← Chapters

နတ်ဘုရား၏ လျှို့ဝှက်ချက်(ခ)

Vol. 64 Ch. 1002

နတ်ဘုရား၏ လျှို့ဝှက်ချက်(ခ)

Vol. 64 Ch. 1002

“ ဒီတော့ ငါ့ကိုယ်ငါ ဒီသဲချိုင့်ကြီးအဖြစ် ယူဆမယ်ဆိုရင် မူလသဲတွေက လူသားသဘာဝဖြစ်လာမယ်… ပြီးတော့ ပြန်ဖြည့်လိုက်တဲ့ သဲတွေက နတ်ဘုရားသဘာဝဖြစ်လာမယ်… ”

ရွှီချင်း၏ အမူအရာသည် ပြောင်းလဲသွားပြီး သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက အဓိကသော့ချက်ကို ဖမ်းဆုပ်မိသွားသည်ဟု ဝိုးတိုးဝါးတား ခံစားမိသည်။ သူက ဆင်ခြင်သုံးသပ်ရန် ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ကင်းမြှီးကောက်တစ်ကောင်၏ အမြှီးသည် သူ့ဘေးရှိ သဲပုံထဲမှ ရုတ်တရက် ပျံသန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် ကျယ်လောင်သော မြည်သံနှင့်အတူ အဝေးသို့ လွင့်စင်သွားသည်။

ချက်ချင်းဆိုသလို ကင်းမြှီးကောက်သုံးကောင်သည် ရွှီချင်းပြုတ်ကျသွားသော နေရာဆီသို့ ချက်ချင်း ပြေးသွားကြပြီး သူ့ကို စတင်ကိုက်စားကြသည်။

ရွှီချင်းသည် သူတို့ကို လျစ်လျူရှုထားသည်။ သူ၏ ခန္ဓာကိုယ်က အားနည်းနေသော်လည်း ခုခံနိုင်စွမ်းတချို့ကို ပိုင်ဆိုင်ထားပေသည်။ ထိုကင်းမြှီးကောက်များသည် သူ၏ ခန္ဓာကိုယ်ကို အချိန်တိုအတွင်း တစ်စစီ မဖျက်ဆီးပစ်နိုင်ပေ။ နာကျင်မှုကို ခံစားနေရသော်လည်း ယခုအချိန်မှာ ရွှီချင်းသည် သူ့အတွက် အရေးကြီးအရာကို တွေးတောလိုက်သည်။

သူက ကင်းမြှီးကောက်သုံးကောင်ကို ကိုက်စားခွင့်ပြုထားသည်။ သူက မျက်လုံးမှိတ်လိုက်ပြီး စောစောတုန်းက အတွေးများကို ပြန်တွေးတောလိုက်သည်။

“ တကယ်လို့ တစ်စုံတစ်ယောက်က လူသားသဘာဝကို ပယ်ဖျက်လိုက်ပြီး သားရဲသဘာဝကို ချုပ်ထိန်းဖို့ လူသားအသိစိတ်ကို ဆက်ပြီးအသုံးမပြုတော့ဘူးဆိုရင်ရော… အဲ့ဒီနည်းလမ်းနဲ့ဆိုရင် နတ်ဘုရားသဘာဝက ဟင်းလင်းပြင်ထဲမှာ ပြည့်နှက်သွားပြီး သားရဲသဘာဝပေါ်မှာ အသုံးပြုလာနိုင်မယ် ”

ရွှီချင်း၏ စိတ်သည် လှုပ်ခါသွားသည်။

သူနားလည်သွားပြီဖြစ်သည်။

“ တကယ်တော့ နတ်ဘုရားဆိုတာ ဘာလဲ ငါသိဖို့မလိုဘူး… ငါလုပ်ရမှာက နတ်ဘုရားအစွမ်းနဲ့ ပေါင်းစပ်ပြီးနောက် အဲ့ဒါကို ခံစားသိရှိဖို့ပဲ လိုတယ်… အဲ့ဒါကို နတ်ဘုရားတစ်ပါးရဲ့ အသိအမြင်နဲ့ နားလည်နိုင်ရမယ် ”

“ အဲ့ဒီအခါကျရင် ငါ့ရဲ့ သားရဲသဘာဝကို မချုပ်ထိန်းထားလည်း ရတယ်… ဘာလို့လဲဆိုတော့ အဲ့ဒါကို ချုပ်ထိန်းထားဖို့ မလိုအပ်တော့လို့ပဲ… အဲ့ဒါက ငါ့အမိန့်ကို နာခံလာလိမ့်မယ် ”

“ ဒါကြောင့် အဲ့လိုလုပ်ဖို့ဆိုရင် ငါက လူသားသဘာဝနဲ့ နတ်ဘုရားသဘာဝကို ထပ်ဆင့်လွှမ်းခြုံရလိမ့်မယ်လို့ အိမ်ရှေ့စံမင်းသားက ပြောသွားခဲ့တာပဲ… အဲ့ဒါက ပေါင်းစပ်ခြင်းနဲ့ ရွေးချယ်ခြင်းတစ်မျိုးပဲ ”

“ ဒါပေမဲ့ ဘာဖြစ်လို့ ဆာလောင်မှုက ဖြစ်ပေါ်လာတာလဲ ”

ရွှီချင်းသည် အဖြေတချို့ကို ရှာတွေ့လာသော်လည်း သူနားမလည်သေးသည့် မေးခွန်းတချို့ ကျန်ရှိနေသေးသည်။ သို့သော်လည်း မည်သို့ဖြစ်ပါစေ ရွေးချယ်မှုတစ်ခုကို သူပြုလုပ်ရလိမ့်မည်။

ငါကြိုးစားကြည့်သင့်လား။

တစ်ခဏကြာပြီးနောက် ရွှီချင်းသည် ယခင်က အိမ်ရှေ့စံမင်းသား ညွှန်ကြားပေးသွားခဲ့သော လက်ဖက်ရည်ဥပမာကို ပြန်အမှတ်ရသွားသည်။

ထို့နောက် သူက ရွှေကျီးကန်းအား ခွဲခြမ်းစိတ်ဖြာခြင်းနှင့် အိမ်ရှေ့စံမင်းသားက ပျိုးပင်လေးဆီမှ သစ်ရွက်တစ်ရွက်ကို ယူဆောင်ပြီး သူ့အား ဉာဏ်အလင်းပြပေးခဲ့ပုံကို ပြန်တွေးတောလိုက်သည်။

“ လက်ဖက်ခြောက်နဲ့ ရေနွေးက ပေါင်းစပ်နိုင်သလို ခွဲခြားနိုင်တယ်… သစ်ရွက်က သစ်ပင်ကနေ ထွက်ခွာသွားမယ်ဆိုရင်တောင် သစ်ပင်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေဦးမှာပဲ… သူတို့ရဲ့ ဇစ်မြစ်တွေက တစ်ခုတည်းပဲ ”

“ ဒီတော့ တကယ်လို့ ငါက ကြိုးစားကြည့်မယ်ဆိုရင်တောင် အခြေအနေကို ပြောင်းပြန်ပြန်မလှည့်နိုင်တာတော့ မဟုတ်ဘူးပဲ ”

ရွှီချင်းသည် တစ်ခဏကြာ တိတ်ဆိတ်သွားသည်။ မကြာမီ ဆုံးဖြတ်ချက် ပြတ်သားမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် သူက ထိုသို့မလုပ်ဆောင်လျှင် ခရမ်းလစွမ်းအားကို လုံးဝလက်လျှော့ရလိမ့်မည်ဖြစ်ကြောင်း နားလည်ထားသောကြောင့် ဖြစ်သည်။ သူ့မှာ ရွေးချယ်စရာက ထိုတစ်လမ်းတည်း ရှိသည်။

“ ဒီတော့ လူသားသဘာဝကို ဘယ်လိုပယ်ဖျက်ရမလဲ… ”

ရွှီချင်းသည် မျက်လုံးမှိတ်လိုက်သည်။ လူသားသဘာဝကို ပယ်ဖျက်ရမည့် နည်းလမ်းသည် သူ့ကိုယ်ကျင့်တရား၏ ကန့်သတ်ချက်များကို ဆက်လက် မချုပ်ထိန်းထားတော့ရန် ဖြစ်သည်။

သို့ဖြစ်၍ သူက ဖြည်းညင်းစွာ စတင်ချိန်ညှိလိုက်သည်။

တစ်ခဏကြာပြီးနောက် ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း တုန်ယင်လာသည်။ အချိန်အတော်ကြာပြီးနောက် သူက ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူ၏ မျက်လုံးသည် သားရဲတစ်ကောင်၏ မျက်လုံးသဖွယ် ရူးသွပ်မှုဖြင့် ပြည့်နှက်နေသည်။

သူက မည်သည့်ကန့်သတ်ချက်ကိုမှ ဆက်လက် မချုပ်ထိန်းထားတော့ပေ။ ယခု သူ၏ အပြုအမူများကို မည်သည့်အရာမှ မကန့်သတ်နိုင်တော့ပေ။ သူ့မှာ ကိုယ်ကျင့်တရားမရှိတော့သလို ကောင်းသည် ဆိုးသည်ဟုလည်း မသတ်မှတ်နိုင်တော့‌ပေ။ လူသားတစ်ယောက်ဟု သတ်မှတ်နိုင်သော မည်သည့်အရာမှ သူ့ဆီမှာ မရှိတော့ပေ။

သူ့မှာ မှတ်ဉာဏ်များနှင့် စိတ်ခံစားချက်များလည်း မရှိပေ။

ပင်ကိုယ်ဗီဇ၏ တုံ့ပြန်မှုများကိုသာ အစဉ်မပြတ် ထုတ်လွှတ်နေသည်။

ဝေါင်း…

နောက်အခိုက်အတန့်မှာ ရွှီချင်းသည် သားရဲကြီးတစ်ကောင်နှယ် ဟိန်းဟောက်လိုက်သည်။ သူ၏ မျက်လုံးသည် နီရဲလာပြီး ခေါင်းငုံ့လိုက်ကာ သူ့အား ကိုက်စားနေကြသော ကင်းမြှီးကောက်များကို ကြည့်လိုက်သည်။

သွားရည်သည် သူ၏ ပါးစပ်ထောင့်မှ ထိန်းချုပ်မရအောင် စီးကျလာသည်။ ဤအခိုက်အတန့်မှာ အဆုံးမဲ့သော ဆာလောင်မှုသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

သူက မည်သည့်နေရာမှ ခွန်အားရရှိလာမှန်း မသိသော်လည်း ကင်းမြှီးကောက်တစ်ကောင်ကို ဖမ်းဆုပ်လိုက်ပြီး ရူးသွပ်စွာ ကိုက်ဝါးစားလိုက်သည်။

တဂျွတ်ဂျွတ်ဝါးစားသံက ပဲ့တင်ထပ်လာသောအခါ သဲနှင့် မြေကြီးသည် အပေါ်သို့ မြှောက်တတ်သွားသည်။

ဟိန်းသံများနှင့် စူးရှသော အော်သံများသည် ယှက်ထွေသွားပြီး ပေါင်းစပ်သွားသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ပုံရိပ်တစ်ခုက ပြေးထွက်လာသည်။

ထိုသူက ရွှီချင်းဖြစ်သည်။

သို့သော်လည်း ဤအခိုက်အတန့်မှာ သူ၏ ဆံပင်သည် ဖရိုဖရဲဖြစ်နေပြီး အသက်ရှူသံသည် ပြင်းထန်နေသည်။ သူ၏ မျက်နှာနှင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးလွှမ်းနေပြီး စောစောတုန်းက အသားများ ကိုက်စားထားခဲ့သော သူ၏ ဘယ်လက်သည် လုံးလုံးကျိုးသွားပြီ ဖြစ်သည်။

သို့သော်လည်း ယင်းက သူ၏ အမြန်နှုန်းအပေါ် သက်ရောက်မှုမရှိပေ။

သူ့မှာ စဉ်းစားတွေးတောနိုင်စွမ်း မရှိပေ။ သူ၏ ပင်ကိုယ်ဗီဇသည်သာ တည်ရှိတော့သည်။ သူက စားချင်သည်။ သူက အရာအားလုံးကို စားချင်သည်။

ဆာလောင်သော ပင်ကိုယ်ဗီဇက သူ့အား ရူးသွပ်သွားစေပြီး အမြဲတမ်း ဝါးမျိုစေချင်သည်။ ယင်းက အသွေးအသားကို လိုချင်တပ်မက်ခြင်းသက်သက်သာ မဟုတ်ပေ။ ယင်းအစား ပိုပြီးနက်ရှိုင်းလာသည်။

ထိုအရာက မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှာ မရေမတွက်နိုင်သော ဟင်းလင်းပြင်များ ရှိနေသည့်အလား သူခံစားမိသည်။ ထို့ပြင် သူ၏ ခန္ဓာကိုယ်ထဲမှာ သူ့အတွက် အလွန်အရေးကြီးသော တစ်စုံတစ်ခုက ပုန်းကွယ်နေသည်ဟုလည်း သူခံစားမိသည်။

ယင်းက ပုန်းကွယ်နေစဉ် သူ၏ ဆာလောင်သော ခံစားမှုက ပိုပိုပြီး ပြင်းထန်လာသည်။ ထိုခံစားမှုက သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာ သူ၏ ခန္ဓာကိုယ်သည် ခရမ်းရောင်အလင်း တောက်ပလာသည်။

ယင်းက ခရမ်းလစွမ်းအားဖြစ်သည်။

ယင်းက တစ်ခါမှမဖြစ်ဖူးသော အားလှိုင်းအတတ်အကျများဖြင့် ပေါ်လျှိုးလာသည်။ ဤအခိုက်အတန့်မှာ ယင်းက အလွန်တောက်ပသော ခရမ်းရောင်အလင်းကို ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ အလင်းပြန်စေပြီး ထာဝရပေါင်းစပ်မှုတစ်ခုကို ဖြစ်ပေါ်လာစေသည်။

ဘေးပတ်ဝန်းကျင်သည် ဖရိုဖရဲဖြစ်လာပြီး လောကကြီးသည် ဝေဝါးလာသည်။ နတ်ဘုရားစွမ်းအင်သည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။

သဲကန္တာရသည် တုန်ယင်သွားပြီး အစိမ်းရောင်လေသည် ရပ်တန့်သွားသည်။ အမှန်မှာ လေက အနောက်ပြန်ဆုတ်သွားခြင်းဖြစ်သည်။ ၎င်းက အနားမကပ်ဝံ့သည့်အလားပင်။

အော်ဟစ်သံသည် ရွှီချင်း၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။ သူက အဝေးမှ ဧရာမမှိုပွင့်များဆီသို့ ရူးသွပ်စွာ ပြေးသွားသည်။ သူတို့ကြားမှ အကွာအဝေးသည် ချက်ချင်း နီးကပ်သွားသည်။

ယခင်တုန်းကဆိုလျှင် ရွှီချင်းသည် သူ၏ အထွတ်အထိပ်အခြေအနေမှာပင် ဧရာမမှိုပွင့်၏ မျက်နှာပြင်ကို ချိုးဖောက်ရန် ဓမ္မစွမ်းအင်အများအပြားကို အသုံးပြုရလိမ့်မည်။ သို့သော်လည်း ဤအခိုက်အတန့်မှာတော့ သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် မှိုပွင့်၏ မျက်နှာပြင်သည် သူ့ဘာသာ ဟက်တက်ကွဲထွက်သွားသည်။

အော်ဟစ်ညည်းညူသံက ပဲ့တင်ထပ်သွားသည်နှင့် ရွှီချင်းသည် မှိုပွင့်၏ အတွင်းပိုင်းထဲသို့ တိုက်ရိုက် တွားသွားဝင်သွားပြီး ရူးသွပ်စွာ ဝါးစားလိုက်သည်။ သူက ကျန်ရှိသော ညာလက်ကို အဆက်မပြတ် ဝှေ့ယမ်းနေပြီး မှိုပွင့်၏ အသွေးအသားများကို သူ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးသွင်းနေသည်။

“ ဗိုက်ဆာတယ်… ဗိုက်ဆာတယ်… ”

ဧရာမမှိုပွင့်၏ ခုခံနိုင်စွမ်းသည် အတော်လေး ကြောက်စရာကောင်းသည်။ အရေအတွက်များပြားသော အမြစ်လက်တံများသည် သဲမြေထဲမှ ပျံသန်းထွက်လာကြပြီး ဧရာမပုံရိပ်တစ်ခုအသွင် ဖွဲ့စည်းသွားကာ ရွှီချင်းကို ဖိနှိပ်လိုက်သည်။

၎င်း၏ အရှိန်အဝါအောက်မှာ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူအားလုံး ဖျက်ဆီးခံရလိမ့်မည်။ အတိတ်တုန်းက ရွှီချင်းသည်ပင် အားကုန်သုံး၍ ခုခံရပေလိမ့်မည်။

သို့သော်လည်း ယခုတော့ ထိုလက်တံများက ရွှီချင်း၏ အနားကို ချဉ်းကပ်လာသည်နှင့်ချက်ချင်း သူတို့ဘာသာ အက်ကွဲထွက်သွားကြသည်။

၎င်းက ရွှီချင်းကို လုံးဝမခုခံနိုင်ပေ။

အကြောက်တရားသည် မှိုပွင့်၏ အတွင်းပိုင်းထဲမှ ပျံ့လွင့်ထွက်လာသည်။ ထို့နောက် ၎င်းက နောက်ဆုံးအနေဖြင့် ဝမ်းနည်းပူဆွေးဖွယ်ကောင်းသော အော်မြည်သံကို ထုတ်ဖော်လိုက်သည်။ သို့သော်လည်း ယင်းက ရွှီချင်း၏ ဝါးမျိုချင်စိတ်ကို မတားဆီးနိုင်ပေ။ သူက တစ်လုပ်ပြီးတစ်လုပ် ဝါးစားပစ်သည်။

သူ၏ ဝမ်းဗိုက်သည် ဖောင်းကားလာသည်။ သို့သော်လည်း ဆာလောင်သော ခံစားမှုက ပျောက်ကွယ်မသွားပေ။ ယင်းအစား ပိုပြီးကြောက်စရာကောင်းလာသည်။

ဤသည်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ဟင်းလင်းပြင်များက အတူတကွ ပေါင်းစည်းသွားပြီး အလွန်ကြီးမားသော အာကာသတွင်းနက်တစ်ခု ဖြစ်ပေါ်လာသည့်အလားပင်။

ဤအခိုက်အတန့်မှာ ခရမ်းလ၏ နတ်ဘုရားအစွမ်းသည် ပိုပြီးအားကောင်းလာသည်။

ခရမ်းရောင်စိတ်ဆန္ဒသည် လောကတစ်ခွင် ဖုံးလွှမ်းသွားသည်။

နတ်ဘုရားအရင်းအမြစ်က ပေါ်လျှိုးထွက်လာသည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ လှုပ်ရှားမှုများသည် နှေးကွေးလာသည်။ သူ၏ မျက်လုံးထဲမှ ရူးသွပ်မှုထဲမှာ ကြည်လင်သော အလင်းရောင် ရှိသည်။ သူက နတ်ဘုရားအစွမ်းကို ဝိုးတိုးဝါးတား အာရုံခံမိနေဟန် ရသည်။

ယင်းကို စကားလုံးဖြင့် ဖော်ပြရန် အလွန်ခက်ခဲပေသည်။

ရွှီချင်းသည် အရာအားလုံးကို နားမလည်ခဲ့ပေ။ ဤအခိုက်အတန့်မှာ သူက ခံစားမှုတစ်ခုကို ရုတ်တရက် တွေ့ကြုံသွားရုံမျှသာ ဖြစ်သည်။

ဥပမာ အနီရောင်လ ဆင်းသက်လာခြင်း မလာခြင်းက သူ၏ အတွေးထဲမှာ အရေးမကြီးတော့ပေ။

သူက မည်သူဖြစ်ကြောင်းက အရေးမကြီးတော့ပေ။

စိတ်ခံစားမှု၊ အတိတ်အကြောင်း၊ အကောင်းနှင့်အဆိုး၊ မကျေနပ်မှု၊ လူသားနှင့် သက်ရှိအားလုံးအပြင် သူမှတ်မိသောအရာအားလုံးသည် ဤအခိုက်အတန့်မှာ သူ့အတွက် အရေးမကြီးတော့ပေ။

အရာအားလုံးအပေါ် သူ၏ အမြင်နှင့် နားလည်မှုသည် အတိတ်တုန်းကနှင့် ခြားနားသွားသည်။

“ ဒါကြောင့် ငါအောင်မြင်သွားတဲ့အခါကျရင် ငါက ငါဖြစ်နေဦးမလားဆိုတာ ပြောရခက်တယ်လို့ အိမ်ရှေ့စံမင်းသားက ပြောသွားခဲ့တာကို… ”

“ နတ်ဘုရားသဘာဝက လူသားသဘာဝကို လုံးလုံး အစားထိုးပစ်လိုက်တဲ့အခါ တစ်ချိန်က အရမ်းအရေးကြီးခဲ့တဲ့ အရာတွေအားလုံးက အခုအချိန်မှာ ငါ့အတွက် ဘာမှမဟုတ်တော့ဘူး ”

ရွှီချင်းသည် မထူးမခြားနားအမူအရာဖြင့် တွေးတောလိုက်သည်။ ထိုမေးခွန်းကို သူက တစ်ခဏမျှသာ စဉ်းစားလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ယင်းက သူ့အတွက် မည်သည့်အဓိပ္ပာယ်မှမရှိသောကြောင့် ဖြစ်သည်။

သူ့အတွက် ထိုကိစ္စကို စဉ်းစားခြင်းသည် အရေးမပါသော ကိစ္စဖြစ်သည်။

သူ၏ မျက်စိအရှေ့မှ လောကကြီးက ယိုယွင်းပျက်စီးသွားပြီး လေက အချိန်ကို တိုက်စားသွားမည်ဆိုလျှင်ပင် သူဂရုစိုက်လိမ့်မည်မဟုတ်ပေ။ ကောင်းကင်နှင့်မြေပြင်ကြားမှာ သရဲတစ္ဆေများဖြင့် ပြည့်နှက်သွားပြီး မြေပြင်ပေါ်မှာ အရိုးများနှင့် အသားစားလောက်ကောင်များက အဆုံးမရှိသည့်အလား တည်ရှိနေမည်ဆိုလျှင်ပင် သူ့အတွက် အရေးမကြီးပေ။

အကယ်၍ ကောင်းကင်ပေါ်မှ နတ်ဘုရားမျက်နှာပျက်ကြီးက မျက်လုံးဖွင့်လိုက်ပြီး ကမ္ဘာမြေပေါ် စိုက်ကြည့်လိုက်မည်ဆိုလျှင်ပင် သူက ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ထိုအရာအားလုံးသည် သူ့အတွက် အရေးကြီးသောကိစ္စများ မဟုတ်တော့ပေ။

ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးအရာသည် ဆာလောင်ခြင်း၊ အလွန်အမင်း ဆာလောင်ခြင်း ဖြစ်သည်။

သူ၏ အစာစားချင်စိတ်သည် အဆုံးမရှိဟန် ရသည်။

ရွှီချင်းသည် ဆာလောင်မှု၏ ဇစ်မြစ်ကို နားလည်သွားသည်။

ယင်းက ဘဝအဆင့်အတန်း ဆင့်ကဲပြောင်းလဲခြင်းကို လိုက်လံရှာဖွေသော တခြားပင်ကိုယ်ဗီဇဖြစ်သည်။

ယင်းက နှုတ်ဆက်ခြင်းနှင့် အတိတ်ကို လွမ်းဆွေးသတိရခြင်းလည်း မှန်၏။

ယင်းက ချို့ယွင်းချက်ရှိသော လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော မပြည့်စုံသည့် အာကာသတွင်းနက်တစ်ခု ဖြစ်သည်။

“ တကယ်လို့ ငါက ဆာလောင်တာကို ဖြေရှင်းချင်တယ်ဆိုရင် ငါ့ကိုယ်ငါ ပြီးပြည့်စုံအောင် လုပ်ရမယ်… လူသားသဘာဝကို လုံးလုံးပယ်ဖျက်ပစ်ရမယ် ”

“ အဲ့ဒါကို ပြီးမြောက်အောင် ငါမလုပ်နိုင်သေးဘူး… နီလာနတ်သမီးလည်း ပြီးမြောက်အောင် မလုပ်နိုင်သေးဘူး… ရှေးဟောင်းဝိညာဉ်အင်ပါယာရော အဲ့ဒါကို မလုပ်နိုင်သေးဘူး… ခေါင်းဆောင်လည်း အတူတူပဲ… ဒါကြောင့် သူတို့အားလုံးက အမြဲတမ်း ဆာလောင်နေကြတာ ”

ရွှီချင်းသည် တည်ငြိမ်စွာ တွေးတောနေသည်။ ထိုကိစ္စက သူ့အတွက် အရေးမပါသော်လည်း မည်သို့ကြောင့် သူက တွေးတောနေရကြောင်း တကယ်မသိပေ။ ခဏအကြာမှာ သူက တွေးတောခြင်းကို ရပ်တန့်ပစ်လိုက်သည်။

သို့သော်လည်း သူက ရပ်တန့်လိုက်သည့်အခါ ထိုအရာက သူ့အတွက် အလွန်အရေးကြီးသည်ဟု ဝိုးတိုးဝါးတား ခံစားမိသွားသည်။

အတွေးနှစ်ခု၏ အပြန်အလှန် တိုက်ခိုက်မှုက သူ၏ မျက်လုံးထဲမှာ ရုန်းကန်သော အရိပ်အယောင် ထွက်ပေါ်လာစေသည်။ တစ်ခါတစ်ရံ သူ၏ မျက်လုံးက မထူးမခြားနားအသွင် ပြောင်းလဲသွားပြီး တစ်ခါတစ်ရံ လူသားသဘာဝ၏ အရောင်အသွေး ပြန်ရလာသည်။

ယင်းတို့က ဆက်လက် ရောထွေးသွားသည်နှင့်အမျှ ရွှီချင်း၏ နဖူးပေါ်မှ သွေးကြောများသည် ဖောင်းကားလာသည်။ သူက နာကျင်စွာ အော်ဟစ်လိုက်သည်။ သူ၏ မျက်လုံးထဲမှ ကြည်လင်သော အလင်းရောင်သည် မြန်ဆန်စွာ လွင့်ပြယ်သွားသည်။

လူသားသဘာဝကို ပြီးပြည့်စုံစွာ ပယ်ဖျက်နိုင်မည့်နည်းလမ်းကို ရှာဖွေမည့် ပင်ကိုယ်ဗီဇက ထိန်းချုပ်မရအောင် ထပ်မံထွက်ပေါ်လာသည်။

ရွှီချင်းသည် နောက်တစ်ကြိမ် ရူးသွပ်သွားသည်။ ခရမ်းရောင်အလင်းသည် သူ၏ တစ်ကိုယ်လုံးမှ ပျံ့လွင့်ထွက်လာသည်။ သူက သားရဲတစ်ကောင်နှယ် အဝေးဆီသို့ ပြေးသွားသည်။

ထိုနေရာတွင် အစာရှိသည်။

သူထွက်ခွာသွားသော နေရာတွင် မှိုတစ်ပင်မှ မကျန်တော့ပေ။ သူက မှိုပွင့်အားလုံးကို ဝါးမျိုသွားခဲ့သည်။

All Chapters