← Chapters

ပြန်လည်မွေးဖွားခြင်း၏ လျှို့ဝှက်ဆန်း ကြယ်မှု

Vol. 59 Ch. 872

ပြန်လည်မွေးဖွားခြင်း၏ လျှို့ဝှက်ဆန်း ကြယ်မှု

Vol. 59 Ch. 872

“စီနီယာ ခင်ဗျားက ဘယ်လို...”

တာအိုအရှင် အဆုံးစွန်မီး၏ ပြန်လည်မွေးဖွားမှုတွင် ဆူဇီမိုက ကျေနှပ်နှစ်ခြိုက်သွားသော်လည်း သူ့မှာ မေးခွန်းများစွာ ရှိနေသေး၏။

တာအိုအရှင်အဆုံးစွန်မီးကို စွန်းထင်းနေသည့်အဆိပ်များက ဘယ်လို ပျက်ပြယ်သွား​​တာပါလိမ့်။

သူက ဘယ်အချိန်မှာ နိုးထလာတာပါလိမ့်...

သူက အပြည့်အဝပြန်လည်ကောင်းမွန်လာပြီလား...

ဆူဇိမို၏ စိတ်ကို ဖတ်မိသည့်အလား တာအိုအရှင်အဆုံးစွန်မီးက ညင်သာစွာ ပြုံး၍ ပြောလိုက်၏။

“အရင်ဆုံး အနားယူပြီးတော့ ပြန်အားဖြည့်လိုက်... ငါက ဖြည်းဖြည်းချင်း ရှင်းပြသွားမယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။ ခဏမျှတိတ်ဆိတ်နေပြီးနောက် သူက စောစောက ဖြတ်တောက်၍ ယူလာခဲ့သော ဆိတ်ခြေထောက်ကို ဆွဲထုတ်ကာ ရယ်မောလိုက်၏။

“ဒီဆိတ်ခြေထောက်ကြီးကို ကင်စားလိုက်ပြီးရင် ကျုပ်က အတော်လေး ကောင်းသွားမှာပါ”

သူက အစားကြူးသူတစ်ယောက်တော့ မဟုတ်ပေ။

သူ့လက်ထဲရှိ ဆိတ်ခြေထောက်သည် အရှင်သခင်တစ်ယောက်၏ အသွေးအသားဖြစ်ပြီး မဟာအားဆေးလည်းဖြစ်ပေသည်။

ဒါ့အပြင် ဆူဇီမိုသည် ကြောက်စရာကောင်းသော ပင်ကို ပြန်လည်ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထား၏။ သူက အရှင်သခင်၏ အသားမှ စွမ်းအင်များကို အပြည့်အဝ စုပ်ယူနိုင်သည်နှင့်အမျှ သူ၏ဒဏ်ရာအများစုက သက်သာပျောက်ကင်းသွားပေလိမ့်မည်။

နိုးထဝိညာဥ်အဆင့်မှာဆိုလျှင် သားရဲများသည် နေနှင့်လ၏ အဆီအနှစ်ကို ဝါးမြိုနိုင်လေသည်။ လူသားကျင့်ကြံသူများသည်လည်း နေရောင်ခြည်နှင့် နှင်းစက်များကို စုပ်ယူပြီး အစာအာဟာရ မှီဝဲခြင်းမရှိဘဲ နေနိုင်ကြလေသည်။

သို့သော်လည်း ဆိတ်ခြေထောက်သည် မဟာအားဆေး ဖြစ်ရုံမျှသာမဟုတ်ပေ။ အဲ့ဒါက ရှားရှားပါးပါး ရသာမွန်တစ်ခုလည်းဖြစ်ပေသည်။ ဆူဇီမိုက ထိုအခွင့်အရေးကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို ထုတ်ယူလိုက်၏။ သူက သူ၏စိတ်ဝိညာဥ်အသိစိတ်ကို လှည့်ပတ်၍ မီးလုံးတစ်လုံးကို ဆင့်ခေါ်ကာ အဲ့ဒါကို မီးဖိုထဲသို့ ပစ်ထည့်ပြီး ဆိတ်ခြေထောက်ကို အပေါ်ကနေ ကန့်လန့်ဖြတ် တင်လိုက်၏။

သိပ်မကြာမီ လှိုဏ်ဂူသည် မွှေး​ကြိုင်သော အသားကင်အနံ့ဖြင့် ပြည့်နှက်သွားလေသည်။

ဆူဇီမိုက လက်လှမ်း၍ သူ့လက်အပူလောင်မည်ကို မစိုးရိမ်ဘဲ အသားတစ်တစ်ခုကို ဖဲ့ယူလိုက်၏။ သူက အဲ့ဒါကို သူ့ပါးစပ်ထဲသို့ ထည့်ပြီး ပလုပ်ပလောင်းဖြင့် ဝါးကာ သူ့အစာအိမ်ထဲသို့ သွေးချီ အဆီအနှစ်များ ဝင်ရောက်လာပြီး ​ခြေလက်များဆီသို့ စီးဆင်းသွားသည်ကို ခံစားလိုက်လေသည်။

တာအိုအရှင် အဆုံးစွန်မီးက ခန္ဓာကိုယ်မရှိသော စိတ်ဝိညာဥ်တစ်ခုသာလျှင် ဖြစ်ပြီး သူက အဲ့ဒါကို တွေ့ကြုံခံစားနိုင်လိမ့်မည် မဟုတ်ပေ။

စတုရန်းကြေးမီးဖိုအတွင်းရှိ မီးတောက်များကို ကြည့်ပြီး တာအိုအရှင်အဆုံးစွန်မီးက တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ဆူဇီမို၏ ညာဘက်လက်ကို စိုးရိမ်ပူပန်သော အမူအရာတစ်ခုဖြင့် ကြည့်လိုက်လေသည်။

သူက မေးလိုက်၏။

“မင်းညာလက်က နတ်ဖီးနစ်အရိုး ဟုတ်တယ်မလား”

“အင်း”

ဆူဇီမိုက မလိမ်ညာဘဲ ခေါင်းညိတ်လိုက်၏။

တာအိုအရှင်အဆုံးစွန်မီးက တည်တံ့စွာဖြင့် ပြောလိုက်လေသည်။

“စောစောက နတ်ဖီးနစ်အရိုးက နှိုးဆွခံလိုက်ရတဲ့အခါ အဲ့ဒီကနေ ထွက်လာတဲ့စွမ်းအားက အရမ်းကို ကြောက်ဖို့ကောင်းတယ် ၊ အဲ့ဒါက ပေါင်းစည်းခန္ဓာအဆင့်ကိုတောင် ရောက်နေပြီ”

ဆူဇီမိုက တုန်လှုပ်သွားရလေသည်။

ပေါင်းစည်းခန္ဓာများသည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အသန်မာဆုံးနီးပါး တည်ရှိမှုများဖြစ်ကြလေသည်။

ပေါင်းစည်းခန္ဓာကျင့်ကြံသူများကို စွမ်းအားကြီးပုဂ္ဂိုလ်များအဖြစ် ရည်ညွန်းပြီး သူတို့၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားကို ပိုင်ဆိုင်ထားလေသည်။

ကံမကောင်းစွာနှင့်ပင် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်အရ သူသည် နတ်ဖီးနစ်အရိုး၏ စွမ်းအားကို နှိုးဆွနိုင်ခြင်းမရှိပေ။

သူက နတ်ဖီးနစ်အရိုးကို သူအလိုရှိသည့်အခါတိုင်း အသုံးမပြုနိုင်ပေ။ အဲ့ဒါက များသောအားဖြင့် အသည်းအသန်ခုခံနေရသည့် အချိန်တွင် သူ့ပြိုင်ဘက်၏ ခွန်အားကို အသုံးချကာ ၎င်း၏ တုန်လှုပ်ဖွယ်ရာ အကျိုးသက်ရောက်မှုကို နှိုးဆွနိုင်ရုံသာ ရှိလေသည်။

“အဲ့ဒါက လောနေစရာတော့ မလိုပါဘူး”

တာအိုအရှင်အဆုံးစွန်မီးက သူ့ကို နှစ်သိမ့်လိုက်၏။

“အဲ့ဒီနတ်ဖီးနစ်အရိုးပိုင်းက မင်းခန္ဓာကိုယ်ထဲမှာ ရှိနေပြီးမှတော့ မင်းက အဲ့ဒါရဲ့ စွမ်းအားကို မင်းကိုယ်ပိုင်ခွန်အားအဖြစ် အသုံးချလာနိုင်တဲ့တစ်နေ့ကို ရောက်လာမှာပေါ့”

တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကိုကြည့်ပြီး သူတို့နှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရပုံကို ပြန်လည်စဥ်းစားကာ စိတ်ခံစားချက်တစ်ခုက မြင့်တက်လာခဲ့လေသည်။

နှစ်တစ်ရာကျော်ကြာပြီးနောက် အတိတ်ကာလက လူငယ်လေးသည် ယခု ဤအဆင့်ထိရောက်ရှိလာခဲ့ပြီဆိုတော့...

တာအိုအရှင်အဆုံးစွန်မီးက သူ့မျက်လုံးထဲတွင် တမ်းတမ်းတတ ပုံစံတစ်ခုဖြင့် အဝေးတစ်နေရာသို့ ငေးကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။

“တစ်ကယ်တော့ ငါအခုလို အသက်ရှင်ခဲ့ရတာ မင်းလက်ပေါ်က မင်းဝမ်ဆုတောင်းပုတီးကို ကျေးဇူးတင်ရမှာဘဲ”

“မင်းဝမ်ဆုတောင်းပုတီးက တာမင်းကျောင်းတော်ကို ထောက်ပံ့ပေးနိုင်ခဲ့တဲ့ ရတနာဖြစ်ခဲ့တာ အံ့ဩစရာမဟုတ်တော့ဘူးဘဲ ၊ အဲ့ဒါက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး လူတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့ ပြန်လည်ရှင်သန်ခြင်း စွမ်းအင်ကိုတောင် တစ်ကယ်ဘဲ ပိုင်ဆိုင်ထားတယ်”

တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။

“မင်းဝမ်ဆုတောင်းပုတီးကို ဝိညာဥ်အားဖြည့်သစ်ပင်ရဲ့ အူတိုင်ကနေ ပြုလုပ်ထားတာ ၊ အဲ့ဒီအပင်က ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ အင်မော်တယ်အပင်ဘဲ... သူက လူတစ်ယောက်ရဲ့ ဝိညာဥ်နဲ့ အမြုတေစိတ်ဝိညာဥ်ကို ပြန်လည်အားဖြည့်ပေးတဲ့နေရာမှာ အရမ်းကို ထူးခြားတဲ့ သက်ရောက်မှုရှိတယ်”

“အစတုန်းကတော့ ငါ့ရဲ့အမြုတေစိတ်ဝိညာဥ်က အဆိပ်ဓာတ်ရဲ့ တိုက်စားမှုကြောင့် ပျက်သုန်းတော့မလိုဘဲ ၊ ငါက ဒီဆုတောင်းပုတီးထဲကို ဝင်ရောက်ပြီးတဲ့နောက် အဲ့ဒါရဲ့ အားဖြည့်ခြင်းကို ခံခဲ့ရပြီး အခုလို ရှင်သန်နိုင်ခဲ့တာဘဲ”

ထိုအကြောင်းကို ပြောနေစဥ် တာအိုအရှင်အဆုံးစွန်မီးက စိတ်ခံစားချက်များ ပြင်းပြလာခဲ့လေသည်။

ဆူဇီမိုက သူ့ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးကို ငေးကြည့်ရင်း အတိတ်ကာလက အကြောင်းအရာများကို ပြန်လည်အမှတ်ရလာလေသည်။

ထိုစဥ်က သူသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နတ်ဆိုးမကျိနှင့်အတူ မိစ္ဆာဂိုဏ်းများ၏ အမွေအနှစ်ကုန်းမြေသို့ ဝင်ရောက်ကာ မိစ္ဆာအမွေခံသူများနှင့် တိုက်ခိုက်ခဲ့လေသည်။

အဲ့ဒီမှာ ထင်မှတ်မထားသော ဖြစ်ရပ်တစ်ခုက နောက်ပိုင်းတွင် ပေါ်ထွက်လာခဲ့လေသည်။ သွေးကန်ထဲရှိ ရှေးဟောင်းခေါင်းတလားတစ်ခုထဲမှ အရိုးစုတစ်ခုက တွားသွား၍ ထွက်လာခဲ့ပြီး အထဲတွင်ရှိသော သူတို့အားလုံးနီးပါးကို သတ်ဖြတ်ခဲ့လေသည်။

သူက အရိုးစုကို မြှုပ်နှံခဲ့သော ကျောက်သားခေါင်းတလားထဲတွင် နတ်ဆိုးမကျိနှင့်အတူ ဝင်ပုန်းခဲ့လေသည်။ အဲ့ဒါက မြေအောက်မြစ်ထဲသို့ ကျဆင်းသွားပြီး သူတို့က အသက်ရှင်နိုင်ခဲ့လေသည်။

ထိုမင်းဝမ်ဆုတောင်း ပုတီးစေ့ကိုလည်း ကျောက်သားခေါင်းတလားအတွင်မှ တွေ့ရှိခဲ့ခြင်းဖြစ်လေသည်။

ရုတ်တရက် ဆူဇီမို၏အမူအရာက ပြောင်းလဲသွားခဲ့၏။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာရှိသော ဘုန်းကြီးအိုသည် မင်းဝမ်ဆုတောင်းပုတီး ပျောက်ဆုံးခဲ့ရသည့်အကြောင်းအရင်းကို သူ့အား ရှင်းပြခဲ့ဖူးလေသည်။

လွန်ခဲ့သည့်နှစ်ထောင်ပေါင်းများစွာက ပြိုင်စံရှားနှစ်ယောက်ဖြစ်သော သွေးမိစ္ဆာနှင့် ကိုယ်တော်တာမင်းတို့က တိုက်ခိုက်ခဲ့ကြ၏။ နောက်ဆုံးမှာတော့ ဘာမှန်းမသိရသော ကံကြမ္မာများဖြင့် သူတို့နှစ်ယောက်စလုံးက ပျောက်ကွယ်သွားခဲ့လေသည်။

ထို့ကြောင့်ပင် မင်းဝမ်ဆုတောင်းပုတီးစေ့များကလည်း ပျောက်ဆုံးသွားခဲ့ရလေသည်။

နောက်ပိုင်းမှာတော့ တာ့မင်းကျောင်းတော်သည် ပုတီးစေ့သုံးစေ့ကို ပြန်လည်ရယူနိုင်ခဲ့ပြီး အခြားသော သုံးစေ့ကတော့ အပြင်လာကမှာ ပျောက်ဆုံးသွားခဲ့လေသည်။

သူတို့ထဲမှ တစ်ခုကို ဆူဇီမိုသည် ကျောက်သားခေါင်းတလားထဲကနေ ရှာဖွေတွေ့ရှိခဲ့လေသည်။

ကျောက်သားခေါင်းတလားအတွင်းတွင် အင်မတန်ဆိုးယုတ်သော ကျင့်ကြံရေးနည်းစနစ်တစ်ခုဖြစ်သည့် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကလည်း ရှိနေခဲ့လေသည်။

ကျောက်သားခေါင်းတလားထဲကနေ တွားသွား၍ ထွက်လာခဲ့သော အရိုးစုသည် နောက်ပိုင်းတွင် မနှိုင်းယှဥ်သာအောင် လွှမ်းမိုးခြယ်လှယ်ခဲ့ပြီး သက်ရှိကျင့်ကြံသူများ၏ အသွေးအသားများကို တိုက်ရိုက် ဝါးမြိုစားသုံးခဲ့လေသည်။ ၎င်းအသုံးပြုခဲ့သော ကျင့်ကြံရေးနည်းစနစ်က မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တာန်ပင် ဖြစ်လေသည်။

ထိုဖြစ်ရပ်တွင် အရိုးစု၏ သရုပ်မှန်က ရှင်းလင်းနေလေပြီ။

အဲ့ဒါက တာအိုအရှင် သွေးမိစ္ဆာပင် ဖြစ်လေသည်။

ထိုအထွတ်အထိပ်မိစ္ဆာသည် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာက လောကတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများစွာကို ​ကျူးလွန်ခဲ့ပြီး သူက အမှန်တစ်ကယ်ပင် သေဆုံးမသွားခဲ့သေးပေ။

ဒါ့အပြင် သူက ပြန်လည်မွေးဖွားလာဖို့ အခွင့်များလေသည်။

အဲ့ဒါက စဥ်းစားကြည့်ဖို့ မခက်ပေ။ ကိုယ်တော်တာမင်းနှင့် ကမ္ဘာတုန်လောက်ဖွယ်ရာ တိုက်ပွဲအပြီး၌ တာအိုအရှင်သွေးမိစ္ဆာက ရှုံးနိမ့်သွားခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့လေသည်။ ထိုသို့ဖြင့် သူသည် သူ၏ အမြုတေစိတ်ဝိညာဥ်နှင့်အတူ မင်းဝမ်ဆုတောင်းပုတီးအတွင်းမှာ ပုန်းကွယ်နေပြီး သူ့ကိုယ်သူ ဖြည်းဖြည်းချင်း ပြန်လည်အားဖြည့်ခဲ့လေသည်

သူက ယနေ့ခေတ်အထိ အသက်ရှင်နိုင်ခဲ့ခြင်းမှာ မင်းဝမ်ဆုတောင်းပုတီးကြောင့်ပင် ဖြစ်ဖို့များလေသည်။

ထို့ကြောင့်ပင်လျင် ဆူဇီမိုက ကျောက်သားခေါင်းတလားအတွင်းမှာ ထိုဗုဒ္ဓပုတီးစေ့ကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်လေသည်။

ထိုသို့ဆိုလျှင် ကျောက်သားခေါင်းတလားအတွင်းရှိ မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို မှတ်တမ်းတင်ထားခဲ့သူမှာလည်း တာအိုအရှင်သွေးမိစ္ဆာပင် ဖြစ်ရပေမည်။

အရာရာတိုင်းက အဓိပ္ပါယ်ရှိလာသလိုထင်ရလေသည်။

သို့သော်လည်း ဆူဇီမိုက ဝေခွဲမရဖြစ်နေဆဲပင်။

ကျောက်သားခေါင်းတလားထဲမှာ မင်းဝမ်ဆုတောင်းပုတီးကို ဘာ့ကြောင့် ချန်ထားရစ်ခဲ့ရတာပါလိမ့်... အဲ့ဒါက တစ်ကယ့်ကို တိုက်ဆိုင်မှုတစ်ခုပေပဲလား။

ဒါ့အပြင် ကျောက်သားခေါင်းတလားကို သူတို့ပထမဆုံးအကြိမ် တွေ့မြင်ရတုန်းက ၎င်း၏ မျက်နှာပြင်ပေါ်တွင် ဧရာမချိန်းကြိုးကြီးများဖြင့် ရစ်ပတ်ထားလေသည်။ အဲ့ဒီချိန်းကြိုးတွေကို ဘယ်သူကများ ချန်ထားခဲ့တာလဲ။

ထိုချိန်းကြိုးများ၏ ရည်ရွယ်ချက်က တာအိုအရှင်သွေးမိစ္ဆာကို ပိတ်လှောင်ထားဖို့ဆိုတာ ရှင်းနေလေပြီ။

သို့သော်လည်း ကျောက်သားခေါင်းတလားအတွင်းမှာ မင်းဝမ်ဆုတောင်းပုတီးစေ့တစ်စေ့ကိုရော ဘာ့ကြောင့်ချန်ထားခဲ့ရတာပါလိမ့်။

အဲ့ဒါထက် ထိုကျင့်ကြံသူသည် တာအိုအရှင်သွေးမိစ္ဆာကို သတ်ဖြတ်ရမည့်အစား ဘာကြောင့် ချိန်းကြိုးများဖြင့် ပိတ်လှောင်ထားခဲ့ရတာပါလိမ့်။

ထိုအခိုက်အတန့်တွင် ဆူဇီမို စဥ်းစားနေသည့်အကြောင်းကို တာအိုအရှင်အဆုံးစွန်မီးက မသိနိုင်ဘဲ စကားဆက်ပြောလိုက်၏။

“တစ်ကယ်တမ်း ပထမဆုံးအကြိမ် ငါနိုးထလာခဲ့တာက နဂါးသင်္ချိုင်းတောင်ကြား အောက်ခြေမှာတုန်းကပဲ”

“အမ်...”

ဆူဇီမိုက ခဏမျှ ကြောင်အမှင်တက်သွားခဲ့လေသည်။

တာအိုအရှင်အဆုံးစွန်မီးက ထိုမျှလောက် စောစောကတည်းက နိုးထလာခဲ့လိမ့်မည်ဟု သူကတစ်ကယ်ပင် မျှော်လင့်မထားပင်။

“ဝိညာဥ်အားဖြည့်သစ်သားထဲကို ဝင်ရောက်ပြီးတဲ့နောက် ငါ့ရဲ့ အမြုတေစိတ်ဝိညာဥ်က ပြန်လည်အားပြည့်လာခဲ့ပေမယ့်လို့ ငါ့ကိုစွန်းထင်းနေတဲ့ အဆိပ်က ပျက်ပြယ်မသွားသေးတဲ့အတွက် ငါက မျောနေတဲ့ အဆင့်တစ်ခုမှာဘဲ ရှိနေခဲ့တယ်”

တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။

“ငါ့ကိုယ်ထဲမှာ စွန်းထင်းနေတဲ့အဆိပ်ကို ဖယ်ထုတ်ဖို့အတွက် ကူညီပေးခဲ့သူကတော့ နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေက ဘုန်းကြီးအိုဘဲ”

ထိုနေရာအရောက်တွင် ဆူဇီမိုက နားလည်သဘောပေါက်သွားခဲ့လေသည်။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာတုန်းက ဘုန်းကြီးအိုသည် ဆူဇီမိ၏ မင်းဝမ်ဆုတောင်းပုတီးစေ့ကို လက်ခံရယူစဥ် အံ့အားတသင့်ရေရွတ်ခဲ့လေသည်။ သူက တစ်ခုခုကို အာရုံခံမိခဲ့သည့်အလားပင်။

ဆူဇီမိုက ထိုအချိန်တုန်းက မေးခဲ့သော်လည်း ဘုန်းကြီးအိုက မရေမရာသာပြန်ဖြေခဲ့ပြီး သူ့ကို ရှင်းမပြခဲ့ပေ။

ပြန်တွေးကြည့်သောအခါ ထိုအချိန်ကတည်းက ဘုန်းကြီးအိုသည် တာအိုအရှင်အဆုံးစွန်မီး၏ တည်ရှိမှုကို သတိထားမိခဲ့ပြီး ထိုသူကို တမင်ကယ်တင်ပေးခဲ့ခြင်းဖြစ်လေသည်။

တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။

“ငါက နိုးထလာခဲ့ပေမယ့်လို့ ငါ့ရဲ့ အမြုတေစိတ်ဝိညာဥ်က အဆိပ်နဲ့ နှစ်ပေါင်းများစွာ စွန်းထင်းလာခဲ့သည့်အတွက် အရမ်းကို အားနည်းနေသေးတယ် ၊ ငါ့ရဲ့ ခွန်အားက မကျန်ရှိသလောက်ဘဲ...အဲ့ဒါကြောင့် ငါကမင်းကို ဘာအကူအညီမှ မပေးနိုင်ခဲ့ဘူး”

“ဒီနှစ်တွေတောက်လျှောက်မှာ မင်းရဲ့ခရီးစဥ်နဲ့ တိုက်ပွဲတွေကို ငါက ဒီတိုင်းဘဲ ကြည့်နေခဲ့ရတယ်”

“မင်းလုပ်ခဲ့တာ ကောင်းတယ်... အသင်္ချေနယ်မြေမြို့တော်မှာတုန်းက မင်းက လူသားမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာကို မလျော့ကျစေခဲ့ဘူး”

ဆူဇီမိုက ထိုတိုက်ပွဲအကြောင်း ပြန်တွေးမိသောအခါ စိတ်ပျက်လက်ပျက် အမူအရာတစ်ခုနှင့် ခေါင်းခါလိုက်လေသည်။

“အဲ့ဒီတိုက်ပွဲမှာ ကျုပ်က အနိုင်ရခဲ့ပေမယ့်လည်း များစွာသော ကျင့်ကြံသူတွေက ကျုပ်ရဲ့ သားရံပုံစံကို မြင်တွေ့ခဲ့ကြတယ် ၊ ကျင့်ကြံရေးလောကမှာ ကျုပ်အတွက် နေစရာမရှိတော့ဘူးထင်ပါရဲ့”

“အဲ့လောက်လည်း စိုးရိမ်နေစရာမလိုပါဘူး”

တာအိုအရှင်အဆုံးစွန်မီးက လေးနက်စွာဖြင့် ပြောလိုက်လေသည်။

“အခြားဂိုဏ်းတွေကိုအသာထား မင်းရဲ့နာမည်ကို ရှင်းလင်းပြီးတော့ မင်းကို အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် အသွန်းတစ်ရာဂိုဏ်းကိုယ်စား ငါက ဆုံးဖြတ်ချက် ချပေးနိုင်တယ်”

All Chapters