← Chapters

ခရမ်းလနတ်ဘုရားရတနာသိုက်

Vol. 64 Ch. 1004

ခရမ်းလနတ်ဘုရားရတနာသိုက်

Vol. 64 Ch. 1004

အစိမ်းရောင်သဲကန္တာရထဲဝယ်…

လေသည် ထက်ရှသော ဓားသွားများနှယ် ဟင်းလင်းပြင်ထဲမှာ ပုန်းအောင်းနေပြီး သဲပွင့်များကို တစ်ပွင့်ပြီးတစ်ပွင့် ကွဲထွက်သွားစေသည်။ တစ်ချိန်တည်းမှာ ယင်းက စူးရှသော အော်မြည်သံကို ထုတ်ဖော်လျက် ခေါင်းဆောင်နှင့် ရွှီချင်းကို တိုက်ခတ်သွားသည်။

အသိစိတ်ကင်းလွတ်သွားသော ရွှီချင်းသည် ယခု ရူးသွပ်နေပြီး အဝေးမှ တစ်ဟုန်ထိုး ပြေးလာနေသည်။ သူ၏ အလျင်သည် လွန်စွာမှ မြန်ဆန်ပြီး ခေါင်းဆောင်နှင့် ပေတစ်ရာအကွာဆီသို့ လျှပ်တစ်ပြက်အတွင်း ရောက်ရှိသွားသည်။

‘ ဂျူနီယာညီလေး ’ဟူသော စကားသံက ရွှီချင်း၏ နားထဲသို့ ပဲ့တင်ထပ်သွားသောအခါ သူ၏ ခြေလှမ်းသည် ပေတစ်ရာအကွာမှာ ရုတ်ချည်း ရပ်တန့်သွားသည်။

သူက ရူးသွပ်မှုဖြင့် ပြည့်နှက်နေသော အနီရောင်မျက်လုံးဖြင့် သူ့အရှေ့မှ ပုံရိပ်ကို စူးစိုက်ကြည့်လိုက်သည်။ ထိုပုံရိပ်၏ အသွင်သဏ္ဍာန်က သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသောအခါ ရုန်းကန်‌သော အရိပ်အယောင်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက တစ်ခဏကြာ တည်ကြည်လာသည်။

လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ အပြန်အလှန် တိုက်ခိုက်မှုသည် ထိုအခိုက်အတန့်မှာ အလွန်အမင်း ပြင်းထန်လာသည်။ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူ၏ စီနီယာအကိုကြီးကို သူမှတ်မိသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ ဆာလောင်မှုကို သူမထိန်းချုပ်နိုင်ပေ။

“ စီနီယာအကိုကြီး… ”

ရွှီချင်း၏ အသံသည် အက်ရှနေသည်။ သူက စကားပြောလိုက်သည်နှင့်ချက်ချင်း လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ တိုက်ခိုက်မှုမှ ဖြစ်ပေါ်လာသော အသူရာချောက်နက်သည် သူ့အား ထပ်မံဝါးမျိုသွားပြန်သည်။ ရွှီချင်းသည် နာကျင်စွာ အော်ဟစ်ညည်းညူလိုက်ရသည်။ သူက အဝေးသို့ ခေါင်းလှည့်လိုက်သည်။

သူက စီနီယာအကိုကြီးဆီသို့ မသွားမိအောင် သူ့ကိုယ်သူ ချုပ်ထိန်းနေခြင်းဖြစ်သည်။

ထိုမြင်ကွင်းသည် ချန်းအားညို၏ အမူအရာကို ပြောင်းလဲသွားစေသည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက မည်မျှပြင်းထန်သော နာကျင်မှုကို ခံစားနေရကြောင်း သူနားလည်သည်။ သို့ဖြစ်၍ ထိုသို့အခြေအနေမျိုးမှာ သူ့ကိုယ်သူ ချုပ်ထိန်းထားခြင်းသည် မည်သည်ကို ဆိုလိုကြောင်းလည်း သူသိသည်။

ယင်းက ရွှီချင်းသည် မည်မျှထူးခြားကြောင်းနှင့် တစ်ဖက်လူ၏ နှလုံးသားထဲမှာ သူက မည်မျှအရေးပါကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်ပေသည်။

ချန်းအားညို၏ နှလုံးသားသည် နွေးထွေးသွားသည်။

“ ငတုံးလေး ”

ခေါင်းဆောင်သည် ပြုံးလိုက်ပြီး ခေါင်းခါလိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ နောက်အခိုက်အတန့်မှာ မျက်နှာတစ်ခုသည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ မျက်လုံးထဲမှ မျက်နှာက မျက်လုံးဖွင့်လိုက်သည့်အခါ ၎င်း၏ မျက်လုံးထဲတွင် နောက်ထပ်မျက်နှာတစ်ခု ထပ်ထွက်လာသည်။

ထို့နောက် မျက်နှာတစ်ခုပြီးတစ်ခုသည် အဆုံးမရှိသည့်အလား ထွက်ပေါ်လာသည်။ တစ်ဆက်တည်းမှာ အပြာရောင်အလင်းတန်းသည် ခေါင်းဆောင်၏ ခန္ဓာကိုယ်ပေါ်မှာ တောက်ပလာသည်။ သူ၏ ခန္ဓာကိုယ်သည် လှုပ်ယမ်းသွားပြီး နေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက ပြန်ပေါ်လာသည့်အခါ ရွှီချင်း၏ အရှေ့သို့ ရောက်ရှိသွားနှင့်ပြီ ဖြစ်သည်။

ရွှီချင်း၏ အမူအရာက ပရမ်းပတာဖြစ်သွားစဉ် ချန်းအားညိုက နူးညံ့စွာ ပြောသည်။

“ ဂျူနီယာညီလေး… တကယ်လို့ မင်းဗိုက်ဆာရင် ဒါကို စားပါ ”

ထိုသို့ပြောပြီးနောက် သူက လက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ အရှေ့မှာ ထားလိုက်သည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ခေါင်းမော့လိုက်ပြီး သူ့အရှေ့မှ စီနီယာအကိုကြီးကို စူးစိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူ့ဘဝ၏ ပင်ကိုယ်ဗီဇမှ တုံ့ပြန်လာသော လိုအင်ဆန္ဒနှင့် လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ တိုက်ခိုက်မှုကြားမှ ဖြစ်ပေါ်လာသော အသူရာချောက်နက်သည် အပြည့်အဝ ပေါက်ကွဲထွက်လာသည်။

သူက ရုတ်တရက် ပါးစပ်ဟလိုက်ပြီး ခေါင်းဆောင်၏ လက်မောင်းကို ကိုက်လိုက်သည်။

သူက အသားကို ကိုက်စားလိုက်ပြီး မျိုချလိုက်သည်နှင့် သွေးသည် တတောက်တောက် စီးကျလာသည်။

သူက အသားကို ဝါးစားလိုက်သည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်သည် ပြောမပြနိုင်အောင် သက်တောင့်သက်သာရှိလာသည်။ သို့သော်လည်း သူ၏ နှလုံးသားသည်တော့ နာကျင်နေသည်။ သူက သူ့ကိုယ်သူ ချုပ်ထိန်းချင်သည်။ ထိုသို့မလုပ်ဆောင်ချင်ပေ။

သို့သော်လည်း အသူရာချောက်နက်က သူ့အား ခုခံနိုင်စွမ်းကင်းမဲ့စေသည်။ သို့ဖြစ်၍ သူ၏ အမူအရာသည် ပိုပြီးကြမ်းကြုတ်လာပြီး ရူးသွပ်လာသည်။ နာကျင်မှုကြောင့် သူက အော်ဟစ်ညည်းညူလိုက်ရသည်။

ယင်းက လူသားသဘာဝ၏ ခုခံတားဆီးမှုဖြစ်သည်။

ခေါင်းဆောင်သည် ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ ချင်းလေး ဘာမှမကြောက်နဲ့ ”

ခေါင်းဆောင်က ပြောသည်။ သူက ရွှီချင်းကို သူ၏ ဘယ်လက်အား ဝါးမျိုခိုင်းသည်။ ထို့နောက် သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်း၏ ရှုပ်ပွနေသော ဆံပင်ကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်သည်။

“ စား… ထပ်ပြီးစား… တကယ်တော့ ဒီကိစ္စက အဖိုးကြီးလုပ်ပေးရမယ့်ဟာ… ဒါပေမဲ့ ငါက မင်းရဲ့စီနီယာအကိုကြီးဖြစ်နေတယ်လေ… ငါလည်း လုပ်ပေးနိုင်ပါတယ် ”

“ စား… ဗိုက်ပြည့်အောင်စား… ငါတို့မှာ ကိစ္စကြီးတွေလုပ်ဖို့ ရှိသေးတယ်မလား ”

ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ သူ၏ မျက်လုံးထဲမှ ရုန်းကန်မှုသည် ပိုပြီးပြင်းထန်လာသည်။ အလွန်ချောက်ချားစရာကောင်းသော အတွေးတစ်ခုသည် သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

သူက စီနီယာအကိုကြီး၏ အသွေးအသားအားလုံးကို မည်သည့်အရာမှ မကျန်တော့သည်အထိ ဝါးစားချင်လာသည်။ သူက စီနီယာအကိုကြီးကို အပြည့်အဝ စားချင်လာသည်။

ထို့ပြင် ဤရက်များမှာ လူသားသဘာဝနှင့် နတ်ဘုရားသဘာဝက ပေါင်းစပ်နေစဉ်အတွင်း ဆာလောင်ခြင်းမှလွဲ၍ တခြားစိတ်ဆန္ဒတစ်မျိုးကို ဤအခိုက်အတန့်မှာ ပထမဆုံးအကြိမ် သူခံစားမိလာသည်။

ယင်းက သွေးကို တောင့်တခြင်း ဖြစ်သည်။

သူက ခေါင်းဆောင်၏ သွေးအားလုံးကို စုပ်ယူချင်သည်။

ထိုသို့အတွေးပေါ်လာသောအခါ ရွှီချင်း၏ နှလုံးသားသည် အလွန်အမင်း နာကျင်လာသည်။

သူက ထိုသို့မလုပ်ဆောင်ချင်ပေ။

ဤအခိုက်အတန့်မှာ သူ၏ ဝါးမျိုသော လုပ်ဆောင်မှုသည် ရုတ်တရက် ရပ်တန့်သွားသည်။

ရွှီချင်းသည် အော်ဟစ်ညည်းညူလိုက်သည်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် ခရမ်းရောင်အလင်းသည် သူ၏ တစ်ကိုယ်လုံးမှ ပေါက်ကွဲထွက်လာသည်။ လွှမ်းမိုးဖိနှိပ်သော အင်အားတစ်မျိုးသည် ရုတ်တရက် ထွက်ပေါ်လာပြီး ခေါင်းဆောင်၏ ခန္ဓာကိုယ်ကို ပေတစ်ရာအကွာအဝေးဆီသို့ လွင့်စင်သွားစေသည်။

တစ်ဝက်နီးပါး စားသုံးခံလိုက်ရသော ခေါင်းဆောင်၏ လက်ကို မြင်သွားသောအခါ ရွှီချင်း၏ မျက်လုံးထဲမှ ရုန်းကန်မှုသည် ပိုပြီးပြင်းထန်လာသည်။ သူက ညာလက်ကို ရုတ်တရက် မြှောက်လိုက်ပြီး သူ့၏ ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်သည်။ သူက အသားများကို ဆွဲဖဲ့လိုက်ပြီး တစ်ကိုက်ပြီးတစ်ကိုက် ဝါးစားလိုက်သည်။

အစာအိမ်ထဲသို့ ဝင်ရောက်သွားနှင့်ပြီးသော အသားအပိုင်းအစများကိုတော့ ရွှီချင်းသည် သူ၏ ဝမ်းဗိုက်ကို ဆုံးဖြတ်ချက်ပြတ်သားစွာ လှီးဖြတ်လိုက်သည်။ ထို့နောက် သူ၏ ဘယ်လက်ကို ဝမ်းဗိုက်ထဲသို့ ထည့်သွင်းလိုက်ပြီး အစာအိမ်ထဲမှ အသားအပိုင်းအစများကို တစ်ခုပြီးတစ်ခု ပြန်ဆွဲထုတ်လိုက်သည်။

သွေးသည် မြေပြင်အနှံ့ ပြန့်ကျဲသွားသည်။

ထူးဆန်းဖွယ်ကောင်းသည်မှာ သွေးစက်သည် ပုတီးစေ့သဖွယ် အရွယ်အစားရှိပြီး မြေပြင်ပေါ်သို့ ကျဆင်းသွားသည့်အခါ ရွှီချင်း၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာက ထွက်ပေါ်လာသည်။

သူဝါးမျိုထားသော အသွေးအသားများကို ရွှီချင်းက ပြန်ဆွဲထုတ်လိုက်သည့်အခါ သူ၏ ရုန်းကန်မှုသည် ပိုပြီးပြင်းထန်လာသည်။ ဤအခိုက်အတန့်မှ လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ အားပြိုင်မှုသည် အလွန်အမင်း ပြင်းထန်လာသည်။

ခေါင်းဆောင်သည် အဝေးမှာ ရပ်နေပြီး ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ မျက်နှာမှာ အသည်းနာကျင်သော အမူအရာ ထွက်ပေါ်နေသည်။ သို့သော်လည်း သူက မလှုပ်ရှားပေ။

ရွှီချင်း၏ လူသားသဘာဝက ပြန်လည်နိုးထလာမှသာ နတ်ဘုရားသဘာဝအား ခံစားမိခြင်းကို အမှန်တကယ် ကျော်လွှားနိုင်လိမ့်မည်ဖြစ်ကြောင်း သူသိသည်။

“ အတိတ်တုန်းက… ”

ခေါင်းဆောင်သည် အတိတ်တွင် သူချိပ်ပိတ်ခံရစဉ်က မှတ်ဉာဏ်များကို ပြန်ပုံဖော်လိုက်သည်။ နာကျင်သော အရိပ်အမြွက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

တစ်ခဏကြာပြီးနောက် ရွှီချင်း၏ ရူးမိုက်သော လုပ်ဆောင်မှုနှင့်အတူ သွေးသည် ပိုမိုများပြားစွာ ထွက်ပေါ်လာသည်။ နောက်ဆုံးမှာတော့ သွေးသည် သူ့ခန္ဓာကိုယ်၏ အပြင်ဘက်တွင် တိုတမ်ပုံရိပ်တစ်ခုအသွင် ဖွဲ့စည်းသွားသည်။

ကောင်းကင်မှ ငုံ့ကြည့်လျှင် ထိုတိုတမ်ပုံရိပ်သည် မျက်နှာတစ်ခုဖြစ်ကြောင်း မြင်နိုင်လိမ့်မည်။

ထိုမျက်နှာသည် နာကျင်သော အမူအရာဖြင့် မျက်လုံးကို ဖုံးအုပ်ထားသည်။ ၎င်း၏ တစ်ကိုယ်လုံးသည် သွေးနီရောင်ဖြစ်သည်။ ဤသည်မှာ သွေးက သူ၏ ခန္ဓာကိုယ်ထဲမှ အဆုံးမဲ့စွာ စီးဆင်းနေသည့်အလားပင်။

ထိုပုံစံသည် နီလာနတ်သမီးနှင့် ဆင်တူသည်။

သို့သော်လည်း ထိုပုံရိပ်၏ မျက်နှာသည် ရွှီချင်းဖြစ်သည်။

တိုတမ်မျက်နှာ၏ အလယ်တွင် ရွှီချင်းသည် သူ၏ ဝမ်းဗိုက်ထဲမှ အသားအပိုင်းအစများကို ဆက်လက်ဆွဲထုတ်နေသည်။ သူ၏ ရုန်းကန်မှုသည်လည်း အချိန်ကြာလာသည်နှင့်အမျှ ပိုပြီးအားကောင်းလာသည်။ အဘယ့်ကြောင့်ဆိုသော် စီနီယာအကိုကြီးအပေါ် ဝါးမျိုချင်သည့် သူ၏ စိတ်ဆန္ဒက ပျောက်ကွယ်မသွားသေးကြောင်း သူရှာတွေ့သွားသောကြောင့် ဖြစ်သည်။

စီနီယာအကိုကြီး၏ လက်တစ်ဖက်က သူ့ကြောင့် ဆုံးရှုံးသွားကြောင်း တွေးမိသွားသည့်အခါ နာကျင်မှုသည် သူ၏ နှလုံးသားထဲမှ ဆက်လက် ပေါ်လျှိုးလာသည်။

နောက်ဆုံးမှာတော့ ရွှီချင်းသည် လူသားအသံမဟုတ်သော ဟိန်းသံကို ထုတ်ဖော်လိုက်သည်။ သူက အနောက်လှည့်လိုက်ပြီး အဝေးသို့ အရှိန်တင်၍ ပြေးသွားသည်။

လူသားသဘာဝ၏ အားသာနေချိန်ကို သူက အခွင့်ကောင်းယူပြီး ဤနေရာမှ ထွက်သွားချင်သည်။ သူက ဆာလောင်မှုကို ဆက်လက် မဖိနှိပ်ထားနိုင်တော့ဘဲ ရူးသွပ်သွားတော့မည့်ဖြစ်ကြောင်း သူ့ကိုယ်သူ သိသည်။ သူက တခြားတစ်နေရာသို့ သွားပြီး အရာအားလုံးကို ဝါးမျိုပစ်ချင်သည်။

သူ၏ အမြင်အာရုံသည် ဝေဝါးလာပြီး သူ၏ လောကသည် ဖရိုဖရဲဖြစ်လာသည်။ အရာအားလုံးသည် သူ့အတွက် ဆင့်ကဲပြောင်းလဲရန် အကျိုးရှိကြောင်း နတ်ဘုရားသဘာဝက သူ့ကို ပြောကြားနေသည်။

သားရဲသဘာဝသည် နတ်ဘုရားသဘာဝ၏ ထိန်းချုပ်မှုအောက်မှာ ထုတ်လွှတ်ရန် အကောင်းဆုံးလက်နက် ဖြစ်သည်။

သို့သော်လည်း လူသားသဘာဝက သူ့ကို လူသားတစ်ယောက်၏ စည်းမျဉ်းဥပဒေများနှင့် ကန့်သတ်ချက်များကို သတိပေးနေသည်။

သူမလုပ်ဆောင်သင့်သည် တချို့ကိစ္စများ ရှိသည်။

သူမပစ်ပယ်ချင်သည့် တချို့လူများ ရှိသည်။

သေသွားလျှင်ပင် စောင့်ထိန်းသွားရမည့် စိတ်ဆန္ဒတချို့ ရှိသည်။

ရွှီချင်းသည် မြန်ဆန်စွာ ထွက်သွားသည်။

သူက ထွက်ခွာသွားသည်နှင့် တိုတမ်မျက်နှာအသွင် ဖွဲ့စည်းထားသော သွေးစက်များသည် မြေပြင်ပေါ်မှ မြှောက်တတ်သွားကြပြီး နတ်ဘုရားအစွမ်းကို ထုတ်လွှတ်လျက် ရွှီချင်း၏ အနောက်သို့ ပျံသန်းလိုက်ပါသွားကြသည်။

ခေါင်းဆောင်သည် ရွှီချင်း၏ နောက်ကျောကို တိတ်တဆိတ် ကြည့်နေလျက် အနောက်မှ လိုက်သွားသည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး ရွှီချင်းသည် မရပ်မနား ပြေးလွှားနေခဲ့သည်။ ခေါင်းဆောင်၏ ထွက်ပေါ်လာမှုသည် သူ၏ နှလုံးသားထဲမှ ရုန်းကန်မှုကို တဖန်ထွန်းလင်းလာစေသည်။ လူသားသဘာဝနှင့် နတ်ဘုရားသဘာဝ၏ အားပြိုင်မှုကြားမှာ သူ၏ ရူးသွပ်မှုသည် ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးအားကောင်းလာသည်။

“ ငါဘယ်သူလဲ… အဲ့ဒါက အရေးမကြီးဘူးလား ”

“ မဟုတ်ဘူး… အဲ့ဒါက အရမ်းအရေးကြီးတယ်… ငါက ရွှီချင်း ”

“ ငါ့ရဲ့ အတိတ်က အရေးမကြီးတော့ဘူးလား ”

“ အရမ်းအရေးကြီးတယ် ”

“ ငါ့ဘဝမှာ မြင်ခဲ့တဲ့လူတိုင်းက အစာသက်သက်ပဲ ”

“ မဟုတ်ဘူး ”

ရွှီချင်း၏ နှလုံးသားထဲရှိ ရုန်းကန်မှုနှင့် ဟိန်းဟောက်သံများကြားထဲမှာ မတူညီသော အသိစိတ်နှစ်ခုသည် တဖြည်းဖြည်း ပေါ်လျှိုးလာသည်။ ထိုအသိစိတ်နှစ်ခုထဲတွင် တစ်ခုသည် မထူးမခြားနားပုံစံဖြင့်ရှိနေပြီး တခြားတစ်ခုသည် နာကျင်နေသည်။

မထူးမခြားနားအသိစိတ်သည် နတ်ဘုရားသဘာဝဖြစ်ပြီး ရွှီချင်း၏ အနောက်မှ တိုတမ်မျက်နှာ၏ ဇစ်မြစ်ဖြစ်သည်။

နာကျင်နေသော အသိစိတ်သည် လူသားသဘာဝဖြစ်ပြီး လက်လျော့ရန် ငြင်းဆန်နေသော ရွှီချင်း၏ ဆန္ဒမရှိမှုမှ ဆင်းသက်လာသောအရာ ဖြစ်သည်။

ထိုလုပ်ငန်းစဉ်အတွင်းမှာ တခြားဝိညာဉ်နတ်သူငယ်များသည် မည်သည့်အပြောင်းအလဲမှ မဖြစ်ပေါ်လာသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ခရမ်းလစွမ်းအားသည် တစ်ဟုန်ထိုး မြင့်တတ်လာသည်။

မသိလိုက်မသိဘာသာဖြင့် သူ၏ ခရမ်းလဝိညာဉ်နတ်သူငယ်သည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားသည်။ သို့သော်လည်း ကောင်းကင်ကဒ်ဘေးဒုက္ခက ဆင်းသက်မလာပေ။ ထို့ကြောင့် သူ၏ ခရမ်းလဝိညာဉ်နတ်သူငယ်က စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခသို့ အဆင့်ချိုးဖြတ်သွားသည်။ ယင်းက ဆက်လက် မြင့်တတ်သွားပြီး စတုတ္ထကောင်းကင်ကဒ်ဘေးဒုက္ခ၏ ပြီးပြည့်စုံသော အဆင့်သို့ ရောက်ရှိသွားသည်။

သို့တိုင် ယင်းက ရပ်တန့်မသွားပေ။ ယင်းက ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။

သို့သော်လည်း ယင်းက ရပ်တန့်မသွားသေးပေ။ ဝုန်းခနဲ မြည်ဟိန်းသံနှင့်အတူ သူ၏ ခရမ်းလဝိညာဉ်နတ်သူငယ်သည် အဆင့်ချိုးဖြတ်သွားသည်။

သူ၏ ခရမ်းလဝိညာဉ်နတ်သူငယ်သည် တာအိုပျိုးထောင်ခြင်းအဆင့်သို့ တိုက်ရိုက် တတ်လှမ်းသွားသည်။

ရွှီချင်း၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ခရမ်းရောင်အလင်းတန်းများ ပေါ်လျှိုးလာကြသည်။ မကြာမီ ခရမ်းရောင်လျှို့ဝှက်ရတနာသိုက်၏ ပုံရိပ်ယောင်တစ်ခုသည် ခရမ်းရောင်အလင်းတန်းများကြားထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

အတိအကျဆိုရလျှင် ယင်းက လျှို့ဝှက်ရတနာသိုက်မဟုတ်ပေ။ ယင်းက နတ်ဘုရားအစွမ်းမှ ဖြစ်ပေါ်လာသော နတ်ဘုရားရတနာသိုက်တစ်ခု ဖြစ်သည်။

ဤအခိုက်အတန့်မှာ ကောင်းကင်၏ အရောင်သည် ပျောက်ကွယ်သွားပြီး သဲကန္တာရသည် ပရမ်းပတာ လှုပ်ခတ်လာသည်။

ခရမ်းလစွမ်းအားက တိုးပွားလာသည်နှင့်အမျှ ရွှီချင်း၏ ရုန်းကန်မှုသည် စတင်အားနည်းလာသည်။ သူ၏ လူသားသဘာဝသည် မြန်ဆန်စွာ မှေးမှိန်လာသည်။ ဆာလောင်သော စိတ်ခံစားမှုက အရာအားလုံးကို အစားထိုးတော့မည့်ဟန် ရသည်။ သူ၏ သွေးဆာသော စိတ်ဆန္ဒက အရာအားလုံးကို အနိုင်ယူတော့မည့်ဟန် ရသည်။

သူ၏ အနောက်မှ တိုတမ်မျက်နှာသည် ပြုံးလာသည်။ ယင်းက မထူးမခြားနား အပြုံးဖြစ်သည်။

နတ်ဘုရားသဘာဝက နောက်ဆုံးမှာ အနိုင်ရသွားတော့မည်လော။

ထိုအခိုက်အတန့်မှာ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

ရွှီချင်းသည် သူ၏ ခြေလှမ်းကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက နေရာမှာ မတ်တတ်ရပ်လိုက်ပြီး သူ့အရှေ့မှ ပေတစ်ရာအကွာကို လှမ်းကြည့်လိုက်သည်။ သူ၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားသည်။ ထူးဆန်းသော အအေးဓာတ်က သူ၏ ခန္ဓာကိုယ်အနှံ့ ပျံ့လွင့်သွားပြီး သူ့ကို အရိုးခိုက်ခိုက်တုန်စေသည်။

သူ၏ အသိစိတ်ထဲမှာ လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး ပရမ်းပတာ ရိုက်ခတ်လာသည်။

ဤသည်မှာ သူ့အရှေ့မှ ပေတစ်ရာအကွာတွင် သူ၏ အတွေးအားလုံးနှင့် နားလည်မှုကို ဆွဲဆောင်နိုင်သော တစ်စုံတစ်ခု ရှိနေသည့်အလားပင်။

ယင်းက သံသေတ္တာတစ်လုံးဖြစ်သည်။

သံသေတ္တာ၏ အတွင်းထဲမှာ သွေးနီရောင်မြေဆီလွှာရှိသည်။ မြေဆီလွှာထဲတွင်တော့…

ပန်းတစ်ပွင့် ပွင့်လန်းနေသည်။

ထိုပန်း၏ တစ်ခုတည်းသော ထူးခြားချက်မှာ အရွက်များသည် လွှသွားပုံစံ ချွန်ထက်နေခြင်း ဖြစ်သည်။ ထိုပန်းပွင့်မှာ စုစုပေါင်း အရွက်ဆယ့်ခုနစ်ရွက် ရှိသည်။ သစ်ရွက်တစ်ခုစီ၏ အလယ်တွင် ချည်မျှင်များဖြင့် ဖွဲ့စည်းထားသော အမှတ်အသားတစ်ခု ရှိသည်။

ထိုအမှတ်အသားသည် မျက်နှာတစ်ခု ဖြစ်သည်။ တချို့မျက်နှာသည် ငိုကြွေးနေပြီး တချို့မျက်နှာသည် ရယ်မောနေသည်။

ထိုပန်းကို မြင်လိုက်ပြီးနောက် မရေမတွက်နိုင်သော မိုးကြိုးသွားများက ရွှီချင်း၏ အသိစိတ်ထဲမှာ တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားကြသည့်အလား သူ၏ ခန္ဓာကိုယ်သည် တစ်ခါမှမဖြစ်စဖူး တုန်ယင်လာသည်။ ဤအခိုက်အတန့်မှာ သူ၏ ဝိညာဉ်က အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရဟန် ခံစားမိသွားသည်။

မရေမတွက်နိုင်သော မြင်ကွင်းများနှင့် မှတ်ဉာဏ်များသည် သူ၏ အသိစိတ်ထဲရှိ ယခင်က အရေးမကြီးခဲ့သော နေရာများထံမှ အမြန်ထွက်ပေါ်လာကြသည်။ ယင်းတို့က သူ၏ အသိစိတ်ထဲမှာ ချက်ချင်း ပြည့်နှက်သွားသည်။

“ ကောင်းကင်ကံကြမ္မာပန်း… ငြိမ်းသတ်ခါနီး အသတ်မီးတောက်ကို ဆွဲဆန့်ပေးနိုင်တဲ့ နတ်ဝိညာဉ်အပင်လို့လည်း လူတွေ သိကြတယ်… အဲ့ဒါက နတ်ဘုရားအမျိုးအစား အပင်တွေထဲက သန္ဓေပြောင်းမျိုးကွဲတစ်ခုဖြစ်တယ်… ဆေးမှတ်တမ်းတွေအရ အဲ့ဒါက မျိုးကွဲစုစုပေါင်း(၇၃)မျိုးရှိပေမယ့် ပထမမျိုးကွဲတစ်ခုပဲ ဆေးဖက်ဝင်ပစ္စည်းအဖြစ် အသုံးပြုနိုင်တယ်… အဲ့ဒါက ဘယ်တားမြစ်ဇုန်ထဲမှာမဆို ရှင်သန်ပေါက်ရောက်နိုင်တယ်ဆိုပေမဲ့ နေရာအတိအကျ သတ်မှတ်ထားတာ မရှိဘူး… အဲ့ဒါက အရမ်းရှားပါးတယ် ”

“ အဲ့ဒါရဲ့ ဆေးအာနိသင်က ပြတ်တောက်သွားတဲ့ ခြေလက်တွေကို ပြန်ပေါက်လာစေနိုင်ပြီး တစ်စုံတစ်ယောက်ရဲ့ အသက်ဓာတ်ကိုတောင် ဆွဲဆန့်ပေးနိုင်တယ်… ဝိညာဉ်ဒဏ်ရာကလွဲရင် ကျန်တာအားလုံးကို အဲ့ဒါက ကုသပေးနိုင်တယ် ”

ရွှီချင်းသည် တုန်တုန်ယင်ယင် လျှောက်သွားပြီး ပန်းပွင့်၏ အရှေ့မှာ ဒူးထောက်ချလိုက်သည်။ သူက လက်ကို မြှောက်လိုက်ပြီး ပန်းပွင့်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

“ ကောင်းကင်ကံကြမ္မာပန်း… ”

ထိုပန်းကို သူက နှစ်ပေါင်းများစွာကြာအောင် ရှာဖွေခဲ့သော်လည်း မရှာနိုင်ခဲ့ပေ။ အတိတ်တွင် ထိုကောင်းကင်ကံကြမ္မာပန်းသည် ခေါင်းဆောင်လဲ့၏ အသက်ကို ဆွဲဆန့်ပေးနိုင်ပေသည်။

“ ခေါင်းဆောင်လဲ့… ”

မျက်ရည်သည် ရွှီချင်း၏ မျက်လုံးထဲမှ စီးကျလာသည်။ ယင်းက သူ၏ ပါးပြင်ပေါ် ဖြတ်သန်းသွားပြီး သဲမြေပေါ်သို့ ကျဆင်းသွားသည်။

ဤသည်မှာ လူသားသဘာဝ၏ မျက်ရည်ဖြစ်သည်။

သူ၏ အနောက်မှ သွေးနီရောင်တိုတမ်မျက်နှာသည် ပြိုကွဲပျက်စီးသွားပြီး မရေမတွက်နိုင်သော သွေးစက်များသို့ ပြောင်းလဲသွားကာ ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများဆီသို့ ပျံသန်းသွားကြသည်။

အဝေးတွင် ခေါင်းဆောင်သည် မတ်တတ်ရပ်နေပြီး ထိုအရာအားလုံးကို တိတ်တဆိတ် ကြည့်နေသည်။ သူ၏ တင်းကျပ်နေသော နှလုံးသားသည် နောက်ဆုံးမှာတော့ ဖြေလျှော့သွားသည်။ အပြုံးတစ်ခုသည် သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ပုဂ္ဂိုလ်တစ်ဦးသည် သူ၏ ဘေးမှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထိုသူသည် အိမ်ရှေ့စံမင်းသားဖြစ်သည်။

“ အခုတော့ ငါယုံကြည်သွားပြီ… မင်းရဲ့ ဆရာက တကယ်ပဲ သာမန်လူမဟုတ်ဘူး ”

အိမ်ရှေ့စံမင်းသား၏ အကြည့်သည် အဝေးမှ ရွှီချင်းပေါ်သို့ ကျရောက်သွားပြီး နူးညံ့စွာ ပြောသည်။

“ သူက ငါ့ခေတ်ကနေ ပြန်မွေးဖွားလာတဲ့ ပညာရှင်ကျင့်ကြံသူတစ်ဦး ဒါမှမဟုတ် ရှေးဘုရင်ရွှမ်ယုံထွက်သွားပြီးနောက်ပိုင်း နောက်မျိုးဆက်တွေထဲမှာ အထူးချွန်ဆုံးလူတွေထဲက တစ်ယောက်ဖြစ်ရမယ် ”

“ အဖိုးကြီးက သာမန်ပါပဲ… စီနီယာနဲ့ ဘယ်နှိုင်းယှဉ်နိုင်ပါ့မလဲ… တကယ်လို့ စီနီယာသာ တပည့်လက်ခံမယ်ဆိုရင် ကျွန်တော်က ပထမဆုံး စာရင်းပေးမယ့်လူပါ ”

ခေါင်းဆောင်သည် ဖော်လံဖားသော လေသံဖြင့် ပြောသည်။

အိမ်ရှေ့စံမင်းသားသည် ခေါင်းဆောင်၏ အမူအရာကို ကြည့်လိုက်သည်။ ထိုလူပြောသမျှကို သူမယုံပေ။

“ ငါသိချင်တာတစ်ခုရှိတယ်… မင်းနဲ့ ရွှီချင်းက မင်းတို့ဆရာကို အရင်ဆုံး သွားရှာခဲ့တာလား… ဒါမှမဟုတ် မင်းတို့ဆရာက မင်းတို့ကို အရင်လာရှာခဲ့တာလား ”

All Chapters