မင်းကိုသတ်လိုက်တာလေ
Vol. 8 Ch. 101
အခန်း (၁၀၁) မင်းကိုသတ်လိုက်တာလေ
ကျန်းလန် နဝမတောင်ထွတ်မှ ဆင်းလာခဲ့သည်။
သူ့ဆရာပြောသည်မှာ မှန်၏။ သူက နဝမတောင်ထွတ်မှ အညံ့ဆုံးတပည့် ဖြစ်သည်။
ဆရာဖြစ်သူက သူ့ကို နဝမတောင်ထွတ်မှ အတော်ဆုံးတပည့်ဟု အမြဲပြောလေ့ရှိသည်။ ယခုတော့ အညံ့ဆုံးတပည့် ဖြစ်သွားခဲ့ရလေပြီ။
သို့သော်… ထိုသို့သော ဘာမှမဟုတ်သည့်အကြောင်းအရာများကို ကျန်းလန်က စိတ်ထဲ မထားတတ်ပေ။
"ဆရာက သေရည်ဆိုင်မှာ အလုပ်သွားလျှောက်ဖို့ပြောတာ ငါ့ကို တမင်သက်သက် အရေးမပါတာ လုပ်ခိုင်းတာ မဟုတ်လောက်ဘူး… ၊ ကြည့်ရတာ… အဲဒီအလုပ်က ငါ… မူလဝိညာဉ်အဆင့် တက်ရောက်နိုင်ဖို့ ဆက်စပ်နေမယ်ထင်တယ်…"
ဆရာဖြစ်သူနှင့် သေရည်ဆိုင်ပိုင်ရှင် မည်သို့သော ဆက်ဆံရေးရှိသည်လဲ ကျန်းလန် မသိရှိပေ။
ယခု သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်က မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့် ဖြစ်သည်။ ထို့ကြောင့် သေရည်ဆိုင်တွင် အလုပ်လျှောက်ခြင်းက သူ့အတွက် မည်သည့်အကျိုးကျေးဇူး ရရှိမည်လဲ စောင့်ကြည့်ရပေမည်။
သေရည်ဆိုင်ပိုင်ရှင် အဘိုးအိုကတော့ ထူးခြားသူတစ်ယောက်ဖြစ်၏။ မည်သို့ပင်ဖြစ်စေ… နောင်ပိုင်းကိစ္စများကို နောက်မှသာ သိရှိရပေလိမ့်မည်။
လောလောဆယ်တော့ လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) က ရန်သူကို အရင်ဆုံး အပြတ်ရှင်းရန် လိုအပ်သည်။
နှစ်ပေါင်းများစွာ ကြာခဲ့ပြီးနောက် တစ်ဖက်လူက သူ့ကို မေ့မသွားပါစေနှင့်ဟု ကျန်းလန် ဆုတောင်းမိသည်။
အင်မော်တယ်တစ်ပါးဖြစ်ရန်အတွက် စမ်းသပ်ခံရမည့်နေ့က ကျန်းလန်အတွက် သိပ်မဝေးတော့ပေ။
ထို့ကြောင့်… အမှောင်ထဲမှ ချောင်းမြောင်းကြည့်နေသည့်ရန်သူမျိုးကို ဒီအတိုင်း လွှတ်မထားနိုင်ပေ။
မဟုတ်ပါက သူ အင်မော်တယ်ဖြစ်လာရန် စမ်းသပ်ခံရမည့်နေ့တွင် အကြီးအကျယ် မငြိမ်းဖွယ် ဖြစ်လာနိုင်သည်။
ကျန်းလန် နဝမတောင်ထွတ်မှ ဆင်းလာခဲ့သည်။
သို့သော်… သူ့ကို စိုက်ကြည့်နေသည့် ခံစားချက်မျိုးကို ခံစားရခြင်း မရှိသေးပေ။
နှစ်ပေါင်း (၃၀)ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ တစ်ဖက်လူက သူ့ကို တစ်ခါတစ်ရံမှသာ အာရုံစိုက်ပေတော့မည်။
ကျန်းလန် ခွန်လွန်တောင်ခြေသို့ ချက်ချင်း ဆင်းမလာခဲ့ပေ။ သူက ခွန်လွန်တောင်အခြားနေရာများသို့ လှည့်လည်ကြည့်ရှုနေခဲ့သည်။
သူ နဝမတောင်ထွတ်တွင် ကျင့်ကြံနေသည့်ကာလအတွင်း ခွန်လွန်တောင်တွင် မည်သို့သောကိစ္စ ကြီးကြီးမားမားများ ဖြစ်ပျက်ခဲ့သေးသည်လဲ သတင်းများ သိချင်သောကြောင့် ဖြစ်၏။
"နဂါးမျိုးနွယ်တွေနဲ့ နတ်မိစ္ဆာတွေကြား ပဋိပက္ခတွေက အတော်လေး ကြီးထွားလာနေပြီလို့ ကြားတယ်ကွ…"
"ဟုတ်တယ်ကွ… အလယ်ပိုင်းလွင်ပြင်ဒေသမှာလည်း အတော်လေး ပြဿနာတွေရှုတ်နေတယ်လို့ ကြားတယ်… ၊ ပြီးတော့… ကောင်းကင်ဧကရာဇ်ကျမ်းစာရဲ့ ကောင်းကင်ဘုံနဲ့လူသားတစ်သားတည်းကျတဲ့ အပိုင်းကို ကျင့်ကြံထားတဲ့ နတ်လူသားမျိုးနွယ်တစ်ယောက်က နေရာတိုင်းမှာ တိုက်ခိုက်နေတယ်တဲ့… ၊ သူက ခံစားချက်ကင်းမဲ့အောင် ကျင့်ကြံတဲ့အဆင့် အောင်မြင်ဖို့ အဲဒီလိုတိုက်ခိုက်နေတယ်လို့ ကြားတာပဲ…"
"ဒီခွန်လွန်တောင်မှာ နေရတာတောင် မလုံခြုံတော့သလိုပဲ… ၊ ကြားတာတော့ နဂါးမျိုးနွယ်တွေဘက်က ခွန်လွန်တောင်ကို လူတစ်ယောက် စေလွှတ်မယ်လို့ သတင်းကြားတယ်… ၊ ဘာကြောင့်လဲတော့ မသိဘူး…"
"ဒါပေမဲ့ တိုက်ခိုက်ဖို့တော့ မဟုတ်လောက်ပါဘူး ၊ နဂါးမျိုးနွယ်တွေက အင်အားကြီးပေမယ့် နတ်မိစ္ဆာတွေကလည်း အင်အားမသေးဘူးလေ… ၊ ဒီတော့ နဂါးမျိုးနွယ်တွေအနေနဲ့ နတ်မိစ္ဆာတွေကိုရော ခွန်လွန်တောင်ကိုရော တစ်ပြိုင်တည်း တိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး…"
"အင်း… အချိန်တန်တော့ အဖြေသိရမှာပေါ့…"
ကျန်းလန် စကားများကို နားထောင်ပြီး ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။
သူက နဂါးမျိုးနွယ်များကို အရေးစိုက်သူ မဟုတ်ပေ။
နဂါးမျိုးနွယ်များ အင်အားကြီးသည်ဖြစ်စေ ၊ အင်အားနည်းသည်ဖြစ်စေ သူ့အတွက် အရေးမပါပေ။
တကယ်တမ်း… နဂါးမျိုးနွယ်များနှင့် ခွန်လွန်တောင် တိုက်ပွဲဖြစ်ကြလျှင်လည်း သူတတ်နိုင်သည့်အရာ ဘာမှ မရှိပေ။
သူလုပ်နိုင်သည်က ကျင့်ကြံခြင်းအဆင့် မြင့်မားလာအောင် ဆက်လက်ကျင့်ကြံခြင်းသာ ဖြစ်သည်။
နောက်ဆုံး ရှေ့တန်းထွက် တိုက်ခိုက်ရမည်ဆိုလျှင်တောင်မှ သူ့လိုအဆင့်ရှိသော ကျင့်ကြံသူများက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်လျှင် ကံကောင်းသည် ဆိုရမည်။
ထို့ပြင်… သူ့လို ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က နဂါးအစွယ်ကိုပင် အယားပြေစေမည် မဟုတ်ပေ။ အရွယ်ရောက်ပြီး နဂါးတစ်ကောင်က အင်မော်တယ်တစ်ပါးနှင့် အဆင့်ညီမျှသည် မဟုတ်ပါလား။
သို့သော်… တိုက်ပွဲဖြစ်နိုင်ချေကတော့ အတော်လေး နည်းပါးလှသည်။
ထို့ကြောင့်… သူ့အနေဖြင့် နဝမတောင်ထွတ်တွင် အေးအေးဆေးဆေး ဆက်လက်ကျင့်ကြံနိုင်ဦးမည် ဖြစ်သည်။
သို့သော်… နတ်လူသားမျိုးနွယ်များကိုတော့ ကျန်းလန် အရေးစိုက်သည်။
အဘယ်ကြောင့်ဆိုသော်… နတ်လူသားမျိုးနွယ်များကို သူ့ကို သဘောမကျဘဲ ရန်ငြိုးထားသတ်ဖြတ်ချင်နေကြသည် မဟုတ်ပါလား။
ယခု သူရင်ဆိုင်ရမည့်ရန်သူကတော့ သူ့ကို အထင်သေးနေလောက်ပေပြီ။
ယခင်တစ်ကြိမ် ကျိန်စာတိုက်ခံခဲ့ရပြီးနောက် ကျန်းလန် နှစ်ပေါင်း (၃၀) ပျောက်သွားလေရာ ကြောက်လန့်သွားသဖြင့် တောင်ပေါ်တွင် ပုန်းအောင်းနေသည်ဟု ထင်မှတ်ပေလိမ့်မည်။
သို့သော်… ယခုအချိန်ထိ သူ့ကို ပစ်မှတ်ထားသူ၏ အရိပ်အယောင်ကိုပင် မတွေ့ရသေးပေ။
ကျန်းလန် ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်း သိပ်မကြာမီမှာပင် သူ့နောက်မှ တစ်စုံတစ်ယောက်က ကြည့်နေသည့် ခံစားချက်ကို စတင်ခံစားလိုက်ရသည်။
ထိုသို့ခံစားလိုက်ရသည်နှင့် ကျန်းလန် ခွန်လွန်တောင်ပေါ်တွင် လျှောက်သွားနေခြင်းကို ရပ်တန့်လိုက်သည်။
ချက်ချင်းပင် ခွန်လွန်တောင်ခြေသို့ တန်းတန်းမတ်မတ် ဆင်းလာခဲ့၏။
ရန်သူက သူ့ကို တွေ့ရှိသွားပြီဖြစ်လေရာ ကျန်းလန်အနေဖြင့် ရန်သူကိုသတ်ဖြတ်ရန် အကြံအစည်များကို အကောင်အထည်ဖော်ရပေတော့မည်။
နှစ်ပေါင်း (၃၀) ကြာမှ ရန်သူနှင့် တစ်ကြိမ်ပြန်ဆုံရခြင်းဖြစ်လေရာ သူ့အနေဖြင့် သတိထားရန်တော့ လိုအပ်သည်။
ကျန်းလန် ခွန်လွန်တောင်မှ လမ်းလျှောက်ပြီး ထွက်ခွာလာခဲ့သည်။
ခွန်လွန်တောင်လမ်းက နှစ်ပေါင်း (၃၀)အတွင်း အတော်လေး ပြောင်းလဲသွားခဲ့၏။
အချိန်များစွာကြာမြင့်ခဲ့သည့်တိုင်… ပျက်သုဉ်းတစပြင်လောကကြီးကတော့ သိသာထင်ရှားသည့် ပြောင်းလဲမှုမျိုး ဖြစ်မလာခဲ့ပေ။
သို့သော်… အချိန်၏ရွေ့လျားမှုကြောင့် အချို့နေရာဒေသများကတော့ အစဉ်အမြဲ ပြောင်းလဲနေခဲ့၏။
တောတောင်ရေမြေများ ၊ သစ်ပင်နှင့် တောအုပ်များ ၊ လူသွားလူလာ လမ်းမကြီးများက အစဉ်အမြဲပြောင်းလဲနေခဲ့သည်။
ခွန်လွန်တောင်တွင် ပါရမီရှင်များစွာရှိသည့်အပြင် သူတို့ထဲမှ အများစုက အင်မော်တယ်များ ဖြစ်ကြသည်။
ထို့ကြောင့်… တပည့်အချင်းချင်း ပညာပြိုင်တိုက်ခိုက်ကြရင်း တောအုပ်များ ၊ သစ်ပင်များသာမက လမ်းမကြီးများသည် အစဉ်အမြဲ ပျက်စီးလျှက် ရှိကြသည်။
ထို့ကြောင့်… လမ်းမကြီးများနှင့် ရင်ပြင်များကို ပြုပြင်ထိန်းသိမ်းရသ်ည့အလုပ်က အကြိမ်ပေါင်းများစွာ ပြုလုပ်ရလေ့ ရှိသည်။
ကျန်းလန်ကိုယ်တိုင်လည်း ရင်ပြင်ကို ကိုယ်တိုင်ပြုပြင်ခဲ့ဖူးပြီး နေထိုင်ရာအဆောက်အဦကိုလည်း ကိုယ်တိုင်ဆောက်လုပ်ခဲ့ရသည်။
ထို့ကြောင့်… အတွေ့အကြုံကောင်းကောင်းရှိလေသည်။
ကံကောင်းစွာပင်… အဓိကခန်းမဆောင်ကြီးကို အသစ်ပြန်မတည်ဆောက်ရသောကြောင့် တော်သေးသည်ဟု ဆိုရမည်။
အဓိကခန်းမဆောင်ကြီးက အထူးသတ္တုတစ်မျိုးနှင့် ပြုလုပ်ထားသောကြောင့် လွယ်လွယ်နှင့် မပျက်စီးနိုင်ပေ။
ခွန်လွန်တောင်မှ ထွက်ခွာလာသည်နှင့် ကျန်းလန်အနေဖြင့် တိုက်ခိုက်ခံရရန် အခွင့်အရေးများလာပြီ ဖြစ်သည်။
ရန်သူက မည်သူဖြစ်ကြောင်း ကျန်းလန် မသိရှိပေ။
သို့သော်… သူ တောင်အောက်ဆင်းလာစဉ်မှာပင် သူ့ကိုစောင့်ကြည့်နေသည့်အကြည့်က ရုတ်တရက် ပျောက်ကွယ်သွားသည်။
ကျန်းလန် ခွန်လွန်တောင်မှ ထွက်ခွာသည်ဆိုသည်က ခပ်ရှားရှားပင်…။ ဆယ်စုနှင့်အနည်းငယ်ကြာမှ တစ်ကြိမ် ထွက်ခွာလာလေ့ရှိသည်။
ဤသည်ကို အခွင့်ကောင်းယူပြီး တစ်ဖက်လူက မတိုက်ခိုက်ဘူးဆိုလျှင် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်သကဲ့သို့ ဖြစ်ရပေမည်။
ရန်သူကတော့ အခွင့်အရေးကို လက်လွှတ်မည် မဟုတ်ပေ။
ထို့ပြင်… ကျန်းလန်ကို တိုက်ခိုက်ရန်လည်း ကြိုတင်ကြံစည်ထားပေလိမ့်မည်။
ကျန်းလန်က အလျင်လိုခြင်း မရှိပေ။ သူက ပုံမှန်အတိုင်းသာ လမ်းလျှောက်လာ၏။
တောင်ခြေသို့ဆင်းသည့်လမ်းက ပြောင်းလဲသွားပြီဖြစ်လေရာ ကျန်းလန်မှာ အခြားလမ်းတစ်ခုကို ဖြတ်သန်းပြီး သေရည်ဆိုင်သို့ ထွက်ခွာလာခဲ့သည်။
အချိန်အတန်ကြာသည့်အခါမှာတော့…
ဓားကိုစီးနှင်ကာ သူ့ထံသို့ ပျံသန်းလာသည့် မိန်းကလေးတစ်ယောက်ကို တွေ့မြင်လိုက်ရသည်။
သူမက အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူတစ်ယောက်ဖြစ်၏။
သူမကိုကြည့်ရသည်မှာ ကပိုကရို ပုံပျက်ပန်းပျက်နှင့် ဖြစ်သည်။ သူမ၏ ဆံပင်များကလည်း အနည်းငယ် ရှုတ်ပွလျှက် ရှိ၏။
တိုက်ပွဲတစ်ခုနှင့် ရင်ဆိုင်လာရဟန် ရှိသော်လည်း ဒဏ်ရာရထားခြင်းတော့ မရှိပေ။
သူမကိုကြည့်ရသည်မှာ ငယ်ရွယ်ဟန်ရှိပြီး အသက် (၂၀) ဝန်းကျင်ခန့်သာ ရှိလောက်သည်။
သူမက ကျန်းလန်ကိုတွေ့သည်နှင့် ပျံသန်းနေသည့်အရှိန်ကိုလျှော့ကာ ကျန်းလန်ရှေ့တွင် ဆင်းသက်လိုက်သည်။
သူမက…
"တတိယတောင်ထွတ်က ချောင်ချင် ဂိုဏ်းတူအစ်ကိုကို နှုတ်ဆက်ပါတယ်…"
ကျန်းလန်ကိုတွေ့ရသည်နှင့် သူမပုံစံက အလွန်ပျော်ရွှင်သွားဟန် ရှိသည်။
ထို့နောက်… သူမက ကပိုကရိုဖြစ်နေသည့် အဝတ်အစားများကို အနည်းငယ် သပ်သပ်ရပ်ရပ်ဖြစ်သွားအောင် ပြုပြင်လိုက်၏။
ကျန်းလန်ကလည်း ယဉ်ယဉ်ကျေးကျေးပင် ပြန်လည်နှုတ်ဆက်လိုက်၏။
"နဝမတောင်ထွတ်က ကျန်းလန်ပါ…"
သူမဝတ်ထားသည့်ဝတ်စုံက ခွန်လွန်တောင်၏ နောက်ပိုင်းမျိုးဆက်တပည့်များ ဝတ်ဆင်သည့်ဝတ်စုံမျိုး ဖြစ်၏။
ထို့ကြောင့် သူမဝတ်ထားသည့်ဝတ်စုံက ကျန်းလန်နှင့် တူညီခြင်းမရှိဘဲ အနည်းငယ် ကွဲပြားသည်။
ချောင်ချင်က…
"ဂိုဏ်းတူအစ်ကို... အချိန်လေးနည်းနည်းလောက်များ ရမလားရှင်… ဒီနားက တောအုပ်တစ်ခုထဲမှာ ရှားပါးတဲ့ ဝိညာဉ်သားရဲတစ်ကောင် ကျွန်မတို့ တွေ့ထားလို့… ၊ တခြားဂိုဏ်းတူမောင်နှမတွေက တောင်ပေါ်မှာ စစ်ကူပြန်ခေါ်ဖို့ ကျွန်မကို လွှတ်လိုက်တာ… ၊ အခု လမ်းမှာ ဂိုဏ်းတူအစ်ကိုနဲ့ တွေ့မယ်လို့ ထင်မထားမိဘူး… ၊ ဂိုဏ်းတူအစ်ကို… ကျွန်မတို့ကို တစ်ချက်လောက် လိုက်ကူညီမယ် မဟုတ်လားဟင်…"
ပြောပြီးသည်နှင့် ချောင်ချင်က ကျန်းလန်ကို မျှော်လင့်တကြီးမျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
အနည်းငယ် စိတ်ရှုတ်ထွေးနေဟန်ရှိသည့် မိန်းမပျိုကို ကျန်းလန်က တစ်ချက်အကဲခတ်လိုက်၏။
ထို့နောက် ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…
"ကောင်းပြီလေ… ဂိုဏ်းတူညီမလေး… ရှေ့က လမ်းပြပါ… ၊ ဒါပေမဲ့ ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က သိပ်မမြင့်မားဘူး… ၊ ဒီတော့ ကျုပ် မကူညီနိုင်ဘူးဆိုရင်လည်း ဖြစ်နိုင်ရင် တခြား ဂိုဏ်းတူမောင်နှမတွေကို ရှာလိုက်နော်…"
ချောင်ချင်က စိတ်လှုပ်ရှားစွာဖြင့်...
"ဂိုဏ်းတူအစ်ကိုက အရမ်းနှိမ့်ချလွန်းနေပါပြီ… ၊ ဒီက ဂိုဏ်းတူအစ်ကိုကိုကြည့်ရတာ ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားတာ မဟုတ်ဘူးလား… ၊ အဲဒီ ဝိညာဉ်သားရဲက အခြေခံတည်ဆောက်ခြင်းအဆင့်ပဲရှိတာ… ၊ ဒီတိုက်ပွဲလောက်ကတော့ ဂိုဏ်းတူအစ်ကိုအတွက် အရမ်းကို လွယ်ကူမှာပါ…"
ကျန်းလန် သူမကို ခေါင်းညိတ်ပြလိုက်ပြီး မည်သည့်စကားမှ မပြောတော့ပေ။
သူမက ကျန်းလန်ကို တောအုပ်တစ်ခုဆီသို့ လမ်းပြဦးဆောင်သွားလေသည်။ ကျန်းလန်ကလည်း သူမနောက်မှ အေးဆေးစွာပင် လိုက်ပါသွားသည်။
လမ်းတစ်လျှောက်လုံး သူမပုံစံက စိတ်ရှုတ်ထွေးနေဟန်လည်းရှိသလို စိတ်လှုပ်ရှားနေဟန်လည်း ရှိသည်။
ထို့ပြင်… ချောင်ချင် ကျန်းလန်ကို ခေါ်လာသည့်နေရာက အနည်းငယ် လူပြတ်သည်။
ချောင်ချင်က....
"ဂိုဏ်းတူအစ်ကို... ရှင်က နဝမတောင်ထွတ်ကလား...."
"အင်း..."
ကျန်းလန်က အပိုစကားမဆိုဘဲ ခေါင်းညိတ်အဖြေပေးလိုက်၏။
"ဒါဖြင့် ဂိုဏ်းတူအစ်ကိုက လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)က နတ်လူသားမျိုးနွယ်တွေကို အနိုင်ယူခဲ့တဲ့သူပေါ့နော်…"
ပြောပြီးသည်နှင့် ချောင်ချင်က ကျန်းလန်ကို အလွန်တရာ လေးစားဟန်ဖြင့်ကြည့်လိုက်သည်။
ကျန်းလန်က မိန်းကလေးကို ကြည့်လိုက်ရင်း…
"ဂိုဏ်းတူညီမလေးက.... လွန်ခဲ့တဲ့နှစ် (၃၀) က ဂိုဏ်းထဲကို ဝင်လာတဲ့သူလား…"
ချောင်ချင်က ခေါင်းခါရမ်းလိုက်ပြီး…
"မဟုတ်ပါဘူး... အဲဒီတုန်းက ကျွန်မ… ဂိုဏ်းထဲ မရောက်သေးဘူး...."
ချောင်ချင်က ဆက်ပြောသည်။
"ကျွန်မက ဂိုဏ်းတူအစ်ကိုရဲ့သတင်းကို တခြားဂိုဏ်းတူမောင်နှမတွေဆီက ကြားတာပါ… ၊ နတ်လူသားမျိုးနွယ်ကလူကို တောင်ထွတ် (၈) ခုလုံးက အနိုင်မယူနိုင်ခဲ့ဘူး… ၊ အားလုံး မျှော်လင့်ချက် ပျောက်ဆုံးနေကြချိန်မှာ ဂိုဏ်းတူအစ်ကိုက အလင်းတန်းတစ်ခုလိုပဲ အဲဒီနေ့ကို ကယ်တင်ခဲ့တာတဲ့… ၊ အဲဒီသတင်းကြားကတည်းက ကျွန်မက ဂိုဏ်းတူအစ်ကိုကို ကျွန်မရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတာ…"
ကျန်းလန် မည်သည့်စကားမှ ပြန်မပြောပေ။
ချောင်ချင်က…
"ဒါနဲ့... စကားမစပ်...."
စကားအစချီပြီးသည်နှင့် ချောင်ချင်က စကားဆက်ပြောသည်။
"ကျွန်မကြားဖူးတာတော့ နတ်လူသားမျိုးနွယ်တွေက အရမ်းကြောက်စရာကောင်းတယ်တဲ့… ၊ ဂိုဏ်းတူအစ်ကိုက နတ်လူသားမျိုးနွယ်တွေကို အနိုင်ယူခဲ့တာဆိုတော့ သူတို့ဘက်က လက်စားချေခံရမှာ မကြောက်ဘူးလားဟင်… ၊ အာ… သိပြီ… သိပြီ… ကျွန်မတို့ခွန်လွန်တောင်က အရမ်းအင်အားကြီးတယ်… ၊ ဒါကြောင့် ဒီကိစ္စကို လုံး၀ စိတ်ပူစရာမလိုဘူး… ဟုတ်တယ်မလား ဂိုဏ်းတူအစ်ကို…"
"အင်း..."
ကျန်းလန်ခေါင်းညိတ်လိုက်သည်။
မကြာမီ.... သူတို့ တောအုပ်တစ်ခုရှိရာသို့ ရောက်ရှိလာ၏။
"ဘုန်း...."
ကျယ်လောင်သည့်အသံကြီးတစ်သံက တောအုပ်အတွင်းမှ ထွက်ပေါ်လာသည်။ တိုက်ပွဲတစ်ခု ဖြစ်ပွားနေဟန် ရှိသည်။
ချောင်ချင်က ချက်ချင်းပင် ကျန်းလန်အနား အသာတိုးကပ်ကာ ပုန်းကွယ်လိုက်ရင်း…
"ဂိုဏ်းတူအစ်ကို… သတိထားနော်… အဲဒီ သတ္တဝါက အရမ်းကြောက်စရာကောင်းတယ်…"
ကျန်းလန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ထို့နောက် အရှေ့ဆီသို့ လှမ်းကြည့်လိုက်၏။
ဝက်ဝံပုံသဏ္ဌန်ရှိသည့် ဝိညာဉ်သားရဲ ကြီးတစ်ကောင်နှင့် ကျင့်ကြံသူ (၆) ယောက်တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။
"ဂါး..."
"ဘုန်း…"
ကျယ်လောင်သည့်ပေါက်ကွဲသံကြီးနှင့်အတူ.... လူ (၅) ယောက်မှာ အဝေးသို့ လွင့်စင်ထွက်သွားကြသည်။
သူတို့အားလုံး မြေပြင်ထက်သို့ ပုံပျက်ပန်းပျက် ပြုတ်ကျကုန်၏။
တစ်ယောက်သာလျှင် ဝက်ဝံကြီးကို တောင့်ခံပြီး သဲကြီးမဲကြီး တိုက်ခိုက်နေသည်။
"အစီအရင်တည်ဆောက်ကြ.... ဒီကောင်ကြီးကို ကျုပ် ထိန်းထားပေးမယ်..."
ထိုစဉ်မှာပင်… ကျန်းလန်၏ ဘေးနားမှ ချောင်ချင်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ဂိုဏ်းတူအစ်ကို… အားတင်းထား… ၊ ဒီမှာ ကျွန်မ စစ်ကူသွားခေါ်ရင်း လမ်းမှာ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုနဲ့ တွေ့ခဲ့တယ်… ၊ ဒီကောင်ကြီးကို ဖမ်းမိတော့မှာပါ…"
ချောင်ချင်၏ အော်သံကိုကြားသည်နှင့် သတ္တဝါကြီးနှင့် ရုန်းကန်တိုက်ခိုက်နေသည့် လူငယ်က ချက်ချင်းပင် ကျန်းလန်ရှိရာသို့ ဆုတ်ခွာလာသည်။
"ဘုန်း..."
ထိုသူ နောက်ဆုတ်လိုက်သည်နှင့် ဝက်ဝံကြီးက ထပ်မံ တိုက်ခိုက်လိုက်သည်။
တိုက်ခိုက်ခံရမှုကြောင့် လူငယ်မှာ ကျန်းလန်ရှိရာသို့ လွင့်စင်ထွက်လာသည်။
ထိုစဉ်မှာပင်… ကျန်းလန်က ပတ်ဝန်းကျင်ကို မျက်စိတစ်ချက်ဝေ့ကာ အကဲခတ်လိုက်သည်။
ထိုအခါ… သူ့ဘေးနားမှ လူ (၇)ယောက်က အချင်းချင်း ချိတ်ဆက်ပြီး အစီအရင်တစ်ခု ပြုလုပ်နေသည်ကို တွေ့လိုက်ရသည်။
ချက်ချင်းပင်… ကျန်းလန်၏ စိတ်ဝိညာဉ်တစ်ခုလုံး တင်းကျပ်လာပြီး သူ၏ မူလဝိညာဉ်မှာလည်း ပျောက်ကွယ်သွားလုမတတ် ခံစားလိုက်ရသည်။
သို့သော်… ကျန်းလန်၏ ခန္ဓာကိုယ်ထဲမှ ဝိညာဉ်ဖိနှိပ်စွမ်းအားက ပြင်းထန်စွာ ထွက်ပေါ်လာပြီး ကျန်းလန်၏ ခန္ဓာကိုယ်ထဲတွင် အခြားသူများမကြားနိုင်သည့် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာသည်။
မည်သည့်ကျိန်စာမှ ကျန်းလန်၏ ခန္ဓာကိုယ်ထဲ မဝင်ရောက်နိုင်သလို ကျန်းလန်၏ စိတ်ကိုလည်း မထိန်းချုပ်နိုင်ပေ။
ထိုစဉ်မှာပင်… လွင့်ထွက်လာသူက ကျန်းလန်ရှိရာသို့ ပျံသန်းရောက်ရှိလာသည်။
ကျန်းလန်က တစ်ချက်ပင် မတုန့်ဆိုင်းဘဲ ထိုသူရှိရာသို့ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။
"ဟူး…"
"ဝုန်း…"
လက်သီးချက်က ထိုသူ၏ နောက်ကျောဘက်အထိ ထုတ်ချင်းဖောက်ဝင်သွားသည်။
"အား…"
ထိုသူက နာကျင်စွာအော်ဟစ်ရင်း ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
ထို့နောက် သွေးများ ဝေါ့ခနဲ အန်ထုတ်လိုက်ရင်း ခက်ခက်ခဲခဲ စကားပြောလိုက်သည်။
"ဂိုဏ်းတူအစ်ကို… ဘာ…ဘာလုပ်လိုက်တာလဲ…"
"မင်းကို သတ်လိုက်တာလေ…"
ကျန်းလန်၏ လေသံက အလွန်အမင်းတည်ငြိမ်အေးဆေးလျှက် ရှိလေတော့၏။