← Chapters

အိမ်ရှေ့စံမင်းသား၏ အမြင်

Vol. 64 Ch. 996

အိမ်ရှေ့စံမင်းသား၏ အမြင်

Vol. 64 Ch. 996

အိမ်ရှေ့စံမင်းသားသည် သက်ပြင်းချလိုက်ပြီး နောက်ဖေးခန်းထဲမှ ထွက်သွားသည်။ ရွှီချင်း၏ မယုံကြည်နိုင်ဖွယ်ကောင်းသော နားလည်သဘောပေါက်နိုင်စွမ်းကို ကျင့်သားရအောင် အချိန်တချို့ သူယူရလိမ့်မည်။

ရွှီချင်းပြန်နိုးလာသည့်အခါ မှောင်ရီနေသော အပြင်လောကမှ မိုးကြိုးပစ်ခတ်မှုသည် လွင့်ပြယ်သွားသည်။ ဖိနှိပ်ခံရသော အာရုံခံစားမှုသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

ယင်းက ဘဝကံကြမ္မာဆိုးတောင်တန်းအတွင်းမှာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာစေပြီး မရေမတွက်နိုင်သော ခန့်မှန်းမှုများကို ဖြစ်ပေါ်လာစေသည်။ သို့သော်လည်း ဆေးဆိုင်ထဲရှိ လူများမှလွဲ၍ ထိုဖြစ်စဉ်၏ တရားခံသည် ရွှီချင်းဖြစ်ကြောင်း မည်သူမှမသိကြပေ။

ရွှီချင်းသည် အခန်းအပြင်သို့ ထွက်လာပြီးမှသာ ထိုအကြောင်းကို သိရှိခဲ့သည်။ ထိုအခါ ကြောက်ရွံ့မှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ တစ်ချိန်တည်းမှာ အိမ်ရှေ့စံမင်းသားအပေါ် သူ၏ ရိုသေလေးစားမှုသည် ပိုပြီးနက်ရှိုင်းလာသည်။

“ အိမ်ရှေ့စံမင်းသားရဲ့ စကားတစ်ခွန်းက ကောင်းကင်ဘုံတာအိုကတောင် ဟန့်တားရတဲ့အရာမျိုးကို ငါနားလည်သွားအောင် ကူညီပေးခဲ့တယ်… ဝိညာဉ်စုစည်းခြင်းအဆင့်က တကယ်အံ့ဖွယ်ပါပဲ… ”

ရွှီချင်းသည် စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။ နောက်ရက်များတွင် သူက ဒဏ်ရာများကို ပြန်လည်ကုသလိုက်ပြီး ရွှေကျီးကန်း၏ ဝှက်ဖဲကတ်ဖြင့်လည်း အသားကျလာအောင် ကြိမ်ဖန်များစွာ ကြိုးစားကြည့်သည်။

အချိန်သည် ထိုသို့ဖြင့် တရွေ့ရွေ့ ကုန်ဆုံးသွားလေရာ လဝက်ကြာမြင့်သွားသည်။

နေ့လယ်ခင်းအချိန် မြို့အပြင်ဘက်ရှိ ချို့ဝှမ်းတစ်ခုထဲတွင် ရွှီချင်း၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူက ချိုင့်ဝှမ်းထဲမှာ ထွက်ပေါ်လာပြီးနောက် ဘေးပတ်ဝန်းကျင်မှာ မည်သူမှမရှိကြောင်း သေချာစေရန် စစ်ဆေးကြည့်လိုက်သည်။

ထိုချိုင့်ဝှမ်းသည် မြို့နှင့်သိပ်မဝေးပေ။

ဤရက်များတွင် ရွှီချင်းသည် ရွှေကျီးကန်း၏ ဝှက်ဖဲကတ်ကို မကြာခဏ စမ်းသပ်ကြည့်ခဲ့သည်။ အကြိမ်တိုင်း သူက မတူညီသော နေရာများကို ရွေးချယ်ခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ဤချိုင့်ဝှမ်းကို ရွေးချယ်ခဲ့သည်။

ရွှေကျီးကန်းဝှက်ဖဲကတ်၏ စွမ်းအားသည် အလွန်အံ့ဖွယ်ကောင်းသည်။ သူထုတ်လွှတ်လိုက်သည့်အခါတိုင်း ၎င်း၏ အရှိန်အဟုန်သည် အလွန်ကြောက်စရာကောင်းသည်။ သို့သော်လည်း အကယ်၍ ၎င်းကို သူသေချာမထိန်းချုပ်နိုင်လျှင် ရိုင်းစိုင်းသော မြင်းတစ်ကောင်နှယ် ဒုန်းစိုင်းထွက်သွားလိမ့်မည်။ ထိုအခါ ရွှေကျီးကန်းသည် အရောင်မှိန်ဖျော့သွားလိမ့်မည်။

ရွှေကျီးကန်းက ခြောက်ကပ်သွားပြီး ပြိုကွဲပျက်စီးလုနီးပါးဖြစ်သွားခဲ့သည် အခြေအနေမျိုးပင် တစ်ခါရှိခဲ့ဖူးသည်။

သို့ဖြစ်၍ ရွှီချင်းသည် သေချာသော ချိန်ညှိမှုများကို ထပ်ခါတလဲလဲ ပြောင်းလဲခဲ့ပြီး ထိုလူသတ်ကွက်ကို သတ်မှတ်ထားသော အတိုင်းအတာအတွင်းမှာ အသုံးပြုနိုင်ရန် ကြိုးစားကြည့်ခဲ့သည်။ သို့မှသာ ၎င်းထုတ်လွှတ်လိုက်သော စွမ်းအားကို သူ၏ ရွှေကျီးကန်းက တောင့်ခံနိုင်လိမ့်မည်။

“ ငါ အကြိမ်ပေါင်းဒါဇင်ကျော်အောင် ချိန်ညှိပြီးပြီ… အဲ့ဒါက လုံလောက်သင့်ပါပြီ ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ အဝတ်အစားအားလုံးကို ချွတ်ပစ်လိုက်သည်။ သူ့မှာ ဘောင်းဘီတိုတစ်ထည်သာ ကျန်တော့သည်။

သူ၏ ကိုယ်လုံးတီးပုံစံကို ကြည့်ပြီးနောက် ရွှီချင်းသည် အကူအညီမဲ့စွာ ခေါင်းယမ်းလိုက်သည်။

“ အကြိမ်တိုင်း အခုလိုဖြစ်နေတယ်… ဒီပြဿနာကို ဖြေရှင်းဖို့ အနာဂတ်မှာ နည်းလမ်းတစ်ခု ငါစဉ်းစားရလိမ့်မယ်… ”

ရွှီချင်းသည် သူ၏ အတွေးများကို ပြန်ရုပ်သိမ်းလိုက်ပြီး တစ်ခဏကြာ မျက်လုံးမှိတ်လိုက်သည်။ သူ၏ စိတ်ထဲမှာ အတည်ပြုပြီးနောက် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ စူးရှသော အလင်းတန်းသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ချိပ်တံဆိပ်လက်သင်္ကေတများစွာကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို အံ့ဖွယ်ကောင်းသော အရှိန်အဝါသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးထွက်လာသည်။

ရွှေကျီးကန်းဆေးမင်ကြောင်သည် သူ၏ ကျောပြင်ပေါ်မှာ ထွက်ပေါ်လာပြီး အစဉ်မပြတ် ရွေ့လျားသွားသည်။ နောက်ဆုံးမှာ ယင်းက ရွှီချင်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို ပျံ့နှံ့သွားသည်။

ဆေးမင်ကြောင်ထဲမှ ရွှေကျီးကန်းသည် စိတ်ဝိညာဉ်ရှိသည်။ ၎င်းက ပျံ့နှံ့သွားသည့်အခါ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ဆက်လက် မြင့်တတ်လာသည်။

ထိုအရှိန်အဝါသည် မီးမုန်တိုင်းသို့ ပြောင်းလဲသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ရိုက်ခတ်သွားသည်။ ထိုအခါ မြေပြင်သည် ချက်ချင်း ခြောက်သွေ့လာပြီး ပူပြင်းလာသည်။ တောင်ပေါ်မှ ကျောက်တုံးများသည်ပင် အရည်ပျော်သွားပြီး သက်ရောက်နိုင်သော ဧရိယာအကွာအဝေးသည် ပေတစ်သောင်းအထိ ရှိသည်။

ပေတစ်သောင်းအတွင်းမှာ မီးတောက်ပင်လယ်သည် မြေကြီးထဲမှ ပေါ်လျှိုးလာသည်။ ဘေးပတ်ဝန်းကျင်မှ လေသည်ပင် ဤမီးတောက်ပင်လယ်ကို ဘာမှမတတ်နိုင်ပေ။ ဤသည်မှာ ထိုမီးတောက်များ၏ တည်ရှိမှုက ကောင်းကင်နှင့် မြေပြင်၏ နိယာမများထဲမှ သီးခြားခွဲထွက်နေသည့်အလားပင်။

မီးတောက်ပင်လယ်၏ အလယ်တွင် ရွှီချင်းသည် မတ်တတ်ရပ်နေသည်။ သူ၏ ခန္ဓာကိုယ်သည် မသိမသာ တုန်ရီလာသည်။ သူက ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်မှ ပြောင်းလဲဖြစ်ပေါ်လာသော ဆေးမင်ကြောင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် လုံးဝစိတ်နစ်မြှုပ်ထားသည်။

ဤသည်မှာ ဤအတောအတွင်း သူကျွမ်းကျင်လာခဲ့သော နည်းလမ်းတစ်ခုဖြစ်သည်။ အကယ်၍ အသွင်ပြောင်းလဲမှုက အပြင်ဘက်မှာဆိုလျှင် ၎င်း၏ စွမ်းအင်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာလိမ့်မည်။ သို့သော်လည်း အကယ်၍ အပြောင်းအလဲများက သူ၏ ကိုယ်တွင်းထဲမှာဆိုလျှင် အရာအားလုံးကို ပိုပြီးကောင်းမွန်စွာ ထိန်းချုပ်နိုင်လိမ့်မည်။

သို့ဖြစ်၍ သူ၏ ထိန်းချုပ်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ဆေးမင်ကြောင်သည် ပိုပြီးမြန်ဆန်စွာ ရွေ့လျားလာသည်။ အဆုံးမှာတော့ ဆေးမင်ကြောင်က မမြင်ရလုနီးပါး မှေးမှိန်လာသည်။ ထို့နောက် သူ၏ ရင်ဘက်ပေါ်မှာ အနက်ရောင်လှံတစ်ချောင်း၏ ပုံရိပ်က ဝေဝါးစွာ ထွက်ပေါ်လာနေကြောင်း မည်သူမဆို မြင်နိုင်လိမ့်ပေမည်။

၎င်းက ဝေဝါးနေပြီး အကြမ်းဖျဉ်းပုံစံသာ မြင်နိုင်သော်လည်း အနက်ရောင်လှံပုံရိပ် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဝါသည် ယခင်ထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းလာပြီး ကောင်းကင်အထိ ထိုးတတ်သွားသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းသည် ရွှေကျီးကန်းမှလွဲ၍ မည်သည့်စွမ်းအားကိုမှ မထုတ်ဖော်ထားပေ။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်ထံမှ ဖွဲ့စည်းဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ယခင်က ရွှီချင်း၏ ဝိညာဉ်နတ်သူငယ်(၁၃)ကောင်၏ ပေါင်းစပ်စွမ်းအားထက် အများကြီး သာလွန်ပေသည်။

ထိုလှံနက်စွမ်းအားသည် တာအိုပျိုးထောင်ခြင်းအဆင့်ကျင့်ကြံသူများကို ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

ထိုအချက်ကို ကြည့်ခြင်းအားဖြင့် ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်၏ ဝှက်ဖဲကတ်က မည်မျှအစွမ်းကြီးမားကြောင်း မြင်နိုင်ပေသည်။

သို့သော်လည်း ယင်းသည် ရွှေကျီးကန်းထဲမှ တားမြစ်အစွမ်း၏ အမျှင်တန်းတစ်ခုမျှသာ ရှိသေး၏။ မှန်ပေ၏။ ယခုအချိန်မှာ ထိုသို့ထုတ်လွှတ်နိုင်ခြင်းသည် သူ၏ အကန့်အသတ်ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်က တိုးမြှင့်သွားသည်နှင့်အမျှ ထုတ်လွှတ်နိုင်မည့် စွမ်းအင်ပမာဏသည် တိုးမြှင့်သွားလိမ့်မည်။ ထိုအခါ ရွှေကျီးကန်း၏ တားမြစ်စွမ်းအားသည် ပိုပြီးကြောက်စရာကောင်းလာလိမ့်မည်။

ထိုသို့တွေးမိသောအခါ ရွှီချင်းသည် ရုတ်တရက် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး ရင်ဘက်ပေါ်သို့ ဖိချလိုက်သည်။ ထိုတည်နေရာသည် လှံနက်၏ လက်ကိုင်နေရာမှလွဲ၍ တခြားမဟုတ်ပေ။

သူက လက်သီးဆုပ်လိုက်ပြီး ဖမ်းဆုပ်လိုက်သည်။

ရွှီခင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှ လှံနက်ဆေးမင်ကြောင်ကို တိုက်ရိုက် ဆုပ်ကိုင်လိုက်သည်။

လှံနက်ထွက်ပေါ်လာသည်နှင့်ချက်ချင်း လောက၏ အရောင်သည် ပြောင်းလဲသွားပြီး မိုးကြိုးပစ်ခွင်းသံများ ပဲ့တင်ထွက်လာသည်။ ရွှီချင်းသည် ယင်းတို့ကို အာရုံမထားပေ။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည့်အခါ လှံနက်၏ ပုံရိပ်များသည် ကမ္ဘာဖျက်အနက်ရောင်နဂါးတစ်ကောင်သဖွယ် ပေါ်လျှိုးထွက်လာပြီး သူ့ကို ဗဟိုပြု၍ လှည့်ပတ်လိုက်သည်။

မြေပြင်သည် အက်ကွဲသွားပြီး တောင်တန်းများသည် ပြိုကျပျက်စီးသွားကြသည်။ ချိုင့်ဝှမ်းတစ်ခုလုံး တုန်ယင်သွားသည့်အခါ လှံနက်သည် ကောင်းကင်ယံသို့ ပျံတတ်သွားသည်။

၎င်းက လှံတစ်ချောင်းနှင့် ဆင်တူသလို ရွှေကျီးကန်းနှင့်လည်း အလားသဏ္ဍာန်တူသည်။ မီးတောက်မီးလျှံများသည် ဘေးပတ်ဝန်းကျင်ရှိ မြေကြီးထဲမှ မြှောက်တတ်လာကြပြီး လှံနောက်သို့ လိုက်ပါသွားကြသည်။ ထို့ပြင် လှံ၏ ထိပ်ဖျားရှေ့မှာ ချွန်ထက်သော ဓားဖျားတစ်ခု ထပ်ရှိသေး၏။

ဤသည်မှာ အင်ပါယာဓားဖြစ်သည်။

ယင်းက ရွှေကျီးကန်းဝါးမျိုပစ်ခဲ့သော အင်ပါယာဓားဖြစ်သည်။

ရွှီချင်း၏ ချိန်ညှိမှုအောက်မှာ အင်ပါယာဓားသည် ရွှေကျီးကန်းဝှက်ဖဲကတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

ကောင်းကင်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ကြီးမားသော အားလှိုင်းစက်ကွင်းများသည် အရပ်မျက်နှာအဘက်ဘက်သို့ တရစပ် ပျံ့ပွားထွက်သွားကြသည်။ ရွှီချင်းသည်တော့ အသက်ရှူမြန်လာပြီး ဒယိမ်းဒယိုင်ဖြစ်လာသည်။ သို့သော်လည်း သူက စိတ်ဓာတ်တတ်ကြွနေသည်။

သူ၏ ရွှေကျီးကန်းက ထိုမျှစွမ်းအင်ထုတ်လွှတ်မှုကို တောင့်ခံနိုင်ခြင်းရှိမရှိ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဆုံးရှုံးမှုက သူလက်ခံနိုင်သော ပမာဏအတွင်းမှာရှိကြောင်း ရှာတွေ့သွားသောအခါ စိတ်လှုပ်ရှားသော အရိပ်အယောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ချိုင့်ဝှမ်းထဲမှ ထွက်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ တည်ငြိမ်သော အသံသည် ကောင်းကင်ယံမှ ရုတ်တရက် မြည်ဟိန်းထွက်လာသည်။

“ မဆိုးဘူး ”

ထိုအသံထွက်ပေါ်လာသည်နှင့်ချက်ချင်း အိမ်ရှေ့စံမင်းသား၏ ပုံရိပ်သည် လှံနက်၏ ပစ်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ပေါ်မှ အားလှိုင်းစက်ကွင်းများကြားထဲမှာ ထွက်ပေါ်လာသည်။ သူက အရာအားလုံးကို လျစ်လျူရှူထားလျက် အရှေ့သို့ လျှောက်လှမ်းလာသည်။

သူက အနားကပ်လာသောအခါ ဤနေရာမှ စွမ်းအင်အတတ်အကျအားလုံးသည် လွင့်ပြယ်သွားကြသည်။ ယခု ဤနေရာမှ အပြောင်းအလဲများကို မည်သူမှ သတိထားမိနိုင်တော့မည် မဟုတ်ချေ။

“ အဖိုး ”

ရွှီချင်းသည် ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။

ယခု ရွှီချင်းသည် အိမ်ရှေ့စံမင်းသား၏ ညွှန်ကြားပေးမှုနှင့်ပတ်သက်ပြီး စိတ်ရောကိုယ်ပါ လိုလားလာသည်။ တတိယကောင်းကင်ကဒ်ဘေးဒုက္ခမှအစပြု၍ ဘုရားကျောင်းထဲမှ သေခြင်းရှင်ခြင်းတိုက်ပွဲသော်လည်းကောင်း ရွှေကျီးကန်း၏ အနှစ်သာရ ရှာဖွေခြင်းသော်လည်းကောင်း သူ၏ တိုက်ပွဲစွမ်းအားကို ကြီးကြီးမားမား တိုးတတ်လာစေခဲ့သည်။ တစ်နည်းအားဖြင့် အိမ်ရှေ့စံမင်းသား၏ လေ့ကျင့်ပေးမှုသည် အလွန်အမင်း ထိရောက်မှုရှိသည်။

ဤလအနည်းငယ်အတွင်းမှာ ရွှီချင်းသည် အသစ်တဖန် မွေးဖွားလာသကဲ့သို့ ခံစားမိသည်။ သူ၏ တိုက်ပွဲစွမ်းအားသည် ယခင်ထက် အများကြီး သန်မာလာသည်။ ယခု ရွှီချင်းနှင့် စတေးခံယင်မြစ်ဆီသို့ မသွားခင်က ရွှီချင်းသည် ကောင်းကင်နှင့်မြေပြင်ပမာ ခြားနားလှသည်။

“ မင်းရဲ့ ဒဏ်ရာအများစုက ပြန်သက်သာလာပြီဆိုတာ ငါမြင်တယ်… ဒီတော့ နောက်တစ်ဆင့်ကို ဆက်သွားကြရအောင် ”

အိမ်ရှေ့စံမင်းသားသည် ရွှီချင်း၏ အရှေသို့ လျှောက်သွားပြီး သူ့ကို စုန်ချည်ဆန်ချည် အကဲခတ်ကြည့်လိုက်သည်။ သူ၏ အကြည့်က တင်းမာနေသော်လည်း စိတ်ထဲမှာတော့ ရွှီချင်းကို ချီးမွမ်းနေသည်။ ဤကောင်လေးသည် သူ့ဘဝတစ်လျှောက်တွင် မြင်ခဲ့ဖူးသမျှထဲမှာ နားလည်သဘောပေါက်နိုင်စွမ်း အမြင့်မားဆုံးလူများအနက် တစ်ယောက်ဖြစ်သည်။

သူသည်ပင် ထိုသို့ကျောက်ရိုင်းတုံးလေးကို ထုဆစ်ပုံသွင်းရန် အလွန်စိတ်ဝင်စားသည်။

သို့သော်လည်း အိမ်ရှေ့စံမင်းသားသည် ယခင်က သူပြောခဲ့သော စကားကြောင့် ဖြစ်ပေါ်လာခဲ့သော ပြဿနာကို စဉ်းစားမိသွားသောအခါ အနာဂတ်တွင် စကားပြောသည့်အခါ ပိုပြီးဂရုစိုက်သင့်ကြောင်း ခံစားမိသွားသည်။ သို့တိုင် ထိတ်လန့်သွားပြီးနောက် ဂုဏ်ယူဝင့်ကြွားမှုကိုလည်း သူခံစားမိသည်။

“ ဒီကောင်လေးရဲ့ ဆရာက သူ့ကို ညွှန်ကြားပေးတဲ့အခါတိုင်း ခေါင်းကိုက်ရလိမ့်မယ်… အဲ့ဒါက သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်အပေါ် အဆုံးအဖြတ်ပေးတယ်… ဒါပေမဲ့ ငါကတော့ ခြားနားတယ်… ငါကပဲ ဒီလိုတပည့်မျိုးကို သင်ကြားပေးနိုင်လိမ့်မယ်… သူ့ရဲ့ ဆရာက ငါ့လို သင်ကြားပေးနိုင်မှာမဟုတ်ဘူး ”

အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ရွှီချင်း… မင်းက အရင်က ငါ့ရဲ့ ညွှန်ကြားမှုကို သေချာနားလည်ပြီး လက်မလျော့ဖို့ကို ရွေးချယ်ခဲ့တယ်… အဲ့ဒါ အရမ်းကောင်းတယ် ”

“ ငါတို့ကျင့်ကြံသူတွေ လိုအပ်တာက အခက်အခဲတွေကို ထိပ်တိုက်ရင်ဆိုင်ပစ်ဖို့ပဲ… ငါတို့က အရှုံးမပေးတဲ့ စိတ်ဆန္ဒကို မွေးမြူရလိမ့်မယ်… ဒါမှပဲ ငါတို့က လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ အရှိန်အဝါကို ကျင့်ကြံနိုင်လိမ့်မယ်… လွှမ်းမိုးခြယ်လှယ်နိုင်တဲ့ အရှိန်အဝါက လောကကို ဆန့်ကျင်ရဲတဲ့ သတ္တိကို ဖြစ်ပေါ်စေလိမ့်မယ် ”

“ အခု မင်းရဲ့ ရွှေကျီးကန်းက ဝှက်ဖဲကတ်ဖြစ်လာပြီ… ဒီတော့ နောက်တစ်ဆင့်အနေနဲ့ မင်းရဲ့ တားမြစ်အဆိပ်ဝိညာဉ်နတ်သူငယ်ကို သေချာအသေးစိတ် လေ့လာရမယ် ”

အိမ်ရှေ့စံမင်းသား၏ စကားကိုကြားသောအခါ ထူးဆန်းသော အလင်းရောင်သည် ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အမှန်မှာ ထိုအတွက် အိမ်ရှေ့စံမင်းသား ပြောစရာပင် မလိုချေ။ ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်၏ ချိုမြိန်သော အစွမ်းအာနိသင်ကို ခံစားသိရှိပြီးသောအခါ ရွှီချင်းသည် ဤအတောအတွင်း သူ၏ တခြားဝိညာဉ်နတ်သူငယ်များအပေါ် ဆင်ခြင်သုံးသပ်ခဲ့သည်။

ကံမကောင်းစွာဖြင့် သူ၏ ဝိညာဉ်နတ်သူငယ်တစ်ကောင်စီသည် သီးခြားတည်ရှိမှုများဖြစ်ကြပြီး တစ်ခုနှင့်တစ်ခု ခြားနားကြသည်။ သို့ဖြစ်၍ ရွှေကျီးကန်း၏ အတွေ့အကြုံကို တခြားဝိညာဉ်နတ်သူငယ်များအပေါ်မှာ အသုံးမချနိုင်ပေ။ ထို့ကြောင့် ရွှီချင်းက ဤရက်များတွင် ထိုကိစ္စကို စဉ်းစားအဖြေရှာနေခဲ့ခြင်း ဖြစ်သည်။

ယခု အိမ်ရှေ့စံမင်းသား၏ စကားကိုကြားသောအခါ ရွှီချင်းသည် ချက်ချင်း ရိုသေလေးစားစွာ ပြောကြားသည်။

“ အဖိုး… ကျေးဇူးပြုပြီး ကျွန်တော့်ကို အလင်းပြပေးပါ ”

ရွှီချင်းသည် မျှော်လင့်သော အကြည့်ဖြင့် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

ရွှီချင်း၏ အကြည့်ကို မြင်သောအခါ အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်သည်။

“ ရွှီချင်း… မင်းရဲ့ အဆိပ်က နတ်ဘုရားအစွမ်းတစ်မျိုးဆိုတာ ငါအာရုံခံမိတယ် ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

“ အဲ့ဒီအဆိပ်က အတော်လေး အံ့ဖွယ်ကောင်းပြီး အဆုံးမဲ့တဲ့ အလားအလာတွေကို ပိုင်ဆိုင်ထားတယ်… ဒါပေမဲ့ အဲ့ဒီအဆိပ်က ငါတည်ရှိနေတဲ့ ခေတ်ကာလတုန်းမှာ မရှိသေးဘူး… ငါချိပ်ပိတ်ခံထားရတဲ့ အချိန်အတွင်းမှာ ပေါ်ပေါက်လာတာ ဖြစ်နိုင်တယ်… ဒါကြောင့် အဲ့ဒါကို ငါတစ်ခါမှ မမြင်ဖူးဘူး ”

အိမ်ရှေ့စံမင်းသားသည် လေးနက်သော အကြည့်ဖြင့် ရွှီချင်းကို ကြည့်လိုက်သည်။

“ ဒါပေမဲ့ မင်းရဲ့ တားမြစ်အဆိပ်ထက် ပိုပြီးအားကောင်းတဲ့ အဆိပ်တွေကို ငါမြင်ဖူးတယ်… ဝမ်ကူးကုန်းမြေက အစွမ်းထက်ဆုံး အဆိပ်ကိုတောင် ငါမြင်ဖူးတယ်လို့ ပြောနိုင်တယ် ”

“ မင်းလည်း အဲ့ဒါကို အရင်က မြင်ဖူးလောက်ပါတယ် ”

အိမ်ရှေ့စံမင်းသား၏ စကားထဲမှာ လေးနက်သော အဓိပ္ပာယ်ပါရှိသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး အတွေးများစွာသည် သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။ သို့သော်လည်း အနည်းငယ် မသဲမကွဲဖြစ်နေဆဲပင်။ ဤသည်မှာ အဖြေက သူ့အရှေ့မှာရှိနေသော်လည်း မြူခိုးအလွှာတစ်ခုက သူရှာမတွေ့နိုင်အောင် တားဆီးပိတ်ဆို့ထားသည့်အလားပင်။

ရွှီချင်း၏ အတွေးများကို အာရုံခံမိသောအခါ အိမ်ရှေ့စံမင်းသားသည် ဂုဏ်ယူဝင့်ကြွားသွားပြီး တည်ငြိမ်စွာ ပြောသည်။

“ ရွှီချင်း… ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်ပါ… မှောင်ရီနေတဲ့ ကောင်းကင်အပြင်ဘက်မှာ တည်ရှိနေတဲ့ နတ်ဘုရားမျက်နှာပျက်ကြီးကို တစ်ချက်ကြည့်လိုက်ပါ ”

ရွှီချင်း၏ အသိစိတ်သည် ချက်ချင်း ပရမ်းပတာ လှုပ်ခတ်သွားသည်။ သူက အလိုအလျောက် ခေါင်းမော့လိုက်ပြီး ကောင်းကင်ကို ကြည့်လိုက်သည်။

လဝတ်ပြုဒေသကြီး၏ ကောင်းကင်သည် မှောင်ရီနေပြီး တခြားဒေသကြီးများကဲ့သို့ ရှင်းလင်းမှုမရှိသော်လည်း ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီး၏ အကြမ်းဖျဉ်းပုံစံကိုတော့ မြင်နိုင်သေးပေသည်။

“ နတ်ဘုရားမျက်နှာပျက်ကြီးကို မင်းမြင်လား… ဘာလို့ သူမျက်လုံးဖွင့်လိုက်တဲ့အခါတိုင်း သက်ရှိအားလုံးက အော်ဟစ်ညည်းတွားရပြီး သူ့အကြည့်ကျရောက်သွားတဲ့နေရာက တားမြစ်ဇုန်ဖြစ်လာရတာလဲ မင်းသိလား… ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အကြည့်က အဆိပ်ဖြစ်လို့ပဲ ”

“ ဒါဆို မင်းဘာလို့ နတ်ဘုရားမျက်နှာပျက်ကြီးကို အတုမခိုးကြည့်တာလဲ ”

“ မင်းက တားမြစ်အဆိပ်ကို ရိုးရိုးရှင်းရှင်းပဲ ထုတ်လွှတ်တယ်မလား… မင်းက အဆိပ်ထုတ်လွှတ်ဖို့အတွက် လှည့်ကွက်တချို့နဲ့ လေကို မှီခိုအားထားရတယ်… ဒါပေမဲ့ အဲ့ဒါတွေအားလုံးက လူသားတွေ လုပ်ဆောင်နိုင်တဲ့အရာတွေပါ… နတ်ဘုရားတွေအတွက်တော့ မမှန်ကန်ဘူး ”

“ မင်းက လူသားတစ်ယောက်လို အတွေးရှိနေတယ်ဆိုရင် နတ်ဘုရားအဆိပ်ကို ထုတ်လွှတ်နိုင်မှာ မဟုတ်ဘူး ”

“ မင်းက နတ်ဘုရားမျက်နှာပျက်ကြီးဆီကနေ သင်ယူသင့်တယ်… တားမြစ်အဆိပ်ကို မင်းရဲ့ အကြည့်နဲ့ ပေါင်းစပ်သင့်တယ်… တကယ်လို့ မင်းလုပ်နိုင်တယ်ဆိုရင် အဲ့ဒါက အစိတ်အပိုင်းသေးသေးလေးဆိုရင်တောင် မင်းရဲ့ တားမြစ်အဆိပ်စွမ်းအားက ရွှေကျီးကန်းလိုပဲ အံ့မခန်းအစွမ်းကို ထုတ်လွှတ်လာနိုင်လိမ့်မယ် ”

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ အိမ်ရှေ့စံမင်းသား၏ စကားသည် အလွန်အံ့ဖွယ်ကောင်းသည်။ ယင်းက သူ့အား လမ်းကြောင်းသစ်တစ်ခု ဖွင့်လှစ်ပေးလိုက်ခြင်း ဖြစ်သည်။ ဤအခိုက်အတန့်မှာ မိုးကြိုးသွားတစ်ခုက သူ၏ အသိစိတ်ထဲမှာ ပေါက်ကွဲထွက်သွားပြီး ယခင်အတွေးဟောင်းများကို ဖယ်ရှားပစ်လိုက်သည်။ အတွေးသစ် အမြင်သစ်များက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။

“ ဟုတ်တယ်… နတ်ဘုရားမျက်နှာပျက်ကြီးက မျက်လုံးဖွင့်လိုက်တဲ့အခါ အဲ့ဒီဧရိယာတစ်ဝိုက်က ဒြပ်နှောတွေက အရမ်းသိပ်သည်းလာတယ်… အဲ့ဒါက ငါ့အဆိပ်နဲ့ သဘောတရား အတူတူပဲ ”

“ အဲ့ဒါဆို ငါလည်းပဲ… ”

ရွှီချင်းသည် နှလုံးခုန်မြန်လာသည်။ သူ၏ အတွေးများသည် ဤအခိုက်အတန့်မှာ မရပ်မစဲ ဆက်တိုက်ကျယ်ပြန့်လာနေသည်။ အချိန်အတော်ကြာပြီးနောက် သူက အိမ်ရှေ့စံမင်းသားကို ချီးကျူးလေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

တစ်ဖက်လူ၏ အမြင်နှင့် အကဲဖြတ်မှုသည် သူ၏ နားလည်သဘောပေါက်မှုပေါ်မှာ အခြေခံသည်။

ထိုသို့နားလည်သဘောပေါက်မှုသည် ယခင်က ရွှီချင်းဆီမှာ တစ်ခါမှ မရှိခဲ့ဖူးပေ။ သူ၏ နားလည်နိုင်စွမ်းက သတ္တမသခင်ကြီးကြောင့် အဆင့်တတ်သွားခဲ့သော်လည်း အိမ်ရှေ့စံမင်းသား၏ အဆင့်ထိတော့ မရောက်ရှိသေးပေ။

“ ကျေးဇူးတင်ပါတယ် အဖိုး ”

ရွှီချင်းသည် စိတ်လှုပ်ရှားသွားသည်။ သူက ဦးညွတ်လိုက်ပြီး အရိုအသေပေးလိုက်သည်။

ရွှီချင်း၏ အမူအရာကို ကြည့်နေရင်း ရွှီချင်း၏ စိတ်ခံစားချက်များကို အာရုံခံမိသွားသောအခါ အိမ်ရှေ့စံမင်းသားသည် ခပ်ရေးရေး ပြုံးလိုက်သည်။

သူ၏ နှလုံးသားထဲမှ ဂုဏ်ယူဝင့်ကြွားမှုသည် ထပ်မံမြင့်တတ်သွားပြီး ထိုကောင်လေး၏ ဆရာက သူ့လောက် မတော်ကြောင်း တွေးမိသွားသည်။ ထိုသို့ကျောက်ရိုင်းတုံးလေးကို သူသာလျှင် ထုဆစ်ပုံသွင်းပေးနိုင်လိမ့်မည်။

“ ဒါဆို နောက်တစ်ဆင့်ကို ဘယ်လိုဆက်လျှောက်ရမလဲဆိုတာ မင်းသိသွားလောက်ပြီ… ဒီနေရာက ကျင့်ကြံဖို့ အတော်လေး သင့်တော်တယ်… ဒီမှာ မင်း သုံးရက်လောက်နေပြီး နားလည်နိုင်အောင် ကြိုးစားကြည့်ပါ… တကယ်လို့ မင်းမလုပ်နိုင်သေးဘူးဆိုရင် ဆေးဆိုင်ကို ပြန်လာပြီး ငါ့ကို လာရှာပါ ”

အိမ်ရှေ့စံမင်းသားသည် စကားပြောပြီးနောက် သုံးရက်စာအတွက် စည်းချအစီအရင်တစ်ခုကို ဤနေရာမှာ ခင်းကျင်းလိုက်သည်။ ထို့နောက် သူက လက်နောက်ပစ်လျက် စိတ်ကျေနပ်စွာ ပြန်ထွက်သွားသည်။

ရွှီချင်းသည် နေရာမှာ အချိန်အတာ်ကြာအောင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေမိသည်။ ထို့နောက် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်ကာ နက်နဲစွာ တွေးတောလိုက်သည်။

“ တားမြစ်အဆိပ်ကို ငါ့အကြည့်ထဲ ထည့်သွင်းနိုင်အောင် ဘယ်လိုလုပ်ရမလဲ… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ တားမြစ်အဆိပ်စွမ်းအားသည် ပေါ်လျှိုးထွက်လာပြီး မျက်လုံးဆီသို့ တိုးဝင်သွားသည်။

All Chapters