← Chapters

နတ်ဘုရားအမိန့်ပြန်တမ်း! ပျက်သုဉ်းစေ!

Vol. 28 Ch. 384

နတ်ဘုရားအမိန့်ပြန်တမ်း! ပျက်သုဉ်းစေ!

Vol. 28 Ch. 384

Translator - Hsue Htet 

ထျန်းကျွင်းအထွတ်အထိပ်အဆင့်ဖြစ်သော ယဲ့မုချင်‌၏တည်ရှိမှုကြောင့် မဟုတ်ပါလျှင် ကျန်းထျန်းလင်သည် မဟာနတ်ဆိုးရွှမ်ရှအား အသားစဉ်းကောအဖြစ် နုပ်နုပ်စဉ်းခဲ့ပြီးဖြစ်လောက်မည်။ ထိုနတ်ဆိုးအိုကြီးသည် ထျန်းတန့်အဆင့်မျှဖြင့် ထျန်းကျွင်းအထွတ်အထိပ်အဆင့်၏ ရှေ့မှောက်၌ ခုန်ပေါက်လှုပ်ရွနေခဲ့သည် မဟုတ်ပါလော။

တကယ်သေချင်နေတာပဲ!

“ခဏကြာပြီးသွားရင်လည်း ဒီလိုမျိုး ထောင်လွှားနေနိုင်ဖို့ မျှော်လင့်ပါတယ်!”

ကျန်းထျန်းလင်သည် မဟာနတ်‌ဆိုးရွှမ်ရှကို အေးစက်စွာစိုက်ကြည့်၍ အထင်မြင်သေးစွာပြော၏။

“သတ်!”

ကျန်းထျန်းလင် တုံ့ဆိုင်းမနေတော့ပေ။ လက်ကိုဝှေ့ယမ်း၍ ဟိန်းဟောက်လိုက်သည်။ သူ ဒီလူအုပ်စုနှင့် ပေါက်ကရစကားများပြော၍ အချိန်မဖြုန်းတီးလိုတော့ပါ။ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ဖြစ်သူ အမျိုးသမီးသည်လည်း သေခြင်းကိုတောင်းဆိုနေသည်ဖြစ်ရာ မိမိတို့ဘက်မှ တန်ကြေးအချို့ ပေးဆပ်ရမည်ဆိုလျှင်သော်မှ ထိုအမျိုးသမီးကိုလည်း ယမမင်းထံ ပို့ဆောင်ပေးရပေမည်။

ဘုန်း!

သူ၏အသံအဆုံး၌ ကျန်းထျန်းလင်သည် ဦးစွာရှေ့သို့ပြေးထွက်သွား၍ သူ၏ခန္ဓာကိုယ်မှ ကြမ်းကြုတ်ပြင်းထန်သောစွမ်းအင်များ ရုတ်ချည်းဖြာထွက်လာခဲ့သည်။ ၎င်းစွမ်းအင်သည် သက်တံတစ်စင်းကဲ့သို့ အထက်ကောင်းကင်သို့ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ပြီးနောက် ကောင်းကင်ယံမှာ ရုတ်ချည်းမှိန်ဖျော့သွားကာ မိုးကြိုးလျှပ်စီးသံကြီးဖြင့် လောကတစ်ခွင် ထစ်ချုန်းသွား၏။

ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်ကောင်းကင်၌ လောကကြီးကို ဖျက်စီးဟန်သော လျှပ်စီးမိုးကြိုးများ ထစ်ချုန်းနေ‌တော့သည်။ တိမ်စိုင်မည်းကြီးများမှာ နဂါးမင်းနှင့်ဇာမဏီငှက်၏ ဟိန်းဟောက်သံတို့ စိမ့်ဝင်တည်ရှိနေသည့်အလား၊ ရှန်ရှန့်ကျုံဂိုဏ်းတည်နေရာတစ်ခုလုံးမှာ ကြောက်ခမန်းလိလိ‌ေသာ ကပ်ဘေးအန္တရာယ်ကို ထင်ထင်ရှားရှားခံစားနေရသည်။ အကာအကွယ်စည်းထဲတွင် ရှိနေကြခြင်းဖြစ်သော်ငြား ရှန်ရှန့်ကျုံဂိုဏ်းတပည့်များမှာ မထိန်းချုပ်နိုင်စွာ တုန်ယင်နေကြလျက် ဖြူဖျော့နေကြသည်။

မဟာနတ်ဆိုးရွှမ်ရှနှင့်အခြားသူများပင်လျှင် မိုးကြိုးလျှပ်စီးများ၏ ရိုက်ခတ်မှုကြောင့် ‌ဖြူဖျော့လာရပြီး မိုးကြိုးနတ်ဘုရားကဲ့သို့သော ကျန်းထျန်းလင်ကိုကြည့်လျက် ရေရွတ်မိရသည်။

“ဒါက ထျန်းကျွင်းအထွတ်အထိပ်အဆင့်ရဲ့ အင်အားဆိုတာလား?”

မဟာနတ်ဆိုးရွှမ်ရှမှာ မထိန်းချုပ်နိုင်စွာ တစ်ကိုယ်လုံးတုန်ရီနေ၏။ မဟာနတ်ဆိုးရွှမ်ရှသည် ရှုံးနိမ့်ခြင်းကို မကြောက်ရွံ့ပါ။ သို့သော် သူ၏ခန္ဓာကိုယ်မှာ ထိန်းချုပ်နိုင်စွမ်းကင်းမဲ့နေ၏။

ဘာလို့ ဒီလောက်တောင် တုန်နေရတာလဲကွာ!

“ကောင်းကင်ဘုံကိုးထပ်မိုးကြိုးသွား! ငါ့အမိန့်ကို နာခံ! ဖျက်ဆီး!”

ကျန်းထျန်းလင် ကျယ်လောင်စွာ ဟစ်ကြွေးလိုက်၏။ ခန္ဓာကိုယ်အပြည့် လျှပ်စီးမိုးကြိုးများဝန်းရံလျက်ဖြင့် ကောင်းကင်ထက်တွင် ရပ်နေခဲ့သည်။ ထိုအခိုက်အတန့်ရှိ ကျန်းထျန်းလင်၏ အရှိန်အဝါမှာ အနှိုင်းမဲ့ပြင်းထန်ကြီးမားနေခဲ့သည်။

အပြာရောင်တောက်ပနေသော မိုးကြိုးနဂါးတစ်ကောင်ကဲ့သို့သော မိုးကြိုးသွားသည် လောကကြီးကို ဖျက်ဆီးတော့မည့်အလား ဟိန်းဟောက်အသံပြုလျက် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းလုံးများ ထုတ်လွှတ်လေရာ ရှန်ရှန့်ကျုံဂိုဏ်း၏ အထက်လေဟာပြင်ကို စက္ကူတစ်ရွက်အလား ကွဲအက်စုတ်ပြဲလာစေသည်။

၎င်းစွမ်းအင်သည် မဟာနတ်ဆိုးရွှမ်ရှ သိရှိခဲ့ဖူးသည့် အတိဒုက္ခမိုးကြိုးထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်း၏။

“ဒီလူက သူ့ရဲ့စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အကျင့်စရိုက်ကို မထိန်းချုပ်နိုင်ဘဲ ကောင်းကင်မိုးကြိုး၅သွယ်အစီအရင်၊ မှော်စွမ်းအင်မိုးကြိုးအစီအရင်ကို တိုက်ပွဲအစမှာတင် သုံးလိုက်တာပဲ”

မနီးမဝေးမှ မှော်နန်းတော်သခင်မသည် အင်အားကြီးမားလှစွာသော ကျန်းထျန်းလင်ကို ကြည့်နေရင်းဖြင့် ခေါင်းခါရမ်းမိရသည်။ သူမ၏မျက်နှာလှလှလေးမှာ အပြုံးတစ်ခု တည်ရှိနေ၏။ သူမသည် ယဲ့မုချင်သို့ အကြည့်ပို့လိုက်ပြီးနောက် မျက်လုံးအစုံ၌ အလင်းတစ်စ တောက်ပသွားလေသည်။

သူမသည် ထိုလျှို့ဝှက်ဆန်းကြယ်သည့် ထျန်းကျွင်းအထွတ်အထိပ်အဆင့် အမျိုးသမီးသည် ကျန်းထျန်းလင်၏ မှော်စွမ်းအင်ကောင်းကင်မိုးကြိုးအစီအရင်နှင့် မည်သို့ရင်ဆိုင်မည်ကို စိတ်ဝင်စားလှသည်။

ယွမ်ဟွားကောင်းကင်နယ်မြေ၌ ကောင်းကင်မိုးကြိုးအစီအရင်သည် အနက်ရှိုင်းဆုံးသော အခြေခံအုတ်မြစ်ဖြင့် ထိပ်တန်းစွမ်းအင်တစ်ခုဖြစ်သည်။ လျှို့ဝှက်ပုန်းကွယ်နေသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများပြီးနောက် ဒုတိယအဆင့်ဖြစ်ပြီး ယွမ်ဟွားကောင်းကင်နယ်မြေ ထိပ်တန်းကျင့်ကြံသူများတွင်မူ ပထမအဆင့်အဖြစ် သတ်မှတ်ခံရသည့်စွမ်းအင်ဖြစ်သည်။ မှော်နန်းတော်သခင်မ မိမိပင်လျှင် မယှဉ်နိုင်စွမ်းပါချေ။

ကျယ်ပြောလှသည့်ကောင်းကင်ဘုံ၌ မိုးကြိုးသွားထက် အင်အားကြီးမားသည့်အရာမရှိ!

ကောင်းကင်မိုးကြိုး၅သွယ်အစီအရင်သည် ယွမ်ဟွားကောင်းကင်နယ်မြေတွင် ထိပ်တန်းအစီအရင်ဖြစ်သည်။ မိုးကြိုး၅သွယ်ဖြင့် ကျင့်ကြံသူသည် ယွမ်ဟွားကောင်းကင်နယ်မြေတစ်ခုလုံးကို ဖြတ်ကျော်ကူးသန်းနိုင်သည်။ လျှို့ဝှက်ပုန်းအောင်းနေသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများမှအပ သူမ၏မှော်နန်းတော်သည်လည်း ၎င်းအစီအရင်ကို အတိုက်အခံ မပြုဝံ့ပါချေ။

လက်ရှိ၌ ကျန်းထျန်းလင်သည် ဒေါသမာန်ဟုန်ထကြွလွန်းနေသည်ဖြစ်ရာ သူမသည်လည်း နောက်ဆုတ်ထားရ၏။

သူမ၏ဘေးမှ ယွမ်ဝူလင်နှင့် အခြားအင်အားစုများသည်လည်း ကောင်းကင်ယံရှိ ကျန်းထျန်းလင်အား စိုးထိတ်ကြောက်ရွံ့စွာဖြင့် ကြည့်နေကြသည်။ သူတို့သည်လည်း ထျန်းကျွင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြပါ၏။ သို့သော် သူတို့သည် ကျန်းထျန်းလင်နှင့် မယှဉ်နိုင်ပါချေ။ ကျင့်ကြံဆင့်တူညီကြသော်ငြား ကျန်းထျန်းလင်၏ပြိုင်ဘက် မဟုတ်နေပေ။

ကြောက်မက်ဖွယ်မိုးကြိုးသွားကို ယဲ့မုချင်သည် တည်ငြိမ်အေးဆေးစွာဖြင့်သာ ရင်ဆိုင်၏။ မိုးကြိုးနဂါးသည် သူမနှင့် မီတာတစ်ဆယ်ခန့်သာ ကွာဝေး‌တော့သည့်အထိတိုင် သူမသည် ‌တည်ငြိမ်အေးဆေးနေမြဲဖြစ်သည်။

“နတ်ဘုရားအမိန့်ပြန်တမ်း! ပျက်သုဉ်းစေ!”

ယဲ့မုချင်မှ လက်ကိုပင့်မြှောက်၍ ခပ်ဟဟရေရွတ်၏။ ‌ကျောက်စိမ်းသဖွယ်လက်သွယ်သွယ်သည် ယင်ကျွယ့်တံဆိပ်ပြားကို အလွန်တရာလျင်မြန်လှသောအရှိန်နှုန်းဖြင့် ဖိညှစ်လိုက်၏။ ၎င်းမှာ တစ်လက်သုံးတိုက်ကွက်ဖြစ်သည်။ အရှိန်မှာ လျင်မြန်လွန်းလှသည်ဖြစ်ရာ ထျန်းကျွင်းအဆင့်ဖြစ်‌ေသာ မှော်နန်းတော်သခင်မပင်လျှင် ရှင်းလင်းပြတ်သားစွာ မမြင်နိုင်လိုက်ချေ။

ဘုန်း!

ယဲ့မုချင်၏အသံအဆုံး၌ သူမ၏ဦးခေါင်းထက်တွင် အဖြူအမည်းယှက်သော စက်ဝန်းတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ၎င်းစက်ဝန်း၏အလယ်ဗဟို၌ 'ပျက်သုဉ်းခြင်း'ဟူသော စကားလုံးသည် လင်းလက်နေ၏။ ၎င်းစက်ဝန်းပေါ်ထွက်လာခြင်းနှင့်အတူ ကမ္ဘာလောကကြီးတစ်ခုလုံး၌ နတ်ဘုရားအမိန့်ပြန်တမ်း ပေါ်ထွက်လာခဲ့သည်။ ကြောက်ခမန်းလိလိသော လေထုအရှိန်အဝါသည် ကမ္ဘာလောကတစ်ခွင်ကို အလုံးစုံလွှမ်းခြုံသွားခဲ့သည်။

ဘုန်း!

လူများစွာ၏အကြည့်အောက်၌ ကြောက်မက်ဖွယ် ဟိန်းဟောက်ဆင်းသက်လာသည့် နဂါးမိုးကြိုးနှင့် အဖြူအမည်းယှက်နွယ်စက်ဝန်းတို့ ထိခတ်သွား၏။ ထျန်းကျွင်းအဆင့်ကျင့်ကြံသူအားလုံးကို သတိတကြီးဖြစ်စေခဲ့သော မိုးကြိုးနဂါးကြီးသည် လုံးဝမတည်ရှိခဲ့သည့်အလား ပျောက်ကွယ်သွားလေရာ မြင်တွေ့ရသူအပေါင်းမှာ အံ့ဩမင်သက်ကုန်ကြလေသည်။ မိုးကြိုးနဂါးသည် အစအနပင်မကျန်သည်အထိ စက်ဝန်း၏ဝါးမျိုခြင်းကို ခံလိုက်ရလေသည်။

မိုးကြိုးသံသည် ကျယ်လောင်ပြီး မိုးရွာသွန်းရာ၌ နည်းပါးတတ်၏။ သို့သော် ဤသည်မှာ မိုးမရွာသွန်းခြင်းဖြစ်ပါ၏။ တစ်စက်တစ်လေသော်မှ မရွာသွန်းခဲ့‌ခြင်းပင်။

၎င်းမြင်ကွင်းကြောင့် ကျန်းထျန်းလင်ဖြစ်စေ၊ မှော်နန်းတော်သခင်မဖြစ်စေ အားလုံးမှာ မျက်လုံးအိမ်များ ကျဉ်းကျုံ့သွားရလေသည်။ မျက်နှာအမူအရာတို့မှာ တောင့်ခဲသွားလျက် ယဲ့မုချင်သို့ အကြည့်ရောက်သွားကြရသည်။

ကျန်းထျန်းလင် ပစ်လွှတ်ခဲ့သည့် ၎င်းမိုးကြိုးအစီအရင်သည် မည်မျှအင်အားကြီးမားသည်ကို ကျန်းထျန်းလင်ကိုယ်တိုင်နှင့် မှော်နန်းတော်သခင်မသာလျှင် သိရှိ၏။ 

ကျန်းထျန်းလင်၏ ၎င်းအစီအရင်သည် ထျန်းကျွင်းနှောင်းပိုင်းအဆင့်ကျင့်ကြံသူမှ ရင်ဆိုင်ရလျှင်ပင် ခုခံနိုင်မည်မဟုတ်ဟု ဆိုလျှင်သော်မှ ချဲ့ကားပြော‌ဆိုခြင်း မဟုတ်ပေ။ မှော်နန်းတော်သခင်မကိုယ်တိုင် ရင်ဆိုင်ရလျှင်ပင် အတော်လေး သတိထားရမည်ဖြစ်သည်။

ကျန်းထျန်းလင်သည် သူ၏၎င်းတိုက်ခိုက်မှု၌ ညှာတာခြင်း အလျဉ်းမရှိခဲ့ပါ။ သူ၏အင်အားကြီးတိုက်ကွက်ကို တိုက်ပွဲအစ၌ပင် ထုတ်သုံးခဲ့သော်ငြား ယဲ့မုချင်မှ အသာလေးဖြိုခွင်းခဲ့သည်။ ကျန်းထျန်းလင်နှင့် မှော်နန်းတော်သခင်မတို့မှာ မထိန်းချုပ်နိုင်စွာ ကြက်သီးမွေးညင်းထသွားရလေသည်။

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ထျန်းကျွင်းအထွတ်အထိပ်အဆင့် အမျိုးသမီးရဲ့ဇာစ်မြစ်က ဘာများလဲ? ဘယ်လိုလုပ်ပြီး ဒီလိုအံ့ချီးဖွယ်အင်အားမျိုး ရှိနေရတာလဲ?

အဲ့ဒီ့လိုအင်အားမျိုးနဲ့ဆို ဘယ်အရပ်ကိုများ မသွားနိုင်ဘဲ ရှိလိမ့်မလဲ? ဘာလို့များ ဒီလိုနေရာသေးသေးကျုံ့ကျုံ့လေးမှာ အသိုက်ဖွဲ့နေချင်ရတာလဲ? အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်တွေကို ကာကွယ်ဖို့အတွက်ကြောင့်များလား?

ယွမ်ဟွားကောင်းကင်နယ်မြေ၌ လျှို့ဝှက်ပုန်းအောင်းနေသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးများသော်မှ ကျန်းထျန်းလင်၏ မိုးကြိုးအစီအရင်ကို အလွယ်တကူခုခံနိုင်သူမှာ နည်းပါးလှသည်။ အများစုသောပုဂ္ဂိုလ်များမှာ နာခံယဉ်ကျေးစွာဖြင့် ဆုတ်ခွာသွားကြလောက်၏။

ဘုန်း!

ကျန်းထျန်းလင်သည် မကောင်းမှုလမ်းစဉ်တို့ကို အယုံအကြည်မရှိပေ။ မိမိသည် ထျန်းကျွင်းအထွတ်အထိပ်အဆင့်၌ အင်အားအကြီးမားဆုံးသော ကျင့်ကြံသူဖြစ်သည်ဟု မတွေးသော်ငြား အနည်းဆုံးတော့ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူပင် မဟုတ်ပါလော။ ခုနက တိုက်ကွက်တွင် သူ့ထံမှ ကြောက်မက်ဖွယ်ထက် ပိုသာလွန်သောစွမ်းအင်ကို ထုတ်လွှတ်ခဲ့ခြင်းဖြစ်၏။ ကမ္ဘာလောကကြီးတစ်ခုလုံးကို ဖိနှိပ်လိုက်သည့်အလား ကြောက်မက်ဖွယ်မိုးကြိုးသွားများဖြင့် လွှမ်းခြုံတိုက်ခိုက်ခဲ့ခြင်းဖြစ်ခဲ့သည်။

ထိုအခိုက်အတန့်တွင် မဟာနတ်ဆိုးရွှမ်ရှ၏ခန္ဓာကိုယ်မှာ ပို၍တုန်ယင်လာနေခဲ့သည်။ ခန္ဓာကိုယ်ကို တည်ငြိမ်စေရန် အကောင်းဆုံးကြိုးစားထိန်းချုပ်နေပါသော်ငြား တုန်ယင်နေမှုကို တားဆီးမရနိုင်ဘဲ ရှိနေသည်။ လှုပ်ရှားမှုကင်းမဲ့စွာ တည်ငြိမ်နေသော ဘေးရှိ ဧကရီမေသုရှားကိုမြင်သောအခါ မဟာနတ်ဆိုးရွှမ်ရှမှာ မျက်နှာနီမြန်းသွားရသည်။

ဧကရီမေသုရှားသည် မဟာနတ်ဆိုးကြီး မိမိမှ နှစ်သက်သဘောကျရသည့် အမျိုးသမီးဖြစ်ရန် ထိုက်တန်ပါ၏။ ဤမျှကပ်ဘေးကျရောက်နေသည့် အခြေအနေ၌ပင် အလွန်ပေါ့ပါး၍ ခက်ထန်တည်တံ့နေမြဲဖြစ်လေသည်။

မဟာနတ်ဆိုးရွှမ်ရှသည်လည်း တစ်နေ့တစ်ချိန်၌ ထမင်းပျော့နွေးနွေးလေးကို သုံးဆောင်ချိန်ရောက်လာခဲ့မည်ဟု မျှော်လင့်မထားခဲ့ပါချေ။ ဤအမျိုးသမီးကို သူကျိန်းသေပေါက် ပိုင်ဆိုင်ရမည်ဖြစ်ပြီး မည်သူမျှ တားဆီးမရနိုင်ပေ။

ဤမျှသော ကပ်ဘေးဆိုက်နေချိန်၌ မဟာနတ်ဆိုးရွှမ်ရှ၏ စိတ်နှလုံးတွင် ပြည့်နှက်နေသည်မှာ စိုးရိမ်ကြောက်ရွံ့မှုများ မဟုတ်ရဘဲ ဧကရီမေသုရှားနှင့် မည်သို့မည်ပုံ ရင်ဆိုင်ရမည်ကိုသာ တွေးတောနေလေသည်။

ယခုအခြေအနေရှိ မဟာနတ်ဆိုးရွှမ်ရှ၏ ၎င်းအတွေးများကို ဧကရီမေသုရှား သိသွားခဲ့ပါလျှင် ထိုနတ်ဆိုးအိုကြီးကို ဧကရီမေသုရှားသည် အရပ်မျက်နှာမခွဲခြားနိုင်သည်အထိ ရိုက်နှက်ပစ်လောက်ပေမည်။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များမှ သိသွားခဲ့ပါလျှင်လည်း အံ့ဩမဆုံးနိုင် ဖြစ်ချေရော့မည်။

ဘုန်း!

မိုးကြိုးသွားပေါက်ကွဲသံကြီး လောကတစ်ခွင်၌ မြည်ဟီးသွား၏။ မိုးကြိုးတိမ်တိုက်အထက်တွင် နဂါးသဏ္ဍာန်ပုံရိပ်နှင့် ဇာမဏီသဏ္ဍာန်ပုံရိပ်တို့ ဆုံဆည်းကြလေသည်။

အထက်ကောင်းကင်မှ ကြောက်မက်ဖွယ်မိုးကြိုးသွားနှစ်ခု ဆင်းသက်လာခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ အပြာရောင်အလင်းမဟုတ်ဘဲ ခရမ်းရင့်ရောင်တောက်ပနေပေသည်။ ၎င်းကြောက်မက်ဖွယ်မိုးကြိုးသွားသည် ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ထင်မှတ်ရသည်။

“နဂါးနှင့်ဇာမဏီပေါင်းစည်း ခရမ်းမိုးကြိုးသွားအစီအရင်!”

မနီးမဝေးမှ မှော်နန်းတော်သခင်မသည် ၎င်းကြောက်မက်ဖွယ်မိုးကြိုးသွားနှစ်ခုကို မြင်တွေ့ရသည်တွင် သူမ၏မျက်နှာလှလှလေးမှာ အနည်းငယ်ပြောင်းလဲသွားလျက် မသိမသာ ထိတ်လန့်သွားခဲ့သည်။ ကြည့်ရသည်မှာ ကျန်းထျန်းလင်သည် ဤတစ်ကြိမ်တွင် အမှန်တကယ် တုံ့ပြန်တော့မည်ထင်၏။

ဤနဂါးနှင့်ဇာမဏီပေါင်းစည်း ခရမ်းမိုးကြိုးသွားအစီအရင်သည် ‌ကောင်းကင်မိုးကြိုးကဲ့သို့သော အစီအရင်ဖြစ်သည်။ ကောင်းကင်းမိုးကြိုး၁၂သွယ်တွင် အဆင့်၃အစီအရင်ဖြစ်၍ အလွန်အင်အားကြီးမား၏။

မှော်နန်းတော်သခင်မမှာ အလိုအလျောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိသွားရသည်။ ထို့ပြင် ၎င်းစွမ်းအင်သက်ရောက်မှုမှ ကာကွယ်ရန် ခန္ဓာကိုယ်တွင်းစွမ်းအင်တို့ကို တိတ်တဆိတ်စီးဆင်းထားစေလိုက်သည်။ ယွမ်ဝူလင်နှင့် အခြားအင်အားစုများသည်လည်း အတော်ဝေးဝေးထိ ဆုတ်ခွာလိုက်ကြသည်။

ထိုမျှပြင်းထန်လှသည့်တိုက်ကွက်ဖြင့် ရင်ဆိုင်ရသော်ငြား ယဲ့မုချင်သည် တည်ငြိမ်နေဆဲပင်။ သူမ၏လက်ထဲရှိ ယင်ကျွယ့်တံဆိပ်ပြားသည် လှုပ်ရှားမှု ပိုမိုမြန်ဆန်လာခဲ့သည်။ သူမ၏ဦးခေါင်းထက်ရှိ အဖြူအမည်းယှက်နွယ်စက်ဝန်းသည် အပြောင်းအလဲမရှိ၊ အနည်းငယ်ပို၍ နက်မှောင်လာခဲ့သည်။

စက်ဝန်းအလယ်ဗဟိုရှိ ‘ပျက်သုဉ်းခြင်း’ဟူသော စကားလုံးသည် အသက်ဝင်လာသည့်အလား လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါများ ထုတ်လွှတ်နေခဲ့ခြင်းဖြင့် စက်ဝန်းတစ်ခုလုံးကို ပို၍လျှို့ဝှက်ဆန်းကြယ်ဖြစ်စေသည်။

ဘုန်း!

နဂါးနှင့်ဇာမဏီငှက်ပေါင်းစည်း ခရမ်းမိုးကြိုးသွားအစီအရင်သည် လွဲချော်မှုမရှိ စက်ဝန်းသို့ တန်းတန်းမတ်မတ် ထိမှန်သွားခဲ့ပြီး ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ထိုမျှအင်အားကြီးမားသော နဂါးနှင့်ဇာမဏီငှက်ပေါင်းစည်း ခရမ်းမိုးကြိုးသွားအစီအရင်သည်လည်း အဖြူအမည်းယှက်နွယ်စက်ဝန်းကို မဖျက်ဆီးနိုင်ခဲ့ဘဲ စက်ဝန်း၏ဝါးမျိုခြင်းကိုသာ ခံလိုက်ရလေရာ နေရာရှိလူအားလုံးမှာ အံ့ဩထိတ်လန့်ကုန်ကြလေသည်။ ပြောင်းလဲမှုဟူ၍ နဂါးနှင့်ဇာမဏီငှက်ပေါင်းစည်း ခရမ်းမိုးကြိုးသွားအစီအရင်မှ စက်ဝန်းကိုထိခတ်ချိန်တွင် စက်ဝန်း အနည်းငယ်တုန်ခါသွားခြင်းသာ ရှိခဲ့သည်။

ထိုမြင်ကွင်းကြောင့် ကျန်းထျန်းလင်သည် မိမိမှာ သရဲတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား ခံစားလိုက်ရလေသည်။ တစ်ကိုယ်လုံး ထုံထိုင်းလေးကန်သွားရ၏။

“ဘယ်လိုဖြစ်နိုင်မှာလဲ?”

ကျန်းထျန်းလင် မယုံကြည်နိုင်စွာ ရေရွတ်မိသည်။ ထိုအခိုက်အတန့်တွင် ကျန်းထျန်းလင်သည် မိမိကိုယ်ကို အင်အားကင်းမဲ့သူတစ်ဦးအလား ခံစားလိုက်ရပေသည်။ သူ၏အင်အားအလုံးစုံကို အသုံးပြုခဲ့ပြီးဖြစ်သော်ငြား သူ၏အင်အားကြီးတိုက်ကွက်နှစ်ခုလုံးသည် တစ်ဖက်လူ၏ အောင်မြင်စွာဖြိုခွင်းခြင်းကို ခံလိုက်ရပြီး မိမိသည်တော့ ယဲ့မုချင်၏တိုက်ကွက်ကို မဖြိုခွင်းနိုင်ချေ။

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူ အမျိုးသမီးက ဘယ်လောက်တောင် အင်အားကြီးတာများလဲ?

မနီးမဝေးရှိ မှော်နန်းတော်သခင်မနှင့် အခြားသူများသည်တော့ အိပ်မက်မြင်မက်နေကြသည့်အလားပင်။

သာမန်ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူဟု တွေးထင်ထားခဲ့သော်ငြား ကြောက်မက်ဖွယ်တည်ရှိမှုကြီး ဖြစ်နေခဲ့သည်။ ထိုအခိုက်အတန့်၌ မှော်နန်းတော်သခင်မနှင့် အခြားသူများမှာ တုံ့ဆိုင်းကုန်ကြရ၏။

ငါတို့တကယ်ပဲ ဒီလိုအင်အားကြီးမားတဲ့တည်ရှိမှုကြီးနဲ့ ဆက်တိုက်ကြဦးမလို့လား?

သူတို့၌ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ ၁၈ဦးရှိပါ၏။ ယဲ့မုချင်ကို သတ်ဖြတ်လိုလျှင် သတ်နိုင်သည့်အခြေအနေရှိပါသည်။ သို့သော် မိမိတို့ဘက်မှ ဆုံးရှုံးမှုပမာဏမှာ မျှော်မှန်းထားသည်ထက် များစွာသာလွန်နိုင်ပေသည်။

ယဲ့မုချင်သည် ကျန်းထျန်းလင်နှင့် မှော်နန်းတော်သခင်မတို့ကို ဖိနှိပ်နိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းပြီး အင်အားကြီးမားလှသည်။ သို့သော် ၎င်းသည် ထျန်းကျွင်းအဆင့်ကျင့်ကြံသူ ၁၈ဦးလုံးကို ခုခံတိုက်ခိုက်နိုင်လိမ့်မည်ဟု မဆိုလိုပေ။

တိုက်ခိုက်ချေမှုန်းစွမ်းရည် မည်မျှကြီးမားအားကောင်းသည်ဖြစ်စေ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦးမှ ပူးပေါင်းတိုက်ခိုက်ပါလျှင် ခုခံနိုင်မည်မဟုတ်ချေ။

“တုံ့ဆိုင်းမနေကြနဲ့။ ဒီလိုကြောက်မက်ဖွယ်တည်ရှိမှုက ကျုပ်တစ်ချက်လှုပ်ရှားလိုက်ချိန်ကစပြီး ရန်သူဖြစ်နေခဲ့ပြီးပြီ။ သူတကယ် လက်စားချေဖို့ဆန္ဒရှိတဲ့အခါ ဘယ်သူမှလွတ်မြောက်မှာမဟုတ်ဘူး။ မသေချင်ရင် ပူးပေါင်းပြီးတိုက်ခိုက်ကြတော့!”

“ဆုံးရှုံးမှုများမယ်ဆိုရင်တောင်မှ နောက်မှ လက်စားချေခံရတာထက် ပိုကောင်းတယ်!”

လောဟာပြင်ထက်မှ ကျန်းထျန်းလင်သည် သူ၏စိတ်နှလုံးတွင်းမှ ကြောက်ရွံ့မှုကို အတင်းအကျပ်ထိန်းချုပ်၍ မှော်နန်းတော်သခင်မနှင့် အခြားသူများသို့ အသံပို့ဆောင်လိုက်၏။

All Chapters