← Chapters

ကြီးမားသော တိုက်ပွဲ

Vol. 59 Ch. 879

ကြီးမားသော တိုက်ပွဲ

Vol. 59 Ch. 879

ဆူဇီမိုသည် ထိုစကားတွင် ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့၏။

အသက်မဲ့ဓားပညာရပ်က မဟာရှေးဟောင်းဓားပညာရပ် ၃ခုထဲမှ ၁ခုကနေ ဆင်းသက်လာခြင်းဖြစ်သည်ဆိုလျှင် ထိုမဟာရှေးဟောင်းဓားပညာရပ်များ၏ စွမ်းအားက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။

ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းအပေါ် မျှော်လင့်ချက် ပို၍ကြီးမားလာခဲ့လေသည်။

“အတိတ်တစ်ခါတုန်းက ဓားဂိုဏ်းရဲ့ တည်ထောင်သူသခင်က ဓားတာအိုမှာ ဧကရာဇ်တစ်ပါးအဖြစ် အုပ်စိုးပြီး ထျန်ဝမ်ကုန်းမြေတိုက်ကြီးမှာ နံပါတ်တစ်ဓားဂိုဏ်းကို တည်ထောင်နိုင်ခဲ့ရတဲ့ အကြောင်းရင်းက အဲဒီ ရှေးဟောင်းဓားပညာရပ်ကြောင့်ပဲ”

တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။

“ဒါပေမဲ့လို့.. ဓားဧကရာဇ်က အဲဒီရှေးဟောင်းဓားပညာရပ် ၃ခုထဲက ဘယ်တစ်ခုကို ရထားတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး”

ဓားချက်တစ်ချက်ဖြင့် အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်က သေဆုံးသွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကပါ ဖျက်စီးခံလိုက်ရသောအခါ တိုက်ပွဲနယ်မြေတစ်ခုလုံးက ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

အရှင်သခင် ၆ပါးအပါအဝင် လူတိုင်းက ထိုဓားချက်မှာ ကြောင်အမှင်တက်သွားကြလေသည်။

ခဏနေပြီးနောက်.. မျောက်ဝံအိုကြီး၏ မျက်ခုံးမွေးဖြူများက တဖျပ်ဖျပ်လှုပ်သွားပြီး သူက တာအိုအရှင် တိမ်လွှာမိုးစက်ကို ကြည့်ကာ ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။

“ငါထင်တာ မမှားဘူးဆိုရင် မင်းက လွန်ခဲ့တဲ့ နှစ်ငါးသောင်းက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်နှစ် တာအိုအရှင် တိမ်လွှာမိုးစက်ပဲ ဖြစ်ရမယ်”

“ခင်ဗျားက အတော်လေး ဗဟုသုတကြွယ်သားပဲ”

တာအိုအရှင် တိမ်လွှာမိုးစက်က သူ၏ခေါက်ယပ်တောင်ကို ညင်သာစွာခတ်ပြီး နှစ်လိုဖွယ်ရာ ပြုံးလိုက်လေသည်။

ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်။

ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတွင် ကျော်ကြားသော အဆင့်သတ်မှတ်ချက် ၃ခုရှိလေသည်။

သူတို့က ရွှေအမြုတေနယ်မြေအဆင့်သတ်မှတ်ချက်၊ ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်နှင့် အထွတ်အထိပ် နတ်ဘုရားစွမ်းအားအဆင့်သတ်မှတ်ချက်တို့ ဖြစ်လေသည်။ သူတို့အားလုံးကို ပဟေဠိနန်းတော်က ထုတ်ပြန်ပြီး သမိုင်းတစ်လျှောက် ပြိုင်စံရှားနှင့် ပြန်ဝင်စားမွန်းစတားများ အားလုံးနီးပါးက အဲဒီမှာ ပါဝင်ကြလေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် သူတို့က လွှမ်းမိုးမှုအရှိဆုံးနှင့် အကျော်ကြားဆုံး အဆင့်သတ်မှတ်ချက်များ ဖြစ်လေသည်။

သူတို့ထဲတွင် ရွှေအ​မြုတေနယ်မြေအဆင့်သတ်မှတ်ချက်ကို နှစ်တစ်ရာတိုင်းမှာ တစ်ကြိမ်မွမ်းမံပြင်ဆင်လေသည်။

ကောင်းကင်နှင့်မြေကြီး ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ကိုတော့ နှစ်တစ်ထောင်တိုင်းမှာ တစ်ကြိမ်မွမ်းမံပြင်ဆင်လေသည်။

အထွတ်အထိပ်နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်ကတော့ သမိုင်းတစ်လျှောက် ကြောက်စရာအကောင်းဆုံး အထွတ်အထိပ်နတ်ဘုရားစွမ်းအားများ ပေါ်ထွက်လာမှသာလျှင် မှတ်တမ်းတင်ရလေသည်။

အနာဂတ်မျိုးဆက်သည် အတိတ်က နတ်ဘုရားစွမ်းအားများထက် သာလွန်သော နတ်ဘုရားစွမ်းအားများကို မဖန်တီးနိုင်သရွေ့ အထွတ်အထိပ်နတ်ဘုရားစွမ်းအား အဆင့်သတ်မှတ်ချက်က မွမ်းမံပြင်ဆင်မှု မရှိသလောက်နီးပါးပင်။

“မိစ္ဆာဂိုဏ်း ၇ဂိုဏ်းရဲ့ တာအိုတွေက ကွဲပြားခြားနားကြတယ်.. ဥပမာအားဖြင့် ပဒေသရာဇ်နန်းတော်က ခန္ဓာမီးဆေးခြင်းမှာ အထူးပြုပြီးတော့ ပုံရိပ်ယောင်မိစ္ဆာကျင့်ထုံးဂိုဏ်းကတော့ သူတို့ရဲ့ စိတ်မနောကို ကျင့်ကြံခြင်းမှာ အထူးပြုကြတယ်.. တိမ်လွှာမိုးစက်ဂိုဏ်းကတော့.. ဟွန့်..”

တာအိုအရှင်အဆုံးစွန်မီးက အထင်အမြင်သေးပုံရပြီး နှာတစ်ချက်မှုတ်လိုက်လေသည်။

“အားလုံးထဲမှာမှ တိမ်လွှာမိုးစက်ဂိုဏ်းကျင့်ကြံသူတွေရဲ့ တိုက်ခိုက်ရေးခွန်အားက မိစ္ဆာဂိုဏ်း ၇ဂိုဏ်းထဲမှာ အောက်ဆုံးအဆင့်မှာ ရှိတယ်”

“အဲဒီတုန်းက သူက အင်မော်တယ်၊ ဗုဒ္ဓနဲ့ မိစ္ဆာဂိုဏ်းက ပြိုင်စံရှားတွေများစွာကို ဖိနှိမ်ပြီး ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်(၂) နေရာကို ရယူနိုင်ခဲ့တာဆိုတော့.. သူက တကယ်ပဲ စွမ်းလှပါပေတယ်”

“ဒါပေမဲ့လို့ ဒီလောက်နှစ်တွေကြာပြီးတဲ့နောက် သူက ဘယ်လောက်ထိ တိုးတက်လာလဲ ငါမသိတော့ဘူး”

လေထဲတွင် မျောက်ဝံအိုကြီး၏ အကြည့်က နှင်းပုံတောင်ကြားနှင့် ဓားဂိုဏ်းမှ အမျိုးသားနှင့် အမျိုးသမီးထံသို့ ရွေ့လျားသွားပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“မင်းတို့နှစ်ယောက်က တာအိုအရှင်တိမ်လွှာမိုးစက်နဲ့ တစ်တန်းတည်းရပ်တည်ပြီး ရောက်လာတယ်ဆိုတော့ မင်းတို့ကလည်း သာမညတွေ မဟုတ်ကြဘူးဆိုတာ ငါပြောနိုင်တယ်”

“ငါက နောက်ပိုင်းနှစ်တွေမှာ တောင်ကြားကနေ မထွက်ခွာတော့တာ ကြာပြီ.. တကယ်ပဲ ငါက အတော်လေး သတင်းအချက်အလက် ကင်းမဲ့နေပြီးတော့ မင်းတို့နှစ်ယောက်က ဘယ်သူတွေဆိုတာကို ငါမပြောနိုင်တော့ဘူး”

အရှင်သခင် ၆ပါးထဲတွင် မျောက်ဝံအိုကြီးက တည်ငြိမ်ရင့်ကျက်မှု အရှိဆုံးဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးခွန်အားက ကြိုတင်ခန့်မှန်းလို့ မရနိုင်သည်ကို တာအိုအရှင်တိမ်လွှာမိုးစက်နှင့် အခြားနှစ်ယောက်ကလည်း ပြောနိုင်လေသည်။

သို့သော်လည်း နှင်းပုံတောင်ကြား၏ အမျိုးသမီးကျင့်ကြံသူက မောက်မာဝံ့ကြွားသော စိတ်နေစရိုက်ရှိလေသည်။ မိစ္ဆာသားရဲများကို​ မပြောနှင့်.. လူသားကျင့်ကြံသူများနှင့်ပင်လျှင် သူမက တော်ရုံတန်ရုံနှင့် စကားပြန်မပြောတတ်ပေ။

ဓားဂိုဏ်းမှ အမျိုးသားက ပိုလို့တောင် ထောင်လွှားမောက်မာသေးလေသည်။

သူ၏လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး မသိလိုက်မသိဘာသာနှင့်ပင် သူ၏ဓားက သူ၏ဓားအိမ်ထဲသို့ ပြန်ရောက်သွားခဲ့လေပြီ။ သူက မျောက်ဝံအိုကြီး၏ စကားကို လုံးဝမကြားရသည့်အလား အပေါ်သို့ မော့ကြည့်နေလေသည်။

အခြားတစ်ဖက်မှာတော့ တာအိုအရှင်တိမ်လွှာမိုးစက်က ပြုံး၍ ပြောလိုက်လေသည်။

“အဲဒီနတ်မိမယ်ရဲ့ တာအိုဘွဲ့က နှင်းပွင့်ပဲ”

သူက ထိုနေရာအရောက်တွင် တမင်ရည်ရွယ်၍ ရပ်တန့်လိုက်၏။

နောက်ထပ် မည်ကာမတ္တတပည့်တစ်ယောက်ဖြစ်ကြောင်း လူတိုင်းက နားလည်လိုက်ကြ၏။

တာအိုအရှင်တိမ်လွှာမိုးစက်၏ မျက်နှာပေါ်ကအပြုံးက ပို၍နက်ရှိုင်းလာပြီး သူက ဆက်ပြောလိုက်လေသည်။

“နတ်မိမယ်နှင်းပွင့်က လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ပဲ”

အရှင်သခင် ၆ပါး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

အရှင်သခင်များအနေဖြင့် သူတို့သည် ကျင့်ကြံရေးလောက၏ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ကို ကောင်းကောင်းသိလေသည်။

အဲဒီမှာ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်အပေါ်၌ စုစုပေါင်း ၇၂နေရာ ရှိလေသည်။ နတ်မိမယ်နှင်းပွင့်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ နံပါတ်(၁) နေရာကို ရယူနိုင်သည်ဆိုတော့ သူမ၏ခွန်အားကို မြင်ယောင်ကြည့်နိုင်လေသည်။

သူတို့နှစ်ယောက်စလုံး၏ ဂုဏ်သတင်းကပင်လျှင် တစ်စုံတစ်ယောက်ကို သတ်ဖြတ်နိုင်လေသည်။

သူတို့က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်နှင့် နံပါတ်နှစ် အသီးသီးဖြစ်ကြလေသည်။

အဲဒါက ရှေးဟောင်းတိုက်ပွဲမြေမှာတုန်းက ဆူဇီမိုနှင့် သီယင်းတို့နှင့် တူညီလေသည်။

သူတို့နှစ်ယောက်က အတူတကွယှဉ်တွဲ၍ ထွက်ပေါ်လာမည်ဆိုလျှင် မည်သည့်ရွှေအမြုတေက မကြောက်ရွံ့ဘဲနေပါမည်နည်း။

တာအိုအရှင်တိမ်လွှာမိုးစက်က ဓားဂိုဏ်းမှ အမျိုးသားကို လက်ညိုးထိုးပြီး တစ်ချက်ရယ်မောကာ ဟာသနှော၍ ပြောလိုက်လေသည်။

“မင်းတို့တွေ အဲ့လူကို သွားပြီးတော့ ရန်မစဖို့ ငါအကြံပေးလိုက်မယ်.. သူက ပြီးခဲ့တဲ့ ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ် ပုဂ္ဂိုလ်ပဲ.. လက်ရှိဓားဂိုဏ်းရဲ့ မည်ကာမတ္တတပည့်.. သူ့ရဲ့ တာအိုဘွဲ့က အင်မော်တယ်ဓား”

“သူ့ဓားနဲ့တွေ့ရင် ဘယ်သူကမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး.. သူ့ဓားကို ထုတ်တာနဲ့ အနည်းဆုံး တစ်စုံတစ်ယောက်ကတော့ အသက်ဓာတ်ကင်းမဲ့ရလိမ့်မယ်”

သူတို့က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်၏ နံပါတ်(၁) နှင့် နံပါတ်(၂) များဖြစ်ပြီး မည်ကာမတ္တတပည့် ၃ယောက် ဖြစ်ကြလေသည်။ သူတို့ထဲမှ မည်သူ၏ ဂုဏ်သတင်းကမဆို လောကတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်လေသည်။

ဤတာအိုအရှင် ၃ယောက်က သားရဲတစ်ထောင်တောင်ကြားမှာ ယခု စုဝေးလာကြသောကြောင့် သူတို့၏ ရည်ရွယ်ချက်က သိသာထင်ရှားနေလေသည်။

“အဲ့တော့ မင်းတို့တွေက ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်ပေါ်က တာအိုအရှင်တွေပေါ့.. မင်းတို့က အကြောက်အလန့် ကင်းမဲ့နေကြတာ မထူးဆန်းတော့ဘူးပဲ”

ငွေလတောင်ကြား၏ အရှင်သခင်က အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဒါပေမဲ့လို့ မင်းတို့က မင်းတို့ရဲ့ နာမည်ဂုဏ်သတင်းနဲ့ ကိုက်ညီမှုရှိရဲ့လားဆိုတာ ငါတို့က အခုချိန်ထိ မသိရသေးဘူး”

“မင်းတို့တွေက ဘာကောင်တွေပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး.. သားရဲတစ်ထောင်တောင်ကြားက တစ်စုံတစ်ရာကို လုယူဖို့ကြိုးစားတဲ့ ဘယ်သူမဆို အသက်ရှင်လျက် ပြန်ထွက်မသွားနိုင်စေရဘူး”

ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ အရှင်သခင်၏ အသံက ကျယ်လောင်ပြတ်သားစွာ ထွက်ပေါ်လာခဲ့၏။

များစွာသော အဆင့်မြင့်မိစ္ဆာသားရဲများသည် တာအိုအရှင် ၃ပါး၏ ဂုဏ်သတင်းတွင် ကြောင်အမှင်တက်နေကြ၏။

သို့သော်လည်း အရှင်သခင် ၆ပါးက မည်သို့သော ပုဂ္ဂိုလ်များပါလိမ့်..။

သူတို့အားလုံးသည် သူတို့လက်အောက်တွင် မြောက်များလှစွာသော မိစ္ဆာသားရဲများကို ထားရှိပြီး နယ်မြေဒေသတစ်ခုကို အုပ်စိုးကြသူများ ဖြစ်လေသည်။ သူတို့အားလုံးက ခိုင်မာပြတ်သားသော စိတ်ဓာတ်များ ရှိကြပြီး အလွယ်တကူ ကိုင်လှုပ်နိုင်လိမ့်မည် မဟုတ်ပေ။

အရှင်သခင် ၆ပါးက သူတို့နှင့် ဆင်တူသော ကျင့်ကြံမှုအဆင့်မှာရှိသည့် ပြိုင်ဘက်များကို ကြောက်ရွံ့စရာ အကြောင်းမရှိပေ။

ဒါ့အပြင် လူသားမျိုးနွယ်၏ တာအိုအရှင် ၃ပါးက သားရဲတစ်ထောင်တောင်ကြား အနက်ပိုင်းထဲသို့ အန္တရာယ်ကို ခံယူ၍ စွန့်စားဝင်ရောက်လာရသည်ဆိုတော့ ထိုအလင်းလုံးက အရမ်းကို ထူးခြားသည်မှာ သိသာလေသည်။ ထိုအချက်က အရှင်သခင် ၆ပါးကို ထိုအလင်းလုံးနှင့် ပတ်သက်၍ ပို၍ပင် သိချင်စိတ်ပြင်းပြလာစေပြီး သူတို့က အဲဒါကို ရယူဖို့ ပို၍တိမ်းညွတ်လာကြလေသည်။

အရှင်သခင် ၆ပါးက အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူတို့သည် စောစောက တိုက်ခိုက်နေကြသော်လည်း ဤအခိုက်အတန့်တွင် သူတို့အားလုံးက အလိုအလျောက် နားလည်မှုတစ်ခု ရယူပြီး တူညီသော အတွေးတစ်ခုသာလျှင် ရှိကြတော့လေသည်။

သူတို့ထဲမှ မည်သူကပဲ ထိုအလင်းလုံးကို ရရ.. ကိစ္စမရှိပေ။ အဲဒါက လူသားမျိုးနွယ်မှ တာအိုအရှင် ၃ယောက် မဖြစ်ဖို့လိုလေသည်။

ထိုသို့ဖြစ်ခဲ့ပါက.. သားရဲတစ်ထောင်တောင်ကြားက ဂုဏ်သိက္ခာကျဆင်းရပေတော့မည်။

ရုက်တရက်.. လောကက တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။

များစွာသော မိစ္ဆာသားရဲများ၊ အရှင်သခင် ၆ပါးနှင့် တာအိုအရှင် ၃ပါးက မလှုပ်မယှက် ငြိမ်သက်နေကြ၏။

အစကတည်းက ကောင်းကင်သတ်ဖြတ်ခြင်းဓား မွေးဖွားပေါ်ထွက်လာခြင်းနှင့်အတူ ချောက်ချားဖွယ်ရာ သတ်ဖြတ်လိုစိတ်တစ်ခုက နေရာတစ်ခွင် ပြည့်နှက်နေခဲ့ပြီးဖြစ်၏။

ယခု နှစ်ဖက်စလုံးက တင်းမာလာကြသောအခါ.. လေထဲရှိ သတ်ဖြတ်လိုစိတ်က ပို၍ပင် သိပ်သည်းစုဖွဲ့၍ ချောက်ချားဖွယ်ရာကောင်းလာခဲ့၏။

“တိုက်….”

ခဏမျှတိတ်ဆိတ်နေပြီးနောက်.. အရှင်သခင် ၆ပါးက တစ်ပြိုင်တည်းနီးပါး အော်ဟစ်လိုက်ကြ၏။

“ဂါး”

“ဝေါင်း”

နေရာတစ်ခွင်မှာရှိသည့် မရေမတွက်နိုင်သော သားရဲများသည် ဟိန်းဟောက်လိုက်ကြပြီး ကောင်းကင်က တုန်ခါ၍ ကမ္ဘာမြေက တုန်ဟည်းလာခဲ့၏။ တောင်တန်းများက လှုပ်ခါလာပြီး ကျောက်စရစ်ခဲများနှင့်အတူ ဖုန်မှုန့်များက တထောင်းထောင်းထလာလေသည်။

အရှင်သခင် ၆ပါးက သူတို့၏ အစစ်အမှန်ပုံစံသို့ ပြောင်းလဲလိုက်ကြပြီး တာအိုအရှင်တိမ်လွှာမိုးစက်တို့အုပ်စုကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။ အခြားသော အဆင့်မြင့်မိစ္ဆာသားရဲများကလည်း အဘက်ဘက်ကနေ ဝန်းရံတိုက်ခိုက်လာကြ၏။

ချက်ချင်းပင် ဓမ္မစွမ်းအားများက အော်မြည်၍ တအုန်းအုန်း တကျက်ကျက် ဖြစ်လာခဲ့လေသည်။

မရေမတွက်နိုင်သော ဓမ္မပညာရပ်များသည် လေထဲကနေ ဖြတ်သန်းလာပြီး လွှမ်းခြုံလာသော ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုနှင့်အတူ ဆင်းသက်လာခဲ့လေသည်။ သူတို့က နေရာတိုင်းကို ရောက်ရှိလာပြီး သူတို့ကြောင့် ရာသီဥတုကပင် ပြောင်းလဲသွားရလေသည်။

အဆင့်နိမ့်မိစ္ဆာသားရဲများကို မပြောနှင့်.. အလယ်အလတ်အဆင့် မိစ္ဆာသားရဲများပင်လျှင် ထိုနေရာသို့ တိုးဝင်သွားပါက တုန်ခါလှိုင်းများကြောင့် ချက်ချင်းသေဆုံးရနိုင်လေသည်။

နေရာပေါင်းစုံမှာရှိသော အလယ်အလတ်အဆင့် မိစ္ဆာသားရဲများက နောက်သို့ဆက်တိုက်ဆုတ်သွားပြီး ခပ်ဝေးဝေးကနေ ပုန်းကွယ်ကာ တိုက်ပွဲကို စောင့်ကြည့်ကြလေသည်။

တာအိုအရှင်တိမ်လွှာမိုးစက်က အာရုံစိုက်ကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် နတ်ဆိုးဆန်သော အလင်းတစ်ခုက တောက်ပလာခဲ့၏။ သူ၏ ဘေးပတ်လည်တစ်ဝိုက်တွင် မရေမတွက်နိုင်သော ချည်မျှင်များက ယှက်ဖြာလာပြီး ပိုပို၍ သိပ်သည်းစုဖွဲ့လာပုံပင်။

“စိတ်ခံစားချက် ၇မျိုး ချည်မျှင်”

တာအိုအရှင်တိမ်လွှာမိုးစက်က အော်ဟစ်လိုက်၏။

လေထဲတွင် တာအိုအရှင်တိမ်လွှာမိုးစက်အကြည့် ရွေ့လျားသွားရာတစ်လျှောက်တွင်ရှိသော အဆင့်မြင့်မိစ္ဆာသားရဲများအားလုံး၏ ဘေးပတ်လည်တွင် အရောင်အသွေးစုံလင်၍ လှပသော ချည်မျှင်များက လွင့်ကန်ထွက်ပေါ်လာ၏။

ထိုချည်မျှင်များက သူတို့၏ ဘေးပတ်လည်မှာ အဆက်မပြတ် ရစ်ပတ်လာခဲ့လေသည်။

သူတို့၏ အရေအတွက်က ပိုပို၍တိုးလာပြီး ပို၍တင်းကျပ်စွာ ရစ်ပတ်လာခဲ့လေသည်။

ဒါ့အပြင် ဤချည်မျှင်များအားလုံး၏ အစွန်းတစ်ဖက်သည် တာအိုအရှင်တိမ်လွှာမိုးစက်၏ လက်ဝါးထဲမှာ ပြွတ်သိပ်စွာ ချိတ်ဆက်နေလေသည်။

“စိတ်ခံစားချက် ၇မျိုး ချည်မျှင်.. နှစ်ငါးထောင်ကြာပြီးတဲ့နောက် ငါက အဲဒီ ဓမ္မပညာရပ်ကို ပြန်မြင်ရပြီပေါ့”

တာအိုအရှင်အဆုံးစွန်မီး၏ အသံက လွမ်းမောတမ်းတစွာဖြင့် ထွက်ပေါ်လာခဲ့၏။

“စိတ်ခံစားချက် ၇မျိုး ချည်မျှင်တွေက တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ အထွတ်အထိပ် အတတ်ပညာတစ်ခုပဲ.. သူတို့ဂိုဏ်းထဲမှာတောင် အဲဒါကို အောင်မြင်အောင် ကျင့်ကြံနိုင်တဲ့သူက အနည်းအကျဉ်းမျှပဲ ရှိတယ်.. တာအိုအရှင်တိမ်လွှာမိုးစက်က သူတို့ထဲက တစ်ယောက်ပဲ”

“လူသားကျင့်ကြံသူပဲဖြစ်ဖြစ်.. မိစ္ဆာသားရဲတွေပဲဖြစ်ဖြစ်.. သူတို့အားလုံးက စိတ်ခံစားချက် ၇မျိုးနဲ့ အာရုံ ၆ပါးကို ပိုင်ဆိုင်ထားကြတယ်.. စိတ်ခံစားချက် ၇မျိုး ချည်မျှင်တွေက သက်ရှိအားလုံးရဲ့ စိတ်နှလုံးထဲမှာ ကိန်းဝပ်နေတဲ့ စိတ်ခံစားချက် ၇မျိုးကို နှိုးဆွပေးလိမ့်မယ်”

“သူတို့က စိတ်ခံစားချက်တွေ ပိုများလေလေ.. အဲဒါက ပိုပြီးတော့ သက်ရောက်မှုရှိလေပဲ.. ပြီးရင် သူတို့က ပိုပြီးတော့လည်း ထိခိုက်ခံစားရလိမ့်မယ်”

တာအိုအရှင်တိမ်လွှာမိုးစက်က ထိုအတတ်ပညာအကြောင်း ရှင်းပြနေစဉ်မှာ စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကြောင့် အဆင့်မြင့်မိစ္ဆာသားရဲများ၏ ခန္ဓာကိုယ်မှ သွေးများ စီးထွက်လာသည်ကို ဆူဇီမိုက မြင်တွေ့လိုက်ရ၏။

စိတ်ခံစားချက် ၇မျိုး ချည်မျှင်က ကြောက်မက်ဖွယ်ရာပုံစံဖြင့် သူတို့ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်လာခဲ့လေသည်။

All Chapters