နှစ်ပေါင်းသုံးဆယ်
Vol. 8 Ch. 100
အခန်း (၁၀၀) နှစ်ပေါင်းသုံးဆယ်
နတ်လူသားမျိုးနွယ်များတွင် လူတစ်ယောက်၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ပေးနိုင်သည့် လျှို့ဝှက်ကျင့်စဉ်တစ်ခု ရှိသည်။
သူရင်ဆိုင်ရမည့် မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူက ထိုလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုမည်ဆိုလျှင် ကျန်းလန်အနေဖြင့် အနည်းငယ် ရင်ဆိုင်ရခက်သွားနိုင်သည်။
ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားကို ပိုင်ဆိုင်ထားသူဖြစ်ရာ သောကြောင့် မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ရင်ဆိုင်နိုင်စွမ်းရှိသည်။
သို့သော်… တစ်ခါမှ ရင်ဆိုင်တိုက်ခိုက်ဖူးခြင်း မရှိလေရာ အခြေအနေမည်သို့ဖြစ်လာမည်ကို သေသေချာချာ မသိရှိနိုင်ပေ။
သူက မပိုင်လျှင် ခြင်တောင် မရိုက်ချင်ပေ။
ထို့ကြောင့်… ထိုသူနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုသေးဘဲ တောင်ပေါ် ပြန်လာခဲ့ခြင်း ဖြစ်၏။
ရန်သူက သူ့ကို အမှောင်ထဲမှ စောင့်ကြည့်နေခြင်း ဖြစ်၏။
သို့သော်… ကျန်းလန်ကိုယ်တိုင်သည်လည်း အမှောင်ထဲမှာပင် နေထိုင်သူဖြစ်လေရာ ရန်သူက သူ့အကြောင်း အလုံးစုံကို သိရှိနိုင်မည် မဟုတ်ပေ။
ကျန်းလန်ကတော့ ကိုယ့်ဘက်မှ လက်ဦးနိုင်မှသာ တိုက်ခိုက်မည်ဟု ဆုံးဖြတ်ထားသည်။
သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိချိန်တွင် တိုက်ခိုက်ရခြင်းက အကောင်းဆုံး ဖြစ်၏။
ထို့ပြင်… ယခု သူရင်ဆိုင်ရမည့်ရန်သူက မရှိမှုအာကာသအဆင့် ကျင့်ကြံသူဖြစ်လေရာ ရင်ဆိုင်ခဲ့ရသမျှ ရန်သူများထဲတွင် အဆင့်အမြင့်ဆုံး ဖြစ်သည်။
ကျန်းလန်တွင်လည်း ဝှက်ဖဲများရှိနေသည့်တိုင် ထိုသူကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပစ်ရန်မှာ မဖြစ်နိုင်ဟု ခံစားနေရသည်။
ထို့ကြောင့်… ခဏမျှ အချိန်စောင့်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
သူ အချိန် (၃)နှစ် စောင့်ခဲ့ပြီးပြီ ဖြစ်သည်။
နောက်ထပ် အချိန်(၃)နှစ် ထပ်စောင့်ရ၍လည်း ဘာမှဖြစ်သွားမည် မဟုတ်ပေ။
သူ… မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်သို့ တက်လှမ်းနိုင်သည့်အချိန်ရောက်မှ တောင်ပေါ်မှဆင်းပြီး ရန်သူနှင့်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
သူကျင့်ကြံနေစဉ်ကာလအတွင်း ရန်သူက လက်လျှော့သွားမည်လား…။ ထိုသို့ဖြစ်လာမည်ဟုတော့ ကျန်းလန် ထင်မထားပေ။
သူ့နာရေးသတင်းမကြားရမချင်း ရန်သူက လက်လျှော့မည့်ဟန် မရှိပေ။
ထို့ပြင်… နှစ်အနည်းငယ်ခန့် တောင်ပေါ်မှ မဆင်းဘဲ နေလိုက်ခြင်းအားဖြင့် ရန်သူက သူ့ကို အားနည်းသူတစ်ယောက် ၊ ပြဿနာများကို ရင်ဆိုင်ရန် ကြောက်ရွံ့သူတစ်ယောက်ဟု အထင်ရောက်သွားပေလိမ့်မည်။
မကြာမီ… ကျန်းလန် သူနေထိုင်ရာ အဆောက်အဦသို့ ပြန်ရောက်လာသည်။
သူ နေဆာလှုံပေးထားခဲ့သည့် ရေသဖန်းပင်လေးက အားနည်းဖျော့တော့နေဆဲဖြစ်ပြီး သားရဲဥလေးကလည်း ငြိမ်သက်နေဆဲ ဖြစ်သည်။
ကျန်းလန် သစ်ပင်လေးနှင့် သားရဲဥလေးကို မရဏဂူထဲသို့ ပြန်ခေါ်လာခဲ့သည်။
ထို့နောက်… တံခါးပိတ်ကျင့်ကြံခြင်း စတင်လေတော့၏။
မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့်သို့မရောက်သရွေ့ နဝမတောင်ထွတ်မှ တစ်ဖဝါးမှ မခွာတော့ဟု ကျန်းလန် ဆုံးဖြတ်ချက်ချလိုက်လေသည်။
……………
ရှောင်ယွိက ကျန်းလန်ကို ဆက်လက်ရှာဖွေချင်သေးသော်လည်း ရှာမတွေ့တော့ပေ။
ထို့ကြောင့် သူမ လှည့်ပြန်ခဲ့ရသည်။
"သူ့ကို မတွေ့တော့ပါလား… ကြည့်ရတာ နောက်တစ်ချိန်အထိ ငါ… စောင့်ရတော့မယ် ထင်တယ်…"
ရှောင်ယွိ ခေါင်းကို ငုံ့ကာ ရေရွတ်လိုက်သည်။
သူမက လူတစ်ဖက်သားကို အကြွေးတင်ရသည်ကို နှစ်သက်ခြင်းမရှိပေ။ ထို့ကြောင့် အကြွေးဆိုလျှင် ချက်ချင်း ပြန်လည်ပေးဆပ်ချင်သည်။
သို့သော်… ကျန်းလန် မကြာမီရက်ပိုင်းအတွင်းပင် နဝမတောင်ထွတ်မှ ဆင်းလာဦးမည်ဟု သူမ တွေးလိုက်မိသည်။
ထို့နောက်… သူမလည်း အလျှင်အမြန်ပင် ထွက်ခွာသွားလေတော့၏။
………………
တတိယတောင်ထွတ်…
လင်စီးယာတစ်ယောက် သူမနေထိုင်ရာ အဆောက်အဦထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်လျှက် ရှိသည်။
ကျန်းလန်က မှတ်တမ်းတင်းမှော်ဝင်ပစ္စည်းလေးကို ဖွင့်ကြည့်လိုက်ပြီဖြစ်ကြောင်း လုန်ယွိကို သူမ မည်သို့ ရှင်းပြရမည်မသိပေ။
ထိုစဉ်မှာပင်…
လုန်ယွိထံမှ သတင်းပို့သည့်စာတစ်စောင် ရောက်ရှိလာလေ၏။
စာထဲတွင်ရေးသားထားသည်မှာ…
"လင်စီးယာအနေဖြင့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးကို ရှာဖွေစရာမလိုတော့" ဟူ၍ ဖြစ်၏။
သူမ ထိုပစ္စည်းလေးကို ထပ်မံရှာဖွေစရာ မလိုအပ်တော့ပေ။
သို့သော်… လုန်ယွိက အဘယ့်ကြောင့် ရုတ်တရက် ရှာဖွေစရာမလိုတော့ဟု သတင်းပို့ရပါသနည်း။ သူမ နားမလည်နိုင် ဖြစ်သွားသည်။
ကြည့်ရသည်မှာ… သူမ၏ ဂိုဏ်းတူအစ်မ စိတ်ပြောင်းသွားပြီထင်၏။
နဂါးမျိုးနွယ်များ၏ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများက သူတို့ကြီးပြင်းလာသည့်အခါ အမှန်တကယ် နားလည်ရခက်လှသည်။
သို့သော်… ကျန်းလန် မှော်ဝင်ပစ္စည်းလေးကို ဖွင့်ကြည့်လိုက်သည့်ကိစ္စ ဖြေရှင်းရခက်နေစဉ် ယခုကဲ့သို့သော စာရောက်လာသဖြင့် လင်စီးယာ အတော်လေး စိတ်သက်သာရာ ရသွားခဲ့လေသည်။
………………
နံနက်ခင်းအချိန်…
အရှေ့ဆီမှ ရောင်နီပျို့လာသည့် မြင်ကွင်းက အလွန်မှ လှပခမ်းနားလွန်းသည်။
နေရောင်ခြည်က မရဏဂူရှေ့သို့ ဖြာကျလာသည်။
ထိုအချိန်… ကျန်းလန် မရဏဂူထဲမှ ထွက်လာလေသည်။ သူ တိတ်ဆိတ်စွာ နေရောင်ခြည်များကို ငေးကြည့်နေသည်။
ပြီးမှ… နဝမတောင်ထွတ်၏ ခန်းမဆောင်နှင့် ခန်းမဆောင်သို့ သွားရာလမ်းကို သန့်ရှင်းရေး စတင်ပြုလုပ်လိုက်သည်။
နေ့လည်ပိုင်းတွင်တော့ သူက မရဏဂူထဲပြန်သွားပြီး ပုံမှန်အတိုင်း ကျင့်ကြံခြင်း ပြုလုပ်လေသည်။
ထိုသို့ဖြင့်…
ပန်းများပွင့်လန်းလာပြီး ပြန်လည်ကြွေကျသွားခဲ့ကြသည်။
နွေဦးတွင် ပန်းများပွင့်လန်းကာ… ဆောင်းဦးတွင် လရိပ်က ဖြာကျလျှက်ရှိသည်။
နွေရာသီတွင်တော့ နွေးထွေးသည့် နေရောင်ခြည်ကို ခံစားရပြီး ဆောင်းရာသီတွင်တော့ အေးစက်သည့်နှင်းပွင့်များ ကျဆင်းလေသည်။
ရာသီလေးပါး တစ်လှည့်စီ အလီလီ ပြောင်းလဲသွားခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်… နှစ်ပေါင်း (၃၀) ဆိုသည့်အချိန်က ကုန်ဆုံးသွားခဲ့သည်။
နဝမတောင်ထွတ်သို့ သွားရာလမ်းတွင်ပင် ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာခဲ့သည်။
သစ်ပင်အဟောင်းများ သေဆုံးပျက်စီးသွားကြပြီး သစ်ပင်အသစ်များဖြင့် အစားထိုးခဲ့ကြလေပြီ…။
ယခုနှစ်များအတွင်း… ကျန်းလန်က သူနေထိုင်သည့်အဆောက်အဦကိုလည်း အသစ်ပြန်လည် တည်ဆောက်ခဲ့သည်။
အဆောက်အဦက ကြိမ်ဖန်များစွာ ပြုပြင်ထားသည့်တိုင် နှစ်ပေါင်းရာနှင့်ချီခဲ့ပြီ ဖြစ်လေရာ ယိုင်နဲ့ပြိုလဲနေပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းလန်က အဆောက်အဦကို ပြုပြင်ရန် မကြိုးစားတော့ဘဲ ဖြိုချဖျက်စီးလိုက်ပြီး အသစ်ဆောက်လုပ်လိုက်ခြင်း ဖြစ်သည်။
နောက်ထပ် နှစ်ပေါင်း ရာနှင့်ချီကြာလျှင်လည်း ယနေ့ ကျန်းလန် တည်ဆောက်ထားသည့် အဆောက်အဦက လေဒဏ်မိုးဒဏ်များခံရကာ ပျက်စီးသွားပေဦးမည်။
သို့သော်… ထိုအဆောက်အဦက ကျန်းလန် လေဒဏ်မိုးဒဏ်မခံရအောင်တော့ ကာကွယ်ပေးပေလိမ့်မည်။
နေရောင်ခြည်က တဖြည်းဖြည်းမြင့်တက်လာခဲ့လေပြီ…။
ကျန်းလန်က သူဆောက်လုပ်ထားသည့်အဆောက်အဦအသစ်ကို ရပ်ကြည့်နေခဲ့သည်။
သူက အဆောက်အဦကို အများကြီး ပြောင်းလဲပစ်ခြင်း မရှိပေ။ ပြောင်းလဲမှု အနည်းငယ်ကိုသာ ပြုလုပ်ခဲ့သည်။
ထို့နောက်… ကျန်းလန် အဆောက်အဦအတွင်းသို့ ဝင်လိုက်ပြီး သားရဲဥလေးနှင့် ရေသဖန်းပင်လေးများကို နေရာချလိုက်သည်။
နှစ်ပေါင်း (၃၀)သာ ကြာသွားခဲ့သည် ၊ သားရဲဥလေးနှင့် ရေသဖန်းပင်လေးက မည်သည့်ပြောင်းလဲမှုမှ ဖြစ်မလာခဲ့ပေ။
ရေသဖန်းပင်လေးက အရင်အတိုင်း အားနည်းဖျော့တော့နေဆဲ ဖြစ်သလို ရေသဖန်းပင်လေးကလည်း အကောင်မပေါက်သေးပေ။
သို့သော်… (၂)ခုလုံးက ကောင်းကောင်းမွန်မွန် အသက်ရှင်သန်နေကြဆဲ ဖြစ်လေသည်။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
"နှစ်ပေါင်း (၃၀)တောင်ရှိပြီ… တောင်ပေါ်က ဆင်းဖို့ အချိန်တန်ပြီ…"
ကျန်းလန် တွေးလိုက်၏။
လွန်ခဲ့သည့် (၃)နှစ်က ကျန်းလန် မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်နှင့် ညီမျှသည့် ဂါထာမန္တန်များ ၊ ကျင့်စဉ်များအားလုံးကိုလည်း အဆင့်မြှင့်တင်ကာ ကျင့်ကြံပြီးမြောက်ခဲ့ပြီ ဖြစ်သည်။
နွားရိုင်းကိုးကောင်စွမ်းအားကတော့ အဆုံးထိ ကျင့်ကြံအောင်မြင်ခြင်း မရှိသေးပေ။
သူ၏ ရုပ်ခန္ဓာက နွားရိုင်းကိုးကောင်စွမ်းအားကို အဆုံးထိကျင့်ကြံရန် ခံနိုင်ရည်မရှိသေးပေ။ ထို့ကြောင့် ယခုအချိန်ထိ အဆင့်တက်ရောက်နိုင်ခြင်း မရှိသေးပေ။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကျင့်စဉ်ကတော့ အဆုံးထိ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်… စွမ်းအားပြည့် အသုံးပြုနိုင်ခြင်း မရှိသေးပေ။
ကျင့်ကြံခြင်းအဆင့်များတက်ရောက်ခြင်းနှင့် ပတ်သက်ပြီး ကျန်းလန်က အလျင်လိုခြင်း မရှိပေ။ ဖြည်းဖြည်းချင်း အဆင့်တက်လာနိုင်မည်ဟုသာ သူက မျှော်လင့်ထားသည်။
ယခုတော့ ရန်သူကို ရင်ဆိုင်ရန်အတွက် တိုက်ခိုက်မှုစွမ်းအားရော ခုခံမှုစွမ်းအားပါ ကောင်းမွန်သည့် မှော်ဝင်ပစ္စည်းများနှင့် အင်းသင်္ကေတများကို အဆင့်သင့် ပြင်ဆင်ထားခဲ့သည်။
သူ့ကို ပစ်မှတ်ထားနေသည့် အမှောင်ထဲမှ ရန်သူကို ရင်ဆိုင်တိုက်ခိုက်ရန် ကျန်းလန် ယုံကြည်မှု အပြည့်ရှိနေပြီ ဖြစ်၏။
သူ့ရန်သူသည်လည်း ယခုလောက်ဆိုလျှင် မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်သို့ ရောက်နေလောက်ပေပြီ။
သို့သော်… ကျန်းလန် အရေးမစိုက်တော့ပေ။
သူ့တွင် စွမ်းအားမြင့်မားသည့် ရွှေခန္ဓာဆေးလုံး ရှိလေသည်။
ထိုဆေးလုံးကို စားလိုက်လျှင် သူ၏ နွားရိုင်းကိုးကောင်စွမ်းအားက အဆမတန် မြင့်တက်သွားမည် ဖြစ်သည်။
ထိုသို့ဆိုလျှင်… မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ကို သေချာပေါက် အနိုင်ယူနိုင်ပေလိမ့်မည်။
နွားရိုင်းကိုးကောင်စွမ်းအားနှင့် ရွှေခန္ဓာဆေးလုံး ပေါင်းစပ်လိုက်လျှင် နတ်လူသားမျိုးနွယ်များ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်စေသည့် လျှို့ဝှက်ကျင့်စဉ်ထက် အားမနည်းနိုင်ပေ။
ကျန်းလန် ထပ်ပြီး မစောင့်ဆိုင်းတော့ဘဲ စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ရန်သူက သူ့ကို အာရုံစိုက်ဦးမည်လား မပြောတတ်ပေ။
ရန်သူက သူ့ကို သတိမထားမိလျှင်လည်း လူထူထပ်သည့်နေရာများသို့ လူလုံးထွက်ပြလိုက်ရုံသာ ရှိသည်။
ပြီးလျှင်တော့… ရန်သူကို ခွန်လွန်တောင်အပြင်ဘက် မျှားခေါ်သွားပြီး သတ်ဖြတ်ပစ်ရပေမည်။
ထိုအတွေးများနှင့်အတူ ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
သို့သော်… သူ့မှာ ခြေတစ်လှမ်းသာ လှမ်းရသေးသည် ၊ ဆရာဖြစ်သူထံမှ ပေးပို့သည့် စာတစ်စောင်က ရောက်ရှိလာ၏။
ကျန်းလန် အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး စာကို ဖတ်ကြည့်လိုက်သည်။ ချက်ချင်းပင် စာထဲတွင်ပါဝင်သည့် အကြောင်းအရာများကို သူ သဘောပေါက်သွားသည်။
အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သွားပြီ ဖြစ်သည်။
နှစ်ပေါင်း (၃၀) တိုင်တိုင် တံခါးပိတ်ကျင့်ကြံခဲ့ခြင်းက ကျန်းလန်ကို ရွှေပြဒါးအမြုတေအဆင့်ကို အပြည့်အ၀ အောင်မြင်သည်အထိ တွန်းပို့ပေးခဲ့သည်။
ယခုတော့ ဆရာဖြစ်သူက သူ့ကို ကျင့်ကြံခြင်းအဆင့် မြင့်တက်စေရန်အတွက် အတွေ့အကြုံရစေရန် ခရီးတစ်ခု ထက်ရန် ပြင်ဆင်ပေးထားပြီဟု စာပေးပို့လိုက်သည်။
ကျန်းလန် ခေါင်းတစ်ချက်ကုတ်လိုက်ရင်း…
"ငါ ဖြစ်ချင်တာကတခြား… ဆရာဖြစ်ချင်တာကတခြား… ရှုတ်ကုန်ပြန်ပြီ…"
ကျန်းလန် တွေးလိုက်သည်။
ထို့နောက် ချက်ချင်းပင် ဆရာရှိရာ နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
ဒီတစ်ခေါက် ဆရာဖြစ်သူက သူ့ကို မည်သည့်နေရာသို့ ခရီးထွက်ခိုင်းမည်လဲ ကျန်းလန် သိချင်နေမိသည်။
အမှန်တော့… ဆရာဖြစ်သူ စေလွှတ်သည့်နေရာများသို့ သွားရောက်လိုက်တိုင်း သူ့အတွက် အကျိုးရှိခဲ့သည်ချည်းပင် ဖြစ်၏။
ထုံးစံအတိုင်းပင် တောင်ထွတ်အစွန်းမှ အခြားဘက်သို့ ကြည့်ရှုနေသည့် ဆရာဖြစ်သူကိုတွေ့လိုက်ရသည့်အခါ ကျန်းလန် လှမ်းခေါ်လိုက်သည်။
"ဆရာ…"
ကျန်းလန်၏ ခေါ်သံကိုကြားသည်နှင့် မော့ကျန်းသုန့်က တောင်ခြေသို့ တစ်ချက်လှမ်းကြည့်လိုက်ရင်း…
"ဘာလဲ… မင်း အခု ခွန်လွန်တောင် တခြားနေရာတွေကို သွားလည်မလို့လား…"
ပြီးမှ မော့ကျန်းသုန့်က ကျန်းလန်ရှိရာသို့ လှည့်ကြည့်လာသည်။
ကျန်းလန်ကတော့ ဆရာဖြစ်သူက သူ့ကို ခရီးရှည်ကြီးတစ်ခု ထွက်ခိုင်းလေတော့မည်လားဟု တွေးရင်း စိတ်ပူပန်နေသည်။
"ဆရာ… ခရီးရှည်ထွက်ဖို့က နောက်ထပ် နှစ်နည်းနည်းလောက် စောင့်ပါဦး…"
သူက ဆရာဖြစ်သူမေးသည့် မေးခွန်းကိုပင် ပြန်မဖြေနိုင်ဘဲ ကြိုတင်ပြီး ငြင်းချက်ထုတ်လိုက်သည်။
သူ အမှန်တကယ်ပင် နောက်ထပ် နှစ်အနည်းငယ် စောင့်ချင်သေးသည်။
နောက်ထပ် ဆယ်စုနှစ်အနည်းငယ် ထပ်မံကျင့်ကြံပြီးပါက အင်မော်တယ်အဖြစ်အဆင့်တက်ရန် စမ်းသပ်ခံခြင်းကို ကျော်ဖြတ်ရပေတော့မည်။
အားလုံး အဆင်ပြေချောမွေ့ခဲ့ပါလျှင် နှစ်ပေါင်းတစ်ရာအတွင်း ကျန်းလန် အင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။
လက်ရှိတွင် သူရင်ဆိုင်ရမည့်ပြဿနာက မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်အောင် ကြိုးစားရမည် ဖြစ်သည်။
သို့သော်… ယခုပင်လျှင် သူက အင်မော်တယ်လမ်းကို ရှာဖွေတွေ့ရှိနေပြီ ဖြစ်လေရာ သူ့အရည်အချင်းအပေါ်မူတည်ပြီး အခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်သည်။
ခွန်လွန်တောင်မှ အခြားသူများ၏အမြင်တွင် သူက ပါရမီရှင်တစ်ယောက် မဟုတ်သော်လည်း တကယ်တမ်းတွင် သူက အခြားသူများထက် သာလွန်သူတစ်ယောက် ဖြစ်သည်။
အခက်အခဲများစွာ ရှိသည့်တိုင် ကျင့်ကြံခြင်းအဆင့်တက်ရန်အတွက် သက်ဆိုင်သည့် မှော်ဝင်ပစ္စည်းများ ၊ ကျင့်စဉ်များနှင့် ဆေးလုံးများ စနစ်မှ ရရှိရန် မျှော်လင့်ထားမိသည်။
မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာ သို့မဟုတ် မိုးနဲ့မြေကိုဖန်ဆင်းခြင်းဆေးလုံး ထပ်မံရမည်ဆိုလျှင် ကျင့်ကြံခြင်းအဆင့်တက်ရန် အတော်လေး လွယ်ကူသွားပေလိမ့်မည်။
မော့ကျန်းသုန့်က…
"မင်းကို ခရီးရှည်ကြီး ထွက်ခိုင်းမှာ မဟုတ်ပါဘူးကွာ…"
သူက တပည့်ဖြစ်သူ၏ စိတ်ကို စမ်းသပ်လိုသောကြောင့် ခရီးရှည်ထွက်ရမည်ဟု စာရေးပြီး ပေးပို့လိုက်ခြင်း ဖြစ်သည်။
သူ့တပည့်က ခရီးရှည်ထွက်ရန် ခါးခါးသီးသီး ငြင်းနေသည်မှာ အများနှင့်မတူ တစ်မူထူးလှသည်။ ထိုအချက်မှလွဲပြီး အခြားကိစ္စများတွင် အပြစ်ဆိုစရာမရှိအောင် ကောင်းမွန်လွန်းသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အနည်းငယ်ကတော့ တပည့်ဖြစ်သူက ခွန်လွန်တောင်တစ်ခွင် ဟိုဟိုဒီဒီ သွားရောက်လည်ပတ်စ ပြုလာသည်။
တပည့်ဖြစ်သူတော့ ပြင်ပလောကနှင့် ထိတွေ့ကြည့်ရန် စတင်ကြိုးစားနေပြီဟု တွေးထင်ကာ မော့ကျန်းသုန့် အတော်လေး ပီတိဖြာဝမ်းမြောက်ခဲ့၏။
သို့သော်… သူ မှားယွင်းသွားခဲ့လေသည်။
ရုတ်တရက်… တပည့်ဖြစ်သူက အပြင်ထွက်လည်ပတ်ခြင်းကို ရပ်တန့်လိုက်သည်။
နှစ်ပေါင်း (၃၀)…
နှစ်ပေါင်း (၃၀)လုံးလုံး သူ့တပည့်က တစ်ချက်လေးပင် အပြင်မထွက်တော့ပေ။
မရဏဂူထဲတွင် တံခါးပိတ်ကျင့်ကြံခြင်းကို ပြုလုပ်နေခဲ့သည်။
သူက တာဝန်ပေးထားသောကြောင့် နဝမတောင်ထွတ် ခန်းမဆောင်ကိုတော့ အနည်းအပါး ကြည့်ရှုကာ သန့်ရှင်းရေးလေးဘာလေး ပြုလုပ်ပေး၏။
ထိုမျှလောက် သွားလာလှုပ်ရှားပေးသည့်အတွက် တော်သေးသည်ဟုပင် ဆိုရပေမည်။
မဟုတ်ပါက… အနှစ် (၃၀)လုံးလုံး ဂူအောင်းနေပေလိမ့်မည်။
သို့သော်… ကျန်းလန်က ကျင့်ကြံခြင်းတွင် မည်မျှကြိုးစားကြောင်း သူ သိရှိသည်။ တပည့်ဖြစ်သူက အင်မော်တယ်ဖြစ်လာရန်အတွက် အပြင်းအထန် ကျင့်ကြံနေမည်ဖြစ်ကြောင်း သံသယဝင်စရာ မရှိပေ။
ကျန်းလန်က…
"ဒါဖြင့် ကျွန်တော် ဘယ်သွားရမှာလဲ…"
အမှန်တော့... သူ ပြင်ပလောကသို့ မထွက်လိုပေ။
နေ့ဝက်ခန့် ခရီးတိုဆိုလျှင်တောင်မှ ပြင်ပလောကသို့ မသွားလိုပေ။
မော့ကျန်းသုန့်က...
"မင်း... အခု ရွှေပြဒါးအမြုတေအဆင့် အောင်မြင်သွားပြီ မဟုတ်လား..."
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း....
"အာ... ဟုတ်... အခုပဲ ကျွန်တော် နောက်တစ်ဆင့်တက်ဖို့ ပြင်ဆင်နေတာပါ…"
နှစ်ပေါင်း (၃၀)အတွင်း ရွှေပြဒါးအမြုတေအဆင့် အပြည့်အ၀ အောင်မြင်ခဲ့ပြီ ဖြစ်လေရာ နောက်တစ်ဆင့်သို့တက်ရောက်ရန် အမှန်တကယ်ပင် အချိန်ကျရောက်ပြီ ဖြစ်သည်။
မော့ကျန်းသုန့်က…
"ခွန်လွန်တောင်ခြေက သေရည်ဆိုင်အိုကြီးကို သိတယ်မလား..."
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်ကဲ့... ခဏခဏ ရောက်ဖူးပါတယ်...."
ထိုသေရည်ဆိုင်က ကျန်းလန် သေရည်ဝယ်နေကျဆိုင် ဖြစ်လေရာ မသိစရာ အကြောင်း မရှိပေ။
မော့ကျန်းသုန့်က…
"အခု အဲဒီ သေရည်ဆိုင်မှာ နည်းနည်းအလုပ်များနေလို့ ယာယီအလုပ်သမားလိုနေတယ်… ၊ ပြီးတော့ သူတို့က ခွန်လွန်တောင် အဓိကတောင်ထွတ် (၉)ခုက အညံ့ဆုံး တပည့်တွေကို လိုချင်တာတဲ့… ၊ မင်း အဲဒီမှာ အလုပ်သွားလျှောက်ပါလား…"
ကျန်းလန်က မအူမလည်ဖြင့်…
"တောင်ထွတ် (၉)ခုက အညံ့ဆုံးတပည့်တွေ… ဟုတ်လား…"
သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဒီလောက်လည်းမဆိုးဝါးလှပါဘဲ ဘယ်လိုကြောင့် အညံ့ဆုံးတပည့် ဖြစ်သွားရပြန်တာလဲဟု ကျန်းလန်တွေးလိုက်သည်။
မော့ကျန်းသုန့်က…
"အေးလေ… နဝမတောင်ထွတ်မှာ မင်းတစ်ယောက်ပဲရှိတာ… အညံ့ဆုံးဆိုလည်းမင်းပဲ… အတော်ဆုံးဆိုလည်း မင်းပဲလေ…"
"……………"
ကျန်းလန် ဘာပြောရမှန်းမသိ ဆွံ့ အ သွားလေတော့၏။