← Chapters

ကျုပ်တို့အတူတူဆောင်ရွက်ရအောင်

Vol. 64 Ch. 994

ကျုပ်တို့အတူတူဆောင်ရွက်ရအောင်

Vol. 64 Ch. 994

ဘေးပတ်ဝန်းကျင်မှ ချီးကျူးဩဘာသံများကို ကြားသောအခါ ဆရာသခင်ရှန့်လော့သည် နေရာမှာ မိန်းမောတွေဝေစွာ ရပ်နေမိသည်။

“ အဲ့ဒါက တကယ်ပဲ… ကျိန်စာကို ဖယ်ရှားနိုင်တာလား ”

ရှန့်လော့က ရေရွတ်လိုက်စဉ် ဆန္ဒမရှိမှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ ယခု စတုတ္ထခန်းမသခင်ကိုယ်တိုင် အတည်ပြုပေးသွားခဲ့သည့်တိုင် သူက မယုံကြည်နိုင်ဖြစ်နေဆဲပင်။

အဘယ့်ကြောင့်ဆိုသော် ရှေးခေတ်ကာလကတည်းက မည်သူမှ ထိုသို့မစွမ်းဆောင်နိုင်ခဲ့သောကြောင့် ဖြစ်သည်။

ကျိန်စာလျှော့ပေါ့ဆေးလုံးကို အဆင့်မြှင့်တင်ခြင်းသည်ပင် သူ့အတွက် အလွန်ခက်ခဲသော ကိစ္စဖြစ်သည်။ ထိုသို့စွမ်းဆောင်နိုင်ရန် သူ့ဘဝသက်တမ်း၏ တစ်ဝက်နီးပါးကို အသုံးပြုခဲ့ရပြီး ကျိန်စာနှင့်ပတ်သက်သော မှတ်တမ်းမှတ်စုများကို လေ့လာဆည်းပူးခဲ့ရသည်။ ထို့ပြင် ရှေးဟောင်းစာအုပ်များကိုလည်း မှီခိုအားထားခဲ့ရသည်။

ကျိန်စာအကြောင်းကို ပိုပြီးသူသိလာလေ ယင်းကို ဖယ်ရှားရန် မည်မျှခက်ခဲကြောင်း နားလည်လာလေ ဖြစ်သည်။ အံ့ဖွယ်ဖြစ်ရပ်များကသာလျှင် ကျိန်စာကို ဖယ်ရှားနိုင်လိမ့်မည်ဟု သူယုံကြည်ထားခဲ့သည်။

ယခုအချိန်မှာ ရှန့်လော့၏ အသိစိတ်က ပရမ်းပတာဖြစ်နေပြီး သူ၏ မျက်လုံးက နီရဲလာသည်။ ထိုစဉ် မနီးမဝေးမှ ရွှီချင်းသည် ရှန့်လော့ကို တစ်ချက်ကြည့်လိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်ကာ ကျိန်စာဖယ်ရှားဆေးလုံးတစ်လုံးကို ရှန့်လော့ဆီသို့ ပစ်ပေးလိုက်သည်။

ရှန့်လော့သည် အံ့ဩသွားပြီး ဆေးလုံးကို အလိုအလျောက် ဖမ်းယူလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။

တခြားလူများသည်လည်း မတူညီသော အတွေးများဖြင့် တစ်ယောက်ပြီးတစ်ယောက် ကြည့်လာကြသည်။ အထူးသဖြင့် ဆရာသခင်ရှန့်လော့၏ နောက်လိုက်များ ဖြစ်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့၏ နှလုံးသားထဲမှ ခါးသီးမှုသည် ပိုပြီးကြီးမားလာသည်။ နောက်လာမည့်အရာသည် ကြီးမားသော စော်ကားမှုဖြစ်လိမ့်မည်ဟု သူတို့က နားလည်ထားကြသည်။

သို့သော်လည်း ရွှီချင်းသည် ထိုသို့မလုပ်ဆောင်ခဲ့ပေ။

သူက ရှန့်လော့ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ဆရာသခင်ရှန့်လော့… ခင်ဗျားနဲ့ ကျုပ်က ဆေးပညာတာအိုကို ကျင့်ကြံကြတဲ့လူတွေပါ… အထူးသဖြင့် လဝတ်ပြုဒေသကြီးလို ခက်ခဲကျပ်တည်းတဲ့ ဒေသကြီးမှာ ဆေးပညာက ဘယ်လောက်အရေးကြီးလဲ ကျုပ်တို့နားလည်ထားကြတယ်… ဆေးပညာကို လေ့လာတဲ့ ကျုပ်တို့ရဲ့ နှလုံးသားထဲမှာလည်း အိမ်မက်တွေရှိကြတယ် ”

“ တခြားလူတွေက စွမ်းအားကို ကျင့်ကြံတဲ့အခါမှာ ကျုပ်တို့က ကျိန်စာကို လေ့လာကြတယ်… တခြားလူတွေက အပျော်အပါးကို မွေ့လျော်နေကြတဲ့အချိန်မှာ ကျုပ်တို့က ရှေးဟောင်းစာအုပ်တွေကို လေ့လာကြတယ်… ဘာကြောင့်လဲဆိုတော့ ကျိန်စာကို ကျုပ်တို့က ဖယ်ရှားပစ်ချင်လို့ပဲ… တကယ်လို့ ကျုပ်တို့က ကျိန်စာကို မဖယ်ရှားပစ်နိုင်ဘူးဆိုရင်တောင် ကျုပ်တို့ရဲ့ နောင်လာနောင်သားတွေအတွက် မှတ်တမ်းမှတ်စုတွေကို ချန်ထားပေးခဲ့လို့ရတယ်… ကျုပ်တို့ရဲ့ မျှော်လင့်ချက်ကို နောင်လာနောင်သားတွေဆီ လက်ဆင့်ကမ်းပေးရမယ် ”

“ အဲ့ဒါက လဝတ်ပြုဒေသကြီးထဲက ဆေးပညာရှင်တိုင်းရဲ့ ဘဝပေးတာဝန်ပဲ ”

ရွှီချင်း၏ အကြည့်သည် ကြည်လင်သည်။ သူက ရှန့်လော့၏ နှလုံးသားကို နားလည်ပြီး သူ၏ စကားထဲမှာ သရော်လှောင်ပြောင်ခြင်း လုံးဝမရှိပေ။

ရှန့်လော့သည် ရွှီချင်းကို ကြည့်နေရင်း သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူက တစ်စုံတစ်ခုပြောချင်သော်လည်း မည်သည့်စကားမှ ပြောထွက်မလာပေ။

သူ၏ စိတ်ခံစားချက်များနှင့် စိတ်ပြောင်းလဲမှုသည် ယနေ့တစ်နေ့တည်းမှာ အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်။ အစတွင် သူက မောက်မာထောင်လွှားခဲ့သည်။ ထို့နောက် မောက်မာထောင်လွှားခြင်းက ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ ထိုမှတဖန် သံသယရှိခြင်းနှင့် ဆန္ဒမရှိခြင်းတို့ ဖြစ်ပေါ်လာကြသည်။ သို့သော်လည်း ယခု ထိုစိတ်ခံစားချက်အားလုံးက အတူတကွ ပေါင်းစုသွားပြီး ကြိးမားသော စိတ်ရှုပ်ထွေးမှုသို့ ပြောင်းလဲသွားသည်။

အဘယ့်ကြောင့်ဆိုသော် ယခု ရွှီချင်းက သူ၏ စိတ်ထဲမှ အတွေးများကို ပြောနေသောကြောင့် ဖြစ်သည်။

သူသည် ဂုဏ်သတင်းကျော်ကြားခြင်းနှင့် အထင်ကြီးခံရခြင်းကို အမှန်တကယ် နှစ်ချိုက်သည်။ သို့သော် ထိုနှစ်ချိုက်မှု၏ နောက်ကွယ်မှာ သူ့ကိုယ်ပိုင်အိမ်မက်များကိုလည်း တန်ဖိုးထားပေသည်။

“ ဆရာသခင်ရှန့်လော့… ကျုပ် ခင်ဗျားကို ဒီဆေးလုံးပေးမယ်… ကျိန်စာကို ဖယ်ရှားတဲ့ လမ်းခရီးမှာ တစ်ယောက်တည်း ကျော်လွှားရင် အခက်အခဲတွေများတယ်… ဒီတော့ ကျုပ်တို့တွေ အတူတူ ပူးပေါင်းဆောင်ရွက်ရအောင်… ”

ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးသည်။

ရှန့်လော့သည် ရွှီချင်းက စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းဖြစ်ကြောင်း အာရုံခံမိသည်။ ယင်းက သူ၏ ခံစားချက်များကို ပိုပြီးရှုပ်ထွေးလာစေသည်။ ထို့ပြင် သူက ရှက်ရွံ့မှုကို ခံစားမိသည်။ သူ၏ နောက်လိုက်များသည်လည်း အံ့ဩသွားကြပြီး ခံစားချက်မျိုးစုံ ဖြစ်ပေါ်လာကြသည်။

စတုတ္ထခန်းမသခင်သည်လည်း ရွှီချင်းကို အကြိမ်ရေအနည်းငယ် ထပ်ကြည့်လာသည်။ သူ၏ အမူအရာမှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။ ထိုအမှတ်ကိုးဆေးလုံးဆရာသခင်က စိတ်ရင်းမှန်ဖြင့် ပြောနေခြင်းဖြစ်ကြောင်း သူပြောနိုင်သည်။ ယင်းတို့က သူ၏ ရင်ထဲမှလာသော စကားများ ဖြစ်သည်။

ထိုစဉ် ရှန့်လော့သည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤအခိုက်အတန့်မှာ သူက အရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားသည်။ သူက ရွှီချင်းကို လေးလေးနက်နက် ကြည့်လိုက်ပြီး လက်သီးဆုပ်၍ အရိုအသေပေးလိုက်သည်။

“ အမှတ်ကိုးဆေးလုံးဆရာသခင်… ဒီအဖိုးကြီးက… ဟူး ”

ရှန့်လော့သည် ခေါင်းခါလိုက်ပြီး ထပ်မံအရိုအသေပေးလိုက်သည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ဘုရားကျောင်းဆီသို့ လျှောက်သွားသည်။

ရွှီချင်းသည် အစကတည်းက လူအများ၏ အာရုံစိုက်ခံရခြင်းကို သဘောကျသောသူ မဟုတ်ပေ။ အကယ်၍ စောစောက ရှန့်လော့သာ သူ့ကို တမင်တကာ ပြဿနာမရှာခဲ့လျှင် သူက ထိုသို့သိသာထင်ပေါ်စွာ ဆောင်ရွက်လိမ့်မည်မဟုတ်ချေ။

မျက်စိတစ်မှိတ်အတွင်းမှာ ရွှီချင်းက သူ၏ ဘုရားကျောင်းဆီသို့ ပြန်ရောက်သွားသည်။

သူက ကျိန်စာဖယ်ရှားဆေးလုံးဆယ်လုံးကို ထုတ်လိုက်ပြီး ဘုရားကျောင်းထဲမှ အလင်းဘောလုံးများထဲမှာ ထည့်သွင်းလိုက်သည်။ သူက မထွက်သွားခင် သူ၏ ကတိအတိုင်း သူ့နောက်လိုက်များကို ကျိန်စာဖယ်ရှားဆေးတစ်လုံးစီ ပေးခဲ့သည်။

ရွှီချင်း၏ ထွက်ခွာမှုက လပုန်ကန်ခန်းမထဲမှ လူတိုင်း၏ စိတ်လှုပ်ရှားမှုကို မလျော့ကျသွားစေပေ။ လဝတ်ပြုဒေသကြီး၏ သမိုင်းတစ်လျှောက်တွင် မည်သူမှ ကျိန်စာကို မဖယ်ရှားနိုင်ခဲ့ပေ။

အမှတ်ကိုးဆေးလုံးဆရာသခင်နှင့် ဆရာသခင်ရှန့်လော့ကြားမှ စကားများသည် ပိုပြီးမှတ်သားဖွယ်ကောင်းသည်။

သို့ဖြစ်၍ မကြာမီ လပုန်ကန်ခန်းမထဲမှ လူတိုင်းသည် ရွှီချင်း၏ ဘုရားကျောင်းဆီသို့ ရိုသေလေးစားစွာ လျှောက်သွားကြသည်။ သူတို့က ကျိန်စာဖယ်ရှားဆေးလုံး၏ ဈေးနှုန်းကို စစ်ဆေးလိုက်ကြသည်။ ထိုဈေးနှုန်းသည် လူတိုင်း၏ နှလုံးသားထဲမှ ရိုသေလေးစားမှုကို ပိုပြီးတိုးပွားလာစေသည်။

ယင်းက ယခင်ရောင်းချခဲ့သော ကျိန်စာလျှော့ပေါ့ဆေးလုံး၏ ဈေးနှုန်းနှင့် အများကြီး မကွာခြားပေ။ ရွှီချင်း၏ တောင်းဆိုမှုသည် ဆေးပင်တချို့နှင့် သတင်းအချက်အလက်များသာ ဖြစ်သည်။

“ အဲ့ဒါ တကယ့်ဆရာသခင်ပဲ… ”

ဈေးနှုန်းကို မြင်ပြီးနောက် မည်သူက သက်ပြင်းချလိုက်မှန်း မသိရသော်လည်း ယင်းက လပုန်ကန်ခန်းမထဲရှိ ကျင့်ကြံသူတိုင်း၏ နှလုံးသားထဲသို့ ပဲ့တင်ထပ်သွားသည်။

ယခုအချိန်မှစ၍ အမှတ်ကိုးဆေးလုံးဆရာသခင်၏ အမည်သည် လပုန်ကန်ခန်းမထဲမှ လူတိုင်း၏ နှလုံးသားထဲမှာ မှတ်ကျောက်ရေးတင်ခံရတော့ပေမည်။

ရွှီချင်းက အနာဂတ်မှာ ကျိန်စာဖယ်ရှားဆေးလုံးများကို ဆက်လက် ထုတ်လွှတ်သည့်အခါ လပုန်ကန်ခန်းမထဲမှ ဆေးလုံးသောက်သုံးနိုင်မည့် လူဦးရေသည် တဖြည်းဖြည်း များပြားလာလိမ့်မည်။ ထိုသို့ဆိုလျှင် ရွှီချင်း၏ နာမည်က သူတို့၏ ဝိညာဉ်ထဲမှာ မှတ်ကျောက်ရေးတင်ခံရလိမ့်မည်ကို စိတ်ကူးကြည့်နိုင်ပေသည်။

ထိုသို့ဖြစ်လာမည်ကို ရွှီချင်းက ကြိုခန့်မှန်းမိသော်လည်း သူက ထိုကိစ္စကို အများကြီး အလေးမထားပေ။ သူက ဆေးဆိုင်ဆီသို့ ပြန်ရောက်လာပြီးနောက် သူ၏ စိတ်အာရုံကို ရွှေကျီးကန်းအပေါ်မှာ အပြည့်အဝ နစ်မြှုပ်ထားလိုက်သည်။

သူက အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာ၏ အနှစ်သာရကို စူးစမ်းသိချင်သလို ရွှေကျီးကန်း၏ အလားအလာကိုလည်း ပိုပြီးနက်နဲစွာ တူးဖော်ချင်သည်။

သဲလွန်စများသည် နားလည်ရခက်ခဲသည်ဟု ထင်ရပြီး လုပ်ငန်းစဉ်သည် မချောမွေ့သော်လည်း ရွှီချင်း၏ သုတေသနပြုလုပ်မှုများနှင့် ရွှေကျီးကန်း၏ အသွင်ပြောင်းလဲမှုကြောင့် ပုတီးစေ့ထဲမှာ သူတောင့်ခံနိုင်သော ကြာချိန်သည် သိသာစွာ တိုးမြှင့်လာသည်။

လျှပ်တစ်ပြက်သေဆုံးခြင်းမှစတင်၍ ယခု ခုနစ်ကြိမ်မြောက်သို့ ရောက်ရှိလာသောအခါ သူက အသက်ခြောက်ခါရှူချိန်ကြာအောင် တောင့်ခံနိုင်လာသည်။

“ ဒါပေမဲ့ ငါ့မှာ… အခွင့်အရေးနှစ်ခါပဲ ကျန်တော့တယ် ”

ရက်ပေါင်းများစွာကြာပြီးနောက် နံနက်စောစောအချိန်တွင် ဆေးဆိုင်၏ နောက်ဖေးခန်းထဲမှာ တရားထိုင်နေသော ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ သွေးစီးကြောင်းသည် သူ၏ နှုတ်ခမ်းထောင့်မှ စီးကျလာသည်။ သူက ဆေးတစ်လုံးကို ထုတ်ယူပြီးနောက် မျိုချလိုက်သည်။ ဂနာမငြိမ်သော ခံစားမှုသည် သူ၏ နှလုံးသားထဲမှာ ထိန်းချုပ်မရအောင် ထွက်ပေါ်လာသည်။

ထိုစိတ်ခံစားမှုသည် သူ့အတွက် ရင်းနှီးသောအရာမဟုတ်ပေ။ တစ်ကြိမ်ပြီးတစ်ကြိမ် ကျရှုံးခြင်းသည် သူ့အတွက် မထူးဆန်းသော်လည်း အကယ်၍ နောက်ထပ်နှစ်ကြိမ်ကြိုးစားမှုက သူစိတ်ကျေနပ်သောအဆင့်သို့ မရောက်ရှိဘူးဆိုလျှင် ဆယ်ကြိမ်မြောက်ကြိုးစားမှုမှာ သူ၏ ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ကို ထာဝရ ဆုံးရှုံးသွားရလိမ့်မည်။

ပုတီးစေ့ထဲမှ ဆရာသခင်မဟူရာမျက်လုံး၏ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် လောဘရမ္မက်က အကြိမ်တိုင်း ပိုပြီးပြင်းထန်လာကြောင်း သူအာရုံခံမိသည်။

“ တကယ်လို့ အဲ့ဒါက အလုပ်မဖြစ်ဘူးဆိုရင် ကိုးကြိမ်မြောက်မှာ ငါရပ်တန့်ရမယ် ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ သူက နောက်ဖေးခန်းထဲမှ ထွက်လာပြီး ဆေးဆိုင်၏ အဓိကခန်းမဆီသို့ လျှောက်သွားသည်။

သူက စိတ်အပန်းဖြေချင်သည်။

ရွှီချင်းက အပြင်သို့ ထွက်လျှောက်လာသည်နှင့်ချက်ချင်း ငွေစာရင်းတွက်နေသော လင်းအာကို မြင်သွားသည်။ လင်းအာသည် များပြားလှသော ငွေစာရင်းများကို တွက်ချက်နေဟန် ရသည်။ ရွှီချင်းသည် ယင်းကို ယခင်ကတည်းက သတိထားမိခဲ့သည်။ လင်းအာ၏ ပျော်ရွှင်မှုသည် ထပ်တလဲလဲ ငွေစာရင်းတွက်ချက်ခြင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

နင်ယန်သည် ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်နေသည်။ လီယိုဖေးသည်တော့ ဆေးပုလင်းများကို အစီအရီတကျ နေရာချထားပေးနေသည်။ ခေါင်းဆောင်သည် ယခင်အတိုင်း အစောင့်အကြပ်တာဝန်ကို ထမ်းဆောင်နေသည်။ ဝူကျန်းဝူသည် အိမ်ရှေ့စံမင်းသား၏ ဘေးမှာ မတ်တတ်ရပ်နေပြီး သူ့အတွက် ကဗျာတစ်ပုဒ်စပ်ပေးနေသည်။

“ အဖိုးက မျက်လုံးဖွင့်လိုက်တဲ့အခါ ကမ္ဘာကြီးက လင်းထိန်သွားတယ်… မိန်းမလှလေးတွေက ဝိုင်းရံထားပြီး ဘယ်သူမှ မမောက်မာရဲကြဘူး ”

အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်သောက်နေသည်။ သူက ကဗျာကို ကြားသောအခါ ဝူကျန်းဝူကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

ဝူကျန်းဝူသည် အလျှင်အမြန် အရိုအသေပေးလိုက်ပြီး ပြုံးဖြီးဖြီးလုပ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ဖော်လံဖားသော အမူအရာဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူက ခေါင်းဆောင်နှင့် ရေနွေးကျိုနေသော ဝိညာဉ်သခင်မယုံကျင်းကို မျက်စောင်းထိုးကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဘဝင်မြင့်သော အရိပ်အယောင် ရှိသည်။

ဤကာလအတောတွင်း သူက အဖိုးအိုကို မျက်နှာချိုသွေးနိုင်မည့် နည်းလမ်းတစ်ခုကို နောက်ဆုံးမှာတော့ ရှာတွေ့သွားသည်။ ဤသည်မှာ သူက မနက်တိုင်း အဖိုးအိုအတွက် ကဗျာတစ်ပုဒ်စပ်ပေးရန် ဖြစ်သည်။ နေ့စဉ်နှင့်အမျှ သူ၏ အလုပ်ကြိုးစားမှုအောက်မှာ ထိုနည်းလမ်းသည် အံ့မခန်းထိရောက်မှုရှိသည်ဟု သူ့အား ခံစားမိစေသည်။

သူက အိမ်ရှေ့စံမင်းသားအတွက် ကဗျာစပ်ပြီးနောက် တံခါးဆီသို့ ပြေးသွားပြီး အပြင်ဘက်တွင် ဆက်လက် ကဗျာစပ်တော့မည် ဖြစ်သည်။

ရွှီချင်းသည် ဤဆေးဆိုင်ထဲမှ နေ့စဉ်လည်ပတ်မှုကို နေသားကျနေပြီ ဖြစ်သည်။ သူက လင်းအာကို ခေါင်းညိတ်ပြလိုက်ပြီး အိမ်ရှေ့စံမင်းသား၏ ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ မင်း သဲလွန်စရှာတွေ့ပြီလား ”

အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ ပခုံးပေါ်မှ ကြက်တူရွေးလေးသည်လည်း ရွှီချင်းကို မောက်မာထောင်လွှားစွာ ကြည့်လိုက်သည်။

ရွှီချင်းသည် ခေါင်းခါလိုက်သည်။

“ အဖိုး… အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာက တကယ်ပဲ ဘာပါလဲ ”

ရွှီချင်းက မေးသည်။ ဤသည်မှာ ဤရက်များတွင် အိမ်ရှေ့စံမင်းသားကို ပထမဆုံးအကြိမ် သူမေးမြန်းဖူးခြင်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသားက ဘာမှမပြောပေ။ သူ၏ အကြည့်က ရွှီချင်းထံမှ ရွေ့လျားသွားပြီး ချန်းအားညိုပေါ်သို့ ကျရောက်သွားသည်။ ထိုအခါ ရွှီချင်းသည်လည်း ခေါင်းဆောင်ကို လှည့်ကြည့်လိုက်သည်။

ခေါင်းဆောင်သည် သူ၏ ဓားကို ရင်ဘက်ထဲမှာ ပွေ့ဖက်ထားပြီး ရွှီချင်းနှင့် အိမ်ရှေ့စံမင်းသား၏ အကြည့်ကို လျစ်လျူရှုထားသည်။ သူက အပြင်ဘက်မှ ဝူကျန်းဝူကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်လူက ကျွေးမွေးရကျိုးမနပ်သည့် သားမိုက်ဟု တွေးတောလိုက်သည်။ တစ်ဖက်လူ၏ အပြုအမူနှင့်ပတ်သက်ပြီး သူအငြင်းမပွားနိုင်ပေ။ ယင်းအစား သူက ဝိညာဉ်သခင်မယုံကျင်းကို အာရုံစိုက်လိုက်ပြီး ကြိမ်းမောင်းလိုက်သည်။

“ နေ့တိုင်း ရေနွေးအိုးကျိုနေတာ အခုထိ သောက်သုံးမကျသေးဘူးလား… ဘာလို့ နှေးကွေးတုံ့ဆိုင်းနေတာလဲ… မီးတောက်လာအောင် ဘာလို့ ပါးစပ်နဲ့မမှုတ်လဲ ”

ဝိညာဉ်သခင်မယုံကျင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ချန်းအားညိုအပေါ် သူ၏ သည်းခံနိုင်စွမ်းသည် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သူက ဒေါသကို ဖောက်ခွဲပစ်ချင်သည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသား၏ တည်ရှိမှုကြောင့် သူက အံကြိတ်ရုံသာ တတ်စွမ်းသည်။

အကယ်၍ သူသာ ချန်းအားညိုကို အပိုင်းပိုင်း လှီးဖြတ်နိုင်လျှင် မည်မျှပျော်ရွှင်ရလိမ့်မည်ကို အမြဲစိတ်ကူးကြည့်မိသည်။

‘ တစ်နေ့ကျရင် ငါသူ့ကို နှစ်ပိုင်းလှီးပစ်မယ်… တစ်ပိုင်းကို ရေနွေးကျိုဖို့ ထင်းအဖြစ် အသုံးပြုမယ်… ကျန်တစ်ပိုင်းကိုတော့ အသားလုံးလုပ်ပစ်မယ်… ပြီးသွားရင် အားရပါးရ ဝါးစားပစ်မယ် ’

‘ ငါက ဝါးစားတဲ့အခါ အဲ့ခွေးကောင်က အသံကျယ်ကျယ်နဲ့ အော်ဟစ်လိမ့်မယ်… ရေနွေးအိုးဆူလာတဲ့အခါ အသားလုံးတွေထည့်ပြီး စွပ်ပြုတ်လုပ်သောက်ပစ်မယ် ’

ဤသည်မှာ ဝိညာဉ်သခင်မယုံကျင်း၏ နေ့စဉ်အတွေးဖြစ်သည်။ သူက ထိုသို့တွေးမိသွားတိုင်း ဖော်မပြနိုင်သော စိတ်ပျော်ရွှင်မှုကို ခံစားမိသည်။ ဤအခိုက်အတန့်မှာ သူက ပျော်ရွှင်ဖွယ် အတွေးကမ္ဘာထဲမှာ ဆက်လက် ကူးခတ်တော့မည့်အချိန် ခေါင်းဆောင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ နင်က ဘာလို့ တုန်ချည့်တုန်ချည့် ဖြစ်နေတာလဲ… နင်က နေ့တိုင်း ဘယ်လိုအချောင်ခိုရမလဲပဲ စဉ်းစားနေတယ်… ရေနွေးအိုးဆူနေတာ နင်မမြင်ဘူးလား… အဖိုးအတွက် မြန်မြန် လက်ဖက်ရည်ဖျော်ပေးစမ်း ”

“ နင့်တင်ပါးကို ငါ့အရှေ့မှာ နေ့တိုင်း လှုပ်ယမ်းပြနေတယ်… နင်က ဘယ်သူ့ကို ဆွဲဆောင်ချင်နေတာလဲ… နင်က အတော် စိတ်အနှောင့်အယှက်ပေးတာပဲ… နေ့တိုင်း နင်က ငါတို့ထဲမှာ အစားအများဆုံးပဲ ”

ခေါင်းဆောင်က ထိုသို့ပြောလိုက်သည့်အခါ ဝိညာဉ်သခင်မယုံကျင်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံက ပေါက်ကွဲထွက်လာခါနီးနေပြီ ဖြစ်သည်။ သူ၏ မျက်လုံးက အနီရောင်သို့ ပြောင်းလဲသွားစဉ် နင်ယန်က သူ့ကို ဝင်တိုက်သွားပြီး စိတ်မရှည်စွာ ပြောသည်။

“ ဘေးဖယ်စမ်း ”

ဝိညာဉ်သခင်မယုံကျင်း၏ ခန္ဓာကိုယ်သည် ထပ်မံတုန်ယင်သွားသည်။ သို့သော်လည်း အဆုံးမှာတော့ သူ့မှာ သည်းခံရုံမှတပါး တခြားရွေးချယ်စရာမရှိပေ။ သူက ရေနွေးအိုးကို သယ်လိုက်ပြီး အိမ်ရှေ့စံမင်းသားဆီသို့ လျှောက်သွားသည်။ သူက အိမ်ရှေ့စံမင်းသားအတွက် လက်ဖက်ရည်ဖျော်ပေးပြီးနောက် ဘေးမှာ ဒေါသတကြီး မတ်တတ်ရပ်နေလိုက်သည်။

“ ရွှီချင်း ”

အိမ်ရှေ့စံမင်းသားသည် သူ့အရှေ့မှ ပူနွေးနေသော လက်ဖက်ရည်ခွက်ကို ရွှီချင်း၏ အရှေ့သို့ တွန့်ပို့လိုက်ပြီး လက်ချောင်းဖြင့် ထိလိုက်သည်။

“ ရေက ဘာလဲ… ဘာဖြစ်လို့ အဲ့ဒါက ပူလာတာလဲ… လက်ဖက်ရည်က ဘာလိုမျိုးလဲ… ဘာလို့ ရေက အရောင်ပြောင်းသွားတာလဲ… အရွက်က ရေထဲမှာ နစ်မြုပ်သွားတဲ့အခါ ဘာလို့ အရသာပြောင်းသွားတာလဲဆိုတာ ငါ့ကို ပြောပြပါ ”

ရွှီချင်းသည် သူ့အရှေ့မှ လက်ဖက်ရည်ခွက်ကို ကြည့်လိုက်သည့်အခါ သူ၏ အကြည့်သည် တည်ကြည်လေးနက်သွားသည်။

“ ဘာလို့လဲဆိုတော့… ”

“ အဲ့ဒါက အရေးမကြီးဘူး ”

အိမ်ရှေ့စံမင်းသားက ကြားဖြတ်ပြောလိုက်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး စားပွဲပေါ်မှ ပျိုးပင်လေး၏ အရှေ့မှာ ချထားလိုက်သည်နှင့် သူ၏ အကြည့်သည် လေးနက်လာသည်။

ပျိုးပင်လေးက လှုပ်ယမ်းသွားပြီး သစ်ရွက်တစ်ရွက်ကို ရိုသေကျိုးနွံ့စွာ ပစ်ချပေးလိုက်သည်။ အိမ်ရှေ့စံမင်းသားသည် သစ်ရွက်ကို ဖမ်းယူလိုက်ပြီး ရွှီချင်း၏ လက်ဖက်ရည်ခွက်ထဲမှာ ထည့်ပေးလိုက်သည်။

လက်ဖက်ရည်ခွက်ထဲမှ သေးငယ်သော သစ်ရွက်လေးသည် အနည်းငယ် လှုပ်ယမ်းသွားသည်။

“ မင်းနားလည်လား ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး ဆင်ခြင်သုံးသပ်ရန် မျက်လုံးမှိတ်လိုက်သည်။ ကြမ်းတိုက်နေသော နင်ယန်သည်လည်း ရပ်တန့်သွားသည်။ သူက လေးနက်စွာ တွေးတောလိုက်သည်။ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်၏ ညွှန်ကြားမှုသည် အလွန်အမင်း ရှားပါးသည်ဟု သူခံစားမိသည်။ သို့ဖြစ်၍ သူက ဤအခွင့်အရေးကို လက်လွှတ်မခံချင်ပေ။

ခေါင်းဆောင်သည်လည်း ထို့အတူပင်။ ဆင်ခြင်သုံးသပ်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ လီယိုဖေးသည်လည်း ထိုအခွင့်အရေးကို လက်လွှတ်မခံပေ။

အချိန်အတော်ကြာပြီးနောက် ရွှီချင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာသည်။ သူက မျက်လုံးဖွင့်လိုက်ပြီး လက်ဖက်ရည်ခွက်ထဲမှ သစ်ရွက်ကို ကြည့်လိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည့်အခါ သူက မတ်တတ်ရပ်လိုက်သည်။

“ အဖိုး… ငါနားလည်သွားပြီ ”

ရွှီချင်းသည် လက်သီးဆုပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ သူ၏ အသက်ရှူသံသည် အနည်းငယ် မြန်ဆန်လာသည်။ သူ၏ လက်ရှိပြဿနာနှင့် အဖြေကို သူနားလည်သွားပြီ ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက အနောက်လှည့်လိုက်ပြီး နောက်ဖေးခန်းဆီသို့ လျှောက်သွားသည်။

အိမ်ရှေ့စံမင်းသားသည် ခေါင်းညိတ်လိုက်ပြီး ပြုံးလိုက်သည်။ ရွှီချင်း၏ ဆင်ခြင်သုံးသပ်နိုင်စွမ်းသည် မဆိုးကြောင်း သူခံစားမိသည်။ တစ်ဖက်လူသည် သူ၏ လမ်းညွှန်မှုကို နားလည်သည်။

ထိုမြင်ကွင်းကို ခေါင်းဆောင်က မြင်သွားသောအခါ သူသည်လည်း သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ ဤသည်မှာ သူက အိမ်ရှေ့စံမင်းသား၏ ဆိုလိုရင်းကို ကောင်းမွန်စွာ နားလည်သည့်သဘော ရသည်။ နင်ယန်သည် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်ပြီး မိန်းမောနေသော အမူအရာကို ထုတ်ဖော်လိုက်သည်။ ဤသည်မှာ သူက တစ်စုံတစ်ခုကို နားလည်သွားသည့်အလားပင်။

အိမ်ရှေ့စံမင်းသား၏ ပခုံးပေါ်မှ ကြက်တူရွေးလေးသည်သာ ဤအခိုက်အတန့်မှာ ဆွံ့အနေသည်။ ၎င်းက လက်ဖက်ရည်ခွက်နှင့် ခွက်အတွင်းမှ သစ်ရွက်ကို အသေအချာ စူးစိုက်ကြည့်လိုက်သည်။ နောက်ဆုံးမှာတော့ ၎င်းက လူတိုင်းကို လိုက်ကြည့်လိုက်သည်။ ၎င်း၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင်က ထွက်ပေါ်လာသည့်အခါ အိမ်ရှေ့စံမင်းသားကို တိုးညင်းစွာ မေးလိုက်သည်။

“ အဖိုး… သူက ဘာကို နားလည်သွားတာလဲ… အဖိုးက သူ့ကို ဘာပြောလိုက်တာလဲ… ဘာလို့ ငါတစ်ယောက်တည်း မသိရတာလဲ… ”

အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တည်ငြိမ်စွာ စကားမပြောခင် ဦးစွာတစ်ငုံသောက်လိုက်သည်။

“ ငါက သူ့ကို အတူယှဉ်တွဲနေထိုင်တဲ့ သဘောတရားကို သင်ကြားပေးလိုက်တာ… လက်ဖက်ခြောက်နဲ့ ရေနွေးက အတူတကွ ရောစပ်နိုင်တယ်မဟုတ်ဘူးလား… အဲ့ဒါက ကောင်းမွန်တဲ့အရာဖြစ်တယ်… ပျိုးပင်လေးက အရွက်ဟောင်းကို ခြွေလိုက်တယ်… အဲ့ဒါက စွန့်လွှတ်ခြင်းကို ဖြစ်ပေါ်စေတယ် ”

ကြက်တူရွေးလေးသည် နားလည်သွားသည်။ နင်ယန်သည် ခေါင်းညိတ်လိုက်ပြီး ခေါင်းဆောင်သည် စိတ်ထဲမှာ သဘောတူလိုက်သည်။

သို့သော်လည်း နောက်ဖေးခန်းထဲမှာ တရားထိုင်နေသော ရွှီချင်းသည်တော့ သူ့ကိုယ်ပိုင်အတွေးများထဲမှာ နစ်မြုပ်နေသည်။ သူ၏ မျက်လုံးသည် ဝင်းလက်နေပြီး သူ၏ အသိစိတ်သည် ယခုလေးတင် နားလည်လာသော အဖြေများကြောင့် ပရမ်းပတာ လှုပ်ခတ်လာသည်။ သူက တီးတိုးရေရွတ်လိုက်သည်။

“ လက်ဖက်ခြောက်နဲ့ ရေနွေးရဲ့ ရောစပ်မှုက မဟာတာအိုဆိုတာ တစ်ခုတည်းလို့ ဖော်ပြလိုက်တာပဲ… ဒါပေမဲ့ သက်ရှိအားလုံးက သူတို့ရဲ့ မူလဇစ်မြစ်ကို ပြန်သွားနိုင်ကြတယ်… ဆိုလိုတာက အရာအားလုံးမှာ မူလဇစ်မြစ်ရှိတယ်… ဒါကြောင့် သူတို့ကို ခွဲထုတ်ပစ်လည်းရတယ်လို့ အိမ်ရှေ့စံမင်းသားက ငါ့ကို ညွှန်ကြားပေးသွားတာပဲ ”

“ ဥပမာ ပျိုးပင်လေးရဲ့ သစ်ရွက်တွေပေါ့… သစ်ရွက်က ကြွေကျသွားရင်တောင် သစ်ပင်ရဲ့ မူလဇစ်မြစ်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေဦးမှာပဲ… ဆိုလိုချင်တာက သူတို့က တစ်ခုတည်းဖြစ်နေတုန်းပဲ ”

“ ငါက ဒီထက်နက်နက်နဲနဲ ပိုပြီးလေ့လာချင်တယ်ဆိုရင် ရွှေကျီးကန်းကို ခွဲခြမ်းစိတ်ဖြာရလိမ့်မယ်လို့ အိမ်ရှေ့စံမင်းသားက ညွှန်ကြားပေးသွားတာပဲ… အဲ့ဒါကို ထပ်ခါထပ်ခါ ခွဲထုတ်ပစ်ပြီး ဖယ်ရှားပစ်တာက ရွှေကျီးကန်းရဲ့ မူလဇစ်မြစ်ကို ရှာတွေ့နိုင်စေလိမ့်မယ် ”

“ ငါနားလည်ပြီ… အဲ့ဒါက အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာရဲ့ အနှစ်သာရပဲ ”

“ ငါ့ရဲ့ အရင်လေ့လာမှုက မှားယွင်းနေတာပဲ… ငါက သေချာမြင်ရတဲ့ အပြင်ဘက်က အပြောင်းအလဲတွေကို အာရုံမစိုက်ခဲ့သင့်ဘူး… အဲ့ဒီအစား အထဲမှာ ပုန်းကွယ်နေတဲ့ သေးငယ်တဲ့ အစိတ်အပိုင်းတွေကို အသေးစိတ် လေ့လာခဲ့သင့်တာ ”

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူက ခေါင်းမော့လိုက်ပြီး အဓိကခန်းမထဲရှိ အိမ်ရှေ့စံမင်းသား၏ ဦးတည်ရာဆီသို့ ကြည့်လိုက်သည်။ အိမ်ရှေ့စံမင်းသားအပေါ် သူ၏ နှလုံးသားထဲမှ လေးစားမှုသည် ပိုပြီးတိုးပွားလာသည်။

အဓိကခန်းမထဲ၌ လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်သော အိမ်ရှေ့စံမင်းသားသည် ရွှီချင်း၏ တတွတ်တွတ်ရေရွတ်မှုကို အာရုံခံမိသွားသောအခါ သူ၏ လက်သည် တုံ့ဆိုင်းသွားသည်။ သူ၏ အမူအရာက တစ်ခဏကြာ တောင့်တင်းသွားသည်။

“ သူက ဘာကို နားလည်သွားတာလဲ ”

All Chapters