← Chapters

မဟာပဏ္ဍိတကြီး ဤလောကသို့ဆင်းသက်လာပြီ!

Vol. 28 Ch. 386

မဟာပဏ္ဍိတကြီး ဤလောကသို့ဆင်းသက်လာပြီ!

Vol. 28 Ch. 386

Translator - Hsue Htet 

ကျန်းထျန်းလင်နှင့် အခြားသူများမှာ ထုံထိုင်းလေးကန်သွားရ၏။ ယဲ့မုချင်၏အင်အားသည် သူတို့၏လောကအမြင်ကို အကြိမ်တိုင်း ယိမ်းယိုင်စေခဲ့သည်။ သူတို့အားလုံးသည် ယဲ့မုချင်ကို မိစ္ဆာတစ်ကောင်အလား အချိန်ခဏမျှ ငေးကြောင်ကြည့်နေမိကြလေသည်။

ဘယ်လိုလုပ်ပြီး လောကမှာ ဒီလိုအင်အားကြီးမားတဲ့တည်ရှိမှုမျိုး ရှိနေရတာလဲ?

ကျန်းထျန်းလင်နှင့် အခြားသူများမှာ တကယ်ကို တွေးဆနိုင်စွမ်းကင်းမဲ့နေရပါ၏။

ယွမ်ဟွားကောင်းကင်နယ်မြေ၏ အင်အားအကြီးမားဆုံးသော ထျန်းကျွင်းအထွတ်အထိပ်အဆင့်ပုဂ္ဂိုလ်သည် သူတို့၏၁၈ဦးပူးပေါင်းတိုက်ခိုက်မှုကို ခုခံကောင်း ခုခံနိုင်၏။ သို့သော် ဒဏ်ရာအသေးစားလေး ရရှိရုံမျှဖြင့် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။ အနည်းဆုံးတော့ ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဖြစ်၏။

“မင်းတကယ်ပဲ ဘယ်သူလဲ?”

ကျန်းထျန်းလင်သည် ယဲ့မုချင်ကို အာရုံစူးစိုက်ကြည့်လျက် တည်ကြည်လေးနက်စွာပြော၏။

“ရှင်တို့သိဖို့ မထိုက်တန်ဘူး!”

ယဲ့မုချင်သည် ကျန်းထျန်းလင်ကို တစ်ချက်ပင်မကြည့်ပါဘဲ လှောင်ရယ်၏။ သူမ၏မျက်နှာလှလှလေးမှာ တည်ငြိမ်အေးဆေးမှုတို့ဖြင့်သာ ပြည့်နှက်နေလေသည်။

ထျန်းကျွင်းအဆင့်၁၈ဦး၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သူမှာ သာမန်လူတစ်ဦးဖြစ်ပါလျှင် ကောင်းကင်ဘုံထိတိုင် ဂုဏ်ယူဝံ့ကြွားနေလိမ့်မည်ဖြစ်သည်။ သို့သော် ယဲ့မုချင်မှာမူ ၎င်းမှာ သမာရိုးကျ‌သော ဖြစ်သင့်ဖြစ်ထိုက်သည့်အရာအလား တည်ငြိမ်အေးဆေးနေလေသည်။

“မင်းက တကယ်အင်အားကြီးမားပါတယ်။ ဒါပေမဲ့ မင်းက တစ်ယောက်တည်းလေ”

ကျန်းထျန်းလင်သည် ယဲ့မုချင်ကို စေ့စပ်စွာကြည့်နေလျက် ရိုင်းပျစွာ လှောင်ရယ်၏။ သူ၏မျက်နှာမှာ အရုပ်ဆိုးအကျည်းတန်လှသည်။

“သူ့ကို ချောင်ပိတ်တိုက်မယ်! ကျန်တဲ့သူတွေကို တတ်နိုင်သမျှမြန်မြန် အကုန်သတ်ပစ်လိုက်!”

ကျန်းထျန်းလင်သည် ထျန်းကျွင်းအဆင့်ကျင့်ကြံသူများကို ဦးစွာပြောလိုက်ပြီးနောက် အောက်ဘက်ရှိ အင်အားစု၆စုကို အမိန့်ပေး၏။

“မိုးကြိုးနဂါးပိတ်‌လှောင်အစီအရင်!”

စကားဆုံးသည်နှင့် ကျန်းထျန်းလင်သည် ဟိန်းဟောက်လျက် ကောင်းကင်မိုးကြိုးအစီအရင်၏ ဒုတိယအစီအရင်ကို ထုတ်လွှတ်လေသည်။ ၎င်းအစီအရင်သည် လူကို မိုးကြိုးသွားများဖြင့် ချောင်ပိတ်ထားရာ ပြေးထွက်ပုန်းကွယ်နိုင်ဖွယ် မရှိချေ။

ဘုန်း!

မိုးကြိုး၏ နားကွဲလုမတတ်သောအသံကြီး ပေါက်ကွဲထွက်လာခြင်းနှင့်အတူ ကောင်းကင်မှ မိုးကြိုးသွား၇သွယ် ဆင်းသက်လာခဲ့သည်။ ဧရာမမိုးကြိုးသွားကြီးသည် သိပ်သည်းလှသောမိုးကြိုးတို့ဖြင့် ဖုံးလွှမ်းနေလျက် ကြောက်ခမန်းလိလိသော စွမ်းအင်လှိုင်းလုံးကြီးများသည် လူအားလုံးကို ထိတ်လန့်တုန်လှုပ်စေ၏။

ယဲ့မုချင်သည် မိုးကြိုးခုနစ်သွယ်၏ ဝန်းရံခံရသည့်အပြင် မှော်နန်းတော်သခင်မနှင့် အခြားသူများမှလည်း ၎င်းမိုးကြိုးအစီအရင်သို့ စွမ်းအင်ပေါင်းစည်းကြလေရာ မိုးကြိုးနဂါးပိတ်လှောင်အစီအရင်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမား‌သွားတော့သည်။

တစ်ပြိုင်နက်တည်း၌ အောက်ဘက်ရှိ အင်အားစု၆စုသည်လည်း ဧကရီမေသုရှားတို့ကို အပြင်းအထန် တိုက်ခိုက်လာတော့၏။ ကျန်းထျန်းလင်တို့၏ တိုက်ပွဲမှ ကြားဝင်နှောင့်ယှက်မှု မရှိလေရာ အင်အားစု၆စု၏ ကျင့်ကြံသူများသည် အင်တိုက်အားတိုက် တိုက်ခိုက်နိုင်ကြလေသည်။ မျက်တောင်တစ်ခတ်မျှသော အချိန်အတွင်း၌ပင် ‌ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများမှာ မထိန်းချုပ်နိုင်ဘဲ ဖြစ်လာရတော့သည်။

ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုသည် ဟုန်မန့်နတ်ဘုရားနယ်မြေ၏ ကျင့်ကြံသူများဖြစ်ခဲ့ကြသော်ငြား လက်ရှိတွင်မူ နတ်မင်းနယ်ပယ်အဆင့်သာ ဖြစ်ကြလေသည်။ တိုက်ခိုက်ချေမှုန်းစွမ်းရည်သည် အမှန်တကယ် အင်အားကြီးမားကြ၍ နတ်မင်းနယ်ပယ်အဆင့်၏ကျင့်ကြံသူ တစ်ဦး၊နှစ်ဦးမျှသည် သူတို့၏ပြိုင်ဘက် မဟုတ်ပေ။ သို့သော် ထျန်းကျုံအဆင့်ရာချီနှင့် ထျန်းဝူ၊ ထျန်းရှင်းအဆင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်နေရာလေရာ အဘယ်သို့များ ခုခံနိုင်ပါတော့အံ့နည်း။

တိုက်ပွဲမှာ အတော်လေး အန္တရာယ်များလာချေပြီ။

မိုးကြိုးနဂါးပိတ်လှောင်အစီအရင်ဖြင့် ပိတ်လှောင်ခံလိုက်ရသော ယဲ့မုချင်သည် မျက်မှောင်ကြုတ်လိုက်၏။ ကျန်းထျန်းလင်နှင့် အခြားသူများသည် သူမကို ဝန်းရံတိုက်ခိုက်ခြင်းမှ ချောင်ပိတ်တိုက်ခိုက်ခြင်းသို့ ‌အစီအစဉ်ပြောင်းလဲသွားမည်ဟု ယဲ့မုချင် မျှော်လင့်မထားခဲ့ပေ။

ကနဦး၌ ယဲ့မုချင်သည် သူမနှင့် ကျန်းထျန်းလင်တို့၏တိုက်ပွဲကို အသုံးချ၍ အောက်ဘက်ရှိ အင်အားစု၆စုကို ကြားဝင်နှောင့်ယှက်ခြင်းဖြင့် ဧကရီမေသုရှားတို့အတွက် ဖိအားလျှော့ချပေးလိုခြင်း ဖြစ်သည်။ အင်အားစု၆စုကို ‌အနည်းငယ်နှောင့်နှေးစေနိုင်လျှင် ဧကရီမေသုရှားတို့၏အင်အားမှာ အင်အားစု၆စုကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်စွမ်းရှိ၏။

သို့သော် သူမ၏အကြံအစည်ကို ကျန်းထျန်းလင်တို့မှ သိရှိသွားခဲ့လေပြီ။ သို့တည်းမဟုတ် သူမ၏အင်အားကြောင့် ကျန်းထျန်းလင်တို့မှ ကြောက်လန့်သွားခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ဧကရီမေသုရှားတို့ကို ဦးစွာသတ်ဖြတ်၍ သူမနှင့် ဖြေးဖြေးချင်း ရင်ဆိုင်ရန် အစီအစဉ်ပြောင်းလဲလိုက်ခြင်း ဖြစ်မည်။

သူမ၏ဘေးပတ်လည်ရှိ မိုးကြိုးခုနစ်သွယ်ကို ယဲ့မုချင် ကြည့်လိုက်သည်။ သူမ၏မျက်လုံးလှလှများမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းအချို့တောက်ပသွား၏။ တစ်ချက်ကြည့်ရုံဖြင့်ပင် ဤမိုးကြိုးခုနစ်သွယ်၏ အားနည်းချက်ကို မြင်တွေ့နိုင်ခဲ့သည်။ သို့သော် ထျန်းကျွင်းအဆင့်၁၈ဦးမှ အင်အားပေါင်းစည်းထားလေရာ အားနည်းချက်မှသည် အနှိုင်းမဲ့အင်အားကြီးမားသွားခဲ့သည်။ သူမ၏ ထျန်းကျွင်းအထွတ်အထိပ်အဆင့် ကျင့်ကြံမှုဖြင့် ဤမိုးကြိုးနဂါးပိတ်လှောင်အစီအရင်ကို အချိန်တိုအတွင်း မဖြိုခွင်းနိုင်ပေ။

ကျန်းထျန်းလင်တို့မှ ဝန်းရံတိုက်ခိုက်ခြင်းကိုမူ သူမ၏ ထျန်းကျွင်းအထွတ်အထိပ်အဆင့်ကျင့်ကြံမှုနှင့် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအင်တို့ဖြင့် ကျန်းထျန်းလင်တို့အား ဖြေးဖြေးချင်း သတ်ဖြတ်ရန် လုံလောက်၏။ သို့သော် သူမကို ပိတ်လှောင်လိုက်ပါလျှင် နည်းလမ်းမရှိတော့ပေ။

ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းထဲရှိ မဟာနတ်ဆိုးရွှမ်ရှသည် အင်အားစု၆စု၏ အဆက်မပြတ် အပြင်းအထန်တိုက်ခိုက်ခြင်း ခံနေရသော ဧကရီမေသုရှားကို ကြည့်ရင်းဖြင့် နှလုံးသားမှာ အလွန်အမင်း နာကျင်နေရလေသည်။ သူ၏ကျားမျက်လုံးများမှာ အလွန်အမင်း နီမြန်းနေကာ ခန္ဓာကိုယ်မှာ ပို၍အေးစက်လာနေသည်ကို မထိန်းချုပ်နိုင်စွမ်းချေ။ မဟာနတ်ဆိုးရွှမ်ရှမှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုခြင်းအငွေ့အသက်များကြောင့် ဘေးရှိ ဝမ်ချုံးယန်နှင့် အခြားသူများပင်လျှင် တုန်လှုပ်လာရ‌ေလသည်။

မဟာနတ်ဆိုးရွှမ်ရှ ရှန်ရှန့်ကျုံဂိုဏ်းသို့ ဝင်ရောက်ခဲ့ချိန်မှစတင်၍ ဤသည်မှာ မဟာနတ်ဆိုးရွှမ်ရှ၏ ဤသို့သောပုံစံကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းဖြစ်ပါ၏။ မဟာနတ်ဆိုးရွှမ်ရှ၏ ယခုပုံစံမှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ 

မဟာနတ်ဆိုးရွှမ်ရှ၏မျက်နှာမှာ တင်းမာခက်ထန်နေကာ လက်သီးကို တင်းတင်းဆုပ်လိုက်၊ ပြန်လည်ဖြေလျော့လိုက်လုပ်နေ၏။ အကြိမ်ပေါင်းများစွာ ထိုသို့ပြုမူနေပြီးနောက်တွင် မထိန်းချုပ်နိုင်စွာဖြင့် ပြေးထွက်သွားချင်မိရသည်။ သူ၏ကျင့်ကြံမှုအခြေခံသည် မလုံလောက်လျှင်သော်မှ ပြေးထွက်သွားချင်နေမိ၏။

ငါကြိုးစားနိုင်တယ်!

မိမိ နှစ်သက်သဘောကျရသော မိန်းကလေးသည် လက်နက်လူသူဖြင့် ဝန်းရံခံထားရပြီး မိမိ၏အသက်ကိုလည်း ဆုံးရှုံးနိုင်သည့် အခြေအနေဖြစ်၏။ ဤသို့သောနာကျင်မှုကို မ‌ကြုံတွေ့ဖူးလျှင် နားမလည်နိုင်ပေ။

လူကို ရူးသွပ်အောင် ညှဉ်းပန်းနှိပ်စက်နေခြင်းမျိုးဖြစ်၏။

သူ၏စိတ်နှလုံးထဲ၌ ဧကရီမေသုရှား ပြောခဲ့သည့်စကားလုံးများ ပဲ့တင်ထပ်နေခြင်းကြောင့် သူ၏ဒေါသနှင့် သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ကို အတင်းအကြပ် ထိန်းချုပ်မထားပါလျှင် မဟာနတ်ဆိုးရွှမ်ရှသည် ပြေးထွက်သွားပြီး ရွပ်ရွပ်ချွံချွံတိုက်ခိုက်နေလောက်ပေပြီ။

“ချုံးယန် ရှန်ရှန့်ကျုံရဲ့ ဂိုဏ်းတပည့်တွေကို သေချာဂရုစိုက်ပါ!”

ဧကရီမေသုရှားမှာ တစ်ဖန် နောက်သို့လွင့်သွားရသည်ကို မြင်သောအခါ နောက်ဆုံး‌တွင်တော့ မဟာနတ်ဆိုးရွှမ်ရှ၏ နောက်ဆုံးကျန်ရစ်သည့် ဆင်ခြင်မှုအသိလေးမှာ ပျောက်ကွယ်သွားလေတော့သည်။ မဟာနတ်ဆိုးရွှမ်ရှသည် ကြမ်းကြုတ်ခက်ထန်ခြင်းနှင့် ဒေါသမာန်ဟုန်တို့ ပျောက်ဆုံးသွားကာ တည်ငြိမ်နေ၏။ ထို့နောက် ဝမ်ချုံးယန်သို့လှည့်၍ ခပ်သာသာပြောခဲ့သည်။

ဝမ်ချုံးယန်သည် ပါးစပ်ဟ၍ တစ်စုံတစ်ရာပြောရန် ဟန်ပြင်လိုက်သော်ငြား မဟာနတ်ဆိုးရွှမ်ရှ၏ အခြေအနေကိုမြင်သောအခါ ဆိတ်ဆိတ်နေလိုက်တော့သည်။

ဘုန်း!

မဟာနတ်‌ဆိုးရွှမ်ရှသည် အင်အားအလုံးစုံပေါက်ကွဲထုတ်လွှတ်လျက် နတ်ဆိုးဘုရင်ကြီးအလား နတ်ဆိုးစွမ်းအင်များဖြင့် လွှမ်းခြုံနေသည်။ ထျန်းတန့်အဆင့်ကျင့်ကြံမှုအခြေခံသည် ‌ခြွင်းချန်ညှာတာခြင်းမရှိ ပေါက်ကွဲဖြာထွက်လျက် လူခန္ဓာမှာ မှော်စွမ်းအင်ဓားတစ်လက်ကဲ့သို့ အလွန်လျင်မြန်လှသော အရှိန်နှုန်းဖြင့် တိုက်ပွဲအတွင်းသို့ တစ်ဟုန်ထိုးပြေးဝင်သွားလေသည်။

ဘုန်း!

မည်သို့ပင်ဖြစ်စေ ခဏကြာပြီးနောက်၌ မဟာနတ်ဆိုးရွှမ်ရှမှာ အမြှောက်ဆန်တစ်ခုကဲ့သို့ လွင့်ထွက်သွားရလေသည်။ ဖြတ်သန်းသွားရာ လေဟာပြင်တစ်လျှောက်၌ သွေးပွက်ပွက်ပက်ဖျန်းလျက် ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းရှေ့သို့ ပြုတ်ကျသွားရ၏။ ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းတစ်ခုလုံးမှာ လန့်ဖျပ်သွားရလေသည်။

မဟာနတ်ဆိုးရွှမ်ရှသည် ကျားရိုင်းတစ်ကောင်ကဲ့သို့ အပြင်းထန်ဆုံးအခြေအနေသို့ ပေါက်ကွဲ၍ တိုက်ခိုက်ခဲ့သော်ငြား အသုံးမဝင်ပေ။

မည်မျှအင်အားကြီးမားသည်ဖြစ်စေ မဟာနတ်ဆိုးရွှမ်ရှသည် ထျန်းတန့်အဆင့်သာ မဟုတ်ပါလော။ အင်အားစု၆စု၏ အနိမ့်ဆုံးအဆင့်ကျင့်ကြံမှုမှာ ထျန်းရှင်းအဆင့်ဖြစ်သည်။ မဟာနတ်ဆိုးရွှမ်ရှထက် တစ်ဆင့်မြင့်မား၏။ သို့ဖြစ်၍ မဟာနတ်‌ဆိုးရွှမ်ရှမှာ အင်အားစု၆စု၏ ကျင့်ကြံသူတစ်ဦးဖြင့်ပင် မတိုက်နိုင်ပါချေ။ မည်သူမျှလည်း မဟာနတ်ဆိုးရွှမ်ရှကို တိုက်ခိုက်ခဲ့ခြင်း မဟုတ်ပေ။ အင်အားစု၆စု၏ ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်ဦးမှ တစ်စုံတစ်ရာမူမမှန်ဟု ခံစားမိသောကြောင့် လက်ဝှေ့ယမ်းလိုက်ရာတွင် မဟာနတ်ဆိုးရွှမ်ရှမှာ ဤသို့ လွင့်ပျံထွက်သွားရခြင်း ဖြစ်လေသည်။

“ရူးနေလား ပြန်သွားစမ်း!”

ကျင့်ကြံသူဒါဇင်ကျော်၏ ဝန်းရံတိုက်ခိုက်ခြင်းခံနေရသော ဧကရီမေသုရှားသည် ယိုင်တိယိုင်တိုင်ဖြင့် တိုက်ပွဲအတွင်းသို့ ပြန်လျှောက်လာနေသည့် မဟာနတ်ဆိုးရွှမ်ရှကို မြင်သောအခါ သူမ၏မျက်နှာလှလှလေးမှာ ပြောင်းလဲသွားရလျက် ဒေါသတကြီး ကြိမ်းမောင်းလေသည်။

မည်သည့်အ‌ခြေအနေ၌ဖြစ်စေ အေးစက်လွန်းလှသည့် ဧကရီမေသုရှားမှာ ဤအခိုက်အတန့်တွင်တော့ မဟာနတ်ဆိုးရွှမ်ရှအား ဒီလောက်အသိစိတ်လွတ်အောင် ဘယ်လောက်တောင်သောက်ထားလဲဟု သွားမေးချင်လှသည်။

ထျန်းတန့်အဆင့်ကျင့်ကြံသူမှ ထျန်းရှင်းအဆင့်နှင့်အထက် ကျင့်ကြံသူတစ်သောင်း၏ တိုက်ပွဲအတွင်းသို့ ပြေးဝင်လာခြင်းမှာ သေဖို့တောင်းဆိုနေခြင်းသာ မဟုတ်ပါလော။

“ကျုပ်က ယောက်ျားသားဗျ။ မင်းတစ်ယောက်တည်း လူတွေအများကြီး ဝိုင်းတိုက်ခိုက်ခံနေရတာကို ကြည့်မနေနိုင်ဘူး!”

“ကျုပ်ရဲ့ကျင့်ကြံမှုအခြေခံက အားနည်းပေမယ့် အသက်ရှင်နေသေးတာပဲ။ အသက်မသေသေးသ၍တော့ မင်းရဲ့ဆံချည်မျှင်တစ်မျှင်ကို ထိပါးရင်တောင်မှ ကျုပ်တိုက်ခိုက်ရမှာပဲ!”

မဟာနတ်‌ဆိုးရွှမ်ရှသည် အင်အားစု၆စု၏ ကျင့်ကြံသူများကို တင်းမာခက်ထန်စွာကြည့်လျက် ကြုံးဝါး၏။

အင်အားစု၆စုအတွက်မူ သူ၏ထိုစကားများမှာ အရူးစကားများဖြစ်၏။ ဘယ်လိုမှကို ကျိုးကြောင်းမဆီလျော်နေပေ။ ထျန်းတန့်အဆင့်လေးနဲ့များ သူတို့နှ့င့် သူသေကိုယ်သေ တိုက်ခိုက်ချင်နေသေးသည်။ ‌ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများကို တိုက်ခိုက်နေရခြင်းကြောင့် မဟုတ်ပါလျှင် သူတို့အားလုံးမှာ မထိန်းချုပ်နိုင်စွာဖြင့် အူလှိမ့်ရယ်မောမိလောက်ပါ၏။

ထိုစကားများကို ဧကရီမေသုရှား ကြားလိုက်ရသောအခါ နားထဲတွင် မိုးခြိမ်းသံမြည်ဟီးသွားသည့်အလား ခံစားလိုက်ရသည်။ ဧကရီမေသုရှားဟူသော သရဖူကို ဆက်ခံခဲ့ပြီးချိန်မှစတင်၍ သူမကို ထိုသို့ပြောဆိုဝံ့သူဟူ၍ တစ်‌ဦး‌တစ်ယောက်ပင် မရှိခဲ့ဖူးချေ။

ဒါက အချစ်များလား? ဘာလို့ ငါ့နှလုံးသားက တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်တစ်မျိုးကို ခံစားနေရပါလိမ့်?

ဧကရီမေသုရှားသည် စိတ်ရှုပ်ထွေးနေရင်းဖြင့်ပင် သူမထံပြေးဝင်လာနေသည့် ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်ဦးကို မှော်စွမ်းအင်ဖြင့် ကျောက်ရုပ်အဖြစ်သို့‌ ပြောင်းလဲလိုက်သည်။

သို့သော် ထိုစိတ်ရှုပ်ထွေးမှုမှာ အချိန်ခဏသာ ကြာမြင့်လိုက်၏။ စက္ကန့်ပိုင်းမျှကြာပြီးနောက် အေးစက်သည့်ဧကရီတစ်ပါးအဖြစ်သို့ ပြန်လည်ရောက်ရှိသွား၍ မဟာနတ်ဆိုးရွှမ်ရှကို အေးစက်စွာ စူးစိုက်ကြည့်လျက် ဒေါသတကြီးပြောလိုက်သည်။

“မြန်မြန်သွားစမ်းပါ! ငါသူတို့ကို သတ်ချင်ရင် အချိန်မရွေးသတ်လို့ရတယ်။ ဒီနေရာက ရှင် အလွမ်းပြဇာတ်,ကပြရမယ့် နေရာမလို့လား!”

ဝါးး ရက်စက်လိုက်တာ!

မဟာနတ်ဆိုးရွှမ်ရှမှာ ကြောင်အမင်သက်သွားကာ နာခံစွာဖြင့် နောက်ပြန်ဆုတ်သွားလေသည်။ 

ဘုရားရေ.. ဧကရီမေသုရှားက ငါ့ရဲ့အကြံအစည်တွေကို အကုန်ဖောက်ထွင်းမြင်နိုင်တာပဲ။ အရမ်းထက်မြက်လွန်းတာ မဟုတ်ဘူးလားကွာ?!

ခုနကပြောခဲ့သည့်စကားများကို မဟာနတ်ဆိုးရွှမ်ရှသည် အတည်ပြောခဲ့ခြင်းဖြစ်ပါ၏။ ဂရုတစိုက်လည်း တွေးတောဆင်ခြင်ခဲ့ပါသေးသည်။

ငါက ဘယ်သူမလို့လဲ? ဂိုဏ်းချုပ်ကတော်က လေ့ကျင့်ပေးထားတဲ့ ရှန်ရှန့်ကျုံဂိုဏ်း အပြင်စည်းအကြီးအကဲလေ။ ဂိုဏ်းချုပ်ကတော်နဲ့ ဧကရီမေသုရှားတို့ရဲ့ ကိစ္စတွေကိုကိုင်တွယ်တဲ့ မှန်းဆဖို့နက်နဲတဲ့နည်းလမ်းတွေကို မသိဘဲရှိမတဲ့လား? အဲဒါကိုတောင်မှ သူပြေးထွက်သွားခဲ့တာ။

ဘာကြောင့်ဖြစ်ရမလဲ?

ဧကရီမေသုရှားရဲ့ ရင်ထဲက ရေခဲတုံးကြီးကို အရည်ဖျော်ပစ်ဖို့ပဲ မဟုတ်လား?

အမျိုးသမီးထောင်သောင်းချီ၏‌ သွေးဆောင်ဖျားယောင်းခံရဖူးသော မဟာနတ်‌ဆိုးရွှမ်ရှသည် ရေခဲတုံးကြီးကို အရည်ဖျော်လိုပါလျှင် ရှက်သွေးဖြာရန် စွမ်းဆောင်ရုံသာမက ရိုးသားမှုကိုလည်း ပြသပေးရန်လိုအပ်ကြောင်းကို ကောင်းကောင်းသိထားပါ၏။

ဧကရီမေသုရှား၏ ရှေ့မှောက်တွင် သေဆုံးလိုသည်မှာ စိတ်ရင်းမှန်ဖြစ်သည်။ ဧကရီမေသုရှားမှ ဝန်းရံတိုက်ခိုက်ခံနေရသည်ကို မကြည့်ရက်သည်မှာလည်း စိတ်ရင်းမှန်ဖြစ်သည်။ ဤအခြေအနေကို အခွင့်ကောင်းယူ၍ ‌ဧကရီမေသုရှားထံမှ အကျိုးအမြတ်ရယူလိုသည်မှာလည်း စိတ်ရင်းမှန်ဖြစ်ပါ၏။ မဟာနတ်ဆိုးရွှမ်ရှမှ နောက်ပြန်လှည့်သွားပြီးနောက်တွင် ဧကရီမေသုရှား၏ မျက်နှာထက်၌ ကြည်နူးခြင်းကိုဖော်ဆောင်သော အပြုံးတစ်ခု ဖြစ်တည်သွားခဲ့သည်ကိုမူ မဟာနတ်ဆိုးရွှမ်ရှ မမြင်လိုက်ပါချေ။

“ဧကရီ ဒီနေရာကို ငယ်သားတွေနဲ့ ထားရစ်ခဲ့ပါ။ သခင်မ ပိတ်မိနေတယ်။ ဒီလိုဆက်သွားနေရင် သူတို့ကို သတ်ပစ်နိုင်မှာ မဟုတ်ဘူး!”

ထိုအခိုက်အတန့်၌ ဧကရီမေသုရှား၏နားထဲသို့ အသံတစ်ခု တိုးဝင်လာခဲ့သည်။ အသံ‌ပို့ဆောင်လာသည့် အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြီးအကဲကို လှမ်းကြည့်လိုက်ပြီး မျက်နှာမှာလည်း မှုန်မှိုင်းသွားရသည်။

တကယ့်ကို လက်ရှိအခြေအနေ‌တွင် စွမ်းအင်အဆုံးစွန်‌ေပါက်ကွဲရန် လူတစ်ယောက် မစေလွှတ်ပါလျှင် ဤလူအုပ်စုကို မည်သို့မျှ ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။ သို့မဟုတ်ပါက မိမိတို့မှာ အသက်ဆုံးရှုံးရပေလိမ့်မည်။

သို့သော် စွမ်းအင်အစွမ်းကုန်ပေါက်ကွဲစေခြင်းဟူသည် ဖျက်‌ဆီးခြင်းနှင့် ထပ်တူညီ၏။ လက်ရှိကာလ၌ ကျန်ရစ်သည့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုမှာ အရေအတွက် မများလှပေ။ တစ်ဦးတစ်ယောက်တိုင်းသည် တန်ဖိုးရှိ၏။ ထိုလူတစ်စုအတွက်နှင့် ထိုမျှကြီးမားသောတန်ကြေးကို သူမ, မပေးအပ်လိုပေ။

“အစ်မကြီးတို့ရယ် မင်းတို့က အရမ်းသတ္တိကောင်းတာပဲ! ငါ့မြေးတော်ရဲ့ဂိုဏ်းကိုလာပြီး ရိုင်းပျရဲတယ်လို့!”

ဧကရီမေသုရှားသည် အံကိုတင်းတင်းကြိတ်လျက် အဆုံးစွန်ဖောက်ခွဲဖို့ရာ ဆုံးဖြတ်ချက်ချလိုက်ပြီးသည်တွင် ထူးဆန်းသည့်ရယ်မောသံတစ်ခုသည် လောကတစ်ခွင်၌ ပဲ့တင်ထပ်လာခဲ့၏။ ဧကရီမေသုရှားမှာ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားရသည်။

ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်မှာ ဤရယ်မောသံကဲ့သို့သောအသံ၌ အနှိုင်းမဲ့သော မောက်မာထောင်လွှားမှုများ ပါဝင်နေခြင်းဖြစ်သည်။ ၎င်းရယ်မောသံထွက်ပေါ်လာချိန်တွင် ကမ္ဘာ‌လောကတစ်ခုလုံးမှာ ရုတ်ချည်း တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ထိုအခိုက်အတန့်တွင် လူအားလုံးသည် အလိုအလျောက် ရပ်တန့်သွား၏။ အင်အားစု၆စု၏ ကျင့်ကြံသူများပင်လျှင် ရပ်တန့်သွားကြလေသည်။

၎င်းရယ်မောသံမှအပ အထက်ကောင်းကင်နှင့် ပထိဝီမြေကြီးတွင် မည်သည့်အရှိန်အဝါမျှ တည်ရှိမနေပေ။ သို့သော် နေရာရှိလူအားလုံး၏ ခန္ဓာကိုယ်နှင့်စိတ်နှလုံးတို့မှာ မထိန်းချုပ်နိုင်စွာ တုန်ရီသွားကြရကာ ကြောက်ရွံ့မှုတစ်လွှာသည် သူတို့၏စိတ်နှလုံးကို လွှမ်းခြုံသွား၏။ ကြောက်မက်ဖွယ်အရာကြီးတစ်ခု မွေးဖွားပေါ်ထွက်လာတော့မည်အလား ခံစားနေရပေသည်။

မိုးကြိုးနဂါးပိတ်လှောင်အစီအရင်အတွင်းရှိ ယဲ့မုချင်မှ ၎င်းရယ်မောသံကို ကြားသောအခါ သူမ၏မျက်လုံးလှလှများ၌ အလင်းဖျော့ဖျော့တစ်စ တောက်ပသွား၏။ ချယ်ရီနီနှုတ်ခမ်းလေးများမှ အနည်းငယ်ကွေးညွှတ်သွားလျက် အားတက်သရော အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။

All Chapters