နေလုံးနှင့်လူ
Vol. 64 Ch. 1006
ဘဝကံကြမ္မာဆိုးတောင်တန်းထဲဝယ် ဆေးဆိုင်၏ အပြင်ဘက်တွင် ဝူကျန်းဝူသည် လမ်းပေါ်မှ လမ်းသွားလမ်းလာများကို ကြည့်လိုက်သည်။ ဤရက်များတွင် သူစိတ်ကူးထားသော ကဗျာတစ်ပုဒ်ကို စိတ်အားထက်သန်စွာ ရွတ်ဆိုလိုက်သည်။
“ ဆေးတွေ… ဆေးတွေ… မိုးမခပင်လို သိမ်မွေ့နူးညံ့တယ်… မင်းက ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင် ဒီဆိုင်မှာ မြန်မြန်ဆေးလာဝယ်ပါ ”
ဝူကျန်းဝူသည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ့ဘေးမှ လီယိုဖေးသည်လည်း မြန်ဆန်စွာ အော်ပြောလိုက်သည်။
“ ဘယ်လောက်ကောင်းလိုက်တဲ့ ကဗျာလဲ ”
ဝူကျန်းဝူသည် ရယ်မောလိုက်သည်။ သူက ဆက်လက် ကဗျာရွတ်တော့မည့်အချိန် လင်းအာသည် ဆေးဆိုင်ထဲမှ အမြန်ပြေးထွက်လာပြီး လေ၏ အလျှင်နှင့်အတူ သူ့အား ဖြတ်ကျော်သွားသည်။ နောက်အခိုက်အတန့်မှာ ရွှီချင်းနှင့် တခြားနှစ်ယောက်၏ ပုံရိပ်သည် အဝေးမှ လမ်းမပေါ်မှာ ထွက်ပေါ်လာကြသည်။
လင်းအာသည် ရွှီချင်း၏ ရင်ခွင်ထဲသို့ တိုက်ရိုက် တိုးဝင်သွားသည်။
“ နောက်ဆုံးတော့ အကိုရွှီချင်း ပြန်ရောက်လာပြီ… ”
လင်းအာ၏ မျက်လုံးသည် နီရဲသွားသည်။ ဤရက်များတွင် သူက နေ့ရောညပါ စိုးရိမ်ပူပန်နေခဲ့သည်။ သူ၏ နှလုံးသားထဲမှ စိုးရိမ်မှုက သူအလွန်သဘောကျသော ငွေစာရင်းတွက်ချက်ခြင်းကိုပင် စိတ်မဝင်စားနိုင်တော့အောင် ဖြစ်စေခဲ့သည်။
ရွှီချင်းက အဆင်ပြေစွာ ရှိနေသည်ကို မြင်သောအခါ သူ၏ နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုက နောက်ဆုံးမှာတော့ ပြေပျောက်သွားသည်။
ရွှီချင်းသည် ပြုံးလိုက်ပြီး လင်းအာ၏ ဦးခေါင်းကို ပုတ်ပေးလိုက်သည်။ ထို့နောက် သူက ဆေးဆိုင်ကို ကြည့်လိုက်သည်။
ဤရက်အနည်းငယ်အတွင်းမှာ သူက နှစ်ပေါင်းများစွာ ဖြတ်ကျော်သွားခဲ့သည့်အလား ခံစားမိသည်။ ယခု သူက ဆေးဆိုင်ဆီသို့ ပြန်ရောက်လာသည့်အခါ စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်လေသည်။
“ ယုံယုံလေး… ဖင်ကြီးမ ငါပြန်လာပြီလေ… ဘာလို့ ငါ့ကို လာမဖက်တာလဲ ”
ဘေးမှ ခေါင်းဆောင်သည် ဆေးဆိုင်ထဲသို့ လျှောက်ဝင်သွားပြီး ကျယ်လောင်စွာ အော်ပြောသည်။
ဆောင့်ကြောင့်ထိုင်နေလျက် ရေနွေးအိုးကျိုနေသော ဝိညာဉ်သခင်မယုံကျင်းသည် ခေါင်းဆောင်၏ စကားကို ကြားသောအခါ စက်ဆုပ်ရွံရှာမှုကို ခံစားမိသွားသည်။ ဤရက်များတွင် ငြိမ်သက်နေခဲ့သော သူ၏ နှလုံးသားထဲမှ ဒေါသများသည် ချန်းအားညို၏ စကားကို ကြားလိုက်သည်နှင့်ချက်ချင်း ချက်ချင်း ပေါက်ကွဲထွက်လာသည်။
‘ အနှေးနဲ့အမြန် ဒီမသာကောင်ကို ငါသတ်ပစ်ပြီး ဖြည်းဖြည်းချင်း ဝါးစားပစ်မယ် ’
အိမ်ရှေ့စံမင်းသားသည် ထိုအရာအားလုံးကို ပြုံးလျက် ကြည့်နေသည်။ ဤဆေးဆိုင်၏ နွေးထွေးသော လေထုကို လွန်စွာမှ သူသဘောကျသည်။ ထို့ကြောင့် သူက ထိုင်နေကျ ထိုင်ခုံပေါ်မှာ ထိုင်လိုက်ပြီး လက်ဖက်ရည်သောက်ရန် ခွက်ကို ကောက်ယူလိုက်သည်။
ကြက်တူရွေးလေးသည်လည်း မြန်ဆန်စွာ ရောက်ရှိလာပြီး အိမ်ရှေ့စံမင်းသား၏ ပခုံးပေါ်မှာ ရပ်နားလိုက်သည်။ ၎င်း၏ နှလုံးသားထဲမှာ စိတ်သက်သာရာရသွားပြီး ခေါင်းငုံ့လိုက်ကာ အမွှေးများ ထပ်မံဆွဲနုတ်ခံထားရ၍ ကျန်နေခဲ့သော အနီရောင်အစက်များကို ကြည့်လိုက်သည်။ ၎င်းက ဝမ်းနည်းပူဆွေးခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းကို ခံစားမိသွားသည်။
“ အဖိုး… လွန်ခဲ့တဲ့ရက်တုန်းက လူဆိုးတစ်အုပ်စုကို ငါထပ်တွေ့ခဲ့တယ်… သူတို့က ဘယ်သူတွေလဲ ငါမမြင်နိုင်ဘူး… သူတို့က ငါ့ကို အိတ်တစ်လုံးထဲမှာ ပိတ်လှောင်ထားတယ်… အရမ်းရက်စက်တာပဲ… သူတို့က ငါ့ကို မရိုက်သွားဘူး… ဒါပေမဲ့ သူတို့က အိတ်ထဲကနေ ငါ့အမွှေးတွေအားလုံးကို ဆွဲနုတ်သွားတယ် ”
နင်ယန်သည် ခေါင်းငုံ့လိုက်ပြီး ပိုပြီးအားထည့်ကာ ကြမ်းတိုက်လိုက်သည်။ သို့သော်လည်း တစ်ခဏကြာပြီးနောက် သူက ရွှီချင်းကို သတိထားမိသွားသည်။ သူက အဝတ်စုတ်ကို အောက်ချလိုက်ပြီး အံ့အားသင့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။
“ ဆရာ… မင်းက အရင်ကနဲ့ တစ်ခုခုခြားနားသွားသလိုပဲ ”
နင်ယန်က ပြောလိုက်သည့်အခါ ဝူကျန်းဝူသည် လှည့်ကြည့်လိုက်သည်။ လီယိုဖေးသည်လည်း ရွှီချင်းကို ကြည့်လိုက်သည်။ သို့သော်လည်း သူတို့နှစ်ယောက်စလုံးသည် ဇဝေဇဝါဖြစ်သွားကြပြီး ရွှီချင်း၏ မည်သည့်ထူးခြားချက်ကိုမှ သတိမထားမိကြပေ။ သူတို့ခံစားမိသည်မှာ ရွှီချင်းက သလင်းကျောက်သဖွယ် ကြည်လင်လာခြင်း ဖြစ်သည်။
သို့သော်လည်း ရွှီချင်းက သလင်းကျောက်မဟုတ်သည်မှာ ရှင်းလင်းသည်။ သို့သော်လည်း သူတို့၏ နှလုံးသားထဲမှ ကြည်လင်သော ခံစားမှုက ထွက်ပေါ်လာနေသည်။
လင်းအာသည်လည်း စူးစမ်းသိချင်လာသည်။
ခေါင်းဆောင်သည် ပြုံးလိုက်ပြီး မည်သည့်စကားမှ မပြောပေ။ သူက ဘဝင်မြင့်နေပုံပေါ်သည်။
ရွှီချင်းသည်လည်း မည်သည့်စကားမှ မပြောပေ။ သူ၏ အကြည့်က ဆေးဆိုင်ကို ဖြတ်ကျော်သွားပြီးနောက် အနောက်ဘက်ခြံဝန်းထဲမှ ကြက်များကို သတိပြုမိသွားသည်။
“ သူတို့က ဒီကို သူတို့ဘာသာ ရောက်လာကြတာ ”
လင်းအာက နူးညံ့စွာ ပြောသည်။
ရွှီချင်းက ခေါင်းညိတ်လိုက်သည်။ သူက လူတိုင်းကို ကြည့်ပြီးနောက် နောက်ဖေးခန်းဆီသို့ ပြန်ဝင်သွားသည်။
အခန်းထဲတွင် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤတစ်ကြိမ် သူ၏ အတွေ့အကြုံများကို ပြန်လည်စဉ်းစားရန် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ သူက ခရမ်းလနတ်ဘုရားရတနာသိုက်နှင့် သူဖမ်းဆုပ်မိခဲ့သော နတ်ဘုရားအခွင့်အာဏာကို အာရုံခံလိုက်ရသည်။
“ အခု ငါ့ရဲ့ ခရမ်းလနတ်ဘုရားရတနာသိုက်တစ်ခုတည်းနဲ့ တာအိုပျိုးထောင်ခြင်းအဆင့်ကို ဖိနှိပ်နိုင်သွားပြီ… ဒါပေမဲ့ တားမြစ်အဆိပ်ကို ငါ့ရဲ့ အကြည့်ထဲ မထည့်သွင်းနိုင်သေးဘူး… ငါက နတ်ဘုရားသဘာဝရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့အခါမှ အဲ့လိုလုပ်ဆောင်နိုင်လိမ့်မယ် ”
“ ဒါပေမဲ့ အခွင့်အာဏာရဲ့ အသုံးဝင်ပုံက ဒီထက်ပိုများလိမ့်မယ်လို့ ငါထင်တယ်… ”
“ ပြီးတော့ ငါ့ရဲ့ ရုပ်ခွန်အားနဲ့ ခရမ်းလစွမ်းအားက နတ်ဘုရားရတနာသိုက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားတယ်… ဒီတော့ ငါ့ရဲ့ တခြားဝိညာဉ်နတ်သူငယ်တွေက ခရမ်းလဝိညာဉ်နတ်သူငယ်ထက် နိမ့်ကျသွားပြီး ဟန်ချက်ပျက်လာတယ် ”
“ အခုလို ဟန်ချက်မညီတာရဲ့ ဆိုးကျိုးက မသေးဘူး… တကယ်လို့ တခြားဝိညာဉ်နတ်သူငယ်တွေကို အမြန်ဆုံး အဆင့်မမြှင့်တင်ဘူးဆိုရင် အဲ့ဒါက ငါရဲ့ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကို ထိခိုက်လာစေလိမ့်မှာ စိုးရိမ်ရတယ်… အဲ့ဒီအခါ တခြားဝိညာဉ်နတ်သူငယ်တွေက တဖြည်းဖြည်း ခြောက်သွေ့သွားလိမ့်မယ် ”
ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
အချိန်သည် ထိုသို့ဖြင့် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
ခုနစ်ရက်ကြာပြီးနောက် အိမ်ရှေ့စံမင်းသား ချိန်းဆိုထားသော နေ့သို့ ရောက်ရှိလာသည်။ သူက ရွှီချင်းကို တစ်နေရာဆီသို့ ခေါ်ဆောင်သွားတော့မည် ဖြစ်သည်။
သူတို့မထွက်ခွာခင် ခြံဝန်းထဲမှာ အိမ်ရှေ့စံမင်းသားက ရွှီချင်းကို မီးခိုးရောင်သတ္ထုဘောလုံးတစ်လုံးပေးသည်။
“ ဒီသတ္ထုဘောလုံးကို ခရမ်းလစွမ်းအားနဲ့ မင်းရဲ့ ခါးမှာ ချည်နှောင်ပါ… တကယ်လို့ အရေးတကြီးအခြေအနေမဟုတ်ရင် ဒီဟာကို လုံးဝမဖြုတ်ပစ်ဖို့ မှတ်ထားပါ ”
ရွှီချင်းသည် သတ္ထုဘောလုံးကို ကြည့်လိုက်သည်။ ထိုပစ္စည်းကို အနည်းငယ် ရင်းနှီးသည်ဟု သူခံစားမိသည်။ ထို့ကြောင့် သူက လက်ကို မြှောက်လိုက်ပြီး သတ္ထုဘောလုံးကို ယူဆောင်လိုက်သည်။
သို့သော်လည်း သူက သတ္ထုဘောလုံးကို ဖမ်းဆုပ်လိုက်သည့်အခိုက် ကြီးမားသော အင်အားသည် သတ္ထုဘောလုံးထဲမှ ထုတ်လွှတ်လာသည်။ ၎င်း၏ အလေးချိန်သည် အံ့ဖွယ်ကောင်းသည်။ ရွှီချင်း၏ ညာဘက်သည် ချက်ချင်း အောက်သို့ နစ်မြုပ်သွားပြီး သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းသည် နတ်ဘုရားခန္ဓာကိုယ်ကို ချက်ချင်း လှုံ့ဆော်လိုက်သည်။ ဝုန်းခနဲ မြည်ဟိန်းသံများကြားမှာ ပေ(၂၀၀)နီးပါး ရှည်လျားသော ပုံရိပ်တစ်ခုသည် ခြံဝန်းထဲမှာ ထွက်ပေါ်လာသည်။
သို့မှသာ သူက သတ္ထုဘောလုံးကို ဆုပ်ကိုင်နိုင်သွားသည်။
သို့သော်လည်း သတ္ထုဘောလုံး၏ အလေးချိန်သည် ရွှီချင်း၏ ခန္ဓာကိုယ်ပေါ်မှာသာ သက်ရောက်မှုရှိခြင်းမဟုတ်ပေ။ ယင်းက သူ၏ ဝိညာဉ်နတ်သူငယ်များအပေါ်မှာလည်း သက်ရောက်မှုရှိသည်။ သူ၏ ဝိညာဉ်မှလွဲ၍ တခြားအရာအားလုံးသည် သတ္ထုဘောလုံး၏ အလေးချိန်ကို တောင့်ခံကြရလိမ့်မည်။
ယင်းက သူ၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်မှ ကျောက်တုံးများကြားထဲမှာ နစ်မြုပ်သွားစေသည်။
အက်ကွဲရာများသည် သူ၏ ခြေဖဝါးအောက်မှာ ထွက်ပေါ်လာကြသည်။ ဘေးပတ်ဝန်းကျင်မှ ကြက်ကလေးများသည် ကြောက်လန့်သွားကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားကြသည်။ မြေပြင်ပေါ်မှာ ကြက်မွှေးများသာ တောင်ပုံရာပုံ ကျန်နေခဲ့တော့သည်။
ရွှီချင်းသည် အံ့ဩသွားသည်။
ဤသတ္ထုဘောလုံးကို သူမှတ်မိသည်။
ယင်းသည် စတေးခံယင်မြစ်ထဲမှ သူနှင့် ခေါင်းဆောင် အတူတူဆွဲထုတ်ခဲ့သော နေလုံးဖြစ်သည်။
သူ၏ ဘေးမှ အဖိုးအိုသည် ထိုအချိန်တုန်းက ဤသတ္ထုဘောလုံးထဲမှာ ရှိနေခဲ့သည်။
“ ဒါက… ”
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။
“ ဒီပစ္စည်းကို ငါမင်းကို ခဏငှားပေးလိုက်မယ်… သတ္ထုဘောလုံးရဲ့ အလေးချိန်ကို တောင့်ခံဖို့ မင်းရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို အသုံးမပြုရဘူး… အဲ့ဒါကို ချည်နှောင်ဖို့ ခရမ်းလစွမ်းအားကိုပဲ မင်းအသုံးပြုနိုင်တယ်… သတ္ထုဘောလုံးရဲ့ အလေးချိန်ကို တောင့်ခံဖို့ ခရမ်းလဝိညာဉ်နတ်သူငယ်အပြင် တခြားဝိညာဉ်နတ်သူငယ်တွေကိုလည်း အမြဲမပြတ် မှီခိုရလိမ့်မယ် ”
“ ဒီနည်းနဲ့ဆိုရင် အဆင့်ချိုးဖြတ်သွားတဲ့ မင်းရဲ့ ခရမ်းလဝိညာဉ်နတ်သူငယ်က တခြားဝိညာဉ်နတ်သူငယ်တွေကို ဖိနှိပ်နိုင်တော့မှာမဟုတ်ဘူး… ပြီးတော့ အဲ့ဒါက မင်းရဲ့ ကျင့်ကြံမှုတိုးတတ်နှုန်းကိုလည်း နှေးကွေးစေလိမ့်မယ် ”
“ ကောင်းပြီ… ငါမင်းကို ဆေးဆိုင်ရဲ့ အဝင်ဝမှာ စောင့်နေမယ်… မင်းက ခွန်အားကို ထိန်းချုပ်ပြီး တစ်လှမ်းချင်း လျှောက်လာရမယ်… အဲ့လိုမှမဟုတ်ရင် ဆေးဆိုင်က မင်းကြောင့် ပြိုကျသွားလိမ့်မယ်… ”
အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက လက်နောက်ပစ်လျက် အဓိကခန်းမဆီသို့ လျှောက်သွားသည်။
တံခါးနောက်တွင် ယခု ဝူကျန်းဝူအပြင် တခြားတစ်ယောက်ရှိနေသည်။
ထိုသူက အဖိုးအိုတစ်ယောက် ဖြစ်သည်။ သူက အရပ်ရှည်ပြီး ဂုဏ်သိက္ခာကြီးမားပုံပေါ်သည်။ သူက ထိုနေရာမှာ တံခါးစောင့်တစ်ယောက်ပမာ ရပ်နေပြီး ထူးခြားသော အရှိန်အဝါ ရှိသည်။ အကယ်၍ အသေအချာကြည့်မည်ဆိုလျှင် ထိုလူ၏ မျက်လုံးထဲမှာ တာအိုအမှတ်အသားများက ချည်မျှင်များသဖွယ် စီးဆင်းနေသည်ကို မြင်နိုင်လိမ့်မည်။
ယင်းက ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
သို့သော်လည်း ထိုဗလာနတ္ထိအဆင့် အဖိုးအိုသည် ကြမ်းတမ်းသော ချည်အင်္ကျီကို ဝတ်ဆင်ထားပြီး ဝူကျန်းဝူ၏ ဘေးမှာ ရပ်နေသည်။
ဝူကျန်းဝူ၏ အထင်သေးရှုံ့ချသော အကြည့်အောက်မှာ အဖိုးအို၏ မျက်နှာသည် ဝမ်းနည်းပူဆွေးခြင်းနှင့် ခံပြင်းဒေါသထွက်ခြင်းဖြင့် ပြည့်နှက်နေသည်။ သူက အံကြိတ်လိုက်ပြီး ပြောသည်။
“ ဆေးတွေ… ဆေးတွေ… မိုးမခပင်လို သိမ်မွေ့နူးညံ့တယ်… ”
သူ၏ အသံထဲမှာ ဝမ်းနည်းမှုဖြင့် ပြည့်နှက်နေပြီး အကူအညီမဲ့သော အငွေ့အသက်လည်း ပါရှိသည်။ ယင်းက အရပ်ရှစ်မျက်နှာသို့ ပျံ့လွင့်သွားသောအခါ အိမ်ရှေ့စံမင်းသားက အပြင်သို့ ထွက်လျှောက်လာနေကြောင်း အဖိုးအို မြင်သွားသည်။
သူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ သူက ဝမ်းနည်းပြီး ခံပြင်းဒေါသထွက်နေသော သူ၏ အမူအရာအားလုံးကို အမြန်ဖျောက်ဖျက်ပစ်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ဖော်မပြနိုင်သော ရိုသေလေးစားမှုက အစားထိုး ထွက်ပေါ်လာသည်။ သို့သော်လည်း သူ၏ စိတ်ထဲမှာ ကြီးစွာသော အကြောက်တရားဖြင့် ပြည့်နှက်နေသည်။ သူက ခေါင်းငုံ့လိုက်ပြီး နှုတ်ဆက်လိုက်သည်။
“ စီနီယာ ”
အိမ်ရှေ့စံမင်းသားသည် ခေါင်းညိတ်လိုက်ပြီး သူ့ကို လျစ်လျူရှုထားသည်။ သူက နေရာမှာ မတ်တတ်ရပ်နေပြီး ကောင်းကင်ကို ငေးကြည့်နေလျက် ရွှီချင်းကို စောင့်ဆိုင်းသည်။
ဝူကျန်းဝူသည် မျက်တောင်ခတ်လိုက်ပြီး ပိုပြီးအဆင့်မြင့်သော ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည်။ အဖိုးအိုသည်တော့ ကြောက်လန့်တုန်လှုပ်နေပြီး ဝူကျန်းဝူ၏ ကဗျာကို အနောက်မှ အမြန်လိုက်ရွတ်သည်။ သို့သော်လည်း သူ၏ နှလုံးသားထဲမှ အကြောက်တရားသည် ဆက်လက် မြင့်တတ်လာနေဆဲ ဖြစ်သည်။
သူက လွန်ခဲ့သော သုံးရက်တုန်းက ကိစ္စကို ပြန်တွေးတောလိုက်သည်။
လွန်ခဲ့သော သုံးရက်တုန်းက သူသည် ဘဝကံကြမ္မာဆိုးတောင်တန်းဒေသ၏ လေလွင့်ကျင့်ကြံသူများကြားထဲမှာ နံပါတ်တစ် ပညာရှင်ကျင့်ကြံသူဖြစ်ခဲ့သည်။ လူတိုင်းက သူ့ကို ဘိုးဘေးမိုကွေ့ဟု သိထားကြပြီး ရိုသေလေးစားစွာ ဆက်ဆံကြသည်။ သူက အနီရောင်လဗိမာန်နှင့်ပင် အဆက်အသွယ်တချို့ ရှိပေသည်။
ကောင်းကင်ပေါ်မှာ အနီရောင်လ၏ ထွက်ပေါ်လာမှုကြောင့် သူက အနီရောင်လဗိမာန်ဘက်မှာ လုံးဝရပ်တည်ရန် စိတ်ဆုံးဖြတ်ခဲ့သည်။
သို့သော်လည်း ထိုအပြောင်းအလဲအားလုံးသည် ဤဆေးဆိုင်အား သွားရောက်စုံစမ်းခဲ့သော သူတပည့်၏ ပျောက်ဆုံးမှုမှ အစပြုလာခဲ့ခြင်း ဖြစ်သည်။
အတိတ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် ဤဆေးဆိုင်က လုံးဝမရိုးရှင်းကြောင်း သူသိသည်။
သို့ဖြစ်၍ သေးငယ်သော ရန်ငြိုးရန်စကိုပင် လက်စားပြန်ချေတတ်သော သူက ဤဆေးဆိုင်ထဲမှာ လီယိုဖေးရှိနေသည်ဟု သတင်းကြားထားသည့်တိုင် အလျင်စလို မပြုမူဆောင်ရွက်ခဲ့ပေ။
သူ၏ တပည့်တစ်ယောက်က ပျောက်ဆုံးသွားသည်တိုင် သူက ကိုယ်တိုင်မရောက်လာခဲ့ပေ။
ယင်းအစား သူက ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ အနီရောင်လဗိမာန်ထဲမှာ ရှိနေပြီး မန္တန်တစ်ခုကို ရွတ်ဖတ်နေခဲ့သည်။ သူက ဆေးဆိုင်ထဲမှာ မည်သို့သော တည်ရှိမှုရှိနေကြောင်း လျှို့ဝှက်ထောက်လှမ်းရန် နတ်ဘုရားအတတ်ပညာတစ်ခုကို အသုံးပြုချင်သည်။
သို့သော်လည်း သူက မန္တန်ရွတ်ဖတ်နေစဉ် တစ်ဝက်တစ်ပျက်မှာ သတိမေ့သွားလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။
သူက ပြန်နိုးလာသည့်အခါ ဆေးဆိုင်၏ အနောက်ဘက်ခြံဝန်းထဲမှာ ထွက်ပေါ်လာပြီး ကြက်တစ်ကောင်ဖြစ်လာသည်။ သူ၏ တပည့်ကိုလည်း မြင်သွားသည်။
ယင်းက သူ့ကို အလွန်ကြောက်လန့်သွားစေသည်။ အဘယ့်ကြောင့်ဆိုသော် သူက အနီရောင်လဗိမာန်ထဲမှာ မန္တန်ရွတ်နေခဲ့ကြောင်း လုံးဝသေချာသောကြောင့် ဖြစ်သည်။ သို့တိုင် ထိုသို့ထူးဆန်းသော အဖြစ်အပျက်က အမှန်တကယ် ဖြစ်ပျက်ခဲ့သည်။
သူ့ကို ပိုပြီးထိတ်လန့်စေသည်မှာ အိမ်ရှေ့စံမင်းသားဖြစ်သည်။
အကြည့်တစ်ချက်ဖြင့်ပင် တစ်ဖက်လူက ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်ကြောင်း သူသိသည်။ ထိုနားလည်မှုက သူ၏ စိတ်ထဲမှာ အဆုံးမဲ့သော မုန်တိုင်းများကို ဖြစ်ပေါ်လာစေသည်။ အကြောက်တရားသည် ပင်လယ်ကြီးနှယ် သူ၏ စိတ်ထဲမှ အရာအားလုံးကို ဝါးမျိုသွားသည်။
ထို့နောက် သူ၏ အသနားခံမှုနှင့် လင်းအာဟု အမည်ရသော မိန်းကလေးက ဧည့်ကြိုနောက်တစ်ယောက် လိုအပ်သည်ဟု အကြံပေးမှုအောက်မှာ သူက ဤဆေးဆိုင်၏ ဒုတိယမြောက် ဧည့်ကြိုဖြစ်လာသည်။
ဘိုးဘေးမိုကွေ့က ခါးသီးမှုကို ခံစားမိနေစဉ် အနောက်ဘက်ခြံဝန်းထဲ၌ ရွှီချင်းသည် မြေပြင်ပေါ်မှ သူ့၏ ခြေထောက်ကို ခက်ခက်ခဲခဲ ပြန်ဆွဲထုတ်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးတွင် သူသည် အလွန်အမင်း သတိထားနေခဲ့သည်။ သူက မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ခြေထောက်မကျွံသွားစေရန် အတတ်နိုင်ဆုံး ကြိုးစားနေသည်။ သို့သော်လည်း ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုသည်ပင် ဤအခိုက်အတန့်မှာ သူ့အတွက် အလွန်ခက်ခဲနေသည်။
သတ္ထုဘောလုံး၏ အလေးချိန်သည် အလွန်အံ့ဖွယ်ကောင်းသည်။
အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် အလေးချိန်ကို အနည်းငယ် နေသားကျလာသည်။ သူက သူ့ဝိညာဉ်နတ်သူငယ်များထံမှ စိတ်မသက်မသာဖြစ်မှုကို ကြိတ်မှိတ်သည်းခံလိုက်ပြီး နတ်ဘုရားခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း ပြန်ကျုံ့လိုက်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်သည် ပေ(၁၀၀)ထိ ကျုံ့သွားသည်။
သူ၏ ခန္ဓာကိုယ်က ကျုံ့သွားသည်နှင့်ချက်ချင်း မျှဝေထားသော အင်အားသည်လည်း လျော့နည်းသွားသည်။ ထို့ကြောင့် နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်က မြေကြီးထဲသို့ ထပ်မံနစ်မြုပ်သွားပြန်သည်။
အချိန်အတော်ကြာပြီးနောက် သူက အပျက်အစီးပုံထဲမှ ကျားကုတ်ကျားခဲ ပြန်ထလာသည်။ ခရမ်းလဝိညာဉ်နတ်သူငယ်မှလွဲ၍ သူ၏ ခန္ဓာကိုယ်ထဲမှ ကျန်ဝိညာဉ်နတ်သူငယ်(၁၂)ကောင်သည် နှလုံးနာကျင်သော စိတ်ဆန္ဒကို ထုတ်ဖော်လိုက်ကြပြီး ရူးသွပ်စွာ ပေါက်ကွဲထွက်လာကြသည်။
အထူးသဖြင့် ရွှေကျီးကန်းဖြစ်သည်။
“ ဒီနည်းလမ်းက တကယ် ထိရောက်တယ် ”
ရွှီချင်းက တွေးတောလိုက်သည့်အခါ သူ၏ မျက်လုံးသည် ဝင်းလက်သွားသည်။
ယင်းက ထိရောက်မှုရှိသည်ဆိုလျှင် သူက ဆက်လက် လုပ်ဆောင်မည်ဖြစ်သည်။
သို့ဖြစ်၍ သူက သတ္ထုဘောလုံး၏ အလေးချိန်ကို ကျင့်သားရအောင် ဆက်လက် ကြိုးစားလိုက်ပြီး တောင့်ခံလိုက်သည်။ နှစ်နာရီကြာပြီးနောက် ရွှီချင်းသည် နေသားကျလာပြီဟု ခံစားမိလာသည်။ သို့ဖြစ်၍ သူက ခန္ဓာကိုယ်ကို ပေ(၅၀)အထိ ကျုံ့လိုက်သည်။
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာ ဝုန်းခနဲမြည်သံက ပဲ့တင်ထပ်လာသည်။
သူ၏ ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်မှာ တွင်းတစ်ခု ထွက်ပေါ်လာသည်။
ထိုသို့ဖြင့် ညနေခင်းအချိန်သို့ ရောက်ရှိလာသည်။ ရွှီချင်းသည် ကြိမ်ဖန်များစွာ ကျရှုံးပြီးနောက် သတ္ထုဘောလုံး၏ အလေးချိန်ကို မူလခန္ဓာကိုယ်ဖြင့် နေသားကျလာသည်။ သို့သော်လည်း ယင်းက တောင့်ခံထားနိုင်ရုံမျှသာ ဖြစ်သည်။
သတ္ထုဘောလုံးကို သူ၏ ခါးမှာ ချည်နှောင်ထားစဉ် သူက ရုပ်သေးရုပ်အလား ဖြည်းညင်းစွာ ရွေ့လျားသွားနေရသည်။
သူက ခြေတစ်လှမ်းရွေ့လျားရန်ပင် ခွန်အားအကုန်ကို အသုံးပြုနေရသည်။ ချွေးသီးချွေးပေါက်များသည် သူ၏ နဖူးပေါ်မှ စီးကျလာသည်။
နောက်ဆုံးမှာတော့ သူက ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ပဲ့ထင်ထပ်လာသည်။ ဆေးဆိုင်သည်လည်း အကြမ်းပတမ်း လှုပ်ယမ်းလာပြီး ဖုန်မှုန့်သည် နေရာတိုင်းမှာ ပြန့်ကျဲသွားသည်။ လင်းအာ၊ နင်ယန်၊ ဝိညာဉ်သခင်မယုံကျင်းနှင့် တခြားလူများ၏ အံ့ဩသော အကြည့်အောက်မှာ သူက ဆေးဆိုင်၏ အဓိကခန်းမဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
သူ၏ အနောက်တွင် နက်ရှိုင်းသော ခြေရာများနှင့် မရေမတွက်နိုင်သော အက်ကွဲရာများ ကျန်နေခဲ့သည်။
မီးဖိုပေါ်မှ ရေနွေးအိုးသည် အောက်သို့ ပြုတ်ကျသွားသည်။ လင်းအာ၏ အရှေ့မှ စားပွဲခုံသည်လည်း အက်ကွဲသွားသည်။
နင်ယန်သည် စိတ်မကောင်းဖြစ်မှုဖြင့် ပြည့်နှက်သွားသည်။ ကြမ်းတိုက်ရမည့်တာဝန်သည် သူ့အလုပ်မဟုတ်ပါလော။
ရွှီချင်းသည် နင်ယန်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက ဆေးဆိုင်၏ အပြင်သို့ ထွက်သွားရန် အကောင်းဆုံး ကြိုးစား၍ လျှောက်လှမ်းလိုက်သည်။
သူက ဆေးဆိုင်၏ အပြင်သို့ ရောက်ရှိသွားသည်နှင့်ချက်ချင်း သူ့အနောက်မှ ဆေးဆိုင်သည် အက်ကွဲသံကို ထုတ်လွှတ်လာသည်။ ဆေးဆိုင်က အနည်းငယ် ယိမ်းယိုင်သွားကြောင်း ထင်ရှားပေသည်။
“ စီနီယာ ”
ရွှီချင်းသည် အမူအရာကင်းမဲ့စွာဖြင့် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် ဆေးဆိုင်ထဲသို့ လှမ်းကြည့်လိုက်သည်။ သူက ပြုံးလိုက်ပြီး အဝေးသို့ လျှောက်သွားသည်။
“ သွားကြစို့ ”
ရွှီချင်းသည် ပေါ့ပါးဖျတ်လတ်စွာ ထွက်သွားသော အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ပြီး သူ့အနောက်မှ တိတ်ဆိတ်စွာ လိုက်သွားသည်။ သူက လမ်းလျှောက်လိုက်သည်နှင့် ဝုန်းခနဲမြည်ဟိန်းသံများ ပဲ့တင်ထပ်သွားပြီး မြေပြင်သည် အက်ကွဲသွားသည်။ ဘေးပတ်ဝန်းကျင်မှ အိမ်များသည် လှုပ်ယမ်းသွားကြပြီး မြေပြင်ပေါ်မှာ နက်ရှိုင်းသော ခြေရာများ ကျန်နေခဲ့သည်။
“ စီနီယာ… ငါတို့ ဘယ်သွားကြမှာလဲ ”
“ သိပ်မဝေးဘူး… ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာပဲ… မင်းနဲ့ တွေ့ပေးမယ့်လူက အရင်က မင်းမြင်ခဲ့ဖူးတဲ့ ငါ့ရဲ့ တတိယအမတော်ပါ ”
“ အတိတ်တုန်းက သူက ဒီမှာ အားပြန်ဖြည့်ဖို့ ရွေးချယ်ခဲ့တယ် ”
အရှေ့မှ ဦးဆောင်လျှောက်နေသော အိမ်ရှေ့စံမင်းသား၏ အသံသည် တည်ငြိမ်စွာ ပျံ့လွင့်လာသည်။
“ မကြာသေးခင်က ဒီနားတစ်ဝိုက်မှာ တဝဲလည်လည် ပျံသန်းနေတဲ့ ယင်ကောင်တချို့ရှိတယ်လို့ သူက ငါ့ကို ပြောလာတယ်… မင်းရဲ့ နတ်ဘုရားအခွင့်အာဏာကို အတည်ပြုဖို့အတွက် သူတို့ကို မသတ်ပစ်ဘဲ ဖမ်းထားဖို့ ငါပြောလိုက်တယ် ”
ဤသည်ကို ကြားသောအခါ ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ အိမ်ရှေ့စံမင်းသားက မည်သို့ကြောင့် ဘဝကံကြမ္မာဆိုးတောင်တန်းသို့ လိုက်လာခဲ့ခြင်းဖြစ်ကြောင်း အမြဲတမ်း သူဇဝေဇဝါဖြစ်ခဲ့သည်။ တစ်ဖက်လူမှာ သူ့ကို လေ့ကျင့်ပေးခြင်းအပြင် တခြားအကြောင်းအရင်းရှိရမည်ဟု သူခန့်မှန်းခဲ့သည်။
ယခု သူက အကြောင်းအရင်းကို သိသွားသည်။ သူက အံ့ဩခြင်းမရှိပေ။
သူက ထူးဆန်းသည်ဟုသာ ခံစားမိသည်။ မည်သို့ကြောင့် လူတိုင်းက ဘဝကံကြမ္မာဆိုးတောင်တန်းကို ရွေးချယ်ခဲ့ကြသနည်း။
ခေါင်းဆောင်သည် ဤနေရာကို ရွေးချယ်ခဲ့သလို မင်းသမီးမင်မိန်သည်လည်း ရွေးချယ်ခဲ့သည်။
သူက ထိုအကြောင်းကို တွေးတောနေစဉ် ဝုန်းခနဲမြည်သံများသည် ဘဝကံကြမ္မာဆိုးတောင်တန်း၏ ညအချိန်မှာ ဆက်လက် ပဲ့တင်ထပ်သွားသည်။
ရွှီချင်းအတွက် ပျံသန်းရန် အလွန်ခက်ခဲပေသည်။ သူက မြေပြင်ပေါ်မှာသာ ရွေ့လျားသွားနိုင်သည်။ ရံဖန်ရံခါ သူက လမ်းလျှောက်နေရင်း ခလုပ်ကသင်းများနှင့် တွေ့ဆုံသည့်အခါ သူ့ကိုယ်သူ မထိန်းချုပ်နိုင်ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် လဲကျသွားလေ့ ရှိသည်။
ထိုသို့ဖြစ်သည့်အခါတိုင်း အိမ်ရှေ့စံမင်းသားသည် တွင်းနက်၏ ဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး ယင်းကို စစ်ဆေးလေ့လာလိမ့်မည်။