တာအိုအရှင်တစ်ပါး၏ နည်းလမ်းများ
Vol. 59 Ch. 881
အလင်းလုံးအတွင်း ဘာရှိသည်ကို တာအိုအရှင်အင်မော်တယ်ဓါးက သိထားသည့်အတွက် သူက အဲ့ဒါကို မရရအောင် ယူဖို့အတွက် စိတ်ပိုင်းဖြတ်ထား၏။
သူက ဤဓါးပညာရပ်ကို အရယူနိုင်မည်ဆို.. ဓါးဧကရာဇ်ပြီးလျှင် သူက အဲ့ဒါကို လုပ်နိုင်သော ဒုတိယမြောက်လူ ဖြစ်လာနိုင်လေသည်။
သို့သော်လည်း သူက အရမ်းကို လိမ္မာပါးနပ်ပြီး အလင်းလုံးအတွင်း အမှန်တစ်ကယ်ရှိသည့်အရာကို သူက တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့ကို ပြောပြမထားပေ။ အဲ့ဒါက ဓါးဂိုဏ်းနှင့် ပတ်သတ်ဆက်နွယ်သော ပစ္စည်းတစ်ခု ဖြစ်သည်ဟုသာ သူက ပြောထားလေသည်။
တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့ကလည်း အလင်းလုံးအတွင်း ရှိသည့်အရာကို ခန့်မှန်းနိုင်လိမ့်မည် မဟုတ်ဟု သူက ယုံကြည်ထား၏။
လောကနမိတ်ဖြစ်စဉ်တစ်ခုကနေ ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်က မွေးဖွားလာလိမ့်မည်ဟု ခန့်မှန်းနိုင်သည့်သူက မရှိသလောက်နီးပါးပင်။
ဒါ့အပြင် သူသည် ဓါးဂိုဏ်း၏ အမွေအနှစ်ရှေးဟောင်းစာအုပ်များကို လှန်လှောဖတ်ရှုကြည့်ပြီးမှသာလျှင် ဓါးဧကရာဇ် ချန်ထားရစ်ခဲ့သော လျှို့ဝှက်နက်နဲသည့် ဖော်ပြချက်တစ်ခုကို အမှတ်တမဲ့ မှတ်သားရခဲ့ခြင်း ဖြစ်လေသည်။
‘ကောင်းကင်ရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ထွက်ပေါ်လာတဲ့အခါ ကြယ်တွေက နဂိုနေရာကနေ ရွေ့လာမယ်.. ကမ္ဘာမြေရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ထွက်ပေါ်လာတဲ့အခါ နဂါးနဲ့မြွေက ပျံတက်လာမယ်.. လူသားရဲ့ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ ထွက်ပေါ်လာတဲ့အခါ ကောင်းကင်နဲ့ မြေကြီးက ပြိုကျလာလိမ့်မယ်’
တစ်ကယ်တော့ သူကိုယ်တိုင်လည်း လုံးလုံးလျားလျားတော့ မသေချာခဲ့ပေ။
တာအိုအရှင်အင်မော်တယ်ဓါးက ဤနေရာ အနက်ပိုင်းထဲသို့ စွန့်စားဝင်ရောက်လာပြီး အလင်းလုံးကနေ ထုတ်လွှတ်ထားသော ကြောက်စရာကောင်းသည့် ဓါးစိတ်ဆန္ဒကို မြင်ရသောအခါမှသာ ထိုအလင်းလုံးအတွင်းတွင် ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်က ရှိနေသည်ဆိုတာကို နောက်ဆုံး သူလက်ခံယုံကြည်သွားလေသည်။
“တာအိုရောင်းရင်းတို့.. ကျေးဇူးပြုပြီး နဲနဲကြာအောင် အချိန်ဆွဲထားပေးကြပါ.. ခဏတဖြုတ်ဆိုရင်ကို အလုပ်ဖြစ်တယ်”
တာအိုအရှင်အင်မော်တယ်ဓါးက ထိုစကားကို ပြောပြီးသည်နှင့် တိုက်ပွဲထဲကနေ ထွက်လိုက်၏။
ဝှစ်..
ဓါးအလင်းတစ်ခုက လေထဲကနေ ပျံသန်းသွားပြီး တာအိုအရှင်အင်မော်တယ်ဓါးက လေထဲတွင် ဝဲခိုနေသော ဧရာမအလင်းလုံးဆီသို့ လျှောက်လှမ်းသွားလိုက်၏။
“မင်းက ဘယ်ကို သွားချင်နေသေးတာလဲ”
ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်က ငေါက်ငမ်း၍ သူ့လက်ထဲရှိ လှံတံကို လွှဲယမ်းလိုက်၏။ သူ့မျက်လုံးများထဲတွင် သတ္တုရောင်အလင်းနှစ်ခုက တောက်ပသွားပြီး တာအိုအရှင်အင်မော်တယ်ဓါးဆီသို့ အလွန်ကြီးမားသော စွမ်းပကားတစ်ခုနှင့်အတူ ကန့်လန့်ဖြတ် ဖြတ်သန်းသွား၏။
တာအိုအရှင်အင်မော်တယ်ဓါးသည် အဲ့ဒါကို လုံးဝ မမြင်ရသည့်အလား ရှောင်ရှားခြင်းမရှိဘဲ ရှေ့သို့ဆက်တက်သွား၏။
“မိချောင်းသားရဲ.. မင်းက ငါ့ကို အရင်ကျော်ဖြတ်ရလိမ့်မယ်”
တာအိုအရှင်တိမ်လွှာမိုးစက်က သူ့အပြုံးကို ရုတ်သိမ်းလိုက်ပြီး တည်တံ့လာခဲ့၏။ သူက သူ့ခေါက်ယပ်တောင်ကို ပစ်ထုတ်လိုက်ပြီး အဲ့ဒါက မဟူရာအလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ဇဝေဇဝါမြူခိုးရွှံ့ညွန်အရှင်သခင်၏ လှံတံကို ပြင်းထန်စွာ ရိုက်ထုတ်လိုက်၏။
ချွမ်း..
ခေါက်ယပ်တောင်က လှံတံကို ထိခတ်သွားပြီး ကျယ်လောင်သော သတ္တုချင်း ရိုက်ခတ်သံက ထွက်ပေါ်လာခဲ့၏။
လှံတံက ညင်သာစွာ တုန်ခါသွားပြီး အနည်းငယ် ပြန်ကန်ထွက်သွား၏။ ဖျတ်ကနဲဆို တာအိုအရှင်အင်မော်တယ်ဓါးသည် ခဏမျှ ပေါ်လာသော ထိုအခွင့်အရေးကို ချိန်ဆ၍ လျှောထွက်လိုက်လေသည်။
တာအိုအရှင်တိမ်လွှာမိုးစက်က ဇဝေဇဝါမြူခိုးရွှံ့ညွန်အရှင်သခင်ဆီသို့ လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်၏။
သူ့လက်ဖဝါးထဲတွင် ဓမ္မစွမ်းအားများက အဆက်မပြတ် စုဝေးလာခဲ့၏။
ဓမ္မစွမ်းအားများဖြင့် ဖန်တီးထားသော ဧရာမလက်ဝါးတစ်ဖက်က လေထဲမှာ ဖြစ်ပေါ်လာပြီး ချက်ချင်း ရောက်ရှိလာလေသည်။
“စိတ်အာရုံခြောက်ပါး လက်ဝါးရိုက်ချက်”
တာအိုအရှင်အဆုံးစွန်မီးက ညင်သာစွာ ပြောလိုက်၏။
“စိတ်ခံစားချက်ခုနှစ်မျိုးချည်မျှင်တွေနဲ့ စိတ်အာရုံခြောက်ပါးလက်ဝါးရိုက်ချက်က တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ အဆုံးစွန်သတ်ဖြတ်ကွက်တွေပဲ.. ဒါပေမယ့် စိတ်အာရုံခြောက်ပါးလက်ဝါးရိုက်ချက်ကတော့ သတ်ဖြတ်ခြင်းမှာ စူးစိုက်ထားတယ်”
“အခု သူက အဲ့ဒီအဆုံးစွန်သတ်ဖြတ်ကွက်ကို ထုတ်သုံးလာပြီဆိုတော့.. တိမ်လွှာမိုးစက်က ရှိသမျှအကုန် ထုတ်သုံးတော့မှာပဲ”
ဇဝေဇဝါမြူခိုးရွှံ့ညွန်အရှင်သခင်က အန္တရယ်ကို အာရုံခံမိပြီး သူ့မျက်လုံးက လက်သွားကာ မာန်ဖီလိုက်၏။
“ပင်ကိုနတ်ဘုရားစွမ်းအား.. ကျောက်တုံးဖွဲ့တည်ခြင်း”
ဇဝေဇဝါမြူခိုးရွှံ့ညွန်အရှင်သခင်၏ ခန္ဓာကိုယ်ပေါ်တွင် ကျောက်တုံးများနှင့် ဆင်တူသော ကြမ်းတမ်းသည့် အတုံးအခဲများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး သူ့ခန္ဓာကိုယ်က ထိုအထဲတွင် နစ်ဝင်၍ သူ့မျက်လုံးနှစ်ခုသာလျှင် ပေါ်တော့လေသည်။
အဲ့ဒါက ထုတ်ဖော်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်၏ ခံစစ်စွမ်းအားကို ကြီးမားစွာ မြှင့်တင်ပေးနိုင်သော ပင်ကိုနတ်ဘုရားစွမ်းအား ဖြစ်လေသည်။
ဓမ္မပညာရပ်တစ်ခုကို မပြောနှင့် စွမ်းအားကြီးသော တာအိုအရှင်ဓမ္မလက်နက်များပင်လျှင် သူ၏ အစစ်အမှန်ပုံစံကို ထိခိုက်အောင် လုပ်နိုင်တော့မည် မဟုတ်ပေ။
ဘန်း..
ဧရာမလက်ဝါးတစ်ခုက ဆင်းသက်လာခဲ့၏။
ဇဝေဇဝါမြူခိုးရွှံ့ညွန်အရှင်သခင်၏ အစစ်အမှန်ပုံစံသည် ပေပေါင်းများစွာ ကြီးမားလေသည်။ သို့သော်လည်း သူသည် ထိုဧရာမလက်ဝါးဖြင့် လွင့်စင်ထွက်သွားပြီး ကောင်းကင်ထက်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားရလေသည်။
ဘန်း ဘုန်း.. ဘုန်း..
တာအိုအရှင်တိမ်လွှာမိုးစက်၏ လက်နှစ်ဖက်က ဆက်လက်လှုပ်ရှားနေပြီး အားလုံးပေါင်း ဧရာမလက်ဝါးခြောက်ခုက ထွက်ပေါ်လာခဲ့၏။
လေဟာနယ်ပင်လျှင် တုန်ခါသွားရသည်။
“သွား”
တာအိုအရှင်တိမ်လွှာမိုးစက်က သူ့ခေါက်ယပ်တောင်ကို အပြင်ဘက်သို့ တစ်ဖန် ပစ်ထုတ်လိုက်၏။
သူ့ခေါက်ယပ်တောင်က ပြန့်ကားသွားပြီး အတွင်းမှာ မင်ပန်းချီများ ရှိနေ၏။
အဲ့ဒီမှာ ကိုယ်လုံးတီးအမျိုးသားများနှင့် ကြော့ရှင်းလှပသော အမျိုးသမီးများစွာက အလွန်တရာ ညှို့ငင်ဓါတ် ပြည့်ဝစွာ ကိုယ်နေဟန်ထားအမျိုးမျိုးဖြင့် ယှက်ဖြာ၍ နေရာယူထားကြ၏။
ခေါက်ယပ်တောင်က ပွင့်သွားသည့် ခဏမှာပင် အတွင်းမှာရှိသော အမျိုးသားများနှင့် အမျိုးသမီးများက အသက်ဝင်လာသည်ထင်ရပြီး ပတ်ပတ်လည် လှည့်ပတ်လာကြ၏။ ထိုအချိန်တွင် မိစ္ဆာသားရဲများအားလုံး၏ စိတ်နှလုံးများထဲတွင် အရိုင်းဆန်မှုများက ဝင်ရောက်လာကြသည်ဟု ထင်ရလေသည်။
“ဂါး..”
အချို့သော မိစ္ဆာသားရဲများသည် သူတို့၏ သွေးများက ဆူပွက်လာသည်ဟု ခံစားလိုက်ရပြီး တစ်ချက်ကြည့်မိရုံနှင့် ရူးသွပ်သွားသည့် အခြေအနေသို့ ဝင်ရောက်သွားကြလေသည်။
သားရဲတစ်ကောင်က သည်းထန်စွာ မောဟိုက်၍ တစ်ဖက်သို့လှည့်ပြီး မလှမ်းမကမ်းတွင်ရှိသော မြွေတစ်ထောင်ကျွန်းအရှင်သခင်ဆီသို့ မှုန်ယိုသွားသည့်ပုံစံဖြင့် ခုန်ဝင်သွားလေသည်။
မြေတစ်ထောင်ကျွန်းအရှင်သခင်၏ အမူအယာက အေးစက်သွားပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ထိုသားရဲကို သတ်ဖြတ်ပစ်လိုက်၏။
သို့သော် ထို့နောက်ချက်ချင်းပင် နောက်ထပ်မိစ္ဆာသားရဲတစ်ကောင်ကလည်း စိတ်လွတ်သွားပြီး ရှေ့သို့ ခုန်ဝင်လာပြန်၏။
“သေစမ်းဟာ..”
မြေတစ်ထောင်ကျွန်းအရှင်သခင်၏ တည်ငြိမ်သော ဣန္ဒြေဖြင့်ပင် သူမက မနေနိုင်ဘဲ ကျိန်ဆဲလိုက်၏။
တိုက်ပွဲနယ်မြေက ဝရုန်းသုန်းကား ဖြစ်လာ၏။
နတ်မိမယ်နှင်းပွင့်၏ အမူအယာက ပို၍ပင် အေးစက်လာခဲ့၏။ သူမသည် ဘေးပတ်လည်သို့ လှည့်ကြည့်ပြီးနောက် လက်ဟန်ချိတ်စည်းများကို လျင်မြန်စွာ ဆင့်ခေါ်ကာ သူမ၏ ဖြူဖွေးနုနယ်သော လက်တစ်ဖက်ကို တစ်ချက်ဝေ့ယမ်းလိုက်ရုံနှင့် အေးစက်သောနှင်းခဲများကို ဖြန့်ကြက်သွားစေ၏။
“နှင်းခဲစုစည်းခြင်း”
သူမက ရေခဲတမျှ အေးစက်သော အသံတစ်ခုနှင့် ဟိန်းဟောက်လိုက်၏။
မိစ္ဆာသားရဲအချို့က အလွန်တရာလျင်မြန်စွာ တုံ့ပြန်လိုက်ပြီး သူတို့၏ မျိုးဆက်သွေးများအတွင်းရှိ ဓမ္မစွမ်းအားများကို လှည့်ပတ်ကာ သူတို့ခန္ဓာကိုယ်များအပေါ် ဖြစ်ပေါ်လာသော နှင်းခဲတစ်လွှာကနေ ရုန်းထွက်လိုက်ကြ၏။
မိစ္ဆာသားရဲအချို့ကတော့ တုံ့ပြန်ဖို့ နှေးကွေးသွားကြ၏။ နှင်းခဲများက သူတို့၏ ခန္ဓာကိုယ်များအပေါ် ဖုံးအုပ်သွားချိန်တွင် သူတို့၏ အမူအယာများက အေးခဲသွားပြီး လုံးဝ မလှုပ်ရှားနိုင်တော့ပေ။
အဲ့ဒါက အရမ်းကို တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်လေသည်။
တစ်ခဏအတွင်းမှာပင် လေထဲတွင် ဧရာမရေခဲပန်းဆွဲများက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။
တိုက်ပွဲကို စောင့်ကြည့်နေကြသည့် အခြားသော မိစ္ဆာသားရဲများနှင့်မတူဘဲ ဆူဇီမို၏ နေရာက တိုက်ပွဲနယ်မြေဗဟိုနှင့် အရမ်းကို နီးကပ်နေ၏။
သို့သော်လည်း ထိုအခိုက်အတန့်တွင် သူ၏ မျိုးဆက်သွေးထဲမှာ မအီမသာအချို့ကို ခံစားလာရပြီဖြစ်၏။
နှင်းခဲချီများက တစ်လှိုင်းပြီးတစ်လှိုင်း ပြေးဝင်လာလေသည်။
ဆူဇီမိုသည် သူ့မျက်ခုံးနှစ်ဖက်ကို အနည်းငယ် ကြုတ်လိုက်၏။
သူ၏ မျိုးဆက်သွေးကို အစွမ်းကုန်လှည့်ပတ်ထားခြင်းကြောင့်သာ မဟုတ်လျှင် သူက နှင်းခဲချီ၏ ကျူးကျော်ဝင်ရောက်လာခြင်းကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။
သူက တိုက်ပွဲနယ်မြေ၏ အစွန်းအစပ်မှာသာလျှင် ရှိနေသေး၏။ သူသာ ယခုချိန် အလယ်ကို ရောက်နေပြီဆိုလျှင် အလင်းလုံးက ချဉ်းကပ်မလာခင်မှာပင် သူက ရေခဲရုပ်တုတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ထိုစဉ်မှာပင်.. သူ၏ ဘယ်ဘက်လက်ကောက်ဝတ်မှ နွေးထွေးသော ထိတွေ့ခံစားမှုတစ်ခုက ဖြန့်ကြက်လာပြီး မြစ်စီးကြောင်းတစ်ခုကဲ့သို့ သူ့ခြေလက်များဆီသို့ စီးဝင်လာလေသည်။
သိပ်မကြာမီ ဆူဇီမို၏ ခန္ဓာကိုယ်က နွေးထွေးလာခဲ့၏။
“ဘာမှ စိတ်စောမနေနဲ့.. ခဏလောက် ထပ်စောင့်လိုက်ဦး”
တာအိုအရှင်အဆုံးစွန်မီး၏ အသံက တစ်မူထူးခြားစွာ တည်ငြိမ်နေ၏။
ခပ်ဝေးဝေးတွင် မိစ္ဆာသားရဲများအားလုံးနီးပါးသည် ကမ္ဘာတုန်ဖွယ်ရာ ဤတိုက်ပွဲကို မမှိန်မသုန် စောင့်ကြည့်နေကြ၏။ သို့သော်လည်း မျောက်နှင့် အခြားသူများက ဆူဇီမိုကို မကြာမကြာ စိုက်ကြည့်နေကြ၏။
ယခုအခါ ဆူဇီမိုက သူ၏ ဝတ်ရုံကို ပြောင်းလဲထားပြီး ဖြစ်၏။
သူ့မျက်နှာပေါ်ရှိ ကြွက်သားများက တွန့်လိမ်သွားပြီး သူ၏ နဂိုစာပေသမားပုံစံနှင့် သန့်စင်သောအော်ရာက မရှိတော့လေပြီ။ တစ်ခဏအတွင်းမှာပင် သူက ကြမ်းတမ်းခက်ထန်သော အော်ရာတစ်ခုနှင့်အတူ အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
တိုက်ပွဲကို စောင့်ကြည့်နေကြသော သားရဲများအားလုံးတွင် မည်သူကမှ အဲ့ဒါကို သတိမထားမိလိုက်ကြပေ။
သို့သော် မျောက်နှင့် အခြားသူများကတော့ အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နေကြရ၏။
“အစ်ကိုကြီးက ဘာလုပ်ဖို့ ကြိုးစားနေတာပါလိမ့်”
စိတ်ဝိညာဉ်ကျားက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ပါးစပ်အဟောင်းသားနှင့် ကြက်သေသေသွားလေသည်။
“သခင်လေးက အဲ့ဒါကို လုပ်ဖို့....”
မြေခွေးလေးသည် စိုးရိမ်ပူပန်နေသော မျက်လုံးများနှင့်အတူ မျက်မှောင်အနည်းငယ် ကြုတ်ပြီး ဆူဇီမိုနှင့် လေထဲရှိ အလင်းလုံးကို တစ်လှည့်စီ ကြည့်လိုက်၏။
တစ်ကိုယ်တော်တိမ်စိုင်က သုန်မှုန်စွာဖြင့် ခေါင်းခါလိုက်၏။
“မဖြစ်နိုင်တာ.. အဲ့ဒီအဆင့်မှာရှိတဲ့ ဓမ္မစွမ်းအားတွေရဲ့ တုန်ခါလှိုင်းကတင် အလယ်အလတ်အဆင့်မိစ္ဆာသားရဲတွေကို သတ်ဖြတ်ပစ်နိုင်ဖို့ လုံလောက်တယ်”
“ဒီလောက်များတဲ့ ဓမ္မဝိသေသပညာရှင်တွေရဲ့ စောင့်ကြည့်မှုအောက်ကနေဆို.. အဲ့ဒီအလင်းလုံးကို လုယူဖို့နေနေသာ.. သခင်က အနားကိုတောင် လုံးဝကပ်နိုင်မှာ မဟုတ်ဘူး”
တစ်ကိုယ်တော်တိမ်စိုင်ပြောတာက မမှားပေ။
စောစောကတင် နတ်မိမယ်နှင်းပွင့်က နှင်းပုံတောင်ကြား၏ ထိပ်တန်းအဆင့်ဓမ္မပညာရပ်ကို ထုတ်ဖော်ပြီးနောက် အဆင့်မြင့်မိစ္ဆာသားရဲဆယ်ယောက်ကျော်သည် ရေခဲရုပ်ထုများအဖြစ် ပြောင်းလဲသွားပြီးနောက် ပြန်လည်နိုးထမလာတော့ပေ။
ခွမ်းကနဲ ကွဲထွက်သွားပြီးနောက် သူတို့သည် အပိုင်းပိုင်းအတစ်တစ် ကြေမွကာ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားလေသည်။
ဆူဇီမို၏ ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးက သန်မာသော်လည်း ဤကဲ့သို့သော စွမ်းအားများ၏ ကျူးကျော်ဝင်ရောက်ခြင်းကိုတော့ တောင့်ခံနိုင်စရာ အကြောင်းမရှိပေ။
မြေခွေးလေးက ခဏမျှ စဉ်းစားကြည့်လိုက်၏။
“ပိုပြီးတော့ မေးစရာရှိတာက သခင်လေးက အဲ့ဒီအလင်းလုံးကို အရယူနိုင်မယ်ဆိုရင်တောင် သူက ဘယ်လိုမျိုး ထွက်ပြေးလွတ်မြောက်နိုင်မှာလဲ”
လက်ရှိအခြေအနေသည် ပြီးခဲ့သည့်တစ်ရက်က ဆူဇီမိုထွက်ပြေးလွတ်မြောက်သွားခဲ့သည်နှင့် မတူပေ။
ယခုအချိန်တွင် အရှင်သခင်ခြောက်ပါးနှင့် တာအိုအရှင်သုံးပါးက ရှိနေကြ၏။
ဒါ့အပြင် ထိပ်တန်းဓမ္မဝိသေသပညာရှင် ကိုးယောက်စလုံးသည် အလင်းလုံးကို စောင့်ကြည့်နေကြ၏။ အဲ့ဒါကို ရယူဖို့ ကြိုးစားသော မည်သူမဆို သူတို့ကိုးယောက်စလုံး၏ တိုက်ခိုက်ခြင်းကို ခံရပေလိမ့်မည်။
ဆူဇီမိုက အဲ့ဒါကို ရယူနိုင်ပြီး သွေးစတေးထွက်ပြေးခြင်းကို ထုတ်ဖော်မည်ဆိုလျှင်တောင် သူက ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိပေ။