သူလျှို
Vol. 8 Ch. 102
အခန်း (၁၀၂) သူလျှို
ကျန်းလန်၏ လက်သီးဖြင့် ထိုးဖောက်ခံလိုက်ရသည့် လူငယ်က ကျန်းလန်ကို ကြောက်ရွံ့တုန်လှုပ်သည့် မျက်လုံးများဖြင့် ကြည့်နေသည်။
သူကြုံတွေ့လိုက်သည့်အဖြစ်အပျက်ကို သူကိုယ်တိုင် မယုံကြည်နိုင်ခဲ့ပေ။
သူ ကျိန်စာတိုက်သည့်အစီအရင်ကို ချက်ချင်းပင် ပြီးပြည့်စုံအောင် ထုတ်ဖော်နိုင်ခဲ့သည်။ ကျိန်စာက ရန်သူ၏ စိတ်ဝိညာဉ်ကို ဖျက်စီးပစ်သည့် သေမင်းကျိန်စာဖြစ်သည်။
သို့ပေမဲ့… ဒီလူက အဘယ့်ကြောင့် ယခုထိ အသိစိတ် ရှိနေရသေးတာလဲ…။
ကျန်းလန်က ထိုသူကို စိုက်ကြည့်လိုက်ပြီး…
"မင်းတို့ ကျိန်စာတွေ ကျုပ်ကို ဘာလို့မထိလဲဆိုတာ သိချင်နေတာလား… ၊ နေဦး… ကျုပ် မင်းကို ဘာလို့ သတ်ရလဲဆိုတာ ပိုပြီးသိချင်နေမှာပဲနော်… ဟက်…"
ထိုသူက..
"ဘာ… ဘာဖြစ်လို့လဲ…"
ကျန်းလန်က ထိုသူ၏ အမေးကို ပြန်မဖြေပေ။
လက်သီးတစ်ချက်သာ ပစ်သွင်းလိုက်သည်။
"ဘန်း…"
ပြင်းထန်လှသည့် လက်သီးချက်က ကျန်းလန်ရှေ့မှလူငယ်ကို သွေးမှုံများအဖြစ် ပြောင်းလဲပေးလိုက်သည်။
ဒီလိုလူမျိုးကို သူက ဘာလို့ အချိန်ကုန်ခံပြီး ရှင်းပြနေရပါမည်နည်း။
ထိုအချိန်မှာပင်… ပတ်ဝန်းကျင်တွင်ရှိနေသည့် ကျင့်ကြံသူ (၆)ယောက်က ကျန်းလန်ကို ထပ်မံ ကျိန်စာတိုက်လိုက်ကြသည်။
ဤသူများ အစကတည်းက လျှို့ဝှက်လှုပ်ရှားမှု ပြုလုပ်နေကြောင်း ကျန်းလန် ရိပ်မိပြီးသား ဖြစ်သည်။
ချောင်ချင် သူ့ထံသို့ ရောက်လာကတည်းက တိုက်ဆိုင်မှုမဟုတ်ဘဲ အခြားရည်ရွယ်ချက်တစ်ခုရှိနေကြောင်း ကျန်းလန် သံသယဝင်ခဲ့သည်။
ထို့ကြောင့်လည်း… သူက ချောင်ချင်ခေါ်ဆောင်ရာနောက်သို့ တမင်တကာ လိုက်လာခဲ့ခြင်း ဖြစ်၏။
ရန်သူမျှားခေါ်ရာသို့ လိုက်သွားခြင်းအားဖြင့် နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာဖွေရန် အခွင့်အရေးရရှိမည် မဟုတ်ပါလား။
ရန်သူအုပ်စုကတော့ သရုပ်ဆောင်ပိုင်း အတော်လေး ပီပြင်လှသည်။
သို့သော်… တောစပ်သို့ရောက်သည်နှင့် တောအုပ်တစ်ခုလုံး စည်းချထားသည်ကို ကျန်းလန် သိရှိလိုက်သည်။ တောအုပ်ထဲသို့ ဝင်ပြီးသည်နှင့် ပြန်ထွက်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။
ကျန်းလန် တစ်စုံတစ်ခုကို အတည်ပြုလိုက်နိုင်သည်။
ဤအစီအစဉ်တစ်ခုလုံးကို ကြိုးကိုင်နေသူမှာ ကျန်းလန်ကို အမှောင်ထဲမှ စောင့်ကြည့်နေသူဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်၏။
ကျန်းလန် တောင်ပေါ်မှ ဆင်းလာသည်နှင့် ထိုသူက ချက်ချင်းပင် အစီအစဉ်များပြုလုပ်လိုက်ခြင်း ဖြစ်ဟန်တူသည်။
ထိုသို့ဆိုလျှင်… နောက်ကွယ်မှကြိုးကိုင်သူသည်လည်း ဤနေရာတွင် ရှိနေရပေလိမ့်မည်။
ယခု… ပြဿနာ၏ အဖြေကို သိရှိသွားပြီဖြစ်ရာ ကျန်းလန်အနေဖြင့် ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ပေ။
ကျန်းလန်ရောက်လာသည်နှင့် ရန်သူများက သေမင်းကျိန်စာ အစီအရင်ကို ထုတ်ဖော်လိုက်ကြသည်။
ရန်သူများက ကျန်းလန်ကို သတ်ဖြတ်ရန် တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်၏။
ထို့ကြောင့်… ကျန်းလန် အနေဖြင့် ဤသူများအားလုံးကို ရှင်းပစ်ရပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) ခန့်က တစ်ကြိမ် ကျိန်စာတိုက်ခံရပြီးသည့်နောက် ကျန်းလန် ကျိန်စာနှင့်ပတ်သက်သည့် ကျမ်းစာများကို ရှာဖွေဖတ်ရှုထားခဲ့သည်။
ထို့ပြင်… သူရရှိထားသည့် ဝိညာဉ်ဖိနှိပ်စွမ်းအားကလည်း ထူးထူးခြားခြားပင် ကျိန်စာကို ကာကွယ်နိုင်စွမ်း ရှိနေသည်။
ထို့ကြောင့်… သာမန်ကျိန်စာလောက်ကိုတော့ ကျန်းလန်က မမှုပေ။
ဝိညာဉ်ဖိနှိပ်စွမ်းအားက ကျိန်စာကို မဖယ်ရှားနိုင်လျှင်တောင်မှ ကျန်းလန်က ကျိန်စာကို ဖယ်ရှားနိုင်သည့် နည်းလမ်းများစွာကို သင်ယူထားခဲ့ပြီး ဖြစ်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံသွေးစများ ပျံ့ကျဲလျှက် ရှိသည်။
ကျန်ရှိသည့် ရန်သူ (၆)ယောက်က ကျန်းလန်ကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်နေကြသည်။
ချောင်ချင်က…
"ဂိုဏ်းတူအစ်ကို… ဘာလုပ်လိုက်တာလဲ…"
ကျင့်ကြံသူလူငယ်တစ်ယောက်က…
"ဒီ နဝမတောင်ထွတ်က တပည့်က ကျုပ်တို့ ခွန်လွန်တောင်ရဲ့ သစ္စာဖောက်ပဲ… ၊ ဂိုဏ်းထဲမှာ သစ္စာဖောက်ရှိနေတယ်ဆိုတာ ကျုပ်တို့ အကြီးအကဲတွေကိုသွားပြီး အသိပေးရမယ်…"
နောက်တစ်ယောက်က…
"အမှန်ပဲ… ဒီကောင်က အခု ကျုပ်တို့ ခွန်လွန်တောင်က ဂိုဏ်းသားတစ်ယောက်ကို သတ်လိုက်ပြီ… ၊ တခြားမျိုးနွယ်စုက သူလျှိုပဲ ဖြစ်ရမယ်…"
"ဟုတ်တယ်… အရှက်မရှိတဲ့ကောင်… အခြားမျိုးနွယ်က လက်ပါးစေကောင်…"
ကျင့်ကြံသူမိန်းမပျိုတစ်ယောက်က ချောင်ချင်ကို လှမ်းကြည့်လိုက်ပြီး…
"ငါတို့ ဒီကောင့်ကို တားဆီးထားမယ်… ၊ ဂိုဏ်းတူညီမလေး… မင်းက တောင်ပေါ်ပြန်ပြီး သစ္စာဖောက်အကြောင်း အကြီးအကဲတွေကို သတင်းပို့ပါ…"
ထိုသူများပြောနေသည့်စကားများကို နားထောင်ရင်း ကျန်းလန် တစ်စက်လေးပင် တုန်လှုပ်ခြောက်ခြားခြင်း မဖြစ်မိပေ။
သူတို့၏ စကားသံများ အဆုံးသတ်သွားသည်နှင့် ရန်သူ (၅)ယောက်က ကျန်းလန်ကို ဝိုင်းထားလိုက်ကြသည်။
ချောင်ချင်ကတော့ စောစောက သူတို့နှင့် ဟန်ပြတိုက်ခိုက်နေသည့် ဝက်ဝံဝိညာဉ်သားရဲကြီးကိုစီးနှင်ကာ တောအုပ်အတွင်းပိုင်းသို့ ဝင်ရောက်သွားတော့သည်။။
ကျန်းလန်က သူမကို လှမ်းကြည့်လိုက်သည်။
သူမ ထွက်ပြေးသွားသည့်နေရာက ခွန်လွန်တောင်ဆီသို့ မဟုတ်ကြောင်း သိရှိလိုက်သည်။
ထို့နောက်… ကျန်းလန်က သူ့ကို ဝိုင်းထားသည့် ရန်သူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
ယောကျ်ားလေးကျင့်ကြံသူ (၄)ယောက် ၊ မိန်းကလေး ကျင့်ကြံသူ (၁)ယောက်…။
ကျန်းလန်က…
"ကဲ… မင်းတို့ ကျုပ်ကို တိုက်ကြစမ်း…"
ရန်သူ (၅)ယောက်က လျှင်မြန်စွာ လှုပ်ရှားလိုက်ပြီး ချက်ချင်းပင် တည်နေရာများ ပြောင်းလဲသွားသည်။
သူ့ကို ထပ်မံကျိန်စာတိုက်နေခြင်းဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
ဤသို့ ကျိန်စာတိုက်ခြင်းက နတ်လူသားမျိုးနွယ်များ၏ စွမ်းရည်တစ်ခုများလား…။
သူ… တွေးလိုက်မိသော်လည်း သေသေချာချာ မသိရှိပေ။ သို့သော်… အရေးကြီးသည့် ကိစ္စတော့မဟုတ်…။
ကျန်းလန်က…
"မင်းတို့ ထပ်ပြီး ကျိန်စာတိုက်နေတာလား…"
ကျင့်ကြံသူမိန်းမပျိုက…
"အမှန်ပဲ… ငါတို့က မင်းကို ကျိန်စာလောက်နဲ့ပဲ ထိန်းချုပ်ထားမယ်… ၊ ပြီးရင် မင်းလိုသစ္စာဖောက်က ခွန်လွန်တောင်ရဲ့ အဓိကခန်းမဆောင်မှာ သိက္ခာမဲ့စွာနဲ့ သေဒဏ်ကျခံရမှာပဲလေ…"
သူတို့ဘက်မှ မှန်ကန်နေသည့်အလား လေသံကတော့ တစ်ပြားသားမှ မလျှော့ပေ။
လေသံမလျှော့တော့လည်း ပညာပြရသည်ပေါ့…။
ကျန်းလန်က သူ့ကိုဝိုင်းထားသည့် လူ (၅)ယောက်ကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်ရင်း…
"ကောင်းပြီလေ… မင်းတို့က မတိုက်ဘူးဆိုရင်တော့ ကျုပ်က တိုက်ရလိမ့်မယ်…"
ကျန်းလန်စကားကြောင့် ရန်သူများ စိတ်ရှုတ်ထွေးသွားကြသည်။
သူတို့ပြောနေသည့် စိတ်ဓာတ်စစ်ဆင်ရေးစကားများက ဒီလူကို နည်းနည်းလေးပင် မတုန်လှုပ်စေဘူးလား…။
ဒီလူက စိတ်စွမ်းအားကောင်းသူတစ်ယောက်ဖြစ်သည်ကိုတော့ သူတို့ အစကတည်းက ကြားဖူးထားကြသည်။
သို့သော်… ယခုလောက် အေးစက်ပြီး ခံစားချက်ကင်းမဲ့နေမည်ဟု ထင်မထားခဲ့ကြပေ။
သို့တည်းမဟုတ်… အကြောက်လွန်ပြီးတော့ ပြောမိပြောရာများ ပြောနေခြင်းလား…။
ချောင်ပိတ်အဖမ်းခံရသည့်အတွက် စိတ်ဂယောက်ဂယက် ဖြစ်သွားခြင်းလား…။
မဟုတ်ဘူး… ဒီလူပြောနေသည့်စကားများတွင် မဆီလျော်သည့်စကားလည်း တစ်ခွန်းမှ မပါဝင်ပေ။
ကျင့်ကြံသူမိန်းမပျိုက ကျန်းလန်ကိုစိုက်ကြည့်ပြီး ခပ်တိုးတိုးလေသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"မင်းက ဘာဖြစ်ချင်တာလဲ… ဒီလိုအဓိပ္ပါယ်မရှိတဲ့စကားတွေပြောရုံနဲ့ မင်းလိုသစ္စာဖောက်က နာမည်ပျက်ကို ပြန်အဖတ်ဆယ်လို့ရမယ် ထင်နေတာလား…"
သူမ စကားမဆုံးမီပင် ကျန်းလန်က သူမရှေ့သို့ ရောက်လာသည်။
"ဒါပေါ့… ဒါကြောင့် မင်းတို့အားလုံးကို နှုတ်ပိတ်ပစ်ရမှာ…"
ကျန်းလန် သူမရှေ့ရောက်လာသည်နှင့် မိန်းမပျိုက မျက်ဝန်းများကို အသာကျဉ်းမြောင်းလိုက်သည်။
ထို့နောက်… သူမက ချက်ချင်းပင်နောက်သို့ခုန်ဆုတ်ရန် ဟန်ပြင်လိုက်သည်။
သို့သော်… ကျန်းလန်၏လက်တစ်ဖက်က သူမ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေရာ သူမ ရှောင်တိမ်း၍ မရတော့ပေ။
သူမ ရွှေပြဒါးအမြုတေအဆင့် တန်ခိုးစွမ်းအားများကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
သူမ ကျန်းလန်လက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။
"ဂျွတ်…"
သူမ တန်ခိုးစွမ်းအားများ ထုတ်ဖော်လိုက်သည်နှင့် ကျန်းလန်က သူမ၏လက်ကို လိမ်ချိုးလိုက်သည်။
သူမ၏ လက်လည်း ကျိုးသွားခဲ့ပြီ ဖြစ်၏။
ထွက်ပြေးရန်ကြံစည်သော မိန်းမပျိုမှာ ကျန်းလန်၏ စောင့်ဆွဲခြင်းကို ခံလိုက်ရသည်။
ထို့နောက်… ကျန်းလန်၏ လက်သီးချက်က သူမ မျက်နှာတည့်တည့်ဆီ ဝင်ရောက်လာသည်။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ခုခံနိုင်စွမ်းမရှိသည့် ကြီးမားလွန်းသော စွမ်းအားကြီးတစ်ခုက သူမကို ချေမှုန်းရန် ဝင်ရောက်လာသည်။
"မလုပ်ပါနဲ့… ကျွန်မကို မသတ်ပါနဲ့…"
ကျင့်ကြံသူမိန်းမပျို စူးစူးရှရှ အော်ဟစ်လိုက်သည်။
သို့သော်… ကျန်းလန်၏လက်သီးချက်ကို မည်သူမှ မတားဆီးနိုင်ပေ။
"ဟူး…"
"ဘုန်း…"
လက်သီးချက်က မိန်းမျို၏ မျက်နှာကို ထုချေပစ်လိုက်ပြီး ပတ်ဝန်းကျင်တစ်ခုလုံး သွေးမှုံများ ပြန့်ကျဲသွားသည်။
သွေးမှုံများက လေပြင်းတိုင်သည့်အလား ပတ်ဝန်းကျင်တွင် ဖွာခနဲ လွင့်စင်ကုန်သည်။
ကျန်းလန်က ကျင့်ကြံသူမိန်းမပျိုကို အရေးမစိုက်တော့ဘဲ ကျန်လူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
"ဘာတဲ့… မင်းတို့ပြောတာ… ကျုပ်က တခြားမျိုးနွယ်စုက သူလျှို… ဟုတ်လား…"
ကျန်လူ (၄)ယောက်က ချက်ချင်းပင် တန်ခိုးစွမ်းအားများကို ထုတ်ဖော်လိုက်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြသည်။
သူတို့ အားလုံးက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့ထဲမှတစ်ယောက်ဆိုလျှင် မူလဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ရန် အနည်းငယ်သာ လိုတော့သည်။
ကျင့်ကြံသူတစ်ယောက်က…
"တိုက်ကြ… ဒီကောင်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ… ၊ ဘာမှ ကြောက်နေစရာမလိုဘူး…"
ထို့နောက်… ထိုသူက သူ၏ တန်ခိုးစွမ်းအားများကို လှည့်ပတ်လိုက်ပြီး ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တန်ခိုးစွမ်းအားများ ဖုံးလွှမ်းသွားပြီး တောအုပ်တစ်ခုလုံး လဲပြိုကျတော့မည့်အလား ထင်မှတ်ရသည်။
ကျန်းလန်က စကားတစ်ခွန်းမှ မဆိုဘဲ ထိုသူကို ကြည့်လိုက်သည်။
ထို့နောက်… ချက်ချင်းပင် ထိုသူ၏ရှေ့သို့ ရောက်ရှိသွားပြီး လက်သီးကပါ တစ်ပြိုင်တည်း လှုပ်ရှားလိုက်သည်။
ကျန်းလန်၏ လက်သီးချက်က ထိုသူ၏ ဦးခေါင်းရှိရာ တန်းဝင်သွား၏။
ကျန်းလန်က…
"ဟက်… ရွှေပြဒါးအမြုတေအဆင့်အောင်မြင်လို့ မူလဝိညဉ်အဆင့်တောင် ရောက်ခါနီးနေပြီပဲ…"
ကျန်းလန်၏ အေးစက်သည့်အသံက ရွှေပြဒါးအမြုတေအဆင့်ကျင့်ကြံသူများကြားတွင် လေလှိုင်းများအဖြစ် တုန်ခါလှုပ်ခတ်သွားသည်။
ကျန်းလန်၏ လက်သီးချက် ဝင်ရောက်လာသည်နှင့် ထိုသူက ထွက်ပြေးရန် ကြိုးစားလိုက်သည်။
သို့သော်… သူ့ ခန္ဓာကိုယ်တစ်ခုလုံ းလှုပ်ရှား၍ မရတော့ပေ။
မဟုတ်ဘူး…
ဒီလူက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ မဟုတ်ဘူးလား…
ရန်သူက မူလဝိညာဉ်အဆင့် ကျင့်ကြံသူလား…
မူလဝိညာဉ်အဆင့် ကျင့်ကြံသူဆိုလျှင်တောင်မှ သာမန် မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ပေ။
ထိုသူက ချက်ချင်းပင် တောင်းပန်စကားဆိုရန် ကြိုးစားလိုက်သည်။
"ကျုပ်… ကျုပ်…"
"ဘုန်း…"
တစ်ဖက်လူ မည်သည့်စကားမှ မဆိုနိုင်ခင်မှာပင် ကျန်းလန်၏ လက်သီးချက်က ထိုသူကို တစ်စစီဖြစ်အောင် ထိုးနှက်ပစ်လိုက်သည်။
သွေးမှုံများနေရာအနှံ့တွင် ပျံ့ကျဲသွားပြန်၏။
ကျန်းလန်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ (၂)ယောက်ကို ကြက်လေးငှက်လေးသတ်သလို အလွယ်လေး သတ်ဖြတ်ပစ်လိုက်သည်။
အဖြစ်အပျက်များကိုတွေ့လိုက်သည်နှင့် သူတို့ရင်ဆိုင်နေရသူမှာ ရွှေပြဒါးအမြုတေအဆင့်ကျင့်ကြံသူ မဟုတ်ကြောင်း ကျန်လူ (၃)ယောက် ရိပ်မိသွားကြသည်။
သူတို့ ချက်ချင်းပင် ထွက်ပြေးရန် ဟန်ပြင်လိုက်ကြသည်။
သို့သော်… ကျန်းလန်က သူတို့ထက်လျှင်မြန်သည်။
ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် လှစ်ခနဲ ရန်သူများအားလုံးအနားသို့ ရောက်ရှိလာသည်။
"ဘုန်း…"
"ဘုန်း…"
ကျန်းလန် ရောက်ရှိသည့်နေရာတိုင်းတွင် သွေးမှုံသွေးစများ ပျံ့ကျဲသွားသည်။
စက္ကန့်ပိုင်းအတွင်း… နောက်ဆုံးကျန်ရှိနေသူတစ်ယောက်အနားသို့ ကျန်းလန် ရောက်ရှိလာသည်။
"ဆ… ဆရာကြီး… နားလည်မှုလွဲတာပါ… အသက်ချမ်းသာပေးပါ…"
ထိုသူက ကျန်းလန်ကို ကြောက်ရွံ့စွာဖြင့် တောင်းပန်စကားဆိုလိုက်သည်။
"ကျုပ်တို့… ကျုပ်တို့က ခွန်လွန်တောင်က မဟုတ်ပါဘူး… ၊ စောစောက ထွက်သွားတဲ့ မိန်းကလေးပြောတဲ့အတိုင်း လုပ်ကြရတာပါ… ၊ ဒီကိစ္စကို ကျုပ်တို့ ဘာမှ မသိပါဘူး… ဆရာကြီး… သနားငဲ့ညှာပါ… သနားငဲ့ညှာပါ…"
ကျန်းလန် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး ထိုသူအနားသို့ လျှောက်သွားလိုက်သည်။
"ငရဲလမ်းကို ခပ်ဖြည်းဖြည်းပဲ လျှောက်သွားကြ… အဲဒီမိန်းကလေးလည်း မင်းတို့နောက် မကြာခင် လိုက်လာလိမ့်မယ်…"
"ဘန်း…"
သွေးမှုံများ နေရာအနံှ့ ပျံ့ကျဲသွားသည်။
နောက်ဆုံးတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် ကျန်းလန် တောအုပ်ထဲသို့ ဝင်လာခဲ့သည်။
ချောင်ချင်နောက်သို့ သူ ဆက်လိုက်ရပေမည်။
ဤသူများက ခွန်လွန်တောင်မှ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ကျန်းလန် အရေးမစိုက်ပေ။ သူအရေးစိုက်သည်က ရန်သူမှန်သမျှ အပြတ်ရှင်းပစ်ရန် ဖြစ်၏။
သို့သော်… ယခု သူရင်ဆိုင်ခဲ့ရသည့် ရန်သူအုပ်စုက အသေးအဖွဲမျှသာ ဖြစ်သည်။
တကယ်တမ်း သူရင်ဆိုင်ရမည့် ရန်သူအစစ်က တောအုပ်ထဲတွင် ရှိနေလေသည်။
လောလောဆယ်တွင်တော့… ချောင်ချင်နောက်သို့လိုက်ပြီး သူမကို ငရဲပို့ပေးရပေလိမ့်မည်။
………………
ချောင်ချင်က ဝက်ဝံကြီးကိုစီးပြီး တောအုပ်အတွင်းပိုင်းသို့ ဝင်ရောက်လာသည်။
"အခုတော့ စီစဉ်ထားတဲ့အတိုင်း ဘာတစ်ခုမှ ဖြစ်မလာတော့ဘူး… ၊ သေချာစီစဉ်ထားရဲ့သားနဲ့မှ လွဲသွားရတယ်လို့… ၊ ဒါပေမဲ့ အဲဒီလူက ရွှေပြဒါးအမြုတေအဆင့်ဆိုတော့ သိပ်ပြီးကြောက်စရာ မရှိပါဘူး… ၊ အစီအစဉ်အတိုင်း မအောင်မြင်ဘူးဆိုရင်တောင်မှ ငါ အကြီးအကဲတွေကို သတင်းပို့လို့ ရနေတာပဲ…"
ချောင်ချင်က မျက်ခုံးလေးများတွန့်ချိုးရင်း တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေသည်။
စီစဉ်ထားသည့်အစီအစဉ် ပျက်ယွင်းခဲ့သည့်တိုင် သူတို့ဘက်မှ နိုင်ချေရှိနေသေးသည် မဟုတ်ပါလား။
မူလအစီအစဉ်က လမ်းတစ်ဝက်တွင် လွဲချော်ခဲ့သည့်တိုင် သူတို့ ပစ်မှတ်ထားတိုက်ခိုက်ရမည့်ရန်သူသည်လည်း သူတို့ဆင်ထားသည့် ထောင်ချောက်ထဲသို့ တိုးဝင်လာခဲ့ပြီ ဖြစ်သည်။
"အဲဒီတောအုပ်ထဲမှာ မင်းတို့ အကြီးအကဲတွေ ဘယ်နှစ်ယောက်ရှိလဲ…"
ရုတ်တရက်… သူမ နံဘေးမှ အသံတစ်သံထွက်ပေါ်လာသည်ကို ချောင်ချင် ကြားလိုက်ရသည်။
အသံက အေးစက်ပြီး တည်ငြိမ်လွန်းလှသည်။ ချောင်ချင် အံ့သြတုန်လှုပ်သွားပြီး အသံလာရာသို့ လှမ်းကြည့်လိုက်သည်။
ထိုအခါ… ကောင်းကင်ထက်မှ ပျံသန်းဆင်းသက်လာသည့် ကျန်းလန်ကို တွေ့မြင်လိုက်ရသည်။
"ဂိုဏ်း… ဂိုဏ်းတူအစ်ကို…"
ကျန်းလန်က လေထဲတွင် လွင့်မျောလာပြီး ချက်ချင်းပင် ချောင်ချင်၏နံဘေးသို့ ရောက်ရှိလာသည်။
စောစောကပင် သူ့ကို အထင်ကြီးလှပါပြီဟု စကားလုံးများဖြင့် မြှောက်ပင့်ပြောဆိုခဲ့လေသောဂိုဏ်းတူညီမလေးကို ကျန်းလန် စိုက်ကြည့်နေခဲ့သည်။
ကျန်းလန်က…
"မင်းလူတွေပြောတာတော့… ကျုပ်က ခွန်လွန်တောင်က သစ္စာဖောက်တဲ့လေ… ၊ ဒီတော့ မင်းအနေနဲ့ ကျုပ်ကို ဂိုဏ်းတူအစ်ကိုလို့ ခေါ်စရာအကြောင်းမရှိဘူး…"