← Chapters

ဆေးလုံးသူတော်စင်ကြယ်

Vol. 64 Ch. 993

ဆေးလုံးသူတော်စင်ကြယ်

Vol. 64 Ch. 993

လပုန်ကန်ခန်းမထဲတွင် နတ်ဘုရားရုပ်တု ထောင်သောင်းချီ ရှိကြသည်။ ရွှီချင်းက အရှေ့ထွက်လျှောက်လာသည့်အခါ မည်သည့်အရှိန်အဟုန်ကိုမှ မထုတ်လွှတ်ခဲ့သော်လည်း သူ၏ စကားသည် မုန်တိုင်းတစ်ခုကို အစပျိုးလိုက်သည့်အလား အရပ်ရှစ်မျက်နှာ၌ ထစ်ချုန်းသွားစေသည်။

ဘေးပတ်ဝန်းကျင်မှ ရုပ်တုအားလုံးသည် ချက်ချင်း အာရုံစိုက်လာကြသည်။

ဆရာသခင်ရှန့်လော့သည် ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ယှဉ်ပြိုင်တာကို မေ့ထားလိုက်… ဒီအဖိုးကြီးက မင်းကို သင်ခန်းစာတစ်ခုပေးမယ်… ဒီနေ့ကိစ္စကို တွေ့ကြုံပြီးသွားရင်း မင်းက စိတ်အေးအေးထားပြီး လမ်းမှားဆက်မလျှောက်တော့ဖို့ ငါမျှော်လင့်တယ် ”

ဆရာသခင်ရှန့်လော့သည် ရွှီချင်းကို လျစ်လျူရှုထားလျက် ညာလက်ကို မြှောက်လိုက်သည်။ သူ၏ ဦးခေါင်းပေါ်မှ ဆေးမီးဖိုသည် လက်ဖဝါးပေါ်သို့ ဆင်းသက်လာသည်။ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဆေးလုံးတစ်လုံးသည် ဆေးမီးဖိုထဲမှ ပျံသန်းထွက်လာပြီး လေထဲမှာ မျောလွင့်သွားသည်။

ဆေးလုံးသည် သလင်းကျောက်သဖွယ် ကြည်လင်ပြီး လေထဲမှာ သူ့ဘာသာ လှည့်ပတ်နေသည်။ တောက်ပသော အလင်းကြိုးမျှင်များက ဆေးလုံး၏ ဘေးပတ်ဝန်းကျင်မှာ လှည့်ပတ်နေလေရာ အံ့ဖွယ်လှပသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။ အထူးသဖြင့် ဆေးလုံး၏ အပြင်ဘက်အလွှာသည် ကျောက်စိမ်းသဖွယ် တန်ဖိုးကြီးမားပုံပေါ်သည်။

ဆေးလုံး၏ အတွင်းဘက်ထဲမှာ ဆေးမြူခိုးငွေ့က လှည့်ပတ်နေသည်ကို မည်သူမဆို မြင်နိုင်လိမ့်မည်။ ဤသည်မှာ အင်မော်တယ်ကုန်းမြေက ဆေးလုံးအတွင်းမှာ တည်ရှိနေသည့်အလားပင်။

ဆေးပညာအပေါ် ရွှီချင်း၏ နက်နက်နဲနဲ နားလည်သဘောပေါက်မှုကြောင့် ဤအခိုက်အတန့်မှာ သူက တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုဆေးလုံး၏ ထူးခြားချက်ကို အာရုံခံမိသွားသည်။ ထို့အတူ ဆရာသခင်ရှန့်လော့၏ ဆေးပညာတာအိုကိုလည်း ပိုပြီးကောင်းမွန်စွာ သူနားလည်လာသည်။

‘ တကယ့်ပါရမီရှင်ပဲ ’

ရွှီချင်းက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်စဉ် ဘေးပတ်ဝန်းကျင်မှ လူများသည် ထိုဆေးလုံးကို မြင်သွားသောအခါ အံ့ဩသွားကြသည်။

“ ဒါက ဆေးလုံးမှဟုတ်သေးရဲ့လား… ဒါက ရတနာဆေးလုံးပဲ ”

“ ဆရာသခင်ရှန့်လော့ရဲ့ ဆေးပညာက နောက်တစ်ဆင့်ကို မြင့်တတ်သွားပြီး ဒီအဆင့်ထိ ရောက်ရှိနေမယ်လို့ ငါမမျှော်လင့်ထားဘူး ”

အံ့ဩသံများသည် ပိုမိုများပြားစွာ ထွက်ပေါ်လာကြသည်။ ထိုဆေးလုံး၏ အသွင်အပြင်တစ်ခုတည်းဖြင့် ယင်းက မည်မျှအံ့ဩစရာကောင်းကြောင်း မည်သူမဆို အာရုံခံနိုင်ကြလိမ့်မည်။ ထိုအခိုက်အတန့်မှာ ဆရာသခင်ရှန့်လော့၏ ဘေးမှ နောက်လိုက်တစ်ဦးသည် အရှေ့သို့ ထွက်လျှောက်လာပြီး ချီးကျူးလေးစားသော အကြည့်ဖြင့် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ လေးစားရပါတဲ့ တာအိုရောင်းရင်းတွေ… ဆေးလုံးက ထိပ်တန်းအဆင့်ကို ရောက်သွားတဲ့အခါ ပြီးပြည့်စုံလာလိမ့်မယ်ဆိုတာ ခင်ဗျာတို့အားလုံး သိထားကြလိမ့်မယ်လို့ ကျုပ်ယုံပါတယ်… ဆေးလုံးကို ပိုပြီးသန့်စင်လေ ပိုပြီးတန်ဖိုးကြီးမားလေပါပဲ… ဆေးလုံးက အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ ဝမ်ကူးကုန်းမြေရဲ့ ကောင်းကင်ဘုံတာအိုက နတ်ဘုရားရောင်ခြည်ကို အပ်နှင်းပေးလိမ့်မယ်လို့ ရှေးလူကြီးတွေ ပြောခဲ့ကြပါတယ်… အခု ဆရာသခင်ရှန့်လော့ရဲ့ ဆေးလုံးက နတ်ဘုရားရောင်ခြည်ကို အစပျိုးထုတ်လွှတ်နေပါပြီ ”

သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ အာမေဍိတ်သံများနှင့် ဆူညံသံများသည် ပိုပြီးကျယ်လောင်လာကြသည်။ ဆေးလုံးကို ကြည့်သော သူတို့၏ အကြည့်ထဲမှာ လိုချင်တပ်မက်မှုဖြင့် ပြည့်နှက်နေသည်။ လျှပ်တစ်ပြက်အတွင်း ချီးကျူးဩဘာပေးသံများသည် နေရာတိုင်းမှ ပေါ်ထွက်လာကြသည်။

ရွှီချင်း၏ နောက်လိုက်များသည်ပင် ဤအခိုက်အတန့်မှာ အနည်းငယ် ယုံကြည်မှုကင်းမဲ့လာကြသည်။ သူတို့အားလုံးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် အစက အမှတ်ကိုးဆေးလုံးဆရာသခင်အပေါ် ယုံကြည်မှုရှိကြသည်။ သို့သော်လည်း ဆရာသခင်ရှန့်လော့က ဆေးလုံးသောက်ပြီးနောက် နှစ်အနည်းငယ်အတွင်းမှာ သေဆုံးလိမ့်မည်ဟု ပြောကြားပြီးနောက် သူတို့၏ နှလုံးသားသည် ယိမ်းယိုင်လာကြသည်။

ထို့ပြင် ရတနာဆေးလုံးအဆင့်ဖြင့် နီးကပ်နေသော ဆေးလုံးကို မျက်မြင်တွေ့လိုက်ရသောအခါ သူတို့က အမှတ်ကိုးဆေးလုံးဆရာသခင်အပေါ် မည်မျှယုံကြည်မှုရှိပါစေ ဤအခိုက်အတန့်မှာ တုံ့ဆိုင်းလာကြသည်။

ကောင်းကင်ပေါ်မှ စတုတ္ထခန်းမသခင်သည်ပင် စိတ်လှုပ်ရှားသွားပြီး ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒါက တကယ်ရတနာဆေးလုံးပဲ… ဆရာသခင်ရှန့်လော့ ဒီဆေးလုံးကို အများအပြား ထုတ်လုပ်နိုင်ပါ့မလား ”

လူအုပ်ကြီး၏ ချီးမွမ်းမှုနှင့် စတုတ္ထခန်းမသခင်၏ ထောက်ခံမှုကို ရရှိသောအခါ ရှန့်လော့သည် ပြုံးလိုက်ပြီး စတုတ္ထခန်းမသခင်ကို ရိုသေလေးစားစွာ အရိုအသေပေးလိုက်သည်။

“ စတုတ္ထခန်းမသခင်… ဒီဆေးလုံးကို အများအပြား ထုတ်လုပ်နိုင်ပါတယ် ”

“ ကောင်းတယ် ”

စတုတ္ထခန်းမသခင်သည် ပြုံးလိုက်သည်။

ဆရာသခင်ရှန့်လော့သည် စိတ်ကျေနပ်သွားသည်။ ထို့နောက် သူက ခေါင်းလှည့်လိုက်ပြီး အမူအရာကင်းမဲ့စွာရှိနေသော ရွှီချင်းကို ကြည့်လိုက်သည်။ သူက တည်ငြိမ်စွာ ပြောသည်။

“ ဒါက ငါမင်းကို သင်ကြားပေးတဲ့ ပထမသင်ခန်းစာပဲ… မှတ်ထားပါ ဆေးပညာရှင်တစ်ယောက်အနေနဲ့ ဆေးတာအိုကို လေ့လာတဲ့အခါမှာ စိတ်နှလုံးသွင်းထားရမယ်… ဖြတ်လမ်းလိုက်ချင်တဲ့ စိတ်နဲ့ မမှန်ကန်တဲ့ အတွေးတွေကို ဘေးဖယ်ထားရမယ်… အဲ့လိုမှမဟုတ်ဘဲ မင်းရဲ့ နှလုံးသားက မသန့်စင်ဘူးဆိုရင် ဘယ်တော့မှ နတ်ဘုရားရောင်ခြည်ကို မြင်ရလိမ့်မှာမဟုတ်ဘူး ”

ဆရာသခင်ရှန့်လော့၏ စကားထဲမှာ သတိပေးသော လေသံ ကိန်းဝပ်နေသည်။ ဘေးပတ်ဝန်းကျင်မှ လူများသည် အမူအရာအမျိုးမျိုးဖြင့် ရွှီချင်းကို ကြည့်လိုက်ကြသည်။ တချို့က ခေါင်းခါလိုက်ကြပြီး တချို့က အထင်သေးရှုံ့ချကြသည်။ တချို့က စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြပြီး တချို့က ဒေါသထွက်နေကြသည်။

ရွှီချင်းသည် မည်သည့်စကားမှ မပြောပေ။ သူက ကျိန်စာဖယ်ရှားဆေးလုံးကို ထုတ်လိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ ဆေးလုံးသည် လေထဲမှာ မျောလွင့်သွားသည်။

ဆေးလုံးသည် မည်းနက်နေပြီး မည်သည့်ထူးခြားချက်မှ မရှိပေ။ လူအုပ်ထဲမှ တချို့သည် မရယ်ဘဲမနေနိုင်ကြပေ။

“ အဲ့ဒါ ရွှံ့ဘောလုံးလား ဆေးလုံးလား ”

“ သောက်လို့ကော ရရဲ့လားဟေ့ ”

လှောင်ပြောင်ရယ်မောသံများ ထွက်ပေါ်လာသည့်အခါ ရွှီချင်းသည် လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး ဆေးလုံးဆီသို့ ညွှန်လိုက်သည်။ ချက်ချင်းဆိုသလို အက်ကွဲသံသည် ဆေးလုံးဆီမှ ထွက်ပေါ်လာပြီး ယင်းက အမှန်တကယ် ကွဲထွက်သွားသည်။

နောက်အခိုက်အတန့်မှာ အမည်းရောင် အလွှာတစ်လွှာပြီးတစ်လွှာသည် ဆေးလုံး၏ အပြင်ဘက်မှ ကွာကျသွားကြပြီး အဆုံးမရှိသော နတ်ဘုရားရောင်ခြည်တန်းများက ဒီရေအလား ပေါ်လျှိုးထွက်လာသည်။ ယင်းတို့က မျက်စိတစ်မှိတ်အတွင်း အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။

အကန့်အသတ်မဲ့သော အလင်းရောင်သည် အာရုဏ်ဦးစတင်ချိန်သဖွယ် ပေါ်လျှိုးလာပြီ လောကကြီးအတွက် မျှော်လင့်ချက်တံခါးကို ဖွင့်လှစ်ပေးလိုက်သည်။

ရောင်ခြည်တန်းတစ်ခုစီသည် သက်တံ့သဖွယ် လှပပြီး ခမ်းနားထည်ဝါသည်။

ယင်းက ကောင်းကင်တစ်ခွင်လုံးကို အလင်းရောင် ထွန်းလင်းပေးလိုက်ပြီး ငြိမ်းချမ်းသော ခံစားမှုကို ဖြစ်ပေါ်လာစေသည်။ ယင်းက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသောအခါ တောင်ကြီးတစ်ခုလုံးသည် ကောင်းချီးမင်္ဂလာ လက္ခဏာရပ်များကို ထုတ်ဖော်ပြလာသည်။

အဝေးမှကြည့်လျှင် ဆေးလုံးကို ဗဟိုပြု၍ သက်တံ့အလင်းပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာနေဟန် ထင်ရသည်။ ယင်းက အရပ်ရှစ်မျက်နှာသို့ ဆက်လက် ပျံ့နှံ့သွားပြီး နောက်ဆုံးမှာတော့ ရောင်ခြည်တန်းအသွင် ပြောင်းလဲသွားသည်။

ရုတ်တရက် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူအားလုံးသည် ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး ဆွံ့အသွားကြသည်။ လေထဲမှ ဆေးလုံးနှစ်လုံး၏ ခြားနားမှုသည် အလွန်တရာ ကြီးမားကြောင်း မည်သူမဆို မြင်နိုင်ကြသည်။

ရွှီချင်း၏ ဆေးလုံးသည် အလွန်အမင်း ထွန်းလင်းတောက်ပသည်။ ဆရာသခင်ရှန့်လော့၏ ဆေးလုံးသည်တော့ အစကတည်းက အလင်းရောင်အနည်းငယ်သာ ရှိသောကြောင့် ယခု ရွှီချင်း၏ ဆေးလုံးမှ အလင်းရောင်၏ လွှမ်းမိုးခြင်းခံလိုက်ရသောအခါ ယင်းက သာမန်ဆေးလုံးဖြစ်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာမကြည့်လျှင် ထိုဆေးလုံးက လေထဲမှာရှိနေကြောင်းကို သတိပြုမိကြလိမ့်မည် မဟုတ်ချေ။

အချိန်အတော်ကြာပြီးနောက်မှသာ အသက်ရှူသံများက ပြန်လည်ထွက်ပေါ်လာကြသည်။ ထို့နောက် အံ့ဩသော အသံများသည် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာကြသည်။ နောက်ဆုံးမှာတော့ မရေမတွက်နိုင်သော အထိတ်တလန့် အော်ဟစ်သံများသည် လူအုပ်ကြီးဆီမှ ပဲ့တင်ထပ်လာကြသည်။

“ ကောင်းကင်ဘုံတာအိုက အဆုံးမဲ့ အလင်းတန်းကို အပ်နှင်းတာလား ”

“ ဒီလိုတောက်ပမှုက… အဲ့ဒါ အရင်တုန်းက ဆရာသခင်ရှန့်လော့ ပြောသွားခဲ့ဖူးတဲ့ အထွတ်အမြတ်ဆေးလုံး မဟုတ်ဘူးလား ”

“ လောကမှာ အထွတ်အမြတ်ဆေးလုံးက တကယ်ကြီး ရှိတာလား… အထွတ်အမြတ်ဆေးလုံးတွေထဲမှာ သက်ရှိအားလုံးရဲ့ ကံတရားနဲ့ မျှော်လင့်ချက်တွေပါရှိပြီး ကောင်းကင်ဘုံတာအိုရဲ့ အသိအမှတ်ပြုခံရတယ်လို့ ဆရာသခင်ရှန့်လော့ တစ်ခါပြောဖူးတာကို ငါသေချာမှတ်မိတယ် ”

လူတိုင်းသည် အံ့အားသင့်သွားကြပြီး မယုံကြည်နိုင်ဖြစ်သွားကြသည်။ ထို့အတူ ဆရာသခင်ရှန့်လော့သည်လည်း ဆွံ့အသွားသည်။ သူက ရွှီချင်း၏ ဆေးလုံးကို မိန်းမောတွေဝေစွာ ကြည့်နေရင်း မယုံကြည်နိုင်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားမှ မပြောနိုင်ခဲ့ပေ။

တစ်ချိန်တည်းမှာ ပေတစ်သောင်းရှည်လျားသော စတုတ္ထခန်းမသခင်၏ ရုပ်တုသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ဆေးလုံးကို အသေအချာ စိုက်ကြည့်လိုက်သည်။ သူ၏ အမူအရာသည် ယခင်ကဲ့သို့ တည်ငြိမ်မနေတော့ဘဲ သူ၏ ရင်ဘက်သည် ဖားဖိုကြီးတစ်ခုနှယ် ဖောင်းလိုက်ပိန်လိုက် ဖြစ်လာသည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင်… ဒီဆေး… ဒီဆေးလုံးက ကျိန်စာဖယ်ရှားဆေးလုံးလား ”

ဤသည်မှာ သူက ပထမဆုံးအကြိမ် ရွှီချင်းကို စကားပြောခြင်းဖြစ်ပြီး ပထမဆုံးအကြိမ် ဆရာသခင်ဟု အမည်တပ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူက ထိုသို့ပြောလိုက်သည့်အခါ အဓိပ္ပာယ်သည် ကွာခြားသွားသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

ယခုအချိန်မှာ စိတ်လှုပ်ရှားဆုံး လူများသည် ရွှီချင်း၏ နောက်လိုက်များ ဖြစ်ကြသည်။ လူထွားကြီးသော်လည်းကောင်း မျက်လုံးခြောက်လုံးရုပ်တုသော်လည်းကောင်း သို့မဟုတ် တခြားလူများသော်လည်းကောင်း သူတို့၏ နှလုံးသည် ဤအခိုက်အတန့်မှာ အပြင်းအထန် လှုပ်ခါလာသည်။

သူတို့၏ ယခင်က စိတ်ယိမ်းယိုင်ခြင်းနှင့် တုံ့ဆိုင်းသော အတွေးများသည် လုံးဝပျောက်ကွယ်သွားသည်။ ဤအခိုက်အတန့်မှာ ဆုံးဖြတ်ချက်ပြတ်သားခြင်းနှင့် စိတ်လှုပ်ရှားခြင်းက အစားထိုးဝင်ရောက်လာသည်။

အထူးသဖြင့် မျက်လုံးခြောက်လုံးရုပ်တုဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အားကုန်သုံး၍ အော်ပြောလိုက်သည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင်… မိုးကောင်းကင်ပမာ မေတ္တာတရားကြီးမားပြီး ဆေးပညာမှာ ပြိုင်ဘက်ကင်းတဲ့လူ… မရေမတွက်နိုင်တဲ့ အသက်တွေကို ကယ်တင်ဖို့အတွက် ဆေးပညာကို ဆည်းပူးလေ့လာခဲ့တဲ့လူ… ”

ထိုစကားသံ မြည်ဟိန်းထွက်လာသည်နှင့်ချက်ချင်း စိတ်လှုပ်ရှားမှုသည် ရွှီချင်း၏ နောက်လိုက်များထံမှာ ဖြစ်ပေါ်လာကြသည်။ သူတို့အားလုံးသည် မျက်လုံးခြောက်လုံးရုပ်တု၏ စကားအတိုင်း ချီးကျူးဩဘာပေးကြသည်။

ဤသည်ကိုမြင်သောအခါ ဆရာသခင်ရှန့်လော့၏ ဘေးမှ နောက်လိုက်တချို့သည် ယုံကြည်မှုလျော့နည်းလာကြသည်။

“ ဆေးလုံးရဲ့ အပေါ်ယံအလွှာက အရေးကြီးတယ်ဆိုပေမဲ့ ဆေးလုံးကို သောက်ကြည့်မှ အာနိသင်ကို သိရမှာမဟုတ်ဘူးလား… ဒါကြောင့် ဆေးအာနိသင်က အဓိကအရေးကြီးဆုံးပဲ ”

“ ဟုတ်တယ်… ဆရာသခင်ရှန့်လော့ရဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးက မူလကျိန်စာလျှော့ပေါ့ဆေးလုံးထက် အာနိသင်နှစ်ဆပိုကောင်းပြီး ဘေးထွက်ဆိုးကျိုးက အရမ်းနည်းတယ်… ကျိန်စာထကြွတဲ့အခါ ဖြစ်ပေါ်လာမယ့် နာကျင်မှုကို သက်သာစေဖို့အတွက် အဲ့ဒါက အကောင်းဆုံး ဆေးလုံးပဲ ”

သူတို့၏ စကားသံများက ပဲ့ထင်ထပ်သွားသည်။ ထိုအခိုက်အတန့်မှာ ဆရာသခင်ရှန့်လော့က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်သည်။ သူက ရွှီချင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သူ၏ အကြည့်သည် တည်ကြည်လေးနက်ပြီး တိုးညင်းသော အသံဖြင့် ပြောသည်။

“ မင်းက ဒီအဖိုးကြီးရဲ့ ကျိန်စာလျှော့ပေါ့ဆေးလုံးကို သောက်သုံးမယ်ဆိုရင် အဲ့ဒါက ကျိန်စာထကြွလာရင် ခံစားရမယ့် နာကျင်မှုကို နှစ်ခြောက်ဆယ်အထိ ကြန့်ကြာစေနိုင်တယ် ”

ထိုသို့ပြောပြီးနောက် သူက ရွှီချင်းကို မဟာရန်သူတော်အလား ကြည့်လိုက်သည်။

လပုန်ကန်ခန်းမထဲမှ လူတိုင်းက ထိုအကြောင်းကို ကြားသောအခါ ရွှီချင်း၏ ဆေးလုံးမှပေးသော ထိတ်လန့်မှုမှ နိုးထလာကြသည်။ မည်သို့ဖြစ်ပါစေ ဆေးလုံးသည် သောက်သုံးရမည့်အရာဖြစ်သည်။ သို့ဖြစ်၍ ဆေးလုံး၏ အသွင်အပြင်ထက် အာနိသင်သည် ပိုပြီးအရေးကြီးသည်။ ယခု သူတို့က ဆေးအာနိသင်ကို ကြားလိုက်ရသောအခါ သူတို့၏ မျက်လုံးထဲတွင် ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာကြသည်။

ရွှီချင်းသည် ရှန့်လော့၏ အကြည့်ကို ဂရုမစိုက်ပေ။ သူက ကျိန်စာဖယ်ရှားဆေးလုံးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ လောလောဆယ်တော့ ကျိန်စာကို တစ်ဆယ်ရာခိုင်နှုန်း ဖယ်ရှားပေးနိုင်တယ် ”

ရွှီချင်း၏ အသံသည် မကျယ်လောင်ပေ။ သို့သော်လည်း ယင်းက မိုးခြိမ်းသံအလား လပုန်ကန်ခန်းမထဲရှိ လူတိုင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသည်။

ချက်ချင်းပင် လပုန်ကန်ခန်းမသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

လူတိုင်း၏ နှလုံးသည် ပရမ်းပတာလှုပ်ခါလာသည်။ သူတို့က ကျိန်စာဖယ်ရှားဆေးလုံးနှင့်ပတ်သက်ပြီး ကြိုခန့်မှန်းမှုတချို့ကို ပြုလုပ်ထားသည့်တိုင် ရွှီချင်း၏ စကားကို ကြားလိုက်ရသောအခါ လုံးဝ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။ သူတို့က နားကြားမှားသွားသည်ဟုပင် ခံစားမိကြသည်။

ဤသည်ကို ဆရာသခင်ရှန့်လော့ကြားသည့်အခါ သူ၏ မျက်လုံးသည် မှေးကျဉ်းသွားပြီး ရွှီချင်း၏ ဆေးလုံးကို ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ ကြီးမားသော လှိုင်းလုံးများသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ သို့သော်လည်း ဆေးပညာအပေါ် နှစ်ပေါင်းမြောက်များစွာ လေ့လာထားသော သူ၏ ဗဟုသုတများကြောင့် မြန်ဆန်သော အကဲဖြတ်မှုကို ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် သူက လေးနက်သော အသံဖြင့် ပြောသည်။

“ မဖြစ်နိုင်တာ ”

“ ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုး ဒါမှမဟုတ် ဆေးသောက်ပြီး ရက်အနည်းငယ်အကြာမှာ သေသွားစေနိုင်တာမဟုတ်ရင် ဒီလိုဆေးအာနိသင်မျိုးရှိတာ လုံးဝမဖြစ်နိုင်ဘူး ”

ရွှီချင်းသည် ရှန့်လော့ကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဘာဘေးထွက်ဆိုးကျိုးမှ မရှိဘူး ”

လူတိုင်းသည် ထပ်မံထိတ်လန့်သွားကြသည်။ ရှန့်လော့၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး သူ၏ မျက်လုံးထဲမှာ ကြီးမားသော သံသယဖြင့် ပြည့်နှက်နေသည်။ သူက ရွှီချင်းကို စူးစိုက်ကြည့်လိုက်ပြီး ပြောသည်။

“ အဓိပ္ပာယ်မရှိတာ… မင်းက အနီရောင်လဗိမာန်က နတ်ဘုရားသားတော်မို့လို့လား… နတ်ဘုရားသားတော်တောင် အဲ့လိုမလုပ်နိုင်ဘူး… မင်းက နတ်ဘုရားမို့လို့လား… အဓိပ္ပာယ်မရှိတာ ”

“ စမ်းသုံးကြည့်ပြီးရင် မင်းသိလိမ့်မယ် ”

ရွှီချင်း၏ အမူအရာသည် အစကတည်းက တည်ငြိမ်သည်။ သူက စကားပြောပြီးနောက် ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးကို ကြည့်လိုက်သည်။

“ မင်းတို့ထဲက ဘယ်သူသောက်မလဲ ”

လူတိုင်းက တုံ့ဆိုင်းနေကြသည်။ သို့သော်လည်း ဆရာသခင်ရှန့်လော့က နှာခေါင်းရှုံ့လိုက်သည်။

“ အဲ့ဆေးလုံးကို သောက်ရင် ကြီးမားတဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရလိမ့်မယ် ”

သူက စကားပြောလိုက်သည်နှင့်ချက်ချင်း လူတိုင်းက ပိုပြီးတုံ့ဆိုင်းလာကြသည်။ လူထွားကြီးသည်ပင် အလျင်စလို အရှေ့ထွက်မလာဝံ့ချေ။ သို့သော်လည်း ထိုအခိုက်အတန့်မှာ စူးရှသော အော်သံသည် အရပ်ရှစ်မျက်နှာသို့ ပဲ့တင်ထပ်သွားသည်။

“ ငါသောက်မယ် ”

လူတိုင်းက တစ်ညီတစ်ညာတည်း လှည့်ကြည့်လိုက်လေရာ မျက်လုံးခြောက်လုံးရုပ်တုက လူအုပ်ကြားထဲမှ ဂုဏ်ယူဝင့်ကြွားစွာ ထွက်လျှောက်လာနေသည်ကို မြင်သွားကြသည်။ သူက ရွှီချင်း၏ အရှေ့သို့ လျှောက်သွားပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်သော အသံဖြင့် ပြောသည်။

“ မင်းတို့တွေ တုံ့ဆိုင်းနေတာက ဆရာသခင်ရဲ့ ဆေးလုံးအပေါ် ယုံကြည်မှုမရှိတာပဲ… ဒါပေမဲ့ ငါကတော့ ခြားနားတယ်… ငါက ဆရာသခင်အပေါ် အပြည့်အဝ ယုံကြည်ထားပြီးသား… ဒီဆေးလုံးကို သောက်တဲ့လူက ငါပဲ ဖြစ်ရမယ် ”

ရွှီချင်း၏ နှလုံးသားထဲမှာ ထူးဆန်းမှုကို ခံစားမိသွားသည်။ သူက ခေါင်းဆောင်ကို ကြည့်လိုက်ပြီး တိတ်ဆိတ်သွားသည်။

ထိုအခိုက်အတန့်မှာ လူတိုင်း၏ အကြည့်သည် ခေါင်းဆောင်အပေါ်သို့ ကျရောက်သွားကြသည်။ ချက်ချင်းဆိုသလို လူထွားကြီးသည် အမြန်ပြေးထွက်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဆရာသခင်… ဆေးလုံးကို ကျွန်တော်စမ်းသောက်ချင်ပါတယ် ”

“ အတိတ်တုန်းက ဆရာသခင်ရဲ့ တာအိုအသံကို နှစ်လကြာ ကျွန်တော် နားထောင်ခွင့်ရခဲ့ပါတယ်… အဲ့ဒါက ကံကြမ္မာဖြစ်ပါတယ်… အဲ့ဒီနောက် ဆရာသခင်ရဲ့ ဆေးလုံးကို ပထမဆုံး ဝယ်ယူသောက်သုံးခဲ့တဲ့လူက ကျွန်တော်ပါ… အကြိမ်တိုင်း ကျွန်တော်က ပထမဆုံးပါ… ဒီတစ်ကြိမ်လည်း ကျွန်တော်က ပထမဆုံးဖြစ်ချင်ပါတယ် ”

“ ဆရာသခင်… ကျေးဇူးပြုပြီး ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးပါ ”

လူထွားကြီး၏ မျက်လုံးသည် ဝင်းလက်နေပြီး သူက ရွှီချင်းကို စိတ်ရင်းမှန်ဖြင့် ကြည့်နေသည်။ သူက ရွှီချင်းကို အမှန်တကယ် ယုံကြည်သည်။

မျက်လုံးခြောက်လုံးရုပ်တုသည် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

ရွှီချင်းသည် တိတ်ဆိတ်စွာ လက်ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို ဆေးလုံးသည် လူထွားကြီးဆီသို့ ဦးတည်ပျံသန်းသွားသည်။ သူက ခေါင်းဆောင်ကို ဆေးလုံးမပေးရခြင်းမှာ ခေါင်းဆောင်၏ ကိုယ်ပေါ်တွင် ထူးခြားသော ပစ္စည်းအများအပြားရှိသောကြောင့် ဖြစ်သည်။ ယင်းက ဆိုးဝါးသော တုံ့ပြန်မှုအား ဖြစ်ပေါ်စေမည်ကို သူစိုးရိမ်သည်။

လူထွားကြီးသည် ဆေးလုံးကို ဖမ်းယူလိုက်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ နောက်ဆုံးမှာတော့ စတုတ္ထခန်းမသခင်နှင့် ဆရာသခင်ရှန့်လော့အပါအဝင် လူတိုင်း၏ အာရုံစိုက်မှုအောက်မှာ သူက ဆေးလုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ဂလုဟူသော မြည်သံနှင့်အတူ တစ်ခါတည်း မြိုချလိုက်သည်။

နောက်အခိုက်အတန့်မှာ စတုတ္ထခန်းမသခင်သည် လက်မြှောက်လိုက်ပြီး လေကို ချက်ချင်း ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို လူထွားကြီး၏ ခန္ဓာကိုယ်သည် လေထဲသို့ မြှောက်တတ်သွားပြီး စတုတ္ထခန်းမသခင်၏ ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။ ထို့နောက် စတုတ္ထခန်းမသခင်၏ စွမ်းအင်အောက်မှာ လူထွားကြီး၏ ခန္ဓာကိုယ်က အဆမတန် ကြီးထွားလာလေရာ လူတိုင်းကို သေချာရှင်းလင်းစွာ မြင်နိုင်လာစေသည်။

အစတွင် လူထွားကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ၏ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်များ ထွက်လာသည်။ သူ၏ မျက်နှာပေါ်မှာ နာကျင်ခံစားနေရသော အမူအရာရှိသည်။ သို့သော်လည်း ချက်ချင်းပင် သူ၏ တစ်ကိုယ်လုံးသည် အလင်းရောင်တောက်ပလာပြီး အနက်ရောင်အရည်များက ရုပ်တုထဲမှ စိမ့်ထွက်လာသည်။

ထိုအရည်သည် ပုပ်သိုးသော အနံ့ကို ထုတ်လွှတ်နေပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် ပျံ့လွင့်သွားသည်။ လူထွားကြီး၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်သွားပြီး သူ၏ မျက်လုံးသည် ပွင့်သွားသည်။ သူက လုံးဝမယုံကြည်နိုင်ဖြစ်သွားပြီး အထိတ်တလန့် ရေရွတ်လိုက်သည်။

“ ငါ့ကျိန်စာက… (၁၀)ရာခိုင်နှုန်း လျော့ကျသွားတယ် ”

သူ၏ စကားသည် မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားပြီး လပုန်ကန်ခန်းမထဲရှိ လူတိုင်း၏ နားထဲသို့ ပျံ့လွင့်သွားသည်။ လူတိုင်းသည် ခန္ဓာကိုယ်တုန်ယင်လာကြပြီး သူတို့၏ မျက်လုံးထဲမှာ ရူးသွပ်သော အရိပ်အယောင်ကို ထုတ်ဖော်လာကြသည်။ သို့သော်လည်း မယုံကြည်သူတချို့သည် စတုတ္ထခန်းမသခင်ဆီသို့ ကြည့်လိုက်ကြသည်။

စတုတ္ထခန်းမသခင်သည် မျက်လုံးမှိတ်လိုက်သည်။ လူတိုင်းက စိုးရိမ်တကြီး စောင့်ဆိုင်းနေကြစဉ် စတုတ္ထခန်းမသခင်သည် မျက်လုံးပြန်ဖွင့်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှ တစ်လှမ်းချင်း ဆင်းသက်လာပြီး ရွှီချင်း၏ အရှေ့မှာ ရပ်လိုက်သည်။ သူက ရွှီချင်းကို လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

တစ်ခဏကြာပြီးနောက် စတုတ္ထခန်းမသခင်သည် လက်သီးဆုပ်လိုက်ပြီး ရွှီချင်းကို အရိုအသေပေးလိုက်သည်။

“ ဆရာသခင်က သူတော်ကောင်းတရားနဲ့ပြည့်စုံပြီး မေတ္တာတရားကြီးမားလှပါတယ်… ဆရာသခင်ရဲ့ အကျိုးပြုမှုက အံ့မခန်းပါပဲ ”

ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း ယင်းက မိုးခြိမ်းသံသဖွယ် လောကတစ်ခုလုံးကို လှုပ်ခါသွားစေသည်။

လပုန်ကန်ခန်းမထဲမှ ရုပ်တုအားလုံးသည် အပြင်းအထန် တုန်ရီလာကြသည်။ ယခင်က သူတို့၏ နှလုံးသားထဲမှ တုံ့ဆိုင်းမှုသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ ယခင်က သူတို့၏ သံသယသည် အံ့ဖွယ်အချင်းအရာသို့ ပြောင်းလဲသွားသည်။

ယခုအချိန်မှာ မျှော်လင့်မှုနှင့် အဆုံးမရှိသော စိတ်လှုပ်ရှားမှုသည် သူတို့၏ နှလုံးသားကို ကြီးစိုးထားသည်။ ထို့နောက် မရေမတွက်နိုင်သော အထိတ်တလန့် အော်သံများသည် လပုန်ကန်ခန်းမထဲမှာ ဒီရေအလား ထွက်ပေါ်လာကြသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် ဤနေရာမှာ အတောက်ပဆုံးကြယ် ဖြစ်လာသည်။

All Chapters