သားရဲတစ်ထောင်အုတ်ဂူ
Vol. 59 Ch. 876
ဝှစ်ဝှစ်ဝှစ်!
နတ်ဘုရားဆန်ဆန်အလင်းတန်းများက လေထဲကနေ ပစ်လွင့်လာပြီး နေရာတိုင်းမှာ ပြိုးပြိုးပြက်ပြက် အလင်းများဖြင့် တောက်ပသွားလေသည်။
ဆူဇီမိုသည် ခပ်လှမ်းလှမ်းမှာ ရပ်နေသော်လည်း သူ၏ အမြင်အာရုံက အလွန်တရာအားကောင်းလေသည်။ သူက သေချာအာရုံစိုက်ကြည့်လိုက်ပြီးနောက် နေရာမှာပင် အေးစက်တောင့်တင်းသွားလေသည်။
ထိုပြိုးပြိုးပြက်ပြက်အလင်းတန်းများသည် များစွာသော ဓမ္မလက်နက်များဖြစ်လေသည်။ အဲ့ဒီမှာ ဆူးချွန်ရှည်များ ၊ အရိုးဆေဘာများ ၊ ဓားပျံများ ၊ ကြေးမီးဖိုများနှင့် များစွာသော ပစ္စည်းမျိုးစုံပါရှိလေသည်။
“ဗျစ်...”
မိစ္ဆာသားရဲတစ်ယောက်သည် ကြိုတင်ပြင်ဆင်ထားခြင်းမရှိဘဲ အလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရ၏။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်တွင် အပေါက်တစ်ပေါက်က ဖြစ်ပေါ်လာပြီး သွေးများကပန်းထွက်ကာ စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။
နောက်ထပ်မိစ္ဆာသားရဲတစ်ယောက်က သူ၏ ဓမ္မအတတ်ကို လှည့်ပတ်ပြီး သားရဲချီများကို ရုန်းကြွစေကာ အလင်းတန်းကို ဖိနှိမ်လိုက်၏။ သူက အာရုံစိုက်ကြည့်လိုက်သောအခါ သူ့မျက်လုံးက ဝင်းလက်သွားခဲ့လေသည်။
ထိုအလင်းတန်းက ဓားပျံတစ်လက်ဖြစ်လေသည်။
အဲ့ဒါက တာအိုသက်ရှိ ဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
ဒါ့အပြင် အဲ့ဒီမှာ ဓမ္မအင်းကွက် ၅ ကွက်ပါရှိလေသည်။ အဲ့ဒါက ပကတိအဆင့် တာအိုသက်ရှိဓမ္မလက်နက်တစ်ခု ဖြစ်လေသည်။
သားရဲလောကမှာ မပြောနှင့် ကျင့်ကြံရေးလောကမှာပင်လျင် ဤကဲ့သို့သော အရည်အသွေးနှင့် ဓမ္မလက်နက်တစ်ခုက ရရှိနိုင်ဖို့ အလွန်တရာ ခဲယဥ်းလေသည်။
“ဟားဟားဟားဟား...”
ထိုသားရဲက ဓားပျံကို ဆုပ်ကိုင်ပြီး ရူးသွပ်စွာဖြင့် ဟားတိုက်ရယ်မောလိုက်၏။
ဖောက်!
သူ၏ ရယ်သံက ယတိပြတ် ရပ်တန့်သွားခဲ့လေသည်။ ထိုမိစ္ဆာသားရဲ၏ ဦးခေါင်းသည် အဆိပ်အပ်တစ်ချောင်း၏ ထိုးဖောက်ခြင်းခံလိုက်ရပြီး သူ၏ မျက်နှာက တစ်မုဟုတ်ချင်း အစိမ်းရောင်သန်းလာခဲ့၏။ သူ၏ အမြုတေစိတ်ဝိညာဥ်က အဆိပ်ဖြင့် စွန်းထင်းသွားပြီး သူ့ခန္ဓာကိုယ်ကနေ မထွက်ခွာနိုင်ခင်မှာပင် နေရာမှာတင် သေဆုံးသွားခဲ့လေသည်။
မြွေတစ်ထောင်ကျွန်းမှ အမျိုးသမီးက ပကတိအဆင့် တာအိုသက်ရှိဓမ္မလက်နက်ကို ကောက်ယူပြီး လျင်မြန်စွာ ပျံသန်းသွားခဲ့လေသည်။
အခြားသော မိစ္ဆာသားရဲများသည် ထိုသည်ကိုမြင်သောအခါ လေထဲသို့ ခုန်တက်လိုက်ပြီး နည်းလမ်းပေါင်းစုံကို အသုံးချကာ လေထဲကနေ ပျံသန်းလာသော အလင်းတန်းများကို ဖမ်းဆုပ်လိုက်ကြ၏။
“အဲ့ဒီပကတိဓမ္မလက်နက်က ငါ့ဟာပဲ”
“အား အဲ့ဒါက ထိပ်တန်းအဆင့် ဓမ္မလက်နက်တစ်ခုပဲ”
“မင်းကတော့ သေချင်နေတာပဲ... မင်းက ငါ့ရဲ့ ဓမ္မလက်နက်ကို ဘယ်လိုတောင် လာလုရဲတာလဲ”
သားရဲများကြား အံ့အားတသင့်အော်ဟစ်သံများက ထွက်ပေါ်လာပြီး သတ်ဖြတ်မှုများက နေရာတိုင်မှာ ဖြစ်ပေါ်လာလေသည်။
မိစ္ဆာသားရဲအချို့သည် ဓမ္မလက်နက်တစ်ခုကို ရရှိချိန်မှာ အခြားသော မိစ္ဆာသားရဲများ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံရလေသည်။
“ဇီ.....”
အလင်းတန်းတစ်ခုသည် ဆူဇီမိုရှိရာဘက်သို လေထဲကနေ ပျံသန်းလာပြီး ချက်ချင်းဆိုသလို ရောက်ရှိလာလေသည်။
“ဟမ်”
ဆူဇီမို၏ အမူအရာကပြောင်းလဲသွားပြီး ထိုအလင်းတန်းကို ဖမ်းဆွဲလိုက်၏။
အဲ့ဒါက ဓမ္မလက်နက်တစ်ခုမဟုတ်ပေ။ အဲ့ဒါက မနှိုင်းယှဥ်သာသော အပူဓာတ်အော်ရာတစ်ခုကို ထုတ်ပေးနေသည့် သွေးနီရောင်ကျောက်တုံးတစ်တုံး ဖြစ်လေသည်။ အဲ့ဒါကို ထိမိချိန်တွင် ပူနွေးနေလေသည်။
ဒါ့အပြင် ဆူဇီမိုက အဲ့ဒါကို သူ၏ညာဘက်လက်နှင့် ဆုပ်ကိုင်ထားချိန်တွင် အထဲမှာရှိသော နတ်ဖီးနစ်အရိုးက တုံ့ပြန်မှုအနည်းငယ် ပြသလာခဲ့၏။
“အဲဒါက ဘာပါလိမ့်”
သူက လှန်လှော၍ စစ်ဆေးလိုက်သော်လည်း ထူးခြားတာ မည်သည့်အရာကိုမှ မတွေ့ရပေ။
“နေပါဦး!”
တာအိုအရှင်အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာ၏။
“အဲ့ဒါက ဖီးနစ်သွေးသတ္တုရိုင်းပဲ ၊ အဲ့ဒါက ကျင့်ကြံရေးလောကမှာ အဆုံးစွန်ယန်နဲ့ မီးဒြပ်စင်ပါရှိတဲ့ ရှားရှားပါးပါး ပစ္စည်းတစ်ခုပဲ ၊ အဲ့ဒါကို မြန်မြန်သိမ်းလိုက် “
တာအိုအရှင်အဆုံးစွန်မီးသည် သူ၏တာအိုနှင့် ဓမ္မစွမ်းအားများနှင့်ကိုက်ညီသော အရိုးစုတစ်ခုကို တည်ဆောက်ချင်သည်ဆိုလျှင် သူက အဆုံးစွန်ယန်နှင့် မီးဒြပ်စင်ပါရှိသော ရှားပါးပစ္စည်း ၉ မျိုးကို လိုအပ်လေသည်။
ဖီးနစ်သွေးသတ္တုရိုင်းက ထိုထဲမှတစ်ခုဖြစ်လေသည်။
ဒဏ္ဍာရီအရဆို ဖီးနစ်သွေးသတ္တုရိုင်းသည် ဖီးနစ်တစ်ကောင်၏ သွေးထဲမှာ စိမ်ထားသော ကျောက်တုံးတစ်တုံးဖြစ်လေသည်။ နှစ်ပေါင်းထောင်ပေါင်းများစွာ ကြာမြင့်ပြီးမှာသာလျှင် နောက်ဆုံးအဲ့ဒါက ဖြစ်ပေါ်လာလိမ့်မည်။
ထိုပစ္စည်းက ဘယ်လောက်တောင်ရှားပါးမလဲ မြင်ယောင်ကြည့်နိုင်လေသည်။
ကျင့်ကြံရေးလောကရှိ ဈေးကွက်ထဲမှာတောင် ထိုကဲ့သို့သော ရှားပါးပစ္စည်းမျိုးကို ငွေပုံပေး၍ ဝယ်လို့ရချင်မှ ရနိုင်ကောင်းပေမည်။
သားရဲတစ်ထောင်တောင်ကြားမှာ ဤကဲ့သို့ပစ္စည်းကို ရရှိလိမ့်မည်ဟု ဆူဇီမိုက မျှော်လင့်မထားပေ။
ယခင်က ရှေးဟောင်းတိုက်ပွဲမြေရှိ ကြယ်တာရာနဂါးခံတွင်းမှာတုန်းက သူသည် နဂါးကြောတစ်စိတ်တစ်ပိုင်းကို စုပ်ယူခဲ့ဖူးလေသည်။ မသိလိုက်မသိဘာသာနှင့်ပင် သူစုဆောင်းထားခဲ့သော ကံကြမ္မာအခွင့်အလမ်းက အကျိုးသက်ရောက်မှုတချို့ ရှိလာပုံရလေသည်။
“အဲ့ဒီရတနာကို ထုတ်ပေးစမ်း...”
ထိုစဥ်မှာပင် ဝတ်ရုံစတစ်ဖျပ်ဖျပ်အသံက လေထဲကနေ ထွက်ပေါ်လာ၏။ မိစ္ဆာသားရဲ ၇ ယောက်သည် ပြေးဝင်လာကြလေသည်။ သူတို့သည် ဖီးနစ်သွေးသတ္တုရိုင်းကနေ ထုတ်ပေးသော အလင်းတန်းနောက်သို့ လိုက်ပါလာကြခြင်းဖြစ်လေသည်။
ဆူဇီမိုက တစ်ချက်လှမ်းကြည့်ပြီးနောက် သူတို့ ၇ ယောက်က အလယ်အလတ်အဆင့် မိစ္ဆာသားရဲများဖြစ်သည်ကို မြင်သောအခါ သူက လှောင်ရယ်လိုက်၏။
သူ၏လက်ဝါးကို လှုပ်ရှား၍ ဖီးနစ်သွေးသတ္တုရိုင်းကို ချက်ချင်းပင် သိမ်းဆည်းလိုက်လေသည်။
“မင်းကတော့ သေချင်နေပြီပဲ ၊ မင်း ဝှက်လိုက်တာ အဲ့ဒါ ဘာရတနာလဲ”
မိစ္ဆာသားရဲတစ်ယောက်က သတ်ဖြတ်လိုစိတ်နှင့်အတူ ချည်းကပ်လာပြီး ဆူဇီမိုကို လက်ညိုးထိုး၍ အော်ငေါက်လိုက်၏။
အခြားသောမိစ္ဆာသားရဲများကလည်း ရန်လိုနေသော အမူအရာများဖြင့် ဆူဇီမိုကို ဝိုင်းပတ်လိုက်ကြလေသည်။
“အား”
သိပ်မကြာမီ သူတို့ထဲမှတစ်ယောက်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။
သူက ဆူဇီမိုကို မယုံကြည်နိုင်စွာ လက်ညိုးထိုးပြီး တုန်ရီနေသော အသံဖြင့် မေးလိုက်လေသည်။
“မင်း...မင်းက မို မလား... မင်းက မသေသေးဘူးလား”
ဆူဇီမိုသည် ယခင်က သွေးစတေးထွက်ပြေးခြင်းနှင့်အတူ ပြေးထွက်သွားပြီး ဈာန်ပျံဆိတ်တောင်ထွတ်၏ အရှင်သခင်က သူ့နောက်ကနေ လိုက်ပါသွားသည်ကို သားရဲများအားလုံးက မြင်တွေ့ခဲ့ကြလေသည်။
သူတို့အားလုံးအတွက်တော့ အရှင်သခင်တစ်ပါး၏ ပစ်မှတ်ထားခြင်း ခံရသည့်အတွက် ဆူဇီမိုက သေချာပေါက်သေရပေလိမ့်မည်။
သို့ပါသော်လည်း ဆူဇီမိုက ဤနေရာသို့ အသက်ရှင်လျက် ပြန်လာခဲ့သည်ဆိုတော့...
မို ဆိုသော အသံကိုကြားချိန်တွင် ကျန်ရှိနေသော မိစ္ဆားသားရဲများကလည်း အလန့်တကြားထခုန်၍ နောက်သို့အလောတကြီး ခုန်ဆုတ်လိုက်ကြ၏။
ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲတစ်ယောက်ကသာလျှင် ရှေ့ကနေ မလှုပ်မယှက်ရပ်ကျန်နေခဲ့၏။ သူက အခြားသော မိစ္ဆာသားရဲများကို လှောင်ပြောင်သရော်လိုသော အမူအရာဖြင့် ကြည့်ပြီး ကျယ်လောင်စွာပြောလိုက်လေသည်။
“မင်းတို့တွေက အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်ကို ဘာလို့အဲ့လောက်ကြောက်နေကြတာလဲ... ဘယ်လောက်တောင် ရှက်ဖို့ကောင်းလိုက်သလဲ”
“အကိုယန် ခင်ဗျားက နောက်မှရောက်လာလို့ အဲ့ဒီသားရဲက ဘယ်လောက်အစွမ်းထက်သလဲဆိုတာ...”
မိစ္ဆာသားရဲတစ်ယောက်က အလောတကြီးရှင်းပြဖို့ ကြိုးစားလိုက်၏။
မမျှော်လင့်စွာပင် ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက ခနဲ့တဲ့တဲ့ရယ်မော၍ ဖြတ်ပြောလိုက်၏။
“အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က ဘယ်လောက်စွမ်းနိုင်မှာမို့လဲ ၊ သူက အဲ့ဒီရတနာကို ထုတ်မပေးဘူးဆိုရင် ငါက သူ့ကို…”
“သူ့ကို မင်းကဘာလုပ်မှာလဲ”
တည်ငြိမ်အေးစက်သော အသံတစ်သံက ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲ၏ နားထဲသို့ ဝင်ရောက်လာခဲ့၏။
ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက ပင့်သက်ရှိုက်လိုက်၏။
မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုက သူ့ရှေ့မှာပေါ်လာခဲ့လေပြီ။
အဲ့ဒါက အရမ်းမြန်လွန်း၏။
တွေဝေခြင်းမရှိဘဲ ဈာန်ပျံဆိတ်တောင်ထွတ်၏ မိစ္ဆာသားရဲက အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်ချင်မိလေသည်။ ကံမကောင်းစွာနှင့်ပင် ဆူဇီမိုက ဖြတ်၍ အော်လိုက်လေသည်။
“ထွက်သွားစမ်း!”
သူ့အသံက မိုးချုန်းသံကဲ့သို့ ထွက်ပေါ်လာ၏။
ဈာန်ပျံဆိတ်တောင်ထွတ်မှ မိစ္ဆာသားရဲသည် တဆတ်ဆတ်တုန်ရင်သွားပြီး အေးစက်တောင့်တင်းသွားကာ သူ၏အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်ကို ပြီးမြောက်အောင် မထုတ်ဖော်နိုင်တော့ပေ။
ခဏမျှရပ်တန့်သွားသည့် ထိုအချိန်တွင် ဆူဇီမိုက ရှေ့သို့ခုန်ဝင်၍ ထိုသူ၏ ဦးခေါင်းကို ရိုက်ချလိုက်၏။
ဖောင်း!
ထိုမိစ္ဆာသားရဲ၏ ဦးခေါင်းက အက်ကွဲသွားပြီး အတွင်းမှာရှိသော အမြုတေစိတ်ဝိညာဥ်သည် ချက်ချင်းပင် အပိုင်းပိုင်း ဆုတ်ပြဲသွားလေသည်။
ဆူဇီမိုက ရပ်တန့်သွားခြင်းမရှိဘဲ ရှေ့သို့ဆက်လက်လှမ်းဝင်လိုက်၏။
အခြားသော မိစ္ဆာသားရဲများက သူတို့၏ ငူငိုင်နေရာကနေ နိုးထလာပြီး သူတို့အားလုံးက ကျောပေး၍ ထွက်ပြေးကုန်ကြလေသည်။
“ဒီလောက်များတဲ့ ဓမ္မလက်နက်တွေက ဘာလို့ရုတ်တရက် ပေါ်လာရတာပါလိမ့် ၊ အဲ့ဒီမြေအောက်ထဲမှာ ဘာကိုများ မြှုပ်နှံထားတာပါလိမ့်”
ဆူဇီမိုက တိတ်တဆိတ်ရေရွတ်လိုက်၏။
ဤတစ်ကြိမ်တွင်တော့ တာအိုအရှင်အဆုံးစွန်မီးပင်လျှင် ဖြစ်ပျက်နေသောအရာအပေါ် ဦးနှောက်ခြောက်မတက် စဥ်းစားနေသည့်အလား ပြန်မဖြေနိုင်ပေ။
ထိုစဥ်မှာပင် နောက်ထပ်ပေါက်ကွဲသံတစ်သံက မြေပြင်ကနေ ထွက်ပေါ်လာခဲ့သည်။
မြေပြင်က လှုပ်ခါသွားပြီး တောင်တန်းများက တုန်ဟည်းလာလေသည်။
မို့မောက်တက်လာသော မြေပြင်က တအုံးအုံးထနေသော နက်မှောင်နေသည့် အော်ရာတစ်ခုနှင့်အတူ လုံးဝပေါက်ကွဲထွက်သွားပြီဖြစ်ပြီး အောက်ဘက်ရှိ မြှုပ်နှံထားသော ကြီးမားသည့်မြေပြင်နေရာက ထွက်ပေါ်လာ၏။
အထဲတွင် အချိန်အတော်ကြာကတည်းက မရေမတွက်နိုင်သော အလောင်းများကို စုပြုံထပ်ထားပုံရလေသည်။ အလောင်းများပေါ်ရှိ အသားများကပင် ဆွေးမြည့်သွားခဲ့ပြီ ဖြစ်လေသည်။
သူတို့၏ သိုလှောင်အိတ်များကပင်လျှင် ပျက်စီးသွားခဲ့လေပြီ။
များစွာသော ဓမ္မလက်နက်များက အလောင်းများကြားမှာ ပြန့်ကျဲနေလေသည်။
သူတို့အများစုက အလင်းရောင်မရှိဘဲ မှေးမှိန်နေပြီး အချို့ကသာလျှင် ခပ်ဖျော့ဖျော့ လင်းနေလေသည်။
အဲ့ဒါက အရမ်းကိုကြီးမားသည့် မြေအောက်အုတ်ဂူကြီးတစ်လုံးဖြစ်လေသည်။
အုတ်ဂူထဲရှိ များပြားလှစွာသော အရိုးစုများကိုကြည့်ခြင်းဖြင့် သူတို့အားလုံးနီးပါးသည် သေဆုံးထားသော သားရဲအလောင်းများဖြစ်သည်ကို ကောက်ချက်ချနိုင်လေသည်။
ကြီးမားသည့်အုတ်ဂူကြီးထဲတွင် ဤမျှများပြားလှသော သားရဲများစွာကို မြှုပ်နှံထားရခြင်းမှာ အတိတ်ကာလ၌ ဤနေရာတွင် ကြီးကြီးမားမားကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့တာ ဖြစ်ရပေမည်။ ပတ်ဝန်းကျင်ရှိ မြေပြင်က နီစွေးသွားပြီး ကြောက်မက်ဖွယ်ရာ ကောင်းလာခဲ့၏။
လေထဲတွင် အစကတိုက်ခိုက်နေကြသော အဆင့်မြင့်မိစ္ဆာသားရဲများနှင့် အရှင်သခင်များပင်လျှင် ရပ်တန့်သွားကြလေသည်။
သူတို့သည် တည်တံ့သော အမူအရာဖြင့် အုတ်ဂူကြီးကို ငုံ့ကြည့်လိုက်ကြ၏။ သူတို့၏ အကြည့်များက တွေဝေချောက်ချားမှုဖြင့် တဖျပ်ဖျပ်ဖြစ်သွားလေသည်။
ရုတ်တရက် မျောက်ဝံအိုကြီးက လက်ကိုဆန့်ထုတ်ပြီး အုတ်ဂူ၏ ထောင့်စွန်းတွင်ရှိသော သွေးနီရောင် ကျောက်တုံးတစ်တုံးကို ဖမ်းဆွဲလိုက်၏။ အဲ့ဒါက မသတီစရာနီရဲနေပြီး သွေးနံ့ဖြင့် ဟောင်ထွက်နေလေသည်။
“အဲ့ဒါက သားရဲတစ်ထောင်သွေးသလင်းကျောက်ပဲ”
တာအိုအရှင်အဆုံးစွန်မီး၏အသံက ထွက်ပေါ်လာပြီး အဲ့ဒီမှာ တုန်လှုပ်မှုအရိပ်အယောင်က ရောစွက်နေလေသည်။
“သားရဲတစ်ထောင်သွေးသလင်းကျောက်ကို ဖြစ်ပေါ်လာစေဖို့အတွက် ဒီအုတ်ဂူထဲမှာ အနည်းဆုံးသားရဲထောင်ပေါင်းများစွာကို မြှုပ်နှံထားတာ ဖြစ်ရမယ် ၊ အဲ့သလောက်များပြားတဲ့ သွေးပမာဏကပဲ သားရဲတစ်ထောင်သွေးသလင်းကျောက်ကို ဖန်တီးနိုင်လိမ့်မယ်”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားခဲ့၏။
အတိတ်ကာလက ဤနေရာတွင် သားရဲထောင်ပေါင်းများစွာကို မြှုပ်နှံထားခဲ့ပြီး နက်မှောင်နေသော အော်ရာက ရုပ်ဒြပ်အဖြစ် ဖွဲ့လုနီးပါးဖြစ်လာခဲ့လေပြီ။
ကောင်းကင်ထက်ရှိ ကြယ်များက ပို၍ပင် ဝရုန်းသုန်းကား ဖြစ်လာခဲ့လေသည်။
မရေမတွက်နိုင်သော ကြယ်များက အလင်းနှင့်အမှောင်ကြားမှာ တဖျပ်ဖျပ်ဖြစ်လာပြီး အောက်သို့ကြွေဆင်းကျတော့မည့် အလားပင်။
ခက်ထန်ကြမ်းကြုတ်သော အော်ရာတစ်ခုက သားရဲအုတ်ဂူကနေ အပြင်ဘက်သို့ ဖြန့်ကြက်ထွက်ပေါ်လာခဲ့လေသည်။