နတ်ဘုရား၏ လျှို့ဝှက်ချက်(က)
Vol. 64 Ch. 1001
အနီရောင်လ၏ ရောင်ခြည်တန်း ပထမဆုံးအကြိမ် ကျရောက်လာပြီး ဒုတိယမြောက်နေ့တွင် လေသည် အစိမ်းရောင်သဲကန္တာရထဲမှာ ပြန်လည်တိုက်ခတ်လာသည်။
အစမှာတော့ ယင်းက ပုံမှန်သာ တိုက်ခတ်နေသော်လည်း သုံးရက်ကြာပြီးနောက် အစိမ်းရောင်သဲကန္တာရထဲတွင် အစိမ်းရောင်လေသည် စူးရှသော အော်မြည်သံနှင့်အတူ ကောင်းကင်အထိ ထိုးတတ်သွားသည်။ သဲသောင်ပို့များသည် ပြန်လည်ရွေ့လျားလာကြပြီး ကန္တာရကို သဲပင်လယ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
တအင့်အင့်ညည်းသံနှင့် စူးရှသော အော်မြည်သံသည် သက်ရှိအားလုံး၏ ငိုကြွေးပူဆွေးမှုမှ စုဝေးရောက်ရှိလာသည့်အလား လောကတစ်ခွင် ဆက်လက်ပဲ့တင်ထပ်သွားသည်။
သဲကန္တာရထဲတွင် ရွှီချင်း၏ ခန္ဓာကိုယ်သည် သဲထဲမှာ နစ်မြုပ်နေသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတချို့သာ ထွက်ပေါ်နေပြီး သူက လူသေအလောင်းပမာ လှုပ်ရှားမှုကင်းမဲ့နေသည်။
သူက လူသားအကြောင်းနှင့် နတ်ဘုရားအကြောင်းကို စဉ်းစားနေခြင်း ဖြစ်သည်။
ထိုမေးခွန်းသည် နက်နဲရှုပ်ထွေးပြီး ယင်းကို နားလည်ရန် ရွှီချင်းအတွက် အတော်လေး ခက်ခဲသည်။ အထူးသဖြင့် နတ်ဘုရားအကြောင်းက ပိုပြီးခက်ခဲသည်။
သူက နတ်ဘုရားတစ်ပါးမဟုတ်ပေ။ သို့ဖြစ်၍ လူသားတစ်ယောက်အနေဖြင့် နတ်ဘုရားအကြောင်းကို နားလည်ရန် သူ့အတွက် မလွယ်ကူပေ။
သို့သော်လည်း ရွှီချင်းမှာ သူ့ကိုယ်ပိုင် အားသာချက်များရှိသည်။ အနှစ်နှစ်ဆယ်ရှိသော သူ၏ ကျင့်ကြံခြင်းအတွေ့အကြုံထဲမှာ အခက်အခဲများနှင့် မကောင်းမှုများစွာကို မြင်တွေ့ခဲ့ဖူးသည်။ သူက လူသားသဘာဝ၏ အဆုံးမဲ့သော ဆိုးသွမ်းမှုကို မြင်တွေ့ခဲ့ဖူးသည်။
သို့ဖြစ်၍ လူသားသဘာဝကို သူနားလည်သည်။
ဤသုံးရက်အတောအတွင်းမှာ သူက သူ့ဘဝ၏ အတိတ်အကြောင်းကို ပြန်လည်ဆင်ခြင်သုံးသပ်နေခဲ့သည်။
ထိုထဲမှာ လောဘ၊ ရူးသွပ်မှု၊ ဇတ်တူသားစားခြင်းနှင့် ယုတ်မာကောက်ကျစ်မှု အစရှိသည်တို့ ပါဝင်သည်။
ထိုထဲမှာ လှပသော အဖြစ်အပျက်များရှိသော်လည်း ယင်းက မီးပွားစတစ်ခုပမာ ပြန့်ကျဲသွားသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ မီးပွားစထွက်ပေါ်ခဲ့စဉ်က ခံစားမှုကို သူသေချာမှတ်မိသည်။
ယင်းက ပြိုင်ဘက်ကင်းမြို့တော်ထဲမှာ သူငယ်ငယ်က ငြိမ်းချမ်းစွာ နေထိုင်ခဲ့သည့်ပုံရိပ်များ၊ သူ့မိဘနှစ်ပါး၏ ချစ်ခြင်းမေတ္တာ၊ ခေါင်းဆောင်လဲ့၏ နွေးထွေးကြင်နာမှုနှင့် သွမ့်မူကျန်း၏ ခံယူချက်တို့ ဖြစ်ကြသည်။
ထို့ပြင် ဓားကိုင်ရုံးတော်သခင် ခုန်းလျှန်ရှို့၏ ပုံရိပ်လည်း ရှိသေးသည်။
ထိုထက် အများကြီးရှိသေးသည်။
“ လူသားသဘာဝမှာ သူတော်ကောင်းတရားနဲ့ မကောင်းဆိုးဝါး စိတ်ဆန္ဒရှိတယ် ”
ရွှီချင်းသည် စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
“ လူသားတွေက အရာရာတိုင်းအပေါ် စိတ်ခံစားချက်ထားရှိတယ်… သံယောဇဉ်ရှိတယ် ”
ရွှီချင်းသည် သူ၏ ဆရာ၊ ခေါင်းဆောင်၊ နတ်မိမယ်ကျစ်ရွှမ်း၊ လင်းအာနှင့် တခြားလူများကို စဉ်းစားလိုက်သည်။
တချို့လူများကို သူမုန်းတီးပြီး တချို့လူများကို ကျေးဇူးတင်သည်။ တချို့လူများကို သူနှစ်သက်ပြီး တချို့လူများကို မနှစ်သက်ပေ။
“ ငါမွေးဖွားလာတုန်းက တစ်ယောက်တည်းပဲ… အခုတော့… ဘယ်လိုဖြစ်မှန်းမသိရဘဲ ငါ့နှလုံးသားထဲမှာ စိုးရိမ်စရာတွေ ရှိလာတယ်… သံယောဇဉ်တွေ ရှိလာတယ်… အဲ့ဒါတွေက ချည်မျှင်တွေလို ကြီးမားတဲ့ ကွန်ရက်တစ်ခုပုံစံ ရစ်ပတ်နှောင်ဖွဲ့သွားတယ် ”
“ ပြီးတော့ လူသားသဘာဝက အဲ့ဒီကွန်ရက်ရဲ့ အရင်းအမြစ်ပဲ… ငါ့ကို ပျော်ရွှင်စေသလို ဝမ်းနည်းစေတယ် ”
ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး မိုးကောင်းကင်ကို ကြည့်လိုက်သည်။ သက်ရှိအားလုံး၏ ငိုကြွေးသံကို သယ်ဆောင်လာဟန်ရသော လေပြေထဲမှ တအင့်အင့်ညည်းသံကို သူကြားနေသည်။
“ လူသားသဘာဝထဲမှာ အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်နဲ့ သေခြင်းတရားအပေါ် ကြောက်ရွံ့မှုတို့ ရှိတယ် ”
“ ငယ်ငယ်လေးကတည်းက ငါ့ဆန္ဒက အသက်ရှင်ဖို့ပဲ ”
“ စိတ်ခံစားချက်တွေနဲ့ လုပ်ဆောင်မှုတွေဆိုတာ လူသားသဘာဝရဲ့ သရုပ်ဖော်မှုပဲ ”
“ ပြိုင်ဘက်ကင်းမြို့တော်ထဲမှာ ငါနေထိုင်ခဲ့ချိန်က သတ်ဖြတ်ဖို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး… ငါ့ရဲ့ အနာဂတ်အကြောင်းကိုလည်း တစ်ခါမှ မစဉ်းစားဖူးဘူး… ဒါပေမဲ့ ဘဝရဲ့ အလှည့်အပြောင်းတွေကို တွေ့ကြုံပြီးတဲ့နောက်မှာ ငါက ပြောင်းလဲသွားခဲ့တယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။ ထိုသို့အတိတ်ကို ပြန်လည်သတိရခြင်းသည် သူ့ကိုယ်သူ လေးနက်စွာ ဆင်ခြင်သုံးသပ်နိုင်စေသည်။ အတိတ်တုန်းက အဖြစ်အပျက်များက သူ့အား လူသားသဘာဝအပေါ် ပိုပြီးနက်နက်နဲနဲ နားလည်သွားစေသည်။
“ လူသားသဘာဝနဲ့ သားရဲသဘာဝကြားက တစ်ခုတည်းသော ခြားနားမှုက ချုပ်ထိန်းမှုပဲ ”
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး ဗလာဖြစ်နေသော သူ၏ ဘယ်လက်ကို ကြည့်လိုက်သည်။ အစောနက သူ၏ ရူးသွပ်မှုကို ပြန်အမှတ်ရသွားသောအခါ ထိုချုပ်ထိန်းမှုသည် ကိုယ့်ကိုယ်ကို ချုပ်ထိန်းမှုမှဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူခံစားမိသွားသည်။ ထိုသို့ဆိုလျှင် ကိုယ့်ကိုယ်ကို ချုပ်ထိန်းခြင်းက မည်သည့်အရာမှ ဆင်းသက်လာသနည်း။
ရွှီချင်းသည် လေးနက်စွာ တွေးတောလိုက်သည်။
“ အဲ့ဒါက ငါ့အသိစိတ်ထဲက ကိုယ်ကျင့်တရားကန့်သတ်မှုကနေ ဆင်းသက်လာတာ… အဲ့ဒီအစိတ်အပိုင်းကြောင့်ပဲ လူသားတွေကို လူသားဖြစ်စေတာ ”
“ လူသားတွေရဲ့ သဘာဝက အစီအစဉ်တကျရှိတယ်… သားရဲတွေရဲ့ သဘာဝကျတော့ ပရမ်းပတာဖြစ်ပြီး ဗီဇတုံ့ပြန်မှုအပေါ်မှာ အခြေခံတယ်… အဲ့ဒါက ဝမ်ကူးကုန်းမြေဆီ နတ်ဘုရားအရှိန်အဝါ ကျူးကျော်ဝင်ရောက်လာပြီးနောက် ဖြစ်ပေါ်လာတဲ့ သားရဲတွေရဲ့ အခြေအနေပဲ ”
ရွှီချင်းသည် နားလည်သွားသည်။
“ နတ်ဘုရားဆိုတာက ဘာလဲ ”
ရွှီချင်းသည် နှုတ်ဆိတ်သွားပြန်သည်။ သူက နတ်ဘုရားအကြောင်းကို နားမလည်သေးသော်လည်း သူ၏ ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်ကြောင်း သူသိသည်။ သူ၏ တားမြစ်အဆိပ်ကို နတ်ဘုရားနယ်မြေထဲမှ ရရှိလာခြင်းဖြစ်ပြီး ခရမ်းလသည် နတ်ဘုရားအရင်းအမြစ်တစ်ခုဖြစ်ကြောင်းကိုလည်း သူသိသည်။
“ ဒီတော့ ခရမ်းလစွမ်းအားကို ငါ့တစ်ကိုယ်လုံးဆီ ပျံ့နှံ့စေတဲ့အခါ နတ်ဘုရားအစွမ်းက ငါ့ကိုယ်ထဲမှာ ရှိနေပြီးသားလား… ငါက အဲ့ဒါကို နားမလည်သေးရုံသက်သက်ပဲလား… ဒါမှမဟုတ် ငါက လူသားတစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ပါးမဟုတ်လို့ အဲ့ဒါကို မထုတ်ဖော်နိုင်တာလား ”
“ အိမ်ရှေ့စံမင်းသားက ငါ့ကို နီလာနတ်သမီးလိုမျိုး ဆာလောင်မှုကို တွေ့ကြုံခံစားခိုင်းတယ် ”
“ ဒီတော့ ဆာလောင်မှုက နတ်ဘုရားအစွမ်းကို ဖွင့်လှစ်ဖို့ သော့ချက်လား ”
“ နတ်ဘုရားတွေရဲ့ ဆာလောင်မှုက ဘယ်ကနေ ရောက်လာတာလဲ ”
ရွှီချင်းသည် စိတ်ရှုပ်ထွေးသွားသည်။ ဤအခိုက်အတန့်မှာ သူက ဆာလောင်မှုကို မခံစားရတော့ပေ။ သူ၏ ခန္ဓာကိုယ်က ယင်းကို နေသားကျသွားပြီဖြစ်ပြီး အားအင်မရှိသော ခံစားမှုကို ပြောင်းလဲခံစားမိသွားသည်။ သေခြင်းတရားက ချဉ်းကပ်လာနေပြီ ဖြစ်သည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် နူးညံ့စွာ သက်ပြင်းချလိုက်သည်။
သူက အဖြေတစ်ခုကို မရှာနိုင်သေးပေ။ သို့သော်လည်း သူက ဤနေရာမှာ ဆက်ပြီး မလဲလျောင်းချင်တော့ပေ။ သူက ကျားကုတ်ကျားခဲ ရုန်းကန်လိုက်ပြီး သဲပေါ်မှာ ထထိုင်လိုက်သည်။
အဘယ့်ကြောင့်ဆိုသော် အဝေးတွင် သားရဲကောင်တချို့က သဲကန္တာရထဲမှာ ထွက်ပေါ်လာနေသောကြောင့် ဖြစ်သည်။ ထို့ပြင် အဝေးထံမှ ကြီးမားသော မှိုပွင့်တစ်ပွင့်သည် ရက်စက်ကြမ်းကြုတ်မှုကို ထုတ်လွှတ်လျက် သူ့ဆီသို့ အမြန်ရွေ့လျားလာနေသည်ကို သူမြင်သည်။
ကြောက်စရာကောင်းသော အားလှိုင်းအတတ်အကျများသည် မှိုပွင့်ထံမှ ထွက်ပေါ်နေသည်။ ဤသည်မှာ ၎င်းက ဝိညာဉ်နတ်သူငယ်အဆင့်မဟုတ်ဘဲ တာအိုပျိုးထောင်ခြင်းအဆင့် သက်ရှိတစ်ကောင်ဖြစ်သည်ဟု ရွှီချင်း ခံစားမိသည်။
အစိမ်းရောင်သဲကန္တာရထဲမှာ ဧရာမမှိုပွင့်များသည် ထူးဆန်းသော တည်ရှိမှုများ ဖြစ်ကြသည်။ ၎င်းတို့က အရေအတွက် သိပ်မများပေ။ ၎င်းတို့၏ အမြစ်များသည် ဧရာမပုံရိပ်များသဖွယ် အောက်မေ့ရသည်။ လူအနည်းစုသာလျှင် ၎င်းတို့ကို ရန်ပြုဝံ့ကြလိမ့်မည်။
အတိတ်တွင် ရွှီချင်းသည် သဲကန္တာရဆီသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့စဉ်က ၎င်းတို့ကို အာရုံခံမိခဲ့သည်။
သို့သော်လည်း ယခုတော့ သူက ထထိုင်လိုက်ရုံဖြင့် နောက်ဆုံးကျန်ရှိသော အင်အားက ကုန်ဆုံးသွားသည်။ သူက ထထိုင်လိုက်သည့်အခါ သူ့အနောက်ရှိ သဲပြင်ပေါ်မှ ချိုင့်ကြီးသည် ဘေးပတ်ဝန်းကျင်မှ သဲများဖြင့် မြန်ဆန်စွာ ပြန်ပြည့်သွားသည်။ မကြာမီ သဲပြင်ပေါ်မှာ ချိုင့်ကြီးမရှိတော့ပေ။
ရွှီချင်းသည် အံ့ဩသွားသည်။ သူက အနောက်လှည့်လိုက်ပြီး သဲပြင်ကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အသိစိတ်သည် ဝုန်းခနဲ မြည်ဟိန်းသွားသည်။ ဤသည်မှာ မိုးကြိုးသွားတစ်ခုက သူ၏ စိတ်ထဲမှာ ဖြတ်သန်းသွားသည့်အလားပင်။ ယင်းက ဘေးပတ်ဝန်းကျင်မှ အန္တရာယ်များကို သူ့အား လျစ်လျူရှုစေသည်။ သူက အရာအားလုံးကို မေ့လျော့သွားသည်။ သူ၏ မျက်လုံးက သဲများဖြင့် ပြန်ပြည့်သွားသော ချိုင့်ကြီးကို ကြည့်နေသည်။
“ ပြန်ပြည့်သွားတယ်… ”
“ စောစောက ငါဒီမှာ လဲလျောင်းနေချိန် ငါက သဲချိုင့်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်… ငါထထိုင်လိုက်တော့ အစိတ်အပိုင်းတစ်ခုက ပျောက်ဆုံးသွားတယ်… အဲ့ဒီအခါ သဲတွေက အထဲဝင်လာတယ်… ပြီးတော့ မူလအခြေအနေကို ပြန်ရောက်သွားတယ် ”