← Chapters

သွေးနီရောင်ကောင်းကင်

Vol. 64 Ch. 999

သွေးနီရောင်ကောင်းကင်

Vol. 64 Ch. 999

ရွှီချင်းသည် အပြောနှင့်အလုပ် ထပ်တူကျအောင် လုပ်ဆောင်ခဲ့သည်။

သူက ဦးတည်ရာတစ်ခုကို ထားရှိပြီးနောက် အဆိပ်ဆေးပင်များနှင့် အဆိပ်ဆေးလုံးများကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်သည်။ တချို့ကို သူက တိုက်ရိုက် ဝါးစားပစ်လိုက်ပြီး တချို့ကို ခန္ဓာကိုယ်အနှံ့ သုတ်လိမ်းလိုက်သည်။ တချို့ကိုတော့ သူ၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

အကျိုးသက်ရောက်မှုသည် အများကြီး ပိုကောင်းလာသည်။

သူ၏ မျက်လုံးထဲမှာ သနားညှာသောစိတ် နည်းနည်းမှ မရှိပေ။ သူက အဆိပ်ဆေးလုံးကို အရည်အဖြစ်သို့ ပြောင်းလဲပစ်လိုက်ပြီး မျက်လုံးထဲသို့ အစက်ချလိုက်သည်။

တားမြစ်အဆိပ်သည် ထိုအဆိပ်များဖြင့် ရောနှောသွားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ပြည့်နှက်သွားသည်။ ယင်းက ရုပ်ခန္ဓာကိုယ်၏ မှတ်ဉာဏ်များကို ပျိုးထောင်ပေးနေပြီး ခန္ဓာကိုယ်ဗီဇတုံ့ပြန်မှုများကို သန့်စင်ပေးနေသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နောက်ထပ်လဝက် ကုန်ဆုံးသွားသည်။

ထိုဆယ့်ငါးရက်အတွင်းမှာ ရွှီချင်းသည် သန့်စင်ခြင်းလုပ်ငန်းစဉ်မှာ အာရုံနစ်မြှုပ်ထားသည်။ အကြိမ်တိုင်း သူက သူ၏ ဆုံးဖြတ်ချက်ကို သံသယဝင်လာသော်လည်း လက်မလျော့ခဲ့ပေ။

အကယ်၍ သူလိုချင်သော ရုပ်ခန္ဓာမှတ်ဉာဏ်မျိုးကို ရရှိချင်သည်ဆိုလျှင် သူက အဆိပ်အများအပြားကို လိုအပ်ရုံသာမက အမျိုးအစားမတူညီသော အဆိပ်များကိုလည်း လိုအပ်လိမ့်မည်ဖြစ်ကြောင်း ရွှီချင်း နားလည်ထားသည်။

သူ၏ သိုလှောင်အိတ်ထဲမှာ အဆိပ်အများအပြားရှိသော်လည်း မလုံလောက်သေးပေ။ သို့သော်လည်း ယင်းက ပြဿနာတစ်ခု မဟုတ်ပေ။ သူ့အတွက် လပုန်ကန်ခန်းမရှိသည်။

သူက ပစ္စည်းအသစ်တစ်ခုကို လိုအပ်လာသည့်အခါတိုင်း လပုန်ကန်ခန်းမထဲမှာ ကျိန်စာဖယ်ရှားဆေးလုံးများကို ရောင်းချလိမ့်မည်။

ဈေးနှုန်းသည် အဆိပ်ဆေးပင်များနှင့် အဆိပ်ဆေးလုံးများ ဖြစ်သည်။

ထိုသို့ဖြင့် ကျိန်စာဖယ်ရှားဆေးလုံးကို သောက်သုံးနိုင်သည့် ကျင့်ကြံသူအရေအတွက်သည် လပုန်ကန်ခန်းမထဲမှာ တဖြည်းဖြည်း များပြားလာသည်။ ထို့အတူ အမှတ်ကိုးဆေးလုံးဆရာသခင်၏ နာမည်သည် လပုန်ကန်ခန်းမထဲမှာ ပိုပြီးဂုဏ်သတင်းကျော်ဇောလာပြီး လူအများ၏ ချီးကျူးခြင်းခံလာရသည်။

သူ၏ နောက်လိုက်များသည်လည်း တစ်နေ့တစ်ခြား ပိုပိုများလာသည်။

အတိတ်တုန်းက ရွှီချင်း၏ စကားကြောင့် တချို့ဆေးပညာရှင်များပင် ဝင်ရောက်လာကြသည်။ အထူးသဖြင့် ဆရာသခင်ရှန့်လော့ဖြစ်သည်။ သူက လူအများရှေ့မှာ ရွှီချင်း၏ အကြောင်းကို မကြာခဏ ချီးမွမ်းခဲ့သည်။ ရွှီချင်းအကြောင်းပြောသည့်အခါတိုင်း သူ၏ မျက်နှာမှာ ရိုသေလေးစားမှုဖြင့် ပြည့်နှက်နေသည်။

လပုန်ကန်ခန်းမထဲမှ လူတိုင်းနီးပါးသည် အမှတ်ကိုးဆေးလုံးဆရာသခင်၏ နာမည်ကို သိကြသည်။ ယင်းက တဖြည်းဖြည်း တခြားလက်ထောက်ခန်းမသခင်များ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။ ထို့ပြင် အမှတ်ကိုးဆေးလုံးဆရာသခင်၏ ဂုဏ်သတင်းသည် လပုန်ကန်ခန်းမထဲမှာသာမက လဝတ်ပြုဒေသကြီး၏ တော်လှန်ရေးတပ်မတော်ကြားထဲမှာပင် ပျံ့နှံ့သွားသည်။

သို့ဖြစ်၍ အမှတ်ကိုးဆေးလုံးဆရာသခင်၏ အစစ်အမှန်သရုပ်နှင့်ပတ်သက်ပြီး ခန့်မှန်းမှုအမျိုးမျိုးရှိလာသည်။

ဆရာသခင်က ဆေးပညာတာအိုကို သူ့ဘဝတစ်လျှောက်လုံး ဆည်းပူးလေ့လာခဲ့သည့် ဗလာနတ္ထိအဆင့် ပညာရှင်ကျင့်ကြံသူတစ်ဦးဖြစ်သည်ဟု တချို့က ပြောကြသည်။

ဆရာသခင်က တခြားဒေသကြီးမှ ရောက်ရှိလာသဖြင့် ယခင်က တစ်ခါမှ မကြားဖူးခြင်းဖြစ်သည်ဟုလည်း တချို့က ပြောကြသည်။

အမှတ်ကိုးဆေးလုံးဆရာသခင်က အနီရောင်လဗိမာန်၏ သူလျှိုဖြစ်သည်ဟုပင် တချို့က ပြောကြသည်။ သို့သော်လည်း ထိုသီအိုရီကို ထောက်ခံသူသည် အနည်းငယ်သာ ရှိသည်။

မည်သို့ဖြစ်ပါစေ အမှတ်ကိုးဆေးလုံးဆရာသခင်၏ လျှို့ဝှက်ဆန်းကြယ်မှုသည် လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများ၏ စိတ်နှလုံးထဲမှာ စွဲထင်နေသည်။

လက်ထောက်ခန်းမသခင်များပင် အဖြေရှာမရပေ။ သူတို့မှာ သရုပ်မှန်ကို စစ်ဆေးနိုင်သော အခွင့်အာဏာမရှိကြပေ။

ခန်းမသခင်တစ်ယောက်တည်းသာ လပုန်ကန်ခန်းမထဲမှ ကျင့်ကြံသူများ၏ သရုပ်ကို ထွင်းဖောက်ကြည့်ရန် အခွင့်အာဏာရှိသည်။

သို့သော်လည်း ရှေးခေတ်အချိန်မှစ၍ ယခုအချိန်ထိ အမြင့်ဆုံးနေရာမှ ဘုရားကျောင်းသည် တစ်ခါမှ မပွင့်သွားခဲ့ပေ။

တစ်ခါတစ်ရံ ဘုရားကျောင်းက လင်းလက်လာလျှင်ပင် တစ်နှစ်ကြာပြီးနောက် ပြန်မှေးမှိန်သွားလေ့ရှိသည်။

ထို့နောက် လက်ထောက်ခန်းမသခင်အသစ်တစ်ဦး ထပ်တိုးလာလိမ့်မည်။

တချို့လူများသည် အကြောင်းအရင်းမှန်ကို သိထားကြသော်လည်း ထိုကိစ္စကို အလွယ်တကူ မဆွေးနွေးကြပေ။

သူ၏ ဂုဏ်သတင်းက တစ်နေ့တစ်ခြား မြင့်တတ်လာနေကြောင်း ရွှီချင်း သိသည်။ သို့သော်လည်း သူက အဆိပ်ထဲမှာသာ အာရုံစူးစိုက်ထားပြီး ကျန်သည့်ကိစ္စများအပေါ် လျစ်လျူရှုထားသည်။ အဘယ့်ကြောင့်ဆိုသော် တားမြစ်အဆိပ်အပေါ် သူ၏ ကျင့်ကြံမှုက အတားအဆီးတစ်ခုနှင့် တွေ့ကြုံနေသောကြောင့် ဖြစ်သည်။

လဝတ်ပြုဒေသကြီးထဲမှာ အရင်းအမြစ်ရှားပါးသောကြောင့် သူလိုအပ်သော ဆေးပင်များသည် အလွန်နည်းပါးနေသည်။ သို့ဖြစ်၍ ရွှီချင်းသည် သူမျှော်မှန်းထားသော ခန္ဓာကိုယ်ဗဇတုံ့ပြန်မှုများကို မဖန်တီးနိုင်ပေ။

“ ငါ အဆိပ်ဆေးပင်အများကြီးကို လိုအပ်တယ်… ဆေးညွှန်းအများကြီးကို ထုတ်လုပ်ဖို့ သူတို့ကို ငါပေါင်းစပ်ရမယ်… ပြီးသွားရင် အဲ့ဒါတွေကို စူးစမ်းလေ့လာပြီး ချိန်ညှိရမယ် ”

“ တကယ်လို့ ဖုန်းဟိုင်ဒေသငယ်မှာဆိုရင် အဲ့ဒါက ဖြစ်နိုင်တယ်… ဒါပေမဲ့ ဒီမှာက… လပုန်ကန်ခန်းမက ကျင့်ကြသူတွေ ငါ့အတွက် ရှာဖွေပေးတာတောင် မလုံလောက်သေးဘူး ”

“ အထူးသဖြင့် တချို့ဆေးပင်တွေဆိုရင် ငါတစ်ခါမှ မမြင်ဖူးဘူး… ဆေးပဒေသာကျမ်းထဲမှာပဲ အဲဒါတွေကို ဖတ်ဖူးတယ် ”

ရွှီချင်းသည် လွန်ခဲ့သောရက်တုန်းက အိမ်ရှေ့စံမင်းသား သူ့အား လာရှာသည့်အဖြစ်ကို ပြန်စဉ်းစားလိုက်သည်။ အိမ်ရှေ့စံမင်းသားက သူ့ကို ရွေးချယ်စရာနှစ်ခုပေးခဲ့သည်။

“ ငါ့ဝိညာဉ်မှာ အမှတ်အသားချန်ထားမယ်… ”

ရွှီချင်းသည် ထိုရွေးချယ်မှုကို ဖယ်ရှားလိုက်ပြီး သူ့ကိုယ်သူ အားကိုးရန် ဆုံးဖြတ်လိုက်သည်။ ယင်းက အချိန်ကြာညောင်းလိမ့်မည်ဖြစ်သော်လည်း သူ့အတွက် အသင့်တော်ဆုံးဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။

“ ဒါပေမဲ့ အိမ်ရှေ့စံမင်းသားပြောသွားတဲ့ ဒုတိယနည်းလမ်းက ငါ့ခရမ်းလနဲ့ ဆက်စပ်နေတယ် ”

ရွှီချင်းသည် အဓိကခန်းမဆီသို့ ကြည့်လိုက်သည်။ ခန့်မှန်းမှုတစ်ခုက သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။

ဘဝကံကြမ္မာဆိုးတောင်တန်းဆီသို့ ရောက်ရှိလာသည့်အချိန်မှစ၍ အိမ်ရှေ့စံမင်းသားသည် သူ့ကို တရစပ် လေ့ကျင့်မှုများ စေခိုင်းခဲ့သည်။ အိမ်ရှေ့စံမင်းသားပြောသွားခဲ့သည် ဒုတိယနည်းလမ်းကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ဤအတောအတွင်း တစ်ဖက်လူက သူ့ကို တောက်လျှောက်ညွှန်ကြားပေးနေခြင်းမှာ ဒုတိယနည်းလမ်းကို ရွေးချယ်ရန် တွန်းပို့နေခြင်းဖြစ်သည်ဟု သူခံစားမိသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး အိမ်ရှေ့စံမင်းသား၏ စကားကို ပြန်တွေးတောလိုက်သည်။

“ ကောင်လေး… တကယ်တော့ နောက်ထပ်နည်းလမ်းတစ်ခုရှိသေးတယ်… အဲ့ဒါက မင်းကို နတ်ဘုရားအမြင်ရရှိစေပြီး အစစ်အမှန်လောကကို မြင်နိုင်စေလိမ့်မယ်… အဲ့ဒီအခါ မင်းရဲ့ အကြည့်ထဲမှာ အဆိပ်ထည့်သွင်းနိုင်လိမ့်မယ် ”

“ အဲ့ဒီနည်းလမ်းက မင်းရဲ့ ခရမ်းလနဲ့ ဆက်စပ်နေတယ် ”

“ ဒါပေမဲ့ အဲ့ဒီနည်းလမ်းက အရမ်းအန္တရာယ်များတယ်… ဒါကြောင့် မင်းကို ပြောသင့်မပြောသင့် ငါတွေဝေနေတယ် ”

“ တကယ်လို့ မင်းအောင်မြင်သွားရင် လောကရဲ့ အစစ်အမှန်အသွင်အပြင်ကို မြင်နိုင်လာမယ်… ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် မင်းက မင်းဖြစ်နေဦးမလားဆိုတာ ငါသေချာမပြောနိုင်ဘူး ”

“ ဒါပေမဲ့ မင်းက နီလာနတ်သမီးရဲ့ နတ်ဘုရားအရင်းအမြစ်ကို ရရှိခဲ့တဲ့အချိန်ကစပြီး အဲ့ဒါက မင်းလျှောက်လှမ်းရမယ့် လမ်းကြောင်းပဲ… တကယ်လို့ မင်းက မစွန့်စားဝံ့ဘူးဆိုရင် ခရမ်းလစွမ်းအားကို လက်လျှော့လိုက်ရလိမ့်မယ် ”

“ ဒီတော့ မင်းဘာသာ စဉ်းစားပါ… ငါမင်းကို အချိန်ခုနစ်ရက်ပေးမယ်… တကယ်လို့ မင်းက ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားပြီဆိုရင် ရှစ်ရက်မြောက်နေ့နံနက်မှာ ငါ့ကို လာရှာပါ ”

“ အဲ့ဒီအချိန်ကျရင် ငါမင်းကို အသေးစိတ်ပြောပြမယ်… အဲ့ဒီထဲမှာ နတ်ဘုရားတွေနဲ့ နောက်ဆက်တွဲကမ္မတွေ ပါဝင်လိမ့်မယ်… တကယ်လို့ မင်းရောက်မလာရင် အဲ့ဒီအကြောင်းကို ငါမပြောပြတော့ဘူး ”

ရွှီချင်းသည် ဤရက်များတွင် ထိုအကြောင်းကို ထပ်ခါတလဲလဲ စဉ်းစားကြည့်သည်။ ရွှေကျီးကန်းနှင့် တားမြစ်အဆိပ်ပြီးသွားလျှင် သူ၏ ခရမ်းလဝိညာဉ်နတ်သူငယ်အလှည့် ရောက်ရှိလာလိမ့်မည်ဟု သူခန့်မှန်းထားခဲ့သည်။

သို့သော်လည်း ဆုံးဖြတ်ချက်ချပြီးသွားလျှင် မည်သို့ကြောင့် အိမ်ရှေ့စံမင်းသားက ရှစ်ရက်မြောက်နေ့နံနက်မှာ သူ့ကို အကြောင်းကြားခိုင်းကြောင်း သူနားမလည်ပေ။

ရွှီချင်းသည် ထိုအကြောင်းနှင့်ပတ်သက်ပြီး အနည်းငယ် ဇဝေဇဝါဖြစ်မိသည်။

ယနေ့သည် ခုနစ်ရက်မြောက်နေ့ညဖြစ်သည်။ အိမ်ရှေ့စံမင်းသားပြောထားသည့် အချိန်ရောက်ရန် လေးနာရီလိုသေးပေသည်။

ဘေးပတ်ဝန်းကျင်ကို အာရုံခံကြည့်လိုက်လေရာ အိမ်ရှေ့စံမင်းသားသည် ခါတိုင်းနှင့်မတူကြောင်း ရွှီချင်း သတိပြုမိသွားသည်။ သူက အဓိကခန်းမထဲမှာ လက်ဖက်ရည် ထိုင်သောက်နေရမည့်အစား ခေါင်မိုးပေါ်မှာ မတ်တတ်ရပ်နေပြီး ကောင်းကင်ကို စိုက်ကြည့်နေသည်။

ရွှီချင်းသည် ခန္ဓာကိုယ်လှုပ်ယမ်းလိုက်ပြီး‌ နောက်ဖေးခန်းထဲမှ ပျောက်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ ခေါင်းမိုးပေါ်သို့ ရောက်ရှိသွားနှင့်သည်။

“ စောင့်ဦး ”

အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ပြောသည်။ သူက ကောင်းကင်ကို ဆက်လက် ကြည့်နေဆဲပင်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး ဘေးမှာ ထိုင်လိုက်ကာ ကောင်းကင်ကို ကြည့်လိုက်သည်။

လဝတ်ပြုဒေသကြီး၏ ကောင်းကင်ယံတွင် နေ့အချိန်၌ အလင်းရောင်မှိန်ဖျော့ဖျော့ရှိပြီး ညအချိန်တွင် မည်းမှောင်သည်။ ဤသည်မှာ အနက်ရောင်ကန့်လန့်ကာတစ်ခုက ကောင်းကင်ကို ဖုံးအုပ်ထားသည့်အလားပင်။ ကောင်းကင်ပေါ်တွင် ကြယ်များမရှိပေ။ ယင်းက အနက်ရောင်ဟင်းလင်းပြင်သဖွယ် တည်ရှိသည်။

လေသည် ဘေးပတ်ဝန်းကျင်၌ တဟူးတူးတိုက်ခတ်နေသည်။ တအင့်အင့်ညည်းသံသည် လေနှင့်အတူ ကောင်းကင်နှင့်မြေပြင်ကြားမှာ ပဲ့တင်ထပ်နေသည်။

ဘဝကံကြမ္မာဆိုးတောင်တန်းတစ်ခုလုံးသည် ယခင်ထက် အများကြီး ပိုတိတ်ဆိတ်လာသည်။

ဒေသခံကျင့်ကြံသူများသည် ယနေ့ညတွင် အနည်းငယ် စိတ်မသက်မသာ ခံစားမိကြပုံပေါ်သည်။

ရွှီချင်းသည် သူ၏ နတ်ဘုရားအသိစိတ်ကို ဖြန့်ကြက်လိုက်သည်။ လီယိုဖေးသည် အိမ်ထဲမှာ တင်ပျဉ်ခွေလျက် တရားထိုင်နေသော်လည်း သူ၏ နှလုံးခုန်သံသည် သိသာစွာ မြန်ဆန်နေသည်။ သူ၏ အမူအရာမှာ စိတ်ရှုပ်ထွေးခြင်းဖြင့် ပြည့်နှက်နေသည်။

ထူးဆန်းသည်ဟု ခံစားမိလာသောအခါ ရွှီချင်းသည် သူ၏ စိတ်အာရုံကို အရပ်မျက်နှာအဘက်ဘက်သို့ ဖြန့်ကြက်လိုက်သည်။ ဘဝကံကြမ္မာဆိုးတောင်တန်းတစ်ခုလုံးရှိ သားရိုင်းကောင်များနှင့် ငှက်များ၏ အသံသည် တိုးညင်းလာသည်။

ဤသည်မှာ တစ်စုံတစ်ခုဖြစ်ပျက်တော့မည့်အလားပင်။

အချိန်သည် နှေးကွေးစွာ ကုန်ဆုံးသွားပြီး နှစ်နာရီကုန်လွန်သွားသည်။

အာရုဏ်တတ်ရန် နှစ်နာရီလိုသေးပေသည်။

ခေါင်းဆောင်သည် ဆေးဆိုင်ထဲမှ ထွက်လာပြီး ခေါင်မိုးပေါ်သို့ တတ်လာသည်။ အိမ်ရှေ့စံမင်းသားကို ဦးညွတ်ပြီးနောက် သူက ရွှီချင်း၏ ဘေးမှာ ဝင်ထိုင်လိုက်ပြီး မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

“ စီနီယာအကိုကြီး… ”

ရွှီချင်းသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။

“ ရှူး… ”

ခေါင်းဆောင်သည် ရွှီချင်းကို တိုးတိုးနေရန် အချက်ပေးလိုက်ပြီး ကောင်းကင်ပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

ရွှီချင်းသည် အတွေးနက်သွားပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းသည်။

နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားပြန်သည်။

ဤအခိုက်အတန့်မှာ လေသည် ပျောက်ကွယ်သွားသည်။

အသံအားလုံး ပျောက်ကွယ်သွားသည်။

ဘဝကံကြမ္မာဆိုးတောင်တန်းတစ်ခုလုံးသည် မည်သည့်အသံမှ မကြားရသည်အထိ တိတ်ဆိတ်သွားသည်။

အစိမ်းရောင်သဲကန္တာရနှင့် ချင်းရှဒေသငယ်သည်လည်း ထို့အတူပင်။ ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးတစ်ခုလုံးသည် သင်္ချိုင်းမြေအလား တိတ်ဆိတ်နေသည်။

ကောင်းကင်ပေါ်တွင် အလင်းရောင်ထွက်ပေါ်လာသည်။

ယင်းက အနီရောင်အလင်းဖြစ်သည်။ အလင်းရောင်က မှေးမှိန်သော်လည်း ထိုအရောင်သည် အာကာသဟင်းလင်းပြင်ထဲမှာ တစ်ခုတည်းသော အရောင်ဖြစ်လာသည်။ သို့ဖြစ်၍ ထင်သာမြင်သာပြီး တောက်ပသည်။

အစတွင် အလင်းတန်းသည် တစ်ခုတည်းသာရှိသည်။ သို့သော်လည်း မကြာမီ မရေမတွက်နိုင်သော အလင်းတန်းများက ထွက်ပေါ်လာကြသည်။ ယင်းတို့က ထက်ရှသော ဓားသွားများအလား ကောင်းကင်ကို ဖြတ်တောက်သွားကြသည်။ ဤသည်မှာ သေမင်းနတ်တမန်တော်က ကဒ်ဘေးကို လောကကြီးဆီသို့ ခေါ်ဆောင်လာနေသည့်အလားပင်။

ရွှီချင်း၏ စိတ်သည် အပြင်းအထန် လှုပ်ခါလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ ခရမ်းလစွမ်းအားသည် အပြင်းအထန် လှုပ်ရှားထကြွလာသည်။ ဤသည်မှာ ၎င်းက သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတော့မည့်အလားပင်။

အဝေးမှ မိုးကုပ်စက်ဝိုင်းတွင် အနီရောင်အလင်းက တဖြည်းဖြည်း ထွက်ပေါ်လာပြီး တောက်ပလာသည့်အခါ စေးကပ်သော ခံစားမှုကို ဖြစ်ပေါ်စေသည်။ ဤသည်မှာ သွေးက ပျံ့နှံ့သွားပြီး လဝတ်ပြုဒေသကြီး၏ ကောင်းကင်တစ်ခွင်လုံးထံသို့ စိမ့်ဝင်လာသကဲ့သို့ပင်။

အနီရောင်အလင်းက လဝတ်ပြုဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည့်အခါ ကျယ်ပြောပြီး အားကောင်းသော စွမ်းအားသည် ကမ္ဘာလှုပ်ခတ်စေမည့် အရှိန်အဟုန်နှင့်အတူ ရောက်ရှိလာသည်။ တစ်ချိန်တည်းမှာ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများနှင့် ခမ်းနားမြင့်မြတ်သော အရှိန်အဝါက ထွက်ပေါ်လာသည်။

ကောင်းကင်တစ်ခွင်လုံး သွေးနီရောင်သို့ ပြောင်းလဲသွားပြီး မြေပြင်သည် တုန်ယင်လာသည်။ အရာအားလုံးသည် ခြောက်သွေ့သွားပြီး လူသားကမ္ဘာသည် သက်ရောက်ခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ ဘဝကံကြမ္မာဆိုးတောင်တန်းသည် တုန်ယင်နေသည်။ ကောင်းကင်ဘုံမီးတောက်ပင်လယ်သည် တုန်ယင်နေပြီး အဆုံးမဲ့ကောင်းကင်နွားတောင်ကုန်းသည် တုန်ယင်နေသည်။ လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးသည်လည်း တုန်ယင်နေကြသည်။ အကူအညီမဲ့မှုက သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာပြီး စိတ်ပျက်အားငယ်မှုက သူတို့၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။

လဝတ်ပြုဒေသကြီးတစ်ခုလုံးကို ဝန်းရံထားသော စတေးခံယစ်မြစ်ထဲမှာ ဆူနာမီလှိုင်းလုံးကြီးများ ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော အရိုးစုများသည် မြစ်ထဲမှာ မြုပ်လိုက်ပေါ်လိုက်ဖြင့် ပရမ်းပတာ ရွေ့လျားနေကြသည်။ ဝမ်းနည်းဖွယ်ကောင်းသော ငိုကြွေးသံများနှင့် အော်ဟစ်သံများသည် စတေးခံယင်မြစ်ထဲမှ အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။

ဤအခိုက်အတန့်မှာ လဝတ်ပြုဒေသကြီးထဲဝယ် ဘုရားကျောင်းထဲမှ ကျင့်ကြံသူများသာ အလွန်စိတ်လှုပ်ရှားနေကြသည်။

သူတို့အားလုံးသည် ဘုရားကျောင်းထဲမှ ပြေးထွက်လာကြသည်။ သူတို့က မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြပြီး အနီရောင်အလင်း ထွက်ပေါ်လာသော မိုးကုပ်စက်ဝိုင်းဆီသို့ မျက်နှာမူထားကြသည်။ သူတို့က စိတ်အားထက်သန်စွာ ရှိခိုးလိုက်ကြသည်။ သူတို့၏ အမူအရာပေါ်မှာ အစွန်းရောက်သော ကိုးကွယ်ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။

“ အနီရောင်လအရှင်… ဝမ်ကူးကုန်းမြေကို လမ်းပြပေးတော်မူပါ… သက်ရှိအားလုံးအတွက် ပူဆွေးပေးပြီး သုခချမ်းသာကို စံစားတော်မူပါအရှင် ”

မရေမတွက်နိုင်သော အသံများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး အဆုံးမဲ့စွာ ပဲ့တင်ထပ်သွားသည်။

အနီရောင်လရောက်ရှိလာပြီ ဖြစ်သည်။

အနီရောင်လ၏ အစစ်အမှန်ဒြပ်ထည်သည် လဝတ်ပြုဒေသကြီးဆီသို့ရောက်ရန် အနည်းငယ် ဝေးကွာနေသေးသော်လည်း အနီရောင်လက ဤနှစ်များတွင် တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ ဖြစ်သည်။ သို့ဖြစ်၍ ၎င်း၏ အလင်းရောင်က အရင်ဦးဆုံး ကျရောက်လာပြီး လဝတ်ပြုဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခြင်း ဖြစ်သည်။

မကြာခင် ကောင်းကင်တစ်ခွင်လုံးက သွေးနီရောင်သို့ ပြောင်းလဲသွားပြီး မြေပြင်က အနီရောင်၏ စွန်းထင်ခံလိုက်ရသည့်အခါ အလွန်ကြီးမားသော အနီရောင်လသည် မိုးကုပ်စက်ဝိုင်းထဲမှာ ထွက်ပေါ်လာလိမ့်မည်။

ထိုအချိန်ကျလျှင် နီလာနတ်သမီးက ရိတ်သိမ်းပွဲတော်ကြီး ကျင်းပလိမ့်မည်။

ရွှီချင်း၏ အသိစိတ်သည် လှုပ်ခါသွားသည်။ အဘယ့်ကြောင့် အိမ်ရှေ့စံမင်းသားက ဤနံနက်အချိန်ကို ချိန်းဆိုကြောင်း နောက်ဆုံးမှာ သူနားလည်သွားသည်။

ခေါင်းဆောင်က မည်သို့ကြောင့် ထွက်လာကြောင်း သူနားလည်သွားသည်။

“ နီလာနတ်သမီး…. လူသားကမ္ဘာဆီ ဝင်လာဖို့ သိပ်မလိုတော့ဘူး ”

အိမ်ရှေ့စံမင်းသားသည် မိုးကုပ်စက်ဝိုင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။

“ အဲ့ဒါအခါကျရင် သက်ရှိအားလုံးက အစာဖြစ်သွားလိမ့်မယ် ”

အိမ်ရှေ့စံမင်းသားသည် ကောင်းကင်ယံမှ အကြည့်ပြန်ရုပ်လိုက်ပြီး ရွှီချင်းကို စိုက်ကြည့်လိုက်သည်။

“ ရွှီချင်း… မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါ့ကို ပြောပါ ”

“ ဘယ်လိုလုပ်ရမလဲ ကျွန်တော့်ကို ညွှန်ကြားပေးပါ ”

ရွှီချင်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ဖြည်းညင်းစွာ ပြောသည်။

အိမ်ရှေ့စံမင်းသားသည် မတ်တတ်ရပ်လိုက်သည်။ သူ၏ အသံက ပဲ့တင်ထပ်သွားသည်။

“ ရွှီချင်း… နီလာနတ်သမီးအကြောင်းကို တကယ်ပဲ ငါမသိသလို မင်းရဲ့ ခရမ်းလစွမ်းအားကို ဘယ်လိုအသုံးပြုသင့်တယ်ဆိုတာလည်း ငါမသိဘူး… ပြီး‌တော့ နီလာနတ်သမီးရဲ့ အဓိကနတ်ဘုရားအခွင့်အာဏာက ဘာလဲဆိုတာ ငါမသိဘူး… အဲ့ဒါက နတ်ဘုရားတစ်ပါးရဲ့ လျှို့ဝှက်ချက်ပဲ”

မှတ်ဉာဏ်ပုံရိပ်များသည် အိမ်ရှေ့စံမင်းသား၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အနီနှင့်အနက် ရောထွေးနေသော ကောင်းကင်အောက်မှာ သူ၏ ပုံရိပ်သည် အထီးကျန်သော အရိပ်အငွေ့ကို ထုတ်လွှတ်နေသည်။

“ ဒါပေမဲ့ ငါ့ခမည်းတော်နဲ့ နီလာနတ်သမီးကြားက တိုက်ပွဲကို ငါမြင်ဖူးတယ် ”

“ အဲ့ဒီအချိန်တုန်းက နီလာနတ်သမီး ငါ့ကို ပေးတဲ့ ခံစားချက်က… ဆာလောင်ခြင်း… အဆုံးမရှိတဲ့ ဆာလောင်ခြင်းပဲ ”

ကြောက်ရွံ့သော အရိပ်အယောင်သည် အိမ်ရှေ့စံမင်းသား၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ အဲ့ဒီဆာလောင်မှုက အရမ်းကြောက်စရာကောင်းတယ်… အဲ့ဒါက ခန္ဓာကိုယ်ရဲ့ ဆာလောင်မှုသက်သက်ပဲ မဟုတ်ဘူး… ဝိညာဉ်ရော တခြားအရာတွေအားလုံးရောပဲ… သူထွက်ပေါ်လာတာနဲ့ ဆာလောင်မှုက အဆုံးမရှိတော့တဲ့အတိုင်းပဲ ”

“ မင်းက အလုံအလောက် မဆာလောင်ဘူးဆိုရင် ခရမ်းလစွမ်းအားရဲ့ တကယ့်စွမ်းအားကို ထုတ်လွှတ်နိုင်မှာမဟုတ်ဘူး… မင်းက အစွန်းရောက်ဆာလောင်မှုကို တွေ့ကြုံဖူးရမယ် ”

“ ငါမင်းကို ပြောနိုင်တာက… အဲ့ဒါက လူသားနဲ့ နတ်ဘုရားရဲ့ ထပ်ဆင့်လွှမ်းခြုံမှုဖြစ်သလို ပေါင်းစပ်ခြင်းနဲ့ ရွေးချယ်ခြင်းလည်း ဟုတ်တယ် ”

All Chapters