ဓားပညာရပ်တစ်ခု မွေးဖွားလာခြင်း
Vol. 59 Ch. 877
မြေပြင်က ကွဲထွက်သွားပြီး သားရဲတစ်ထောင်အုတ်ဂူက ထွက်ပေါ်လာခဲ့၏။ အထဲတွင် မရေမတွက်နိုင်သော အရိုးစုများအပြင်.. အဲဒီမှာ များစွာသော ရတနာများလည်း ရှိနေလေသည်။
မိစ္ဆာသားရဲများစွာ၏ မျက်လုံးထဲတွင် လောဘရမ္မက်များက ပြည့်နှက်လာကြ၏။
နောက်ဆုံးမှာတော့.. တစ်စုံတစ်ယောက်သည် အဲဒါကို ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ ချက်ချင်း ရှေ့သို့ပြေးတက်သွားလေသည်။
အဲဒီနောက်.. မိစ္ဆာသားရဲများ အားလုံးက သားရဲတစ်ထောင်အုတ်ဂူဆီသို့ ပြေးတက်သွားကြလေသည်။
သားရဲချီများက တဝုန်းဝုန်းထလာ၏။
များစွာသော သားရဲပညာရပ်များနှင့် လက်နက်များသည် လေထဲမှာ ထိတွေ့ရိုက်ခတ်ပြီး ဝရုန်းသုန်းကား ဖြစ်ကုန်ကြလေသည်။
ကောင်းကင်ထက်တွင်.. အရှင်သခင် ၆ယောက်က မျက်မှောင်ကြုတ်လိုက်ကြ၏။
သူတို့အားလုံးသည် တစ်စုံတစ်ရာနှင့်ပတ်သက်၍ မသက်မသာ ခံစားနေကြရ၏။ သို့သော်.. သူတို့က အကြောင်းရင်းကိုတော့ ထောက်ပြနိုင်ခြင်း မရှိပေ။
“တစ်ခုခုတော့ မှားနေပြီ”
တာအိုအရှင်အဆုံးစွန်မီး၏ အသံက ဆူဇီမို၏စိတ်ထဲမှာ ထွက်ပေါ်လာခဲ့၏။
“သားရဲတစ်ထောင်အုတ်ဂူရဲ့ သတ်ဖြတ်ခြင်းအော်ရာက အရမ်းကို သိပ်သည်းပြင်းထန်နေတယ်.. အဲဒီကို ဝင်ရောက်သွားတဲ့ မိစ္ဆာသားရဲတွေက သေကုန်ကြတော့မှာပဲ”
ဆူဇီမို၏အကြည့်က မိုးကြိုးလျှပ်စီးလို ထက်ရှပြီး သူက တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား.. တင်းမာသော အမူအရာနှင့် နေရာတစ်ခွင် စစ်ဆေးကြည့်နေလေသည်။ ခဏနေပြီးနောက်.. ဆူဇီမို၏ မျက်လုံးက ဝင်းလက်သွားပြီး နေရာကနေ ချက်ချင်းပျောက်ကွယ်သွားလေသည်။
သားရဲများအကြားတွင်…
မျောက်၊ စိတ်ဝိညာဉ်ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် တစ်ကိုယ်တော်တိမ်စိုင်သည် ပဉ္စဂံပုံစံ နေရာယူ၍ သားရဲတစ်ထောင်အုတ်ဂူဆီသို့ အခြားသော သားရဲများနှင့်အတူ ရောပါသွားလေသည်။ ကြွက်ဘုရင်က ဒယီးဒယိုင်ဖြင့် နောက်ကနေ လိုက်ပါသွားခဲ့လေသည်။
စိတ်ဝိညာဉ်ကျားက လျှောက်လှမ်းနေရင်း တိုးတိတ်စွာ မေးမြန်းလိုက်၏။
“အစ်ကိုမျောက်.. မျောက်ဝံကြီးက ခင်ဗျားရဲ့ တောင်ဝှေးကို သုံးပြီးရင် သူသုံးဖို့အတွက် ယူမထားလောက်ပါဘူးနော်”
“မယူလောက်ဘူး”
မျောက်က ခေါင်းခါပြလိုက်၏။
“သူ့ရဲ့ခွန်အားအရဆို သူက အဲဒါကို လိုချင်ရင် ဘာလို့ အခုချိန်ထိ စောင့်နေမှာလဲ.. အစောကြီးကတည်းက သူက ငါတို့ကို သတ်ပြီး အဲဒါကို ယူလိုက်ရုံပေါ့”
“ဘာမှမဟုတ်ဘဲနဲ့ စိုးရိမ်ပူပန်မနေနဲ့”
ချင်ချင်က သူမ၏နှုတ်ခမ်းကို စူဝိုင်းလိုက်၏။
“အရှင်သခင်က အစ်ကို ၂ကို သူ့မြေးမနဲ့ နီးစပ်စေချင်နေတာလေ.. သူက အစ်ကို ၂ကို ဘာလို့ထိခိုက်အောင် လုပ်ရမှာလဲ”
“အဲဒါတော့ ဟုတ်တယ်”
စိတ်ဝိညာဉ်ကျားက ခေါင်းညိတ်လိုက်၏။
မြေခွေးလေးက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် ခပ်တိုးတိုး မေးလိုက်လေသည်။
“သခင်လေးရော.. ဘယ်လိုနေပါလိမ့်.. ဒီလောက်ကြာတာတောင် သူ့သတင်းကို ဘာလို့ မကြားရသေးတာလဲ”
“ပြောရမယ်ဆို.. သတင်းမကြားရတာက သတင်းကောင်းပဲပေါ့”
တစ်ကိုယ်တော်တိမ်စိုင်က လေးနက်သောအသံဖြင့် ပြောလိုက်၏။
“အနည်းဆုံးတော့ ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က အဲဒါကို မအောင်မြင်သေးဘူးလို့ ဆိုလိုတာပဲ”
ဤအချိန်အတောအတွင်း.. မျောက်နှင့် အခြားသူများသည် သားရဲတစ်ထောင်အုတ်ဂူအစပ်သို့ ရောက်ရှိလာ၏။ သူတို့က အပေါ်သို့ ခုန်တက်တော့မည်ရှိစဉ်မှာပင် ပုံရိပ်တစ်ခုက သူတို့ရှေ့သို့ ဖြတ်ဝင်လာလေသည်။
“အဲဒါ ဘယ်သူလဲကွ”
မျောက်နှင့် အခြားသူများက ထိတ်လန့်သွားပြီး နှစ်ခါမစဉ်းစားဘဲ တိုက်ခိုက်လိုက်ကြလေသည်။
မျောက်၏အသားက ပြန့်ကားသွားပြီး သူ၏လက်သီးကို ရှေ့သို့ ထိုးသွင်းလိုက်၏။ အဲဒါက ဧရာမသွေးချိပ်စည်းတစ်ခုကဲ့သို့ ချက်ချင်းပင် ဆင်းသက်လာခဲ့လေသည်။
စိတ်ဝိညာဉ်ကျားက သူ၏လက်သည်းများဖြင့် ရှေ့သို့ပုတ်လိုက်လေသည်။
ချင်ချင်၏ အဇူရာအစိမ်းရောင် ငှက်မွေးယပ်တောင်မှ အစိမ်းရောင်မီးလုံးတစ်လုံးကလည်း ထွက်ပေါ်လာခဲ့လေသည်။
တစ်ကိုယ်တော်တိမ်စိုင်၏ ကျင့်ကြံမှုသည် မျောက်နှင့် အခြားသူများထက် သာလွန်ပြီး သူ၏မျက်လုံးက ဝင်းလက်သွားခဲ့၏။ သူက ဝင်ရောက်လာသူကို ချက်ချင်းမှတ်မိသွားခဲ့လေသည်။
မြေခွေးလေးသည် ထိုလူ၏သွင်ပြင်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူမက မျက်မှောင်ကြုတ်၍ နှာခေါင်းရှုံ့လိုက်၏။ ရင်းနှီးသော အော်ရာကို သူမက ခံစားမိသောအခါ.. တိုက်ခိုက်ခြင်း မပြုတော့ပေ။
တစ်ခဏအတွင်းမှာပင်… မျောက်၊ စိတ်ဝိညာဉ်ကျားနှင့် ချင်ချင်တို့၏ တိုက်ခိုက်မှုများက ဆင်းသက်လာခဲ့လေသည်။
ဝင်ရောက်လာသူက သူ၏လက်သီးကို ထုတ်ပြီး မျောက်၏ လက်သီးချိပ်စည်းကို ပြန်လည်ထိုးနှက်လိုက်လေသည်။
သူက အခြားသော လက်တစ်ဖက်ဖြင့် ထက်ရှသော သူ၏လက်သည်းများကို လှုပ်ခါကာ ဝင်ရောက်လာသော ကျားလက်သည်းများကို ခတ်ထုတ်လိုက်လေသည်။
မျောက်နှင့် စိတ်ဝိညာဉ်ကျားက ဆတ်ခနဲ တုန်ယင်သွားပြီး နောက်သို့ ခြေလှမ်းဝက်စီ ဆုတ်လိုက်ကြရ၏။
လေထဲတွင် အစိမ်းရောင်မီးလုံးက ရောက်ရှိလာခဲ့လေပြီ။ ဝင်ရောက်လာသူက သူ၏ပါးစပ်ကို ဟပြီး ဝင်ရောက်လာသော မီးလုံးကို လေနှင့်မှုတ်၍ ငြှိမ်းသတ်လိုက်၏။
“ငါပါဟ”
ဝင်ရောက်လာသူက ခပ်အုပ်အုပ် အော်ပြောလိုက်၏။
“ရှေ့ကို ဆက်မသွားကြနဲ့”
ဝင်ရောက်လာသူက ဆူဇီမိုပင် ဖြစ်လေသည်။
ထိုနေရာက တဝုန်းဝုန်းထနေသော သားရဲချီများဖြင့် နေရာတိုင်းမှာ အလွန်တရာ ဝရုန်းသုန်းကား ဖြစ်နေလေသည်။ မည်သည့်စိတ်ဝိညာဉ်အသိစိတ်မဆို ထုတ်ဖော်လိုက်သည်နှင့် ချက်ချင်းပင် ပျက်ပြယ်သွားမည်ဖြစ်ပြီး ထိုနေရာမှာ အသံထုတ်လွှင့်ပို့လွှတ်ခြင်းကို ပြုလုပ်ဖို့ မဖြစ်နိုင်ပေ။
ထိုသို့ဖြင့် ဆူဇီမိုသည် ကိုယ်တိုင်လှုပ်ရှား၍ ဝင်ရောက်လာကာ မျောက်နှင့် အခြားသူများကို တားဆီးလိုက်လေသည်။
“အစ်ကိုကြီး”
“သခင်လေး”
“သခင်”
မျောက်နှင့် အခြားသူများက ကျေနပ်နှစ်ခြိုက်သွားသော အမူအရာဖြင့် အံ့အားတသင့် ရေရွတ်လိုက်ကြ၏။
ဆူဇီမိုက ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး ပြောလိုက်လေသည်။
“အဲဒီအုတ်ဂူက အရမ်းကို အန္တရာယ်များတယ်.. သူတို့နဲ့ မရောနဲ့.. ငါ့နောက်က လိုက်ခဲ့ကြ”
ထိုသို့ပြောပြီးသည်နှင့် သူက မျောက်နှင့် အခြားသူများကို တစ်နေရာသို့ ခေါ်ထုတ်သွားလေသည်။
အဲဒီမှာ ဆူဇီမိုကို မှတ်မိသော မိစ္ဆာသားရဲအချို့ ရှိသော်လည်း သူတို့အားလုံးသည် သူတို့ရှေ့တွင်ရှိသော ရတနာများအပေါ် လောဘရမ္မက်တက်နေကြပြီး မည်သူကမှ ဆူဇီမိုကို အရေးမလုပ်နိုင်ကြပေ။
အပြင်ဘက်သို့ ရောက်သောအခါ.. ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“ကိစ္စကြီးကြီးမားမား တစ်စုံတစ်ရာက မကြာခင် သေချာပေါက် ဖြစ်လာတော့မယ်.. မင်းတို့တွေက ငါလှုပ်ရှားတာကို မြင်မယ်ဆိုရင် ဘာမှမစိုးရိမ်နဲ့.. မင်းတို့ကိုယ်မင်းတို့ ဂရုစိုက်ပြီး လရောင်ငိုကြွေးတောင်ကို တတ်နိုင်သမျှ မြန်မြန်ပြန်ကြ.. အချိန်တန်ရင် ငါက မင်းတို့တွေဆီကို ပြန်လာခဲ့မယ်”
မျောက်နှင့် အခြားသူများက ဆူဇီမို၏ တင်းမာသော အမူအရာကို မြင်သောအခါ.. ရင်တစ်ချက်ထိတ်သွားပြီး သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။
ထိုစဉ်မှာပင်.. သားရဲတစ်ထောင်အုတ်ဂူအတွင်း အုန်းအုန်းကျက်ကျက် အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
အဲဒါသည် တစ်စုံတစ်ရာက အတင်းအကျပ် အားသုံး၍ လှီးဖြတ်စုတ်ဖြဲခံလိုက်ရသည့်အလားပင်။
သားရဲတစ်ထောင်အုတ်ဂူအောက်မှ ပြိုးပြိုးပြက်ပြက် အဖြူရောင်အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ပစ်လွင့်ထွက်ပေါ်လာခဲ့၏။ သူတို့က မနှိုင်းယှဉ်သာအောင် ထက်ရှပြီး အုတ်ဂူကို စုတ်ဖြဲပစ်လိုက်လေသည်။
အုတ်ဂူထဲမှာ ရတနာများအတွက် တိုက်ခိုက်နေကြသော မိစ္ဆာသားရဲများစွာသည် အဲဒါကို အချိန်မီ မတုံ့ပြန်နိုင်ဘဲ အဖြူရောင်အလင်းတန်းများ၏ ထိုးဖောက်ခြင်းကို ခံရကာ အပိုင်းပိုင်းအတစ်တစ် ဖြစ်ကုန်ကြလေသည်။ သူတို့၏ ခြေလက်များက နေရာတိုင်းမှာ ပြန့်ကျဲသွားပြီး သွေးများက ပန်းထွက်လာခဲ့လေသည်။
အုတ်ဂူ၏အောက်ခြေကနေ ရုန်းကန်ထွက်ပေါ်လာသော အဖြူရောင်အလင်းများက အရမ်းကို များပြားလေသည်။
သားရဲတစ်ထောင်အုတ်ဂူသည် နက်ရှိုင်းသော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာပြီး ၎င်းအပေါ်တွင် အလောင်းများက တောင်လိုပုံထပ်ကာ သွေးများက ချောင်းစီးလာခဲ့လေသည်။
တစ်ခဏချင်းမှာပင်.. မိစ္ဆာသားရဲ ၁သောင်းကျော်က သတ်ဖြတ်ခြင်းခံလိုက်ရလေသည်။ သူတို့၏ အမြုတေစိတ်ဝိညာဉ်များကပါ အချိန်မီ မလွတ်မြောက်နိုင်ခဲ့ပေ။
တာအိုအရှင်အဆုံးစွန်မီးက ခက်ထန်စွာဖြင့် ပြောလိုက်၏။
“ကောင်းကင်ရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒက ထွက်ပေါ်လာတဲ့အခါ.. ကြယ်တွေက နဂိုနေရာကနေ ရွေ့ကုန်မယ်… ဒီဓားပညာရပ်ရဲ့ သတ်ဖြတ်လိုက်စိတ်က အရမ်းကို သန်မာအားကောင်းလို့ ကြယ်တွေကတောင် နဂိုနေရာကနေ ရွေ့ကုန်ပြီ.. အဲဒီထဲကို ဝင်ရောက်သွားတဲ့ မိစ္ဆာသားရဲတွေက သူတို့ကိုယ်သူတို့ သေတွင်းထဲ တွန်းပို့ခဲ့ကြတာပဲ”
“ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းက အဲဒီမိစ္ဆာသားရဲတွေရဲ့ သွေးကို ယဇ်ပူဇော်ပြီးတော့ မွေးဖွားပေါ်ထွက်လာတော့မယ်”
လေထဲမှာရှိသော အရှင်သခင် ၆ယောက်က တပြိုင်နက်တည်း အော်ဟစ်လိုက်ကြ၏။
“မင်းတို့တွေ အကုန်လုံး မြန်မြန်ပြန်လှည့်လာခဲ့ကြ”
အုတ်ဂူအောက်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သူတို့ မသိကြသော်လည်း ထွက်ပေါ်လာသော အဖြူရောင်အလင်းတန်းများက သူတို့၏ နှလုံးခုန်နှုန်းကို မြန်ဆန်လာစေသည်။
“အဲဒါက ဓားချီတွေလား”
ဘယ်လိုဓားချီကများ သူတို့ ၆ယောက်ကိုပင် စုတ်ဖြဲခံရတော့မည့်အလား.. တုန်လှုပ်ချောက်ချားသွားအောင် စွမ်းအားကြီးရတာပါလိမ့်။
အရှင်သခင် ၆ယောက်က လှမ်းအော်လိုက်သည့်ခဏမှာပင် ပိုမိုသိပ်သည်းပြင်းထန်သော ဓားချီတစ်ခုက အုတ်ဂူအောက်ကနေ ရုန်းကန်ထွက်ပေါ်လာ၏။ အဲဒါက ကျိန်းစက်တောက်လောင်နေသော အဖြူရောင်အရိပ်တစ်ခုနှင့်အတူ တိမ်လွှာများအထိ ထိုးတက်သွားလေသည်။
အုတ်ဂူထဲသို့ ဝင်ရောက်သွားသော မိစ္ဆာသားရဲများစွာတွင် အနည်းအကျဉ်းမျှသာ ရှင်သန်နိုင်ခဲ့ကြလေသည်။
မျောက်နှင့် အခြားသူများသည် ခပ်လှမ်းလှမ်းမှာ ရပ်နေပြီး သူတို့ရှေ့ရှိ မြင်ကွင်းကိုကြည့်ကာ ရင်ထဲမှာ တလှပ်လှပ် ခံစားလာရလေသည်။
ဆူဇီမိုက သူတို့ကို အချိန်မီ မတားဆီးခဲ့ဘူးဆိုလျှင် သူတို့သည် ထိုအလောင်းပုံကြီး၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေလောက်လေပြီ။
ဘုန်း
ရုတ်တရက်.. သားရဲတစ်ထောင်အုတ်ဂူက ပေါက်ကွဲထွက်သွား၏။
အလွန်ကြီးမားသည့် အလင်းလုံးတစ်လုံးသည် ပြိုးပြိုးပြက်ပြက် တောင်ပမှုနှင့်အတူ မြေအောက်ကနေ ဖြည်းဖြည်းချင်း ကြွတက်လာ၏။
အဲဒါက တောက်လောင်နေသော နေတစ်စင်းနှင့်တူပြီး အကန့်အသတ်မဲ့သော ဓားချီများက ၎င်းကို လွှမ်းခြုံထားလေသည်။
အရှင်သခင် ၆ယောက်သည် ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး နောက်သို့ ခုန်ဆုတ်လိုက်ရ၏။
အလင်းလုံးပေါ်ရှိ ဓားချီများက အရမ်းကို ကြောက်စရာကောင်းလွန်းလေသည်။ သူတို့က တုံ့ပြန်မှု နှေးကွေး၍ အထဲသို့ ဆွဲယူသွင်းခြင်း ခံရလျှင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကပါ ဖျက်စီးခြင်းခံရနိုင်လေသည်။
“အဲဒါက ဘာပါလိမ့်”
“ဘယ်လိုရတနာကများ လောကနိမိတ်ဖြစ်စဉ်တစ်ခုကို ပေါ်ထွက်လာအောင် စွမ်းအားကြီးရတာပါလိမ့်”
အရှင်သခင် ၆ယောက်၏ အကြည့်များက တဖျပ်ဖျပ်ဖြစ်သွားပြီး သူတို့က တုန်လှုပ်ချောက်ချားလာကြလေသည်။
အလင်းလုံးက အရမ်းကို ကြီးမားလွန်းလေသည်။
ပေရာနှင့်ချီ၍ မြင့်မားသော သူတို့၏ခန္ဓာကိုယ်များသည် ထိုအလင်းလုံးနှင့် နှိုင်းယှဉ်လျှင် အရမ်းကို သေးငယ်သွားကြလေသည်။
သူတို့၏ အမြင်အာရုံဖြင့် အလင်းလုံးအတွင်းမှာ ရှိသည့်အရာကို မမြင်နိုင်ကြပေ။
သူတို့၏ စိတ်ဝိညာဉ်အသိစိတ်က ထိုအလင်းလုံးပေါ်သို့ ဆင်းသက်သွားသည့် ခဏမှာပင် အဲဒါက အကန့်အသတ်မဲ့သော ဓားချီများဖြင့် အစိတ်စိတ်အမွှာမွှာ ဖျက်စီးခြင်းခံလိုက်ရ၏။
“ဟောင်းနွမ်းနေတဲ့ ဝါဖန့်ဖန့် ရှေးဟောင်းကျမ်းစာတစ်ခု..”
ရုတ်တရက် ဆူဇီမိုက အလင်းလုံးကို ငေးကြည့်ရင်း တီးတိုးရေရွတ်လိုက်၏။
“ဟမ့်”
တာအိုအရှင်အဆုံးစွန်မီးသည် ရင်တစ်ချက်ထိတ်သွားပြီး အလောတကြီး မေးလိုက်လေသည်။
“မင်းက အထဲမှာရှိတဲ့ အရာကို မြင်ရတာလား”
ထိုအလင်းလုံးသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကနေ ဖန်တီးထားခြင်း ဖြစ်ရပေမည်။ သို့သော်လည်း သူ၏ကျင့်ကြံမှုအဆင့်မှာပင်လျှင် သူက ထိုအလင်းလုံးပေါ်ရှိ အလွှာကို ထိုးဖောက်၍ ကြည့်နိုင်ခြင်း မရှိပေ။
သူက အထဲမှာရှိသော အရာကို လုံးဝမမြင်နိုင်ပေ။
“ကျုပ်က ခပ်ဝါးဝါးတော့ မြင်နေရတယ်”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
ထိုအချိန်တွင် သူ၏ ညာဘက်မျက်လုံးက အလွန်တရာ မကောင်းဆိုးရွားဆန်၍ ဆွတ်ဆွတ်ဖြူလာခဲ့လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် သူက မီးပဒေသာနဂါးမျက်လုံးကို လှည့်ပတ်ပြီးသား ဖြစ်နေလေပြီ။
“အဲဒါက သိပ်တော့ အဓိပ္ပာယ်ရှိမနေဘူး”
တာအိုအရှင်အဆုံးစွန်မီးက မျက်မှောင်ကြုတ်လိုက်၏။
“မင်းရဲ့ ကျင့်ကြံမှုအဆင့်အရဆို.. မင်းက မီးပဒေသာနဂါးမျက်လုံးကို ကျင့်ကြံထားတယ်ဆိုရင်တောင် အဲဒီအလင်းလုံးကို ဖောက်ပြီး မြင်ရမှာ မဟုတ်ဘူး”
ခဏမျှ ရပ်တန့်သွားပြီးနောက်.. သူ၏စိတ်အာရုံထဲတွင် အတွေးတစ်ခုက ဝင်ရောက်လာကာ လွှတ်ခနဲ ပြောလိုက်လေသည်။
“ငါသိပြီ.. အဲဒါ မီးပဒေသာကျောက်တုံးကြောင့်ပဲ”