← Chapters

တစ်ယောက်တည်းအထီးကျန်မှာစိုးလို့

Vol. 8 Ch. 103

တစ်ယောက်တည်းအထီးကျန်မှာစိုးလို့

Vol. 8 Ch. 103

အခန်း (၁၀၃) တစ်ယောက်တည်းအထီးကျန်မှာစိုးလို့

ရုတ်တရက်… ကျန်းလန် ရောက်လာသည့်အတွက် ချောင်ချင် အံ့သြတုန်လှုပ်နေမိသည်။

ကျန်းလန်နှင့် တိုက်ခိုက်ရန် ကျန်ရစ်ခဲ့သူများက ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသူများ မဟုတ်ကြပေ။

ကျန်းလန်က တိုက်ပွဲအစတွင် အငိုက်ဖမ်းပြီး တစ်ယောက်လောက်ကို သတ်ဖြတ်နိုင်လျှင်တောင်မှ အခြားသူများကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

ရွှေပြဒါးအမြုတေအဆင့်ကျင့်ကြံသူ (၅)ယောက် ဝိုင်းဝန်းတိုက်ခိုက်သည်ကို နဝမတောင်ထွတ်မှတပည့်က မည်သို့ ခုခံနိုင်ပါမည်နည်း။

ထို့ပြင်… ထိုသူများက ကျန်းလန်အပေါ် ကျိန်စာတိုက်သည့် အစီအရင်လည်း အသုံးပြုကြမည် ဖြစ်သည်။

တိုက်ပွဲက သဲထိတ်ရင်ဖို တိုက်ပွဲမျိုး မဟုတ်ဘဲ ကျန်းလန်ကို ဝိုင်းအမှုန့်ချေမည့် တိုက်ပွဲမျိုး ဖြစ်သည်။

သို့သော်… ယခုတော့ ကျန်းလန်က အဘယ့်ကြောင့် သူမကို အမီလိုက်လာရပါသနည်း။

ဒီလူက သူ့ကို ဝိုင်းဝန်းတိုက်ခိုက်သူများလက်မှ လွတ်မြောက်အောင် မည်သို့ ထွက်ပြေးလာပါသနည်း…။

သို့မဟုတ် ဝိုင်းဝန်းတိုက်ခိုက်သူများကို အချိန်တိုအတွင်း အနိုင်ယူလိုက်လေသလား…။ ထိုသို့ဆိုလျှင် ဒီလူက တန်ခိုးစွမ်းအား မည်မျှ မြင့်မားနေပါသနည်း။

ချောင်ချင်က မအူမလည်ပုံစံဖြင့် ကျန်းလန်ကိုကြည့်လိုက်ရင်း…

"ဂိုဏ်း…ဂိုဏ်းတူအစ်ကို… ဘယ်လိုလုပ် ဒီကို ရောက်လာရတာလဲ…"

သူမကိုကြည့်ရသည်မှာ အနည်းငယ် ထိတ်လန့်နေဟန် ရှိသည်။

ထို့နောက်… သူမက တန်ခိုးစွမ်းအားများကို လျှို့ဝှက်စုစည်းလိုက်ပြီး သူမ စီးနင်းလာသည့် ဝက်ဝံဝိညာဉ်သားရဲကြီးကို အမြန်သွားစေရန် အရှိန်မြှင့်တင်လိုက်သည်။

သို့သော်… သူမက သားရဲကြီးကို အရှိန်မြှင့်တင်လိုက်သည့်တိုင် ကျန်းလန်က နောက်တွင် ကျန်ခဲ့ခြင်း မရှိပေ။

သူမ နံဘေးတွင် ကပ်ပြီး လိုက်ပါလာမြဲ ဖြစ်လေသည်။

ကျန်းလန်က ချောင်ချီကိုစိုက်ကြည့်ပြီး ခပ်တိုးတိုးလေသံဖြင့်…

"ဒါနဲ့… မင်းရဲ့ အပေါင်းအသင်းတွေက မင်းကို အမှာစကားပါးလိုက်သေးတယ်…"

"ဘာ… ဘာများလဲ…"

သူမက ကျန်းလန်ကို မေးခွန်းပြန်ထုတ်လိုက်ရင်း တိုက်ခိုက်ရန် အသင့်ပြင်ထားလိုက်သည်။

သူမ ကျန်းလန်လက်မှ ရှောင်ပြေး၍ မလွတ်နိုင်မှန်း နားလည်လိုက်သည်။

"သူတို့မှာလိုက်တဲ့စကားက… ငရဲပြည်သွားတဲ့ခရီးက ရှည်လွန်းတယ်တဲ့… ၊ ဒီတော့ ညီမလေးတစ်ယောက်တည်း အထီးကျန်မှာစိုးလို့ ငရဲလမ်းမှာ ဖြည်းဖြည်းပဲလျှောက်ရင်း ညီမလေးကို စောင့်နေမယ်တဲ့…"

ကျန်းလန်၏အသံက အေးဆေးစွာ ထွက်ပေါ်လာသည်။

ထိုစကားကိုကြားလိုက်သည်နှင့် ချောင်ချင်မျက်လုံးများကို အသာကျဉ်းမြောင်းလိုက်သည်။

ရန်သူက သူမကို ခြိမ်းခြောက်နေပြီဖြစ်လေရာ သူမအနေဖြင့် လွတ်လမ်းရှာရပေတော့မည်။

သို့သော်… သူမ လှုပ်ရှားရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းလန်၏ လက်တစ်ဖက်က သူမ၏လက်ကို ဖမ်းဆုပ်ထားလိုက်၏။

ချောင်ချင်က…

"မဟုတ်ဘူး… ရှင် ကျွန်မကို သတ်လို့မရဘူး… ၊ ဟိုလူတွေကို သတ်လိုက်တာက ဘာမှ မဖြစ်ဘူး… ဒါပေမဲ့ ကျွန်မကို သတ်မယ်ဆိုရင်တော့ အကြီးအကဲက ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး… ၊ ပြီးတော့… ရှင့်လို ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ကျွန်မကို ဘယ်နည်းနဲ့မှ သတ်လို့ရမှာ မဟုတ်ဘူး… ၊ အခုချိန် နောက်ဆုတ်တာက ရှင့်အတွက် အကောင်းဆုံးဖြစ်လိမ့်မယ်နော်…"

သူမစကားဆုံးသွားသည်နှင့် ကျန်းလန်ဆုပ်ကိုင်ထားသည့် ချောင်ချင်၏လက်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

ကျန်းလန်က ချက်ချင်းပင် ထိုအလင်းတန်းကို လက်သီးဖြင့် ထိုးချလိုက်၏။

လက်သီးချက်နှင့် ထိမိသည်နှင့် အလင်းတန်းက တစ်စစီ ကြေမွသွားသည်။

"ဘန်း…"

အလင်းတန်းနှင့်အတူ ချောင်ချင်၏လက်ပါ ကြေမွသွားသည်။

"အား…"

သူမ စူးရှစွာအော်ဟစ်လိုက်ပြီး မြေပြင်ထက် ပြုတ်ကျသွားသည်။

နာကျင်မှုက ပြောမပြနိုင်လောက်အောင် ပြင်းထန်လှပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။

သူမ ကျန်းလန်ကို ကြောက်ရွံ့တုန်လှုပ်စွာဖြင့် မော့ကြည့်လိုက်ရင်း…

"ရှင်… ရှင်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ မဟုတ်ဘူးပဲ…"

သူမခန္ဓာကိုယ်တွင် ခုခံစွမ်းအားမြင့်မားသည့် မှော်ဝင်ပစ္စည်းများ အဆင်သင့်တပ်ဆင်ထားခဲ့သည်။

ထို မှော်ဝင်ပစ္စည်းများက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ လက်သီးချက်ကို သေချာပေါက် ခံနိုင်ရည်ရှိလေသည်။

သို့သော်… ယခု သူမ၏ မှော်ဝင်ပစ္စည်းများက ကျန်းလန်၏ လက်သီးချက်ကို တားဆီးနိုင်ခဲ့ခြင်း မရှိပေ။

သူမ၏ လက်တစ်ဖက်လုံးလည်း ကြေမွပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။

ကျန်းလန်က ချောင်ချင်ဘေးတွင် ရပ်လိုက်ရင်း…

"အမှန်ပဲ… ကျုပ်က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူ မဟုတ်ဘူး…"

ထို့နောက်… ကျန်းလန်က ဆက်လက်မေးမြန်းလိုက်သည်။

"တောအုပ်ထဲမှင် မင်းတို့ရဲ့အကြီးအကဲတွေ ဘယ်နှစ်ယောက် ရှိတာလဲ…"

"နှစ်ယောက်… နှစ်ယောက် ရှိတယ်… ဂိုဏ်း… ဂိုဏ်းတူအစ်ကို… ကျွန်မကို မသတ်ပါနဲ့… ၊ ကျွန်မက ကန်းနေလို အမှန်ကိုမမြင်ဘဲ သူတို့ခိုင်းတဲ့အတိုင်း လုပ်ခဲ့မိတာပါ…"

ချောင်ချင်က အသနားခံ တောင်းပန်လာသည်။

သို့သော်… သူမ၏ အကောင်းပကတိကျန်နေသေးသောလက်တစ်ဖက်မှ အလင်းရောင်တစ်ချက် လက်ခနဲ တောက်ပသွားသည်။

သူမကို ကြည့်ရသည်မှာ တစ်စုံတစ်ခုကို ဆင့်ခေါ်နေဟန် ရှိသည်။

ထိုအလင်းရောင်ကို တွေ့မြင်လိုက်သည်နှင့် ကျန်းလန်က ချောင်ချင်၏အနားသို့ ခြေတစ်လှမ်းတိုးလိုက်ရင်း…

"ဘန်း…"

ပြင်းထန်လွန်းသည့်လက်သီးချက်အောက်တွင် သွေးမှုံများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ချောင်ချင်၏ မျက်နှာထက်တွင် မကျေမနပ်မှုများပြည့်နက်နေသည်။ သို့သော်… သူမ ထာဝရအိပ်စက်သွားခဲ့ပြီ ဖြစ်၏။

ကျန်းလန်က ချောင်ချင်ကို အရေးမစိုက်ဘဲ တောအုပ်အတွင်းသို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

နောက်ထပ် ရန်သူ (၂)ယောက်…

သူက ရန်သူ (၁)ယောက်တည်းသာ မျှော်လင့်ထားခဲ့သည်။ သို့သော်… ယခုတော့ (၂)ယောက် ဖြစ်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ… ကျန်းလန်ကတော့ နောက်ဆုတ်မည် မဟုတ်ပေ။

ထိုစဉ်…

"ဂါး…"

ဝက်ဝံဝိညာဉ်သားရဲကြီးက ကျန်းလန်ထံသို့ ဂမူးရှူးတိုးဖြင့် ဝင်ရောက်တိုက်ခိုက်လာခြင်း ဖြစ်သည်။

ထိုသတ္တဝါကြီးက သူ့ထံသို့ ခုန်ဝင်လာသည်။

"ဘုန်း…"

ကျန်းလန်က လှည့်ပင်မကြည့်ဘဲ လက်သီးတစ်ချက် ပစ်လွှတ်လိုက်သည်။ လေထုတစ်ခုလုံး သွေးမှုံများ ဖုံးလွှမ်းသွားလေ၏။

ဟိန်းဟောက်နေသည့် ဝိညာဉ်သားရဲကြီးမှာ ချက်ချင်းပင် အသက်ပျောက်သွားတော့သည်။

ထို့နောက်… ကျန်းလန် တောအုပ်ထဲသို့ ဆက်လက်ဝင်ရောက်လာခဲ့သည်။

………………

တောအုပ်တွင်းတစ်နေရာ…

ထိုနေရာတွင်… အလွန်ကြီးမားသည့် သစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။

သို့သော်… ထိုသစ်ပင်ကြီးတည်ရှိသည့် ပတ်ဝန်းကျင်တစ်ခုလုံး မြူခိုးများဖြင့် ဝန်းရံလျှက် ရှိသည်။

သစ်ပင်ကြီး၏နံဘေး… ၊ မြူခိုးများကြားထဲတွင်တော့ ကျင့်ကြံသူ (၂)ယောက် မတ်တတ်ရပ်လျှက် ရှိ၏။

ဆံပင်များဖြူဖွေးနေသည့် အဘိုးအိုတစ်ယောက်နှင့် သက်လတ်ပိုင်း လူရွယ်တစ်ယောက် ဖြစ်သည်။

သို့သော်… မြူခိုးများဝေနေသောကြောင့် ထိုသူ (၂)ယောက် ရှိနေသည်ကို တွေ့မြင်ရန် ခက်ခဲလွန်းလှသည်။

မြူခိုးများထွက်ပေါ်နေခြင်းမှာ သူတို့ကို အခြားသူများ မတွေ့မြင်စေရန် မှော်ဝင်ပစ္စည်းတစ်ခုခု အသုံးပြုပြီး ဖုံးကွယ်ထားခြင်း ဖြစ်ဟန်တူသည်။

ဆံပင်များဖြူဖွေးနေသည့် အဘိုးကြီးနာမည်က ချန်စန်းဖြစ်သည်။

ချန်စန်းက…

"တာအိုရောင်းရင်းဖုန်းကျီ… ဘာလို့ အဲဒီရွှေပြဒါးအမြုတေအဆင့်ကျင့်ကြံသူကောင်လေးကို ဒီလောက် အချိန်ပေးပြီး လုပ်ကြံဖို့စီစဉ်နေရတာလဲ…"

ခဏနားပြီးမှ ချန်စန်းက ဆက်ပြောသည်။

"အရင်တုန်းက တာအိုရောင်းရင်းက ကျုပ်ဆီကနေ သေမင်းကျိန်စာနဲ့ပတ်သက်ပြီး လမ်းညွှန်ချက် တောင်းခဲ့ဖူးတယ် မဟုတ်လား… ၊ အဲဒီကျိန်စာကို အသုံးပြုပြီး အဲဒီကောင်လေးရဲ့ ဝိညာဉ်ကိုဖျက်စီးပြီး သူရဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်ဖို့ ကြံစည်နေတာလား… ဘာလို့ ဒီလိုလုပ်ရတာလဲဗျ… ၊ ပြီးတော့… နှစ်ပေါင်း (၃၀)တောင် ဇွဲရှိရှိနဲ့ ခင်ဗျား သူ့ကိုစောင့်နေခဲ့တာ… ၊ သူ့ကို အလွတ်မပေးနိုင်စရာ ဘယ်လို ရန်ငြိုးများရှိလို့လဲ…"

ဖုန်းကျီက ခေါင်းကိုဖြေးညင်းစွာ ခါရမ်းလိုက်သည်။

သူ့မျက်ဝန်းများက အေးစက်နေ၏။

သူက…

"ကျုပ်က သူ့ကို အလွတ်မပေးချင်တာ မဟုတ်ပါဘူး… နတ်လူသားမျိုးနွယ်တွေက သူ့ကို အလွတ်မပေးဘဲ သတ်ဖြတ်ပစ်ချင်နေတာပါ… ၊ ဒါပေမဲ့… ဒီအတိုင်း သတ်ဖြတ်ပစ်လိုက်ဖို့ကတော့ မဖြစ်နိုင်ဘူးလေ… ၊ ခွန်လွန်တောင်က နဝမတောင်ထွတ်ဆိုတာ အရေးမပါတဲ့ ပေါ့သေးသေးနေရာတစ်ခုမှ မဟုတ်ဘဲ…"

ချန်စန်းက…

"ဒါကြောင့် ခင်ဗျားက သူ့ကို ကျိန်စာတိုက်ဖို့ ရွေးခြယ်ခဲ့တာလား…"

ဖုန်းကျီက ခေါင်းညိတ်လိုက်ရင်း…

"အမှန်ပဲ… သူ့ရဲ့ စိတ်ဝိညာဉ်နဲ့ ရုပ်ခန္ဓာကိုု ထိန်းချုပ်နိုင်တဲ့ ကျိန်စာတစ်ခု အသုံးပြုနိုင်ဖို့လိုတယ်… ၊ ပြီးမှ ခွန်လွန်တောင်ရဲ့ အဓိကခန်းမဆောင်မှာ သူ့ကိုယ်သူ ကြိုးဆွဲချသေအောင် သူ့စိတ်ကို စေစားရမယ်… ၊ ဒါဆို… တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲလေ… ၊ ဒီကောင်လည်း သေသွားမယ်… ၊ ခွန်လွန်တောင်ကလည်း ဒီကိစ္စကို စုံစမ်းချင်တယ်ဆိုရင်တောင် ကျုပ်ကို သံသယမဝင်နိုင်တော့ဘူးပေါ့…"

ဖုန်းကျီက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

"ပြီးတော့ ဒီကောင်သေသွားရင် ခွန်လွန်တောင်က လူတွေကိုလည်း ပညာပေးရာရောက်သွားမယ်… ၊ နတ်လူသားမျိုးနွယ်တွေဆိုတာ သူတို့ ထိပါးလို့ရတဲ့သူတွေမဟုတ်ဘူးဆိုတာ သိသွားမှာပေါ့… ၊ နဝမတောင်ထွတ်က ဒီကိစ္စကို မကျေနပ်လို့ တရားခံရှာချင်တယ်ဆိုရင်တောင်မှ ဘယ်တော့မှ တရားခံရှာလို့တွေ့မှာ မဟုတ်ဘူး…"

ချန်စန်းက…

"ဒါပေမဲ့ သူတို့တပည့်သေသွားတဲ့ အခြေအနေကိုကြည့်ပြီး နတ်လူသားမျိုးနွယ်တွေ လုပ်ကြံတယ်ဆိုတာ သိသွားကြမှာပဲ မဟုတ်ဘူးလား…"

ဖုန်းကျီက ခွန်လွန်တောင် တည်ရှိရာနေရာသို့ တစ်ချက်လှမ်းကြည့်လိုက်ရင်း…

"သိသွားကြရင်တောင်မှ သက်သေမရှိဘူးလေ…"

ပြီးမှ သူက အေးစက်သည့်လေသံဖြင့်…

"လွန်ခဲ့တဲ့နှစ်တွေတုန်းက ခွန်လွန်တောင်ကို ခရီးထွက်ခဲ့ကြတဲ့ နတ်လူသားမျိုးနွယ် (၄)ယောက်လုံး အသတ်ခံခဲ့ရတယ်… ၊ ခွန်လွန်တောင်က သူတို့ကို လုပ်ကြံသတ်ဖြတ်ပစ်လိုက်တယ်ဆိုတာ လူတိုင်းသိတာပဲလေ… ၊ ဒါပေမဲ့ သက်သေမရှိတော့ ဘာမှလုပ်လို့ မရခဲ့ဘူး…"

ချန်စန်းက…

"အာ… ဒီလိုကိစ္စမျိုး ရှိတယ်လား… ၊ ဒါပေမဲ့… ဒီကိစ္စကို ခင်ဗျားတို့ နတ်လူသားမျိုးနွယ်တွေက ခွန်လွန်တောင်ကို ဘာလို့ ဖြေရှင်းချက် မတောင်းခဲ့ကြတာလဲ…"

ဖုန်းကျီက သက်ပြင်းချလိုက်ရင်း…

"ခွန်လွန်တောင်ကို ဖြေရှင်းချက်တောင်းမယ်ဆိုမှတော့ တိုက်ခိုက်ကြရုံပဲ ရှိတော့တာပေါ့… ၊ ဒါပေမဲ့… တိုက်ပွဲတစ်ခု မဆင်မခြင်ပြုလုပ်တာက ကျိုးကြောင်းမဆီလျော်ရာကျတယ်… ၊ နှစ်ဖက်လုံးလည်း ထိခိုက်သွားနိုင်တယ်… ၊ ဒီတော့ လူ (၄)ယောက် အသတ်ခံရတာကြောင့်နဲ့တော့ နတ်လူသားမျိုးနွယ်တွေနဲ့ ခွန်လွန်တောင် စစ်ဖြစ်ဖို့ မတန်ပါဘူး… "

ခဏနားပြီးမှ ဖုန်းကျီက…

"ဒါပေမဲ့ နတ်လူသားမျိုးနွယ်တွေကတော့ နဝမတောင်ထွတ်က အဲဒီကောင်ကို အရမ်းသပ်ပစ်ချင်တယ်… ၊ တော်သေးတယ်… တာအိုရောင်းရင်းချန်စန်းတို့လည်း တိုက်တိုက်ဆိုင်ဆိုင် ဒီနယ်ဘက်ရောက်နေတာနဲ့ ဒီကောင့်ကို လုပ်ကြံဖို့ အဆင်ပြေသွားတယ်… မဟုတ်ရင် ကျုပ် တခြားနည်းလမ်းတစ်ခု စီစဉ်ရမှာ…"

ဖုန်းကျီ၏ စကားဆုံးသွားသည်နှင့် ချန်စန်းက နားလည်သည့်အလား ခေါင်းတညိတ်ညိတ်လုပ်နေလိုက်သည်။

ဖုန်းကျီက မျက်မှောင်အနည်းငယ် ကြုံ့လိုက်ရင်း…

"ဒီကောင် တောင်ပေါ်ကနေ အနှစ်(၃၀)လုံးလုံး ဆင်းမလာတာတော့ အတော်လေး ခန့်မှန်းရခက်တယ်… ၊ ကျုပ် ဒီကောင့်ကို အချိန်တိုင်း စောင့်ကြည့်နေခဲ့တာ… ၊ ဒါပေမဲ့ ရုတ်တရက်ကြီး သူ တောင်ပေါ်က ဆင်းမလာတော့ဘူး… ၊ ဒီကိစ္စကို ကျုပ် စဉ်းစားလို့ကို မရဘူး…"

ချန်စန်းက…

"အခုတော့ ခင်ဗျားပစ်မှတ်ထားတဲ့လူက တောင်အောက်ဆင်းလာပြီ မဟုတ်လား…"

ဖုန်းကျီက…

"သေချာတာပေါ့… ဆင်းလာလို့လည်း တော်သေးတယ် ပြောရမယ်… ၊ ဒီအတိုင်းသာ ဆက်နေမယ်ဆိုရင် ကျုပ်ကိုယ်တိုင် နဝမတောင်ထွတ်ကို လိုက်သွားပြီး ဒီကောင့်အခြေအနေကို လေ့လာရတော့မှာ ၊ နတ်လူသားမျိုးနွယ်တွေကလည်း အရမ်းဖိအားပေးနေကြပြီလေ…"

ချန်စန်းက သိချင်စိတ်ဖြင့်…

"ကျုပ်သိပါပြီ… ဒါပေမဲ့… တာအိုရောင်းရင်းက နတ်လူသားမျိုးနွယ်တွေကို ဘာလို့ သစ္စာခံနေရတာလဲ… ၊ တာအိုရောင်းရင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ခွန်လွန်တောင်မှာ ဆက်ခံသူတပည့်တောင် ဖြစ်လာနိုင်တာပဲ မဟုတ်လား…"

ချန်စန်းက နဝမတောင်ထွတ်မှ တပည့်ကို သိပ်စိတ်မဝင်စားပေ။

သူ ဤဒေသသို့ ရောက်လာရသည့် အကြောင်းအရင်းက မိုးကောင်းကင်ဝံပုလွေမျိုးနွယ်များစေခိုင်းသည့် ကိစ္စတစ်ခု စုံစမ်းရန် ရောက်လာခြင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်များစွာက မိုးကောင်းကင်ဝံပုလွေမျိုးနွယ်တစ်ယောက် ခွန်လွန်တောင်ခြေပတ်ဝန်းကျင်တွင် အသတ်ခံလိုက်ရသည်။

ထိုအချက်ကို သိရှိရန် သူ နှစ်ပေါင်းများစွာ စုံစမ်းခဲ့ရသည်။

သို့သော်… ယခုတော့ အကြောင်းရင်းကို သိရပြီ ဖြစ်လေရာ မိုးကောင်းကင်ဝံပုလွေမျိုးနွယ်များကို ပြန်လည် အကျိုးအကြောင်းပြောပြရန်သာ လိုအပ်တော့သည်။

ဖုန်းကျီက ခေါင်းခါရမ်းလိုက်ရင်း…

"ဆက်ခံသူတပည့်… ဟုတ်လား… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…"

ဖုန်းကျီက ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

"လူတစ်ယောက်က အံ့သြစရာကောင်းလောက်တဲ့ ပါရမီမရှိရင် ခွန်လွန်တောင်မှာ ဆက်ခံသူတပည့် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး… ၊ ဆက်ခံသူတပည့်မပြောနဲ့ တပည့်ရင်းတောင် ဖြစ်ဖို့မလွယ်ဘူး… ၊ သာမန်တပည့်တစ်ယောက်ဖြစ်ဖို့လွယ်ပေမယ့် ဆက်ခံသူတပည့်ဖြစ်လာဖို့ဆိုတာက နောက်ကြောင်းရှင်းဖို့လည်း လိုသေးတယ်လေဗျာ…"

ချန်စန်းက…

"ကျုပ် သိပါပြီ…"

ဖုန်းကျီက…

"ခွန်လွန်တောင်ရဲ့ နဝမတောင်ထွတ်ကတော့ ထားလိုက်တော့… ကျင့်ကြံခြင်းအဆင့်မမြင့်မားဘဲ အဲဒီနေရာမှာ ဘယ်သူမှ မနေနိုင်ကြဘူး… ၊ အခု ကျုပ် ပစ်မှတ်ထားလုပ်ကြံမယ့်ကောင်ကတော့ ချွင်းချက်ပေါ့လေ… ၊ ဒါပေမဲ့… အခြားတောင်ထွတ်တွေမှာ ဆက်ခံသူတပည့်ဖြစ်ချင်တယ်ဆိုရင်နှလုံးသားစစ်ဆေးခြင်းလမ်းကို လျှောက်လှမ်းရသေးတယ်…၊ ဒီအတိုင်း ဘယ်လွယ်လွယ်နဲ့ ဆက်ခံသူတပည့် ဖြစ်လာနိုင်ပါ့မလဲ…"

ချန်စန်းက ခေါင်းညိတ်လိုက်သည်။

ထို့နောက်… သူက ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်လိုက်ရင်း…

"အချိန်အတော်ကြာနေပြီပဲ… ကျုပ်တို့လူတွေ ဘာလို့ ပြန်မလာကြသေးပါလိမ့်… ၊ မတော်တဆမှု တစ်ခုခုနဲ့များ ရင်ဆိုင်နေရပြီလား မသိဘူး…"

ဖုန်းကျီက…

"ကျုပ်လည်း သံသယဖြစ်နေတာ… တာအိုရောင်းရင်းရဲ့ တပည့်တွေနဲ့အတူ ကျုပ်တပည့် ချောင်ချင်လည်း ပါသွားတာပဲ… ၊ ဒါပေမဲ့ ချောင်ချင်က သူ့ကိုယ်သူ မှော်ဝင်ပစ္စည်းတွေနဲ့ကာကွယ်ထားတော့ အန္တရယ် မရှိနိုင်ပါဘူး… ၊ ပြီးတော့… ဝက်ဝံဝိညာဉ်သားရဲကြီးကိုလည်း သူတို့နဲ့အတူ ထည့်ပေးလိုက်တာပဲလေ…"

ဖုန်းကျီက တစ်ခဏမျှ စဉ်းစားလိုက်ရင်း…

"သူတို့ရင်ဆိုင်ရမယ့်ရန်သူက ရွှေပြဒါးအမြုတေအဆင့်ပဲရှိတာ… ၊ သိပ်ခက်ခဲစရာ အကြောင်း မရှိပါဘူး…"

သူ့စကားဆုံးသွားသည်နှင့်… ရုတ်တရက် တစ်စုံတစ်ခု သူတို့ထံသို့ ပျံသန်းဝင်ရောက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။

ဖုန်းကျီရော ချန်စန်းပါ အံ့သြတုန်လှုပ်သွားကြပြီး လေဝိညာဉ်မန္တန်ကို အသုံးပြုကာ သူတို့ထံသို့ ဝင်ရောက်လာသည့်ပစ္စည်းကို ဖမ်းဆီးလိုက်ကြသည်။

ထိုပစ္စည်းက မည်သည့်အရာဖြစ်ကြောင်း သိလိုက်ရသည်နှင့် ဖုန်းကျီ၏မျက်နှာ မဲမှောင်သွားပြီး မျက်ဝန်းများကလည်း ဒေါသကြောင့် တောက်ပလာသည်။

သူတို့ထံရောက်ရှိလာသည့်အရာက ဝက်ဝံဝိညာဉ်သားရဲ အလောင်းကောင်ကြီး ဖြစ်၏။

သူပြောသည့်စကား အဆုံးသတ်သွားသည်နှင့် တစ်ဖက်လူက ဝိညာဉ်သားရဲအလောင်းကြီးကို သူတို့ထံ ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ဒီကောင်က ရန်လာစနေတာလား....။

"ဘယ်ကောင်က ဒီလောက် သတ္တိကောင်းနေတာလဲကွ..."

ဖုန်းကျီ၏အသံက လေထဲတွင် ဟိန်းထွက်လာသည်။

ထိုစဉ်… တုနှိုင်းမရလောက်အောင် ပြင်းထန်လှသည့် တိုက်ခိုက်မှုတစ်ခုကို သူတို့ ရင်ဆိုင်လိုက်ရသည်။

ဖုန်းကျီနှင့် ချန်စန်းတို့ကလည်း တုန့်ဆိုင်းမနေဘဲ တစ်ချိန်တည်း လှုပ်ရှားလိုက်ကြသည်။

သူတို့ (၂)ယောက်က ဝင်ရောက်လာသည့် ရန်သူကို ပြိုင်တူ တိုက်ခိုက်လိုက်ကြသည်။

"ဟက်… မြန်လိုက်တဲ့ တိုက်ခိုက်မှု…"

ကျန်းလန်၏ အသံထွက်ပေါ်လာပြီး အသံနှင့်အတူ လက်သီးချက်ပါ သူတို့ထံသို့ ဝင်ရောက်လာသည်။

"ဘုန်း..."

ကျန်းလန်၏ လက်သီးချက်နှင့် ဖုန်းကျီ၏ လေဝိညာဉ်မန္တန်စွမ်းအား ထိမိသည့်အခါ ကြောက်မက်ဖွယ်ရာ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး လှိုင်းများထသွားသည်။

သစ်ပင်များ ကျိုးပျက်ကုန်ပြီး မြေကြီးများလည်း ပြိုကျကုန်၏။

ထို့နောက်… နှစ်ဖက်စလုံး နောက်သို့ ပြိုင်တူ ဆုတ်လိုက်ကြသည်။

"မင်းကိုး..."

ရန်သူက မည်သူဖြစ်ကြောင်း ဖုန်းကျီ သိရှိသွားသည်။

နဝမတာင်ထွတ်မှ တပည့်…

ရွှေပြဒါးအမြုတေအဆင့်ဟု သူ ထင်မှတ်ထားခဲ့မိသော နဝမတောင်ထွတ်မှ တပည့်…။

ဖုန်းကျီက အနည်းငယ် အံ့အားသင့်စွာဖြင့်…

"လက်စသတ်တော့ မင်းက မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့် ရောက်နေပြီကိုး... ၊ မင်းရဲ့ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားတာပေါ့..."

ကျန်းလန်က မြေပြင်ထက်သို့ တည်ငြိမ်စွာဖြင့် ဆင်းသက်လာပြီး ဖုန်းကျီနှင့် ချန်စန်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"ဟုတ်တယ်… ကျုပ်ပဲ ၊ ခင်ဗျား ကျုပ်ကို စောင့်ကြည့်နေတာ နှစ်ပေါင်းများစွာ ကြာနေပြီပဲလေ… ၊ ဒီတော့ ကျုပ် ဘာလုပ်ရမလဲ… ၊ ကျင့်ကြံခြင်းအဆင့်တက်လာအောင် ကျင့်ကြံနေရုံပဲ ရှိတော့တာပေါ့…"

ကျန်းလန် ထိုသူ (၂)ယောက်ကို ရှာဖွေတွေ့ရှိရန် အတော်လေး အချိန်ယူခဲ့ရသည်။

ထိုမျှ ရှာရခက်မှန်းသိလျှင် ရန်သူအားလုံးကို သတ်မပစ်ဘဲ လမ်းပြအဖြစ်တစ်ယောက်လောက်ကို အသက်ရှင်လျှက် ထားခဲ့မိမည်ပင်…။

တစ်ဖက်လူက သူတို့ ရှိနေသည့်နေရာကို အတိအကျမသိရှိစေရန် မှော်ဝင်ပစ္စည်းတစ်မျိုးမျိုး သို့မဟုတ် တန်ခိုးစွမ်းအားတစ်မျိုးမျိုးဖြင့် ဖုံးကွယ်ထားဟန် ရှိသည်။

ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း တန်ခိုးစွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့်သာ တော်တော့သည်။ သို့တိုင်အောင်… တောအုပ်ထဲတွင် အတန်ကြာ လှည့်လည်ပြီးမှ ဤလူ (၂)ယောက်ကို တွေ့ခဲ့ရခြင်း ဖြစ်၏။

မဟုတ်ပါက ဤလူ (၂)ယောက်ကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

ထိုသူ (၂)ယောက်ကို ရှာတွေ့သည့်တိုင် သူက ချက်ချင်း တိုက်ခိုက်မှု မပြုခဲ့ပေ။

သူတို့ပြောနေသည့်စကားများကို သိချင်သောကြောင့် ပုန်းအောင်းပြီး နားထောင်နေခဲ့ခြင်း ဖြစ်သည်။

သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အသုံးပြုထားသောကြောင့် သူရောက်နေသည်ကို ရန်သူများ မရိပ်မိခဲ့ကြပေ။

ပြောနေသည့်စကားများမှတစ်ဆင့်… ရန်သူက သူ့ကို ခွန်လွန်တောင်တွင် အဘယ့်ကြောင့် ပေါ်ပေါ်ထင်ထင် မတိုက်ခိုက်ရသည်ကို သိရှိခဲ့ရသည်။

ထို့ပြင်… သူ့ကို ဝိုင်းဝန်းတိုက်ခိုက်သူများကလည်း တိုက်ခိုက်ရန်ထက် ကျိန်စာတိုက်ရန်သာ အဘယ့်ကြောင့် ကြိုးစားနေကြသည်ကို ကျန်းလန် နားလည်သွားခဲ့သည်။

နောက်တစ်ခု ကျန်းလန်ကို အံ့အားသင့်စေသည်မှာ ထိုသူ (၂)ယောက်၏ ကျင့်ကြံခြင်းအဆင့်များ ဖြစ်၏။

တစ်ယောက်က မရှိမှုအာကာသအဆင့် ၊ အလယ်ဆင့်ဖြစ်ပြီး နောက်တစ်ယောက်က မရှိမှုအာကာသအဆင့် ၊ ကနဦးအဆင့် ဖြစ်သည်။

အသက်ပိုငယ်သည့် လူရွယ်က မရှိမှုအာကသာအဆင့် ၊ အလယ်ဆင့်ဖြစ်ပြီး သူ့ကို သတ်ဖြတ်ရန် ကြံစည်နေသူလည်း ဖြစ်သည်။

ထိုသူက ဝိညာဉ်သားရဲအကြောင်း ပြောလိုက်သည့်အချိန်တွင် ကျန်းလန်က လှုပ်ရှားရန်အချိန်ကျပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။

ထို့ကြောင့်… စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်၏။

ရုတ်တရက်… တိုက်ခိုက်ခံရမှုကြောင့် တအံ့တသြဖြစ်သွားကြသည့်တိုင် ရန်သူ (၂)ယောက်ကလည်း အလျှင်အမြန် တုန့်ပြန်တိုက်ခိုက်ခဲ့ကြသည်။

သို့သော်… ကျန်းလန် မျှော်လင့်ထားသည့်အတိုင်းပင် ထိုသူများကို လက်သီးတစ်ချက်တည်းဖြင့် အပြတ်မရှင်းနိုင်ပေ။

မရှိမှုအာကာသအဆင့်ဆိုသည်က အလွန်တရာ စွမ်းအားမြင့်မားလေရာ သူ့အတွက် ရင်ဆိုင်ရလွယ်ကူမည် မဟုတ်ကြောင်း ကျန်းလန် သိထားပြီး ဖြစ်လေ၏။

All Chapters