အရှင်သခင်တစ်ပါး၏ သေဆုံးမှု
Vol. 59 Ch. 871
“ဘာမှပူမနေနဲ့ မင်းရဲ့စိတ်ဝိညာဥ်အသိစိတ်ကို ဆက်ပြီးတော့ စုစည်းလိုက်... ပြီးရင် မင်းရဲ့လျှို့ဝှက်အတတ်ကို ထုတ်ဖော်လိုက်”
ရုတ်တရက် အသံတစ်သံက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ထိုအသံက ရင်းနှီးနေပုံရသော်လည်း သူက အဲ့ဒါကို ဘယ်နေမှာသိခဲ့သလဲ စဥ်းစားကြည့်လို့မရနိုင်ပေ။
ထို့နောက် ချက်ချင်းပင် သန့်စင်သော အမြုတေစိတ်ဝိညာဥ်စွမ်းအား၏ မြောက်မြားလှစွာသော ပမာဏက သူ၏ အသိစိတ်ထဲသို့ တိုးဝင်လာပြီး ပျက်ပြယ်တော့မည့်ဆဲဆဲ ရူလိုင်းဓမ္မချိပ်စည်းကို တည်ငြိမ်လာစေရန် သူ့ကို ကူညီပေးလ်ိုက်၏။
ထိုအမြုတေစိတ်ဝိညာဥ်စွမ်းအားက လောင်ကျွမ်းနေသော ထိတွေ့ခံစားမှုခပ်ဖျော့ဖျော့နှင့်အတူ သန့်စင်ကြွယ်ဝနေလေသည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ဤစွမ်းအင်ပမာဏနှင့် တွေ့ဆုံချိန်တွင် မနှိုင်းယှဥ်နိုင်အောင် သိမ်ငယ်သွားသည့်အလား ထင်ရလေသည်။
အစက သူ၏ နဖူးပေါ်ရှိ စကြာပုံစံအမှတ်သင်္ကေတသည် ရွှေရောင်အလင်းစက်များအဖြစ် ကွဲထွက်ပြီး အဘက်ဘက်သို့ ပြန့်ကျဲကာ လုံးဝပျက်ပြယ်တော့မည့်ဆဲဆဲ ရှိနေခဲ့လေသည်။
သို့သော်လည်း ထိုအမြုတေစိတ်ဝိညာဥ်စွမ်းအား၏ ထောက်ပံ့မှုနှင့်အတူ ဆူဇီမို၏ အသိစိတ်ထဲတွင် ဂါထာမန္တာန် ရွတ်ဖတ်သံများက တစ်ဖန်ထွက်ပေါ်လာပြီး ဧရာမဗုဒ္ဓ၏ ပုံရိပ်ယောင်က တစ်ဖန် သိပ်သည်းစုဖွဲ့လာခဲ့လေသည်။
အစက ပြန့်ကျဲသွားသည့် ရွှေရောင်အလင်းစက်များသည် လျင်မြန်စွာ စုဆုံလာပြီး ပြိုးပြိုးပြက်ပြက် ရွှေရောင်အလင်းတန်းတစ်ခုဖြင့် ဖြာလဲ့တောက်ပနေသော ရှေးကျသည့် အမှတ်သင်္ကေတ တစ်ခုကို ဖွဲ့စည်းလာစေလေသည်။
ရွှေရောင်အမှတ် သင်္ကေတက ဆင်းသက်လာသည့်ခဏမှာပင် လောကတစ်ခုလုံးက အေးခဲသွားသည့်အလား ထင်ရလေသည်။
ထိုအမှတ်သင်္ကေတက တုန်လှုပ်ချောက်ချား၍ ကြောက်မက်ဖွယ်ရာ အော်ရာတစ်ခုကို သယ်ဆောင်လာခဲ့လေသည်။
လေဟာနယ်က ချိုင့်ဝင်သွားခဲ့၏။
ထိုရွှေရောင်အမှတ် သင်္ကေတ၏ လမ်းကြောင်းတွင် ရပ်တည်နိုင်သော မည်သည့်စွမ်းအားမှမရှိပေ။
ရူလိုင်းဓမ္မချိပ်စည်းက အရာရာတိုင်းကို ဖိနှိမ်ထားလေသည်။
“အား!”
ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က စူးစူးဝါးဝါး အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးနှစ်ဖက်က မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားခဲ့လေသည်။
အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ထိုကဲ့သို့ အမြူတေလျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်နိုင်စရာ အကြောင်းမရှိပေ။
တွေဝေနေဖို့ အချိန်မရဘဲ ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်သည် သူ၏ အားနည်းလာသော အမြုတေစိတ်ဝိညာဥ်ကို လှည့်ပတ်၍ နောက်ထပ် အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်ကို ထုတ်ဖော်ကာ လေထဲကနေ ပျံသန်းလာသော ရွှေရောင်အမှတ်သင်္ကေတနှင့် တွေ့ဆုံစေလိုက်သည်။
အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်နှစ်ခုက လေထဲမှာ ထိတွေ့ရိုက်ခတ်သွား၏။
သို့သော်လည်း မည်သည့်အသံကမှ ထွက်ပေါ်မလာခဲ့ပေ။
ထိတွေ့ရိုက်ခတ်ခြင်း၏ ဘေးပတ်လည်ရှိလေဟာနယ်က တွန့်လိမ်သွားခဲ့လေသည်။
ဆူဇီမို၏ မျက်စိရှေ့မှာပင် ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ထုတ်ဖော်လိုက်သော အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သည် ရွှေရောင်အမှတ် သင်္ကေတ၏ အလွယ်တကူ ဖိနှိမ်ခြင်းကို ခံလိုက်ရလေသည်။ အဲ့ဒါက ဖုန်မှုန့်များအဖြစ် ကြေမွပြီး ပြန့်ကျဲပျက်ပြယ်သွားခဲ့လေသည်။
ရွှေရောင်အမှတ်သင်္ကေတက လေထဲတွင် ခဏမျှသာ ရပ်တန့်သွားပြီးနောက် ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ နဖူးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်က ဆတ်ကနဲ လှုပ်သွား၏။
နောက်ခဏ၌ သူ၏အကြည့်သည် အေးခဲသွားပြီး မှိန်ကျသွားခဲ့လေသည်။ သူ၏အမူအရာက တောင့်တောင့်တင်းတင်း ဖြစ်နေပြီး သူ၏အသက်ဓာတ်က လျင်မြန်စွာ ယုတ်လျော့လာခဲ့လေသည်။
ဓမ္မစွမ်းအား၏ ဖိနှိမ်မှုမရှိသောအခါ ခုတ်ဖြတ်ထားသော သူ၏လက်မှ ဒဏ်ရာသည် ပြန်လည်ပွင့်ဟသွားပြီး သွေးများက ပန်းထွက်လာခဲ့လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်က တောင့်တင်းမာဆတ်စွာနှင့် ရှေ့သို့ လဲကျသွားခဲ့လေသည်။
ဘုန်း!
သူက မြေပြင်ပေါ်မှာ မလှုပ်မယှက် လဲကျသွားခဲ့၏။ သူ၏မျက်လုံးများက ပြူးကျယ်နေသော်လည်း အဲ့ဒီထဲမှာ မည်သည့်အရောင်အဝါမှ မရှိတော့ပေ။
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်ရှိ အနာကွန်ဒါအရွတ်ကလည်း ထိန်းချုပ်မှုမရှိတော့သည့်အလား လျှောကျသွားခဲ့လေသည်။
သူ၏လွတ်လပ်မှုကို ပြန်ရသွားပြီး ဆူဇီမိုသည် ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်ကို သူ၏ စိတ်ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးကြည့်ရှုလိုက်၏။ သူခံစားမိသည်မှာ အသက်ဓာတ်လုံးဝ မကျန်ရှိသော သေခြင်း၏ ရနံ့တစ်ခုသာဖြစ်လေသည်။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဥ်အသိစိတ်နှင့်အတူ ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အသိစိတ်ထဲသို့ ချောင်းကြည့်လိုက်ပြီးနောက် သူက ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အသိစိတ်သည် ခမ်းခြောက်နေပြီး သေခြင်းရနံ့က ဟောင်ထွက်နေလေသည်။ အဲ့ဒီထဲမှာ ပကတိဖျက်ဆီးခြင်းခံထားရသော အမြုတေစိတ်ဝိညာဥ်တစ်ခုရှိနေလေသည်။
အရှင်သခင်တစ်ပါးက ကျဆုံးသွားခဲ့လေပြီ။
သူ၏ စိတ်ဝိညာဥ်အသိစိတ်ကို ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ အသိစိတ်ထဲကနေ ပြန်ခေါ်ပြီးတာတောင် ဆူဇီမိုသည် တုန်လှုပ်နေဆဲဖြစ်ပြီး ခဏကြာသည်အထိ ငိုင်နေမိလေသည်။
အဲ့ဒါက စိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခု၏ စွမ်းအားဖြစ်လေသည်။ ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင် ၏ ဦးခေါင်းသည် မည်သည့် ဒဏ်ရာမှမရှိဘဲ အကောင်းပကတိမြင်နေရသော်လည်း သူ၏အမြုတေစိတ်ဝိညာဥ်သည် ရူလိုင်းဓမ္မချိပ်စည်းဖြင့် လုံးဝကြေမွပျက်စီးသွားခဲ့လေပြီ။
တစ်ကယ်တော့ အဲ့ဒါက ဆူဇီမို၏ စွမ်းအားမဟုတ်ပေ။
သူ၏ အသိစိတ်ထဲသို့ သန့်စင်သော အမြုတေစိတ်ဝိညာဥ်စွမ်းအား၏ များပြားလှစွာသော ပမာဏက တိုးဝင်လာခဲ့ခြင်းမရှိလျှင် ယခုအချိန် မြေပြင်ပေါ်မှာ လဲကျသေဆုံးနေသူက သူဖြစ်နေပေလိမ့်မည်။
ဆူဇီမိုသည် အသက်ပြင်းပြင်း ရှူရှိုက်ပြီး သူ့ကိုယ်သူအကောင်းဆုံး ကြိုးစား၍ ဣန္ဒြေဆည်လိုက်၏။ သူက ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုပြီး အတည်ပြုသည့်ပုံစံဖြင့် မေးလိုက်လေသည်။
“စီနီယာလား...”
“အဲ့ဒီသားရဲရဲ့ သိုလှောင်အိတ်ကို သိမ်းလိုက် ၊ ပြီးရင် ဒီနေရာကနေ အရင်ထွက်ဖို့လုပ်”
ထိုအသံက ဆူဇီမို၏ စိတ်ထဲမှာ တစ်ဖန်ထွက်ပေါ်လာခဲ့၏။ အဲ့ဒါက ရှေးကျသော အရိပ်အမြွက်တစ်ခုနှင့်အတူ တည်ငြိမ်နေလေသည်။
ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားခဲ့၏။
သူက ယခုချိန်ထိ အန္တရာယ်ကနေ မလွတ်မြောက်သေးပေ။
ဤနေရာတွင် ဖြစ်ပွားခဲ့သော ရုတ်ရုတ်သဲသဲက အရမ်းကို ကြီးမား၏။ စောစောက သူတို့နောက်မှာ ကျန်ရစ်ခဲ့သော အဆင့်မြင့်မိစ္ဆာသားရဲများက အဲ့ဒါကို သတိထားမိသွားလောက်ပြီဖြစ်ပြီး သူတို့က ဤနေရာသို့ လာနေကြလောက်လေပြီ။
ဤနေရာမှာ ဆက်လက်ကြန့်ကြာနေလျှင် ပို၍ အန္တရာယ်များလာပေလိမ့်မည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်သည် ရူလိုင်းဓမ္မချိပ်စည်းကို စောစောကတင် ထုတ်ဖော်ခဲ့ပြီး သူ၏ခန္ဓာကိုယ်က ဈာန်ပျံဆိတ်တောင်ထွတ်မှ အရှင်သခင်၏ ပြင်းထန်သော ရိုက်ချက်ကို ရရှိထားခဲ့လေသည်။ ထိုသို့ဖြင့် သူ၏အရိုးများနှင့် အရွတ်များက ဆိုးဆိုးဝါးဝါး နာကျင်ကိုက်ခဲနေလေသည်။
ယခုချိန်တွင် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်က သူတို့၏ အားအနည်းဆုံး အခြေအနေမှာ ရှိနေလေသည်။
မိစ္ဆာသားရဲ ၁၀ ယောက်ကျော်ကို မပြောနှင့် တစ်ယောက်ကပင်လျှင် ယခုချိန်မှာ သူ့ကို အလွယ်တကူသတ်ဖြတ်နိုင်လေသည်။
ဆူဇီမိုသည် ဒယီးဒယိုင်နှင့် ဈာန်ပျံဆိတ်တောင်ထွတ်မှာ အရှင်သခင်ဆီသို့ အပြေးသွားလိုက်၏။ သူက ထိုသူ၏ သိုလှောင်အိတ်ကို ဖြုတ်ယူပြီး သိမ်းဆည်းလိုက်လေသည်။
အဲ့ဒါက အရှင်သခင်တစ်ပါး၏ သိုလှောင်အိတ်ဖြစ်ပြီး အထဲတွင် ပစ္စည်းကောင်းများစွာ ရှိနေပေလိမ့်မည်။
ဆူဇီမိုက ခဏမျှစဥ်းစားပြီးနောက် ထိုဆိတ်ကြီး၏ ခြေတစ်ဖက်ကို ဖြတ်တောက်ကာ သိုလှောင်အိတ်ထဲသို့ ထိုးထည့်လိုက်၏။
သူက ဘေးပတ်ဝန်းကျင်ကို အကဲဖြတ်ပြီးနောက် ဦးတည်ဘက်တစ်ခုကို ရွေးချယ်ကာ ပြေးလွှားလိုက်လေသည်။
သူက ပြေးလွှားနေရင်း ညင်သာစွာဖြင့် မေးလိုက်၏။
“စီနီယာ ခင်ဗျားရှိသေးလား”
“အင်း”
“ဘယ်နေရာမှာလဲ...”
“မင်းရဲ့ကိုယ်ထဲမှာ...”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး ခလုတ်တိုက် လဲကျလုမတတ် ဖြစ်သွားရလေသည်။
ဤတစ်ကြိမ်တွင်တော့ ထိုသူက စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံထုတ်လွှတ်ပို့ခြင်းကို မပြုတော့ပေ။
ဆူဇီမိုသည် သူ၏ကိုယ်တွင်းမှ ထွက်ပေါ်လာသော ထိုအသံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။
အတိအကျပြောရင်လျှင် အဲ့ဒါက သူ၏ဘယ်ဘက်လက်ကောက်ဝတ်မှ ဖြစ်လေသည်။
ဆူဇီမို၏စိတ်ထဲတွင် မီးပွားတစ်ခုက လက်သွားပြီး သူက နားလည်သလိုလို ရှိလာခဲ့လေသည်။
ထိုစဥ်မှာပင် အသံတစ်သံက ရုတ်တရက်ထွက်ပေါ်လာ၏။
“မင်းရဲ့ဦးတည်ဘက်ကို ပြောင်းလိုက် ၊ မင်းရဲ့ရှေ့တည့်တည့် ကီလိုမီတာ ၁၀၀ မှာ အဆင့်မြင့်မိစ္ဆာသားရဲနှစ်ယောက် ရှိနေတယ်”
ဆူဇီမိုက ခဏမျှရပ်တန့်လိုက်၏။
“ဘယ်ဘက်”
ထိုအသံက သူ့ကိုထပ်၍ သတိပေးလိုက်၏။
တွေဝေခြင်းမရှိဘဲ ဆူဇီမိုက ဘယ်ဘက်သို့ ချိုးချလိုက်၏။
သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်နှင့် ခန္ဓာကိုယ်နှစ်ခုစလုံးသည် အလွန်တရာအားနည်းနေပြီး သူ၏ လှုပ်ရှားမှု နည်းစနစ်က လေးကန်နေလေသည်။
ရုတ်တရက်ဆိုသလို...
အလွန်အားကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကနေ ဖြာထွက်လာပြီး သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားခဲ့လေသည်။ သူ၏ ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး အလွန်တရာလျင်မြန်စွာဖြင့် လေနှင့်အတူနေရာကနေ ပျောက်ကွယ်သွားခဲ့လေသည်။
လေခွင်းသံက တဝီဝီထွက်ပေါ်နေ၏။
ဆူဇီမိုသည် သူ၏ခန္ဓာကိုယ်ကို ဖြေလျော့ထားပြီး သစ်ပင်၏ အရိပ်များက တဖျပ်ဖျပ်ဖြင့် နောက်မှာ ကျန်ရစ်ခဲ့သည်ကို တွေလိုက်ရလေသည်။
စိတ်ဝိညာဥ်အသိစိတ်က သူ့ကို ထိန်းချုပ်ကိုင်တွယ်ပြီး အချိုးအကွေ့များစွာနှင့်အတူ အန္တရာယ်များစွာကို ရှောင်ရှားပြီးနောက် နောက်ဆုံးမှာ တိတ်ဆိတ်ငြိမ်သက်သော လှိုဏ်ဂူတစ်ခုရှေ့သို့ ရောက်ရှိလာခဲ့လေသည်။
ဆူဇီမိုက သူဘာလုပ်ရမလဲ နားလည်လိုက်ပြီး အထဲသို့ ဝင်ရောက်လိုက်လေသည်။
လှိုဏ်ဂူထဲသို့ သူဝင်ရောက်လိုက်သည့်ခဏမှာပင် ဆူဇီမိုက သူ၏ဘယ်ဘက်ဘက်ကောက်ဝတ်ကို ကျေနပ်နှစ်ခြိုက်စွာဖြင့် ကြည့်လိုက်၏။ သူက သူ့ရင်ထဲကနေ လှိုက်တက်လာသော စိတ်ခံစားချက်များကို ဖိနှိမ်ပြီး ညင်သာစွာ မေးလိုက်လေသည်။
“စီနီယာ အဆုံးစွန်မီး... အဲ့ဒါက ခင်ဗျားမလား”
ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးပေါ်မှ သွေးနီရောင်အလင်းတောက်တောက်တစ်ခုက ရုန်းကန်ထွက်ပေါ်လာပြီး လေထဲမှာ ရပ်တန့်သွားလေသည်။
သွေးနီရောင်အလင်းက သူ၏ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြသလာ၏။ အဲ့ဒါက လက်မအရွယ်အစားရှိပြီး မီးများဖြင့် လောင်ကျွမ်းနေသည့်အလား ထင်ရလေသည်။ ၎င်း၏အော်ရာက စွမ်းအားကြီးပြီး သူက တောက်ပသော အကြည့်တစ်ခုနှင့်အတူ ဆူဇီမိုကို ပြုံး၍ ကြည့်နေလေသည်။
ဤအမြုတေစိတ်ဝိညာဥ်သည် လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ကန်းလန်ရိုးမအတွင်း အေးစက်ရေကန်မှာ ဆူဇီမိုနှင့် ကြုံတွေ့ခဲ့ရသော တာအိုအရှင် အဆုံးစွန်မီးဖြစ်လေသည်။
အဲ့ဒီအချိန်တုန်းက တာအိုအရှင် အဆုံးစွန်မီးသည် အဆိပ်မိထားပြီး သေရတော့မည့် ဆဲဆဲမှာရှိနေခဲ့၏။ သူက အေးစက်ရေကန်အောက်ခြေမှာ မလှုပ်မယှက်ဖြင့် ပိတ်မိနေပြီး နှစ်ငါးထောင်ကြာအောင် ခါးသီးစွာဖြင့် ကျော်ဖြတ်ခဲ့ရလေသည်။
နောက်ဆုံးမှာတော့သူသည် ဆူဇီမိုနှင့် တွေဆုံခဲ့ပြီး ဆူဇီမိုအတွက် ပိုင်ဆိုင်မှုအချို့နှင့် သတင်းစကားအချို့ကို ချန်ထားရစ်ခဲ့လေသည်။ ထိုသို့ဖြင့် သူသည် သူ့ဘဝမှာ သူ၏ နောက်ဆုံးတွယ်တာမှုကို လက်လွှတ်ပြီး လွတ်လပ်စွာဖြင့် ထွက်ခွာသွားခဲ့လေသည်။
အဲ့ဒီနောက်ပိုင်း ဆူဇီမို၏ အောင်မြင်မှုအများစုသည် တာအိုအရှင် အဆုံးစွန်မီးက သူ့အတွက် ချန်ထားရစ်ခဲ့သော အမွေအနှစ်များနှင့် ပက်သက်ဆက်နွယ်နေသည်ဟု ဆိုနိုင်လေသည်။
အခြားအရာများကို အသာထား ညဝိညာဥ်ပင်လျှင် တာအိုအရှင်အဆုံးစွန်မီး ဆူဇီမိုအတွက် ချန်ထားရစ်ခဲ့သော အရာဖြစ်လေသည်။
နောက်ပိုင်းမှာ တာအိုအရှင်အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဥ်သည် အဆိပ်ဓာတ်၏ တိုက်စားမှုကြောင့် မည်သည့် အသက်ဓာတ်မှ ဆက်လက်မကျန်ရှိတော့ပေ။
ထိုအချိန်က ဆူဇီမို၏ လက်ထဲရှိ မင်းဝမ်ဆုတောင်းပုတီးက ပူနွေးသွားခဲ့လေသည်။ တာအိုအရှင်အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဥ်က အလင်းတန်းတစ်ခုအသွင်ပြောင်းလဲသွားပြီး မင်းဝမ်ဆုတောင်းပုတီး၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။
နောက်ပိုင်းမှာတော့ အဲ့ဒီကနေ မည်သည့်လှုပ်ရှားမှုမှ ရှိမလာတော့ပေ။
ဆူဇီမိုသည် နိုးထဝိညာဥ်အဆင့်သို့ ကျင့်ကြံနိုင်ခဲ့သော်လည်း သူက မင်းဝမ်ဆုတောင်းပုတီးကို ယခုချိန်ထိ ကောင်းကောင်းမသန့်စင်နိုင်သေးပေ။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က အထဲမှာရှိသော အရာကို မထောက်လှမ်းနိုင်သည့်အတွက် သူက အထဲတွင် ဖြစ်ပျက်နေသည့်အရာများကို သိရှိနိုင်လိမ့်မည်မဟုတ်ပေ။
ယခုအခါမှာတော့ တာအိုအရှင်အဆုံးစွန်မီးသည် တစ်ဖန်ပြည်လည်မွေးဖွားလာပြီး ဤကဲ့သို့သော သေရေးရှင်ရေး အခြေအနေမှာ သူ့ကို နောက်တစ်ဖန်ကယ်တင်ခဲ့ပြန်လေသည်။