← Chapters

လူသတ်ပွဲတော်ကြီး

Vol. 28 Ch. 389

လူသတ်ပွဲတော်ကြီး

Vol. 28 Ch. 389

Translator - Hsue Htet 

စွန်းဝူခုန်းမှ ကျန်းထျန်းလင်၏ရှေ့သို့ ရုတ်တရက်ရောက်ရှိလာသည်တွင် မှော်နန်းတော်သခင်မနှင့် အခြားသူများမှာ ထိတ်လန့်သွားကြသည်။

မှော်နန်းတော်သခင်မတို့မှာ တစ်ကိုယ်လုံးတုန်ရီသွားရကာ မြေပြင်သို့ ရုတ်ချည်း ဝပ်တွားသွားကြ၏။ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရေခဲတမျှအေးစက်နေလျက် စိတ်နှလုံးမှာ စိတ်ပျက်ကြောက်ရွံ့နေကြလေရာ ခုခံရုန်းကန်ရန်အတွက်ကို စိတ်ပင်မကူးရဲပါချေ။

“ဝါး နဝမမျိုးဆက်ဘိုးဘေးက တကယ့်ကို မျှော်လင့်ထားတဲ့အတိုင်းပါပဲ!”

ခြံဝင်းထဲရှိ မဟာနတ်ဆိုးရွှမ်ရှ၏မျက်လုံးအစုံမှာ ပြူးကျယ်လျက်ဖြင့် အံ့အားသင့်စွာပြော၏။ ဝမ်ချုံးယန်နှင့် အခြားသူများသည်လည်း အံ့အားသင့်နေကြသည်။။

ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းကို ယဲ့မုချင်မှ လေ့ကျင့်စီမံပေးပြီးနောက်၌ ယခင်ကာလများ၏ ရှန်ရှန့်ကျုံဂိုဏ်းထက် တုနှိုင်းမမီလောက်အောင် တိုးတက်လာခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ချေပြီ။ ထို့ကြောင့် အချို့ဂိုဏ်းတပည့်များသည် ဝမ်ဖုန်းကိုမူ ရင်းနှီးကျွမ်းဝင်မှုမရှိကြ၍ ယဲ့မုချင်ကို ပို၍ချစ်ကြောက်ရိုသေကြသည်။

ခြုံငုံလိုက်ပါလျှင် ဝမ်ဖုန်း ရှန်ရှန့်ကျုံဂိုဏ်းမှ ထွက်သွားခဲ့သည်မှာ တစ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီဖြစ်၏။ ဤတစ်နှစ်တာကာလအတွင်း၌ ရှေးဟောင်းနယ်မြေ ရှန်ရှန့်ကျုံဂိုဏ်း၏ ပြောင်းလဲမှုများမှာ အထက်အောက်ပြောင်းပြန်လှန်လိုက်သည့်အလားပင်။ ကျင့်ကြံမှုအခြေခံ အင်အားကြီးမားလာခဲ့ချိန်၌ မာနဂုဏ်ဝံ့ကြွားမှုမရှိဟု အာမခံရန် ခက်ခဲ၏။

ယခု၌ ဂိုဏ်းချုပ်မှ စေလွှတ်လိုက်သော နဝမမျိုးဆက်ဘိုးဘေး စွန်းဝူခုန်း၏စွမ်းအားကို မြင်လိုက်ရသောအခါ ရှေးဟောင်းနယ်မြေရှန်ရှန့်ကျုံဂိုဏ်း၏ မာနဂုဏ်မှာ ကွဲကြေသွားရပြီး စိတ်မဝင်စားခဲ့ဖူးသော ဂိုဏ်းချုပ်ကို ကြောက်ရွံ့ရိုသေသွားရလေသည်။

သာမန်ဂိုဏ်းတပည့်လေးများသည် ယဲ့မုချင်၊ ‌ဧကရီမေသုရှားနှင့် အခြားသူများထံ၌ ဤရန်သူတစ်အုပ်ကို ဖျက်ဆီးပစ်ရန် ဝှက်ဖဲတစ်ချပ်ရှိနေသေးသည်ကို မသိကြချေ။

ထို့ကြောင့် ဤသို့သေရေးရှင်ရေးအခြေအနေ၌ အနှိုင်းမဲ့သော ပြိုင်ဘက်ကင်းပုံစံဖြင့် စွန်းဝူခုန်းသည် ထိုသာမန်ဂိုဏ်းတပည့်လေးများ၏ စိတ်နှလုံး၌ ကြီးစွာသောသက်ရောက်မှုကြီး ဖြစ်စေခဲ့လေသည်။

ထို့ပြင် ဤသည်မှာ နဝမမျိုးဆက်ဘိုးဘေးဖြစ်ရာ အဌမမျိုးဆက်နှင့် သတ္တမမျိုးဆက်ဘိုးဘေးများသည် မည်မျှအင်အားကြီးမားလိမ့်မည်နည်း။ ရှန်ရှန့်ကျုံဂိုဏ်းကြီးတစ်ခုလုံးကို ဦးဆောင်နေသော ဂိုဏ်းချုပ်သည်လည်း မည်မျှ ကြောက်ခမန်းလိလိသောပုဂ္ဂိုလ် ဖြစ်လိမ့်မည်နည်း။

ဝမ်ဖုန်းမှ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာခဲ့ခြင်း မဟုတ်သော်ငြား ရှန်ရှန့်ကျုံဂိုဏ်းတပည့်များ၏စိတ်နှလုံး၌ နက်ရှိုင်းစွာသောသဘောထားအမြင်တို့ဖြင့် စွဲထင်ကျန်ရစ်စေခဲ့သည်။ ရှေးဟောင်းနယ်မြေ၏ ထောင်လွှားတတ်သော ရှန်ရှန့်ကျုံဂိုဏ်းတပည့်များကို အချိန်အတော်ကြာ ပြန်မလာခဲ့သည့် ဂိုဏ်းချုပ်ကို အထင်မြင်မသေးဝံ့စေရန် လုပ်ဆောင်နိုင်ခဲ့၏။

ဘုန်း!

ကျန်းထျန်းလင်ကို သတ်ဖြတ်ပြီးနောက် စွန်းဝူခုန်းသည် တုံ့ဆိုင်းမှုမရှိ မှော်နန်းတော်သခင်မ လင်းယောင်ယောင်နှင့် အခြားသူများသို့ ပြုံးရယ်ပြ၏။ မကောင်းဆိုးဝါးတစ်ကောင်၏ အပြုံးကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။

စွန်းဝူခုန်း၏လက်ထဲရှိ ရွှေသံတုတ်ချောင်းသည် ရုတ်တရက် ပေတစ်ရာအရွယ်သို့ ကြီးမားလာ၏။ ထို့နောက် လွှဲရမ်းလိုက်ရာ အင်အားကြီးမားသော စွမ်းအင်လှိုင်းလုံးကြီးဖြင့် ရိုက်ခတ်သွားလေရာ မှော်နန်းတော်သခင်မနှင့် အခြားသူများမှာ ရုန်းကန်ရန်အခွင့်အရေးပင် မရရှိလိုက်ချေ။ ‌၎င်းရွှေသံတုတ်ချောင်းမှ လင်းလင်သွားခြင်းနှင့်အတူ ရုတ်ချည်း ရိုက်ချခံလိုက်ရလေသည်။

ဘုန်း! ဘုန်း!

ပေါက်ကွဲသံကြီးများ အဆက်မပြတ် ပဲ့တင်ထပ်ထွက်ပေါ်လာ၏။ သွေးမြူခိုးတစ်လွှာသည်လည်း လေဟာပြင်ထက်သို့ ပျံ့နှံ့သွားသည်။ ၎င်းလေဟာပြင်ရှိ သွေးမြူခိုးတစ်လွှာကြည့်၍ မဟာနတ်ဆိုးရွှမ်ရှနှင့် ဂိုဏ်းတပည့်များမှာ ကြောင်အမင်သက်ကုန်ကြလေသည်။

ဤလူသတ်ပွဲတော်ကြီးကို သူတို့၏တစ်ဘဝတွင် မေ့ဖျောက်နိုင်တော့မည်မထင်ပါ။

“အားနည်းလိုက်ကြတာ.. ငါဘိုးဘေးကို ခုခံနိုင်တဲ့သူ တစ်ယောက်တစ်လေတောင် ရှိမနေဘူး”

ထျန်းကျွင်းအဆင့်ကျင့်ကြံသူ၁၈ဦးကို သတ်ဖြတ်ပြီးနောက် စွန်းဝူခုန်းသည် အင်အားစု၆စုကိုကြည့်၍ စိတ်မကျေနပ်စွာ ရေရွတ်၏။

ပုရွက်ဆိတ်တစ်အုပ်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်နေရသည်ကို စိတ်ပျက်မိ‌ေသာ်ငြား ရွေးချယ်စရာမရှိပေ။ စတင်ခဲ့ပြီးပြီဖြစ်ရာ ဤကပ်ဘေးကို အဆုံးသတ်ရပေမည်။

ထိုအတွေးဖြင့် စွန်းဝူခုန်းသည် ရွှေသံတုတ်ချောင်းကြီးကို တစ်ဖန်ပင့်မြှောက်၍ ခန္ဓာကိုယ်ကိုလှုပ်ယိမ်းလျက် အင်အားစု၆စု၏ကျင့်ကြံသူများသို့ တစ်ဟုန်ထိုးဦးတည်သွား၏။ အချိန်ခဏကြာပြီးနောက်၌ သွေးမြူခိုးထုများဖြင့် လေဟာပြင်တစ်ခွင်မှာ ပိန်းပိတ်အောင်နီမြန်းသွားလေသည်။

လောကတစ်ခွင်၌ သွေးညှီနံ့များဖြင့် လွှမ်းခြုံသွားလျက် မြင်ကွင်းမှာ သွေးပင်လယ်ကြားမှ အလောင်းတောင်ကြီးကဲ့သို့ ဖြစ်နေတော့သည်။ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားရှန်ရှန့်ကျုံဂိုဏ်းသားများမှာ ကြောက်ရွံ့မှုကြောင့် တုန်ရီလာရလေသည်။

စွန်းဝူခုန်းသည် မိမိတို့ဘက်တော်သားဖြစ်သည်ကို သိရှိနေပါသော်ငြား စွန်းဝူခုန်းထံမှ ထုတ်လွှတ်နေသော လူကိုဖိနှိပ်ညှဉ်းပန်းနိုင်စွမ်းသော အရှိန်အဝါနှင့် ရူးသွပ်စေနိုင်လောက်သော သတ်ဖြန်လိုခြင်းအငွေ့အသက်တို့ကို အဘယ်သို့များ မကြောက်ရွံ့ဘဲ ရှိနိုင်ပါအံ့နည်း။

၁၅မိနစ်ခန့်ကြာပြီးနောက်တွင် စွန်းဝူခုန်းသည် ရွှေသံတုတ်ချောင်းကို လက်တွင်ကိုင်ဆောင်လျက် သွေးပင်လယ်ထက်တွင် ရပ်နေ၏။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုခြင်းအငွေ့အသက်များသည် အစစ်အမှန်အဖြစ် ဖွဲ့တည်သွားသည်။ ဤမျှကြောက်မက်ဖွယ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးသည်ပင် စွန်းဝူခုန်းကို သွေးတစ်စက်မျှ မစွန်းထင်းစေနိုင်ချေ။ မဟာနတ်ဆိုးရွှမ်ရှနှင့် ရှန်ရှန့်ကျုံဂိုဏ်းသားများမှာ မင်သက်နေမိတော့သည်။

ဒါကမှ တကယ့်ယောက်ျားသားပဲ!

အဟန့်အတားမရှိသော ဖိနှိပ်ညှဉ်းပန်းနိုင်စွမ်းသော အရှိန်အဝါနှင့် အဖက်ဖက်မှ လူကိုသိမ်နုပ်စေနိုင်စွမ်းသော အင်အားအဟုန်တို့ကြောင့် ရှန်ရှန့်ကျုံဂိုဏ်းသားများမှာ လေးစားအားကျမှုများ ယိုဖိတ်နေကြပေသည်။

“ငါ့မြေးမြစ်တွေကို သေချာလေ့ကျင့်ပေးစမ်းပါ။ ဒီလိုပုရွက်ဆိတ်တစ်အုပ်ကိုတောင် ငါဘိုးဘေးကိုယ်တိုင် လှုပ်ရှားစေရတယ်လို့?!”

စွန်းဝူခုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းသားများကိုကြည့်၍ ပဟေဠိဆန်သည့် အပြုံးတစ်ခုဖြစ်တည်လာ၏။ ထို့နောက် ယဲ့မုချင်ကို ခေါင်းညိတ်ပြပြီးနောက် ဘယ်တုန်းကမှ ရောက်မလာခဲ့ဖူးသည့်အလား လေထုထဲတွင် ပျောက်ကွယ်သွားလေသည်။

“ဘိုးဘေးကို လေးစားစွာပို့ဆောင်ပါတယ်! ဘိုးဘေးတို့ရဲ့မျှော်မှန်းချက်တွေနဲ့ကိုက်ညီအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ပါ့မယ်!”

မဟာနတ်ဆိုးရွှမ်ရှမှ အလျင်အမြန် အရိုအသေပြု၍ ကျယ်လောင်စွာပြောလိုက်သည်။

ဘိုးဘေးကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သော်ငြား ကျင့်ဝတ်ထုံးတမ်းများကိုမူ ပစ်ပယ်ရန်မသင့်ပေ။ သို့မဟုတ်ပါက နတ်ဆိုးအိုကြီးမိမိမှာ အဘယ်သို့များ အခြားသူများမဖြစ်နိုင်သည့် ရှန်ရှန့်ကျုံဂိုဏ်း အပြင်စည်းအကြီးအကဲချုပ် အထွေထွေစီမံခန့်ခွဲသူတစ်ဦး ဖြစ်လာနိုင်ပါမည်နည်း။ 

ဒါက အကင်းပါးခြင်းရဲ့အင်အားပဲလေ!

“ဘိုးဘေးကို လေးစားစွာပို့ဆောင်ပါတယ်! ဘိုးဘေးတို့ရဲ့မျှော်မှန်းချက်တွေနဲ့ကိုက်ညီအောင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ပါ့မယ်!”

ဝမ်ချုံးယန်နှင့် အခြားသူများသည်လည်း တုံ့ပြန်လာကာ အလျင်စလို အရိုအသေပြုလျက် ကျယ်လောင်စွာပြောကြသည်။

…..

“ဒင်! ရှန်ရှန့်ကျုံဂိုဏ်း နဝမမျိုးဆက်အကြီးအကဲ စွန်းဝူခုန်းမှ ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းကို ကျူးကျော်ရန် စေလွှတ်ခြင်းခံရတဲ့ ယွမ်ဟွားကောင်းကင်နယ်မြေ ထျန်းရှီတောက်နှင့် အင်အားစုကြီး၆စု၏ ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် ၁၀၀ဘီလီယံ၊ ကံကောင်းမှုချီ ၃၀ဘီလီယံကို ရရှိပါတယ်။ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအားလုံး (ရှေးဟောင်းနယ်မြေ၏ ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအပါအဝင်) နယ်ပယ်တစ်ဆင့် မြင့်တက်သွားပါပြီ။ ဆန်းကြယ်ဘုံအဆင့် ကျပန်းဆင့်ခေါ်ခွင့်၅၀ကို ရရှိပါတယ်”

စနစ်၏အချက်ပေးသံထွက်ပေါ်လာချိန်၌ ဝမ်ဖုန်းသည် သူ၏မျက်နှာချင်းဆိုင်ရှိ လူတစ်အုပ်ကို အရူးတစ်အုပ်အလား ကြည့်နေခဲ့ခြင်းဖြစ်သည်။ စနစ်၏အချက်ပေးသံသည် ဝမ်ဖုန်း၏ စိတ်မချမ်းမြေ့ခြင်းများကို ပျောက်ကွယ်သွားစေပြီး ပျော်ရွှင်ဝမ်းမြောက်သွားစေ၏။

မျောက်ဘုရင်ကတော့ မျှော်လင့်ထားတဲ့အတိုင်းပါပဲ!

တကယ့်ကို အံ့ချီးဖွယ်ပဲ!

ဤသည်မှာ ဝမ်ဖုန်း ဤကမ္ဘာသို့ကူးပြောင်းလာခဲ့ပြီးချိန်မှ စတင်၍ ၁၀၀ဘီလီယံအပြည့်အဝရရှိဖူးသော ပထမဆုံးအကြိမ်ဖြစ်သည်။ ရရှိလိုက်သည့် ဂိုဏ်းအမှတ်ပမာဏအများအပြားကြောင့် ဝမ်ဖုန်းမှာ စိတ်မတည်ငြိမ်နိုင်တော့ချေ။

ကံကောင်းမှုချီ ၁၀ဘီလီယံကို အသုံးပြုခြင်းဖြင့် အဆုံး၌ ဂိုဏ်းအမှတ် ၁၀၀ဘီလီယံနှင့် ကံကောင်းမှုချီ ၃၀ဘီလီယံနှင့် အခြားရလဒ်များလည်း ရှိခဲ့သည်။ ဤသည်မှာ အကျိုးအမြတ်ကြီးဖြစ်ပါ၏။

“ဒင်! သခင်က ကံကောင်းမှုချီ၁၀ဘီလီယံကို အသုံးပြုထားတာကြောင့် ကံကောင်းမှုချီအားနည်းခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များ ပွင့်သွားခဲ့ပြီး မြေအောက်ဘုံလောကဟာ သခင့်ကို ရန်သူအဖြစ် အပြီးပိုင်သတ်မှတ်လိုက်ပါပြီ။ သခင့်ကိုသတ်ဖြတ်ပြီး ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်‌‌ဆီးဖို့က သူတို့အတွက် ပဓာနရည်မှန်းချက်ဖြစ်သွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ ‌ယွမ်ဟွားကောင်းကင်နယ်မြေရဲ့ ထိပ်တန်းအင်အားစုကြီး၆စုကလည်း သခင့်ကို ရန်သူအဖြစ် သတ်မှတ်ထားမှာပါ”

တစ်ဖန်ထွက်ပေါ်လာသော အချက်ပေးသံကြောင့် ဝမ်ဖုန်း လှောင်ရယ်လိုက်သည်။ ‌ဤနောက်ဆက်တွဲအကျိုးဆက်သည် သူ့အတွက်တော့ နောက်ဆက်တွဲအကျိုးဆက် မမည်ပါချေ။ ထိုနောက်ဆက်တွဲအကျိုးဆက်မရှိလျှင်သော်မှ မိမိနှင့် မြေအောက်ဘုံလောကနှင့် ယွမ်ဟွားကောင်းကင်နယ်မြေ အင်အားစု၆စု၏ ဆက်ဆံရေးမှာ ဤသို့ပင်ဖြစ်ချေမည်မဟုတ်ပါလော။

ကောင်းတယ်! သူတို့ငါ့ဆီ မလာတောင် ငါက သူတို့ဆီ သွားမှာပဲ!

အတိအကျပြောရပါလျှင် ယွမ်ဟွားကောင်းကင်နယ်မြေ အင်အားစု၆စုသည် သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို ထိပါးခဲ့သည်ဖြစ်ရာ ဝမ်ဖုန်း ခွင့်မလွှတ်နိုင်ပါချေ။

“စဉ်းစားပြီးပြီလား? ကျုပ်တို့ ယိယွမ်ဘုရား‌ေကျာင်းကို အညံ့ခံလိုက်ပါ”

ဝမ်ဖုန်းမှ တွေးတောနေစဉ်တွင် အနည်းငယ်မောက်မာသော အသံတစ်ခု ဝမ်ဖုန်း၏နားသို့ တိုးဝင်လာခဲ့သည်။ ဝမ်ဖုန်းလည်း လက်ရှိကာလသို့ အသိစိတ်ပြန်ဝင်လာခဲ့သည်။ မိမိမှာ ရှေ့တူရူရှိ မကောင်း‌ဆိုးဝါးတစ်အုပ်ကို လုံးလုံးလျားလျား မေ့လျော့သွားခဲ့‌သည်လေ။

ထိုလူအုပ်စုမှာ အတိအကျအားဖြင့် အကြီးအကဲသုံးဦးဖြစ်သော ယွမ်ဖုန်း၊ ယွမ်လင်၊ ယွမ်တောက်နှင့် အကြီးအကဲ၅ဦး၊ အစောင့်အရှောက်တစ်ရာ၊ တပည့်သားတစ်ထောင်တို့ ဖြစ်ကြ၏။ ထိုသူတို့ကို ဝမ့်ယွမ်ဘုရားကျောင်းအရှင်သခင်မှ မြေအောက်ဘုံလောက၏ ရှေ့ပြေးတပ်နှင့်ရင်ဆိုင်ရန်အတွက် တောင်ပိုင်းနယ်မြေသို့ စေလွှတ်လိုက်ခြင်းဖြစ်သည်။

ထိုဝမ့်ယွမ်ဘုရားကျောင်းမှ လူအုပ်စုကို ပထမဆုံးမြင်တွေ့ရချိန်တွင် သူတို့၏အင်အားကြောင့် ဝမ်ဖုန်းမှာ အတော်လေးစိတ်လှုပ်ရှားမိရသည်။ အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်သုံးဦး၊ မိုးကောင်းကင်နတ်မင်းအထွတ်အထိပ်အဆင့်၅ဦး၊ ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့်တစ်ရာ၊ ပြောင်းလဲခြင်းနတ်မင်းအထွတ်အထိပ်အဆင့် တစ်ထောင်တို့ ဖြစ်လေသည်။ တပည့်သားများ၌ ထို‌သို့သောအင်အားမျိုးရှိနေခြင်းမှာ အမှန်တကယ် ကြောက်မက်ဖွယ်သောအင်အားကြီး ဖြစ်ပါ၏။

အနည်းဆုံးတော့ အလယ်ပိုင်းတိုက်မကြီး၏ အင်အားစုများတွင် ဤသို့သော‌ ကြောက်မက်ဖွယ်အင်အားမျိုး မရှိချေ။ ဤသည်မှာ ယိယွမ်‌ဘုရားကျောင်းမှ လှစ်ဟပြသသည့် ရေခဲတောင်ထိပ်ဖျားလေးသာ ဖြစ်ပါ၏။ သို့ဖြစ်ရာ ၎င်း၏ အမှန်တကယ်အင်အားသည် မည်မျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။

ထိုမျှအင်အားသည် အင်အားစုလေးသွယ်ကို ဖျက်ဆီးနိုင်ရန် လုံလောက်သော်ငြား ဝမ်ဖုန်း၏ရှေ့မှောက်၌မူ မျက်လုံးထဲထည့်ပေးရန်ပင် မလုံလောက်သည်မှာ နှမြောတသဖွယ်ကောင်းလှသည်။

ယွမ်ဟွားကောင်းကင်နယ်မြေ၏ အင်အားစုများကို သတ်ဖြတ်ရန်စေလွှတ်လိုက်သော စွန်းဝူခုန်းကို ထုတ်သုံးရန်ပင် မလိုအပ်နေချေ။ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများမှ ရှေ့ထွက််တိုက်ခိုက်ရုံဖြင့်ပင် ထိုအင်အားစုများကို သေအောင်ခြောက်လှန့်ပစ်ရန် လုံလောက်၏။

အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်ဖြင့် သာလွန်ထူးကဲသော တိုက်ခိုက်ချေမှုန်းစွမ်းရည်ကို ပိုင်ဆိုင်ထားသူမှာ ဒါဇင်ကျော်အရေအတွက် ရှိသည်။ ဝမ်ဖုန်းအနေဖြင့် ထိုအလယ်ပိုင်းတိုက်မကြီး၏ အင်အားစုကြီးများဟူသည်ကို ကြောက်ရွံ့နေရပါမည်လော။

ဟာသပဲ!

“ရှန်ရှန့်ကျုံဂိုဏ်းရှေ့မှာ လာအော်ဟစ်ရဲလောက်အောင် ခင်ဗျားတို့ကို ဘယ်သူကများ သတ္တိတွေပေးလိုက်တာလဲ?!”

ဝမ်ဖုန်း၏ဘေးရှိ ယန်ဖေးသည် ယွမ်ဖုန်းကို အေးစက်စွာကြည့်၍ အထင်‌မြင်သေးစွာပြော၏။

ဝမ်ဖုန်းသည်တော့ ထိုလူအုပ်စုကို အဖက်လုပ်စကားပြောဆိုရန်ပင် စိတ်မဝင်စားပါချေ။ ထိုလူအုပ်စုမှာ မိမိနှင့် စကားပြောဆိုရန် အရည်အချင်းပြည့်မီမနေပါ။

“မင်းဘာပြောလိုက်တယ်?”

ယွမ်ဖုန်းသည် ယန်ဖေးကို အေးစက်စွာကြည့်နေ၏။ သူ၏အကြည့်တို့မှာ သေလူတစ်ဦးကို ကြည့်နေသည့်အလား.. ယွမ်ဖုန်းမှာ ဒေါသပင်မထွက်နိုင်တော့ဘဲ အံ့ဩမင်သက်နေသွားရသည်။ ယွမ်လင်၊ ‌ယွမ်တောက်နှင့် ယိယွမ်ဘုရားကျောင်းမှ အခြားကျင့်ကြံသူများသည်လည်း ဝမ်ဖုန်းနှင့် ယန်ဖေးကို ရှုပ်ထွေးစွာ ငေးကြောင်ကြည့်နေကြလေသည်။ 

သူဘယ်လိုတောင် အတင့်ရဲတာလဲ?!

ဟုတ်ပါသည်။ ယွမ်ဖုန်းတို့မှာ နားမလည်နိုင်ပါ။ ရှန်ရှန့်ကျုံဂိုဏ်းသည် အဘယ်သို့များ သူတို့ကို ဤသို့ပြောဆိုဝံ့ရသနည်း။ သူတို့ကိုယ်သူတို့ပဲ အားကိုးပြီး မြေအောက်ဘုံလောကကို ဖျက်ဆီးမလို့လား?

သို့ဆိုပါလျှင် ထိုရှန်ရှန့်ကျုံဂိုဏ်းသည် တောင်ပိုင်းနယ်မြေမှ ရေ‌တွင်းအောက်ခြေမှ ဖားတစ်ကောင်ဟု သတ်မှတ်ခံရရန် ထိုက်တန်လှပေသည်။

သူတို့၌ ဂုဏ်ယူဝံ့ကြွားရန် အရည်အချင်းရှိသောကြောင့် ဂုဏ်ယူဝံ့ကြွားနေခြင်းဖြစ်၏။

မိမိတို့မှာ ယိယွမ်ဘုရားကျောင်းမှဖြစ်ပြီး ယိယွမ်ဘုရားကျောင်း၏ ကျင့်ကြံသူများသည် ပြောင်းလဲခြင်းနတ်မင်းအဆင့်နှင့်အထက် ကျင့်ကြံသူများ ဖြစ်ကြသည်။ တပည့်များသော်မှ သာမန်လူများ စိတ်ကူးမှန်းဆနိုင်သည်ထက် ကျော်လွန်သော ကျင့်ကြံမှုအခြေခံရှိကြ၏။

ထို့ကြောင့် သူတို့သည် အလယ်ပိုင်းတိုက်မကြီး၏ အခြားသောနတ်မင်းအဆင့်ကျင့်ကြံသူများကို လျစ်လျူရှုမောက်မာနိုင်စွမ်းသည်။ မကြာသေးမီကမှ ထွက်ပေါ်လာသည့် ရှန်ရှန့်ကျုံဂိုဏ်းသို့သော ဂိုဏ်းသစ်လေးကိုမူ ထည့်သွင်းစဉ်းစားရန်ပင် မလိုအပ်ပေ။

မိမိတို့ကို ရူးမိုက်သည်ဟု ဆိုချင်လျှင်လည်း မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤရှန်းရွှမ်‌ေဒသ၌ ယိယွမ်ဘုရားကျောင်းကို ကျော်လွန်နိုင်သည့်အရာဟူ၍ မရှိသောကြောင့်ဖြစ်၏။

သူတို့သည် ရှန်းရွှမ်ဒေသတစ်ခွင်သို့ မကြာခဏလှည့်လည်နေကြခြင်း မဟုတ်သော်ငြား အပြင်ဘက်လောကကို အမြဲလိုလို စိတ်ဝင်တစားရှိ၍ သတိတကြီးရှိခဲ့သည်။ အင်အားစုကြီးများစွာတို့၏ ဝှက်ဖဲများကိုပင် သိရှိတတ်ကြ၏။

အခြားသူများ၏ဝှက်ဖဲကို နားလည်သိရှိ၍ အခြားသူများ၏အင်အားကို သိမြင်နိုင်သည့်စွမ်းရည်သည် ယိယွမ်ဘုရားကျောင်း မောက်မာထောင်လွှားနိုင်သည့် အကြောင်းရင်းဖြစ်သည်။

ယခု၌ အင်အားစုလေးတစ်ခုမှ အသစ်ထွက်ပေါ်လာခဲ့ပြီးနောက် ယိယွမ်ဘုရားကျောင်းကို စိန်ခေါ်ဝံ့လေရာ ယွမ်ဖုန်းနှင့် အခြားသူများမှာ အံ့အားသင့်ကြီးစွာဖြင့် ရှုပ်ထွေးသွားရ၏။

“မကြားလိုက်ဘူးလား? ရှန်ရှန့်ကျုံဂိုဏ်းကို ဒီလိုလာပြီးရိုင်းပျဖို့ ဘယ်လိုတောင်သတ္တိရှိတာလဲ?”

ယန်ဖေးမှ ပျက်ရယ်ပြု၏။ ယွမ်ဖုန်းနှင့်အခြားသူများကို တစ်ချက်ဝေ့ဝဲကြည့်၍ ထပ်မံပြောဆိုလိုက်သည်။ 

ယန်ဖေးသာမက ဝမ်ဖုန်း၏နောက်ရှိ ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများသည်လည်း လှောင်ရယ်ကြလေသည်။ ရှန်ရှန့်ကျုံဂိုဏ်းမှ အင်အားအများစုကို အရှေ့ပိုင်းနယ်မြေနှင့် အနောက်ပိုင်းနယ်မြေတို့ကို တိုက်ခိုက်သိမ်းပိုက်ရန် စေလွှတ်ထားခဲ့သည်မှာ မှန်ပါ၏။ သို့သော်ငြား လက်ရှိအင်အားဖြင့် ရှန်ရှန့်ကျုံဂိုဏ်းကို မထီမဲ့မြင်ပြုနိုင်သည်ဟုလည်း မဆိုလိုပါချေ။

ဒီလူအုပ်စုလောက်နဲ့များ ရှန်ရှန့်ကျုံဂိုဏ်းကို မေးခွန်းထုတ်ချင်တယ်တဲ့လား?

‌ဒီလူ‌ေတွက ဘယ်လိုသေသင့်ရှင်သင့်တယ်ဆိုတာကို နားမလည်ကြဘူးပဲ!

All Chapters