← Chapters

အဆင့်တက်ရန်တံခါးပိတ်ကျင့်မည်

Vol. 8 Ch. 99

အဆင့်တက်ရန်တံခါးပိတ်ကျင့်မည်

Vol. 8 Ch. 99

အခန်း (၉၉) အဆင့်တက်ရန်တံခါးပိတ်ကျင့်မည်

မိန်းကလေးငယ်လေးက မူလဝိညာဉ်အဆင့် အလယ်ဆင့် ကျင့်ကြံသူ ဖြစ်သည်။

သို့သော်… ကျန်းလန်သည်ပင် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်ထားသေးရာ အခြားသူများသည်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားနိုင်၏။

ထို့ပြင်… တတိယတောင်ထွတ်မှ ရှောင်ယွိဆိုသည့် မိန်းကလေးငယ်လေးကို ကျန်းလန် တစ်ခါမှ မသိကျွမ်းဖူးပေ။

သူမ ကျန်းလန်ဆီရောက်လာရခြင်းကလည်း စကားစမြည်ပြောဆိုရန်သက်သက် မဖြစ်နိုင်ပေ။

ကျန်းလန် ထိုမိန်းကလေးငယ်လေးကို တစ်ချက်အကဲခတ်လိုက်သည်။ သူ့ကို တိတ်တဆိတ်စောင့်ကြည့်နေသူမှာ ဒီမိန်းကလေးငယ်လေးဖြစ်နိုင်သည်ဟု တွေးထင်လိုက်၏။

အမှောင်ထဲတွင် ဆက်လက်ပုန်းအောင်းနေ၍ မဖြစ်နိုင်တော့သောကြောင့် ပွင့်ပွင့်လင်းလင်း ရှေ့ထွက်လာခြင်း ဖြစ်ပေလိမ့်မည်။

ရှောင်ယွိက…

"ဂိုဏ်းတူမောင်လေး… ရှင်က ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ပြီးပြီလား…"

ကျန်းလန်က စကားမပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။

သူက အခြားသူများအပေါ်ယံသိမြင်နိုင်သည့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို ဘယ်သောအခါမှ ဖုံးကွယ်မထားခဲ့ပေ။

ထို့ကြောင့် မိန်းကလေးငယ်အနေဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်ကို လွယ်လွယ်ကူကူပင် ခန့်မှန်းကြည့်နိုင်မည် ဖြစ်သည်။

ရှောင်ယွိက ကျန်းလန်ဘေးနားသို့ လျှောက်လာသည်။

သူမက အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီးမှ…

"ဂိုဏ်းတူမောင်လေး… တတိယတောင်ထွတ်မှာ ရှင်နဲ့သိတဲ့ ဂိုဏ်းတူမောင်နှမတွေများ ရှိသလား…"

ကျန်းလန်က မိန်းကလေးငယ်လေးကို လှမ်းကြည့်လိုက်သည်။

ဒီကလေးမလေး သူ့ဆီဘာလို့ရောက်လာရသလဲ ကျန်းလန် နားမလည်နိုင်ပေ။

သို့သော်… သူမ မေးသည့်မေးခွန်းက သာမန်မျှသာဖြစ်လေရာ ကျန်းလန်အနေဖြင့် မဖြေနိုင်စရာ အကြောင်း မရှိပေ။

သာမန်မေးခွန်းတစ်ခု ဟုတ်ချင်မှလည် ဟုတ်ပေလိမ့်မည်။ သို့သော်… ကျန်းလန်အတွက် ပြဿနာမရှိသည့် မေးခွန်းမျိုး ဖြစ်၏။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မ'လုန်' နဲ့ ဂိုဏ်းတူအစ်မ'လင်' တို့နဲ့တော့ နည်းနည်းသိတယ်…"

ကျန်းလန် တကယ်တမ်းလည်း ထို (၂)ယောက်ကိုသာ သိရှိလေသည်။

ရှောင်ယွိက ခေါင်းညိတ်လိုက်ရင်း…

"ဒါဖြင့် ပထမတောင်ထွတ်ကရော…"

ကျန်းလန်က အေးဆေးစွာဖြင့်…

"ပထမတောင်ထွတ်က ဆိုရင်တော့ ဂိုဏ်းတူအစ်ကိုကျင်းထင်နဲ့ ဂိုဏ်းတူအစ်ကို ကုချီကို သိတယ်…"

မိန်းကလေးငယ်လေး စပ်စုနေခြင်းကြောင့် ကျန်းလန် စိတ်ရှုတ်ခြင်းတော့ မဖြစ်မိပေ။

သူက အေးအေးဆေးဆေးပင် မေးသမျှကို ပြန်ဖြေလိုက်သည်။

အမှန်တော့… အခြားသူများ စကားပြောဆိုနေကြသည်ကို နားထောင်ရင်း ထိုသူများ၏ နာမည်များကို သိရှိထားခြင်း ဖြစ်သည်။

ကျန်းလန် ခွန်လွန်တောင်ဒေသများတွင် လှည့်လည်သွားလာစဉ် ထိုသူများအကြောင်းကို အခြားတပည့်များက မကြာခဏ ပြောဆိုကြသည်ကို ကြားဖူးသည်။

ထိုသူများက ခွန်လွန်တောင်မှ တပည့်အများစု အထင်ကြီးအားကျကြသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ရှောင်ယွိက စကားမပြောတော့ဘဲ ရုတ်တရက်တိတ်ဆိတ်သွား၏။ သူမက ကျန်းလန်နံဘေးတွင် လမ်းလျှောက်လိုက်ပါလာရင်း ခေါင်းကိုငုံ့ကာ သူမ၏ လက်ချောင်းလေးများကို လိမ်ချိုးရင်း ဆော့ကစားနေသည်။

ကျန်းလန်က သူမကို တစ်ချက်ကြည့်လိုက်ပြီး …

"ဂိုဏ်းတူအစ်မ… ကိစ္စတစ်ခုခုများ ရှိလို့လား…"

ဒီဂိုဏ်းတူအစ်မလေးက ငယ်ရွယ်ပြီး အလွန်မှ ချစ်စရာကောင်းလေသည်။

ဒီမိန်းကလေးငယ်လေးသာ သူ့နောက် တစ်ကောက်ကောက်လိုက်လာပါက လူထူထပ်သည့်နေရာများသို့ ရောက်ရှိလျှင် အခြားသူများ၏ သေချာပေါက် အာရုံစိုက်ကြပေလိမ့်မည်။

အာရုံစိုက်ခံရလျှင် ပြဿနာက နောက်ကလိုက်လာပေမည်။

ကျန်းလန်က သူ့ကို အမှောင်ထဲမှ ချောင်းမြောင်းစောင့်ကြည့်နေသူကို မျှားခေါ်ချင်သည့်တိုင် အခြားသူများ အာရုံစိုက်လာမည်ကိုတော့ မလိုလားပေ။

ထို့ပြင်… နတ်လူသားမျိုးနွယ်ကို အနိုင်ယူခဲ့ခြင်းကြောင့် သူက ခွန်လွန်တောင်တွင် အနည်းငယ် နာမည်ကြီးနေခဲ့သည်။

ထို့ကြောင့်… သူက ဟိုဟိုဒီဒီ လျှောက်သွားသည့်အခါ မည်သူမှ သူ့ကိုသတိမထားမိအောင် တစ်ယောက်တည်းသာ သွားချင်မိသည်။

ဒီကလေးမလေး တကောက်ကောက် နောက်ကလိုက်နေလျှင်တော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ရှောင်ယွိက တစ်ခဏမျှ စဉ်းစားနေပြီးမှ…

"ရှိတယ်…"

ဟု ပြန်ဖြေလိုက်၏။

ပြီးမှ ရှောင်ယွိက…

"ဂိုဏ်းတူအစ်ကိုကျင်းထင်က ဂိုဏ်းတူမောင်လေးကို ပစ္စည်းတစ်ခုခုများ ပေးခဲ့သေးလား…"

ကျန်းလန်က မိန်းကလေးငယ်လေးကို တစ်ချက်လှမ်းကြည့်လိုက်ရင်း…

"တစ်ခုခု ပေးတယ် … ဟုတ်လား… သေသေချာချာ ပြောပြပါလား… ဘယ်လိုပစ္စည်းမျိုးလဲဆိုတာ…"

"အဲဒါ… အဲဒါ… ဂိုဏ်းတူအစ်မ'လုန်' နဲ့ ပတ်သက်တဲ့ ပစ္စည်းတစ်ခုခုလေ…"

ရှောင်ယွိကို ကြည့်ရသည်မှာ ပြောရခက်နေဟန်ရှိသည်။

သို့သော်… သူမ အတတ်နိုင်ဆုံး ကြိုးစားပြီး ရှင်းပြလိုက်၏။

ရှောင်ယွိက…

"မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလိုမျိုး ပုတီးစေ့လေးလေ…"

ထိုစကားကိုကြားတော့မှ ရှောင်ယွိပြောနေသည်မှာ "ဂိုဏ်းတူအစ်မ'လုန်ယွိ'ရေချိုးနေသည့်မြင်ကွင်း" ကိုမှတ်တမ်းတင်ထားသည့် စိမ်းပြာရောင်ပုတီးစေ့လေးကို ပြောနေခြင်းဖြစ်ကြောင်း နားလည်လိုက်တော့သည်။

ယနေ့… ဒီကိစ္စကို လာမေးနေသူ မနည်းတော့ပေ။

ပြီးတော့… ထိုပုတီးစေ့လေးထဲမှာ ပါဝင်သည့်မြင်ကွင်းက ဘာမှလည်း စိတ်ဝင်စားစရာမရှိ…။

ကျန်းလန်က ဘူးသီးခြောက်အနီလေးထဲမှ ပုတီးစေ့လေးကို ထုတ်ယူလိုက်ပြီး…

"ဒါလေးကို ပြောတာလား…"

ရှောင်ယွိက ဤပစ္စည်းလေးကို လာတောင်းခြင်းဆိုလျှင် ကျန်းလန်ကလည်း ဆက်ယူထားစရာ အကြောင်းမရှိပေ။ ပေးလိုက်မည် ဖြစ်သည်။

သို့မှသာ… လိုချင်သည့်ပစ္စည်းရသွားပါက ကလေးမလေးလည်း သူ့နောက် တကောက်ကောက်လိုက်နေမည် မဟုတ်တော့ပေ။

"အဲဒီပစ္စည်းလေးကို ကျွန်မ ကြည့်လို့ရမလား…"

ရှောင်ယွိက မေးလိုက်သည်။

သူမက ပုတီးစေ့လေးကို ချက်ချင်းမယူသေးဘဲ ကျန်းလန်၏ ခွင့်ပြုချက်ကို စောင့်နေ၏။

ကျန်းလန်က ခေါင်းညိတ်ခွင့်ပြုလိုက်တော့မှ သူမက ပုတီးစေ့လေးကို လှမ်းယူကာ အလျှင်အမြန် စစ်ဆေးကြည့်လိုက်သည်။

ထို့နောက် သူမက ခပ်တိုးတိုးလေသံဖြင့်…

"ဂိုဏ်းတူမောင်လေး… ရှင်က… အထဲကမြင်ကွင်းကို ကြည့်ပြီးသွားပြီလား…"

ကျန်းလန်က…

"အထဲက မြင်ကွင်းက ဘာမှမထူးဆန်းဘူးလေ… ပြဿနာရှိလို့လား…"

ရှောင်ယွိက ခေါင်းငုံ့လိုက်ရင်း…

"အင်း… ပြဿနာတော့ သိပ်မရှိပါဘူး…"

တကယ်လည်း ပြဿနာ သိပ်မရှိပေ။

ပစ္စည်းလေးထဲမှ မှတ်တမ်းက သိပ်ပြီးထူးခြားသည့်အရာမှ မဟုတ်ပေပဲ…။

ထို့နောက်… ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်ရင်း…

"ဂိုဏ်းတူမောင်လေး… ဒီပစ္စည်းလေးကို ကျွန်မကို ရောင်းပါလား… ကျွန်မက… ဂိုဏ်းတူမောင်လေးကို တခြား မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးတစ်ခု အစားပြန်ပေးပါ့မယ်…"

ပြောပြီးသည်နှင့် ရှောင်ယွိက သူမ၏ခါးကို တစ်ချက်ထိကိုင်ကြည့်လိုက်သည်။

သို့သော်… သူမက ကျန်းလန်နှင့်အလဲအလှယ်ပြုလုပ်ရန် အခြားမှော်ဝင်ပစ္စည်းလေးကို ယူလာရန် မေ့သွားခဲ့ကြောင်း သိရှိလိုက်သည်။

"ဂိုဏ်းတူမောင်လေး… ကျွန်မကို ခဏလောက် စောင့်လို့ရမလား… ၊ ဒါလေးကို ကျွန်မ သေချာပေါက် ပြန်လာယူပါ့မယ်…"

ရှောင်ယွိက ပြောလိုက်သည်။

ကျန်းလန်ကလည်း သဘောတူရန် ဟန်ပြင်လိုက်၏။

ဒီပစ္စည်းလေးက သူ့အတွက်အသုံးမဝင်ပေ။ ကလေးမလေးကို အလကားပေးလိုက်၍လည်း ရသည်။

သို့သော်… ရှောင်ယွိက မှတ်တမ်းတင်မှော်ဝင်ပစ္စည်းနောက်တစ်ခုဖြင့် လဲလှယ်ပေးမည်ဆိုလေရာ ကျန်းလန်အနေဖြင့် ကမ်းလှမ်းမှုကို ငြင်းစရာအကြောင်း မရှိပေ။

ထိုစဉ်မှာပင်…

ကျန်းလန်၏ အနောက်ဘက်မှ စောင့်ကြည့်နေသည့် ထူးဆန်းသည့်အကြည့်က ထွက်ပေါ်လာသည်။

ကျန်းလန် ချက်ချင်းပင် သတိအနေအထားဖြစ်သွားသည်။

"ရတယ်… နောက်တစ်ခါမှပဲ မင်းပေးမယ့် မှော်ဝင်ပစ္စည်းကို ယူတော့မယ်…"

ပြောပြီးသည်နှင့် ကျန်းလန် လှည့်ထွက်သွားတော့၏။

ပုတီးစေ့လေးက ရှောင်ယွိလက်ထဲတွင် ကျန်ရစ်ခဲ့လေသည်။

ရှောင်ယွိအား ထိုပစ္စည်းလေး ပေးလိုက်ခြင်းအားဖြင့် တတိယတောင်ထွတ်မှတပည့်များလည်း  သူ့ကို လာရောက်ရှာဖွေကြတော့မည် မဟုတ်ပေ။

ကျန်းလန်က ရှောင်ယွိနှင့် ပုတီးစေ့လေးကို စိတ်ထဲမထားပေ။

သူက အမှောင်ထဲမှ သူ့ကို စောင့်ကြည့်နေသူကိုသာ သတိထားနေခဲ့သည်။

သူ့ကို စောင့်ကြည့်နေသည့်အကြည့်က ထပ်မံထွက်ပေါ်လာခဲ့ပြီဖြစ်လေရာ ရန်သူက ရှောင်ယွိ မဟုတ်တော့သည်မှာ ထင်ရှားသည်။

စောစောက ရှောင်ယွိ၏ အကြည့်ကို သူက အထင်မှားသွားခြင်း ဖြစ်နိုင်သည်။

ယခုတော့…  သူ့အနေဖြင့် ရှောင်ယွိအပေါ် သံသယဝင်စရာ အကြောင်း မရှိတော့ပေ။

ရှောင်ယွိက ကျန်းလန်ကို တစ်စုံတစ်ခုပြောရန်ဟန်ပြင်လိုက်သော်လည်း ကျန်းလန်က အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ရှောင်ယွိလည်း မည်သို့မှ မတတ်နိုင်ဘဲ ပုတီးစေ့လေးကိုယူဆောင်ကာ လှည့်ပြန်ခဲ့တော့၏။

…………………

ထို့နောက်…  လူထူထပ်သည့်နေရာများသို့ ကျန်းလန် ဆက်လက်ထွက်ခွာလာခဲ့သည်။

သူ့ကိုစောင့်ကြည့်နေသူကို မျှားခေါ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း သိရှိအောင် အရင်ဆုံး ဖော်ထုတ်ရမည်။

သို့သော်… လူထူထပ်သည့်နေရာတစ်ခုသို့ ရောက်ရှိချိန်တွင် သူ့ကိုကြည့်နေသည့်အကြည့်က ရုတ်တရက် ပျောက်ကွယ်သွား၏။

"ဘာဖြစ်တာလဲ…"

လူထူထပ်သည့်နေရာတွင် သူ့ကိုစောင့်ကြည့်နေသည့် အကြည့်ပျောက်ကွယ်သွားသည်မှာ ပထမဆုံးအကြိမ် အတွေ့အကြုံ ဖြစ်သည်။

တစ်ဖက်လူက သူ့ကို ဆက်ပြီး မချောင်းမြောင်းတော့ဘူးလား…။ လက်လျှော့လိုက်ပြီလား…။

သို့သော်… ကျန်းလန် အလျင်လိုခြင်း မရှိပေ။ သူက အေးအေးဆေးဆေးပင် ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုနေသည်။

အချိန်အတန်ကြာမှ… ပြန်ရန်ဆုံးဖြတ်လိုက်၏။

အပြန်လမ်းတွင် သူ့ကို စောင့်ကြည့်နေသူက ကိုယ်ထင်ပြချင်ပြပေလိမ့်မည်။

သူက ခွန်လွန်တောင်ဒေသများသို့ သွားလာရာတွင် လမ်းလျှောက်ပြီးသာ သွားလာလေ့ရှိသည်။ တစ်ခါတစ်ရံမှာတော့ ဓားကို စီးနှင်ကာ ပျံသန်းသွားလာတတ်၏။

ယနေ့တော့… နဝမတောင်ထွတ်သို့ လမ်းလျှောက်ပြီးပြန်ရန် ဆုံးဖြတ်လိုက်သည်။

သူ့ကိုစောင့်ကြည့်နေသူ ထွက်လာလို ထွက်လာငြား အခွင့်အရေးပေးခြင်း ဖြစ်သည်။

နဝမတောင်ထွတ်သို့ အပြန်လမ်းတွင် တောအုပ်တစ်အုပ်ကို ဖြတ်သန်းရလေသည်။

ကျန်းလန် တောအုပ်ထဲ ခြေချလိုက်မိသည်နှင့် သစ်ပင်တစ်ပင်တွင်ကပ်ပြီး ချိတ်ဆွဲခံထားရသည့် ယုန်တစ်ကောင်ကို တွေ့လိုက်ရသည်။

ကျန်းလန် အရေးမစိုက်ဘဲ ပုံမှန်အတိုင်းပင် ဆက်လျှောက်လာသည်။

အတန်ကြာလမ်းလျှောက်ပြီးနောက် သစ်ပင်တစ်ပင်တွင်ကပ်ပြီး ချိတ်ဆွဲခံထားရသည့် နောက်ထပ်သတ္တဝါတစ်ကောင်ကို တွေ့ရပြန်သည်။

ယခုတစ်ခါတော့… ဝက်တစ်ကောင်ကို ချိတ်ဆွဲထားခြင်း ဖြစ်၏။

ကျန်းလန် မျက်မှောင်ကြုတ်လိုက်သည်။

အဖြစ်အပျက်တစ်ခုကို တစ်ကြိမ်ကြုံတွေ့ရခြင်းက သာမန်မျှသာ ဖြစ်သည်။

သို့သော်… (၂)ကြိမ်ကြုံတွေ့လာရလျှင်တော့ တိုက်ဆိုင်မှု မဖြစ်နိုင်တော့ပေ။

"ဒီကောင်က ငါ့ကို ဒီနေရာမှာ ခြုံခိုတိုက်ခိုက်မလို့များလား…"

ကျန်းလန် သိပ်မတွေးတော့ဘဲ ရှေ့သို့သာ ဆက်သွားနေသည်။

သို့သော်… အရေးပေါ်တိုက်ခိုက်နိုင်ရန် တန်ခိုးစွမ်းအားများကိုတော့ စုစည်းထား၏။

လမ်းလျှောက်လာရင်း… သစ်ပင်ထက်တွင် ချိတ်ဆွဲထားသည့် နောက်ထပ် သတ္တဝါ (၃)ကောင်ကို တွေ့ရပြန်သည်။

ချိတ်ဆွဲထားသည့် သတ္တဝါများက တစ်ကောင်နှင့်တစ်ကောင် မတူညီကြပေ။

"(၅) ကောင်တောင် ရှိသွားပြီ... ဒါ လုံး၀ မူမမှန်တာ သေချာတယ်…"

ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

သူက အခြေအနေများကို လုံး၀ အရေးမစိုက်ဘဲ နဝမတောင်ထွတ်ရှိရာသို့သာ ဦးတည်နေခဲ့သည်။

ထိုစဉ်…

သူ့နောက်မှ ဖိအားတစ်ခုထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

ဖိအားက အလွန်သိသာထင်ရှားပြီး ပြင်းထန်လှသည်။ ကျန်းလန် ချက်ချင်းပင် နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ… သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားသည့် စာခြောက်ရုပ်တစ်ရုပ်ကိုတွေ့လိုက်ရသည်။

စာခြောက်ရုပ်၏ပုံစံက ခြောက်ခြားစရာကောင်းလှသည်။

ထိုစာခြောက်ရုပ်ကို တွေ့လိုက်ရသည်နှင့် ကျန်းလန် စိတ်များ ရှုတ်ထွေးသွားသည်။

အတန်ကြာတော့… စိတ်ရှုတ်ထွေးခြင်းများ သက်သာသွား၏။

သို့သော်… ပြင်းထန်သည့်ဖိအားက သူ့ဝိညာဉ်ကို ထိန်းချုပ်ထားသည့်အလား ခံစားလိုက်ရသည်။

ကျန်းလန် ချက်ချင်းပင် ဓားကိုစီးနှင်ကာ တောအုပ်အတွင်းမှ ပျံသန်းထွက်ခွာသွားသည်။

ရန်သူက လှုပ်ရှားမှု ပြုလုပ်လိုက်သည်နှင့် ရန်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန် ချက်ချင်း ခန့်မှန်းလိုက်နိုင်သည်။

"လက်စသတ်တော့ ဒီကောင်က မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့်ပဲ… ငါနဲ့အဆင့်အတူတူပဲဆိုတော့ ဒီကောင့်ကို ငါ အသာလေးရင်ဆိုင်နိုင်တယ်… ၊ ဒါပေမဲ့… ငါ အခုလို တောအုပ်ထဲက ထွက်လာတော့ ဒီကောင်လိုက်ပြီး တိုက်ခိုက်မလားဆိုတာ စောင့်ကြည့်ရအောင်…"

သို့သော်… အချိန်အတန်ကြာသည်အထိ တစ်ဖက်လူက လူလုံးထွက်မပြခဲ့ပေ။

ကျန်းလန်လည်း ပုံမှန်အတိုင်းပင် မမြန်လွန်း မနှေးလွန်း ဓားကိုစီးနှင်ကာ ပျံသန်းလာသည်။

သို့သော်… သူ၏ ဝိညာဉ်ကို ထိန်းချုပ်ထားသည့်ဖိအားက ပျောက်ကွယ်မသွားပေ။ ထိုဖိအားက သူ၏ ဝိညာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်နေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်သာ မမြင့်မားလျှင် သူ၏ ဝိညာဉ် တိုက်ခိုက်ခံရသည်ကို သတိပြုမိမည် မဟုတ်ပေ။

ရုတ်တရက်…  ကျန်းလန်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ဖိနှိပ်စွမ်းအားက တဟုန်ထိုး ထွက်ပေါ်လာသည်။

"ဘန်း..."

"ဘန်း..."

"ဘန်း..."

ဝိညာဉ်ဖိနှိပ်စွမ်းအားက ကျန်းလန်၏ ဝိညာဉ်ကို ထိန်းချုပ်ထားသည့်ဖိအားကို အဆက်မပြတ်တိုက်ခိုက်လိုက်သည်။

"ဘုန်း..."

ခဏအကြာမှာတော့… သူ၏ဝိညာဉ်ကို ထိန်းချုပ်ထားသည့် ဖိအား ပျက်စီးသွား၏။

ဖိအားပျက်စီးသွားသည်ကို ရန်သူမရိပ်မိစေရန် ကျန်းလန်က ချက်ချင်းပင် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို လျှို့ဝှက်အသုံးပြုပြီး ဖုံးကွယ်လိုက်သည်။

မကြာမီ… ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာခဲ့သည်။

"ဒီကောင် ငါ့နောက်တော့ လိုက်မလာဘူးပဲ… ကြည့်ရတာ… ဒီတောအုပ်ထဲက ကိစ္စတွေက ဒင်း ကြိုတင်ကြံစည်ထားတာ ဖြစ်ရမယ်… ၊ ကျိန်စာလိုလို အစီအရင်တွေ အသုံးပြုပြီး ငါ့ကို တိုက်ခိုက်လိုက်တာပဲ…"

ကျန်းလန် တောင်ပေါ်မှ ဆင်းလာကတည်းက ရန်သူက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားဟန် ရှိသည်။

ထို့ကြောင့်… ယနေ့ ရန်သူက စောင့်ကြည့်နေသည့်ခံစားချက်ကို ခဏမျှသာ ခံစားခဲ့ရခြင်း ဖြစ်သည်။

သူက တောလမ်းမှမပြန်ဘဲ ဓားကိုစီးနှင်ပြီး ပျံသန်းသွားမည်ဆိုလျှင်တောင်မှ ရန်သူက သူ့ကို တောအုပ်ထဲသို့ မရ ရအောင် မျှားခေါ်သွားမည့်ဟန် ရှိသည်။

သို့သော်… သူက တောလမ်းမှပြန်ရန် ဆုံးဖြတ်လိုက်သည့်အခါ ရန်သူ့အကွက်ထဲ တန်းဝင်သွားခြင်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေ… သူကလည်း ရန်သူ မည်သူဖြစ်ကြောင်း သိရှိချင်နေလေရာ ပြဿနာ သိပ်မရှိလှပေ။

"တစ်ဖက်လူရဲ့ လှုပ်ရှားမှုကိုတော့ ဒီနေ့ တွေ့လိုက်ရပြီ… ၊ ငါ သိပ်ပြီး အလျင်လိုလို့မဖြစ်ဘူး… ၊ မရှိမှုအာကာသအဆင့် အလယ်ဆင့်ကို ရောက်အောင် အရင်ကျင့်ကြံပြီးမှ ဒီကောင့်ကို အပြတ်ရှင်းပစ်ရမယ်… ၊ အဲဒီအချိန်ကျမှ… ဒီကောင့်ကို ခွန်လွန်တောင် အပြင်ဘက်မျှားခေါ်ပြီး သတ်ပစ်မယ်…"

"ဒီရက်တွေတော့ ငါ ဘယ်မှ လျှောက်မသွားတော့ဘူး… ၊ သူ့ကျိန်စာမိပြီး ဒဏ်ရာရသွားလို့ ကုစားနေရတယ်လို့ ဒီကောင်ထင်သွားအောင် လှည့်စားလိုက်မယ်… ၊ ကြည့်ရတာ… ရန်သူက နတ်လူသားမျိုးနွယ်တွေနဲ့ ပတ်သက်မယ်ထင်တာပဲ…"

သူ့ကို သတ်ဖြတ်ချင်နေသူများမှာ နတ်လူသားမျိုးနွယ်များသာရှိလေရာ ထိုသူများမှလွဲပြီး အခြားသူမဖြစ်နိုင်ဟု ကျန်းလန် ယူဆလိုက်မိသည်။

All Chapters