မင်းကစွမ်းအားအကြောင်း ဘာမှနားလည်ပုံမရဘူ
Vol. 8 Ch. 104
အခန်း (၁၀၄) မင်းကစွမ်းအားအကြောင်း ဘာမှနားလည်ပုံမရဘူး
ဖုန်းကျီ ကျန်းလန်ကို စိုက်ကြည့်နေသည်။
သူ၏ မျက်ခုံးများက သိသိသာသာ တွန့်ချိုးလျှက် ရှိ၏။
ကျန်းလန်၏ လက်သီးချက်က သူ့စိတ်ကို အတော်လေး တုန်လှုပ်စေသည်။
သူက လေဝိညာဉ်မန္တန်ကို အသုံးပြုပြီး လက်သီးချက်ကို ခုခံလိုက်နိုင်သည့်တိုင် အချိန်မီ နောက်ပြန်ဆုတ်ခဲ့၍သာ သက်သာသွားခြင်း ဖြစ်သည်။ မဟုတ်ပါက ဒဏ်ရာ ရရှိသွားနိုင်၏။
ရန်သူက ကျင့်ကြံခြင်းအဆင့်မြင့်မားရုံသာမက ကြောက်စရာကောင်းလောက်အောင် စွမ်းအားကြီးမားသူ ဖြစ်သည်။
ထို့ထက်ပိုပြီး အံ့သြစရာကောင်းသည်မှာ… ကျန်းလန်က သူစောင့်ကြည့်နေသည်ကို တစ်ချိန်လုံး သိရှိနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်… နှစ်ပေါင်း (၃၀) လုံးလုံး တောင်ပေါ်မှ မဆင်းဘဲ တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်၏။
ထို့ပြင်… ရန်သူက တောင်ပေါ်မှ ဆင်းလာသည်နှင့် ချက်ချင်း ခွန်လွန်တာင်ခြေသို့ ဆင်းလာခဲ့သည်။ ဤသည်က သူ့ကို အပြတ်ရှင်းရန် အစီအစဉ်ဖြင့် ဆင်းလာခဲ့ခြင်း ဖြစ်၏။
ဖုန်းကျီ မျက်မှောင်များ ကြုတ်ထားမိသည်။
သူ နောင်တရနေမိသည်။
အရင်အချိန်များက ကျန်းလန်ကို သတ်ဖြတ်ရန် အခွင့်အရေးရခဲ့သည့်တိုင် မသတ်ဖြတ်မိဘဲ နှစ်ပေါင်း (၃၀) တိုင်တိုင် စောင့်နေခဲ့မိသောကြောင့် ဖြစ်သည်။
သူ ကျန်းလန်ကို သတ်ဖြတ်ရန် အကောင်းဆုံးအခွင့်အရေးများကို လက်လွှတ်ခဲ့မိသည်။
ချန်စန်းကလည်း ကျန်းလန်ကို လှမ်းကြည့်လိုက်သည်။
သူ၏ မျက်ဝန်းများကတောက်ပနေပြီး ကျန်လန်ကို တန်ပြန်တိုက်ခိုက်ရန် အပြင်းအထန် စဉ်းစားနေမိသည်။ သူနှင့် ကျန်းလန်က တန်ခိုးစွမ်းအားက များစွာ ကွာခြားကြောင်း ရိပ်မိထားသည်။
မပတ်သက်သင့်သည့် ပြဿနာတစ်ခုတွင် ပါဝင်ပတ်သက်မိပြီဖြစ်ကြောင်း ချန်စန်း နားလည်လိုက်သည်။
ယခုတော့… ခွန်လွန်တောင်မှ ဤလူငယ်က သူ့ကိုပါ အလွတ်ပေးမည့်ဟန် မရှိပေ။
ရန်သူက စွမ်းအားကြီးမားလှသည်။ ထို့ပြင်… ထိုသူ ကျင့်ကြံခြင်းအဆင့် ဖုံးကွယ်ထားသည်ကို ဖုန်းကျီလိုလူမျိုးပင် ရိပ်မိခဲ့ခြင်း မရှိပေ။
ဤသည်က တစ်ဖက်လူ၏ မြှုပ်ကွက် ဖြစ်ပေလိမ့်မည်။
သို့သော်… ယခု သူတို့က ရန်သူ၏ လျှို့ဝှက်ချက်ကို သိရှိသွားပြီဖြစ်လေရာ တစ်ဖက်လူက သူတို့ကို အလွတ်ပေးမည့်ဟန် မရှိတော့ပေ။
လောကတွင် သူ၏ လျှို့ဝှက်ချက်ကိုသိရှိသွားသူ မည်သူမဆို တစ်ဖက်လူက အသက်ရှင်လျှက် ထားမည် မဟုတ်ပေ။
ထို့ကြောင့်… ရင်ဆိုင်ရမည့်တိုက်ပွဲက သူသေကိုယ်သေ ဖြစ်၏။
နဝမတောင်ထွတ်မှတပည့် သေလျှင်သေ ၊ မသေလျှင် သူနှင့် ဖုန်းကျီ သေပွဲဝင်ရမည် ဖြစ်သည်။
ဖုန်းကျီက…
"ကျုပ်တို့လူတွေရော…"
ဝိညာဉ်သားရဲကြီးပင်လျှင် အသက်ပျောက်ခဲ့ရပြီဖြစ်ရာ ကျန်လူများလည်း အသက်ရှင်လျှက် ကျန်ရှိတော့မည် မဟုတ်ပေ။
သို့သော်… သူ သင်ပေးလိုက်သည့် ကျိန်စာတိုက်နည်းက ကျန်းလန်အပေါ် သက်ရောက်မှု မရှိခဲ့ဘူးလား…။
သူတို့လူများက မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်ကို အောင်မြင်သည်အထိ ကျိန်စာတိုက်နိုင်ခဲ့ကြဟန် မရှိပေ။
ကျန်းလန်က…
"သူတို့တွေ မင်းတို့ (၂)ယောက်ကို ငရဲမှာ စောင့်နေကြတယ်…"
ထို့နောက်… ကျန်းလန် နေရာမှ ပျောက်ကွယ်သွားသည်။
ဖုန်းကျီက ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နိုင်သည့် နတ်လူသားမျိုးနွယ်များ၏ လျှို့ဝှက်ကျင့်စဉ်ကို တတ်မြောက်ထားသလား ကျန်းလန် သေသေချာချာ မသိရှိပေ။
ထိုသူသာ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုလိုက်မည်ဆိုလျှင် သတ်ဖြတ်ရန် ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့်… ရန်သူကို အခွင့်အရေးမပေးဘဲ ချက်ချင်းသတ်ဖြတ်ပစ်ရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
ကျန်းလန် ဖုန်းကျီ၏ ရှေ့သို့ ချက်ချင်းရောက်ရှိလာပြီး တစ်ချိန်တည်းပင် လက်သီးချက်ကိုပါ ပစ်သွင်းလိုက်သည်။
ဖုန်းကျီ အလွန်အမင်း ထိတ်လန့်သွားသည်။
ကျန်းလန်၏ လက်သီးချက်ကို ထိပ်တိုက်ရင်မဆိုင်ဝံ့ဘဲ ဘေးသို့ အသာတိမ်းရှောင်လိုက်၏။
"ဘုန်း…"
ပြင်းထန်လှသည့် စွမ်းအားလှိုင်းလုံးကြီးတစ်ခုက ပတ်ဝန်းကျင်တစ်ခုလုံး ရိုက်ခတ်သွားသည်။
ဖုန်းကျီ လွင့်ထွက်သွား၏။ သူ့လက်မှ သွေးများ စီးကျနေသည်ကို တွေ့မြင်ရသည်။
သူ၏လက် ကျိုးကြေသွားခြင်းမရှိသည့်တိုင် ဒဏ်ရာရသွားခဲ့သည်။
ထို့နောက်… ဖုန်းကျီ၏ ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအားများ ပေါက်ကွဲထွက်လာပြီး သူ့ ခန္ဓာကိုယ်တစ်ခုလုံး အင်းသေင်္ကတများဖြင့် ဖုံးလွှမ်းသွားသည်။
သူက မြေပြင်ထက်သို့ ခြေချမိသည်နှင့် ကျန်းလန်ကို ချက်ချင်း ပြန်လည်တိုက်ခိုက်လိုက်သည်။
"ကလေးဆန်လိုက်တာ… ဒီလောက်စွမ်းအားလေးနဲ့ ကျုပ်ကို တိုက်ခိုက်နိုင်မယ် ထင်နေသလား…"
ဖန်းကျီက လက်ကို အသာပင့်မြှောက်လိုက်ပြီး လက်ဖဝါးထက်တွင် တံဆိပ်သင်္ကေတတစ်ခုကို ဖန်ဆင်းလိုက်သည်။
ထိုအခါ… ပတ်ဝန်းကျင်တစ်ခုလုံးမှ တန်ခိုးစွမ်းအားများက ဖုန်းကျီ၏လက်ဖဝါးထက်တွင် လာရောက်ပေါင်းစုံကြသည်။
"မင်းက စွမ်းအားအကြောင်း ဘာမှ နားလည်ပုံ မရဘူး… မင်းက လက်သီးပဲ ထိုးတတ်တဲ့ကောင်…"
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းကျီ၏ လက်ဖဝါးထက်မှ တံဆိပ်သင်္ကေက ပြီးပြည့်စုံသည့် အဆင့်သို့ ရောက်ရှိသွားသည်။
သူက ချက်ချင်းပင် ကျန်းလန်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။
ရန်သူက လက်ဝါးဖြင့် ရိုက်ချလိုက်ချိန် ကျန်းလန်ကလည်း တုန့်ဆိုင်းမနေခဲ့ပေ။
ဖုန်းကျီ လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်ချိန်တွင် ဖုန်းကျီ၏ အနောက်ဖက်တွင် အလွန်တရာ ကြီးမားလှသည့် မှော်ဝင်ပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်ကို ကျန်းလန် တွေ့မြင်လိုက်ရသည်။
ဖုန်းကျီ၏ စွမ်းအားအခြေခံရာသည် ထိုမှော်ဝင်ပုံရိပ်ကြီး ဖြစ်ပေလိမ့်မည်။ ထိုမှော်ဝင်ပုံရိပ်ကြီးကိုသာ ဖျက်စီးပစ်လိုက်လျှင် ဖုန်းကျီ၏ တန်ခိုးစွမ်းအားများလည်း ပျက်စီးသွားပေလိမ့်မည်။
လက်ဝါးရိုက်ချက်တွင် ထို မှော်ဝင်ပုံရိပ်ကြီး၏ တန်ခိုးစွမ်းအားများ ပါဝင်သည်။
လက်ဝါးရိုက်ချက်မှ ထွက်ပေါ်လာသည့် တန်ခိုးစွမ်းအားများက လောကတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မည့်အလား ပြင်းထန်လှသည်။
သို့သော်… ကျန်းလန်က ဒီအတိုင် မတ်တတ်ရပ်ပြီး စောင့်နေသူ မဟုတ်ပေ။
ဖုန်းကျီ လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်နှင့် ကျန်းလန်က ချက်ချင်းပင် ဖုန်းကျီရှေ့သို့ ရောက်ရှိလာသည်။
ကျန်းလန်က သူ၏ လက်ဝါးရိုက်ချက်ကို ရှောင်တိမ်းခြင်းလည်းမရှိသလို ခုခံကာကွယ်ခြင်းလည်း မရှိပေ။
သူက လက်သီးကိုမြှောက်လိုက်ပြီး ကြောက်မက်ဖွယ်ရာ လက်ဝါးရိုက်ချက်ကို ရင်ဆိုင်လိုက်သည်။
သူ၏ မှော်ဝင်လက်ဝါးရိုက်ချက်ကို ကျန်းလန်က ထိပ်တိုက်ရင်ဆိုင်လာသည်ကို တွေ့ရသည့်အခါ ဖုန်းကျီ အနည်းငယ် အံ့အားသင့်သွားသည်။
ဒီကောင်လေးက ရူးနေပြီလား…
သူ့ရဲ့ လက်ဝါးရိုက်ချက်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ကြံစည်နေတာလား…။
ဖုန်းကျီ မဲ့ပြုံးတစ်ချက်ပြုံးလိုက်၏။
"မင်းက သေချင်နေမှတော့ ဆန္ဒဖြည့်ပေးရတာပေါ့…"
ထို့နောက်… ကျန်းလန်၏ လက်သီးချက်နှင့် ဖုန်းကျီ၏ မှော်ဝင်လက်ဝါးရိုက်ချက်တို့ ထိပ်တိုက်ထိမှန်သွားသည်။
ပြင်းထန်သည့် စွမ်းအားချင်း ထိပ်တိုက်ထိမှန်သွားသည်။
မမြင်ရသည့် စွမ်းအားမုန်တိုင်းလှိုင်းလုံးကြီးများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
"ဘုန်း…"
"ဘူး…"
နွားရိုင်းအော်သံကြီးတစ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ထိုအော်သံကြီးက အားမာန်အပြည့်နှင့်ဖြစ်ပြီး လေထုကို ဖြတ်ကျော်ကာ အာကာသထဲမှ ထွက်ပေါ်လာဟန် ရှိသည်။
နွားရိုင်းအော်သံကြီးက အရာအားလုံးကို ထိုးဖောက်ပြီး တောင်နှင့်မြစ်ရေများကိုပင် ချေမှုန်းပစ်နိုင်စွမ်း ရှိသည့်အလား ဖြစ်သည်။
"ဘုန်း…"
ပေါက်ကွဲသံကြီးတစ်သံ ထပ်မံ ထွက်ပေါ်လာသည်။
ကျန်းလန်နှင့် လက်ရည်တူတိုက်ခိုက်နေသည့် ဖုန်းကျီမှာ အဖြစ်အပျက်များကို မယုံကြည်နိုင် ဖြစ်သွားသည်။
ကျန်းလန်က သူ၏ လက်ဝါးရိုက်ချက်ကို ပိတ်ဆို့ထားလိုက်ရုံသာမက သူ၏ မှော်ဝင်ပုံရိပ်ကြီးကိုပါ တစ်စစီ ချေမွှပစ်လိုက်သည်။
သူ၏လက်တစ်ခုလုံးလည်း ကြေမွသွားပြီ ဖြစ်သည်။
သူ၏လက်ဖဝါးမှာ သာမန်မျက်စိဖြင့် မမြင်နိုင်သော အရှိန်အဟုန်ဖြင့် သွေးမှုံများအဖြစ် စတင်ပြောင်းလဲနေကြောင်း ဖုန်းကျီခံစားလိုက်မိသည်။
"ဒါ… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…"
"ဘုန်း…"
နောက်ထပ်လက်သီးတစ်ချက်က ဖုန်းကျီထံ ဆက်တိုက် ဝင်ရောက်လာသည်။
ဖုန်းကျီ လွင့်ထွက်သွားသည်။ ဒဏ်ရာလည်းအပြင်းအထန် ရရှိသွားပြီ ဖြစ်သည်။
သွေးမှုံများက နေရာတိုင်းတွင် ပျံ့ကျဲသွားပြီး ကျန်းလန်ကတော့ မူလနေရာတွင်ပင် မတ်တတ်ရပ်လျှက် ရှိသည်။
သို့သော်… ဖုန်းကျီ ကြည့်နေစဉ်မှာပင် ကျန်းလန်နေရာမှ ပျောက်ကွယ်သွားသည်။
"ကျုပ် မင်း နောက်မှာ…"
ကျန်းလန်၏ အသံက ဖုန်းကျီ၏ နောက်ကျောဘက်မှ ထွက်ပေါ်လာ၏။
ကျန်းလန်သည်ကား သူ့အသက်ကို နှုတ်ယူမည့် သေမင်းပင် ဖြစ်၏။
ဖုန်းကျီ… ရင်ထဲ ၊ နှလုံးသားထဲမှ ကြောက်ရွံ့တုန်လှုပ်ခြင်းကို စတင်ခံစားလာရသည်။
ဒီလူငယ်က ဘယ်လိုလုပ် ဒီလောက်ကြောက်စရာ ကောင်းနေရတာလဲ…။
ကျန်းလန်ရှေ့တွင် သူ ဤမျှ အားနည်းပြီး ခုခံနိုင်စွမ်းကင်းမဲ့သွားသူတစ်ယောက် ဖြစ်သွားမည်ဟု သူ့ကိုယ်သူ လုံး၀ တွေးထင်မထားခဲ့ပေ။
သူ… ချန်စန်းကို လှမ်းကြည့်လိုက်သည်။
"ချန်စန်း… မင်း ဘာလုပ်နေတာလဲ…"
ဖုန်းကျီ၏ အသံက တုန်လှုပ်လျှက် ရှိသည်။
သူ့ကိုကြည့်ရသည်မှာ နောက်ဆုံးအသက်ရှင်သန်ရန် ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲနေသည့်အလား ဖြစ်သည်။
ကျန်းလန်က ချက်ချင်းပင် ဖုန်းကျီရှေ့သို့ ပြန်ရောက်လာပြီး အနားသို့ တိုးကပ်လာသည်။
ထို့နောက်… လက်သီးဖြင့် ထိုးချလိုက်၏။
ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာသည်။
ပွဲသိမ်းလက်သီးချက်ဖြစ်ပြီး သေခြင်းတရားက ဖုန်းကျီထံသို့ ရောက်လာပေတော့မည်။
ဖုန်းကျီ နောက်ဆုတ်ရှောင်တိမ်းလိုက်ချင်သည်။ သို့သော်… ကျန်းလန်၏ လက်သီးချက်က သူ့ထက် ပိုမိလျှင်မြန်လေ၏။
"ဘုန်း…"
ကျန်းလန်၏ လက်သီးချက်က ဖုန်းကျီ၏ ခန္ဓာကိုယ်တစ်ဝက်ကို အမှုန့်ဖြစ်သွားစေနိုင်သည်။
သို့သော်…
ရုတ်တရက်… သူ့ရှေ့တွင် ကြီးမားသည့် ဧရာမ ဝံပုလွေဦးခေါင်းကြီးတစ်ခု ထွက်ပေါ်လာပြီး လက်သီးချက်ကို ပိတ်ဆို့ထားလိုက်သည်။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွား၏။
အစပိုင်းတွင် ဝံပုလွေတစ်ကောင်ဟု ထင်မှတ်မိသော်လည်း ထိုအရာက မှော်ဝင်ပစ္စည်းတစ်ခုမျှသာ ဖြစ်သည်။
"ဘန်း…"
ဝံပုလွေဦးခေါင်းကြီးက ကျန်းလန် လက်သီးချက်ဖြင့် အစိတ်စိတ်အမွှာမွှာကွဲကြေသွားသည်။
ဖုန်းကျီ၏ နံဘေးတွင် ချန်စန်းရှိနေလေသည်။
ချန်စန်း၏ လက်ဖဝါးထက်တွင် သေးငယ်သည့် ဝံပုလွေဦးခေါင်းလေးတစ်ခုရှိနေသည်။ သို့သော်… အစိတ်စိတ်အမွှာမွှာ ကွဲကြေနေပြီ ဖြစ်၏။
ချန်စန်း၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်။ ကျန်းလန်၏ လက်သီးချက်ကြောင့် ဒဏ်ရာရသွားခြင်း ဖြစ်သည်။
ချန်စန်းက…
"တာအိုရောင်းရင်းဖုန်းကျီ… လွတ်လမ်းအမြန်ရှာစမ်းပါ…"
ဤလူငယ်က သူတို့၏ ပြိုင်ဘက်မဟုတ်ပေ။
နဝမတောင်ထွတ်က တပည့်ဆိုသည်က သာမန်ကျင့်ကြံသူမဟုတ်…။ မရပ်တန့်နိုင်သည့် မိစ္ဆာကောင် ဖြစ်သည်။
ပြဿနာအားလုံးကို လက်သီးတစ်ချက်ဖြင့် ဖြေရှင်းမည့် မိစ္ဆာကောင်ဖြစ်သည်။ ထိုသို့သော ကျင့်ကြံသူမျိုးကို သူတို့ဘဝတွင် တစ်ခါမှ မတွေ့ဖူးခဲ့ကြပေ။
ဖုန်းကျီ၏ မှော်ဝင်လက်ဝါးရိုက်ချက်က မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် နှင့် ညီမျှသည်။ သို့သော်… ကျန်းလန်၏ လက်သီးကို မယှဉ်နိုင်ခဲ့ပေ။
ထို့အတူ… ချန်စန်း၏ ဝံပုလွေဦးခေါင်း မှော်ဝင်ပစ္စည်းကလည်း မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့် စွမ်းအားကိုပင် ခံနိုင်ရည်ရှိလေ၏။
သို့သော်… ယခုတော့ ကျန်းလန်ကြောင့် တစ်စစီပျက်စီးသွားခဲ့ရပေပြီ။
ဤလူငယ်၏ စွမ်းအားက မရှိမှုအာကာသအဆင့် ၊ နောက်ဆုံးအဆင့်ကိုပင် အနိုင်ယူနိုင်စွမ်း ရှိလေသည်။
ဖုန်းကျီ၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်လျှက် ရှိသည်။
နဝတောင်ထွတ်မှတပည့်က သူ မျှော်လင့်ထားသည်နှင့် အတော်လေး ခြားနားနေသည်။ သူက မျက်စိတစ်ဆုံးမကြည့်ဘဲ မျက်တောင်တစ်ဆုံးကြည့်ခဲ့မိသည်။
သူ့ကိုယ်သူ စွမ်းအားအကြောင်း နားလည်သည်ဟု ထင်ခဲ့မိသည်။ သို့သော်… ယခုတော့ တကယ်တမ်း စွမ်းအားကြီးမားသူက သူမဟုတ်ဘဲ ကျန်းလန် ဖြစ်နေခဲ့သည်။
ဖုန်းကျီက…
"တာအိုရောင်းရင်း... ကျုပ်တို့ညှိနှိုင်းလို့ရမလား…"
ကျန်းလန်က ဘာများလဲဆိုသည့်သဘောဖြင့် မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။
ဖုန်းကျီက ဆက်ပြော၏။
"နတ်လူသားမျိုးနွယ်တွေက ခင်ဗျားကိုသတ်ပစ်ချင်နေကြတာ… ၊ ကျုပ်က နတ်လူသားမျိုးနွယ်တွေအတွက် သူလျှိုလုပ်ပေးရပေမယ့် နတ်လူသားမျိုးနွယ်တစ်ယောက် မဟုတ်ပါဘူး… ၊ တာအိုရောင်းရင်းက ကျုပ်ကို သတ်လိုက်မယ်ဆိုရင်လည်း သူတို့က ခင်ဗျားကိုသတ်ဖို့ နောက်လူတွေ ထပ်ပြီးစေလွှတ်နေဦးမှာပဲ… ၊ ဒါပေမဲ့ ကျုပ်အသက်ရှင်နေမယ်ဆိုရင်တော့ ခင်ဗျားကိုသတ်ဖို့ နောက်လူတွေ ထပ်ပြီး စေလွှတ်မှာ မဟုတ်ပါဘူး…"
ကျန်းလန်က တည်တည်ငြိမ်ငြိမ်ပင် ဖုန်းကျီ၏ စကားများကို နားထောင်နေသည်။
"ပြီးတော့… ကျုပ်က နတ်လူသားမျိုးနွယ်တွေကို လှည့်စားပြီး သတင်းမှား ပို့ထားပေးလို့ရပါတယ်… ၊ ခင်ဗျားကို မသတ်နိုင်ပေမယ့် ခင်ဗျားရဲ့ကျင့်ကြံခြင်းအဆင့်တွေကို ဖျက်စီးပစ်လိုက်ပြီလို့ သတင်းပို့လိုက်ရင် သူတို့တွေ ကျေနပ်သွားကြမှာပါ… ၊ အဲဒီလိုဆိုရင်… နတ်လူသားမျိုးနွယ်တွေ ခင်ဗျားကို အရေးစိုက်ကြတော့မှာ မဟုတ်ဘူး…"
ကျန်းလန်က ဖုန်းကျီကို ကြည့်လိုက်ရင်း…
"နတ်လူသားမျိုးနွယ်တွေက ကျုပ်ကို ဘာလို့ သတ်ချင်နေရတာလဲ…"
သူ… မြောက်ရှိုးကို သတ်ဖြတ်လိုက်သည့်ကိစ္စကို နတ်လူသားမျိုးနွယ်များ သိရှိသွားသောကြောင့် လက်စားချေသည်ဟု ကျန်းလန် မထင်မိပေ။
ဖုန်းကျီက…
"ဘာလို့လဲဆိုတော့ ခင်ဗျားက ကောင်းကင်လှေကားအဆုံးထိ တက်ပြခဲ့တာကိုး…"
ယခုတော့… ကျန်းလန် အဖြေကို သိရှိသွားပြီ ဖြစ်သည်။
ဖုန်းကျီက စကားဆက်ပြော၏။
"နတ်လူသားမျိုးနွယ်တွေ ရန်ငြိုးထားပြီဆိုရင် သိပ်ကြောက်စရာကောင်းတယ်… ၊ ခင်ဗျား… ကျုပ်ကို သတ်လိုက်ရင်လည်း နောက်ထပ်လုပ်ကြံသူတွေ အများကြီး ထပ်စေလွှတ်ဦးမှာပဲ… ၊ ဒါပေမဲ့ ကျုပ်အသက်ရှင်နေမယ်ဆိုရင်တော့ ခင်ဗျားအတွက် အသုံးဝင်နေမှာပါ…"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာ အများကြီး အဓိပ္ပါယ်ရှိပါတယ်… ၊ ဒါပေမဲ့ အဲဒါက အကောင်းဆုံးဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူး…"
ပြောပြီးသည်နှင့် ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
ဖုန်းကျီနှင့် ချန်စန်း အံ့သြတုန်လှုပ်သွားသည်။ သူတို့ လွတ်လမ်းမရှိတော့ကြောင်း သိရှိလိုက်ကြ၏။
တစ်ဖက်လူက ညှိနှိုင်းလို့ ရမည့်ပုံ မပေါ်ပေ။
ကျန်းလန်၏ လက်သီးချက်က ဖုန်းကျီထံ ဝင်ရောက်လာသည်။
"အတော်မိုက်မဲတဲ့ကောင်… မင်းက ကျုပ်ကို သတ်နိုင်မယ်ထင်သလား…"
ဖုန်းကျီ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
ဖုန်းကျီ၏ ခန္ဓာကိုယ်ထက်တွင် မရေမတွက်နိုင်သည့် အက်ကွဲကြောင်းများ ထွက်ပေါ်လာသည်။
သူက ကျန်းလန်ကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်ခြင်း ဖြစ်ပြီး သူသေရမည်ဆိုလျှင်တောင် ကျန်းလန်ကို သူနှင့်အတူ ခေါ်သွားချင်သည်။
သို့သော်… သူ မတိုက်ခိုက်နိုင်ခင်မှာပင် ကျန်းလန်၏ လက်သီးချက်က သူ့ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်လာပြီ ဖြစ်သည်။
ဒီလူငယ်က အဘယ့်ကြောင့် ညှိနှိုင်းချက်ကို လက်မခံရပါသနည်း…။ ဖုန်းကျီ နားမလည်နိုင်ပေ။
ပြီးတော့... ဒီလူငယ်၏လက်သီးချက်က အဘယ့်ကြောင့် လေးလံပြင်းထန်လွန်းရပါသနည်း…။
လက်သီးချက်က လောကကြီးတစ်ခုလုံးကို သိမ်းပိုက်လိုက်သည့်အလား ဖုန်းကျီခံစားလိုက်ရတော့၏။
"ဘုန်း…"