ဒဏ်ရာအသေးစားလေးပေမယ့် အရမ်းစော်ကားရာကျတယ်!
Vol. 28 Ch. 390
Translator - Hsue Htet
“ကြည့်ရတာ မင်းတို့ ကျုပ်တို့ယိယွမ်ဘုရားကျောင်းရဲ့အင်အားကို မေ့နေတယ်ထင်တယ်။ အဲ့တော့လည်း ကျုပ်တို့ယိယွမ်ဘုရားကျောင်းရဲ့ စွမ်းဆောင်ရည်ကို သေချာလေးကြည့်လိုက်ဦးပေါ့!”
ယွမ်ဖုန်းသည် မျက်လုံးအစုံကိုေမှးကျဉ်းလျက် ယန်ဖေးကိုကြည့်၍ နူးညံ့စွာပြော၏။ သူ၏အသံသည် မနှေး၊မမြန်ဖြစ်သော်ငြား သတ်ဖြတ်လိုခြင်းအငွေ့အသက်သည်တော့ ပြင်းထန်လှသည်။
ထွက်ခဲ့!
ယွမ်ဖုန်းမှ လှုပ်ရှားတိုက်ခိုက်၍ ရှန်ရှန့်ကျုံဂိုဏ်းသားများကို အပြင်လောက၌ လူများစွာရှိသေးကြောင်းကို ပြသပေးရန်အပြုတွင် လေဟာပြင်ကိုဖြိုခွင်းသည့်အသံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာလေရာ လှုပ်ရှားတော့မည့် ယွမ်ဖုန်းနှင့် အခြားသူများမှာ ရပ်တန့်သွားကြ၍ အသံလာရာသို့ ကြည့်လိုက်ကြသည်။
ဝမ်ဖုန်းတို့သည်လည်း ထိုအသံလာရာသို့ ကြည့်လိုက်ကြ၏။
အားလုံး၏အကြည့်အောက်၌ လေဟာပြင်ထက်မှ ပုံရိပ်ဒါဇင်ကျော်ထွက်ပေါ်လာပြီး သူတို့၏ရှေ့သို့ ရောက်ရှိလာ၏။ ဦးဆောင်သူမှာ ဗြောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးဖြစ်ပြီး သူ၏ဘေးတွင် လူငယ်တစ်ဦးနှင့် နောက်ဘက်တွင် သက်လတ်ပိုင်းအရွယ်တစ်ဦးတို့မှ ခြံရံထားသည်။ အခြားသောလူငယ်များလည်း ရှိနေကြပြီး အဟုန်သည် သာလွန်ထူးကဲ၏။
လူအိုကြီးကိုမြင်တွေ့ရသည်တွင် ဝမ်ဖုန်းတို့သည် အရေးမစိုက်မြဲပင်။ ယွမ်ဖုန်းတို့အုပ်စုသည်တော့ အသီးသီး မျက်လုံးများမှေးကျဉ်းသွားကြ၏။
“ယန်လဲ့အင်မော်တယ်မြို့ကလား?”
ယွမ်ဖုန်းသည် ထိုလူအုပ်စု၏ အဝတ်အစားများကို အကဲခတ်ပြီးနောက် ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက်၌ ဝမ်ဖုန်းတို့၏မျက်နှာထက်တွင် ကျီစယ်နောက်ပြောင်ဟန်သောအပြုံးများ ထွက်ပေါ်လာခဲ့သည်။
စိတ်ဝင်စားစရာပဲ.. အရင်ဆုံး မကောင်းဆိုးဝါးတစ်အုပ် ရောက်လာပြီး အခုတော့ ရန်သူတစ်အုပ် ရောက်လာတယ်။
စည်ကားနေရောပဲ!
ရှန်ရှန့်ကျုံဂိုဏ်းသို့ ဤသို့သောအချိန်မျိုး၌ ယန်လဲ့အင်မော်တယ်မြို့တော်မှလူများ ရောက်ရှိလာခြင်းသည် မြို့သခင်ငယ်အတွက် လက်စားချေခြင်းမှလွဲ အခြားကိစ္စရပ် မဖြစ်နိုင်ပြီ။
“အမှန်ပဲ! ယန်လဲ့မြို့တော်ရဲ့ တတိယအကြီးအကဲ လဲ့ခုန်း၊ ကျန်တဲ့ကျင့်ကြံသူတွေကတော့ ငါမသိ…?”
ယွမ်ဖုန်းမှ လဲ့ခုန်း၏ကျင့်ကြံမှုအခြေခံကို ခံစားမိသည်တွင် လဲ့ခုန်းသည်လည်း ယွမ်ဖုန်းတို့အုပ်စု၏ ကျင့်ကြံမှုအခြေခံတို့ကို ခံစားသိရှိ၏။
အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်၃ဦးနှင့် အခြားသောစွမ်းအားမြင့်ကျင့်ကြံသူများ ရှိနေကြ၏။ ထိုလူအုပ်စုမှာ ယန်လဲ့အင်မော်တယ်မြို့တော်မှ မတတ်နိုင်သော နောက်ခံအင်အားမျိုး ပိုင်ဆိုင်ပုံရသည်။ ထိုလူအုပ်စုမှာ ရှန်ရှန့်ကျုံဂိုဏ်းမှလူများ ဖြစ်နေခဲ့ပါလျှင် လဲ့ခုန်းသည် တွေဝေတုံ့ဆိုင်းမှုမရှိ သေချာပေါက် ပြန်လှည့်ထွက်သွားမည်ဖြစ်သည်။
ယန်လဲ့မြို့တော်သည် ရှန်ရှန့်ကျုံဂိုဏ်းကို လက်စားချေလိုပါသော်ငြား မိမိမှာ အရူးတစ်ယောက် မဟုတ်ပါချေ။ ဒီလိုအင်အားမျိုးနဲ့ဆို ရှန်ရှန့်ကျုံဂိုဏ်းဟာ ရိုးရှ်င်းပါ့မလား? မြို့သခင်ငယ်နဲ့ အစောင့်အရှောက်တစ်ဦးကို ဆုံးရှုံးခဲ့ရတယ်ဆိုရင်တောင်မှ သည်းခံသင့်ရင် သည်းခံရမှာပဲလေ။
ထိုမျှသောအင်အားသည် ယန်လဲ့မြို့တော်မှ တတ်နိုင်သည့်အင်အားမျိုး မဟုတ်ချေ။ မြို့သခင်ငယ်နှင့် အစောင့်အရှောက်တစ်ဦးအတွက် ထိုမျှအင်အားကို ထိပါးပြစ်မှားရန်မှာလည်း မထိုက်တန်ပါချေ။
“ယိယွမ်ဘုရားကျောင်းရဲ့အစောင့်အရှောက် အကြီးအကဲယွမ်ဖုန်းပါ!”
ယွမ်ဖုန်းမှ လက်နှစ်ဖက်ကိုနောက်ပစ်လျက်ဖြင့် ဝံ့ကြွားစွာပြောလိုက်၏။ နောက်ဘက်ရှိ ယွမ်လင်နှင့် ယိယွမ်ဘုရားကျောင်း၏ အခြားကျင့်ကြံသူများမှာ မောက်မာဝံ့ကြွားဟန်ကို မပြသသော်ငြား မျက်နှာအမူအရာတို့မှာ တည်တံ့နေကြသည်။
သူတို့မှာ ယန်လဲ့အင်မော်တယ်မြို့တော်၏ အင်အားစုနှင့် ဆုံတွေ့နေခြင်းမဟုတ်ပါဘဲ သာမန်လူတစ်စုနှင့် တွေ့ဆုံနေသည့်အလားပင်။ ထိုအပြုအမူသည် ယိယွမ်ဘုရားကျောင်း၏ မိမိကိုယ်ကိုယုံကြည်မှုနှင့် ဝံ့ကြွားမောက်မာမှုတို့ကို ပီပီပြင်ပြင် လှစ်ဟပြသနေပေသည်။
“ဘာ?”
ယွမ်ဖုန်း၏စကားအဆုံး၌ လဲ့ခုန်း၏မျက်လုံးအိမ်တို့ မှေးကျုံ့သွားကာ မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားသည်။ သူ၏နာက်မှ ယန်လဲ့မြို့တော်၏ အခြားသောကျင့်ကြံသူများသည်လည်း အံ့အားသင့်ကုန်ကြ၏။
ယိယွမ်ဘုရားကျောင်းဟူသည် အလယ်ပိုင်းတိုက်မကြီးတစ်ခုလုံးသာမက ရှန်းရွှမ်ဒေသတစ်ခုလုံး၌ လျှို့ဝှက်အဆန်းကြယ်ဆုံးသော၊ အင်အားအကြီးမားဆုံးသော အင်အားစုကြီးဖြစ်သည်။ ဤတောင်ပိုင်းနယ်မြေ၌ ယိယွမ်ဘုရားကျောင်းနှင့် ဆုံတွေ့ရမည်ဟု မျှော်လင့်မထားခဲ့ပေ။
တကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ? ယိယွမ်ဘုရားကျောင်းက ဒီလိုအင်အားအများကြီး စေလွှတ်ရတဲ့အထိလေ? မြေအောက်ဘုံလောကရဲ့ ရှေ့ပြေးတပ်နဲ့ ရင်ဆိုင်ဖို့အတွက်များလား?
အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်၃ဦး၊ မိုးကောင်းကင်နတ်မင်းအထွတ်အထိပ်အဆင့် ၅ဦး၊ ကိုးကွယ်ခံနတ်မင်းအထွတ်အထိပ်အဆင့်တစ်ရာနဲ့ ပြောင်းလဲခြင်းနတ်မင်းအထွတ်အထိပ်အဆင့် တစ်ထောင်ဟူသော အင်အားကြီးကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ယန်လဲ့မြို့တော်မှ မြေအောက်ဘုံလောက၏ ရှေ့ပြေးတပ်နှင့် ရင်ဆိုင်ရပါလျှင် ထိုမျှအင်အားဖြင့်သော်မှ သတိတကြီးရှိနေဆဲ ဖြစ်ပေလိမ့်မည်။
ကျင့်ကြံသူကြီးတို့ ဒါ ခင်ဗျားတို့က သူတို့ကို အရမ်းကြီး အထင်မြင်သေးနေတာမဟုတ်ဘူးလား?
“အကြီးအကဲယွမ်ဖုန်းနဲ့ နောက်လိုက်ကျင့်ကြံသူတို့ကို ဂါရဝပြုပါတယ်!”
စိတ်နှလုံးတွင်းမှ အံ့ဩမှုနှင့်သံသယတို့ကို ဖိနှိပ်၍ ယွမ်ဖုန်းတို့အား လဲ့ခုန်း လက်ဟန်ဖြင့် အရိုအသေပြုနှုတ်ဆက်လိုက်သည်။ သူ၏နောက်ရှိ ယန်လဲ့မြို့တော်၏ကျင့်ကြံသူများသည်လည်း အတော်လေးယဉ်ကျေးစွာဖြင့် အရိုအသေပြုလိုက်ကြ၏။
မိမိတို့သည် မိမိတို့၏အတိုင်းအတာဖြင့် မောက်မာထောင်လွှားနိုင်ပါသော်ငြား ယိယွမ်ဘုရားကျောင်း၏ကျင့်ကြံသူများကိုမူ လေးစားယဉ်ကျေးမှု ရှိရပေမည်။ အနည်းငယ်သော်မျှ ပြစ်မှားမိ၍ မဖြစ်ပါချေ။ ဤသည်မှာ အလယ်ပိုင်းတိုက်မကြီးရှိ ယိယွမ်ဘုရားကျောင်း၏ အင်အားဖြစ်သည်။
လဲ့ခုန်းတို့၏အပြုအမူကို ယွမ်ဖုန်းတို့အုပ်စုသည် စိတ်ကျေနပ်မှုရှိ၏။ ဤသည်မှာ ယိယွမ်ဘုရားကျောင်းနှင့် မျက်နှာချင်းဆိုင်ရချိန်တွင် ရှိသင့်ရှိထိုက်သော အပြုအမူသဘောထားဖြစ်သည်။ အချို့သော ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်ကဲ့သို့ စဉ်းစားဉာဏ်မရှိ သေလမ်းရှာနေခြင်းမဟုတ်ပေ။
“အကြီးအကဲယွမ်ဖုန်းနဲ့ နောက်လိုက်ကျင့်ကြံသူကြီးတွေက တောင်ပိုင်းနယ်မြေကို ဘာအကြောင်းကြောင့်များ ရောက်လာကြတာလဲဗျာ?”
လဲ့ခုန်းမှ ယွမ်ဖုန်းကို ကျိုးနွံစွာမေးမြန်း၏။
“မြေအောက်ဘုံလောကကို ကျူးကျော်ဝင်ရောက်လာတဲ့ ရှေ့ပြေးတပ်နဲ့ ရင်ဆိုင်ချင်လို့ပဲ။ ဒါပေမဲ့ ဟန့်တားခံရမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ ယိယွမ်ဘုရားကျောင်းကို မသိတဲ့ ရေတွင်းအောက်ခြေက ဖားတွေရှိနေမယ်လို့လည်း မမျှော်လင့်ထားခဲ့ဘူးလေ!”
ယွမ်ဖုန်း၏မျက်နှာထက်တွင် လှောင်ရယ်ဟန် ထင်ဟပ်လာလျက် ဝမ်ဖုန်းတို့ကိုကြည့်၍ ပြောဆိုလေသည်။
“အို?”
ယွမ်ဖုန်း၏စကားတွင် လဲ့ခုန်း၏မျက်နှာ၌ သံသယအချို့ ဖြတ်ပြေးသွား၏။ ဝမ်ဖုန်းတို့ကိုကြည့်၍ မျက်လုံးအိမ်တို့မှေးကျဉ်းကာ အကဲခတ်ကြည့်သော်ငြား ဝမ်ဖုန်းတို့၏ကျင့်ကြံမှုအခြေခံကို မသိရှိနိုင်ချေ။
“မင်းတို့ ဘယ်သူတွေလဲ? ဘယ်လိုတောင် ယိယွမ်ဘုရားကျောင်းရဲ့ ကျင့်ကြံသူတွေကို မလေးမစားပြုမူရဲတာလဲ?!”
လဲ့ခုန်းမှ မျက်မှောင်ကြုတ်၍ ဝမ်ဖုန်းတို့ကို ကြိမ်းမောင်းလေသည်။
ဝမ်ဖုန်းတို့၏ ကျင့်ကြံမှုကို မသိရှိနိုင်သော်ငြား ဝမ်ဖုန်းတို့မှာ မိမိတို့ထက် အင်အားကြီးမားလိမ့်မည်ဟု လဲ့ခုန်း မထင်ပါ။ မိမိသည် အန္တိမနတ်မင်းအဆင့်ကျင့်ကြံသူ မဟုတ်ပါလော။ ရှန်းရွှမ်ဒေသ၏ ထိပ်တန်းကျင့်ကြံသူများထဲမှ တစ်ဦးအပါအဝင်ဖြစ်သည်။ အချို့သော မိစ္ဆာအိုကြီးများမှအပ မိမိထက် အင်အားကြီးမားသည့်တည်ရှိမှုဟူ၍ မရှိပါချေ။
ငါ့ထက် အင်အားကြီးမားတဲ့သူ ရှိနိုင်ဦးမလား? မဖြစ်နိုင်တာတွေ!
လဲ့ခုန်းမှ ကြိမ်းမောင်းပြောဆိုခြင်းကို ယွမ်ဖုန်းတို့မှလည်း မဟန့်တားပါချေ။ ထိုလူတစ်စုမှာ အတော်လေး အသုံးဝင်သည်ဟု ထင်မိ၏။ ယွမ်ဖုန်းသည် လဲ့ခုန်းအား အသိအမှတ်ပြုသည့်အကြည့်တို့ဖြင့်ပင် ကြည့်နေခဲ့သေးသည်။
လဲ့ခုန်းတို့အုပ်စုကို လောင်စာအဖြစ်အသုံးပြု၍ ယိယွမ်ဘုရားကျောင်း၏အင်အားကို ထင်ရှားစေနိုင်သည်။ ဤရေတွင်းအောက်ခြေမှ ဖားကောင်များကိုလည်း ယိယွမ်ဘုရားကျောင်း၏အင်အားကို မြင်တွေ့သိရှိစေမည်။
မည်သို့ပင်ဖြစ်စေ ယွမ်ဖုန်းတို့၏ မျက်လုံးထဲ၌မူ ဝမ်ဖုန်းတို့မှာ သေလူဖြစ်နေခဲ့ပြီးဖြစ်၏။
ချက်ချင်း မလှုပ်ရှားသေးသည့် အကြောင်းရင်းမှ ထိုရှန်ရှန့်ကျုံဂိုဏ်းသားများမှ ယိယွမ်ဘုရားကျောင်း၏ ကြောက်ခမန်းလိလိသော အင်အားကို မြင်တွေ့ရချိန်တွင် မည်သို့သော အမူအရာမျိုး ဖြစ်သွားလိမ့်မည်နည်းဟု သိချငသောကြောင့် ဖြစ်သည်။
ကြောက်ရွံ့ပြီးတော့ တုန်ယင်နေလိမ့်မလား?
ထိုသို့အတွေးဖြင့် ယွမ်ဖုန်းတို့သည် နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားလျက် မျက်နှာထက်တွင် အပြုံးမမည်သော အပြုံးတစ်ခု ထင်ဟပ်လာလေသည်။ ဝမ်ဖုန်းတို့အုပ်စုမှ ဒူးထောက်လျက် သနားညှာတာပေးပါရန် တောင်းပန်တိုးလျှိုးနေသည့်ပုံရိပ်ကို မြင်ယောင်မိနေ၏။
“ဘာလဲ? မင်းတို့က တောင်ပိုင်းနယ်မြေကို လက်စားချေဖို့လာခဲ့ပေမယ့် ကိုယ့်ရဲ့ရန်သူက ဘယ်သူလဲဆိုတာတောင် မသိဘူးလား?”
စွန်းအန်းသည် လဲ့ခုန်းတို့အုပ်စုကို တစ်ချက်မျှဝေ့ဝဲကြည့်၍ လှောင်ပြောင်လေသည်။
လင်းတုန့်လိုင်၊ ယန်ဖေးနှင့် အခြားသူများသည်လည်း လှောင်ရယ်ဟန်ပြု၏။
“မင်းတို့က ရှန်ရှန့်ကျုံဂိုဏ်းကလား?”
လဲ့ခုန်းမှ မျက်မှောင်ကြုတ်လျက် စွန်းအန်းနှင့်အခြားသူများကို အေးစက်စွာကြည့်၍ အထင်မြင်သေးစွာပြော၏။ သူ၏မျက်လုံးများ၌ သတ်ဖြတ်ခြင်းအငွေ့အသက်များ လင်းလက်သွားလျက် သူ၏နောက်ရှိ ယန်လဲ့မြို့တော်ကျင့်ကြံသူများသည်လည်း စွန်းအန်းတို့ကို အထင်မြင်သေးစွာ ကြည့်လာကြသည်။
“ဘာလဲ? ရှန်ရှန့်ကျုံဂိုဏ်းက ယန်လဲ့မြို့တော်ကို ပြစ်မှားခဲ့လို့လား?”
စွန်းအန်းတို့မှ မတုံ့ပြန်မီတွင် ယွမ်ဖုန်းမှ အံ့အားသင့်စွာဖြင့် မေးလာခဲ့သည်။
ယန်လဲ့မြို့တော်သည် ယိယွမ်ဘုရားကျောင်းမျှ အင်အားမကြီးမားသော်ငြား သူ၏အင်အားသည်လည်း အလယ်ပိုင်းတိုက်မကြီး၏ အကောင်းဆုံးသော အင်အားကြီးများထဲတွင် ပါဝင်ပါ၏။ ယိယွမ်ဘုရားကျောင်းပြီးနောက် အင်အားအကြီးဆုံးဟု သတ်မှတ်နိုင်ပေသည်။ ရှန်ရှန့်ကျုံဂိုဏ်းသည် ယန်လဲ့မြို့တော်ကို ပြစ်မှားခဲ့ဖူးသည်ဖြစ်ရာ အဘယ်သို့များ ယိယွမ်ဘုရားကျောင်းကို မသိဘဲ ရှိနိုင်ပါအံ့နည်း။
အလိမ်ခံလိုက်ရတာပဲ!
ယွမ်ဖုန်းနှင့် ယိယွမ်ဘုရားကျောင်းကျင့်ကြံသူများမှာ ပို၍ပင် ဒေါသဖြစ်သွားရတော့သည်။ ဝမ်ဖုန်းတို့ကို အထင်မြင်သေးစွာ စူးစိုက်ကြည့်နေကြ၏။ မျက်နှာအမူအရာတို့မှာ ဝမ်ဖုန်းတို့ကို အစိတ်စိတ်အမွှာမွှာ ဖျက်ဆီးပစ်လိုသည့်အလားပင်။
မမျှော်လင့်စွာဖြင့် မိမိတို့မှာ ယိယွမ်ဘုရားကျောင်းမှ ပထမဆုံးအကြိမ် ထွက်ခွာလာခဲ့ချိန်၌ ရေတွင်းအောက်ခြေမှ ဖားတစ်စု၏ လိမ်လည်လှည့်ဖျားခြင်းကို ခံလိုက်ရလေသည်။ ဘယ်လိုလုပ်ပြီး ဒေါသမဖြစ်ဘဲ နေနိုင်မှာတဲ့လဲ?
“ဒီရှန်ရှန့်ကျုံဂိုဏ်းက ကျွန်တော်တို့ ယန်လဲ့မြို့တော်ရဲ့ မြို့သခင်ငယ်နဲ့ အစောင့်အရှောက်တစ်ဦးကို သတ်ဖြတ်ခဲ့ဖူးပါတယ်!”
စိတ်နှလုံးမှ လှိုက်တက်နေသည့် သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့ကို ထိန်းချုပ်၍ လဲ့ခုန်းမှ ယွမ်ဖုန်းကို ပြောလိုက်သည်။
“အို ဘယ်လိုတောင် အတင့်ရဲတာလဲ?! ယန်လဲ့မြို့တော်ကို ပြစ်မှားခဲ့ရုံတင်မကဘဲ ယိယွမ်ဘုရားကျောင်းကိုလည်း လိမ်လည်လှည့်ဖျားရဲတယ်ပေါ့လေ?!”
“မင်းတို့ဘယ်လိုများ အသက်ထွက်ချင်လို့လဲ? ကျုပ်ကိုပြောပါဦး!”
လဲ့ခုန်း၏စကားကြောင့် ယွမ်ဖုန်း၏ သတ်ဖြတ်လိုခြင်းအငွေ့အသက်တို့မှာ ပို၍ပြင်းထန်လာကာ ၎င်းသတ်ဖြတ်လိုခြင်းအငွေ့အသက်များမှာ စုဝေးဖွဲ့စည်းလာလေရာ လဲ့ခုန်းတို့မှာ ကျောချမ်းလာရသည်။ ယွမ်ဖုန်း၏ အေးစက်စက်အသံကြီးမှာ သေမင်းတမန်၏အသံကြီးအလား ကြောက်မက်ဖွယ်ကောင်းလှ၏။
လဲ့ခုန်းသည် ကြောက်ရွံ့ခြင်းကြီးစွာဖြင့် ယွမ်ဖုန်းကို ကြည့်နေခဲ့သည်။ ယွမ်ဖုန်းမှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုခြင်းအသွေ့အသက်သည် လဲ့ခုန်းကို နှလုံးအိမ်ထိတိုင် တုန်လှုပ်နေစေခဲ့၏
ထိုရှန်ရှန့်ကျုံဂိုဏ်းသည် ယိယွမ်ဘုရားကျောင်းကိုပင် မထီမဲ့မြင်ပြု၍ လှည့်ဖျားနောက်ပြောင်ဝံ့ခဲ့သည်။
တကယ့်ကို အကြောက်တရားကင်းမဲ့ပြီး မောက်မာထောင်လွှားတာပဲ!
လဲ့ခုန်း၏မျက်နှာထက်တွင် ပျက်ရယ်ပြုဟန်တို့ ထင်ဟပ်နေ၏။ ဤအခြေအနေအရ မိမိတို့ ယန်လဲ့မြို့တော်မှ မလှုပ်ရှားလျှင်သော်မှ ထိုရှန်ရှန့်ကျုံဂိုဏ်းမှာ မြှုပ်နှံရန် သင်္ချိုင်းမြေပင်မရှိရှာဘဲ အသက်သေဆုံးရပေတော့မည်။
ခဏအကြာတွင်တော့ လဲ့ခုန်းနှင့် နေရာရှိလူအားလုံးကို အံ့အားမင်သက်သွားစေသည့် မြင်ကွင်းတစ်ခု ဖြစ်တည်သွားခဲ့သည်။
ဂျွတ်!
အထက်ကောင်းကင်နှင့်ကမ္ဘာမြေကြီး၌ ကျိုးပဲ့သည့်အသံကြီး ပေါက်ကွဲထွက်လာခြင်းနှင့်အတူ ယွမ်ဖုန်း၏မျက်နှာထက်တွင် လက်ဖဝါးရာကြီး ထင်ထင်ရှားရှား ဖြစ်တည်သွားလေသည်။
“ကျုပ်ခင်ဗျားကို ရိုက်တယ်လေ. အဲ့တော့ဘာဖြစ်လဲ?!”
လင်းတုန့်လိုင်သည် မျက်ခုံးနှစ်လွှာကိုပင့်မြှောက်၍ ယွမ်ဖုန်းကို ပြုံးစစဖြင့် စူးစိုက်ကြည့်၏။ ၎င်းရိုက်ချက်မှာ လင်းတုန့်လိုင်၏လက်ချက်ဖြစ်သည်။ သူ၏လှုပ်ရှားမှုအရှိန်မှာ မြန်ဆန်လွန်းလှသောကြောင့် မည်သူမျှ မတုံ့ပြန်နိုင်လိုက်ပေ။ သေချာပေါက်ပင် ရှန်ရှန့်ကျုံဂိုဏ်းသားများမှ ယိယွမ်ဘုရားကျောင်း၏ကျင့်ကြံသူကို တကယ်တမ်းစော်ကားပြုမူဝံ့မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့သည်လည်း ဖြစ်ပါ၏။
ယွမ်ဖုန်းအတွက် ထိုရိုက်ချက်သည် နာကျင်ပါ၏လော? မဟုတ်ပါ။ ဒဏ်ရာအသေးစားလေးပင် မဟုတ်နေပါ။ ဒဏ်ရာအသေးစားလေးပင် မဟုတ်သော်ငြား လူကို အရမ်းစော်ကားရာကျ၏!
ယွမ်ဖုန်းမှာ ဂုဏ်သရေကြီးမြတ်သော အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်သည်။ ယိယွမ်ဘုရားကျောင်း၏ အဆင့်အတန်းမြင့်မားသော အစောင့်အရှောက် အကြီးအကဲတစ်ဦးလည်း ဖြစ်သည်။ ထိုသို့သော မိမိကို ပါးရိုက်လိုက်ခြင်းဖြစ်၏။ ဤသည်မှာ ယွမ်ဖုန်းတစ်ဦးတည်းကို စော်ကားခြင်းမဟုတ်ဘဲ ယိယွမ်ဘုရားကျောင်းကို စော်ကားလိုက်ခြင်းဖြစ်ပေသည်။
ဘယ်… ဘယ်လိုလုပ်ရဲတာလဲ?
လဲ့ခုန်းနှင့် ယန်လဲ့မြို့တော်ကျင့်ကြံသူများမှာ ကြောင်အကုန်ကြ၏။ လင်းတုန့်လိုင်ကို ကြောင်အစွာကြည့်ရင်းဖြင့် ကြက်သေသေကုန်ကြလေသည်။ မျက်နှာအမူအရာတို့မှာမူ မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေကြသည်။
ဒါက သေချင်နေတဲ့သူတွေပဲ လုပ်နိုင်မယ့်အရာကြီးလေ!
“သေချင်နေပြီပဲ!”
ယွမ်ဖုန်းသည် လင်းတုန့်လိုင်ကို စူးစူးရဲရဲစိုက်ကြည့်နေကာ အေးစက်သောအသံကြီးဖြင့် ဟိန်းဟောက်၏။ လူတစ်ကိုယ်လုံးမှာ ဒေါသတကြီး မာန်ဖီနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ နီမြန်းသောမျက်လုံးအစုံမှာ ကြောက်ခမန်းလိလိသော သတ်ဖြတ်ခြင်းအငွေ့အသက်များဖြင့် ပြည့်နှက်ဖုံးလွှမ်းနေသည်။
ဘုန်း!
ယွမ်ဖုန်းထံမှ ကြမ်းကြုတ်ပြင်းထန်သော စွမ်းအင်လုံးကြီး ရုတ်ချည်းဖြာထွက်လာ၏။ ၎င်းစွမ်းအင်လှိုင်းကြီးကို ပစ်လွှတ်လိုက်ချိန်တွင် လဲ့ခုန်းနှင့် ယန်လဲ့မြို့တော်ကျင့်ကြံသူများမှာ မထိန်းချုပ်နိုင်စွာ သိမ့်သိမ့်တုန်မိကြရသည်။ အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်မှ ထုတ်လွှတ်လိုက်သောစွမ်းအားသည် မည်မျှကြောက်မက်ဖွယ်သော ပျက်စီးမှုများကို ဆောင်ကြဉ်းခဲ့လိမ့်မည်နည်း။
လဲ့ခုန်းတို့သည် ဝမ်ဖုန်းတို့ကို လူသေတစ်အုပ်ကို ကြည့်နေသည့်အလား သနားချင့်သောမျက်လုံးတို့ဖြင့် ကြည့်နေကြသည်။ ယွမ်ဖုန်းသို့သော အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်အား လင်းတုန့်လိုင်မှ တိတ်တဆိတ်ချဉ်းကပ်နိုင်ခဲ့မည်ဟု မည်သူမျှ မမျှော်လင့်ခဲ့ကြသည် မဟုတ်ပါလော? ယွမ်ဖုန်းမှ လင်းတုန့်လိုင်ကို အဘယ်သို့ ပြန်ရိုက်မည်ကိုလည်း စိတ်ဝင်စားမိပါ၏။
လင်းတုန့်ဟိုင်သည် သာမန်လူတစ်ဦးမဟုတ်ဘဲ အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် ကျင့်ကြံသူဖြစ်၏။
၎င်းကို ဒေါသဖုံးလွှမ်းနေသော ယွမ်ဖုန်းမှ သတိမထားမိသကဲ့သို့ လဲ့ခုန်းနှင့် အခြားသူများသည်လည်း သတိမထားမိကြပေ။ လဲ့ခုန်း၏ဘေးရှိ လူငယ်လေးနှင့် ယွမ်လင်နှင့် ယိယွမ်ဘုရားကျောင်းကျင့်ကြံသူများသာလျှင် မျက်မှောင်ကြုတ်လျက်ဖြင့် လင်းတုန့်လိုင်ကို သေချာစိုက်ကြည့်နေကြလေသည်။