← Chapters

နဝမမျိုးဆက်ဘိုးဘေး မွေးဖွားခဲ့ပြီ။

Vol. 28 Ch. 383

နဝမမျိုးဆက်ဘိုးဘေး မွေးဖွားခဲ့ပြီ။

Vol. 28 Ch. 383

Translator - Hsue Htet 

“စနစ် ချင်အာကို ကူညီနိုင်မယ့်နည်းလမ်းရှိလား?”

ဝမ်ဖုန်း၏မျက်လုံးများ‌ အေးစက်စွာတောက်ပ‌ေနလျက် စိတ်ထဲမှမေးလိုက်သည်။

ချင်အာသည် ရှန်ရှန့်ကျုံဂိုဏ်းနှင့် မိမိအတွက် များစွာပေးဆပ်ခဲ့ပြီးဖြစ်သည်။ ချင်အာပေးဆပ်ရမည့်တန်ကြေးသည် များပြားသည့်ပမာဏမဟုတ်လျှင်သော်မှ ဝမ်ဖုန်းအနေဖြင့် ချင်အာကို ထပ်မံ၍ ဒုက္ခမခံစားစေလိုပါ။

ချင်အာ၏သရုပ်မှန်သည် လျှို့ဝှက်ဆန်းကြယ်၍ မှန်းဆနိုင်ရန်ခက်ခဲနက်နဲကာ သူတွေးတောနိုင်သည်ထက် သာလွန်သည်ကို ဝမ်ဖုန်းသိပါ၏။ သို့မဟုတ်ပါက ရှေးဟောင်းနယ်မြေ၏ရှန်ရှန့်ကျုံဂိုဏ်းကို ဤအခြေအနေထိ တိုးတက်စေရန်မှာ မဖြစ်နိုင်ပေ။ သို‌့သော် ရှန်ရှန့်ကျုံဂိုဏ်းသည် မိမိ ဖန်တီးထားခဲ့သောဂိုဏ်းဖြစ်၍ ကိုယ်တိုင်တာဝန်ယူသင့်ပေသည်။

ဝမ်ဖုန်း၏လက်ရှိအင်အားဖြင့် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်တန်းအင်အားစုကြီး၆စုနှင့် ရင်ဆိုင်ရန်မှာ မဖြစ်နိုင်လေရာ စနစ်ကိုသာ မှီခိုအားထားရပေမည်။

“ဒင်! စနစ်ကို အဆင့်၁၀သို့မြှင့်တင်ပြီး ဂိုဏ်းအမှတ်တစ်ဘီလီယံကို အသုံးပြုပြီး ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းနိုင်ပါတယ်”

စနစ်၏အချက်ပေးသံကြောင့် ဝမ်ဖုန်း၏မျက်လုံးများ တောက်ပသွား၍ အလျင်အမြန်မေးလိုက်သည်။

“စနစ် ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်က ဘာလဲ?”

အံ့အားသင့်နေရင်းဖြင့် သူ၏ကျင့်ကြံမှုတိုးတက်မှုနှင့် စနစ်အဆင့်မြင့်တက်မှုနှင့်အတူ စနစ်မှ ပို၍အင်အားကောင်းလာခြင်းကိုလည်း ဝမ်ဖုန်း သိရှိခဲ့ရသည်။ ဤတစ်ကြိမ်ရန်သူသည် မိမိထက် အဆင့်တစ်ခုစာ မြင့်မားနေ၏။ အထက်ကောင်းကင်နှင့် ကမ္ဘာမြေ၏ကွာခြားမှုကဲ့သို့ စိုးစဉ်းသော်မျှ ယှဉ်ပြိုင်မစွမ်းချေ။

ကနဦးစနစ်၏သဘာဝအရ ဤသို့သော ရန်သူနှင့်ရင်ဆိုင်ရလျှင် ဖြေရှင်းချက်ထုတ်ပေးနိုင်မည်မဟုတ်ပေ။

သို့သော် ယခု၌မူ စနစ်သည် ဖြေရှင်းပေးနိုင်၏။ ‌ဆိုလိုသည်မှာ ဝမ်ဖုန်း အင်အားကြီးမားလာခြင်းနှင့်အတူ စနစ်သည်လည်း အင်အားကြီးမားလာပြီး စနစ်မူရင်း၏အဆင့်ထက် ကျော်လွန်သည့် အင်အားကိုလည်း ထုတ်ပြလာနိုင်ခဲ့သည်။

“ဒင်! ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ဖြင့် ကံကောင်းမှုချီကို အသုံးပြုနိုင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးကို လှုပ်ရှားစေနိုင်ပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးရဲ့ တစ်ကြိမ်လှုပ်ရှားမှုတိုင်းမှာ ကံကောင်းမှုချီပမာဏများစွာ အသုံးပြုဖို့ လိုအပ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အသုံးပြုတဲ့ကံကောင်းမှုချီပမာဏကို မူတည်ပြီး ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးရဲ့အင်အားကို ဆုံးဖြတ်ပါလိမ့်မယ်”

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးဟာ သခင့်ရဲ့မသိစိတ်အလိုဆန္ဒအရ စနစ်မှ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ပြုလုပ်ပေးထားတဲ့ ဝှက်ဖဲတစ်ချပ်ဖြစ်ပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဘိုးဘေးတစ်ဦးချင်းစီတိုင်းကို သခင့်ရဲ့ မသိစိတ်အရ ဖန်တီးပြုလုပ်ထားပါတယ်။ ဥပမာ: ပထမမျိုးဆက်ဘိုးဘေး ဖန့်ကူ၊ ပဉ္စမမျိုးဆက်ဘိုးဘေး မျိုးနွယ်စုခေါင်းဆောင်ထုန်ထျန်း၊ နဝမမျိုးဆက်ဘိုးဘေး မျိုးနွယ်စုခေါင်းဆောင်မျောက်ဘုရင်တို့ ဖြစ်ပါတယ်”

“သခင့်ရဲ့ကျင့်ကြံဆင့်ကို အဆင့်တစ်ခုအထိ မြှင့်တင်ပြီး စနစ်အဆင့်ကိုလည်း အဆင့်တစ်ခုအထိ မြှင့်တင်ပြီးသွားရင် ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးဆင့်ခေါ်ခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းပြီးဖြစ်ပါလိမ့်မယ်”

“လက်ရှိမှာ သခင်ရဲ့ကျင့်ကြံဆင့်က ဖန်တီးရေးဆွဲထားတဲ့ ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးဆင့်ခေါ်ခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းဖို့ မလုံလောက်ပေမယ့် ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကိုတော့ အသက်သွင်းနိုင်ပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကံကောင်းမှုချီတွေကို အသုံးပြုပြီး ဘိုးဘေးငှားရမ်းပြီး လှုပ်ရှားနိုင်ပါတယ်”

စနစ်၏အချက်ပေးသံသည် ဝမ်ဖုန်းကို ရုတ်ချည်း နားလည်သဘောပေါက်သွားစေကာ တစ်ချိန်တည်း၌ အလွန်စိတ်လှုပ်ရှားမိရသည်။ ကနဦး၌ ဝမ်ဖုန်းသည် ကြွားဝါပြောဆိုခြင်းသာ ဖြစ်ခဲ့သော်ငြား စနစ်သည် အလွန်အင်အားကြီးမားစွာဖြင့် ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးများဟူ၍ ပေးအပ်လာခဲ့လေသည်။

ဤသို့သော ဆိုရိုးစကားရှိ၏။

အတိတ်ကာလမှနေ၍ ရုတ်ချည်းပေါက်ကွဲထွက်လာသော ဉာဏ်အလင်းဟူသည် တစ်လှမ်းချင်း၊ တစ်လှမ်းချင်း နားလည်သဘောပေါက်ခဲ့ရခြင်း ဟူ၏။

စနစ်သည် အသုံးပြုသူကို အတော်လေးအကျွမ်းတဝင်ရှိသည်ဟု ဝမ်ဖုန်း ခံစားမိသည်။ ထို့ပြင် စနစ်သည် သူ၏အလိုဆန္ဒအရ စနစ်၏လုပ်ဆောင်ချက်များကို ပြုလုပ်ပေးနိုင်သည်ကိုလည်း ဝမ်ဖုန်းသိထားပါ၏။ အချိန်တချို့၌ အတော်လေး လက်မည်းကြီးကဲ့သို့ပြုမူတတ်သော်ငြား အင်အားကြီးမားပေသည်။

“စနစ် ဂိုဏ်းအမှတ်တစ်ဘီလီယံကိုသုံးပြီး ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ပါ”

တွေးတောရင်းဖြင့် ဝမ်ဖုန်းမှ တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။

ဤတစ်ကြိမ်၌ ဝမ်ဖုန်းသည် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်တန်းအင်အားစု၆စုကို အံ့အားသင့်ဖွယ်ရာတစ်ခု ချီးမြှင့်မည်ဖြစ်ပြီး ချင်အာကိုလည်း လက်ဆောင်ပေးအပ်မည်ဖြစ်သည်။ ချင်အာမှလည်း သူ့အား ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် လက်ဆောင်ပေးခဲ့ဖူးပေသည်။

သူတို့နှစ်ဦးသည် ‌အနေဝေးနေကြပါသော်ငြား နှလုံးသားချင်း နီးစပ်ပါ၏။

ထို့ပြင် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်‌တန်းအင်အားစု၆စုကို ဤတစ်ကြိမ်၌ သတ်ဖြတ်နိုင်ခဲ့ပါလျှင် ရရှိမည့်ဂိုဏ်းအမှတ်ပမာဏသည်လည်း မှန်းဆနိုင်သည်ထက် သေချာပေါက် ကျော်လွန်ပေလိမ့်မည်။ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်လိုက်ခြင်းပင်။

ထို့ပြင် ဘိုးဘေးငှားရမ်းခြင်းကြောင့် ကံကောင်းမှုချီများ ကုန်ကျမည်ဖြစ်သော်ငြား ယွမ်ဟွားကောင်းကင်နယ်မြေ၏ စွမ်အားမြင့်ကျင့်ကြံသူများကို သတ်ဖြတ်ခြင်းသည် ၎င်းတို့ထံမှ ကံကောင်းမှုချီများကို သိမ်းယူနိုင်သည်။ သို့ဖြစ်ရာ ကုန်ဆုံးသွားသည့် ကံကောင်းမှုချီများကို ပြန်လည်ရယူနိုင်သည်။ အကျိုးအမြတ်ရှိသည်ဟု သတ်မှတ်နိုင်ပါ၏။

မေ့လျော့ခံအာကာပြင်အဆင့် တည်ရှိမှုကို ရရှိနိုင်ခြင်းသည် အဘယ်သို့များ ရိုးရှင်းနိုင်ပါမည်နည်း။ နတ်မင်းအဆင့်၏ အနိမ့်ဆုံးအဆင့်ဖြစ်လျှင်သော်မှ သာမန်လူများရရှိနိုင်မည့် အဆင့်မဟုတ်ပေ။ မေ့လျော့ခံအာကာပြင်အဆင့်သို့ ရောက်ရှိနိုင်သူများအားလုံးမှာ လူသားများထဲမှ နဂါးများဖြစ်ကြသည်။ သူတို့၏ကံကောင်းမှုချီသည် ပုံမှန်အားဖြင့် မြင့်မားပေသည်။

ထို့ပြင် ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းသည် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်တန်းအင်အားစုများနှင့် ရင်ဆိုင်ရသည်ဖြစ်ရာ ကံကောင်းမှုချီပမာဏ မည်မျှရရှိနိုင်မည်နည်း။

“ဒင်! ဘိုးဘေးငှားရမ်းခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းလိုက်ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ကံကောင်းမှုချီကို အသုံးပြုပြီး ဘိုးဘေးကို ဆင့်ခေါ်နိုင်ပါတယ်။ တစ်ကြိမ်ဆင့်ခေါ်မှုတိုင်းတွင် ဘိုးဘေးမှ တစ်ကြိမ်တိုက်ခိုက်နိုင်ပါတယ်”

ဝမ်ဖုန်း သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်၍ တိုက်ရိုက်ပြောလိုက်သည်။

“ရှေးဟောင်းနယ်မြေ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကပ်ဘေးကို ဖြေရှင်းဖို့အတွက် ကံကောင်းမှုချီ ဘယ်လောက်ကုန်ကျမလဲ?”

“ဒင်! ခန့်မှန်းတွက်ချက်မှုအရ ကံကောင်းမှုချီ၇ဘီလီယံနဲ့ လုံလောက်ပါတယ်”

စနစ်၏အချက်ပေးသံကြောင့် ဝမ်ဖုန်း မျက်လုံးမှေးကျဉ်းလိုက်၏။ သုံးစွဲရမည့်ပမာဏများသော်ငြား ခန့်မှန်းထားသည့်ပမာဏထက် မကျော်လွန်ခဲ့ပေ။ ဤတစ်ကြိမ်ရန်သူသည် အင်အားကြီးလွန်း၏။

“စနစ် ငါ့ရဲ့ကံကောင်းမှုချီအပါအဝင် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ကံကောင်းမှုချီ စုစုပေါင်းဘယ်လောက်ရှိလဲ?”

ဝမ်ဖုန်း ချက်ချင်း မလဲလှယ်သေးဘဲ ထပ်မံမေးမြန်းလိုက်သည်။ မိမိ၏ ကံကောင်းမှုချီပမာဏကို အတည်ပြုထားရန် လိုအပ်၏။

အသုံးပြုလိုက်သည့် ကံကောင်းမှုချီများကို ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်တန်းအင်အားစု၆စုကို သတ်ဖြတ်ခြင်းမှ ပြန်လည်သိမ်းယူနိုင်သည်။ ထို့ပြင် ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီသည် ကုန်ခန်းနေသည်မဟုတ်ပေ။

ကံကောင်းမှုဟူသည် မျက်လုံးဖြင့် မမြင်တွေ့နိုင်သော်ငြား အမှန်တကယ်တည်ရှိခြင်းဖြစ်၏။

ရှန်ရှန့်ကျုံဂိုဏ်း၏ ကံကောင်းမှုချီ ကုန်ခန်းသွားခဲ့လျှင် မည်သို့သော ကြောက်မက်ဖွယ်ကိစ္စများ ဖြစ်ပွားလာလိမ့်မည်ကို ဝမ်ဖုန်း မမှန်းဆနိုင်ပါချေ။ ရှန်ရှန့်ကျုံဂိုဏ်းသို့ ကံဆိုးရွားမှုဖြင့် မကောင်းသောကိစ္စမျိုးစုံ ကျရောက်လာနိုင်သည်။ သို့ဖြစ်ပါလျှင် ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးများမှ ယွမ်ဟွားကောင်းကင်နယ်မြေအင်အားစုအား နှိမ်နင်းနိုင်ရန်မှာလည်း မသေချာနိုင်‌ေတာ့ပေ။

“ဒင်! သခင်ရဲ့ လက်ရှိကံကောင်းမှုချီပမာဏမှာ တစ်ဘီလီယံဖြစ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကံကောင်းမှုချီပမာဏမှာ ၁၈ဘီလီယံဖြစ်ပါတယ်။ (အချို့ကံကောင်းမှုချီတွေက ချိတ်ပိတ်ထားဆဲပါ)”

စနစ်အချက်ပေးသံတွင် ဝမ်ဖုန်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ၁၈ဘီလီယံသည် အသုံးပြုရန်လုံလောက်၏။ ကံကောင်းမှုချီ ပမာဏအများအပြားကို တစ်ချီတည်းနှင့် အသုံးပြုလိုက်ခြင်းဖြစ်သော်ငြား ရှန်ရှန့်ကျုံဂိုဏ်းအတွက် အကျိုးသက်ရောက်မှုအချို့ ရရှိမည်ဖြစ်သည်။ အကျိုးသက်ရောက်မှုသည် အကျိုးအမြတ်ထက် ပို၍ထိုက်တန်၏။

“စနစ် ဘိုးဘေးဆင့်ခေါ်ဖို့အတွက် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကံကောင်းမှုချီ၁၀ဘီလီယံကို သုံးလိုက်ပါ”

သေချာတွေးတောပြီးနောက် ဝမ်ဖုန်း အံကိုတင်းတင်းကြိတ်လိုက်သည်။

လူဟူသည် ရက်စက်ကြမ်းကြုတ်မှုမရှိဘဲနှင့် ရပ်တည်နိုင်မည်မဟုတ်!

ယွမ်ဟွားကောင်းကင်နယ်မြေ၏ အင်အားစု၆စုကို ဖြေရှင်းရန်အတွက် စနစ်မှ ၇ဘီလီယံကုန်ကျမည်ဟု ပြောခဲ့သော်ငြား ၎င်းမှာ စနစ်၏ခန့်မှန်းချက်သာဖြစ်သည်။ မတော်တဆဖြစ်ရပ်များကို ရှောင်ရှားနိုင်ရန်အတွက် ပို၍အကြင်နာကင်းမဲ့ရန် ‌ဝမ်ဖုန်း ဆုံးဖြတ်လိုက်သည်။

ကြီးမားလှစွာသောပမာဏကို အသုံးပြုပြီးနောက်တွင်မှ မလုံလောက်၍ ၎င်းယွမ်ဟွားကောင်းကင်နယ်မြေ၏ ကျင့်ကြံသူများကို မသတ်နိုင်ခဲ့ပါလျှင် ကြီးစွာသောဆုံးရှုံးမှုကြီး ဖြစ်ရပေလိမ့်မည် မဟုတ်ပါလော။ 

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း နဝမမျိုးဆက်ဘိုးဘေး မျောက်ဘုရင်ကို ဆင့်ခေါ်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ စွမ်းရည်ဇယားကို စစ်ဆေးပါမည်လော?”

စနစ်၏အချက်ပေးသံကြောင့် ဝမ်ဖုန်းမှာ စိတ်လှုပ်ရှားလာခဲ့သည်။ စိတ်နှလုံးတွင်းမှ စိတ်လှုပ်ရှားမှုကိုထိန်းချုပ်၍ ပြောလိုက်၏။

“စစ်ဆေးမယ်!”

“ဒင်! မျောက်ဘုရင်စွန်းဝူခုန်း၏ စွမ်းရည်ဇယားမှာ အောက်ပါအတိုင်းဖြစ်သည်။

အမည်: စွန်းဝူခုန်း

ဂုဏ်ပုဒ်များ: မျောက်ဘုရင်၊ ဗုဒ္ဓကိုအောင်နိုင်သူ၊ နှလုံးတုရှင်။

သရုပ်: ရှန်ရှန့်ကျုံဂိုဏ်း၏ နဝမမျိုးဆက်ဘိုးဘေး (ထူးခြားမှု၊ အဆင့်အတန်းသည် အကြီးအကဲများထက် မြင့်မားသည်။ ရှန်ရှန့်ကျုံဂိုဏ်းချုပ်ပြီးနောက် ဒုတိယအကြီးဆုံး အဆင့်အတန်းဖြစ်သည်)

လက်ရှိကျင့်ကြံဆင့်: ပဏ္ဍိတနယ်ပယ်အထွတ်အထိပ်အဆင့်”

“မှတ်ချက်: လက်ရှိဆင့်ခေါ်ထားသော စွန်းဝူခုန်းသည် သူ၏အထွတ်အထိပ်အခြေအနေ မဟုတ်သေးပါ။ သို့သော် သခင်မှ ကံကောင်းမှုချီ ၁၀ဘီလီယံကိုသာ အသုံးပြုခဲ့သောကြောင့် လက်ရှိအင်အားဖြင့် စွန်းဝူခုန်းကိုသာ ရရှိနိုင်သည်”

“ဤတစ်ကြိမ် စွန်းဝူခုန်းမှာ တိုက်ခိုက်ဖို့အခွင့်အရေး တစ်ကြိမ်ရှိပါမယ်။ စွန်းဝူခုန်းမှ တစ်ကြိမ်လှုပ်ရှားပြီးရင် သူ့ရဲ့မူလအခြေအနေကို ပြန်လည်ရောက်ရှိပါမယ်။ စွန်းဝူခုန်းကို ဤလောကသို့ အမှန်တကယ် ရောက်ရှိလာ‌ပြီး ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးတစ်ဦး ဖြစ်စေလိုရင် သခင့်အနေနဲ့ သခင့်ရဲ့ကျင့်ကြံဆင့်နဲ့ စနစ်အဆင့်ကိုမြှင့်တင်ပြီး အသက်သွင်းနိုင်ပါတယ်။ ဘိုးဘေးဆင့်ခေါ်ခြင်းလုပ်ဆောင်ချက်ကို အသက်သွင်းပြီးနောက် စွန်းဝူခုန်းကို အမှန်တကယ် ဆင့်ခေါ်နိုင်ပါတယ်”

“ရှန်ရှန့်ကျုံဂိုဏ်း၏ နဝမမျိုးဆက်ဘိုးဘေး စွန်းဝူခုန်းကို စေလွှတ်ရန် နေရာစီစဉ်နိုင်ပါပြီ”

စွန်းဝူခုန်း၏ စွမ်းရည်ဇယားကိုမြင်သောအခါ ဝမ်ဖုန်း၏မျက်လုံးများ ပြူးကျယ်သွား၍ မင်သက်သွားရသည်။ ဆင့်ခေါ်လိုက်သည့်စွန်းဝူခုန်းသည် မေ့လျော့ခံအာကာပြင်အဆင့်ကို ကျော်လွန်၍ ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ ရောက်ရှိနေမည်ဟု မျှော်လင့်မထားခဲ့ပေ။ သို့သော် မွန်မြတ်‌ဘုံလောကမှပင် ဖြစ်သည်။

သေချာပေါက်ပင် ယွမ်ဟွားကောင်းကင်နယ်မြေ၏ နက်ရှိုင်းစွာလျှို့ဝှက်ဖုံးကွယ်နေသော ကျင့်ကြံသူများသည် ချန်ခွမ်းအထွတ်အမြတ်ဘုံသို့ ရောက်ရှိကောင်းရောက်ရှိနိုင်၏။ သို့သော် ကျင့်ကြံဆင့်သည် ထိုမျှ မမြင့်မားနိုင်ပေ။

ကျင့်ကြံသူသည် အင်မော်တယ်သွေးကြော၁၂ခုကို ပြီးပြည့်စုံစွာ ဖြစ်တည်စေခဲ့ပြီး နတ်မင်းသွေးကြောများ ဖွဲ့စည်းပြီးနောက်တွင် အမတလမ်းစဉ်သို့ခြေလှမ်း၍ နတ်ဘုံသို့ရောက်ရှိနိုင်သည်။ မေ့လျော့ခံအာကာပြင်အဆင့်တွင် ဝိဉာဉ်နှင့်ဆက်နွယ်ရန် ‌နတ်မင်းသွေးကြောများကို အသုံးပြုရသည်။ နတ်ဝိဉာဉ်ကို ရရှိအောင်မြင်ပြီးနောက်၌ အထက်ကောင်းကင်သို့တက်လှမ်း၍ နတ်ဘုရားဖြစ်နိုင်သည်။ ထို့နောက် မွန်မြတ်ဘုံလောကသို့ လှမ်းလျှောက်နိုင်ပြီဖြစ်သည်။

ပဏ္ဍိတနယ်ပယ်အဆင့်သည် ချန်ခွမ်းအထွတ်အမြတ်ဘုံ၏ ဒုတိယနယ်ပယ်ဖြစ်သည်။ ယွမ်ဟွားကောင်းကင်နယ်မြေ၌ လျှို့ဝှက်ပုန်းကွယ်နေကြသည့် စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများပင်လျှင် ၎င်းနယ်ပယ်အဆင့်စွမ်းအင်ကို ပိုင်ဆိုင်ထားရှိကြမည်မဟုတ်ပေ။ စွန်းဝူခုန်း၏ ကြောက်ခမန်းလိလိသော တိုက်ခိုက်ချေမှုန်းစွမ်းရည်ကိုမူ တွေးတောနေရန်ပင် မလိုအပ်တော့ပေ။

ထို့ပြင် အရေးကြီးသည့်အချက်မှာ ၎င်းနယ်ပယ်အဆင့်သည် စွန်းဝူခုန်း၏ အမှန်စင်စစ်သော အထွတ်အထိပ်အင်အား မဟုတ်သေးခြင်းဖြစ်သည်။ လက်ရှိအင်အားမှာ ကံကောင်းမှုချီ၁၀ဘီလီယံဖြင့် ဆင့်ခေါ်နိုင်သည့် အင်အားအကန့်အသတ်ကြောင့်ဖြစ်သည်။ သို့သော်ငြား ချန်ခွမ်းအထွတ်အမြတ်ဘုံ၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်ဖြစ်ရာ အလွန်တရာ အင်အားကြီးမားမြဲဖြစ်သည်။

ငါဂိုဏ်းချုပ်မေးချင်မိပါရဲ့။ အဲဒီ့ ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ ထိပ်တန်းအင်အားစုကြီး၆စုဆိုတာက ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးကို ဘယ်လိုများ ခုခံတိုက်ခိုက်နိုင်လိမ့်မလဲလို့!

“စနစ် ရှန်ရှန့်ကျုံဂိုဏ်း နဝမမျိုးဆက်ဘိုးဘေး စွန်းဝူခုန်းကို ရှေးဟောင်းနယ်မြေရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ပို့ဆောင်လိုက်ပါ”

ဝမ်ဖုန်း၏ မျက်လုံးအစုံမှာ အာရုံစူးစိုက်လျက် စိတ်ထဲမှပြောလိုက်သည်။

တိုက်ပွဲမ,စတင်ရသေးသော်ငြား ဝမ်ဖုန်းမှာ အဆုံးသတ်ကို ကြိုတင်မြင်တွေ့ပြီးသည့်အလားပင်။ စနစ်၏အချက်ပေးသံ အဆက်မပြတ်ထွက်ပေါ်လာရန် အချိန်မကြာလောက်တော့ဟု ဝမ်ဖုန်း ခန့်မှန်းထားပါ၏။

မျောက်ဘုရင်စွန်းဝူခုန်းမှ တိုက်ခိုက်မည်ဖြစ်ရာ ‌အချိန်တိုအတွင်း အနိုင်ရရှိခြင်းသည် သေချာပေါက် အံ့ဩဖွယ်မဟုတ်ပါချေ။

…..

တစ်ပြိုင်နက်တည်း၌ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင်ဖြစ်သည်။

ကျန်းထျန်းလင်၏စကားသံတွင် ယဲ့မုချင်နှင့် အခြားသူများသည် စကားမဆိုကြချေ။ ကျန်းထျန်းလင်ကို မျက်လုံးထဲပင် မထည့်သည့်အလား အားလုံး၏ မျက်နှာအမူအရာတို့မှာ ‌မှုန်မှိုင်းအေးစက်နေကြ၏။ 

“တိုက်ခိုက်ချင်ရင် တိုက်ခိုက်တာပဲပေါ့။ ဘာတွေအဲ့လောက် စကားများနေရတာတုန်း? မင်းက ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းကို တစ်ယောက်မှ အသက်ရှင်မကျန်ရစ်စေချင်တာမလား? ကျုပ်ပြောလိုက်မယ်။ ခင်ဗျား အိပ်မက်မက်နေတာပဲ!”

မဟာနတ်ဆိုးရွှမ်ရှ၏အမူအရာမှာ အထင်မြင်သေးဟန်ရှိနေမြဲဖြစ်ပြီး အေးစက်စွာလှောင်ရယ်၏။

ဂိုဏ်းချုပ်ကတော်အပြင် ကျန်းထျန်းလင်သည် ဧကရီမေသုရှားကိုလည်း ကြောက်ရွံ့စိတ်ရှိသည်။ ထို့ပြင် ဤကမ္ဘာလောက၌ နတ်ဆိုးအိုကြီးမိမိအား ကြောက်ရွံ့သည်ဟူသော စကားလုံးကို ပြော‌ထွက်လာရန် လုပ်ဆောင်နိုင်သူဟူ၍ မရှိသေးပါချေ။

ညီလေးရေ မင်းက အရမ်းကိုလှုပ်ရွနေရောပဲကွာ!

ကျန်းထျန်းလင်သည် မဟာနတ်ဆိုးရွှမ်ရှကို သေလူတစ်ယောက်ကဲ့သို့ ကြည့်နေ၏။ စတင်တွေ့ဆုံချိန်မှစ၍ မဟာနတ်ဆိုးရွှမ်ရှ၏ လှောင်ပြောင်သရော်မှုကို ကြိမ်ဖန်များစွာ ခံစားခဲ့ရသည်မဟုတ်ပါလော။ ဂုဏ်သရေကြီးမြတ်သော မိမိမှ သိမ်နုပ်သောနတ်ဆိုးအိုတစ်ဦး၏ လှောင်ပြောင်သရော်မှုများကို ယခုအထိ သည်းခံနိုင်ခဲ့သည်မှာ သူ၏ သာမန်ထက် သာလွန်သော စိတ်နေသဘော‌ထားကြောင့်သာ ဖြစ်‌ခဲ့ပါ၏။

All Chapters