← Chapters

မင်းသေရဲရင် မိသားစုစည်းမျဉ်းအတိုင်း စီရင်မယ်!

Vol. 28 Ch. 385

မင်းသေရဲရင် မိသားစုစည်းမျဉ်းအတိုင်း စီရင်မယ်!

Vol. 28 Ch. 385

Translator - Hsue Htet 

ရန်သူရှိရာလောက၌ သနားညှာတာမှုကင်းမဲ့၏။ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းမှတစ်ပါး ရွေးချယ်စရာမရှိပေ။

ယခု၌ ထိုအမျိုးသမီးသည် ရန်သူဖြစ်သွားခဲ့ပြီဖြစ်ရာ ကျန်းထျန်းလင်မှာ မပြတ်မသား မပြုဝံ့ပါချေ။ ယဲ့မုချင်သည် အမှန်တကယ် အင်အားကြီးမားလွန်း၍ သူတကယ် ကြောက်ရွံ့မိပါ၏။ သို့သော် မည်မျှပင်အင်အားကြီးမားသည်ဖြစ်စေ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ ၁၈ဦးကို ခုခံတိုက်ခိုက်နိုင်ပါမည်လော။

ထျန်းကျွင်းအထွတ်အထိပ်အဆင့်၏ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အလွန်တရာ အင်အားကြီးမားသော်ငြား သာမန်ထျန်းကျွင်းအဆင့်ဟူသည်လည်း တန်ဖိုးကင်းမဲ့နေသည် မဟုတ်ပေ။

ယဲ့မုချင်မှ ရှုံးနိမ့်၍ထွက်ပြေးသွားခဲ့ပါလျှင် ကျန်းထျန်းလင်သည်လည်း အဆင်အခြင်မဲ့ နေထိုင်ပြုမူနိုင်တော့မည်မဟုတ်ချေ။ ခြုံငုံလိုက်ပါလျှင် ထျန်းကျွင်းအထွတ်အထိပ်အဆင့်သို့ ကျင့်ကြံနိုင်သူများသည် သာလွန်ထူးကဲကြသူများသာ မဟုတ်ပါလော။ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် ပြန်လည်လက်စားချေခဲ့ပါလျှင် မိမိတို့၏အင်အားစုများမှာ ကြီးမားလျှင်သော်မှ ၎င်းအကျိုးဆက်ကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

သို့ဖြင့် ယဲ့မုချင်၏အင်အားကို မြင်တွေ့ခဲ့ပြီးသည်တွင် ကျန်းထျန်းလင်သည် ယဲ့မုချင်ကို သတ်ရန်ဆုံးဖြတ်လိုက်၏။ သို့မဟုတ်ပါက မိမိတို့ လုစုခွဲသွားပြီးသည်နှင့် အားလုံးကို ဆွဲချ‌သွားပေလိမ့်မည်။

တုံ့ဆိုင်းနေကြသည့် မှော်နန်းတော်သခင်မနှင့် အခြားသူများသည် ကျန်းထျန်းလင်၏ အသံပို့ဆောင်မှုကြောင့် မျက်နှာအမူအရာများ တောင့်ခဲသွားကြလျက် ဆုံးဖြတ်ချက်ပြတ်သားသွားကြသည်။ ကျန်းထျန်းလင်၏စကားမှာ မှန်၏။ ယဲ့မုချင်ကို ယခု မသတ်ခဲ့ပါလျှင် အနာဂတ်တွင် အအိပ်ပျက်၊အစားပျက် ဖြစ်ရပေလိမ့်မည်။

“သတ်!”

ဆုံးဖြတ်ချက်ချပြီးသည်နှင့် မှော်နန်းတော်သခင်မနှင့် အခြားသူများသည် တုံ့ဆိုင်းမှုမရှိ တစ်ဟုန်တိုးပြေးထွက်လာကြတော့သည်။

ဘုန်း!

အချိန်တစ်ခုပြီးနောက် လောကတစ်ခွင်၏ အရောင်အဆင်းမှာ ပြောင်းလဲသွား၏။ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦး၏ စွမ်းအင်များဖြာထွက်လာကြရာ ရှန်ရှန့်ကျုံဂိုဏ်းတည်နေရာတစ်ခုလုံးမှာ အပြင်းအထန် တုန်ခါနေလျက် အထက်လေဟာပြင်မှာ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာတော့သည်။ ၎င်းအက်ကွဲကြောင်းများမှာ အချိန်မရွေး တစ်စစီပြိုကွဲကြွေလွင့်ထွက်လာမည့်အလား ထင်မှတ်ရ၏။

ဤသည်မှာ ယဲ့မုချင် ဖန်တီးထားသည့်ကမ္ဘာ မဟုတ်ခဲ့လျှင် ဤမျှကြောက်မက်ဖွယ်သောတိုက်ပွဲဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မည်မဟုတ်ပေ။

ကျန်းထျန်းလင်နှင့် မှော်နန်းတော်သခင်မတို့၏ ဦးဆောင်မှုဖြင့် ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦးသည် ယဲ့မုချင်ကို ဝန်းရံထားကြသည်။ ကြောက်ခမန်းလိလိသော စွမ်းအင်များသည် ‌အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ရိုက်ခတ်နေခဲ့ပြီး ကျင့်ကြံသူ၁၈ဦးမှ ထုတ်လွှတ်သောအဟုန်ကြောင့် ကမ္ဘာလောကကြီးမှာ ရွှံ့နွံတစ်ခုအဖြစ် ပြောင်းလဲသွားသည့်အလား ခံစားရလေသည်။ ထျန်းကျွင်းအထွတ်အထိပ်အဆင့် ယဲ့မုချင်သည်လည်း ဖိနှိပ်ခံလိုက်ရ၏။

“ဂိုဏ်းချုပ်က‌ေတာ်!”

လေဟာပြင်ကိုကြည့်ရင်းဖြင့် ယဲ့မုချင်၊ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည် မျက်နှာအမူအရာပြောင်းလဲသွားကြ၏။ မျက်လုံးများ၌ စိုးရိမ်ထိတ်လန့်မှုများ ထင်ဟပ်လာကြသည်။ ဂိုဏ်းချုပ်ကတော်သည် လျှို့ဝှက်ဆန်းကြယ်၍ အင်အားကြီးမား၏။ သို့သော် ရန်သူမှာ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦးဖြစ်သည်။

ဂိုဏ်းအကြီးအကဲများမှာ မိမိတို့ကိုယ်ကို အင်အားလုံလောက်မှု မရှိခြင်းကိုသာ အပြစ်တင်မိတော့သည်။ သို့မဟုတ်ပါက အဘယ်သို့များ ဂိုဏ်းချုပ်ကတော်ကို တစ်ဦးတည်း တိုက်ခိုက်ခွင့်ပြုထားပါမည်နည်း။

မဟာနတ်ဆိုးရွှမ်ရှ၊ ဝမ်ချုံးယန်နှင့် အခြားသူများအားလုံးမှာ မိမိတို့၏ အင်အားချို့တဲ့မှုကို အပြစ်တင်ရင်း၊ တစ်ယောက်ကို အများဖြင့် အနိုင်ကျင့်သည့် ကျန်းထျန်းလင်တို့ကို အပြစ်တင်ရင်းဖြင့် မခံချိမခံသာဖြစ်နေကြရသည်။

ရှန်ရှန့်ကျုံဂိုဏ်းတစ်ခုလုံး၌ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများမှ စိတ်ရင်းစိတ်မှန်ဖြင့် လေးစားမှုဖြင့် ဆက်ဆံသူမှာ မများလှပေ။ ဝမ်ဖုန်းနှင့် ယဲ့မုချင်သာ ရှိ၏။ ထိုသူနှစ်ဦးသည် မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများအပြင် များပြားလှသော ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏ စိတ်နှလုံးကို သိမ်းပိုက်ရယူထားကြသည်ဖြစ်၏။

ဝမ်ဖုန်းမှ သူတို့ကို အိမ်တစ်လုံးပေးအပ်ခဲ့သည်ဟုဆိုပါလျှင် ဂိုဏ်းချုပ်ကတော်သည် သူတို့ကို ပိုမိုသန်မာလာမည့်အခွင့်အရေးကို ပေးအပ်ခဲ့သူဖြစ်သည်။ ဂိုဏ်းချုပ်ကတော်၏ လေ့ကျင့်‌သင်ကြားမှုများ မရှိခဲ့ပါလျှင် သူတို့သည် အဘယ်သို့များ လက်ရှိအခြေအနေသို့ ရောက်ရှိနိုင်ပါမည်နည်း။

“စိတ်လိုက်မာန်ပါ မလုပ်မိစေနဲ့! ရှန်ရှန့်ကျုံဂိုဏ်းကို ခုခံကာကွယ်တာက ဂိုဏ်းချုပ်ကတော်အတွက် အကောင်းဆုံးကူညီပေးတာပဲ!”

ဧကရီမေသုရှားသည် ဒေါသမာန်ထကြွ‌နေကြသော မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများကို ဟန့်တားလျက် အေးစက်စွာပြော၏။ သူမ၏ လှပသောမျက်လုံးအစုံ၌ တုန်လှုပ်စေနိုင်စွမ်းသော အေး‌စက်မှုများ ‌တောက်ပနေခဲ့သည်။ ဤသည်မှာ သူမ ပြန်လည်နိုးထလာချိန်မှစတင်၍ ပထမဦးဆုံးအကြိမ်အဖြစ် ဤမျှပြင်းထန်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခင်အချိန်က မွန်မြန်ဘုံလောက၌ လှိုင်းဂယက်များ ဖန်တီးခဲ့ရသည့် အကြောင်းရင်းမှာ ထိုလူများသည် အလောင်းထိန်းချုပ်သူမျိုးနွယ်စုအား ရှန်းရွှမ်ဒေသမှ မွန်မြတ်ဘုံလောကသို့ ထွက်ပြေးလာကြသူများဟု သမုတ်ခဲ့ကြပြီး အလောင်းထိန်းချုပ်သူမျိုးနွယ်၏ ဆက်ခံမှုအမွေအနှစ်ကို ၎င်းမွန်မြတ်ဘုံလောက၏ ကျင့်ကြံသူများမှ တပ်မက်ခဲ့ကြ၍ အလောင်းထိန်းချုပ်သူမျိုးနွယ်စုအား တိုက်ခိုက်လာကြသောကြောင့် ဖြစ်သည်။ 

ယခု၌ ပြန်လည်ထမြောက်လာကြသည်မှာ မကြာမြင့်သေးသော်ငြား ယွမ်ဟွားကောင်းကင်နယ်မြေ၏ တပ်မက်ခြင်းကို ခံရပြန်သည်။

သူတို့တကယ်ပဲ အလောင်းထိန်းချုပ်သူမျိုးနွယ်စုက ထပ်ပြီးအနိုင်ကျင့်ခံမယ်လို့ ထင်နေကြတာလား?

ဧကရီမေသုရှား၏စကားကြောင့် မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည် ဒေါသကိုထိန်းချုပ်၍ အင်အားစု၆စု၏ကျင့်ကြံသူများကို စူးရဲစွာကြည့်လိုက်ကြသည်။ သူတို့၏ကျင့်ကြံမှုဖြင့် ထိုကျင့်ကြံသူများကိုပင် မတိုက်ခိုက်နိုင်ချေ။ ပထမဆုံးအကြိမ်အဖြစ် မိမိကိုယ်ကိုယ် အားနည်းခြင်းအတွက် မုန်းတီးမိရလေသည်။

ဂိုဏ်းချုပ်ကတော်မှ လေ့ကျင့်ပေးသောကြောင့် သူတို့၏ကျင့်ကြံမှုသည် တစ်ဟုန်ထိုးတိုးတက်ခဲ့ကြသည်။ စိတ်ကူးဖြင့်ပင် မမျှော်မှန်းခဲ့ဖူးသည့်အဆင့်သို့ ရောက်ရှိနိုင်ခဲ့ကြသည်။ ရန်သူများ၏ကျင့်ကြံဆင့်သည်လည်း သူတို့အတွက် အားနည်းလာခဲ့၏။

သို့သော် ယခုတစ်ကြိမ်ကပ်ဘေးသည် အပြင်လောက၌ လူများစွာတည်ရှိနေသေးကြောင်း နားလည်သွားစေခဲ့သည်။ သူတို့သည် ရေတွင်းအောက်ခြေမှ ဖားများကဲ့သို့ဖြစ်၏။ တစ်ဟုန်ထိုးတိုးတက်လာခဲ့သည့် ကျင့်ကြံမှုအ‌ေခြခံ၌သာ နစ်မျောနေခဲ့ကြပြီး စင်စစ်သော စွမ်းအားမြင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်ရချိန်တွင်မူ ကြားဝင်တိုက်ခိုက်ရန် အရည်အချင်းမပြည့်မီနေချေ။ 

ဤသို့သော အင်အားကင်းမဲ့သည့်ခံစားချက်သည် မဟာနတ်ဆိုးရွှမ်ရှ၊ ဝမ်ချုံးယန်နှင့် အခြားသူများကို အလွန်ဒေါသဖြစ်စေ၏။ အတိတ်ကာလများ၌ ကောင်းစွာ မကျင့်ကြံခဲ့ခြင်းအတွက် မိမိကိုယ်ကို မုန်းတီးမိကြလေသည်။

သို့မဟုတ်ပါက ဂိုဏ်းချုပ်ကတော်၏ ကျင့်ကြံရေးတွင် အားစိုက်ထုတ်မှုမျိုးဖြင့် သူတို့၏ကျင့်ကြံဆင့်မှာ အဘယ်သို့များ ဤအဆင့်၌သာ ရှိနေပါမည်နည်း။

“ဒီနေရာကို ကျွန်မတို့နဲ့ထားခဲ့ပြီး ရှင်တို့က ဂိုဏ်းတပည့်တွေကို မလန့်ရအောင် သွားနှစ်သိမ့်ပေးလိုက်ကြ”

ဧကရီမေသုရှားသည် ဒေါသဖြစ်နေသော မဟာနတ်ဆိုးရွှမ်ရှနှ့င် အခြားသူများကို ခပ်ဖျော့ဖျော့ပြောလိုက်သည်။

ပြောဆိုပြီးသည်နှင့် ဧကရီမေသုရှားသည် အလောင်းထိန်းချုပ်သူမျိုးနွယ်စုကို ဦးဆောင်၍ အင်အားစု၆စု၏ကျင့်ကြံသူတစ်သောင်းသို့ ဦးတည်သွားလေသည်။ ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူအရေအတွက်သည် ဒါဇင်ကျော်မျှသာဖြစ်သော်ငြား ထျန်းရှင်းအဆင့်အထက်ရှိ ကျင့်ကြံသူတစ်သောင်းနှင့် ရင်ဆိုင်ရလေသည်။

ဤတိုက်ပွဲသည် အတော်လေး မုန်တိုင်းထန်သောတိုက်ပွဲဖြစ်၏။ 

“မင်းက ငါနတ်ဆိုးအိုကြီးရဲ့မိန်းကလေးပဲ။ ငါနတ်ဆိုးအိုကြီးရဲ့မိန်းကလေးဆိုမှတော့ ငါ့ရဲ့ခွင့်ပြုချက်မရှိဘဲ သေခွင့်မပြုနိုင်ဘူး!”

“မင်းသေရဲရင်‌သေကြည့်! မင်း ဟွမ်ချွမ်းကိုဆင်းသွားပြီး မြေအောက်ဘုံ၉ထပ်ကို ဝင်သွားရင်တောင်၊ ဝိဉာဉ်အစိတ်စိတ်အမွှာမွှာကွဲကြေသွားရင်တောင် ငါနတ်ဆိုးအိုကြီးက မင်းကို မိသားစုစည်းမျဉ်းအတိုင်းစီရင်ဖို့ မရမက ‌ပြန်ဆွဲခေါ်မှာ!”

မဟာနတ်ဆိုးရွှမ်ရှသည် အမြန်ထွက်ခွာရန်တွန်းအားကို ဆန့်ကျင်၍ ဧကရီမေသုရှား၏နောက်ကျောကို ငေးစိုက်လျက် အော်ပြော၏။ နတ်ဆိုးအိုကြီး၏အသံသည် လောကတစ်ခွင်ပဲ့တင်ထပ်သွားခဲ့ကာ မိုးကြိုးသွား၏အသံဖြင့်ပင် ကာရံထပ်နေခဲ့လေသည်။

ဤကမ္ဘာပျက်သုဉ်းလုနီးတိုက်ပွဲကြီး၌ မဟာနတ်ဆိုးရွှမ်ရှသည် ကျမ်းကျိန်ခြင်းကဲ့သို့သော စကားသံကိုဟစ်အော်ပြောဆိုနေလေရာ ဝမ်ချုံးယန်နှင့် အခြားသူများမှာ ခပ်စောင်းစောင်းအကြည့်တို့ ပစ်လွှတ်မိရလေသည်။

ဧကရီမေသုရှားသည် မဟာနတ်ဆိုးရွှမ်ရှ၏ စကားအဆုံး၌ သူမ၏အေးစက်စက်မျက်နှာထက်တွင် အပြုံးလှလှတစ်ပွင့် ဖြစ်တည်သွားခဲ့လေရာ လောကကြီးမှာ မှိန်ဖျော့သွားရလေသည်။ သူမသည် အပြုံးကို ပြန်လည်ထိန်းချုပ်လိုက်ပြီး‌ မဟာနတ်ဆိုးရွှမ်ရှသို့ လှည့်ကြည့်၍ အရေးမထားဟန်ပြောခဲ့သည်။

“ရှင်ကများ ပြော‌ရဲသေးတယ်? အရှက်မဲ့လိုက်တာ!”

မဟာနတ်ဆိုးရွှမ်ရှသည်တော့ တုံးအသည့်အရူးတစ်ယောက်အလား ရယ်မောနေလေသည်။

‘မင်းသိတာပဲကို။

မင်းအတွက်သာ မဟုတ်ရင် ဒီနတ်ဆိုးအိုကြီးကို ဘယ်သူကများ အရှက်မရှိဘူးလို့ ပြောဝံ့မှာတဲ့လဲ။ ဒီနတ်ဆိုးအိုကြီးရဲ့တူကြီးကို သေချာကြည့်လေ။ တခြားသူသာဆို အဲဒီ့ကောင်ရဲ့ခွေးခေါင်းကို စိစိညက်ညက်ကြေအောင် ထုချေပစ်လိုက်မှာပေါ့!

မင်းအတွက်ကြောင့်ပဲ ဒီနတ်ဆိုးအိုကြီးက အရိုက်ခံ၊ အဆူခံနေတာ။ မင်းကြောင့်ပဲ ဒီနတ်ဆိုးအိုကြီးက နူးညံ့လာခဲ့တာ။ ဒီနတ်ဆိုးအိုကြီးက ဒဏ်ရာဒဏ်ချက်တွေ၊ အညိုမည်းရာတွေနဲ့ ပြည့်နှက်နေရရင်တောင်မှ မင်းကို ဆက်ချစ်နေဦးမှာ။

အဲဒါကြောင့် မ‌သေစေနဲ့၊ မထိခိုက်စေနဲ့။ မဟုတ်ရင် ဒီနတ်‌ဆိုးအိုကြီး တကယ်ရူးသွားလိမ့်မှာ။’

မဟာနတ်ဆိုးရွမ်ရှသည် လှည့်ထွက်သွားသည့် ဧကရီမေသုရှား၏ နောက်ကျောပြင်ကို ငေးမောနေခဲ့ရင်းဖြင့် စိတ်ထဲမှရေရွတ်၏။

…..

ဘုန်း!

လေဟာပြင်ထက်၌ ကျန်းထျန်းလင်နှင့် အခြားသူများသည် ယဲ့မုချင်ကို ဝန်းရံထားကြ၏။ အင်အားကြီးမားလှသောစွမ်းအင်များသည် ကမ္ဘာလောကကို တုန်ခါစေလျက် ပြင်းထန်လွန်းစွာသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် ကမ္ဘာလောကတစ်ခုလုံးကို ရေခဲလွှမ်းနေသည့်အလား အေးစက်စေသည်။

“ကောင်းကင်မိုးကြိုးကိုးသွယ်!”

“မှော်စွမ်းအင်အစီအရင်!”

ကျန်းထျန်းလင်နှင့် မှော်နန်းတော်သခင်မသည် တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ကျယ်လောင်စွာဟစ်ကြွေး၏။

ကောင်းကင်မိုးကြိုးကိုးသွယ်သည် ကောင်းကင်မိုးကြိုးအစီအရင်၏ ပထမဆုံးအစီအရင်ဖြစ်၍ အနှိုင်းမဲ့အင်အားကိုပိုင်ဆိုင်၏။

ကျန်းထျန်းလင်၏ခန္ဓာကိုယ်မှ မိုးကြိုးလျှပ်စီးများ တစ်ခုပြီးတစ်ခု အဆက်မပြတ် ထုတ်လွှတ်နေခဲ့ပြီး ကြီးကျယ်ခမ်းနားသောစွမ်းအင်သည် လေဆင်နှာမောင်းအလား ဝေ့ဝဲရိုက်ခတ်၏။ ကောင်းကင်ယံရှိ တိမ်စိုင်မည်းကြီးများမှာ မှင်ရောင်ကဲ့သို့ မည်းနက်နေကာ မိုးကြိုးတိမ်တိုက်နှင့်အတူ ကြောက်မက်ဖွယ်မိုးကြိုးသွားကြီးများ ထွက်ပေါ်လာ၏။ မိုးကြိုးသွားပုံရိပ်၉ခုတည်ရှိနေပြီး ၎င်းမိုးကြိုးသွားများသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးတော့မည့်အလား ဆင်းသက်ကြလေသည်။

တစ်ပြိုင်နက်တည်း၌ မှော်နန်းတော်သခင်မထံမှ ကြီးကျယ်ခမ်းနားစွာသော ကြောက်မက်ဖွယ်‌ မှော်စွမ်းအင်ကြီးများ ဖြာထွက်လာခဲ့သည်။ မှော်စွမ်းအင်များသည် ပုံရိပ်များအဖြစ် တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်တည်‌ေစ၏။ ၎င်းပုံရိပ်များမှာ ချပ်ဝတ်တန်ဆာဖြင့်စစ်သည်များ၊ ညှို့ဓာတ်ပြင်းစုန်းမများ၊ ဓားသမားများ၊ ဓားနတ်ဆိုး၊… စသည်တို့ဖြစ်ကြလေသည်။ 

ချက်ချင်းပင် မှော်နန်းတော်သခင်မ၏ဘေးပတ်လည်၌ ပုံရိပ်များဖြင့်ဝန်းရံသွားပြီး စစ်တပ်ကြီးတစ်တပ်ကဲ့သို့ ရှိနေလေသည်။ အနှိုင်းမဲ့သော‌ ကြောက်မက်ဖွယ်စွမ်းအင်များကို ထုတ်လွှတ်နေလျက် မှော်နန်းတော်သခင်မ၏ အမိန့်အောက်၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များကို ဆောင်ကြဉ်းနေ၏။

ကျန်းထျန်းလင်နှင့် မှော်နန်းတော်သခင်မတို့မှ စတင်လှုပ်ရှားခဲ့ပြီးနောက် ယွမ်ဝူလင်နှ့င် အခြားထျန်းကျွင်းအဆင့်ကျင့်ကြံသူများသည်လည်း အင်အားကြီးမားစွာသော တိုက်ကွက်များ အသီးသီးထုတ်လွှတ်ကြ၍ ယဲ့မုချင်ကို ဦးတည်တိုက်ခိုက်ကြသည်။

ယဲ့မုချင်သည် အရပ်မျက်နှာအသီးသီးမှ ‌အင်အားကြီးမားလှစွာသော စွမ်းအင်ကြီးများဖြင့် ဝန်းရံတိုက်ခိုက်ခြင်းကို ခံယူလိုက်ရသည်။ တိုက်ပွဲတည်နေရာရှိ လေဟာပြင်မှာ ကြေးမုံတစ်ချပ်အလား ကွဲအက်‌ကြေမွလာခဲ့ကာ ၎င်းအက်ကွဲကြောင်းများ၏ အလယ်ဗဟို၌ ယဲ့မုချင်ရှိနေ၏။ အက်ကွဲကြောင်းများသည် ယဲ့မုချင်ကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့အက်ကွဲနေခဲ့သည်။

ထိုမျှသောအင်အားကြီးသည် ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံသူကို လက်မှိုင်ချစေနိုင်စွမ်း၏။

“နတ်ဘုရားအမိန့်ပြန်တမ်း! မြဲမြဲတောင့်ခံထား!”

ယဲ့မုချင်၏ ကျက်သရေတင့်တယ်သော မျက်နှာထက်၌ ပထမဆုံးအကြိမ်အဖြစ် တည်ကြည်လေးနက်လွန်းသော အမူအရာဖြစ်ပေါ်လာခဲ့သည်။ သူမသည် လက်တစ်ဖက်တည်းဖြင့် မဟုတ်တော့ဘဲ ယင်ကျွယ့်တံဆိပ်ပြားကို လက်နှစ်ဖက်လုံးဖြင့် ဆုပ်ကိုင်ခုခံနေခြင်းဖြစ်သည်။ ယင်ကျွယ့်တံဆိပ်ပြားကို လှုပ်ရှားခြင်းဖြင့် စွမ်းအင်များ အဆက်မပြတ် ထွက်ပေါ်ခုခံနေခဲ့သည်။

ဟမ်!

ယဲ့မုချင်ထံမှ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ယဲ့မုချင်၏ဘေးပတ်လည်၌ ပုံရိပ်လေးခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်လေးခုသည်လည်း အဖြူ၊အမည်းများ ဖြစ်ကြသည်။ ကွာခြားချက်မှာ ထိုပုံရိပ်လေးခု၏အလယ်ဗဟိုရှိ စကားလုံးသည် ‘ရှို့’စကားလုံးဖြစ်နေခြင်း ဖြစ်သည်။

ဘုန်း!

ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦး၏ စွမ်းအင်များသည် ၎င်းပုံရိပ်လေးခုသို့ ညှာတာခြင်းအလျဉ်းမရှိစွာ ထိခတ်သွား၏။ နားကွဲလုမတတ်သောပေါက်ကွဲသံကြီး မြည်ဟီးသွားခဲ့သည်။ ကြောက်မက်ဖွယ်အသံလှိုင်းကြီးသည် အဝေးသို့တိုင် ရိုတ်ခတ်သွားလေရာ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများမှာ မြေပြင်သို့ လဲကျလုနီးဖြစ်သွားရသည်။ ရှန်ရှန့်ကျုံဂိုဏ်း အကာအကွယ်စည်းကြောင့်သာ မဟုတ်ပါလျှင် ၎င်းကြောက်မက်ဖွယ်အဟုန်သည်ပင် သူတို့ကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်စွမ်း၏။

အင်အားစုကြီး၆စုကို ခုခံတိုက်ခိုက်နေရသည့် ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများသည်လည်း ကြောက်မက်ဖွယ်အဟုန်၏ရိုက်ခတ်မှုကြောင့် အနည်းငယ်ပြေလျော့သက်သာသွားရသည်။

၎င်းအဟုန်သည် သူတို့ကို မသက်မသာဖြစ်စေသည်မှာ မှန်ပါသော်ငြား အင်အားစု၆စု၏ကျင့်ကြံသူများမှာ ပို၍ မသက်မသာခံစားရလေသည်။ ခြုံငုံလိုက်ပါလျှင် ၎င်းအင်အားစု၆စု၏ ကျင့်ကြံသူများ၌ ထျန်းကျွင်းအဆင့်သို့ ရောက်ရှိပြီးသူဟူ၍ မရှိသည်မဟုတ်ပါလော။

အင်အားပူး‌ေပါင်း၍ အချိန်မီ မတုံ့ပြန်နိုင်ပါလျှင် ၎င်းအဟုန်သည် သူတို့ကို ဒဏ်ရာရစေနိုင်သည်။ ၎င်းအဟုန်၏ ကြားဝင်နှောင့်ယှက်မှုကြောင့် ဧကရီမေသုရှားတို့ကို အင်တိုက်အားတိုက် မတိုက်ခိုက်နိုင်ကြတော့ချေ။ သို့ဖြင့် ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စု ဒါ‌ဇင်ကျော်ခန့်မျှသည် အင်အားစု၆စုကို အဆင်ပြေချောမွေ့စွာ ခုခံတိုက်ခိုက်နိုင်ရသည်။

သေချာပေါက်ပင် ၎င်းခုခံနိုင်စွမ်းသည်လည်း ယာယီအတွက်သာ ဖြစ်ပါ၏။ ဧကရီမေသုရှားတို့မှ အနိုင်ကတ်တစ်ကတ်ကို ထုတ်မသုံးနိုင်ပါလျှင် သို့မဟုတ် မတော်တဆဖြစ်ရပ် တစ်ခုခု မဖြစ်ပွားပါလျှင် အဆုံးတွင်တော့ ယဲ့မုချင်ဖြစ်စေ၊ ဧကရီမေသုရှားဖြစ်စေ ၎င်းအင်အားစု၆စုကို ခုခံတားဆီးနိုင်တော့မည် မဟုတ်ပေ။

ဘုန်း!

ပြင်းထန်‌လှစွာသော စွမ်းအင်လှိုင်းလုံးကြီးများ ရိုက်ခတ်သွားပြီး လေဟာပြင်သည်လည်း အထက်သို့ ပင့်မြှောက်ခံလိုက်ရသည်။ လေဟာပြင်ကြီးမှာ ကုန်းမြေတစ်ခုကဲ့သို့ အစိတ်စိတ်အမွှာမွှာဖြင့် အထက်သို့လွင့်စင်တက်သွားရကာ သုသာန်တစပြင်ကြီးအလား ဖြစ်နေတော့သည်။

ဤကြောက်ခမန်းလိလိသော ပေါက်ကွဲမှု၌ ပုံရိပ်လေးခုသည် ယဲ့မုချင်ကို တင်းတင်းကြပ်ကြပ် စောင့်ရှောက်ကာကွယ်ပေးထား၏။ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦး၏ တစ်ပြိုင်နက်တိုက်ခိုက်မှုသည်ပင် ယဲ့မုချင်၏ ခုခံကာကွယ်မှုကို မဖြိုခွင်းနိုင်ခဲ့ချေ။

မည်သို့ပင်ဖြစ်စေ ယဲ့မုချင်အား သက်ရောက်မှုအလျဉ်း မရှိခဲ့ခြင်းငှာ မဖြစ်နိုင်လေရာ ယဲ့မုချင်၏မျက်နှာမှာ သိသိသာသာ ဖြူဖျော့နေတော့သည်။

သို့သော် ထိုမြင်ကွင်းကြောင့် ကျန်းထျန်းလင်နှင့် အခြားသူများသည်လည်း မှုန်မှိုင်းသွားကြ၏။ ဤတစ်ကြိမ်၌ ကျန်းထျန်းလင်တစ်ဦးတည်းသာ တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ ထျန်းကျွင်းအဆင့်၁၈ဦးမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ‌သို့သော်ငြား ယဲ့မုချင်ကို ဒဏ်ရာအပြင်းအထန် မရစေနိုင်ခဲ့ချေ။ ယဲ့မုချင်၏အင်အားကြောင့် ကျန်းထျန်းလင်နှင့် အခြားသူများမှာ တစ်ဖန် အေးစိမ့်သွားရလေသည်။

All Chapters