ဓမ္မဝိသေသအဆင့်၏ ခန္ဓာကိုယ်
Vol. 59 Ch. 873
တာအိုအရှင်အဆုံးစွန်မီး၏ စကားလုံးများက ခိုင်မာပြတ်သားပြီး စွမ်းအားကြီးလေသည်။
သူက ဆူဇီမို၏ သားရဲကျင့်ကြံမှုကိုလည်း လုံးဝဂရုမစိုက်ပေ။ အဲ့ဒါထက် သူက ဆူဇီမိုနှင့် ရန်ငြိုးရန်စရှိခဲ့သော ဂိုဏ်းကြီးများ သို့မဟုတ် အဖွဲ့အစည်းကြီးများကိုပင် ဂရုမစိုက်ပေ။
ဆူဇီမိုသည် ရင်ထဲမှာထိသွားပြီး သူ၏ ကျေးဇူးတင်ရှိမှုကို ကပျာကယာပြသလိုက်၏။
ထိုအခိုက်အတန့်တွင် တာအိုအရှင်အဆုံးစွန်မီး၏ စကားများက ဘယ်လောက်ထိသာသွားကြောင်း သူကနားမလည်ခဲ့သေးပေ။
လွန်ခဲ့သည့် နှစ်ငါးသောင်းက ကျင့်ကြံရေးလောကတွင် တာအိုအရှင် အဆုံးစွန်မီးသည် မည်သို့သော တည်ရှိမှု သို့မဟုတ် မည်သို့သော ပုဂ္ဂိုလ်အမျိုးအစားဖြစ်သည်ကိုလည်း သူက မသိခဲ့သေးပေ။
နောက်ဆုံး ဆူဇီမို၏ ထင်မြင်ချက်အရ တာအိုအရှင်အဆုံးစွန်မီးက ဘယ်လိုပင် သန်မာပါစေ ထိုသူသည် ဓမ္မသိသေသ တာအိုအရှင်တစ်ယောက်သာ ဖြစ်လေသည်။
သူ၏ ကျင့်ကြံမှုအဆင့်က အင်မော်တယ်ကြိုးကြာအိုကြီးနှင့် တူညီပြီး သူက ဆူဇီမိုကို ကာကွယ်ပေးနိုင်စရာအကြောင်းမရှိပေ။
ယခင်က ဆန်းကြယ်တောင်ထွတ်တိုက်ပွဲတွင် အင်မော်တယ်ကြိုးကြာအိုကြီးသည် အဆင်ချိုးဖျက်တက်လှမ်းခဲ့ပြီး ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်နှင့် ညီမျှသော အဆင့်မြင့်မိစ္ဆာသားရဲအဖြစ်သို့ တက်လှမ်းနိုင်ခဲ့လေသည်။
သို့သော်လည်း ဆန်းကြယ်တောင်ထွတ်က ဖန်သားနန်းတော်ကဲ့သို့ ကြီးမားသည့် အင်အားစုကြီးများနှင့် ရင်ဆိုင်ရချိန်တွင် အရေးမပါ အရာမရောက်နိုင်တော့ပေ။
ဖန်သားနန်းတော်ကိုမပြောနှင့် မြောက်ပိုင်းဒေသ၏ အဆင့်မြင့်ဂိုဏ်း ၁၀ ဂိုဏ်းနှင့် ရင်ဆိုင်ရလျှင်ပင် ဆန်းကြယ်တောင်ထွတ်က အားနည်းပြီး အပေးအယူပြုလုပ်နိုင်ခြင်းမရှိပေ။
ဆူဇီမိုသည် တစ်ကယ်ပင်ရွေးချယ်စရာမရှိဘဲ ယခင်က မြောက်ပိုင်းဒေသကနေ ထွက်ခွာလာခဲ့ရလေသည်။
မဟာချွမ်အပျက်အစီးတိုက်ပွဲမှာတုန်းက သူသည် အဆင့်မြင့် ဂိုဏ်း ၁၀ ဂိုဏ်း ၊ ရှေးတော်ဝင်မိသားစုများနှင့် အထက်တန်းလွှာကလန်များမှ လူတိုင်းနီးပါးကို ဆန့်ကျင်မိခဲ့လေသည်။ သူက မြောက်ပိုင်းဒေသမှာ ဆက်နေမည်ဆိုလျှင် ဆန်းကြယ်တောင်ထွတ်က သူတို့၏ ခွန်အားကုန်ကို ထုတ်သုံး၍ သူ့ကို သေချာပေါက် ကာကွယ်ပေးပေလိမ့်မည်။
သို့သော်လည်း အဲ့ဒါက ဆန်းကြယ်တောင်ထွတ်အတွက် ကပ်ဘေးတစ်ခုကို ဆောင်ကျဉ်းပေးလာပေလိမ့်မည်။
သူတို့က ချက်ချင်းပင် ဖျက်ဆီးခံရနိုင်ပြီး သူတို့၏ အမွေအနှစ်ကို ဆုံးရှုံးကာ ကျင့်ကြံရေးလောကကနေ အပြီးတိုင် ပျောက်ကွယ်သွားနိုင်လေသည်။
သို့သော်လည်း အသွန်းတစ်ရာဂိုဏ်းက ဆန်းကြယ်တောင်ထွတ်နှင့်မတူသည်ကို ဆူဇီမိုက မသိနိုင်ပေ။
တာအိုအရှင်အဆုံးစွန်မီးကလည်း အင်မော်တယ်ကြိုးကြာကြီးနှင့် မတူပေ။
ဆူဇီမိုသတိထားမိသည်မှာ တာအိုအရှင်အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဥ်က စွမ်းအားကြီးသော အော်ရာတစ်ခုရှိနေပြီး ဓမ္မဝိသေသအဆင့်သို့ ပြန်လည်ရောက်ရှိခဲ့ပြီ ဖြစ်ပုံရလေသည်။
“စီနီယာ ခင်ဗျားရဲ့ ကျင့်ကြံမှုကို အကြည့်အဝ ပြန်ရပြီလား”
“အခုထိတော့ မရသေးဘူး... အလွန်ဆုံး ၈၀ ရာခိုင်နှုန်း ဝန်းကျင်လောက်ဘဲ”
တာအိုအရှင်အဆုံးစွန်မီးက ညင်သာစွာ ပြုံးလိုက်၏။
“အစကတော့ ငါ့ရဲ့ကျင့်ကြံမှုကို ပြန်ရဖို့ နှစ်လေးငါးရာလောက် ကြာလိမ့်ဦးမယ်လို့ ထင်ထားတာ ၊ ဒါပေမယ့် စောစောက မင်းရရှိခဲ့တဲ့ အခွင့်အလမ်းကနေ ငါကလည်း အတော်လေး အကျိုးအမြတ်ဖြစ်ထွန်းခဲ့တယ်”
“စောစောကတင် ဟုတ်လား”
ဆူဇီမိုသည် ခဏမျှကြောင်အသွားပြီးနောက် ချက်ချင်းပင် နားလည်သဘောပေါက်သွားလေသည်။
နှစ်တစ်ထောင်သွေးပင်လယ်အတွင်းမှာတုန်းက သူ၏ ဘယ်ဘက်လက်ကောက်ဝတ်မှ စုပ်ယူအားတစ်ခုကို ခံစားမိနေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။
ထိုအချိန်တုန်းက သူသည် မိစ္ဆာသွေးသန့်စင်ထုတ်သုတ္တန်ကို ထုတ်ဖော်ခဲ့ပြီး ဈာန်ပျံဆိတ်တောင်ထွတ်မှ သခင်လေးနှင့် အခြားငါးယောက်၏ ဝိုင်းရံခြင်းကို ခံထားရ၏။ နောက်ပိုင်းတွင် သူက မိစ္ဆာတစ်ယောက်နီးပါး ဖြစ်လာခဲ့ပြီး ထိုကိစ္စကို မစဥ်းစားနိုင်တော့ပေ။
သူ၏ ကျင့်ကြံမှုက ကြီးမားစွာ တိုးတက်လာခဲ့သည့်အပြင် နှစ်တစ်ထောင်သွေးပင်လယ်ကနေ စုစည်းထားသော စွမ်းအင်များက တာအိုအရှင်အဆုံးစွန်မီးကိုလည်း အတော်လေး အကျိုးဖြစ်ထွန်းစေခဲ့လေသည်။
“တစ်ကယ်တော့ အစက သွေးပင်လယ်အတွင်းမှာ စုစည်းထားတဲ့စွမ်းအင်က ငါ့ရဲ့ကျင့်ကြံမှုကို ပြန်ရဖို့ မလုံလောက်သေးဘူး”
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်၏။
“ဒါပေမယ့်လို့ အဆင့်မြင့်မိစ္ဆာသားရဲ ၇ ယောက်က သွေးပင်လယ်ထဲကို ဝင်လာပြီးနောက်ပိုင်းမှာ မကောင်းဆိုးဝါးဆန်ဆန်နဲ့ သေဆုံးသွားခဲ့ရတယ် ၊ အဲ့ဒါက သွေးပင်လယ်ထဲမှာရှိတဲ့ စွမ်းအင်အဆင့်ကို သိသိသာသာ မြင့်တက်လာစေပြီးတော့ ငါ့ကို လုံလောက်တဲ့ စွမ်းအင်ကို ထောက်ပံ့ပေးခဲ့တာဘဲ”
“အဲ့ဒါကြောင့်လည်း မင်းထွက်ပြေးနေတုန်းက ငါက လှုပ်ရှားမှု မပြုလုပ်ခဲ့ဘူးဆိုတာ အဲ့ဒီသွေးပင်လယ်ထဲမှာ ရှိတဲ့ များပြားတဲ့ စွမ်းအင်တွေကို ငါကစုပ်ယူနေရလို့ဘဲ”
“အဲ့ဒီအရှင်သခင်က အရမ်းကို သန်မာလွန်းတယ် ၊ ငါ့ရဲ့တိုက်ခိုက်ရည်ခွန်အားကို ၈၀ ရာခိုင်နှုန်းလောက် ပြန်ရမထားဘူးဆိုလျှင် သူ့ကိုသတ်ဖို့က အတော်လေး ခက်ခဲလိမ့်မယ်... အဲ့ဒါကြောင့်လည်း ငါက အရမ်းကာရော မတိုက်ခိုက်ခဲ့တာ”
ထိုနေရာအရောက်တွင် တာအိုအရှင်အဆုံးစွန်မီးက သူ့ခေါင်းကိုညင်သာစွာ ခါပြီးရေရွတ်လိုက်၏။
“ဒါပေမယ့်လို့ မင်းသတ္တိကောင်းတာက နည်းနည်းတော့ များလွန်းတယ်မဟုတ်ဘူးလား... မင်းက အခုမှ နိုးထဝိညာဥ်အဆင့်ဘဲရှိသေးတာ အဲ့ဒါတောင် မင်းက အဆင့်ကြီးနှစ်ဆင့်ကို ကျော်ပြီးတော့ အရှင်သခင်တစ်ပါးကို သတ်ဖြတ်ဖို့ လုပ်လိုက်သေးတယ် ၊ တစ်ကယ်လည်း အခုတော့...”
ဆူဇီမိုသည် ထိုဖြစ်ရပ်ကို ပြန်စဥ်းစားမိသောအခါ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာခဲ့လေသည်။
အရှင်သခင်တစ်ပါးက သူတွေးထင်ထားသည်ထက် များစွာပို၍ သန်မာနေ၏။
သူသည် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်သုံးခဲ့ပြီး နတ်ဖီးနစ်အရိုး၏ စွမ်းအားကိုပင် နှိုးဆွနိုင်ခဲ့လေသည်။ ဒါတောင် သူက ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်ကို မသတ်ဖြတ်နိုင်ခဲ့ပေ။
တာအိုအရှင်အဆုံးစွန်မီးကြောင့်သာ မဟုတ်လျှင် သူက သေဆုံးသွားပြီးလောက်လေပြီ။
သူသည် သွေးပင်လယ်မှာ ကျင့်ကြံသော ခရီးစဥ်တွင် အကျိုးအမြတ်ကြီးစွာ ရရှိခဲ့သော်လည်း အန္တရာယ်ကလည်း အတော်လေးများလွန်းခဲ့လေသည်။
သူသည် အရှင်သခင်တစ်ပါး၏ အမဲလိုက်ခြင်းကို ခံခဲ့ရရုံသာမက ထိုမကောင်းဆိုးဝါးဆန်ဆန် သွေးပင်လယ်အတွင်းမှာ သေစေနိုင်သော အန္တရာယ်များကို ကြုံတွေခဲ့ရလေသည်။
အဆင့်မြင့်မိစ္ဆာသားရဲ ၇ ယောက်သည် သွေးပင်လယ်အောက်ခြေမှ တက်လာသော လေပူပေါင်းများကြောင့် လျှို့ဝှက်ဆန်းကြယ်စွာ သတ်ဖြတ်ခံခဲ့ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဥ်ပါ ချက်ချင်းဖျက်ဆီးခံခဲ့ရလေသည်။
ထိုပူပေါင်းများက သူ့ဘေးကနေ ပွတ်သပ်၍ ထွက်သွားသည်မှာ တစ်ကယ်ဘဲ တိုက်ဆိုင်မှုတစ်ပေပဲလား...။
ဆူဇီမိုသည် ထိုမြင်ကွင်းကို ပြန်တွေးကြည့်ရင်း ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာခဲ့လေသည်။
“စီနီယာ အဲ့ဒီသွေးပင်လယ်က...”
ဆူဇီမိုက ပြောလိုက်သည့်ခဏမှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အမူအရာက ပြောင်းလဲသွားပြီး သူက ဆူဇီမိုကို ဖြတ်ပြောလိုက်၏။
“အဲ့ဒီနေရာကို လုံးဝပြန်မသွားနဲ့...”
“သွေးပင်လယ်ရဲ့ အောက်ခြေမှာ အရမ်းကိုကြောက်စရာကောင်းတဲ့ တစ်စုံတစ်ရာ သေချာပေါက်ရှိနေတယ်”
တာအိုအရှင်အဆုံးစွန်မီး၏ လေသံက တည်တံ့နေလေသည်။
တာအိုအရှင်အဆုံးစွန်မီးကပင် ထိုသို့ပြောသည်ဆိုလျှင် သွေးပင်လယ်အတွင်းမှာရှိသော လျှို့ဝှက်ချက်သည် သူ၏ ကျင့်ကြံမှုဖြင့် ကိုင်တွယ်နိုင်သော တစ်စုံတစ်ရာ သေချာပေါက်မဟုတ်ကြောင်း နားလည်လိုက်၏။
ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဆူဇီမိုက တာအိုအရှင်အဆုံးစွန်မီးကို စိုးရိမ်စွာကြည့်ပြီး ညင်သာစွာမေးလိုက်လေသည်။
“စီနီယာ... ခင်ဗျားရဲ့ ခန္ဓာကိုယ်အတွက်ရော..”
မူလနတ္ထိအဆင့် သို့မဟုတ် ဓမ္မဝိသေသအဆင့်သို့ ရောက်ရှိလာပြီးနောက် လူတစ်ယောက်သည် သူတို့၏ ခန္ဓာကိုယ်ကို ဆုံးရှုံးရလျှင်တောင် သေဆုံးရလိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်မရှိပါက သူတို့၏ တိုက်ခိုက်ရည်ခွန်အားက အားနည်းသွားပြီး များစွာသော ဓမ္မပညရပ်များကိုလည်း ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။
ဒါ့အပြင် ခန္ဓာကိုယ်၏ ကာကွယ်မှုမရှိဘဲ လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်သည် အပြင်လောကမှာ သွားလာဖို့အတွက် အလွန်တရာ နုနယ်လေသည်။
အဲ့ဒါသည် သမုဒ္ဒရာထဲမှာ လှေသင်္ဘောမပါဘဲ ကူးခတ်နေသော တစ်စုံတစ်ယောက်နှင့် တူလေသည်။ သူက အချိန်မရွေးသေဆုံးသွားနိုင်လေသည်။
အဲ့ဒီမှာ ခန္ဓာကိုယ်တစ်ခုကို ရရှိနိုင်သော နည်းလမ်းနှစ်မျိုးရှိလေသည်။
ပထမတစ်မျိုးက ပူးကပ်သိမ်းပိုက်ခြင်းဖြစ်လေသည်။
သို့သော်လည်း ပူးကပ်သိမ်းပိုက်ခြင်းအတွက် လိုအပ်ချက်က အရမ်းကို တင်းကျပ်ပြီး ပူးကပ်သိမ်းပိုက်ခံရမည့်သူ၏ ကျင့်ကြံမှုအဆင့်ကလည်း နိမ့်ကျလို့မရပေ။
ပူးကပ်သိမ်းပိုင်ခြင်းဖြစ်စဥ်သည် အလွန်တရာအန္တရာယ်များပြီး အနည်းငယ် သတိလွတ်သွားသည်နှင့် သူက တန်ပြန်ဝါးမြိုခြင်းတောင်ခံရနိုင်လေသည်။ ဒါ့အပြင် ကျင့်ကြံသူတိုင်းသည် သူတို့၏ဘဝမှာ ပူးကပ်သိမ်းပိုက်ခြင်းကို တစ်ကြိမ်သာလျှင်ကြိုးပမ်းနိုင်လေသည်။
ဒုတိယရွေးချယ်မှုမှာ ဓမ္မဝိသေသအဆင့်မှာရှိသော အကောင်းပကတိ ခန္ဓာကိုယ်တစ်ခုကို ရရှိနိုင်ဖို့ဖြစ်လေသည်။
သို့သော်လည်း အဲ့ဒါက လွယ်ကူသောအရာတစ်ခုမဟုတ်ပေ။
ဓမ္မဝိသေသကျင့်ကြံသူများက မည်သို့သော တည်ရှိမှုများပါလဲ။
သူတို့၏ ခန္ဓာကိုယ်များကို ရရှိနိုင်ဖို့က အရမ်းကို ခက်ခဲလေသည်။ ဒါ့အပြင် ဓမ္မဝိသေသတစ်ယောက်၏ ပျက်စီးယိုယွင်းမှုမရှိသော အကောင်းပကတိခန္ဓာကိုယ်တစ်ခုကိုရရှိဖို့ ပိုလို့တောင်မဖြစ်နိုင်သေးပေ။
အကြီးမားဆုံးဖြစ်နိုင်ချေတစ်ခုမှာ ဓမ္မသိသေသအဆင့် ကျင့်ကြံသူတစ်ယောက်သည် အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ဖြင့် သတ်ဖြတ်ခံရမှသာလျှင် ဖြစ်နိုင်လေသည်။ ထိုသို့ဖြင့် ထိုသူ၏အမြုတေစိတ်ဝိညာဥ်က ဖျက်ဆီးခံရပြီး သူ၏ ခန္ဓာကိုယ်က အကောင်းတိုင်းကျန်ရှိခဲ့ပေလိမ့်မည်။
ဆူဇီမို၏ မေးခွန်းကို ကြားရသောအခါ တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမို၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်ပြီး ပြုံးစစဖြင့် မေးလိုက်လေသည်။
“ငါက မင်းရဲ့ခန္ဓာကိုယ်ကို ပူးကပ်သိမ်းပိုက်လိုက်မှာ မကြောက်ဘူးလား”
ဆူဇီမိုက ခဏမျှကြောင်အသွားပြီးနောက် ခေါင်းခါပြလိုက်၏။
ကန်းလန်ရိုးမမှာတုန်းက တာအိုအရှင်အဆုံးစွန်မီးက သူ့အသက်ကို ကယ်တင်ခဲ့လေသည်။
စောစောကတင် တာအိုအရှင်အဆုံးစွန်မီးက သူ့အသက်ကို ထပ်မံ၍ကယ်တင်ခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီးက သူ့ကို ပူးကပ်သိမ်းပိုက်ဖို့ ကြိုးပမ်းလိမ့်မည်ဟု ဆူဇီမိုက မယုံကြည်ပေ။
တာအိုအရှင်အဆုံးစွန်မီး၏ အမူအရာက ကြောက်မက်ဖွယ်ရာကောင်းလာပြီး သူ၏ အသံက ရုတ်တရက် မကောင်းဆီုးဝါးဆန်လာလေသည်။
“ငါတို့နှစ်ယောက်ကြား ကျင့်ကြံမှုအဆင့်က အရမ်းကွာဟနေတယ်ဆိုပေမယ့် မင်းရဲ့ခန္ဓာကိုယ်နဲ့ မျိုးဆက်သွေးက ပြီးပြည့်စုံလုနီးပါးဘဲ”
“ငါက မင်းကို ပူးကပ်သိမ်းပိုက်လိုက်မယ်ဆိုရင် ငါ့အတွက် အတော်လေးအကျိုးရှိလိမ့်မယ် ၊ ငါက ဆက်လက်ပြီးတော့ ကျင့်ကြံသွားတာနဲ့ ငါ့ရဲ့ နဂိုကျင့်ကြံမှုအဆင့်ကို ပြန်ရတဲ့အပြင် ငါ့ရဲ့တိုက်ခိုက်ရည်ခွန်အားက ပိုလို့တောင် သာလွန်လာနိုင်သေးတယ်”
ဆူဇီမိုက ဟက်ကနဲရယ်မောလိုက်ပြီး ခေါင်းခါလိုက်ဆဲ ဖြစ်လေသည်။
ဆူဇီမိုက လုံးဝခိုင်မာနေသည်ကို တာအိုအရှင် အဆုံးစွန်မီးက မြင်သောအခါ သူက ထိုသူကိုဆက်လက်၍ ခြိမ်းခြောက်မနေတော့ဘဲ ပုံမှန်အမူအရာအတိုင်း ပြန်ပြောင်းလိုက်လေသည်။
“မင်းက ငါ့ကို ယုံကြည်ပေးတဲ့အတွက် ငါဝမ်းသာရပါတယ် ၊ ဒါပေမယ့်လို့ ငါကမင်းကို သတိပေးရဦးမယ်”
“မင်းရဲ့ဒီကျင့်ကြံမှုအဆင့်မှာဆိုရင် မင်းရဲ့ခန္ဓာကိုယ်က အရမ်းကို ကြောက်စရာကောင်းပြီးတော့ ပြိုင်ဘက်ကင်းသလောက်ရှိနေပြီ ၊ ဒီလောကမှာ ဘယ်ကျင့်ကြံသူမဆို အဲ့ဒါကို လောဘမတက်ဘဲ နေမှာမဟုတ်ဘူး... ငါအပါအဝင်ပေါ့”
တာအိုအရှင်အဆုံးစွန်မီးက ထိုစကားကို သူ၏ရင်ထဲအသည်းထဲကနေ ပြောလိုက်ခြင်းဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်၏။
“ကျင့်ကြံရေးလောကက အရမ်းကို ရက်စက်ကြမ်းကြုတ်လွန်းတယ် ၊ အသန်မာဆုံးသူဘဲ ရှင်သန်ရတာ... ငါက မင်းကို ပူးကပ်သိမ်းပိုက်မှာ မဟုတ်ပေမယ့်လို့ တခြားကျင့်ကြံသူတွေက အဲ့လိုမလုပ်ဘူးလို့ မဆိုလိုဘူး”
“ငါက မင်းကို ကယ်တင်ခဲ့တယ်ဆိုပေမယ့် အဲ့ဒါ ငါက အကျိုးလိုလို့ ညောင်ရေလောင်းတာလည်း ဖြစ်နိုင်တာဘဲ... မင်းက နောက်ကျရင် သေချာသတိထားရမယ် အခြားသူတွေကို အလွယ်တကူမယုံကြည့်လိုက်နဲ့”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
တစ်ကယ်တော့ သူက ထိုကဲ့သို့ အလွန်ပြတ်သားခိုင်မာနေခြင်းမှာ တာအိုအရှင်အဆုံးစွန်မီးသည် သူ့ကို ကယ်တင်ခဲ့ဖူးသောကြောင့်သာလျှင်မဟုတ်ပေ။ အဲ့ဒါထက် အာရုံခံသတိစိတ်ကြောင့် ဖြစ်လေသည်။
အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံပြီးနောက် သူသည် ကန်းလန်ရိုးမတွင် မရေမတွက်နိုင်သော သွေးလွှမ်းတိုက်ပွဲများကို ဖြတ်ကျော်၍ ရှင်သန်ခဲ့ရလေသည်။ သူသည် သေခါနီးဆဲဆဲအခြေအနေဖြင့် ငရဲဂိတ်တံခါးရှေ့မှာ ကြိမ်ဖန်များစွာ ဖြတ်လျှောက်ခဲ့ပြီးနောက် အံ့မခန်းထူးခြားသော အသိစိတ်တစ်ခုကို ကျင့်ကြံနိုင်ခဲ့လေသည်။
အဲ့ဒါက ဆူဇီမို၏ အကြီးမားဆုံး မှီခိုအားထားရာတစ်ခုလည်း ဖြစ်လာခဲ့လေသည်။
သူသည် သူ၏ အာရုံခံသတိစိတ်မှတစ်ဆင့် တာအိုအရှင်အဆုံးစွန်မီးထံမှ သတ်ဖြတ်လိုစိတ်ကို လုံးဝမခံစားမိပေ။