မဟာဓါးပညာရပ် ၃ခု
Vol. 59 Ch. 875
နေ့ဘက်တွင် ထွက်လာသောကြယ်များ….
ဤလောကနိမိတ် ဖြစ်စဉ်သည် သားရဲတစ်ထောင် တွေ့ဆုံပွဲ မတိုင်ခင်က တစ်ခါ ပေါ်ထွက်ခဲ့ဘူးလေသည်။ မျောက်ဝံအိုကြီးပင်လျှင် ၎င်း၏ အကြောင်းအရင်းကိုမသိပေ။
တာအိုအရှင် အဆုံးစွန်မီး၏ လက်ရှိအမူအရာအရ သူက အဲ့ဒါကို သိထားသည်မှာ သိသာလေသည်။
ဆူဇီမိုက မနေနိုင်ပဲ မေးမြန်းလိုက်၏။
“စီနီယာ အဲ့ဒီ့ လောကနိမိတ် ဖြစ်စဉ်ရဲ့ အဓိပ္ပါယ်က ဘာလဲ..”
“အရင်ဆုံး လှုပ်ရှားလိုက် ငါက မင်းကို လမ်းမှာ ရှင်းပြပေးသွားမယ်”
တာအိုအရှင် အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဉ်သည် သွေးနီရောင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး မင်းဝမ်ဆုတောင်းပုတီး အတွင်းသို့ ပြန်လည် ဝင်ရောက်သွားခဲ့လေသည်။
တာအိုအရှင် အဆုံးစွန်မီး၏ အသံက အနည်းငယ် တုန်ယင်နေပုံ ရလေသည်။
ဤလောကနိမိတ်ဖြစ်စဉ်က သေချာပေါက် ထူးခြားဆန်းပြားမည် ဖြစ်ကြောင်း သူက သိလိုက်လေသည်။
ဆူဇီမိုသည် သူ၏ ခေါင်းကိုမော့ပြီး မိုးကောင်းကင် အောက်ဘက်ရှိ နေရာသို့ လှမ်းမျှော်ကြည့်လိုက်၏။
အဲ့ဒါက နှစ်၁၀၀၀ သွေးပင်လယ်နှင့် အရမ်းကို နီးကပ်နေလေသည်။ သူ့တို့က အခုအချိန်မှာ အဲ့ဒီကို ပြေးသွားမည် ဆိုလျှင် မျောက်နှင့် တခြားသူများနှင့်ပင်လျှင် တွေ့ဆုံရနိုင်လေသည်။
ဆူဇီမိုက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ပဲ ထိုအရပ်ဘက်သို့ ဖျတ်ကနဲ ပြေးလွှားလိုက်လေသည်။
ခဏကြာပြီးနောက် တာအိုအရှင် အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာ၏။ သူက သူ့ကိုယ်သူ ဣန္ဒြေဆယ်ထားပုံ ရလေသည်။
“ငါထင်တာ မမှားဘူးဆိုရင် အဲ့လိုမျိုး လောကနိမိတ်ဖြစ်စဉ် တစ်ခုက ရှေးဟောင်းဓါးပညာရပ်တစ်ခု မွေးဖွားပေါ်ထွက်လာတော့မယ်လို့ ဆိုလိုတာပဲ”
“ရှေးဟောင်းဓါးပညာရပ်လား..”
ဆူဇီမိုက တီးတိုး ရေရွတ်လိုက်၏။
ဤကဲ့သို့ ကြီးမားသည့် ဆူညံ ပွက်လောရိုက်မှုနှင့် လောကနိမိတ် ဖြစ်စဉ်တစ်ခုကိုပင် ဆောင်ကျဉ်းပေးလာနိုင်သော ဓါးပညာရပ်က ဘယ်လို ရှေးဟောင်းဓါးပညာရပ်မျိုးပါလိမ့်”
တာအိုအရှင် အဆုံးစွန်မီးက လေးနက်သော အသံဖြင့် ပြောလိုက်၏။
“ရှေးဟောင်းခေတ်တုန်းက မဟာ ဓါးပညာရပ် ၃ခု ရှိပြီးတော့ သူတို့က သတ်ဖြတ်ခြင်းစွမ်းအား အသန်မာဆုံးကို ပိုင်ဆိုင်ထားခဲ့ကြတယ်.. အဲ့ဒီကျမ်းတစ်ခု မွေးဖွားပေါ်ထွက်လာတိုင်း လောကနိမိတ် ဖြစ်စဉ်တစ်ခုက လိုက်ပါလာတတ်တယ်”
“ရှေးဟောင်းမဟာဓါးပညာရပ် ၃ခုက ကောင်းကင်သတ်ဖြတ်ခြင်းဓါး၊ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓါးနဲ့ လူသားသတ်ဖြတ်ခြင်း ဓါးပညာရပ်တို့ပဲ”
ဆူဇီမိုက အံ့အားသင့်သွားပြီး အတည်ပြုလိုသော ပုံစံဖြင့် မေးမြန်းလိုက်၏။
“အဲ့ဒီ့ ဓါးပညာရပ် ၃ခုက ကြားရတာတော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေသလိုပဲ”
“မင်းထင်တာ မမှားဘူး”
တာအိုအရှင် အဆုံးစွန်မီးက ရှင်းပြလိုက်၏။
“ဒဏ္ဍာရီ အရဆို အဲ့ဒီ့ ဓါးပညာရပ် ၃ခုက ကမ္ဘာဦးခေတ်တုန်းက ပညာရပ် တစ်ခုတည်းကနေ ဆင်းသက်လာကြတာပဲ.. သူတို့က ကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကမ္ဘာဦးခေတ်မှာ နံပါတ်၁ သတ်ဖြတ်ခြင်း နည်းစနစ် တစ်ခု ဖြစ်ခဲ့တယ်.. အဲ့ဒါက အင်မော်တယ်နဲ့ မိစ္ဆာနတ်ဆိုးတွေကိုတောင် သတ်ဖြတ်နိုင်တယ်”
“အဲ့ဒီ ဓါးပညာရပ်ရဲ့ သတ်ဖြတ်ခြင်းစွမ်းအားက အရမ်းကို ကြီးမားလွန်းလို့ လောကကို ဟန်ချက်ပျက်သွားစေပြီး ကံကြမ္မာရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရတယ် အဲ့ဒါက နောက်ပိုင်းမှာ ၃ပိုင်း ကွဲထွက်သွားပြီးတော့ ရှေးဟောင်းခေတ်မှာတော့ အဲ့ဒါက မဟာဓါးပညာရပ် ၃ခုဆိုပြီး ကျော်ကြားခဲ့တယ်”
ဆူဇီမိုက တုန်လှုပ်သွားခဲ့လေသည်။
ထိုဓါးကျမ်းသည် ၃ပိုင်း ကွဲထွက်သွားသော်လည်း အဲ့ဒါက မဟာရှေးဟောင်း ဓါးပညာရပ် ၃ခုအဖြစ် ကျန်ရှိနေပြီး လောကနိမိတ် ဖြစ်စဉ်များကိုပင် ခေါ်ဆောင်ပေးနိုင်လေသည်။ ထိုဓါးပညာရပ်၏ မူလစွမ်းအားက ဘယ်လောက်တောင် ကြီးမားပြင်းထန် လိုက်မလဲ စဉ်းစားကြည့်ဖို့ ခက်ခဲလေသည်။
“အဲ့ဒါတွေက ကမ္ဘာဦးခေတ်က ပဟေဠိဆန်ဆန် လျို့ဝှက်ချက်တွေပဲ.. ငါက တကယ်ဆို အဲ့ဒါတွေကို သိစရာ အကြောင်းမရှိဘူး”
တာအိုအရှင် အဆုံးစွန်မီးက ဆက်ပြောလိုက်၏။
“ဒါပေမယ့်လို့ လွန်ခဲ့တဲ့ နှစ်၅၀၀၀က အမှတ်တမဲ့နဲ့ ငါက ကမ္ဘာဦး အပျက်အဆီး နယ်မြေတစ်ခုထဲကို ဝင်ရောက်သွားခဲ့တယ်.. အဲ့ဒီ့မှာ အဲ့ဒီကိစ္စနဲ့ ပတ်သတ်တဲ့ မှတ်တမ်းတွေနဲ့ ဒဏ္ဍာရီတွေကို ငါက ဖတ်ရှုခဲ့ရတယ်”
ရုတ်တရတ် ဆူဇီမိုက နားလည်သဘောပေါက်သွားခဲ့၏။
သူသည် ကန်းလန်ရိုးမရှိ အေးစက်ရေကန်မှာ တာအိုအရှင် အဆုံးစွန်မီးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က ထိုသူသည် သူက အပျက်အဆီးနယ်မြေ တစ်ခုသို့ ဝင်ရောက်ပြီး အထဲမှာ ရှိသော သက်ရှိများကြောင့် အဆိပ်သင့်ကာ သေလုနီးပါး ဖြစ်ခဲ့ရပုံကို ဆူဇီမိုအား ပြန်ပြောင်းပြောပြခဲ့ဘူးလေသည်။
အဲ့ဒါဆို အဲ့ဒီ အပျက်အဆီးနယ်မြေက ကမ္ဘာဦး အပျက်အဆီးနယ်မြေပေါ့…
ထိုသို့ဆိုလျှင် တာအိုအရှင် အဆုံးစွန်မီး ယူဆောင်လာခဲ့သော ညဝိညာဉ်သည် ကမ္ဘာဦး အပျက်အဆီးနယ်မြေမှ ဖြစ်သောကြောင့် ညဝိညာဉ်က ကမ္ဘာဦးခေတ်က သက်ရှိ ပုံစံတစ်မျိုး ဖြစ်ဖို့ များလေသည်။
ဆူဇီမိုသည် ဆန်းကြယ်တောင်ထွတ်ရှိ ရှေးဟောင်း ကျမ်းစာအုပ်များ အားလုံးကို မွှေနှောက်ရှာဖွေခဲ့သော်လည်း ညဝိညာဉ်နှင့် ပတ်သတ်သည့် မည်သည့်မှတ်တမ်းကိုမှ ရှာမတွေနိုင်ခဲ့ခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ကမ္ဘာဦးခေတ်က သက်ရှိ အများစုသည် ဆိတ်သုန်းပျောက်ကွယ်သွားပြီဖြစ်ပြီး သူတို့နှင့် ပတ်သတ်သည့် မည်သည့်သဲလွန်စမှ မကျန်ရှိတော့ပေ။
ဆန်းကြယ်တောင်ထွတ်ကို မပြောနှင့် ကျင့်ကြံရေး လောကရှိ များစွာသော ထိပ်သီးဂိုဏ်းကြီးများမှာတောင် သူတို့နှင့် ပတ်သတ်သည့် မှတ်တမ်းမှတ်ရာများက မရှိသလောက်ပင်။
တာအိုအရှင် အဆုံးစွန်မီးသည် ကမ္ဘာဦးအပျက်အဆီးနယ်မြေအကြောင်း ပြန်ပြောချိန်တွင် စိတ်ခံစားချက်များ တစ်ဖန် မြင့်တက်လာပုံ ရလေသည်။
သူက သူ၏ အတိတ်ကာလက အတွေ့အကြုံများကို ပြန်ပြောင်းစဉ်းစားမိချိန်တွင် တုန်လှုပ်ချောက်ချားမှုကို ခံစားနေရဆဲ ဖြစ်ပုံရလေသည်။
ဆူဇီမိုက စကားလမ်းကြောင်းပြောင်းပြီး မေးမြန်းလိုက်၏။
“ကောင်းကင်သတ်ဖြတ်ခြင်း ဓါးပညာရပ်၊ ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓါးပညာရပ်နဲ့ လူသားသတ်ဖြတ်ခြင်း ဓါးပညာရပ် ဆိုတော့ သူတို့ရဲ့ နာမည်အရဆို လူသားသတ်ဖြတ်ခြင်း ဓါးပညာရပ်က အားအနည်းဆုံး ဖြစ်မယ်ထင်တယ်”
“ဒီတစ်ခါတော့ မင်းမှားသွားပြီ”
တာအိုအရှင် အဆုံးစွန်မီးက ခေါင်းခါလိုက်၏။
“မဟာဓါးပညာရပ် ၃ခုထဲမှ လူသားသတ်ဖြတ်ခြင်း ဓါးပညာရပ်က သတ်ဖြတ်စွမ်းအား အသန်မာဆုံးပဲ.. ပြောကြတာတော့ ကောင်းကင်သတ်ဖြတ်ခြင်း ဓါးပညာရပ်ရဲ့ စွမ်းအားက နတ်ဘုရားစွမ်းအားတွေနဲ့ နှိုင်းယှဉ်လို့ ရလောက်တယ်”
ဆူဇီမိုသည် ရင်တစ်ချက် ထိတ်သွားခဲ့၏။
တာအိုအရှင် အဆုံးစွန်မီး ပြောသော နတ်ဘုရား စွမ်းအားများမှာ အဆင့်မြင့် မိစ္ဆာသားရဲ အဖြစ်သို့ တက်လှမ်းလာပြီနောက် မိစ္ဆာသားရဲများ နားလည် ဆင်ခြင်နိုင်သော ပင်ကိုနတ်ဘုရား စွမ်းအားများကို ခေါ်ဆိုခြင်း ဟုတ်ပုံမရပေ။
အဲ့ဒါက လူသား ကျင့်ကြံသူများ မဟာယာနအဆင့်သို့ တက်လှမ်းပြီး မျိုးနွယ်စုခေါင်းဆောင်များ ဖြစ်လာသည့်အခါ နားလည်ဆင်ခြင်နိုင်သော နတ်ဘုရားစွမ်းအားများကို ဆိုလိုပုံ ရလေသည်။
ကောင်းကင်သတ်ဖြတ်ခြင်း ဓါးပညာရပ်က မဟာယာနအဆင့်၏ စွမ်းအားများကိုပင် ပိုင်ဆိုင်ထားလေသည်။
တာအိုအရှင် အဆုံးစွန်မီးက တိုးတိတ်စွာ ပြောလိုက်၏။
“ကမ္ဘာဦးခေတ်မှာတုန်းက အဲ့ဒီ့ ဓါးပညာရပ် ၃ခုကို စာကြောင်း ၃ကြောင်းနဲ့ ဖော်ပြထားတယ်.. ကောင်းကင်ရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ထွက်ပေါ်လာတဲ့အခါ ကြယ်တွေက နဂိုနေရာကနေ ရွေ့ရှားကုန်မယ်.. ကမ္ဘာမြေရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ထွက်ပေါ်လာတဲ့အခါ နဂါးနဲ့ မြွေတို့က ပျံတက်လာကြလိမ့်မယ်.. လူသားရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ထွက်ပေါ်လာတဲ့အခါ ကောင်းကင်နဲ့ မြေကြီးက ပြိုကျလာလိမ့်မယ်”
ဆူဇီမိုသည် ကောင်းကင်ထက်တွင် ဝရုန်းသုန်းကား ဖြစ်နေသော ကြယ်များကို ကြည့်ပြီး ရုတ်တရတ် သဘောပေါက်သွားကာ ပြောလိုက်လေသည်။
“ဒါဆို ဒီတစ်ခေါက် မွေးဖွားပေါ်ထွက်လာတာက ကောင်းကင်သတ်ဖြတ်ခြင်း ဓါးကျမ်းပေါ့”
“အမှန်ပဲ”
တာအိုအရှင် အဆုံးစွန်မီးက ပြန်ပြောလိုက်၏။
“မင်းက အဲ့ဒီ့ဓါးကျမ်းကို သေချာပေါက် ရအောင်ယူရမယ်.. မင်းက အဲ့ဒါကို နားလည်ဆင်ခြင်နိုင်မယ်ဆိုရင် မင်းရဲ့ တိုက်ခိုက်ရည် ခွန်အားက သေချာပေါက် တဟုန်ထိုး မြင့်တက်လာလိမ့်မယ်”
ဆူဇီမိုက မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။
“ဒါပေမယ့်လို့ အဲ့ဒီမှာ ရှိတဲ့ လူစုလူဝေးက အရမ်းကို ကြီးမားတယ်.. အရှင်သခင်တွေက သားရဲတစ်ထောင် တွေ့ဆုံပွဲကို အဲ့ဒီ့နားမှာ ကျင်းပနေတယ်.. ကျုပ်က အဲ့ဒါကို ရအောင်ယူဖို့ဆိုတာ အရမ်းကို နောက်ကျသွားလောက်ပြီ”
“နောက်ပြီး ကျုပ်က အရှင်သခင်တွေနဲ့ မိစ္ဆာသားရဲများစွာရဲ့ စောင့်ကြည့်မှု အောက်ကနေ ကောင်းကင်သတ်ဖြတ်ခြင်း ဓါးကျမ်းကို ခိုးယူချင်တယ်ဆိုရင် အဲ့ဒါက အင်မတန်ကိုမှ ခက်ခဲတဲ့ ကိစ္စဖြစ်လိမ့်မယ်”
ဆူဇီမိုက သူ၏ လက်ရှိခွန်အားကို ကောင်းကောင်းသိထားလေသည်။ သူက အရှင်သခင်များနှင့် များစွာသော မိစ္ဆာသားရဲများကို ဆန့်ကျင်တိုက်ခိုက်၍ ကောင်းကင်သတ်ဖြတ်ခြင်း ဓါးကျမ်းကို အရယူဖို့ဆိုတာ လုံးဝကို စိတ်ကူးယဉ် ဆန်လွန်းလေသည်။
ယခုအချိန်တွင် တာအိုအရှင် အဆုံးစွန်မီးက သူ့ကို ကူညီပေးနိုင်သည်မှာ အမှန်ပင် ဖြစ်လေသည်။
သို့သော်လည်း တာအိုအရှင် အဆုံးစွန်မီးသည် သူ၏ ကိုယ်ကာယကို ဆုံးရှုံးထားပြီး သူ၏ တိုက်ခိုက်ရည် ခွန်အားက အကန့်အသတ် ရှိလေသည်။ သူ၏ အမြုတေစိတ်ဝိညာဉ် သက်သက်ဖြင့် အရှင်သခင်များကို ရင်ဆိုင် တိုက်ခိုက်နိုင်ဖို့က မဖြစ်နိုင်ပေ။
“ပူစရာမလိုဘူး…”
တာအိုအရှင် အဆုံးစွန်မီးက ပြောလိုက်၏။
“သားရဲတစ်ထောင် တောင်ကြားက မိစ္ဆာသားရဲတွေက နေ့ဘက်မှာ ထွက်ပေါ်လာတဲ့ ကြယ်တွေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို မသိနိုင်ဘူး ဆိုတာ မမေ့လိုက်နဲ့ အဲ့ဒါက မင်းရဲ့ တစ်ကယ့် အခွင့်အရေးပဲ။
ဆူဇီမိုက ရင်တစ်ချက် ထိတ်သွားပြီး သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။
အချိန်ခဏအတွင်းမှာ သူသည် မိုးကောင်းကင်အောက်ဘက်ရှိ ထိုအရပ်သို့ ပြေးလွှားသွားခဲ့လေသည်။ သိပ်မကြာမီ သိပ်သည်းပြင်းထန်သော သွေးရနံ့တစ်ခုက ဟောင်ထွက်လာလေသည်။
အဲ့ဒီမှာ များစွာသော သက်ရှိများက ကျဆုံးကုန်ကြလေပြီ။
ခဏကြာ လှုပ်ရှားသွားလာပြီးနောက် ရှေ့ခပ်လှမ်းလှမ်း ကောင်းကင်ထက်တွင် ရာနှင့်ချီသော မိစ္ဆာသားရဲများက သူတို့၏ ကြီးမားသော ခန္ဓာကိုယ်များဖြင့် လေထဲမှာ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ် နေကြလေသည်။
“ဂါး……”
“ဝေါင်း…….”
မိစ္ဆာသားရဲများ၏ ဟိန်းဟောက်သံက ဆူညံပွက်လောရိုက်နေလေသည်။
လေထဲရှိ တိုက်ပွဲနယ်မြေမှာ ရှိသော လေထုကပင်လျှင် စတင်၍ တွန့်လိမ်လာခဲ့လေသည်။
အဲ့ဒါက အဆင့်မြင့် မိစ္ဆာသားရဲများအကြား ကြီးမားသည့် တိုက်ပွဲတစ်ပွဲ ဖြစ်လေသည်။
သူတို့ထဲတွင် ပုံရိပ် ၆ခုက အထူးအလည် ထင်ရှားပေါ်လွင်နေလေသည်။ သူတို့၏ အော်ရာများက စွမ်းအားကြီးပြီး ကောင်းကင်ထိတိုင် ထိုးတက်နေ၏။ သူတို့ပြုလုပ်လိုက်သော လှုပ်ရှားမှု တစ်ခုချင်းစီက လေဟာနယ်ကို တုန်ခါသွားစေလေသည်။
အဲ့ဒီ့မှာ ပေတစ်ရာအထိ ငွားငွားစွင့်စွင့် မြင့်မားသော မျောက်ဝံအိုကြီးတစ်ကောင် ရှိလေသည်။ သူ၏ သားမွေးများက မီးခိုးဖြူရောင် သန်းနေပြီး သူက ဘဝနေဝင်ခါနီးအရွယ် အိုစာနေသည့်ပုံ ပေါက်လေသည်။ သို့သော်လည်း သူ၏ အကြည့်က တောက်လောင်ပြင်းပြနေပြီး သူ၏ လက်ထဲရှိ ပြိုးပြိုးပြက်ပြက် လင်းလက်နေသော ရွှေရောင်တောင်မွေးနှင့်အတူ လူတိုင်းကို စီးပိုးခြယ်လှယ်ထားနိုင်လေသည်။
သူ၏ ဘေးတွင် ရွှေရောင်မီးတောက်များဖြင့် လွှမ်းခြုံနေသော နွားရိုင်းတစ်ကောင် ရှိလေသည်။ သူက မဟူရာ အသွား၃ချောင်းပါ လှံပုဆိန်ကို ဆုပ်ကိုင်ထားပြီး ရပ်တန့်၍ မရနိုင်သော ပုံစံဖြင့် သားရဲများအကြား တိုးဝှေ့ လှုပ်ရှားနေလေသည်။
အရှင်သခင် ၂ပါးက အတူအကွ တိုက်ခိုက်နေပြီး သူတို့၏ တိုက်ခိုက်ရည် ခွန်အားက အရမ်းကို ကြီးမားလွန်းလေသည်။ သူတို့က ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်း၊ ဇဝေဇဝါမြူခိုးရွံ့ညွန်နှင့် ဟင်္သပဒါးတိမ်လွှာတောင်ကြား၏ အရှင်သခင်များကို ဖိနှိမ်ထားနိုင်သည်မှာ သိသာလေသည်။
ဆူဇီမို၏ အကြည့်က အောက်သို့ ရွေ့လျားသွားပြီး သက်ပြင်းချလိုက်လေသည်။
အရှင်သခင်များ၏ အောက်ဘက်တွင် မြေပြင်က အက်ကွဲ၍ ပပ်ကြားအက်ကြီးများက ကြောက်မက်ဖွယ်ရာ ပုံစံဖြင့် ပေါ်ထွက်လာကာ မကောင်းဆိုးရွားဆန်ဆန် မဟူရာလေများကို ပေါ်ထွက်လာစေလေသည်။
မြေပြင်က ဖြည်းဖြည်းချင်း အပေါ်သို့ မို့မောက်တက်လာလေသည်။
အဲ့ဒါသည် အလွန်ကြီးမား၍ ဘာမှန်းမသိရသော ပစ္စည်းတစ်ခုက မြေအောက်ကနေ အပေါ်သို့ တိုးထွက်ဖို့ ကြိုးစားနေသည့် အလားပင်။
ချပ်……ချပ်…….ချပ်…….
အချိန်ကြာလာသည်နှင့်အမျှ မြေပြင်ပေါ်ရှိ အမို့အမောက်က ကြီးမားလာပြီး ပပ်ကြားအက်များကလည်း ပို၍ များပြားလာလေသည်။
များပြားလှစွာသော မိစ္ဆာသားရဲများသည် အပြင်ဘက် ဘေးပတ်လည်မှာ မတ်တတ်ရပ်နေကြပြီး ရှေ့သို့ ဆက်မတိုးရဲကြပေ။
အချိန်ကာလတစ်ခုက ကုန်ဆုံးသွားခဲ့လေသည်။
ရုတ်တရတ် ဆိုသလို လောကက တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ရလေသည်။
နောက်ခဏ၌ မြေပြင်က ပေါက်ကွဲထွက်သွားပြီး ရွှံ့ခဲများက ကပြောင်းကပြန် လန်ကုန်၏။ မီးတောင်တစ်ခု ပေါက်ကွဲသကဲ့သို့ တောက်ပထည်ဝါသော ရောင်ခြည်အလင်းတန်းများက စွမ်းအားကြီးသော ပုံစံဖြင့် ပစ်လွင့်ထွက်ပေါ်လာလေသည်။
ချက်ချင်းဆိုသလို နတ်ဘုရားအလင်းများသည် လောကတစ်ခွင် ပြည့်နှက်သွားပြီး ဖြန့်ကြက် ထွက်ပေါ်လာခဲ့လေသည်။