ငါ့ကို မမြင်ပါနဲ့… ငါ့ကို မမှတ်မိပါနဲ့… ငါ့ကို မေ့လိုက်ပါ
Vol. 64 Ch. 1003
အချိန်သည် ကုန်ဆုံးသွားသည်။
ငါးရက်ကုန်ဆုံးသွားသည်။
ယခု မိုးကုပ်စက်ဝိုင်းထဲမှာ အနီရောင်လ၏ အလင်းရောင်ထွက်ပေါ်လာခဲ့သည်မှာ ရှစ်ရက်ရှိသွားပြီ ဖြစ်သည်။
ထိုရှစ်ရက်အတောအတွင်း ကောင်းကင်၏ အဆုံးမှ အနီရောင်အလင်းသည် လခြမ်းပုံသဏ္ဍာန်ပြောင်းလဲသွားသည်။ သွေးကဲ့သို့ ထူထဲသော အနီရောင်အလင်းတန်းများက ဆက်လက် ပျံ့နှံ့ထွက်လာသည်။
အကယ်၍ ကောင်းကင်တစ်ခွင်လုံးကို ကျယ်ပြောသော ကန့်လန့်ကာတစ်ခုအဖြစ် သတ်မှတ်မည်ဆိုလျှင် ဤရက်အနည်းငယ်အတွင်းမှာ အနီရောင်သည် ဧရိယာ၏ သုံးပုံနှစ်ပုံခန့်ကို ပျံ့နှံ့သွားပြီးပြီ ဖြစ်သည်။
ဤနှုန်းအတိုင်းဆိုလျှင် တစ်နှစ်အတွင်းမှာ ကောင်းကင်တစ်ခွင်လုံးသည် လုံးဝအနီရောင်ပြောင်းလဲသွားလိမ့်မည်။
ထိုနေ့သည် အနီရောင်လ ရောက်ရှိလာမည့်နေ့ဖြစ်ပြီး လဝတ်ပြုဒေသကြီးထဲမှ သက်ရှိအားလုံးအတွက် ဈာပနခေါင်းလောင်းသံ ကြားရမည့်နေ့ ဖြစ်သည်။
အချိန်သည် စတင်ရေတွက်နေပြီ ဖြစ်သည်။
သေခြင်းတရားက ရောက်ရှိလာသည့်အခါ နောက်ဆုံးရူးသွပ်မှုကို ဆက်လက် ဖိနှိပ်ထားရန် မလိုအပ်တော့ပေ။ ထို့ကြောင့် ရူးသွပ်မှုကို အပြည့်အဝ ထုတ်လွှတ်လိုက်သည်။
သတ်ဖြတ်မှုသည် နေရာတိုင်းမှာ ဖြစ်ပွားလာသည်။
ယင်းက ကျင့်ကြံသူများအတွက်ဖြစ်စေ သေမျိုးများအတွက်ဖြစ်စေ အတူတူဖြစ်သည်။
အားကြီးသူသည် အားနည်းသူကို အနိုင်ကျင့်ကြသည်။ အားနည်းသူသည် ပိုပြီးအားနည်းသူကို ဖိနှိပ်ကြသည်။ ပိုပြီးအားနည်းသူသည် စိတ်ပျက်လက်ပျက်စွာ ခုခံကြသည်။ စိတ်ပျက်သော အော်သံများသည် ရက်စက်သော ဤလောကထဲမှာ ပဲ့တင်ထပ်သွားသည်။
မသေဆုံးခင် သွေးပျက်ဖွယ် အော်ဟစ်သံများက လောကကြီးကို မိစ္ဆာများကြီးစိုးသော ငရဲပြည်အဖြစ် ပြောင်းလဲပစ်လိုက်သည်။
ယင်းက အစိမ်းရောင်သဲကန္တာရတွင်လည်း အတူတူဖြစ်သည်။
အင်အားစုအားလုံးသည် ဤရှစ်ရက်အတောအတွင်းမှာ ရူးသွပ်မှုအမျိုးမျိုးကို လုပ်ဆောင်ကြသည်။ သတ်ဖြတ်ခြင်းနှင့် အသတ်ခံရခြင်းသည် စည်းမျဉ်းအသစ်တစ်ခု ဖြစ်လာသည်။
အင်အားစုတစ်ခုပြီးတစ်ခုသည် ပြိုလဲပျက်စီးသွားကြသည်။ သေမျိုးမြို့တော်များသည် ကျင့်ကြံသူများအတွက် သူတို့၏ နှလုံးသားထဲမှ စိတ်ပျက်မှုကို ဖြေဖျောက်ရန် ပစ်မှတ်များ ဖြစ်လာကြသည်။
ရွှီချင်း၏ ဆေးဆိုင်တည်ရှိသော မြို့သည်လည်း ပစ်မှတ်တစ်ခုဖြစ်လာသည်။
ထိုရှစ်ရက်အတွင်းတွင် အားနည်းသူများကို အနိုင်ကျင့်ရန် ရောက်လာကြသော ရူးသွပ်နေသည့် လူတစ်ရာကျော် ရှိသည်။ သူတို့က တခြားလူများကို နာကျင်ခံစားစေချင်သည်။
တခြားလူများ နာကျင်ခံစားနေရခြင်းကို မြင်ရခြင်းသည် သူတို့ဘဝ၏ နောက်ဆုံးအချိန်မှာ ပျော်ရွှင်မှုကို ရှာတွေ့စေနိုင်သော နည်းလမ်းတစ်ခုဖြစ်ဟန် တူသည်။
သို့သော်လည်း သူတို့မသိသည်မှာ အစိမ်းရောင်သဲကန္တာရတစ်ခုလုံးတွင် အနီရောင်လဗိမာန်ထက် ပိုပြီးကြောက်စရာကောင်းသော နေရာတစ်ခုက ထိုမြို့ထဲမှာရှိနေခြင်း ဖြစ်သည်။ သို့ဖြစ်၍ ထိုမိစ္ဆာများက မြို့ထဲသို့ ဝင်ရောက်သွားသည်နှင့်ချက်ချင်း ပြောင်းလဲမှုအမျိုးမျိုး ဖြစ်ပေါ်လာကြသည်။
တချို့က တိုက်ရိုက် ပျောက်ကွယ်သွားကြသည်။
တချို့က ရူးသွပ်မှုကို ဆုံးရှုံးသွားကြပြီး ထပ်မံပြုံးလာကြသည်။ သူတို့က ဤမြို့လေး၏ ပျော်ရွှင်စွာ နေထိုင်သူများ ဖြစ်လာကြသည်။
မြို့ထဲမှ ဆေးဆိုင်၏ အနောက်ဘက်ခြံဝန်းထဲတွင် အိမ်ရှေ့စံမင်းသားဆီမှာ နောက်ထပ်ဝါသနာတစ်ခု ထပ်တိုးလာသည်။ ထို့အတူ နင်ယန်မှာလည်း အလုပ်အသစ်တစ်ခု ထပ်တိုးလာသည်။
ယင်းက ကြက်မွေးမြူခြင်းဖြစ်သည်။
ထိုရှစ်ရက်အတောအတွင်းမှာ အနောက်ဘက်ခြံဝန်းထဲတွင် ကြက်အကောင်(၂၀)ထက်မနည်း ရှိနေပြီဖြစ်သည်။ သူတို့သည် အစာစားသည့်အခါတိုင်း တုန်ယင်နေကြပြီး မထွက်ပြေးဝံ့ကြချေ။ သူတို့က တခြားကြက်များကဲ့သို့ ဆော့ကစားခြင်းမရှိဘဲ အမြဲတမ်း ထောင့်မှာ ပုန်းနေကြလိမ့်မည်။ သူတို့၏ မျက်လုံးထဲမှ အကြောက်တရားသည် အလွန်ထင်ရှားသည်။
“ အာ… မင်းတို့ကောင်တွေမှာ မျက်လုံးမပါဘူးလား… ဘာလို့ ဒီနေရာကိုမှ ပြေးလာရတာလဲ… မင်းတို့က တကယ်ပဲ ကြက်ဖြစ်ချင်တာလား ”
နင်ယန်သည် သက်ပြင်းချလိုက်သည်။ သူက ကြက်များကို အစာကျွေးနေရင်း ခေါင်းခါလိုက်သည်။
သန့်ရှင်းရေးအလုပ်သည် အလွန်ပင်ပန်းသည်ဟု သူခံစားမိသည်။ ယခု သူ့မှာ နောက်ထပ်အလုပ်တစ်ခု ထပ်တိုးလာသည်။ သို့ဖြစ်၍ သူ့မှာ ထိုကြက်များအပေါ် အမြင်ကောင်းမရှိပေ။ ထိုအခိုက်အတန့်မှာ သူက ကြက်တစ်ကောင်ကို အဝေးသို့ ဆောင့်ကန်ပစ်လိုက်သည်။
အကန်ခံလိုက်ရသော ကြက်ကလေး၏ မျက်လုံးထဲမှာ ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။ ၎င်းက ငြင်းဆန်သော အသံကို ထုတ်ဖော်လိုက်သော်လည်း ဘာမှမတတ်နိုင်ပေ။ ၎င်းက ပြီးပြည့်စုံသော ဝိညာဉ်နတ်သူငယ်အဆင့်ဖြစ်ပြီး ၎င်း၏ ဆရာက ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာ အသန်မာဆုံးဖြစ်သော်လည်း ယခုအချိန်မှာ ၎င်းက ကြက်ဖြစ်နေသည်။
၎င်း၏ အတွေ့အကြုံများကို ပြန်စဉ်းစားလိုက်သည့်အခါ ဝမ်းနည်းခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းသည် ကြက်ကလေး၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။ သူက ဒေါသဖြေဖျောက်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းမဟုတ်ပေ။ ယင်းအစား သူ့ဆရာ၏ အမိန့်ကြောင့် ဤထူးဆန်းသော ဆေးဆိုင်ကို လာရောက်စုံစမ်းခြင်း ဖြစ်သည်။ တစ်ဆက်တည်းမှာ လီယိုဖေးက ဤနေရာမှာ အမှန်တကယ် ရှိနေသလား သူရှာဖွေချင်သည်။
သို့သော်လည်း သူမမျှော်လင့်ခဲ့သည်မှာ သူက မြို့ထဲသို့ ဝင်လိုက်သည်နှင့်ချက်ချင်း သတိလစ်သွားခဲ့သည်။ သူက သတိပြန်ရလာသည့်အခါ ကြက်အဖြစ်သို့ အမှန်တကယ် ပြောင်းသွားခဲ့သည်။
ယင်းက သူ့ကို အလွန်အမင်း ချောက်ချားသွားစေသည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှာ သူ၏ ဆရာသည် ကောင်းကင်သဖွယ်တည်ရှိမှု ဖြစ်သည်။ ထို့ကြောင့် သူ့ဆရာ ပေါ်လာသည်နှင့် ဤအခြေအနေမှ သူလွတ်မြောက်နိုင်လိမ့်မည်ဟု ခံစားမိဆဲပင်။
“ အချိန်မီ ငါသတင်းမပို့နိုင်တာကို ဆရာသိသွားရင် ငါတစ်ခုခုဖြစ်နေတာ ဆရာသတိထားမိသွားလိမ့်မယ်… ဒီဆေးဆိုင်က ထူးဆန်းပေမဲ့ ဆရာရောက်လာတာနဲ့ သူတို့အားလုံး သေချာပေါက် သေရလိမ့်မယ်… ဘာပဲဖြစ်ဖြစ် ငါ့ဆရာရဲ့အနောက်မှာ အနီရောင်လဗိမာန်ရှိတယ် ”
“ အထူးသဖြင့် ဒီကောင်ပဲ… သူ့ကို ငါကိုယ်တိုင် သတ်ပစ်မယ် ”
ကြက်ကလေးက စိတ်ထဲမှာ အံကြိတ်လိုက်စဉ် နင်ယန်သည် သူ့အရှေ့မှ နောက်ထပ်တစ်ကောင်ကို အဝေးသို့ ကန်ထုတ်ပစ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
“ ဆရာရွှီ ဘာလုပ်နေမလဲ ငါသိချင်လိုက်တာ ”
“ လင်းအာက နေ့တိုင်းငိုနေတယ်… ချန်းအားညိုက ဘယ်ကိုသွားလဲ ငါမသိဘူး… အဖိုးက ထိုင်ခုံမှာထိုင်ပြီး နေ့တိုင်း လက်ဖက်ရည်သောက်နေတယ်… ”
နင်ယန်သည် ခေါင်းခါလိုက်ပြီး သူ၏ လက်ကို ပွတ်သပ်လိုက်သည်။ သူက အစာကြွေးပြီးနောက် အနောက်လှည့်လိုက်ပြီး ထွက်သွားသည်။
တစ်ချိန်တည်းမှာ အစိမ်းရောင်သဲကန္တာရထဲတွင် ရွှီချင်းသည် အရှေ့သို့ သားရဲတစ်ကောင်နှယ် ပြေးလွှားနေသည်။
သူ၏ မျက်လုံးသည် သွေးရောင်လွှမ်းနေပြီး ခရမ်းရောင်အလင်းသည် သူ၏ ခန္ဓာကိုယ်ပေါ်မှာ တလက်လက်တောက်ပနေသည်။ ဆာလောင်မှုသည် သူ၏ နားလည်မှုအားလုံးဆီသို့ ကျူးကျော်ဝင်ရောက်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများသို့ ပြောင်းလဲသွားကာ သူ၏ ခန္ဓာကိုယ်ထဲမှ ဆက်လက် ပေါက်ကွဲထွက်လာနေသည်။
တဖြည်းဖြည်း ယင်းက မုန်တိုင်းတစ်ခုသို့ ပြောင်းလဲသွားကာ လောကကြီးကို လှုပ်ခါသွားစေသည်။
ထို့ပြင် လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ မပြည့်စုံသော ပေါင်းစပ်မှုကြောင့် ဝဲကတော့တစ်ခုဖြစ်ပေါ်လာသည်။ ယင်းက အာကာသတွင်းနက်ကြီးပမာ ရွှီချင်းနှင့်ပတ်သက်သော အရာအားလုံးကို ဝါးမျိုနေသည်။
သူက ပင်ကိုယ်ထိန်းချုပ်နိုင်စွမ်းနှင့် နားလည်နိုင်စွမ်းကို ဆုံးရှုံးသွားသည်။ ပိုပြီးအတိအကျပြောရလျှင် သူက လူသားတစ်ယောက်၏ စံသတ်မှတ်ချက်အားလုံးကို ဆုံးရှုံးသွားသည်။
ဤသည်မှာ လူသားသဘာဝ၏ အချုပ်အနှောင်များက ကျိုးပျက်သွားသည့်အလားပင်။
အဆုံးမဲ့သော ဆာလောင်မှုအောက်မှာ ရွှီချင်း၏ အသိစိတ်က နစ်မြုပ်သွားသည်။
သူ့အတွက် ဤလောကထဲမှ တည်ရှိမှုအားလုံးသည် အစားအစာများ ဖြစ်ကြသည်။ ‘ သူတောင်းစားက အစာမရွေးဘူး ’ဟူသော စကားသည် ရွှီချင်း၏ လက်ရှိအခြေအနေကို ဖော်ပြရန် အသင့်တော်ဆုံး ဖြစ်သည်။
သဲကန္တာရထဲမှ ရက်စက်ကြမ်းကြုတ်သော သားရိုင်းကောင်များဖြစ်စေ လမ်းလျှောက်နေသော မှိုပွင့်များဖြစ်စေ သို့မဟုတ် တိုက်ခတ်နေသော လေ၏ အရှိန်အဝါဖြစ်စေ ယင်းတို့အားလုံးကို သူဝါးမျိုနိုင်သည်။
ဤလောကကြီးမှ ဒြပ်နှောများသည်ပင် သူ့အတွက် ပျားရည်ကဲ့သို့ ချိုမြိန်သည်။
ဒြပ်နှောများသည် ကိုယ်ပိုင်အသိစိတ်ရှိနေသည့်အလား အရပ်မျက်နှာအဘက်ဘက်မှ သူ့ဆီသို့ ရောက်ရှိလာကြသည်။ ယင်းတို့က ဝမ်းမြောက်ဝမ်းသာစွာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြပြီး သူ၏ တားမြစ်အဆိပ်နှင့် ခရမ်းလကို အာဟာရဖြည့်ပေးနေသည်။
သို့ဖြစ်၍ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာ ခရမ်းရောင်အလင်းသာမက ရောင်ခြည်တန်းတစ်ခုလည်း ပျံ့လွင့်နေသည်။ ယင်းက တားမြစ်အဆိပ်ဖြစ်သည်။
သူက အရှေ့သို့ ပြေးသွားနေစဉ် သူ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ခရမ်းရောင်အလင်းတန်းတစ်ခုသို့ ပြောင်းလဲသွားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း မြေကြီးပေါ်မှ သဲများနှင့် ကျောက်စရစ်ခဲများသည် ပြာအဖြစ်သို့ ပြောင်းလဲသွားကြသည်။ ဤသည်မှာ နတ်ဘုရားတစ်ပါးက ကမ္ဘာမြေပေါ်သို့ လမ်းလျှောက်လာနေသကဲ့သို့ပင်။
အဝေးမှ သားရိုင်းကောင်အုပ်စုသည်တော့ ထွက်ပြေးရမည်ဟူသော အသိတရားကို ဆုံးရှုံးသွားကြဟန် ရသည်။ ၎င်းတို့သည် နေရာမှာ တုန်ယင်နေကြသည်။ ၎င်းတို့၏ စိတ်ဝိညာဉ်နှင့် ပင်ကိုယ်ဗီဇမှ ထွက်ပေါ်လာသော အကြောက်တရားက ၎င်းတို့၏ လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်လိုက်ဟန် ရသည်။
၎င်းတို့က ရွှီချင်းရောက်ရှိလာမည်ကို စောင့်ဆိုင်းနေကြသည်။ ရွှီချင်း၏ အကြည့်အောက်မှာ သားရိုင်းကောင်များသည် ယိုယွင်းပျက်စီးသွားကြပြီး အာဟာရဓာတ်များသည် ရွှီချင်း၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည်။
ရံဖန်ရံခါ သူက ဧရာမမှိုပွင့်ကဲ့သို့ အစွမ်းထက်သော တည်ရှိမှုများဖြင့် တွေ့ဆုံခဲ့သည်။ သို့တိုင် ၎င်းတို့သည် သူ့အတွက် အစားအစာဖြစ်လာမည့် ကံတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ရွှီချင်းက အနားကပ်လာသည့်အခါ ထိုဧရိယာမှ ဒြပ်နှောများသည် အရာအားလုံးကို ဖျက်ဆီးပစ်မည့် ဖိနှိပ်ခြင်းသို့ ပြောင်းလဲသွားသည်။
သားရဲများ၏ မာကျောသော အပြင်ခွံသည် လုံခြုံမှုကို မပေးစွမ်းတော့ပေ။ ၎င်းတို့ထဲမှ မည်သူမှ ရွှီချင်း၏ ခြေလှမ်းကို ရပ်တန့်နိုင်ခြင်းမရှိပေ။
သူက သက်ရှိတစ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူက လက်ကို မြှောက်လိုက်ပြီး အသားအပိုင်းအစများကို ဖမ်းဆုပ်လိုက်ကာ သူ၏ ပါးစပ်ထဲသို့ ရူးသွပ်စွာ ထည့်သွင်းလိုက်သည်။
ထိုသို့စားသောက်ခြင်းက အနည်းငယ် နှေးကွေးသည်ဟု သူခံစားမိသည်။ ထို့ကြောင့် ပါးစပ်ပေါက်များသည် သူ၏ တစ်ကိုယ်လုံးမှာ ထွက်ပေါ်လာကြပြီး အသွေးအသားများကို ဝါးမျိုလိုက်သည်။
ယခင်က သူဆုံးရှုံးသွားသော ဘယ်လက်သည်တော့ ပြန်လည်ကြီးထွားလာနေသည်။ ရွှီချင်းက ဘယ်လက်ကို လိုအပ်သည်ဟု တစ်ချက်တွေးလိုက်ရုံဖြင့် ယင်းက မူလအတိုင်း ပြန်ဖြစ်သွားလိမ့်မည်။ ယင်းက အလွန်ရိုးရှင်းလွယ်ကူသည်။
ခရမ်းလစွမ်းအားသည် လှုပ်ရှားထကြွလာပြီး တားမြစ်အဆိပ်သည် ဆူပွက်လာသည်။ အရိပ်လေးသည် ဤအခိုက်အတန့်မှာ အလွန်ကြောက်လန့်နေပြီး ကျင်းကန်းဂိုဏ်းဘိုးဘေးသည် မလှုပ်ရှားဝံ့ပေ။
“ ငါ့ကို သတိမရပါနဲ့… ငါ့ကို သတိမရပါနဲ့… ”
ကျင်းကန်းဂိုဏ်းဘိုးဘေးသည် စိတ်ထဲမှာ ကြိတ်ပြီးဆုတောင်းနေသည်။ အရိပ်လေးသည်လည်း အတူတူပင်။
သူတို့က အလွန်ကြောက်လန့်နေကြသည်။ ထိုအကြောက်တရားသည် သူတို့၏ ဘဝအရင်းအမြစ်ထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ရွှီချင်း၏ ရူးသွပ်မှုကို ယခင်က သူတို့မြင်ဖူးသည်။ သို့သော်လည်း ထိုအချိန်တုန်းက သူတို့အပေါ် ယခုကဲ့သို့ အကြောက်တရားမျိုး မဖြစ်ပေါ်စေခဲ့ပေ။
အဘယ့်ကြောင့်ဆိုသော် ဤအခိုက်အတန့်မှာ ရွှီချင်းက သူတို့ကို အမှန်တကယ်ဝါးမျိုနိုင်ကြောင်း သူတို့အာရုံခံမိသောကြောင့် ဖြစ်သည်။
မှန်ပေ၏။ သူဆန္ဒရှိလျှင်ဖြစ်သည်။
(ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းသည်လည်း ကြောက်လန့်နေသည်။
လှုံ့ဆော်မှုကြောင့် ၎င်းက နိုးလာခဲ့သည်။ ၎င်းက နိုးလာသည်နှင့်ချက်ချင်း စိတ်မကျေနပ်မှုကို ဖောက်ခွဲပစ်ရန် ဟန်ပြင်လိုက်သည်။ သို့သော်လည်း နောက်အခိုက်အတန့်မှာ ၎င်းက အပြင်လောကမှ အခြေအနေများကို အာရုံခံမိသွားသည်နှင့်ချက်ချင်း ၎င်း၏ အသိစိတ်သည် ပရမ်းပတာ လှုပ်ခတ်သွားသည်။
၎င်းက အရှိန်အဝါအားလုံးကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်ပြီး တုန်တုန်ယင်ယင်ဖြင့် အိပ်မောကျနေဟန်ဆောင်လိုက်သည်။ သို့သော်လည်း ၎င်း၏ နှလုံးသားထဲမှ အကြောက်တရားကို ဖော်ပြရန် စကားလုံး မရှိပေ။
“ ဒါ… ဒါ… ဘာဖြစ်သွားတာလဲ ”
“ ငါက ခဏလေး တစ်မှေးအိပ်လိုက်ပါတယ်… ဘာလို့ ဒီလိုဖြစ်လာတာလဲ ”
နတ်ဘုရားလက်ချောင်းသည် တုန်ယင်လာသည်။ ၎င်း၏ နှလုံးသားထဲမှ အကြောက်တရားသည် ရူးသွပ်စွာ ပေါ်လျှိုးလာသည်။ ဤအခိုက်အတန့်မှာ ၎င်းက အတိတ်တွင် နီလာနတ်သမီးနှင့် ရှေးဟောင်းဝိညာဉ်အင်ပါယာဖြင့် တွေ့ဆုံခဲ့စဉ်ကလို ခံစားနေမိသည်။
တစ်ဖက်လူက သူ့ကို အချိန်မရွေး စားပစ်နိုင်သည်ဟု ခံစားမိသည်။
ထိုခံစားမှုက သူ့ကို ဝမ်းနည်းပူဆွေးစေသည်။
အကယ်၍ နတ်ဘုရားများမှာ ကံတရားရှိသည်ဆိုလျှင် ၎င်းက ကံတရား၏ တန်ပြန်ဆိုးကျိုးကို ခံစားနေရခြင်းဖြစ်မည်ဟု ခံစားမိသွားသည်။ မည်သို့ကြောင့် ကံကြမ္မာဆိုးနတ်ဘုရားအခွင့်အာဏာက ၎င်းအပေါ် ပြန်သက်ရောက်လာပြီး အဆုံးစွန်သော ကံဆိုးမိုးမှောင်မှုကို ဖြစ်ပေါ်စေရသနည်း။
“ ငါက မူလခန္ဓာကိုယ်ရဲ့ ဝါးမျိုခံရမှာကိုကြောက်လို့ နှစ်ပေါင်းများစွာကြာအောင် ပုန်းအောင်းနေခဲ့တယ်… အတိတ်တုန်းက ရှေးဟောင်းဝိညာဉ်အင်ပါယာရဲ့ ဝါးမျိုတာကို ရှောင်ရှားဖို့ တခြားရွေးချယ်စရာမရှိဘဲ သူနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တယ်… ဒါပေမဲ့ အခုဘာဖြစ်သွားတာလဲဆိုတာ ဘယ်သူ ငါ့ကို ပြောပြနိုင်မလဲ… ငါက သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းအောင်းနေတာတောင် ငါ့ကို ဝါးမျိုချင်နေတုန်းလား ”
“ မဖြစ်နိုင်ဘူး… သူဒီလောက်မြန်မြန် အစွမ်းထက်လာဖို့ဆိုတာ မဖြစ်နိုင်ဘူး… သူက အဲ့ဒီအဆင့်ကို ရောက်ဖို့ဆိုရင် နှစ်တွေအကြာကြီး ကျင့်ကြံရမှာ ”
“ ဟမ်… သူပုံစံက နတ်ဘုရားဖြစ်လာဖို့ လူသားသဘာဝကို ပယ်ဖျက်ပြီး နတ်ဘုရားသဘာဝနဲ့ ပေါင်းစပ်နေတဲ့ လူတွေနဲ့ အတူတူပါလား… အဲ့လိုလုပ်မယ်ဆိုရင် တန်ကြေးအနေနဲ့ လူသားသဘာဝကို စွန့်လွှတ်ရလိမ့်မယ်… အဲ့ဒါက ငါ့လို အစကတည်းက နတ်ဘုရားအဖြစ် မွေးဖွားလာတဲ့ မြင့်မြတ်သက်ရှိတွေနဲ့ ခြားနားတာပဲ… ဒါဆို ငါက ဘာလို့ ကြောက်နေတာလဲ ”
“ ပြီးတော့… သူ့ရဲ့ လူသားသဘာဝက နတ်ဘုရားသဘာဝကို ခုခံနေတယ်… သူက ရူးသွားတာလား… ဘာလို့ ခုခံနေတာလဲ… ဒီဟာကြောင့် သူက ရူးသွပ်သွားတာကို ”
နတ်ဘုရားလက်ချောင်းသည် ဝမ်းနည်းခြင်းနှင့် ခံပြင်းခြင်းကို ခံစားမိသွားသည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်သည် ရပ်တန့်သွားသည်။ သူက နတ်ဘုရားလက်ချောင်း၏ စကားသံကို ကြားနေသည့်အလားပင်။
ရွှီချင်းက ရပ်တန့်သွားသည်နှင့်ချက်ချင်း အရိပ်လေးသည် သေဟန်ဆောင်လိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ခေါင်းကို ကျုံ့လိုက်သည်။ (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းသည် ချက်ချင်း မျက်လုံးမှိတ်လိုက်သည်။
သူတို့အားလုံးက စိတ်ထဲမှာ ဆုတောင်းလိုက်ကြသည်။
“ငါ့ကို မမြင်ပါနဲ့… ငါ့ကို မမှတ်မိပါနဲ့… ငါ့ကို မေ့လိုက်ပါ ”
စိုးရိမ်ကြောင့်ကြခြင်းနှင့် စိတ်မသက်မသာဖြစ်ခြင်းသည် သူတို့၏ အသိစိတ်ထဲမှာ တစ်ချိန်တည်း ထွက်ပေါ်လာကြသည်။
ထိုအခိုက်အတန့်မှာ ရွှီချင်းသည် ရွေ့လျားသွားပြီး အဝေးသို့ ဦးတည်ပြေးသွားသည်။ ထိုနေရာတွင် အရသာရှိသော အစားအစာရှိသည်။
အရိပ်လေးသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် တုန်တုန်ယင်ယင် ခေါင်းပြန်မော့လိုက်သည်။ (ဃ၁၃၂)ထဲမှ နတ်ဘုရားလက်ချောင်းသည် စိတ်ပူပန်ခြင်းဖြင့် ပြည့်နှက်နေသည်။
“ ဒီလိုခုခံနေလို့ ဘာအကျိုးရှိမှာလဲ… တကယ်လို့ သူက ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် နတ်ဘုရားအပြစ်သားပဲ ဖြစ်လာလိမ့်မယ်… ဒါအပြင် သူက နတ်ဘုရားအပြစ်သား ဖြစ်လာပြီးနေပြီ ”
“ သူက တစ်ခုခုတော့ လွဲမှားနေတယ်… ပုံမှန်အခြေအနေမှာဆိုရင် နတ်ဘုရားသဘာဝကို ပထမဆုံး စထိတွေ့ဖူးတဲ့လူကို ငါက အခုလိုမျိုး ကြောက်လန့်နေတယ်ဆိုတာ မဖြစ်သင့်ဘူးလေ ”
“ သူငါ့ကို ပေးတဲ့ ခံစားချက်က အဲ့လိုမျိုးမဟုတ်တဲ့ပုံပဲ ”
“ သေစမ်း… ငါဘာလုပ်သင့်လဲ… သူသာ နတ်ဘုရားအပြစ်သားဖြစ်လာရင် ငါတော့ သွားပြီ… နတ်ဘုရားအပြစ်သားဆိုတာ ဖရိုဖရဲတည်ရှိမှုတွေ… သူတို့က ဗိုက်ဆာလာရင် ကိုယ့်ကိုယ်ကိုတောင် ပြန်စားနိုင်တဲ့သက်ရှိတွေ ”
နတ်ဘုရားလက်ချောင်းက စိုးရိမ်ကြောက်လန့်နေစဉ် ရွှီချင်း၏ မျက်လုံးထဲမှ ရူးသွပ်မှုသည် ပိုပြီးပြင်းထန်လာသည်။ သူက စောစောက အာရုံခံမိသော အစားအစာဆီသို့ နီးသထက် နီးကပ်သွားနေသည်။
သူအာရုံခံမိသော အစားအစာသည် အလွန်အရသာရှိသည်ဟု သူခံစားမိသည်။ ယင်းက သူ၏ နှလုံးသားထဲမှ လိုအင်ဆန္ဒကို ပိုပြီးပြင်းထန်လာစေသည်။ တစ်ချိန်တည်းမှာ သူ၏ ဆာလောင်မှုသည် အထွတ်အထိပ်ထိ မြင့်တတ်သွားသည်။
“ ဗိုက်ဆာတယ်… ဗိုက်ဆာတယ်… ”
သူ၏ အရှေ့မှ သဲကန္တာရထဲတွင် ပုံရိပ်တစ်ခု မတ်တတ်ရပ်နေသည်။
ထိုသူက ခေါင်းဆောင်ဖြစ်သည်။
ခေါင်းဆောင်သည် အဝေးမှ သူ့ဆီသို့ အမြန်ချဉ်းကပ်လာနေသော သားရဲကောင်ကို ကြည့်လိုက်သည်။ သူ၏ အမူအရာသည် ခါတိုင်းကဲ့သို့ အပျော်အပြက်သဘော မရှိနေပေ။ သူ၏ မျက်လုံးထဲမှာ တည်ကြည်လေးနက်မှုဖြင့် ပြည့်နှက်နေသည်။
“ ဂျူနီယာညီလေး… ”