ်မြေမှဖြစ်သည်ဟု မည်သူမျှ မတွေးထင်မိကြပေ။ ထိုကမ္ဘာလောကငယ်လေးမှ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကဲ့သို့သော စွမ်းအားမြင့်ကျင့်ကြံသူမျိုးကို မွေးထုတ်နိုင်ခဲ့ခြင်းကို ဟာသပြက်လုံးတစ်ခုဟုသာ တွေးထင်ကြမည်ဖြစ်၏။
ကျန်းထျန်းလင်တို့၏အမြင်၌မူ ယဲ့မုချင်သည် အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များမှ ဆန့်ကျင်တိုက်ခိုက်လာပါလျှင် ထျန်းကျွင်းအထွတ်အထိပ်အဆင့်ဖြစ်သော ယဲ့မုချင်တစ်ဦးတည်းမှ မခုခံနိုင်မည်ကို ကြောက်ရွံ့သောကြောင့် လက်ခံထားသည်ဟူ၍ တွေးထင်နေခြင်းဖြစ်သည်။
“မင်းတို့သိဖို့ မထိုက်တန်ပါဘူး!”
ကျန်းထျန်းလင်၏အမေးစကားကို ယဲ့မုချင်မှ မဖြေကြားပေ။ သူမ၏ဘေးရှိ မဟာနတ်ဆိုးရွှမ်ရှမှ ရှေ့ထွက်၍ အထင်မြင်သးစွာ ပြောလိုက်၏။ မောက်မာထောင်လွှားသော အပြုအမူသည် ကျန်းထျန်းလင်တို့အုပ်စုအား မျက်လုံးထဲပင်မထည့်ပါဟူေသာ အထင်မြင်သေးမှုကို အထင်းသား လှစ်ဟပြသနေသည်။
“ဟားဟားဟား!”
ကျန်းထျန်းလင်သည် ခေါင်းမော့လျက် ကျယ်လောင်စွာ ရယ်မော၏။ ထိုရယ်သံမှာ လောကတစ်ခွင်တိုင် တုန်ခါသွားစေသည်။ မှော်နန်းတော်သခင်မနှင့် အခြားသူများပင်လျှင် အနည်းငယ် ပြုံးရယ်လာကြကာ မဟာနတ်ဆိုးရွှမ်ရှအား အရူးတစ်ယောက်အလား ကြည့်နေကြလေသည်။
ကျန်းထျန်းလင်၏ရယ်မောသံသည် ရုတ်တရက် ရပ်တန့်သွားပြီး အေးစက်မှုအချို့ ဖုံးးလွှမ်းလာခြင်းနှင့်အတူ ကျန်းထျန်းလင်မှ အေးစက်စွာပြောလာခဲ့သည်။
“ငါက မထိုက်တန်ဘူး ဟုတ်စ? ငါဘယ်သူလဲဆိုတာရော မင်းတို့သိရဲ့လား?”
“ငါအရှင်က ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ ကျင့်ကြံသူတွေရဲ့အရှင်သခင်ပဲကွ!”
“မင်းက ဘာကောင်မလို့ ငါအရှင်နဲ့ စကားပြာဖို့ထိုက်တန်တယ်လို့ အတွေးဝင်သွားရတာတုန်း?!”
“အိုင်းယိုး ဒီနတ်ဆိုးအိုကြီး ကြောက်လှပါတယ်! အရှင်သခင်ရဲ့ကျင့်ကြံမှုက ဘယ်လောက်ထိတောင် အင်အားကြီးတာပါလဲ? ကျွန်တော်မျိုးတော့ တစ်ခါမှ မကြားဖူးဘူးဗျာ!”
မဟာနတ်ဆိုးရွှမ်ရှသည် ကြောက်ရွံ့ဟန်ဆောင်၍ ကျန်းထျန်းလင်အား မပြုံးမမည်သောအပြုံးဖြင့် ကြည့်နေခဲ့၏။ သူ၏မျက်လုံးများမှာ လှောင်ပြောင်သရော်ဟန်များ ပြည့်နှက်နေပေသည်။
ဘာကို ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ အရှင်သခင်လဲ? ငါမဟာနတ်ဆိုးရွှမ်ရှက ရှန်ရှန့်ကျုံဂိုဏ်းအပြင်စည်းရဲ့ အကြီးအကဲချုပ်ကြီးကွ!
“ဟမ့်! မင်းက သေချင်နေမှတော့ ငါအရှင် မင်းကိုဖြည့်ဆည်းပေးမယ်!”
မဟာနတ်ဆိုးရွှမ်ရှ၏ မောက်မာထောင်လွှားသည့်ဟန်ပန်ကို မြင်ရသည်တွင် ကျန်းထျန်းလင်၏မျက်နှာမှာ အလွန်အမင်း မည်းမှောင်လာခဲ့တော့သည်။ မိမိသည် ယွမ်ဟွားကောင်းကင်နယ်မြေ၏ အင်အားအကြီးအမားဆုံးသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးအပါအဝင်ဖြစ်သော အရှင်သခင်တစ်ပါးဖြစ်ပြီး လူသန်းချီမှ လေးစားရသူဖြစ်သည်။ သို့သော် သာမန်ပုရွက်ဆိတ်ကောင်တစ်အုပ်မှ အထင်မြင်သေးစွာ ပြုမူဝံ့ရဲသည်တဲ့!
စကားသံနှင့်အတူ ကျန်းထျန်းလင်သည် လက်သီးထိုးချက်တစ်ခုဖြင့် ကြီးကျယ်ခမ်းနားစွာသော စွမ်းအင်များသည် ထက်သန်သောလက်သီးသဏ္ဍာန်အဖြစ် ဖြစ်တည်သွားခဲ့ကာ အချိန်နေရာကာလစီးဆင်းမှုတို့ကို ဖြတ်ကျော်သွားသည့်အလား မဟာနတ်ဆိုးရွှမ်ရှ၏ရှေ့၌ ရုတ်ချည်းပေါ်ထွက်လာခဲ့သည်။ သာမန်လူများမှ မည်သို့မျှ တုံ့ပြန်နိုင်မည်မဟုတ်သော အရှိန်ဖြစ်သည်။
ကြောက်ခမန်းလိလိသောအငွေ့အသက်သည် မဟာနတ်ဆိုးရွှမ်ရှကို တောင့်ခဲသွားစေကာ အရေပြားတို့မှာလည်း ချွန်ထက်သည့်အရာနှင့် ထိုးစိုက်ခံရသည့်အလား စပ်ဖျဉ်းလာခဲ့ရသည်။ သူ၏ခြေအစုံမှာ ငရဲဘုံသို့ ခြေနင်းထားမိသည့်အလား ဝိဉာဉ်ထိတိုင် တုန်ယင်နေတော့သည်။
ဤသည်မှာ မဟာနတ်ဆိုးရွှမ်ရှ ထျန်းကျွင်းအထွတ်အထိပ်အဆင့်၏စွမ်းအင်ကို ခံစားဖူးသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ အမှန်တကယ်ပင် အင်အားကြီးမား၍ မတွန်းလှန်နိုင်သော အင်အားကြီးဖြစ်သည်။
မဟာနတ်ဆိုးရွှမ်ရှသည် စွမ်းအင်ကိုခံစားမိသည်နှင့် တောင့်ခဲသွားသည်တွင် ဘေးရှိ ယဲ့မုချင်၏ မျက်လုံးလှလှလေးများမှာ အေးစက်သွားလျက် သူမ၏လက်သွယ်သွယ်လေးဖြင့် ခပ်ဖျော့ဖျော့ပုတ်လိုက်ရာ အင်အားကြီးမားစွာသော စွမ်းအင်လှိုင်းကြီးတစ်ခု ရုတ်ချည်းထွက်ပေါ်လာခဲ့သည်။ ကြောက်မက်ဖွယ်လက်သီးထိုးချက်ကြီးနှင့် စွမ်းအင်လှိုင်းလုံးကြီးတို့ ထိခတ်သွားသည်တွင် အချိန်ခဏမျှ အရာအားလုံး ရပ်တန့်သွားခဲ့ပြီးနောက် ကြယ်မှုန်အလင်းစလေးများအဖြစ် ပြောင်းလဲသွားခဲ့ပြီး လေဟာပြင်မှ ပျောက်ကွယ်သွားခဲ့သည်။
“မင်းငါနဲ့ ဆန့်ကျင်တိုက်ခိုက်ချင်တာ သေချာရဲ့လား?”
ထိုမြင်ကွင်းကြောင့် ကျန်းထျန်းလင်သည် ယဲ့မုချင်ကို စူးရဲစွာကြည့်လျက် အေးစက်စွာလှောင်ရယ်၏။
သူ၏ဘေးရှိ မှော်နန်းတော်သခင်မနှင့် အခြားသူများသည်လည်း မျက်နှာအမူအရာများ မှုန်မှိုင်းနေကြကာ ခန္ဓာကိုယ်တွင်းစွမ်းအင်များကို တိတ်တဆိတ်စီးဆင်းထားစေကြ၏။ ထျန်းကျွင်းအထွတ်အထိပ်အဆင့်သည် အင်အားကြီးမားသော်ငြား လူအင်အားများသည့် မိမိတို့မှာ အဘယ်အရာကို ကြောက်ရွံ့နေရမည်နည်း။ မိမိတို့မှာ ဆုံးရှုံးမှုများပြားခြင်းကို မရင်ဆိုင်လိုခြင်းသာ ဖြစ်ပါ၏။
ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူမှ အမှန်တကယ် အပြင်းအထန်တိုက်ခိုက်လာပါလျှင် မိမိတို့ဘက်မှ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ ၁၈ဦးဖြင့် ဝန်းရံတိုက်ခိုက်လျှင်သော်မှ ဆုံးရှုံးမှုများပြားလိမ့်ဦးမည်ဖြစ်သည်။
“ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းဂိတ်တံခါးဝမှာ ဘယ်သူမှ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခွင့်မရှိဘူး!”
ယဲ့မုချင်သည် ကျန်းထျန်လင်ကို ခပ်သာသာကြည့်လျက် ညင်သာနူးညံ့စွာပြောသည်။
“ရှန်ရှန့်ကျုံဂိုဏ်း?”
ယဲ့မုချင်၏စကားအဆုံး၌ ကျန်းထျန်းလင်နှင့် အခြားသူများသည် ဝေခွဲသံသယတည်းသော အမူအရာတို့ဖြင့် အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထိုဂိုဏ်းအမည်နာမကို သူတို့ မကြားဖူးပါချေ။
မည်သို့ပင်ဖြစ်စေ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ ရှိနေသည်ဖြစ်ရာ လျှို့ဝှက်ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း ဖြစ်နိုင်ပေသည်။
“သခင်မဗျ အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေနဲ့ အဲဒီ့လူအိုကြီးကိုပဲ ကျုပ်ကို လွှဲပြောင်းပေးလိုက်ပါ။ အဲဒါဆို ကျုပ်တို့ ချက်ချင်းထွက်သွားမှာပါ!”
ကျန်းထျန်းလင်သည် ဧကရီမေသုရှားတို့နှင့် ကောင်းကင်ခွဲဖြာအရှင်ကို ညွှန်ပြရင်းဖြင့် ကျယ်လောင်စွာပြော၏။
“ကျစ် ကျစ်.. ကိုယ့်ရဲ့ကျင့်ကြံမှုအခြေခံကိုလည်း ပြန်ကြည့်ပါဦး။ ဒီလိုသုံးစားမရအောင် ကျင့်ကြံထားလိမ့်မယ်လို့ ထင်ရက်စရာတောင်မရှိဘူးပဲ။ ဒါက ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းသားတွေဆိုတာကို ခင်ဗျားမျက်လုံးက မမြင်ဘူးလား?!”
မဟာနတ်ဆိုးရွှမ်ရှသည် ကျန်းထျန်းလင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထေ့ငေါ့ပြောလေသည်။
ဂိုဏ်းချုပ်ကတော်၏ အထောက်အပံ့ရှိနေသည်ဖြစ်ရာ နတ်ဆိုးအိုကြီး မိမိမှာ ဘာကိုကြောက်ရွံ့နေရဦးမလဲလေ!
ထျန်းကျွင်းအဆင့် ဆိုတော့ရော ဘာဖြစ်သေးတုန်း? ငါနတ်ဆိုးအိုကြီး လှောင်ရယ်ချင်ရင် လှောင်ရယ်မှာပဲပေါ့။ ငါနတ်ဆိုးအိုကြီးက မျက်နှာအရေထူတယ်ဆိုတော့ရော မင်းတို့က ဘာလုပ်နိုင်မှာမလို့လဲ?!
မဟာနတ်ဆိုးရွှမ်ရှသည် ဘဝင်ခိုက်ဟန်အပြည့်သော မျက်ခုံးနှစ်လွှာတို့ကိုပင့်ချီလျက် ကျန်းထျန်းလင်ကို ကြည့်နေခဲ့သည်။
ဤတစ်ကြိမ်တွင်တော့ ကျန်းထျန်းလင်သည် ဒေါသမဖြစ်ခဲ့တော့ပါ။ မဟာနတ်ဆိုးရွှမ်ရှကို တည်မြဲစွာသာ ကြည့်နေခဲ့သည်။ ၎င်းအကြည့်သည် မဟာနတ်ဆိုးရွှမ်ရှအား သူ၏မျက်နှာတည့်တည့်သို့ အလောင်းနှင့်ေသွးပင်လယ်ကြီးတစ်စင်း စီးဆင်းလာနေသည်ကဲ့သို့ ခံစားရစေ၏။ ဦးခေါင်းထက်၌ အေးစက်လှသော သတ်ဖြတ်လိုခြင်းအငွေ့အသက်ကြီး ဖြစ်တည်နေသည်ဟုလည်း ခံစားရသည်။ ၎င်းအငွေ့အသက်သည် သူ့အား လွှမ်းခြုံသွားလျက် ရေခဲလိုဏ်ဂူအတွင်း သွတ်သွင်းပစ်လိုက်မည်ဟု ခံစားနေရသည်။
“လူဖြန့်ပြီး အဲဒီ့ရှန်ရှန့်ကျုံဂိုဏ်းကို ဝန်းရံလိုက်ကြစမ်း!”
“ငါအရှင်က ရှန်ရှန့်ကျုံဂိုဏ်းမှာ အသက်ရှင်ကျန်ရစ်သူမရှိ ဖြစ်စေချင်တယ်!”
ကျန်းထျန်းလင်မှ လက်ကိုဝှေ့ယမ်း၍ အေးစက်စွာပြော၏။ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုခြင်းအငွေ့အသက်သည် လောကတစ်ခွင်၌ ဆီးနှင်းပွင့်များ ကျဆင်းနေသည့်အလား ခံစားရစေသည်။
“ဟုတ်ကဲ့!”
ကျန်းထျန်းလင်၏ အမိန့်စကားအဆုံး၌ အင်အားစုကြီး၆စုမှ ကျင့်ကြံသူတစ်သောင်းကျော်သည် သံပြိုင်ဖြေကြားလေသည်။ အဟုန်သည် လောကတစ်ခွင် တုန်လှုပ်သွားစေလျက် ရှန်ရှန့်ကျုံဂိုဏ်းကို ဝန်းရံလိုက်ကြ၏။
သူတို့ထံမှ အင်အားကြီးမားသောအဟုန်များ ဖြာထွက်နေခဲ့သည်။ ၎င်းစွမ်းအင်အဟုန်များသည် ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်ကောင်းကင်သို့ စုဝေးသွားပြီး ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို လွှမ်းခြုံနေလေရာ ရှန်ရှန့်ကျုံဂိုဏ်းမှာ မွန်မြတ်ဘုံလောက၏ အောက်ခြေရှိ ရွှံ့ဗွက်အိုင်ငယ်လေးတစ်ခုအလား လှုပ်ရှားမှုတစ်စပင် မတတ်နိုင်ဘဲဖြစ်စေသည်။
လူအုပ်စုသည် ရှန်ရှန့်ကျုံဂိုဏ်းတောင်တံခါးဝသို့ လူဖြန့်ကျက်ပြီးနောက်၌ ကျန်းထျန်းလင်နှင့် အင်အားစုကြီး၆စု၏အရှင်သခင်များ၊ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၂ဦးနှင့် ထျန်းကျုံအဆင့်ကျင့်ကြံသူတစ်ရာ ကျန်ရှိသည်။
“နောက်ဆုံးအခွင့်အရေးပေးမယ်။ အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေနဲ့ လူအိုကြီးကို လွှဲပေးလိုက်! မဟုတ်လို့ကတော့ ရှန်ရှန့်ဂိုဏ်းတစ်ခုလုံး အလောင်းအပြည့်အစုံမကျန်ရစ်ဘဲ သေဆုံးရလိမ့်မယ်!”
ကျန်းထျန်းလင်သည် ယဲ့မုချင်ကို အေးစက်စွာကြည့်လျက် အသံနက်ဖြင့် ကျယ်လောင်စွာပြော၏။ သူ၏အသံသည် လောကတစ်ခွင် ပဲ့တင်ထပ်နေခဲ့သည်။
ကျန်းထျန်းလင်နှင့်အခြားသူများထံမှ တစ်ဦးပြီးတစ်ဦး ကြောက်မက်ဖွယ်စွမ်းအင်များ ထုတ်လွှတ်လာကြပြီး လောကတစ်ခုလုံးသို့ လွှမ်းခြုံသွားစေသည်။ ပြင်းထန်သည့်ဖိအားအောက်သို့ ကျရောက်နေပြီးဖြစ်သော မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများမှာ မထိန်းချုပ်နိုင်စွာ တုန်ယင်လာကြရပြီး ခန္ဓာကိုယ်မှာ ကိုင်းညွှတ်လာရသည်။ ယဲ့မုချင်မှ သူတို့ကို ကာကွယ်ပေးထားသောကြောင့် မဟုတ်ပါလျှင် ဒူးထောက်ကျသွားခဲ့ပြီး ဖြစ်လောက်ပေမည်။
၎င်းမှာ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦးနှင့် ထျန်းကျုံအဆင့်ကျင့်ကြံသူတစ်ရာမှ ထုတ်လွှတ်သောစွမ်းအင်ဖြစ်သည့်အပြင် ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်သောင်းကျော် စုဝေးထားသည့်စွမ်းအင်ဖြစ်ရာ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူကိုလည်း ဒူးထောက်ကျရှုံးစေနိုင်၏။
မေ့လျော့ခံအာကာပြင်အဆင့်ကို အောင်မြင်ဖြတ်ကျော်ပြီး၍ စွမ်းအားမြင့်ပုဂ္ဂိုလ်များစွာနှင့် ကြုံတွေ့ခဲ့ဖူးပြီးဖြစ်သော ယဲ့မုချင်၊ ဧကရီမေသုရှားနှင့် အခြားသူများကြောင့် မဟုတ်ပါလျှင် သူတို့၏လက်ရှိကျင့်ကြံဆင့်ဖြင့် ဤမျှကြောက်မက်ဖွယ်သောစွမ်းအင်ထုကြီးကို ခံနိုင်ရည်ရှိမည် မဟုတ်ပါချေ။
…..
ကျန်းထျန်းလင်နှင့် အင်အားစုကြီး၆ခု၊ ယဲ့မုချင်နှင့်ရှန်ရှန့်ကျုံဂိုဏ်းသားများမှ တိုက်ပွဲဆင်နွဲနေချိန်၌ဖြစ်သည်။
ဝမ်ဖုန်းသည် တောင်ပိုင်းနယ်မြေ ရှန်ရှန့်ကျုံဂိုဏ်းချုပ်ခန်းမဆောင်အတွင်း၌ တင်ပျဉ်ခွေထိုင်၍ ဆိတ်ငြိမ်စွာ ကျင့်ကြံနေ၏။ ဝမ်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို မြူခိုးထုများ လွှမ်းခြုံထားပြီး အင်အားကြီးမားလှစွာသော နတ်မင်းစွမ်းအင်သည် ဆန်းကြယ်ဘုံအဆင့်ကျင့်ကြံသူများကို မနာလိုအားကျစေနိုင်လောက်သည်။
ယနေ့တွင် ကမ္ဘာဝန်းအတွင်း၌ ကောင်းကင်ဘုံစွမ်းအင်စက်ဝန်းများစွာ တည်ရှိနေပြီး ၎င်းစက်ဝန်းများမှ ထုတ်လွှတ်သော နတ်စွမ်းအင်ချီသည် ကမ္ဘာဝန်းအား ကြောက်မက်ဖွယ်သောပမာဏအထိ စွမ်းအင်သိပ်သည်းမှုဖြစ်တည်စေရန် လုံလောက်၏။
ရှန်းရွှမ်ဒေသတစ်ခုလုံး၌ ဤကမ္ဘာဝန်းနှင့် ယှဉ်နိုင်သည့်နယ်မြေလောကဟူ၍ ကောင်းကင်ဘုံနှင့်ကမ္ဘာမြေတစ်ခုလုံး၌ မရှိချေဟု ဆိုလျှင်သော်မှ ချဲ့ကားပြောဆိုခြင်း မဟုတ်နိုင်ချေ။
“ဆင့်ခေါ်!”
ဝမ်ဖုန်း ရုတ်တရက် မျက်လုံးပွင့်လာခဲ့ပြီး အလင်းတစ်စ ဖြတ်ပြေးသွားကာ ပြည့်ရွှမ်းသောနတ်စွမ်းအင်ချီကို စုပ်ယူလိုက်သည်။ ခန္ဓာကိုယ်တွင်းစွမ်းအင်များ တိုးမြင့်သွား၏။
ဝမ်ဖုန်းသည် အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ပြီးဖြစ်သော်ငြား ကျင့်ကြံခြင်းကို မရပ်တန့်ပေ။ အချိန်အားလပ်ခြင်းကို အကျိုးအမြတ်ရယူ၍ ခန္ဓာကိုယ်တွင်း စွမ်းအင်စုစည်းခြင်းကို ဆက်လက်ကျင့်ကြံခြင်းဖြင့် အန္တိမနတ်မင်းအဆင့်စွမ်းအင်ကို အပြည့်အဝထိန်းချုပ်နိုင်ရန် လေ့ကျင့်နေခဲ့သည်။
“ဒင်! ရှေးဟောင်းနယ်မြေရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ကပ်ဘေးကျရောက်နေတယ်လို့ စစ်ဆေးတွေ့ရှိပါတယ်!”
ဘုန်း!
စနစ်၏အချက်ပေးသံကြောင့် ဝမ်ဖုန်း၏မျက်နှာမှာ မည်းမှောင်သွားရကာ သူ၏ခန္ဓာကိုယ်တွင်းစွမ်းအင်အဟုန်တို့မှာ မထိန်းချုပ်နိုင်စွာ ဖြာထွက်သွားရသည်။ ခန်းမတစ်ခုလုံးမှာလည်း တုန်ခါသွားရ၏။
ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်လည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး လှုပ်ရှားမှုတစ်ချက်နှင့်အတူ ခန်းမဆောင်သို့ ဦးတည်လိုက်ကြသည်။ ဂိုဏ်းချုပ်မှ ဤသို့အထိန်းအချုပ်မဲ့သွားခြင်းမှာ သေချာပေါက် ကိစ္စကြီးတစ်ခုခုဖြစ်ပွားနေခြင်း ဖြစ်ပေမည်။
“ငါဂိုဏ်းချုပ် ဘာမှမဖြစ်ပါဘူး။ မင်းတို့ ပြန်သွားကြပါ”
ဝမ်ဖုန်း စိတ်နှလုံးတွင်းမှ ဒေါသကိုထိန်းချုပ်၍ အပြေးအလွှား လာရောက်နေကြသော ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသို့ အသံပို့ဆောင်လိုက်သည်။
“စနစ် ဘာဖြစ်တာလဲ?”
ထို့နောက်တွင် ဝမ်ဖုန်းသည် သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ ပြည့်လျှံနေသောမျက်လုံးအစုံဖြင့် မေးမြန်း၏။ ခန်းမဆောင်ကြီးမှာ ရေခဲလိုဏ်ဂူကြီးအလား ရေခဲလွှာများအထပ်ထပ် ဖြစ်တည်နေသည်ကဲ့သို့ ထင်မှတ်ရပေသည်။ ဤလောကတစ်ခွင်၌ ဝမ်ဖုန်း၏အင်အားမှာ ရှန်ရှန့်ကျုံဂိုဏ်းဖြစ်သည်။ ဤရှန်းရွှမ်ဒေသ၏ ရှန်ရှန့်ကျုံဂိုဏ်းဖြစ်စေ၊ ရှေးဟောင်းနယ်မြေ၏ရှန်ရှန့်ကျုံဂိုဏ်းဖြစ်စေ အားလုံးမှာ သူ၏အသက်သွေးကြောများ ဖြစ်ကြ၏။
နဂါးများ၌ ပြောင်းပြန်လှန်နိုင်သော စွမ်းရည်ရှိပြီး ထိပါးမိပါလျှင် အသတ်ခံရမည်ဖြစ်သည်။
“ဒင်! ယွမ်ဟွားနတ်ဘုရားနယ်မြေ၏ ထိပ်တန်းအင်အားစုဖြစ်တဲ့ ထျန်းလင်ဂိုဏ်းက ဧကရီမေသုရှားနဲ့ တခြားအလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေရဲ့ တည်နေရာကို ရှာဖွေခဲ့ပါတယ်။ အလောင်းထိန်းချုပ်သူမျိုးနွယ်စုကို ဖမ်းဖို့အတွက်ရည်ရွယ်ပြီး အင်အားစုကြီး၅စုနဲ့လည်း လျှို့ဝှက်ကြံစည်ပူးပေါင်းခဲ့ပါတယ်။ လျှို့ဝှက်အကြံအစည်တစ်ခုနဲ့ ကိုယ်ပိုင်အင်အားကို တိုးမြှင့်ချင်နေပါတယ်”
“အခု ထျန်းလင်ဂိုဏ်းအပါအဝင် ထိပ်တန်းအင်အားစုကြီး၆စုက ရှေးဟောင်းနယ်မြေရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဆင်းသက်လာကြပါပြီ။ စေလွှတ်ထားတဲ့အင်အားက ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်သောင်း၊ ထျန်းဝူအဆင့်ကျင့်ကြံသူတစ်ထောင်၊ ထျန်းကျုံအဆင့်ကျင့်ကြံသူတစ်ရာ၊ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ယောက်ပါ”
စနစ်၏ရှင်းပြချက်တွင် ဝမ်ဖုန်း၏မျက်နှာ မှုန်မှိုင်းသွားခဲ့သည်မှာ ရေထဲသို့နှစ်ခြင်းခံလိုက်ရသည့်အလားပင်။ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းမှာ ကပ်ဘေးကျရောက်သည့်အခြေအနေ ဖြစ်သွားခဲ့သည်မှာ အံ့ဩဖွယ်မဟုတ်ပါတော့ချေ။
ဝမ်ဖုန်းသည် အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်သာ ဖြစ်သည်။ ရှန်ရှန့်ကျုံဂိုဏ်း အစောင့်အရှောက်၂ ရှီကန်းတန့်ပင်လျှင် ထျန်းတန့်အထွတ်အထိပ်အဆင့်သာ ရှိသည်။ ထိုမျှအင်အားဖြင့် ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းသို့ ပြန်သွားခဲ့ပါလျှင် အသက်သေရုံသာ ရှိပေမည်။
“ဒင်! ယဲ့မုချင်၊ ဧကရီမေသုရှားနှင့် အခြားသော အလောင်းထိန်းချုပ်သူမျိုးနွယ်စုများ၏ ကျင့်ကြံမှုအရ တန်ကြေးတစ်ခုပေးခဲ့ရင် ထိပ်တန်းအင်အားစုကြီး၆စုကို ဖျက်ဆီးနိုင်ပါတယ်”
ဤတစ်ကြိမ် စနစ်၏အချက်ပေးသံတွင် ဝမ်ဖုန်းမှာ အနည်းငယ် စိတ်သက်သာရာရသွား၏။ သို့သော် အလုံးစုံ စိတ်မချသေးပေ။ ဝမ်ဖုန်း ရှေးဟောင်းနယ်မြေမှ ထွက်ခွာလာခဲ့ချိန်မှစ၍ ချင်အာမှ ရှန်ရှန့်ကျုံဂိုဏ်းကို အစီအစဉ်တကျ စီမံခန့်ခွဲခဲ့ပြီး ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းကို အပြည့်အဝ တိုးတက်စေခဲ့သည်။ ဝမ်ဖုန်း ဦးဆောင်နေသည့် ဤရှန်ရှန့်ကျုံဂိုဏ်းပင်လျှင် ချင်အာ၏ရှန်ရှန့်ကျုံဂိုဏ်းနှင့် မနှိုင်းယှဉ်နိုင်ပါချေ။
ဤတစ်ကြိမ်တွင်တော့ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းသည် ကပ်ဘေးကျရောက်ခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ ဝမ်ဖုန်း ဘာမျှမလုပ်ဘဲ ကြည့်နေမည်မဟုတ်ပါ။ ကပ်ဘေးအန္တာရာယ်ကို ကျော်ဖြတ်ရန် ချင်အာမှ အမြဲတမ်းပေးဆပ်နေရပါလျှင် ဂိုဏ်းချုပ်ဖြစ်သော မိမိသည် အဘယ်မှာ အသုံးဝင်ပါတော့အံ့နည်း။