← Chapters

တုတ်တစ်ချောင်းဖြင့် ကမ္ဘာဖျက်ခြင်း။

Vol. 28 Ch. 387

တုတ်တစ်ချောင်းဖြင့် ကမ္ဘာဖျက်ခြင်း။

Vol. 28 Ch. 387

Translator - Hsue Htet 

အခြေအနေပြောင်းပြန်လန်တော့မှာလား?

ဧကရီမေသုရှားနှင့် ကျန်အလောင်းထိန်းချုပ်သူမျိုးနွယ်စုများ မျက်နှာအမူအရာပြောင်းလဲသွားကြသည်။ ထိုအသံကိုနားထောင်ရုံဖြင့် အသံပိုင်ရှင်မှာ ရန်သူမဟုတ်ကြောင်း သိနိုင်၏။ ထို့ပြင် ထိုပုဂ္ဂိုလ်မှာ အလွန်တရာ အင်အားကြီးမားကြောင်း သိနိုင်လေသည်။ ဖြစ်နိုင်သည်မှာ ဤရန်သူအုပ်စုကို မိမိတို့ဘက်မှ တန်ကြေးတစ်ခု မပေးဆပ်ရဘဲနှင့် ဖြေရှင်းနိုင်ကောင်းသည်။

ရှန်ရှန့်ကျုံဂိုဏ်းခြံဝင်းထဲမှ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း မျက်နှာအမူအရာပြောင်းလဲသွားကြသည်။ ဝမ်ချုံးယန်သည် တစ်စုံတစ်ရာ စဉ်းစားမိပုံရ၏။ သူ၏မျက်နှာထက်တွင် မှန်းဆမရနိုင်သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့ပြီး လူသည်လည်း စိတ်ပြေလျော့သွားပုံရသည်။

ဤသို့သော ကပ်ဘေးဆိုက်သည့်အခိုက်အတန့်၌ ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ထွက်လာခဲ့သည်။ ထိုသို့သော တိုက်ဆိုင်လွန်းလှသည့်ဖြစ်ရပ်ကို ဂိုဏ်းချုပ်မှအပ မည်သူများ လုပ်ဆောင်နိုင်ပါအံ့နည်း။

ဂိုဏ်းချုပ်မှ ရှေးဟောင်းနယ်မြေ၏ အကျပ်အတည်းကို မည်သို့သိရှိသွားခဲ့သည်ကို မသိသော်ငြား ဂိုဏ်းချုပ်မှ ပြသခဲ့ဖူးသည့် အံ့အားသင့်ဖွယ်ကိစ္စရပ်များမှာ နည်းပါးလှသည်မှ မဟုတ်ဘဲလေ။

“စိုးရိမ်စိတ်များမနေကြနဲ့! သတ်ပစ်!”

ကျန်းထျန်းလင်၏မျက်နှာမှာ မည်းမှောင်သွား၍ ရပ်‌တန့်နေသည့် အင်အားစု၆စုခေါင်းဆောင်များကို အော်ပြောလိုက်သည်။

အောင်နိုင်ခြင်းသည် မိမိတို့ဘက်သို့ ယိမ်းယိုင်လာချိန်၌ မတော်တဆ ဖြစ်လာခဲ့မည်ဟု ကျန်းထျန်း‌လင် မျှော်လင့်မထားခဲ့ပေ။ ထို့ကြောင့် အင်အားစုများကို ဦးဆောင်သူဖြစ်သည့် ကျန်းထျန်းလင်မှာ အတော်လေး မှုန်မှိုင်းသွားရသည်။

ရှန်ရှန့်ကျုံဂိုဏ်းက ဘယ်လိုအင်အားစုမျိုးလဲ? မပြီးနိုင်မစီးနိုင်ပဲ အင်အားကြီးတဲ့သူ‌ေတွ တစ်ယောက်ပြီးတစ်ယောက်ထွက်လာနေတာ!

မည်သူဖြစ်ပါစေ အင်အားစုကြီး၆စုနှင့် ရင်ဆိုင်ရပါလျှင် သေချာပေါက် ပျက်ဆီးရပေမည်။

ယဲ့မုချင်သည် အမှန်တကယ် အင်အားကြီးမားပြီး ရှန်ရှန့်ကျုံဂိုဏ်းသည် အလွန်ထူးဆန်း၏။ သို့သော် ကျန်းထျန်းလင်နှင့် အင်အားစုခေါင်းဆောင်များသည် မိမိတို့မှ ရှုံးနိမ့်လိမ့်မည်ဟူသော အတွေးမရှိပါချေ။

‌သူတို့မှာ မောက်မာထောင်လွှားခြင်းပေလော? မဟုတ်ရပါ။ ဤသည်မှာ သူတို့၏ အင်အားကြီးမားသည့် မျိုးရိုးစဉ်ဆက် ဆက်ခံမှုအရ ဖြစ်တည်နေသည့် မိမိကိုယ်ကိုယုံကြည်မှုသာ ဖြစ်သည်။

သူတို့သည် ယွမ်ဟွားကောင်းကင်နယ်မြေ၏ ထိပ်တန်းအင်အားစုများဖြစ်သည်။ ယွမ်ဟွားကောင်းကင်နယ်မြေ၌ သူတို့ရပ်တည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။ သူတို့၏နောက်ခံနှင့်အင်အားတို့မှာ အလွန်အင်အားကြီးမား၏။ လျှို့ဝှက်ဆန်းကြယ်သော အင်အားစုကြီးတစ်ခု ရုတ်တရက်ဆန်စွာ ပေါ်ထွက်လာရုံမျှဖြင့် အင်အားစုကြီး၆စုမှာ ကျရှုံးသွားရပါလျှင် သူတို့သည် ယနေ့အချိန်ကာလ၏ လက်ရှိအခြေအနေထိ ကြီးပွားအားကောင်းလာခဲ့မည် မဟုတ်ပေ။

ဘုန်း!

ကျန်းထျန်းလင်၏စကားသံပြီးနောက်တွင် မိုးကြိုးတိမ်တိုက်များသည် ကောင်းကင်ထက်တွင် ရုတ်ချည်းစုဝေးသွားပြီး အလင်းတန်းများသည် ကမ္ဘာလောကတစ်ခုလုံးကို လင်းလက်သွားစေ၏။

ဤမြင်ကွင်းနှင့် နှိုင်းယှဉ်လိုက်ပါလျှင် ကနဦး၌ ကျန်းထျန်းလင် ထုတ်လွှတ်အသုံးပြုခဲ့သည့် ကောင်းကင်မိုးကြိုးအစီအရင်သည် သာမန်မျှသာဖြစ်သွားလေသည်။

ကနဦး၌ တိုက်ခိုက်လိုစိတ်ပြင်းပြနေသော အင်အားစု၆စုသည် ဤသို့ပြောင်းလဲမှုကိုမြင်သောအခါ တစ်ဦးပြီးတစ်ဦး ရပ်တန့်သွားကြလေသည်။ မိုးကြိုးတိမ်တိုက်များနှင့်အတူ ကြောက်ခမန်းလိလိ‌ေသာ ကျပ်တည်းမှုကြီး ကပ်ပါလာသည်ကြောင့် အင်အားစု၆စုမှာ ထိတ်လန့်ကုန်ကြ၏။ မသိစိတ်မှ အလိုအလျောက်ပင် တိုက်ပွဲကို ရပ်တန့်ပစ်ချင်လာရသည်။

ထိုအခိုက်အတန့်၌ ကျန်းထျန်းလင်ကဲ့သို့‌ေသာ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦးပင်လျှင် ပြင်းစွာသော နှလုံးတုန်ခါမှုကို ခံစားလိုက်ရပြီး မျက်လုံးအကြည့်တို့မှာ တစ်စုံတစ်ရာမှ ခြောက်လှန့်ခြင်းခံနေရသည့်အလား အထက်ကောင်းကင်သို့ စူးစိုက်ကြည့်နေကြလေသည်။

‌အထက်ကောင်းကင်၌ မိုးကြိုးတိမ်တိုက်များ အဆက်မပြတ်မျောလွင့်နေပြီး ဖြေးညှင်းစွာဖြင့် လေဗွေစီးကြောင်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။ လေဗွေစီးကြောင်းကြီး၏ အလယ်ဗဟို၌ အရောင်အသွေးစုံလင်သော အလင်းတန်းများစွာ လင်းလက်တောက်ပနေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့်ပင် မြင်တွေ့ရသူအပေါင်းကို တုန်လှုပ်စေနိုင်၏။

“ကြောင်အ,မနေကြနဲ့! အကုန်တက်ကြ!”

လေဗွေစီးကြောင်းကြီးကိုကြည့်ရင်းဖြင့် ကျန်းထျန်းလင်၏နှလုံးအိမ်၌ စိုးရိမ်ပူပန်မှုတို့ မြင့်တက်လာခဲ့လေသည်။ ထို့ကြောင့် ‌ကြောက်ရွံ့ထိတ်လန့်နေကြသော မှော်နန်းတော်သခင်မနှင့် အခြားသူများကို ဟိန်းဟောက်သတိပေးလိုက်၏။

သတိပေးလိုက်ပြီးသည်နှင့် ခန္ဓာကိုယ်တွင်းစွမ်းအင်များကို စီးဆင်းစေလိုက်သည်။ သွေးအမြုတေတစ်လုံးကိုပင် လောင်မြိုက်စေခြင်းဖြင့် မိမိ၏အင်အားကို တိုးမြှင့်စေခဲ့၏။ ကြောက်မက်ဖွယ်သော စွမ်းအင်လှိုင်းလုံးကြီးများ ထွက်ပေါ်လာကာ လောကတစ်ခွင်လုံးကို တွန့်လိမ်ပုံပျက်စေလေသည်။

တစ်ပြိုင်နက်တည်း၌ မိုးကြိုးတိမ်တိုက်များအထက်ရှိ မိုးကြိုးလျှပ်စီးများသည်လည်း ကြုမ်းကြုတ်ခက်ထန်လာခဲ့သည်။ ကနဦး၌ လူကိုပိတ်လှောင်ရန်ဖြစ်သော မိုးကြိုးနဂါးပိတ်လှောင်အစီအရင်သည် မိုးကြိုးနဂါးသတ်ဖြတ်ခြင်းအစီအရင်သို့ ပြောင်းလဲသွားသည်။

၎င်းမှာ ကောင်းကင်မိုးကြိုး၁၂သွယ်၏ ဒုတိယအစီအရင်ဖြစ်သည်။ ကောင်းကင်ဘုံနှင့်တာ့အိုလမ်းစဉ်၏ အရှင်သခင်မှအပ မည်သူမျှ ကျွမ်းကျင်စွာ အသုံးမပြုနိုင်ချေ။

ကျန်းထျန်းလင်၏ဟိန်းဟောက်သံနှင့် ကြမ်းကြုတ်စွာသော သတ်ဖြတ်ခြင်းအငွေ့အသက်သည် မှော်နန်းတော်သခင်မ လင်းယောင်ယောင်နှင့် အခြားသူများကို အသိစိတ်ပြန်ဝင်သွားစေ၏။ သူတို့အားလုံးသည် အထက်မြင်သေးသော အကြည့်တို့ဖြင့် မိမိတို့၏စွမ်းအင်များကို အပြင်းအထန်ထုတ်လွှတ်၍ မိုးကြိုးခုနစ်သွယ်သို့ စီးဆင်းစေခြင်းဖြင့် မိုးကြိုးခုနစ်သွယ်ကို ပိုမိုအင်အားကြီးမားစေခဲ့သည်။

ထိုအခိုက်အတန့်၏ မိုးကြိုးနဂါးသတ်ဖြတ်ခြင်းအစီအရင်သည် ကြမ်းကြုတ်ပြင်းထန်လွန်းလှသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။ အခြားသော ထျန်းကျွင်းအဆင့်ကျင့်ကြံသူများဖြစ်ပါလျှင် ဖက်ပြိုင်တိုက်ခိုက်ရန် မဆိုထားနှင့် ဤမိုးကြိုးနဂါးသတ်ဖြတ်ခြင်းအစီအရင်အတွင်း ရှိနေရခြင်းသည်ပင် မိမိကိုယ်ကို အင်အားမဲ့သည်ဟု ခံစားရနိုင်၏။

ယခု၌ တိုက်ပွဲစတင်ခဲ့ပြီဖြစ်ရာ ရပ်တန့်ရန်မှာ မဖြစ်နိုင်တော့ပေ။ ကနဦးတွင် ကျန်းထျန်းလင်တို့မှာ ယဲ့မုချင်၏အင်အားကြောင့် အံ့အားသင့်ခဲ့ရသည်။ ယခုတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး ထွက်ပေါ်လာပြန်၏။ ကျန်းထျန်းလင်တို့မှာ အဘယ်သို့များ အသိစိတ်အကောင်းအတိုင်း ထိန်းသိမ်းနိုင်ပါတော့အံ့နည်း။

ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး ရောက်ရှိမလာမီ၌ ယဲ့မုချင်ကို ဦးစွာသတ်ရမည်။ သို့မှသာ ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး ရောက်ရှိလာသည့်အခါ အာရုံစိုက်၍ တိုက်ခိုက်နိုင်ပေမည်။

ကျန်းထျန်းလင်တို့အတွက်မူ ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးသည် ယဲ့မုချင်ထက်ပင် ကြောက်မက်ဖွယ်ဖြစ်၏။ သူတို့ကို သတိချပ်စေသည်။ ထိုစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးသည် နေရာသို့ မရောက်ရှိမီ၌ပင် ဤသို့သောပုံရိပ်နှင့် သက်ရောက်မှုမျိုး ရှိစေခဲ့လေရာ မည်မျှသတိချပ်သည်ဖြစ်စေ လုံလောက်သည်ဟု မခံစားရချေ။

ကျန်းထျန်းလင်တို့မှ တိုက်ပွဲပြန်လည်စတင်သည်နှင့် အင်အားစု၆စု၏ ကျင့်ကြံသူတစ်သောင်းသည်လည်း တိုက်ပွဲစတင်ကြသည်။ ဧကရီမေသုရှားတို့ထံသို့ အင်တိုက်အားတိုက် ပြေးဝင်လာကြပြီး ရူးသွပ်ဖွယ်သောစွမ်းအင်လှိုင်းများသည် တစ်ချက်ကြည့်ရုံဖြင့်ပင် လူကို တုန်လှုပ်စေနိုင်၏။

ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများမှာ သာလွန်ထူးကဲသော တိုက်ခိုက်ချမှုန်းစွမ်းရည်နှင့် ထိပ်တန်းသော အမြော်အမြင်ရှိသည်ဟု ဆိုရပေမည်။ သာမန်ကျင့်ကြံသူများဖြစ်ပါက နေရာ၌ပင် ချက်ချင်းဒူးထောက်မိလောက်ပေမည်။ 

ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်သောင်း၊ ထျန်းဝူအဆင့်ကျင့်ကြံသူတစ်ထောင်နှင့် ထျန်းကျုံအဆင့်ကျင့်ကြံသူတစ်ရာတို့သည် အသေအေကြ တိုက်ခိုက်နေကြ၏။ ဤသို့သောမြင်ကွင်းမှာ အလွန်ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းလှပါ၏။

ဤသည်မှာ သတ္တိရဲရင့်မှု၏ အမေးစကား မဟုတ်တော့ပါ။ အသက်ခန္ဓာနှင့်သက်ဆိုင်သော ပြက်လုံးတစ်ခုဖြစ်၏။

မိုးကြိုးနဂါးသတ်ဖြတ်ခြင်းအစီအရင်နှင့် ရင်‌‌ဆိုင်နေရသော ယဲ့မုချင်သည်လည်း ကြီးမားသည့်ဖိအားဒဏ်ကို ခံနေရသည်။ ထျန်းကျွင်းအဆင့်၏ မိုးကြိုးသွားကိုမူ ယဲ့မုချင်အနေဖြင့် ဒဏ်ရာအနာတရ နည်းပါးစွာ ခုခံနိုင်ပါ၏။ သို့သော်ငြား အဆက်မပြတ်ရိုက်ခတ်နေသည့် မိုးကြိုးနဂါးသတ်ဖြတ်ခြင်းအစီအရင်ကို ခုခံရခြင်းမှာ မလွယ်ကူပေ။ 

ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများမှာ ယဲ့မုချင်ထက်ပင် ပို၍ မသက်သာသည့် အခြေအနေဖြစ်သည်။ အင်အားစု၆စု၏ကျင့်ကြံသူများမှာ ရူးသွပ်နေသည့်အလား တစ်ဦးပြီးတစ်ဦး အဆက်မပြတ် တစ်ဟုန်ထိုး ပြေးဝင်တိုက်ခိုက်နေကြသည်။

သူတို့သည် အလောင်းထိန်းချုပ်သူမျိုးနွယ်စု၏ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုနိုင်ပြီး သတ်ဖြတ်ပြီးသည့် အင်အားစု၆စုကျင့်ကြံသူများ၏ ရုပ်အလောင်းများကို ရုပ်သေးရုပ်အဖြစ်ပြောင်းလဲကာ ခုခံနေခြင်းကြောင့် မဟုတ်ပါလျှင် ဧကရီမေသုရှားတို့မှာ အကြိမ်ကြိမ်သေဆုံးပြီး ဖြစ်ချေရော့မည်။

ထိုသို့ခုခံနေပါသော်ငြား ထိုအင်အားစု၆စု၏ အရူးအမူးတိုက်ခိုက်မှုအောက်တွင် ဒဏ်ရာရရှိခြင်းကို မလွှဲရှောင်နိုင်ပေ။ အေးစက်စွာသော ဧကရီမေသုရှား၏ ခန္ဓာကိုယ်မှ သွေးစက်အချို့ စိမ့်ထွက်နေကာ ဝတ်ရုံများမှာလည်း ပြတ်ရှရာများစွာ ရှိနေ၏။

ထိုမြင်ကွင်းကြောင့် ခြံဝင်းထဲရှိ မဟာနတ်ဆိုးရွှမ်ရှ၏နှလုံးသားမှာ အက်ကွဲကြေမွလုနီး ဖြစ်နေရလေပြီ။

ငါ့အဖမ်း မခံရစေနဲ့ ကောင်စုတ်လေးတွေ။ မဟုတ်လို့ကတော့ မင်းတို့ကို ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ညှဉ်းပန်းနှိုပ်စက်မှုအရသာကို မြည်းစမ်းကြည့်ရစေ့မယ်!

ဘုန်း!

ထိုသို့ သေရေးရှင်ရေးအခြေအနေ၌ မိုးခြိမ်းသံကဲ့သို့သော ဗလုံးဗထွေးသံကြီးသည် လောကတစ်ခွင်တိုင် ပေါက်ကွဲဖုံးလွှမ်းသွားကာ အားလုံး၏နားစည်ထဲ၌ ပဲ့တင်ထပ်သွား၏။ အပြင်းအထန်တိုက်ခိုက်နေကြသည့် ကျန်းထျန်းလင်တိုအုပ်စုနှင့် အင်အားစု၆စု၏ကျင့်ကြံသူများပါ လှုပ်ရှားမှု ရပ်‌တန့်သွားကြလျက် လေဟာပြင်ထက်သို့ ကြည့်လိုက်ကြသည်။

မိုးကြိုးလေဗွေ၏ အလယ်ဗဟိုမှ ကောင်းကင်ဘုံထိတိုင် မြင့်မားသော ရွှေရောင်တုတ်ချောင်းကြီးသည် အလင်းအလျင်နှုန်းဖြင့် မိုးကြိုးနဂါးသတ်ဖြတ်ခြင်းအစီအရင်သို့ ရုတ်တရက်ဆင်းသက်လာ၍ ဖြိုခွင်းပစ်လိုက်သည်။

ဘန်း!

မိုးကြိုးခုနစ်သွယ်မှ တစ်လက်မချင်း အက်ကွဲလာနေသည်ကို သာမန်မျက်လုံးဖြင့်ပင် မြင်တွေ့နိုင်၏။ တစ်ပြိုင်နက်တည်းပင် ကျန်းထျန်းလင်တို့၏နောက်သို့ ကြောက်မက်ဖွယ်စွမ်းအင်ကြီးတစ်ခု ကျရောက်လာခဲ့သည်။ ထိုကြောက်မက်ဖွယ်စွမ်းအင်ကြီးသည် ကျန်းထျန်းလင်တို့အား ဖက်ထုပ်လုံးနေသည်ကဲ့သို့ ဒေါင်လိုက်အနေအထားဖြင့် ဖိစီးနေလေသည်။ စူးအောင့်စွာသော အက်ကွဲသံကြီး ပေါက်ကွဲသွားခြင်းနှင့်အတူ ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦးမှာ မြေပြင်သို့ ပြုတ်ကျကုန်လေသည်။

ထိုမျှကြောက်မက်ဖွယ်စွမ်းအင်၏ ဖိစီးမှုကိုခံရသော်ငြား လေဟာပြင်ထက်ရှိ ယဲ့မုချင်သည်တော့ စိုးစဉ်းသော်မျှ ထိခိုက်မှု မရှိ‌ခဲ့ချေ။ သူမ၏ မျက်လုံးလှလှလေးများသည် သူမ၏ဘေးမှ ဖြေးဖြေးချင်းဖြတ်သန်းသွားလျက် သူမ‌၏ရှေ့သို့ကျရောက်လာသည့် ရွှေတုတ်ချောင်းပိုင်ရှင်ကို ကြည့်နေခဲ့သည်။

ရွှေတုတ်ချောင်းသည် ကျန်းထျန်းလင်တို့ကို ရိုက်ချပြီးနောက်တွင်လည်း မရပ်တန့်သေးပေ။ တိမ်လွှာတို့ကိုဖြတ်သန်းသွား၍ အင်အားစု‌၆စု၏ကျင့်ကြံသူများကို ဖိနှိပ်ပြန်သည်။

ဘုန်း!

ပေါက်ကွဲမှုနှင့်အတူ ပြင်းထန်လှစွာသော စွမ်းအင်မုန်တိုင်းကြီးသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့ရိုက်ခတ်သွားလျက် အင်အားစု၆စု၏ ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်သောင်းကို လွင့်ပျံထွက်သွားစေခဲ့သည်။ ထိုကျင့်ကြံသူများ၏ ခံတွင်းမှ သွေးစက်များပန်းထွက်လာကြရာ လေဟာပြင်မှာ နီမြန်းခြင်းအတိ ပြောင်းလဲသွားတော့သည်။

ထိုဧရာမရွှေတုတ်ချောင်းကြီးသည် အင်အားစု၆စု၏ကျင့်ကြံသူများကို လွင့်ထွက်သွားစေရုံသာမက အကာအကွယ်စည်းကိုလည်း တိုက်ရိုက်ထိုးဖောက်သွား၏။ ယဲ့မုချင်ဖန်းတီးထားသည့် ကမ္ဘာမှာ ‌‌ေရွှတုတ်ချောင်းကြောင့် တုန်ခါသွားရသည်။ တုတ်ချောင်းသဏ္ဍာန်‌ ပေါက်ပြဲသွား၍ ‌ကြိုးမျှင်တန်းများဖြင့် ကမ္ဘာလုံးတစ်ခုကဲ့သို့ ဖြစ်သွားရလေသည်။

လောကတစ်ခုလုံးသို့ ဝေ့ဝဲလှည့်ပတ်နေသော ရွှေတုတ်ချောင်းကိုကြည့်၍ မဟာနတ်‌ဆိုးရွှမ်ရှတို့မှာ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြတော့သည်။

ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများပင်လျှင် အံ့ဩမင်သက်သွားရလေသည်။ ဤခြယ်လှယ်စိုးမိုးနိုင်စွမ်းသော၊ တုနှိုင်းမဲ့သော စွမ်းအင်သည် တစ်ချိန်က ဟုန်မန့်နတ်ဘုရားနယ်မြေ၏ ကျင့်ကြံသူများကိုပင် နှလုံးအိမ်တုန်လှုပ်စေခဲ့သည်။

“အစ်မကြီး! ငါဘိုးဘေးက အချိန်အကြာကြီးအိပ်နေပြီး နောက်ဆုံးတော့ နိုးထလာခဲ့ပြီ။ မင်းတို့က ဘယ်လိုလုပ်ပြီး ငါဘိုးဘေးရဲ့ရှန်ရှန်ကျုံဂိုဏ်းကို အနိုင်ကျင့်ရဲရတာတုန်း? ဘယ်လိုပုံစံနဲ့ သေချင်နေလို့လဲ?”

စွန်းဝူခုန်း၏ မှုန်မှိုင်းသော ထူးဆန်းသည့်ရယ်မောသံကြီးသည် စကားသံနှင့်အတူ လောကတစ်ခွင် ပဲ့တင်ထပ်နေ၏။ ထိုအသံ၌ အနှိုင်းမဲ့အေးစက်သော သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ရှိနေသည်။ ရေခဲတိုက်ကြီးအတွင်းသို့ ရောက်သွားရသည့်အလား လူအားလုံးကို မထိန်းချုပ်နိုင်စွာ တုန်ရီ‌စေသည်။

ထိုအခိုက်တွင် ရှန်ရှန့်ကျုံဂိုဏ်းသားများဖြစ်သော မဟာနတ်ဆိုးရွှမ်ရှတို့သည်ပင် အသက်ရှုအောင့်ထားမိကြ၏။ အသက်ရဲရဲမရှူဝံ့စွာဖြင့် ကောင်းကင်ယံရှိ မိုးကြိုးလေဗွေကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။

ရှန်ရှန့်ကျုံဂိုဏ်းမှာ ဒီလိုစွမ်းအားမြင့်ပုဂ္ဂိုလ်မျိုး ရှိသေးတာပဲ!

တုတ်တစ်ချောင်းဖြင့် ထျန်းရှင်းအဆင့်ကျင့်ကြံသူတစ်သောင်းနှင့် ကမ္ဘာလောကကို ဖြိုခွင်းပစ်လိုက်၏။ ဤသည်မှာ စွမ်းအားကြီးမားရုံမျှ မဟုတ်ပေ။ အံ့ချီးဖွယ်ဖြစ်၏။

“ဒါက… ဘယ်လိုဖြစ်နိုင်မှာလဲ?”

ချိုင့်တွင်းထဲ၌ ကျန်းထျန်းလင်သည် အဝတ်အစားများ စုတ်ပြဲနေလျက်ဖြင့် နဖူးမှလည်း သွေးများစိမ့်ထွက်နေသည်။ လူပုံစံမှာ အတော်‌လေး သနားချင့်စဖွယ်ဖြစ်နေကာ ခန္ဓာကိုယ်နာကျင်မှုမှာ စိတ်နှလုံးနာကျင်မှုနှင့် ကြောက်ရွံ့စိတ်တို့ကို မယှဉ်နိုင်စွမ်းချေ။ 

တုတ်တစ်ချောင်းဖြင့် မိမိတို့အားလုံးကို ဖိနှိပ်နိုင်ပြီး အင်အားစု၆စုကို လွင့်ထွက်သွားစေရန်မှာ ထိုအဆင့်ရှိတည်ရှိမှုမှလွဲ၍ အခြားသောတည်ရှိမှုကို ကျန်းထျန်းလင် စဉ်းစားမရပါချေ။

ဒါပေမဲ့… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? အဲဒီ့အဆင့်က ယွမ်ဟွားကောင်းကင်နယ်မြေမှာတောင်မှ ဒဏ္ဍာရီလာတည်ရှိမှုမျိုးလေ။ နဂါးဦးခေါင်းကို မြင်နိုင်သော်ငြား နဂါးမြီးကိုတော့ မမြင်တွေ့နိုင်။ မိမိတို့မှာ အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များကို လိုက်လံသတ်ဖြတ်ခြင်းသာဖြစ်သည်ကို ထိုသို့သောတည်ရှိမှုကြီးကို ပစ်မှားမိသွားခဲ့၏။ အဲဒါကလည်း ဒီလို‌သေးငယ်တဲ့နယ်မြေ‌လေးမှာလေ! ငါတို့အရမ်းကံကောင်းလွန်းသွားတာ မဟုတ်ဘူးလားကွာ?!

ကျန်းထျန်းလင်သာမက မှော်နန်းတော်သခင်မနှင့် အခြားသူများသည်လည်း ထိုသို့တွေးမိကြသည်။ ထိုသို့အတွေးတွင် ပို၍ပင် စိတ်ပျက်လက်ပျက်ဖြစ်သွားရ၏။ သူတို့ဘက်မှ လူအရေအတွက်ကို နှစ်ဆမြှင့်တင်ခဲ့လျှင်သော်မှ ‌အဆုံး၌ သေဆုံးရမည်သာ။

မွန်မြတ်ဘုံလောကဟူသည် ‌အခြားကမ္ဘာလောက၏ တည်ရှိမှုဖြစ်သည်။ ထိုအဆင့်တည်ရှိမှုသည် လူအင်အားဖြင့် ကွာဟမှုကို ဖြေလျှော့နိုင်သည့်အရာမဟုတ်ပေ။ ထျန်းကျွင်းအဆင့်ကျင့်ကြံသူတစ်သောင်းလျှင်သော်မှ ချန်ခွမ်းအထွတ်အမြတ်ဘုံရှိ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး၏ ပြိုက်ဘက်မဟုတ်ပေ။

All Chapters