ရည်မှန်းချက်… နတ်ဘုရားအမြင်
Vol. 64 Ch. 997
ရွှီချင်းသည် သူ့ဘဝတွင် အခက်အခဲများစွာကို တွေ့ကြုံခဲ့ဖူးသည်။ တချို့ကို ဖြေရှင်းနိုင်ခဲ့ပြီး တချို့ကို မဖြေရှင်းနိုင်ခဲ့ပေ။
သို့သော်လည်း ရွှီချင်း၏ မှတ်ဉာဏ်များထဲမှာ သူ့အတွက် ကျင့်ကြံခြင်း၌ အခက်တွေ့ခြင်းသည် အလွန်ရှားပါးသည်။ အထူးသဖြင့် ဆင်ခြင်သုံးသပ်ခြင်းတွင် ဖြစ်သည်။ အတိတ်တုန်းက တောင်တန်းနှင့်ပင်လယ်အတတ်ပညာဖြစ်စေ သို့မဟုတ် တခြားကျင့်ကြံခြင်းအတတ်ပညာများဖြစ်စေ အဆင်ပြေချောမွေ့စွာ သူကျင့်ကြံနိုင်ခဲ့သည်။
သူက တစ္ဆေအင်ပါယာတောင်ကုန်းကို ဆင်ခြင်သုံးသပ်ခဲ့စဉ်ကလည်း ထိုအတိုင်းသာ ဖြစ်သည်။ အမှန်မှာ သူက တစ္ဆေအင်ပါယာတောင်ကုန်းကို ဒြပ်ထည်ဖွဲ့စည်းပြီးနောက်ပိုင်း မည်သည့်အတားအဆီးကိုမှ မတွေ့ကြုံတော့ပေ။ စောစောတုန်းက ရွှေကျီးကန်းကို ဆင်ခြင်သုံးသပ်ခြင်းသည် အနည်းငယ်ခက်ခဲသော်လည်း သူ၏ အတွေးများသည် ချောချောမွေ့မွေ့ရှိပြီး မြန်ဆန်စွာ နားလည်သဘောပေါက်နိုင်ခဲ့သည်။
မှန်ပေ၏။ တခြားလူများ၏ ညွှန်ကြားမှုများကလည်း သူ့ကို အများကြီး အထောက်အကူပြုပေးခဲ့သည်။ သို့သော်လည်း အခြေခံအားဖြင့်ဆိုရလျှင် ယင်းက ရွှီချင်း၏ နားလည်နိုင်စွမ်းကြောင့်သာ ဖြစ်၏။
သူ၏ နားလည်နိုင်စွမ်းသည် အမြဲတမ်း အံ့ဖွယ်ကောင်းခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ သူ့မှာ မည်သည့်ဦးတည်ရာမှ မရှိသလို သဲလွန်စလည်း မရှိပေ။
တားမြစ်အဆိပ်ကို သူ၏ အကြည့်ထဲသို့ ထည့်သွင်းခြင်းသည် အပြောထက် အလုပ်ပိုခက်သည်။ ရွှီချင်းသည် ဤသုံးရက်အတောအတွင်းမှာ အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့သော်လည်း မလုပ်ဆောင်နိုင်ခဲ့ပေ။
သူက တားမြစ်အဆိပ်ကို သူ၏ မျက်လုံးထဲသို့ ပေါင်းစပ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် တားမြစ်အဆိပ်သည် သူနှင့် တစ်သားတည်းဖြစ်ပြီးသား ဖြစ်သည်။ တားမြစ်အဆိပ်၏ ဖျက်ဆီးမှုကို ရွှီချင်းက လျစ်လျူရှုထားနိုင်သည်။ အကယ်၍ သူက အချိန်ကြာကြာ အသုံးပြုမည်ဆိုလျှင်ပင် ခရမ်းသလင်းကျောက်ဖြင့် သူ့ကိုယ်သူ ပြန်ကုသနိုင်ပေသည်။
သို့ဖြစ်၍ အဆိပ်ကို သူ၏ မျက်လုံးထဲမှာ ပမာဏတစ်ခုထိ ထည့်သွင်းနိုင်သည်။
သို့သော်လည်း ထိုအဆိပ်ကို သူ၏ အကြည့်မှတဆင့် မထုတ်လွှတ်နိုင်ပေ။
“ အကြည့်…”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ ယင်းကို သူနားမလည်ပေ။
အကြည့်ဆိုတာ ဘာလဲ… အဆိပ်ကို အကြည့်နဲ့ ဘယ်လို ပေါင်းစပ်နိုင်မလဲ… သူမြင်လိုက်တဲ့အရာတွေကို အဆိပ်သင့်အောင် ဘယ်လိုလုပ်သင့်လဲ…
“ ဘယ်လိုလုပ်မှ ငါအဲ့လိုလုပ်နိုင်မှာလဲ ”
ရွှီချင်း၏ ပုံစံသည် မောပန်းနေပုံပေါ်သည်။ သူ့ဘေးပတ်ပတ်လည်တွင် အိမ်ရှေ့စံမင်းသား ခင်းကျင်းသွားခဲ့သော စည်းချအစီအရင်က လွင့်ပြယ်သွားနေပြီဖြစ်ကြောင်း သူအာရုံခံမိသည်။ ထို့ကြောင့် သူက မတ်တတ်ရပ်လိုက်ပြီး ဆေးဆိုင်ဆီသို့ တိတ်ဆိတ်စွာ လျှောက်သွားသည်။ သူက မြို့ထဲသို့ ဝင်သွားတော့မည့်အချိန် အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ မဟုတ်မှ ငါက မျက်လုံးကို အစွဲအလမ်းကြီးနေလို့များလား ”
ရွှီချင်းသည် နေရာမှာ ရပ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ သူက တိတ်တဆိတ် အာရုံခံကြည့်သည်။ သို့သော်လည်း အရာအားလုံးသည် ယခင်အတိုင်း ဆက်ရှိနေဆဲပင်။ မျက်လုံးမှိတ်ခြင်းသည် သူ့ကို မည်သည့်နားလည်မှုမှ မဖြစ်ပေါ်စေဟန် ရသည်။
အဘယ့်ကြောင့်ဆိုသော် သူမြင်ရသော အမှောင်ထုသည် အကြည့်ကို ဖုံးကွယ်ထားခြင်းမှ ဖြစ်ပေါ်လာသောအရာ ဖြစ်သည်။ သို့ဖြစ်၍ သူက မြင်နိုင်သေးပေသည်။
“ ဒါဆို ငါ့မျက်လုံးကို ဆုံးရှုံးသွားမယ်ဆိုရင်ရော ”
ရွှီချင်းသည် အမြဲတမ်း သူ့ကိုယ်သူ အကြင်နာမဲ့သူဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက တုံ့ဆိုင်းမနေဘဲ သူ၏ ညာလက်ကို မြှောက်လိုက်ပြီး မျက်လုံးကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။
ပြင်းထန်သော နာကျင်မှုသည် သူ၏ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားပြီး သွေးသည် သူ၏ မျက်လုံးထဲမှ စီးကျလာသည်။ သူက မျက်ကန်းတစ်ယောက် ဖြစ်လာသည်။
ကြီးမားသော နာကျင်မှုလှိုင်းများသည် ရွှီချင်း၏ အသိစိတ်ကို ပြင်းထန်စွာ ရိုက်ခတ်လာသည်။ သို့သော်လည်း အတိတ်တုန်းက သူတွေ့ကြုံခဲ့ရသော နာကျင်မှုများနှင့် နှိုင်းယှဉ်လျှင် ယင်းက စာမဖွဲ့လောက်ပေ။
ဒဏ်ရာရသွားသော မျက်လုံးသည် ခရမ်းသလင်းကျောက်၏ စွမ်းအင်အောက်မှာ ဖြည်းဖြည်းချင်း ပြန်ကောင်းမွန်လာသည်။
သို့သော်လည်း ရွှီချင်းသည် ခရမ်းသလင်းကျောက်၏ ကုသခြင်းစွမ်းရည်ကို ဖိနှိပ်လိုက်သည်။ သူက မျက်ကန်းဘဝကို တွေ့ကြုံခံစားချင်သည်။
ယခု သူ၏ အရှေ့မှ အမှောင်ထုသည် စောစောက သူမျက်လုံးမှိတ်ထားခဲ့စဉ်က အမှောင်ထုနှင့် ခြားနားပေသည်။
ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။
ဤသည်မှာ ယခင်က သူအာရုံမစိုက်မိခဲ့သောအရာ ဖြစ်သည်။ မျက်လုံးမှိတ်ထားခြင်းနှင့် မျက်လုံးကန်းသွားခြင်းသည် အမှန်တကယ် ခြားနားလိမ့်မည်ဟု သူသည်လည်း မမျှော်လင့်ထားခဲ့ပေ။
ယခင်က သူမျက်လုံးမှိတ်လိုက်သည့်အခါ သူ၏ အမြင်အာရုံသည် ဖုံးကွယ်ခံလိုက်ရပြီး မည်းမှောင်နေသော အမှောင်ထုချည်းကိုသာ မြင်နိုင်လိမ့်မည်။
ဤတစ်ကြိမ်တွင် မည်သည့်အရာကိုမှ သူမမြင်နိုင်တော့ပေ။ သို့ဖြစ်၍ အနက်ရောင်ကိုလည်း သူမမြင်နိုင်တော့ပေ။
“ အနက်ရောင်မရှိဘူး… ”
ရွှီချင်းက တီးတိုးရေရွတ်လိုက်သည်။ ထိုခံစားမှုက မည်သည့်အရာဖြစ်ကြောင်း သူမပြောနိုင်ပေ။ ဤသည်မှာ ပုံမှန်လူတစ်ယောက်က မျက်စိတစ်ဖက်မှိတ်လိုက်သည့်အခါ သူတို့၏ အမြင်အာရုံသည် ကျဉ်းမြောင်းသွားပြီး အစိတ်အပိုင်းတစ်ခုက ပျောက်ဆုံးသွားသကဲ့သို့ပင်။
“ ပြီးတော့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းက အနက်ရောင်မဟုတ်ဘူး… အဲ့ဒါမှာ အရောင်မရှိဘူး… အမြင်အာရုံရဲ့ တုံ့ပြန်မှုလည်း မရှိဘူး… ပြောရရင် အဲ့ဒါက အဝေးကို ဖယ်ရှားခံလိုက်ရသလိုပဲ ”
“ ဗလာနတ္ထိ… ”
ရွှီချင်းသည် ညင်သာစွာ တီးတိုးရေရွတ်လိုက်သည်။
ထိုစကားလုံးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ မျက်လုံးကန်းသွားပြီးနောက် သူမြင်လိုက်ရသောအရာသည် ဗလာနတ္ထိဖြစ်သည်။
ယင်းက ရွှီချင်းကို စိတ်မသက်မသာ ခံစားရစေသည်။
တစ်ခဏကြာပြီးနောက် ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို ဖြန့်ထုတ်လိုက်သည်။ လောကကြီးသည် သူ၏ အရှေ့မှာ ထပ်မံပေါ်ထွက်လာသည်။
သူသည် အရာအားလုံးကို အမြင်အာရုံဖြင့် မသိရှိနိုင်တော့သော်လည်း အရှိန်အဝါမှတဆင့်၊ လေ၏ အထိအတွေ့မှတဆင့်၊ ဝိညာဉ်၏ ပဲ့တင်ထပ်မှုနှင့် နတ်ဘုရားစိတ်အာရုံ၏ စုစည်းမှုမှတဆင့် ခံစားသိရှိနိုင်သေးပေသည်။
နတ်ဘုရားစိတ်အာရုံသည် မမြင်ရသော ကွန်ရက်သဖွယ် တည်ရှိသည်။ ယင်းက သူ့ကို ဗဟိုပြု၍ မရေမတွက်နိုင်သော လှိုင်းဂယက်များအသွင် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားနေသည်။ ထိုလှိုင်းဂယက်များဖြင့် ထိတွေ့သွားသော မည်သည့်အရာကိုမဆို တုံ့ပြန်မှုတစ်ခု ဖန်တီးစေလိမ့်မည်။ သို့ဖြစ်၍ လှိုင်းအတတ်အကျများသည် ထိုကွန်ရက်ထဲမှာ အစဉ်အမြဲ ထွက်ပေါ်နေသည်။
နောက်ဆက်တွဲအနေဖြင့် သူ၏ စိတ်ထဲမှာ အသိစိတ်တစ်ခု ဖြစ်ပေါ်လာသည်။
ယင်းက အသိစိတ်သာဖြစ်ပြီး ပုံရိပ်မဟုတ်ပေ။
ပုံရိပ်ဟူသည် မြင်တွေ့နိုင်သောအရာဖြစ်ပြီး အမြင်၏ တိုက်ရိုက် တုံ့ပြန်မှုဖြစ်သည်။ သို့သော် အသိစိတ်သည်တော့ ခံစားသိရှိခြင်းဖြစ်သည်။
တစ်ခါတစ်ရံ ကျင့်ကြံသူများသည် နတ်ဘုရားအသိစိတ်၏ တည်ရှိမှုကြောင့် အစစ်အမှန်နှင့် ပုံရိပ်ယောင်ကို အလွယ်လေး ခွဲခြားသိမြင်နိုင်ကြသည်။ ထို့ကြောင့် နတ်ဘုရားအသိစိတ်သည် အမြင်အာရုံ၏ မူကွဲတစ်ခုဟု သူတို့က အလိုအလျောက် ထင်မှတ်လာကြသည်။
သို့သော်လည်း တကယ့်လက်တွေ့တွင် ဤအခိုက်အတန့်မှာ နတ်ဘုရားအသိစိတ်က အမြင်အာရုံ၏ မူကွဲတစ်ခုမဟုတ်ကြောင်း ရွှီချင်းက နားလည်သွားသည်။
အပြင်လောကကို ခံစားသိရှိခြင်းမှတဆင့် သူ့ဘေးပတ်ဝန်းကျင်မှ အရာအားလုံးသည် ရွှီချင်း၏ စိတ်ထဲမှာ ထွက်ပေါ်လာကြသည်။
မြို့သော်လည်းကောင်း၊ ကောင်းကင်နှင့် မြေပြင်သော်လည်းကောင်း၊ ဘေးပတ်ပတ်လည်ရှိ အဆောက်အဦးများသော်လည်းကောင်း၊ လမ်းများပေါ်မှ ဖြတ်သန်းသွားလာသူများနှင့် အဝေးမှ တောင်တန်းများသော်လည်းကောင်း ထိုအရာအားလုံးကို သူအာရုံခံနိုင်ပြီး မြင်နိုင်ပေသည်။
သို့သော်လည်း တချို့သည် အရောင်ရှိပြီး တချို့သည် အရောင်မရှိပေ။ ယင်းတို့က ပုံကြမ်းအသွင်ဖြင့်သာ ရှိကြသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် မြို့ထဲသို့ လျှောက်ဝင်သွားပြီး ဆေးဆိုင်ဆီသို့ ဦးတည်သွားသည်။
လမ်းတစ်လျှောက်တွင် သူက ထိုအခြေအနေဖြင့် သူ၏ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးကို အာရုံခံလိုက်သည်။ ယင်းက အကြည့်မဟုတ်ကြောင်း သူခံစားမိသည်။
“ ဆေးလုံးဝယ်ဖို့အတွက် မိုင်တစ်ထောင်ကို ခရီးနှင်ခဲ့တယ်… ကံစပ် မစပ် ငါတစ်ခေါက်ဝင်ကြည့်ဦးမယ် ”
အဝေးမှ ဝူကျန်းဝူ၏ အသံသည် ရွှီချင်း၏ နားထဲသို့ ဝင်ရောက်လာသည်။ ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူ၏ စိတ်အာရုံထဲမှာ ဝူကျန်းဝူ၏ ပုံရိပ်က ထွက်ပေါ်လာသည်။ သူ့မှာ အဝတ်အစားအရောင်၊ ဆံပင်အရောင်နှင့် မျက်နှာအမူအရာ၏ အရောင်ပင် ရှိသည်။
“ မင်း… မင်း… မင်း ဘာဖြစ်လာတာလဲ ”
ရွှီချင်းက အနားကပ်လာသည်ကို မြင်သောအခါ ဝူကျန်းဝူသည် မျက်လုံးပြူးကျယ်သွားသည်။ ရွှီချင်းက မျက်လုံးမှိတ်ထားပြီး သွေးက သူ၏ မျက်လုံးထဲမှ စီးကျနေကြောင်း သူမြင်တွေ့သွားသည်။ သူ၏ အသံထဲမှာ ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသောကြောင့် ဘေးပတ်ဝန်းကျင်မှ လူများ၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားသည်။
ချက်ချင်းဆိုသလို ခေါင်းဆောင်၊ လီယိုဖေးနှင့် လင်းအာသည် ရွှီချင်းရောက်ရှိလာသည်ကို သတိထားမိသွားကြသည်။
“ အကိုရွှီချင်း ”
လင်းအာသည် လန့်ဖျပ်သွားပြီး အမြန်ပြေးထွက်လာကာ ရွှီချင်းကို ဖက်လိုက်သည်။
ရွှီချင်းသည် လင်းအာ၏ ဦးခေါင်းကို ပုတ်ပေးလိုက်ပြီး ပြုံးလိုက်သည်။ လင်းအာသည်လည်း အရောင်အသွေးရှိသည်။
“ ကိစ္စမရှိပါဘူး… ငါက ကျင့်ကြံနေတာပါ ”
“ ဒါပေမဲ့ ဘယ်လိုကျင့်ကြံခြင်းမျိုးက မျက်လုံးဖောက်ဖို့ လိုတာလဲ ”
လင်းအာသည် ငိုယိုပြီး ပြောသည်။
ရွှီချင်းသည် လင်းအာကို နှစ်သိမ့်ပေးလိုက်ပြီး ဆေးဆိုင်ထဲသို့ ဝင်သွားသည်။
ထို့နောက် သူ၏ အရှေ့တွင် ထွက်ပေါ်လာသည့် မြင်ကွင်းထဲမှာ ခေါင်းဆောင်သည် မယုံကြည်နိုင်သော အကြည့်ဖြင့် သူ့ကို ကြည့်နေပြီး လီယိုဖေးသည် ထိတ်လန့်နေသည်။ နင်ယန်သည်တော့ မျက်လုံးပြူးကျယ်နေသည်။ ဝိညာဉ်သခင်မယုံကျင်းသည် ရေနွေးကျိုနေသည်။ အိမ်ရှေ့စံမင်းသားသည် မနီးမဝေးမှ ထိုင်ခုံပေါ်မှာ ထိုင်နေပြီး သူ့ကို ကြည့်နေသည်။
ရွှီချင်းသည် လင်းအာကို ကျောပုတ်ပေးလိုက်ပြီး အိမ်ရှေ့စံမင်းသားဆီသို့ ချဉ်းကပ်သွားသည်။ သူက ဘေးထိုင်ခုံမှာ ဝင်ထိုင်လိုက်ပြီး စဉ်းစားလိုက်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် နူးညံ့စွာ ပြောသည်။
“ အဖိုး… ငါမလုပ်နိုင်သေးဘူး… ငါ့မျက်လုံးကို ဖောက်ပြီးသွားတဲ့တိုင်အောင် အဆိပ်ကို ငါ့အကြည့်ကနေ မထုတ်လွှတ်နိုင်သေးဘူး… အသိအမြင်လောကထဲမှာတောင် အဆိပ်ကို ငါ့ရဲ့ နတ်ဘုရားစိတ်အာရုံဆီ မစေလွှတ်နိုင်ဘူး ”
အိမ်ရှေ့စံမင်းသားသည် လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူက ယခင်အတိုင်း နက်နဲသော နည်းလမ်းဖြင့် လမ်းညွှန်ပေးရန် ဟန်ပြင်လိုက်သော်လည်း တစ်ခဏတွေးတောပြီးနောက် မျက်လုံးကန်းနေသော ရွှီချင်းကို ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူက တိုက်ရိုက် လမ်းညွှန်ပေးရန် ဆုံးဖြတ်လိုက်သည်။
“ မင်း မျက်လုံးဖောက်လိုက်တာ မှန်ကန်တဲ့ လုပ်ရပ်ပဲ ”
“ မင်းက နတ်ဘုရားရဲ့ အမြင်ကို အာရုံခံနိုင်ပြီး အစစ်အမှန်လောကကို မြင်နိုင်အောင် နည်းလမ်းတစ်ခု စဉ်းစားရလိမ့်မယ် ”
“ နတ်ဘုရားရဲ့ အမြင်လား… အစစ်အမှန်လောကလား ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
“ ဟုတ်တယ် ”
အိမ်ရှေ့စံမင်းသားက အဓိပ္ပာယ်ရှိစွာ ပြောသည်။
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ တစ်ခဏကြာပြီးနောက် သူက မတ်တတ်ရပ်လိုက်ပြီး အရိုအသေပေးလိုက်သည်။ လင်းအာ၏ စိုးရိမ်ပူပန်သော အကြည့်အောက်မှာ ရွှီချင်းသည် သူရင်းနှီးသော နောက်ဖေးခန်းထဲသို့ ဝင်ရောက်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်ကာ တွေးတောစဉ်းစားသည်။
“ ဘာလို့ ငါ့ရဲ့အသိအမြင်လောကထဲမှာ တချို့က အရောင်ရှိပြီး တချို့က အရောင်ကင်းမဲ့နေတာလဲ… ”
ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ ထိုအချက်က အဓိကသော့ချက်ဖြစ်နိုင်သည်ဟု သူခံစားမိသည်။
ညအချိန်ကုန်လွန်သွားသည်။
နောက်တစ်နေ့နံနက်တွင် ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူက အဖြေကို ရေးတေးတေး ခန့်မှန်းမိလာသည်။ သို့ဖြစ်၍ သူက ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ အရာအားလုံးသည် အရောင်ရှိသည်။ တစ်ခဏကြာပြီးနောက် ရွှီချင်းသည် ခေါင်းဆောင်ဆီသို့ ရုတ်တရက် အသံပို့လွှတ်လိုက်သည်။
“ စီနီယာအကိုကြီး… မင်းဆီမှာ အရင်က တစ်ခါမှငါမမြင်ဖူးတဲ့ ပစ္စည်းရှိလား ”
အဓိကခန်းမထဲတွင် ဝိညာဉ်သခင်မယုံကျင်းကို စိုက်ကြည့်နေသော ခေါင်းဆောင်သည် ရွှီချင်း၏ အသံကိုကြားသောအခါ မျက်ခုံးပင့်တင်လိုက်သည်။ စူးစမ်းလိုသော အပြုံးသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီး သူက နောက်ဖေးခန်းထဲသို့ လျှောက်သွားသည်။
သူက ရွှီချင်းကို မြင်သွားသောအခါ ညာလက်ကို မြှောက်လိုက်ပြီး ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို ဖြန့်ကြက်လိုက်ပြီး ဆေးလုံးအနံ့ကို ရှူမိသွားသောအခါ ယင်းက ကျိန်စာဖယ်ရှားဆေးလုံးဖြစ်ကြောင်း သိရှိသွားသည်။
“ တခြားတစ်ခုကို ပြောင်းလိုက်ပါ ”
ခေါင်းဆောင်၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင် ထွက်ပေါ်လာပြီး လေးနက်စွာ ပြုံးလိုက်သည်။ တစ်ခဏစဉ်းစားပြီးနောက် သူက တခြားပစ္စည်းတစ်ခုကို ထုတ်ယူလိုက်သည်။
“ ဒီဟာဆိုရင်ရော ”
ထိုပစ္စည်းက အမျိုးသမီးအတွင်းခံအင်္ကျီဖြစ်ကြောင်း ရွှီချင်း မြင်သွားသည်။ သူက တစ်ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းယမ်းလိုက်သည်။
ခေါင်းဆောင်၏ ဝါသနာသည် ထူးခြားပြီး သူက အမျိုးသမီးအတွင်းခံအင်္ကျီကိုပင် သိမ်းဆည်းထားသေးသည်။ ထိုပစ္စည်းကို မြင်လိုက်ရသောအခါ သူက ပြောစရာစကားမဲ့သွားသည်။
တစ်ခဏကြာပြီးနောက် ခေါင်းဆောင်က တခြားပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ကြောင်း သူအာရုံခံမိသွားသည်။
သို့သော်လည်း သူ၏ စိတ်အာရုံထဲမှာ ထိုပစ္စည်းသည် အရောင်မရှိပေ။
ရွှီချင်းသည် ဆတ်ခနဲ ခေါင်းမော့လိုက်သည်။
“ အဲ့ဒါက… ”
ခေါင်းဆောင်၏ အကြည့်သည် လက်ဖဝါးပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာတွင် သေးငယ်သော အပြာရောင်ရုပ်တုတစ်ခု ရှိသည်။ သူက ထိုပစ္စည်းကို သူ့ဘဝ၏ အစောပိုင်းအချိန်တုန်းက ရရှိခဲ့ခြင်း ဖြစ်သည်။ ယင်းက မျိုးနွယ်စုတစ်ခု၏ ယုံကြည်ကိုးကွယ်ရာ ပစ္စည်းတစ်ခုဖြစ်ပြီး မည်သည့်ထူးခြားချက်မှ မရှိပေ။ သို့ဖြစ်၍ သူက ထိုပစ္စည်းကို သူ၏ သိုလှောင်အိတ်ထဲမှာ တစ်ချိန်လုံး သိမ်းဆည်းထားခဲ့ပြီး မေ့လျော့နေခဲ့ပြီ ဖြစ်သည်။
“ အဲ့ဒါ ရုပ်တုတစ်ခုပဲ ”
ခေါင်းဆောင်သည် ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူ၏ စိတ်အာရုံထဲမှာ ခေါင်းဆောင်၏ လက်ထဲမှ ရုပ်တုကို အကြမ်းဖျဉ်း မြင်နေရသည်။
“ ဘာအရောင်လဲ ”
ရွှီချင်းက မေးသည်။
“ အနီရောင် ”
ခေါင်းဆောင်၏ အကြည့်သည် လေးနက်လာပြီး သူက ပြုံးလိုက်သည်။
ချက်ချင်းဆိုသလို ခေါင်းဆောင်၏ လက်ဖဝါးပေါ်မှ ရွှီချင်းအာရုံခံမိသော ရုပ်တုသည် အနီရောင်သို့ ပြောင်းလဲသွားသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ သူက စကားပြောတော့မည့်အချိန် ခေါင်းဆောင်သည် ရုတ်တရက် ပြောသည်။
“ အာ… ငါအမြင်မှားသွားတာပဲ… အဲ့ဒါက အနီရောင်မဟုတ်ဘူး… အဖြူရောင် ”
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။
ခေါင်းဆောင်သည် ပြုံးလိုက်ပြီး အပြာရောင်ရုပ်တုကို ရွှီချင်း၏ အရှေ့မှာ ချပေးလိုက်သည်။ ထို့နောက် သူက တီးတိုးပြောသည်။
“ ချင်းလေး… တချို့အကြောင်းလေးတွေကြောင့် ငါမင်းကို မညွှန်ကြားပေးနိုင်ဘူး… ဒါပေမဲ့ ဒီရုပ်တုက မင်းအတွက် ငါပေးတဲ့ လက်ဆောင်ပါ… မင်းမျက်လုံးပြန်ကောင်းလာတဲ့အခါ အဲ့ဒါက ဘာအရောင်လဲ ကိုယ့်ဘာသာ ကြည့်ကြည့်ပါ ”
ထိုသို့ပြောပြီးနောက် ခေါင်းဆောင်သည် ထွက်သွားသည်။
ရွှီချင်း၏ နှလုံးသည် လှုပ်ခါလာသည်။ အတွေးများစွာက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခရမ်းသလင်းကျောက်၏ ကုသစွမ်းရည်ကို ပြန်ထုတ်လွှတ်လိုက်ပြီး မျက်လုံးဆီသို့ တိုးဝင်သွားစေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်းသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့အရှေ့မှ အပြာရောင်ရုပ်တုကို ကြည့်လိုက်သည်။
ရုပ်တုကို မြင်သွားသည်နှင့်တစ်ပြိုင်နက် ရွှီချင်း၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။
အနီရောင်နှင့် အဖြူရောင်ဟူသော ယခင်က သူ၏ အတွေးများသည် ချက်ချင်း ပျောက်ကွယ်သွားပြီး အပြာရောင်သို့ ပြောင်းလဲသွားသည်။
ထိုဖြစ်စဉ်က သူ့အား ကြီးမားသော ထိတ်လန့်မှုကို ခံစားမိစေသည်။
“ အရောင်တွေကို လှည့်စားလို့ရတယ်… ဒါဆို ငါမြင်လိုက်တဲ့အရာက အစစ်အမှန်လား ”
“ အရင်က မျက်လုံးကန်းနေတဲ့ အခြေအနေမှာဆိုရင် ငါမြင်လိုက်တဲ့ လောကထဲမှာ တချို့အရာတွေက အရောင်ရှိတယ်… တချို့အရာတွေက အရောင်မရှိဘူး… အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ အရောင်ရှိတဲ့ ပစ္စည်းတွေက အရင်က ငါမြင်ခဲ့ဖူးသားအရာတွေ ဖြစ်နေလို့ပဲ… ဒါမှမဟုတ် သူတို့ရဲ့ ဖြစ်တည်မှုတွေကို ငါက သိထားပြီးသားမို့လို့ပဲ… ဒါကြောင့် အဲ့ဒါတွေက ငါ့စိတ်အာရုံထဲမှာ ပုံရိပ်အနေနဲ့ ဖြစ်ပေါ်လာတာ ”
“ ငါမမြင်ဖူးတဲ့ အရာတွေကျတော့ အဲ့ဒါကို ပုံရိပ်မဖွဲ့နိုင်ဘူး… အဲ့ဒါတွေက အကြမ်းဖျဉ်းပုံစံပဲ ဖြစ်ပေါ်နိုင်ပြီး အရောင်မရှိဘူး… ”
“ ခေါင်းဆောင်ရဲ့ စကားကြောင့် ငါ့စိတ်အာရုံထဲက အရောင်က ပြောင်းလဲသွားခဲ့တယ်… အဲ့ဒါဘာကိုဖော်ပြတာလဲဆိုတော့ လောကကြီးရဲ့ ဖွဲ့စည်းပုံနဲ့ မြင်လိုက်ရတဲ့ အရာတွေကို အဆုံးအဖြတ်ပေးတာက မျက်လုံးမဟုတ်ဘူး… ”
“ သေမျိုးတွေအတွက် ဦးနှောက်က သူတို့မြင်လိုက်တဲ့အရာတွေကို အဆုံးအဖြတ်ပေးတယ်… ကျင့်ကြံသူတွေအတွက်ကျတော့ ဝိညာဉ်က သူတို့မြင်လိုက်တဲ့ အရာတွေနဲ့ ခံစားမိတာတွေကို အဓိကအဆုံးအဖြတ်ပေးတယ် ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နားလည်သဘောပေါက်သော အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ မျက်လုံးက ပြတင်းပေါက်တစ်ချပ်ထက်မပိုဘူး ”
“ ငါ့အရင်လမ်းကြောင်းက မှားယွင်းနေတာပဲ… တကယ်လို့ ငါက အဲ့ဒီပြတင်းပေါက်ထဲကို တားမြစ်အဆိပ်တွေ ပို့လွှတ်မယ်ဆိုရင် အဆိပ်တွေက အဲ့ဒီထဲမှာ စုပုံနေမှာပေါ့ ”
“ ဒီတော့ ငါက တားမြစ်အဆိပ်ကို အကြည့်ထဲမှာ ပေါင်းစပ်ချင်တယ်ဆိုရင်… ”
“ အဆိပ်ကို ငါ့ရဲ့ဝိညာဉ်နဲ့ ပေါင်းစပ်ဖို့လိုတယ်… တကယ်လို့ ငါ့ဝိညာဉ်ထဲမှာ အဆိပ်ရှိသွားမယ်ဆိုရင် အဲ့ဒါက ပြတင်းပေါက်ကနေ ဖြတ်သွားနိုင်မယ်… ပြီးသွားရင် ငါမြင်လိုက်တဲ့အရာအားလုံးက ငါ့အကြည့်ရဲ့ ကျူးကျော်ဝင်ရောက်တာ ခံရလိမ့်မယ် ”
“ အဲ့ဒီအခါကျရင် ငါမြင်ရတဲ့ လောကကြီးက အိမ်ရှေ့စံမင်းသားပြောသွားတဲ့ အစစ်အမှန်လောက ဖြစ်နေမလား သိချင်လိုက်တာ ”