← Chapters

အရှင်သခင်များနှင့် တာအိုအရှင်များ

Vol. 59 Ch. 880

အရှင်သခင်များနှင့် တာအိုအရှင်များ

Vol. 59 Ch. 880

များစွာသော အဆင့်မြင့်မိစ္ဆာသားရဲများသည် စိတ်ခံစားချက် ၇မျိုး ချည်မျှင်များဖြင့် ရစ်ပတ်ခံရပြီး သွေးသံရဲရဲ အခြေအနေသို့ ရောက်ရှိလာကြလေသည်။ သူတို့က မည်သည့်သားရဲပညာရပ်များကိုမှ မထုတ်ဖော်နိုင်ခင်မှာပင် သူတို့သည် မခံမရပ်နိုင်သော နာကျင်မှုမှာ နစ်မြုပ်သည်ထက် နစ်မြုပ်လာခဲ့လေသည်။

စိတ်ခံစားချက် ၇မျိုး ချည်မျှင်များ၏ အစွန်းတစ်ဖက်စီသည် တာအိုအရှင်တိမ်လွှာမိုးစက်၏ လက်ဝါးနှစ်ဖက်နှင့် ချိတ်ဆက်ထားလေသည်။

အဆင့်မြင့်မိစ္ဆာသားရဲများ အားလုံးသည် တာအိုအရှင်တိမ်လွှာမိုးစက်၏ ရုပ်သေးရုပ်များပမာ ဖြစ်လာကြ၏။ သူတို့သည် သူတို့၏ ခန္ဓာကိုယ် သို့မဟုတ် သူတို့၏ ကံကြမ္မာများကို ထိန်းချုပ်နိုင်ခြင်း မရှိကြတော့ပေ။

စိတ်ခံစားချက် ၇မျိုး ချည်မျှင်များ၏ နောက်ခံကို ကြားရသောအခါ.. ဆူဇီမိုက တိတ်တဆိတ် ကြောင်အမှင်တက်သွားလေသည်။

သူ၏ကျင့်ကြံမှုက နက်ရှိုင်းလာသည်နှင့်အမျှ သူ ထိတွေ့ဆက်နွယ်ရသော ကိစ္စများ၏ အဆင့်ကလည်း ပို၍ကြီးမားလာပြီး သူတွေ့ကြုံရသော ဓမ္မပညာရပ်များနှင့် လျှို့ဝှက်အတတ်များကလည်း ပို၍ စွမ်းအားကြီးလာခဲ့လေသည်။

တကယ်ဆို.. အဲဒီမှာ ခုခံဖို့ပင် မဖြစ်နိုင်သော ဓမ္မပညာရပ်များပါ ရှိလာခဲ့ပြီဖြစ်၏။

စိတ်ခံစားချက် ၇မျိုး ချည်မျှင်များက ထိုအထဲမှ တစ်မျိုးဖြစ်လေသည်။

လူသားကျင့်ကြံသူများဖြစ်စေ.. မိစ္ဆာသားရဲများဖြစ်စေ.. သူတို့က သက်ရှိများဖြစ်နေသည်နှင့်အမျှ သူတို့သည် ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မျှော်လင့်တမ်းတခြင်း၊ စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်းနှင့် တုန်လှုပ်ခြင်းဟူသော စိတ်ခံစားချက် ၇မျိုးကို ပိုင်ဆိုင်ထားကြလေသည်။

စိတ်ခံစားချက် ၇မျိုး မရှိပါက သူတို့သည် ကျောက်တုံးတစ်တုံးကဲ့သို့ အသက်မရှိဘဲ ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း ကျောက်တုံးတစ်တုံးပင်လျှင် အသိစိတ်ဝင်လာပြီး သားရဲတစ်ကောင်အဖြစ် ပြောင်းလဲလာပါက ၎င်းသည်လည်း အတိုင်းအတာတစ်ခုအရောက်တွင် စိတ်ခံစားချက် ၇မျိုးကို​ ပိုင်ဆိုင်လာပေလိမ့်မည်။

တာအိုအရှင်အဆုံးစွန်မီး၏ စကားများအရ.. လူတစ်ယောက်သည် စိတ်ခံစားချက် ၇မျိုးကို ပိုင်ဆိုင်ထားသည်နှင့်အမျှ သူတို့သည် စိတ်ခံစားချက် ၇မျိုး ချည်မျှင်များ၏ ထိန်းချုပ်ခြင်းကို မလွှဲမသွေ ခံရပေလိမ့်မည်။

ကြီးမားသည့် ဤတိုက်ပွဲအတွင်းတွင် သူတို့က ပို၍ဒေါသထွက်လေလေ.. ပို၍စိုးရိမ်ပူပန်လေလေ.. သို့မဟုတ် ပို၍ကြောက်ရွံ့လေလေ.. သူတို့ခန္ဓာကိုယ်အတွင်းကနေ စိတ်ခံစားချက် ၇မျိုး ချည်မျှင်များက ပို၍ထွက်ပေါ်လာပေလိမ့်မည်။ ထိုသို့ဖြင့် သူတို့သည် သေဆုံးသည်အထိ သူတို့၏ စိတ်ခံစားချက်များမှာ နစ်မြုပ်သည်ထက် နစ်မြုပ်သွားကြပေလိမ့်မည်။

“ဗြီး”

အဲဒီမှာ အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်သည် အသည်းအသန် ရုန်းကန်နေရင်း စိတ်ခံစားချက် ၇မျိုးကို ပို၍ပို၍ထုတ်ပေးကာ အပိုင်းပိုင်းအတစ်တစ်ဖြစ်၍ သေဆုံးသွားခဲ့လေသည်။ သူက အလောင်းပင်မကျန်ဘဲ သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။

သူ၏ အမြုတေစိတ်ဝိညာဉ်ပင်လျှင် အချိန်မီ မလွတ်မြောက်နိုင်ခဲ့ပေ။

အဲဒါက တကယ့်ကို ကြောက်စရာကောင်းသော ဓမ္မပညာရပ်တစ်ခု ဖြစ်လေသည်။

ကြောက်စရာအကောင်းဆုံးအချက်မှာ တာအိုအရှင်တိမ်လွှာမိုးစက်သည် စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကို ထုတ်ဖော်ခြင်းဖြင့် လက်ရှိမိစ္ဆာသားရဲများ အားလုံးကို ပစ်မှတ်ထားလေသည်။ မည်သူကမှ ချမ်းသာရာမရပေ။

သူက လူတိုင်းကို တစ်ယောက်တည်းဖြင့် ဖိနှိမ်ဖို့ ကြိုးစားနေသည်မှာ ဘယ်လောက်တောင် ရဲတင်းလိုက်ပါသလဲ။

အရှင်သခင် ၆ယောက်ကလည်း ထိုအထဲမှာ ပါဝင်လေသည်။

တကယ်တော့ တာအိုအရှင်တိမ်လွှာမိုးစက်သည် မိစ္ဆာသားရဲများ အားလုံးကို ပစ်မှတ်ထားသောကြောင့် သူ၏ခွန်အားကို သေချာပေါက် ခွဲဝေပေးထားရလေသည်။ သူက စိတ်ခံစားချက် ၇မျိုး ချည်မျှင်များဖြင့် အရှင်သခင် ၆ပါးကို ထိန်းချုပ်ချင်သည်ဆိုလျှင် အဲဒါက အတော်လေး ခက်ခဲနေပေလိမ့်မည်။

ရွှေရောင်မီးတောက်တောင်တန်းအရှင်သခင်၏ ခန္ဓာကိုယ်က ပြင်းထန်သော မီးတောက်များဖြင့် တောက်လောင်လာပြီး စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကို အဆက်မပြတ် လောင်ကျွမ်းစေလိုက်လေသည်။

စိတ်ခံစားချက် ၇မျိုး ချည်မျှင်များက ဆက်တိုက်ပေါ်ထွက်လာသော်လည်း သူတို့က သူ့ခန္ဓာကိုယ်ကို မချည်နှောင်နိုင်ပေ။

မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က စိတ်ခံစားချက် ၇မျိုး ချည်မျှင်များဖြင့် လှီးဖြတ်ခံရပြီး စိမ့်ဖန့်ဖန့်သွေးများက စီးထွက်လာခဲ့၏။

သူမ၏သွေးက စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကို စွန်းထင်းသွားချိန်တွင်.. သူတို့က မကြာခင် ဆွေးမြည့်၍ ပြတ်ထွက်လာလေသည်။

အခြားသော အရှင်သခင်များသည်လည်း သူတို့၏ အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုကာ စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကနေ ရုန်းထွက်၍ တာအိုအရှင်တိမ်လွှာမိုးစက်ဆီသို့ အတူတကွ ပြေးဝင်သွားကြလေသည်။

မျောက်ဝံအိုကြီးက လေးကန်နေပုံပေါက်သော်လည်း သူက စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကို ကိုင်တွယ်ရာမှာ အကြမ်းတမ်းဆုံးဖြစ်လေသည်။

သူ၏အသားက ကြီးထွားလာပြီး သူ၏ခန္ဓာကိုယ်က ပြန့်ကားလာကာ စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကနေ တိုက်ရိုက်ရုန်းထွက်လိုက်လေသည်။ သူက လှီးဖြတ်ခံရပြီး သွေးများက ပန်းထွက်လာသော်လည်း သူ၏အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

“သတ်”

မျောက်ဝံအိုကြီးက ရှေ့သို့လှမ်းဝင်သွားပြီး တာအိုအရှင်တိမ်လွှာမိုးစက်၏ ဦးခေါင်းဆီသို့ အကျော်ဇေယျကို ပြင်းထန်စွာ လွှဲယမ်း၍ ရိုက်ချလိုက်၏။

ချက်ချင်းပင် ကျိန်းစက်နေသော ရွှေရောင်အလင်းက လေထဲမှာ ပြည့်နှက်လာခဲ့လေသည်။

တာအိုအရှင်တိမ်လွှာမိုးစက်က သူ၏မျက်စိကို မှေးကျဉ်းလိုက်ပြီး ထိုတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုခြင်း မရှိဘဲ နောက်သို့ဆုတ်လိုက်လေသည်။

ဟင်္သပြဒါးတိမ်လွှာတောင်ကြား အရှင်သခင်၏ မျက်လုံးများမှ ပြိုးပြိုးပြက်ပြက် အလင်းရောင်ခြည်တန်းနှစ်ခုက လေထဲသို့ တဟုန်ထိုးထွက်လာခဲ့လေသည်။ သူတို့က စိတ်ခံစားချက် ၇မျိုး ချည်မျှင်များကို တိုက်ရိုက်ဖြတ်တောက်လိုက်လေသည်။

များစွာသော မိစ္ဆာသားရဲများသည် ထိုအခွင့်အရေးကို ချိန်ကိုက်၍ ရုန်းထွက်လာနိုင်ကြလေသည်။

“ကောင်းကင်နှင့်မြေကြီး နှင်းမုန်တိုင်း”

အေးစက်ခက်ထန်သော အသံတစ်သံက ထွက်ပေါ်လာပြီး တိုက်ပွဲနယ်မြေတွင် အပူချိန်က ချက်ချင်းကျဆင်းလာ၏။ နတ်မိမယ်နှင်းပွင့်က တိုက်ခိုက်လိုက်လေပြီ။ ရုတ်တရက် ဆီးနှင်းပွင့်များက လေထဲမှာ ပြည့်နှက်လာခဲ့လေသည်။

ဆီးနှင်းပွင့်တစ်ခုချင်းစီတိုင်းသည် ဆဋ္ဌဂံပုံသဏ္ဍာန်ရှိပြီး အလွန်တရာ နက်နဲဆန်းကြယ်သော အမှတ်သင်္ကေတများနှင့် ကျမ်းစာများက ၎င်းတို့အပေါ်မှာ ခတ်နှိပ်ထားလေသည်။ သူတို့က အရမ်းကိုလှပ၍ တဖျပ်ဖျပ်လက်နေလေသည်။

ဆီးနှင်းပွင့်များက လှပသော်လည်း သူတို့က အညှာအတာကင်းမဲ့လေသည်။

ဆီးနှင်းပွင့်များသည် သိပ်သည်းစွာ ထွက်ပေါ်လာပြီး အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်က အဲဒါကို အချိန်မီ မရှောင်တိမ်းနိုင်လိုက်ပေ။ ဆီးနှင်းတစ်ပွင့်က သူ၏ပခုံးပေါ်သို့ ဆင်းသက်သွားပြီးနောက် သွေးစီးကြောင်းတစ်ခုက ပန်းထွက်လာခဲ့လေသည်။

တူညီသော မြင်ကွင်းများက နေရာတစ်ဝှမ်းလုံးမှာ ဖြစ်ပေါ်လာခဲ့လေသည်။

လောကတစ်ခုလုံးသည် နှင်းပွင့်၊နှင်းချပ်များဖြင့် ပြည့်နှက်သွားပြီး ကြောက်မက်ဖွယ်ရာ သွေးစက်များက ဖြာလက်လာခဲ့လေသည်။

မိစ္ဆာသားရဲများ၏ အော်ဟစ်ဟိန်းဟောက်သံများက နေရာတိုင်းမှာ ထွက်ပေါ်လာခဲ့၏။

တာအိုအရှင်တိမ်လွှာမိုးစက်၏ ကြောက်စရာကောင်းသော တိုက်ခိုက်မှုနှင့်မတူဘဲ နတ်မိမယ်နှင်းပွင့်၏ ဓမ္မပညာရပ်သည် ပို၍ဝမ်းနည်ပူဆွေးဖွယ်ရာကောင်းပြီး ဤလောကမှာ မဟုတ်သည့်အလား အိပ်မက်ဆန်နေလေသည်။

နတ်မိမယ်နှင်းပွင့်က နှင်းများပေါ်ကနေ လျှောက်လှမ်းပြီး အလွန်တရာ လှပသော ပုံစံဖြင့် သူမ၏အင်္ကျီဖြူကို တဖျပ်ဖျပ်လှုပ်ကာ လေထဲကနေ ဖြတ်သန်းလာခဲ့လေသည်။ သူမက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သားရဲများ အားလုံးက မော့ကြည့်လိုက်ကြ၏။ အဲဒါက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လေသည်။

ဆူဇီမိုက မျှော်မှန်းတမ်းတသော ခံစားချက်တစ်ခုဖြင့် ထိုမြင်ကွင်းကို ငေးကြည့်လိုက်၏။

သူက ဤအဆင့်ထိရောက်အောင် ကျင့်ကြံဖို့ ဘယ်လောက်ကြာဦးမလဲ မသိပေ။

ဓမ္မဝိသေသများသည် ကျင့်ကြံရေးလောကတွင် ထိပ်ဆုံးနီးပါးတည်ရှိမှုများဖြစ်ပြီး သူတို့က မြင့်မြတ်သော ဂုဏ်အဆင့်အတန်းကို ပိုင်ဆိုင်ထားကြလေသည်။ သူတို့က မည်သည့်ဂိုဏ်း သို့မဟုတ် မည်သည့်အဖွဲ့အစည်းကပင်ဖြစ်ပါစေ.. မည်သူကမှ သူတို့ကို မလေးမစား မပြုမူရဲကြပေ။

တာအိုအရှင်တိမ်လွှာမိုးစက်တို့၏ အုပ်စုသည် သားရဲနယ်​မြေ ရှစ်ခွင်သို့ အတင်းဝင်ရောက်လာပြီး ဤနေရာတွင် များစွာသော သားရဲများနှင့် ရင်ဆိုင်တိုက်ခိုက်နေသည်မှာ တကယ့်ကို အားကျဖွယ်ရာကောင်းလေသည်။

ဒါက သားရဲတစ်ထောင် တွေ့ဆုံပွဲဖြစ်လေသည်။

ယခုအချိန်တွင် သားရဲတစ်ထောင်တောင်ကြားရှိ အသန်မာဆုံး အဆင့်မြင့်မိစ္ဆာ အားလုံးနီးပါးက ဤနေရာမှာ စုဝေးနေကြလေသည်။

တာအိုအရှင် ၃ပါးက ဤနေရာအထိ စွန့်စားဝင်ရောက်လာခြင်းမှာ ဘယ်လောက်တောင် ရဲတင်းလိုက်ပါသလဲ။

“ငါ့ရဲ့ သားရဲပညာရပ်ကိုလည်း ကြည့်လိုက်ဦး”

ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က ဟိန်းဟောက်လိုက်ပြီး သူ၏နဖူးက တောက်ပသွား၏။ သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ ဓမ္မစွမ်းအားများက​ ရုန်းကြွလာပြီး ပြင်းထန်သော မီးတောက်များက ကောင်းကင်ထက်သို့ ပစ်လွင့်ကာ နေရာတစ်ခွင်လုံးကို လွှမ်းခြုံသွားလေသည်။

ရွှစ်

ရွှေရောင်မီးတောက်များသည် ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခုနှင့်အတူ ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားပြီး မရေမတွက်နိုင်သော နှင်းပွင့်နှင်းချပ်များကို လောင်ကျွမ်းသွားစေလေသည်။

သူမ၏ ဓမ္မပညာရပ်က ဖျက်စီးခံလိုက်ရသောအခါ.. နတ်မိမယ်နှင်းပွင့်သည် အမူအရာကင်းမဲ့နေပြီး အကျပ်တွေ့ခြင်း သို့မဟုတ် ဒေါသထွက်ခြင်း မရှိပေ။

ရွှစ်.. ရွှစ်.. ရွှစ်

ကျိန်းစက်နေသော ဓားအလင်းက လေထဲမှာ တဖျပ်ဖျပ်လက်လာခဲ့၏။

ဓားချီက စီးပိုးခြယ်လှယ်စွာ ထွက်ပေါ်လာပြီး သူဖြတ်သန်းသွားရာတစ်လျှောက်တွင် မည်သည့်အသက်ဓာတ်မှ မကျန်ရှိခဲ့ပေ။

အသက်မဲ့ ဓားပညာရပ် ။

တာအိုအရှင် အင်မော်တယ်ဓားက နောက်တစ်ဖန် တိုက်ခိုက်လိုက်လေသည်။

တာအိုအရှင် တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့နှင့် မတူဘဲ တာအိုအရှင် အင်မော်တယ်ဓား၏ တိုက်ခိုက်မှုက သတ်ဖြတ်ခြင်းစွမ်းအားဖြင့် ပြည့်နှက်နေလေသည်။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာ.. အဆင့်မြင့်မိစ္ဆာသားရဲ ၁၀ယောက်ကျော်သည် သူ၏ဓားချီများဖြင့် လွှမ်းခြုံခံလိုက်ရပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်များပါမကျန် ပိုင်းဖြတ်ခံလိုက်ရလေသည်။

မျောက်ဝံအိုကြီးနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်တို့က တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြပြီး လေထဲရှိ ဓားချီအများစုကို ပျက်ပြယ်သွားစေလေသည်။

ထိုတိုက်ပွဲကိုကြည့်ပြီး မိစ္ဆာသားရဲများစွာက ရင်ထဲမှာ တဒိန်းဒိန်းခုန်လာကြလေသည်။

အရှင်သခင်များနှင့် တာအိုအရှင်များ..။

အဲဒါက လူသားမျိုးနွယ်နှင့် သားရဲမျိုးနွယ်၏ ထိပ်တန်းအဆင့် ဓမ္မဝိသေသပညာရှင်များအကြား တိုက်ပွဲတစ်ပွဲဖြစ်လေသည်။

ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ် မွေးဖွားပေါ်ထွက်ခြင်းကြောင့်သာ မဟုတ်လျှင် အဲဒါက တစ်ကယ့်ကို ကြုံတောင့်ကြုံခဲ မြင်ကွင်းတစ်ခုဖြစ်လေသည်။

ဆူဇီမို၏အကြည့်က တည်မြဲနေပြီး သူ၏မျက်လုံးကို မှေးကျဉ်းကာ တိုက်ပွဲနယ်မြေရှိ အသေးစိတ်တစ်ခုချင်းစီကို စစ်ဆေးကြည့်ရှုနေ၏။

သူက အခြားလူများနှင့် မတူပေ။

အခြားသော မိစ္ဆာသားရဲများက ပြပွဲကို စောင့်ကြည့်နေရုံမျှသာ ဖြစ်လေသည်။

သို့သော်လည်း သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို အရယူချင်လေသည်။

သူ၏အတွေးကို အခြားသူများသိလျှင် သေချာပေါက် လှောင်ပြောင်သရော်ခြင်း ခံရပေလိမ့်မည်။

အဲဒါက ထိပ်တန်းအဆင့် ဓမ္မဝိသေသပညာရှင်များအကြား တိုက်ပွဲတစ်ပွဲဖြစ်လေသည်။ သူကဲ့သို့သော အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်သည် အနားသို့ မချဉ်းကပ်နိုင်ခင်မှာပင် သူတို့၏တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော တုန်ခါလှိုင်းများ​ဖြင့် ချက်ချင်းပင် သတ်ဖြတ်ခံရပေလိမ့်မည်။

သူက များစွာသော ဓမ္မဝိသေသပညာရှင်များ၏ မျက်စိအောက်ကနေ ကောင်းကင်သတ်ဖြတ်ခြင်းဓားကို ခိုးယူဖို့ စဉ်းစားနေခြင်းသည် သေချာပေါက် အိပ်မက်မက်နေခြင်းသာ ဖြစ်လေသည်။

ယခုအချိန်ထိတော့ ဆူဇီမိုမှာ အစီအစဉ် မရှိသေးပေ။

သူ၏ တစ်ခုတည်းသော နောက်ခံမှာ တာအိုအရှင်အဆုံးစွန်မီး ဖြစ်လေသည်။

သူက အခွင့်အလမ်းတစ်ခု ရရှိလာဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်လေသည်။

လေထဲတွင် အချိန်ကြာလာသည်နှင့်အမျှ တိုက်ပွဲက ပြင်းထန်လာခဲ့လေသည်။

သားရဲတစ်ထောင်တောင်ကြားမှာ မိစ္ဆာသားရဲများစွာ ရှိသော်လည်း သူတို့သည် အရှင်သခင် ၃ပါးကို လှဲချနိုင်ခြင်း မရှိချေ။ ထိုအစား များစွာသော မိစ္ဆာသားရဲများက ပြန်လည်သတ်ဖြတ်ခြင်းခံရလေသည်။

တကယ်တော့ အရှင်သခင် ၆ပါးက တာအိုအရှင် ၃ပါး ထုတ်လွှတ်သော စွမ်းအားအများစုကို လက်ခံတားဆီးပေးထားခြင်းကြောင့် မဟုတ်လျှင် ကျန်ရှိနေသော အဆင့်မြင့်မိစ္ဆာသားရဲများက သေဆုံးသွားသည်မှာ ကြာနေလောက်လေပြီ။

တဖြည်းဖြည်းနှင့် နှစ်ဖက်စလုံးက မျှချေတစ်ခုသို့ ရောက်ရှိလာကြ၏။

လေထဲရှိ အလင်းလုံးက သူတို့၏ ရှေ့တည့်တည့်မှာ ရှိနေသော်လည်း သူတို့ထဲမှ မည်သူမဆို တိုက်ပွဲနယ်မြေကနေ ထွက်ခွာဖို့က အလွန်တရာ ခက်ခဲလေသည်။

တာအိုအရှင် အင်မော်တယ်ဓားက မျက်မှောင်ကို တင်းကျပ်စွာကြုတ်လိုက်၏။

ဘာပဲပြောပြော ဤနေရာက သားရဲတစ်ထောင်တောင်ကြား ဖြစ်လေသည်။ ဤနေရာတွင် အုံးအုံးကျက်ကျက် ဖြစ်ပွားမှုက အရမ်းကိုကြီးမားလွန်းပြီး ကိစ္စများက ဆက်လက်ကြန့်ကြာနေလျှင် သားရဲတစ်ထောင်တောင်ကြားရှိ အခြားသော ထိပ်တန်းအဆင့်ပညာရှင်များက ဤနေရာကို အာရုံစိုက်လာနိုင်လေသည်။

မဟာသားရဲတစ်ပါးက ပေါ်ထွက်လာမည်ဆိုလျှင် နောက်ဆက်တွဲရလဒ်များက စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။

ထိုသို့အတွေးဖြင့် တာအိုအရှင် အင်မော်တယ်ဓားက တိုက်ခိုက်နေရင်း အော်ပြောလိုက်၏။

“တာအိုရောင်းရင်းတို့.. ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ အစစ်အမှန်ခွန်အားနဲ့ တိုက်ခိုက်ပေးကြပါ.. ကျုပ်ကို​ ကူညီပြီးတော့​ ခဏလောက်လေး အချိန်ဆွဲပေးထားကြ.. ကျုပ်က အဲဒီကိုသွားပြီး အထဲမှာရှိတဲ့ဟာကို သွားယူမယ်”

“ကျုပ်ရဲ့ တာအိုဘွဲ့ကို တိုင်တည်ပြီးပြောမယ်.. ကျုပ်က အဲဒါကို အရယူနိုင်မယ်ဆိုရင် နောက်အနာဂတ်မှာ ခင်ဗျားတို့နှစ်ယောက်ကို ကြီးကြီးမားမား သေချာပေါက် ပြန်ပေးဆပ်မယ်လို့ ကတိပေးတယ်”

တာအိုအရှင် အင်မော်တယ်ဓားက ဣန္ဒြေရနေပုံပေါ်သော်လည်း သူ၏ရင်ထဲမှာတော့ အနည်းငယ် ပျာယာခတ်နေလေသည်။

“ရတယ်လေ”

တာအိုအရှင်တိမ်လွှာမိုးစက်က ကျယ်လောင်စွာ သဘောတူလိုက်လေသည်။

သူက တာအိုအရှင် အင်မော်တယ်ဓားထံမှ ဤကတိကို ရရှိနိုင်ခြင်းကပင် ဤနေရာသို့ ရောက်လာခဲ့ရသော သူ၏ခရီးကို ထိုက်တန်စေခဲ့လေသည်။

All Chapters