အခန်း (၃၆၁)
Vol. 31 Ch. 361
နောက်တစ်နေ့နံနက်ခင်းတွင် ကွမ်ကျူးက ကျန်းကောစံအိမ် သို့လာပြီး လုရှီရန်ကို ခေါ်သွားခဲ့ပါ၏။
လုရှီရန်ကလီဟမ်ရှန်းကို လှည့်ကြည့်ရင်းနှင့် ကွမ်ကျူးနဲ့တူတူ လိုက်သွားဖို့အတွက် တွန့်ဆုတ်နေခဲ့ပါ၏။ ထွက်မသွားခင်မှာပင် လီဟမ်ရှန်းအား လုရှီရန်ကပြောခဲ့တာရှိပါ၏။
“ကျွန်မတို့ နောက်တစ်ခါ ပြန်တွေ့ တဲ့အခါကျလို့ရှိရင် ကျွန်မက ယောင်္ကျားအတွက် ဝန်ထုပ် ဝန်ပိုး မဖြစ်စေရဘူး”
“ အေးပါ”
လီဟမ်ရှန်းက ခေါင်းညိတ်ပြီး ညင်သာ စွာ ပြန်ဖြေခဲ့ပါသည်။ လီဟမ်ရှန်းနှင့် တွေ့သည့် နှစ်ကြိမ်လုံး တွင် သူမကလီဟမ်ရှန်းအား အကူအညီမပေးနိုင်ဘဲ အနှောက် အယှက် ဖြစ်ခဲ့ရသည်ဟု လုရှီရန်က ခံစားခဲ့ရပါသည်။ သူမသာ ကျင့်ကြံချင်းကို အားစိုက်ထုတ်ပြီးမကျင့်ကြံပါကအနာဂါတ်တွင် လီဟမ်ရှန်းကသူမကို မချစ်မြတ်နိုးတော့ဘဲ စွန့်ပစ်သွားတော့ မည်ကို စိုးရိမ်ပူပန်နေခဲ့ပါသည်။
ထို့ကြောင့် ကွမ်လန်နန်းတော်သို့ ပြန်ရောက်ပြီးသည့်အခါတွင် ကျင့်ကြံချင်းကို အားစိုက်ထုတ်ရန်အတွက်သာ သူမက တွေးတောထားခဲ့ပါသည်။
လုရှီရန် ထွက်သွားပြီးသည့်နောက်တွင် စစ်ဆေးရေးမှူး ရုံးတော်ဟာ ခြောက်ကပ်သွားပြီး တစ်စုံတစ်ခုက အမြဲလိုအပ်နေသလိုမျိုး လီဟမ်ရှန်းက အချိန်တော်တော်ကြာတဲ့အထိ ခံစားခဲ့ရပါ၏။ ဒါပေမဲ့ လီဟမ်ရှန်းက သူ၏စိတ်ထဲရှိ အတွေးများကို စုစည်း လိုက်ပြီးနောက်တွင် စစ်ဆေးရေးမှူးရုံးတော်ကို အစီအစဉ် ကျနစေရန် အတွက် တာဝန်များစတင်၍ လုပ်ဆောင်ခဲ့ပါတော့ သည်။
ဖခင်ဖြစ်သူရော၊ သားဖြစ်သူပါ သူတို့၏ တည်ငြိမ်သော ဘဝကို ပြန်လည် ရရှိနေခဲ့ပါ၏။ လီချန်ချင်းက ယင်ချင်းအား နေ့တိုင်းပင်လျှင် ပညာသင်ကြားပေးနေခဲ့ပါ၏။ နေ့လည်ဘက် တွင်တော့ ချန်ချင်းစံအိမ်တော်သို့ အိမ်ပြန်လာပြီး ပန်းပု ထုလုပ်ခဲ့ပါသည်။
နေ့ရက်တိုင်းတွင် သူသည် ကျန်းဝမ်လျှိုအား ပုံပြင်များ၊ ဝတ္ထုများကို ပြောပြလေ့ရှိပါ၏။ ကျန်းဝမ်လျှိုကလည်း လီချန်း ချင်းလိုချင်သော သတင်းအချက်အလက်များကို ပြန်လည်၍ စုဆောင်းပြီး ပြောပြခဲ့ပါသည်။ ဤသို့နှင့် ရက်များက တစ်လိမ့် လိမ့်နှင့် ကုန်ဆုံးသွားခဲ့ပါ၏။
ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းမှာ အသစ်ထွက်ရှိလာသည့် လက်ဖက်ခြောက်များကလည်း ရောင်းချရန်အတွက် အသင့် ဖြစ်နေခဲ့ပါပြီ။
လက်ဖက်ခြောက် နှစ်ကျပ်သားကို ငွေစ ငါးထောင်…
ထိုသတင်းကို ကြေညာလိုက်သည့်အချိန်တွင် အရှေ့ပိုင်း စိတ်ငြိမ်ခြင်းနယ်မြေကြီး တစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ပါ၏။ လူတိုင်းက ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက တောင်းဆိုသော ဈေးနှုန်းကို အံ့ဩ ပြီး မမေးမြန်းဘဲ မနေနိုင်ခဲ့ပါချေ။
“ဒါကဘယ်လိုမျိုး လက်ဖက်ခြောက်မလို့လဲ။
ဒီလက်ဖက်ခြောက်ကို သောက်လို့ရှိရင် ထာဝရ အသက်ကိုရစေလို့လား။
အဲလောက်ထိဈေးကြီးကြီး ပေးရတယ် ဆိုတော့ဘာတွေ များအာနိသင်ပါလို့လဲ။ ဘာကြောင့်လဲ။”
ဒါပေမဲ့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက သတင်းအချက်အလက်များ ကို တိတိကျကျနှင့် မပြောခဲ့ပါ။ သူတို့ကြေညာခဲ့သည်က ထို လက်ဖက်ခြောက်ကို “တဟောင်ပေါင်” လက်ဖက်ခြောက်ဟုသာခေါ်ပြီး ကျန်သော အချက်အလက်များကိုတော့ စားသုံးသူများကို ခန့်မှန်းနိုင်ရန် အတွက်သာ မကြေငြာပဲ ထိမ်ချန်ထားခဲ့ပါသည်။
ထိုကဲ့သို့ သတင်းအချက်အလက် မပြောပြခဲ့သောကြောင့် လူတိုင်းက တဟောင်ပေါင် လက်ဖက်ခြောက်နှင့် ပတ်သက်သော အချက်အလက်များ အားလုံးကို စိတ်ဝင်စားနေခဲ့ပါသည်။ နောက်ဆုံးတွင်တော့ ကုန်သည်တစ်ဦး မှာ စိတ်မထိန်းနိုင်တော့ဘဲနဲ့ ငွေစ ငါးထောင် ကို ရင်နာနာနှင့် ပေးပြီး စမ်းသပ်ဝယ်ယူရန် ပြင်ဆင်လိုက်ပါသည်။
ဒါပေမဲ့ ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက ထိုကုန်သည်၏ ငွေစငါးထောင်ကို မယူသည့်အပြင် ထိုကုန်သည်ကိုပင်လျှင် ဝယ်ယူခွင့်ကို ငြင်းဆိုခဲ့ပါသည်။
ထို့နောက်တွင်တော့ သူတို့ ပြန်လည်၍ ကြေညာသည်မှာ လက်ဖက်ခြောက်ကို ဝယ်ယူသောသူသည် မူလအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေ သောသူမှသာလျှင် ဝယ်ယူ ခွင့်ရှိမည်ဟု ပြန်လည်၍ ကြေညာခဲ့ပါသည်။
ထိုကဲ့သို့ ထပ်မံ၍ ထွက်ပေါ်လာသည့် သတင်းက ကြားလိုက်ရသည့် သူတိုင်းကို တုန်လှုပ်သွားစေခဲ့ပါ၏။ တစ်ချိန်တည်းမှာပင် ‘တဟောင်ပေါင်လက်ဖက်ခြောက်’ နှင့်ပတ်သက်ပြီး ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းကလည်း သတင်းအချက် အလက်များကို တိတိကျကျနှင့် ပြန်လည်၍ ထုတ်ပြန်ခဲ့ပါသည်။
‘တဟောင်ပေါင်လက်ဖက်ခြောက်’သည် အင်မော်တယ် သစ်ပင်မှရသော လက်ဖက်ခြောက်ရွက်များဖြစ်ကြောင်း…
ထို့အပြင် ထိုအရွက်များက သုံးနှစ်ကြာမှ တစ်ကြိမ် ခူးဆွတ်၍ ရသော လက်ဖက်ရွက်များဖြစ်ကြောင်း…
ရောင်းချရန်အတွက် ပမာဏ အနည်းငယ်သာရှိသော တန်ဖိုး ကြီး လက်ဖက်ခြောက်ရွက်များ ဖြစ်ကြောင့်း စသည့်စသည့် သတင်းအချက် အလက်များကို သိလိုက်ရပြီးသည့် အခါတွင်တော့ လူတိုင်း လူတိုင်းက ဆွေးနွေးမှုများဖြင့် ပွတ်ပွတ်ညံသွားခဲ့ပါသည်။
ဒါပေမဲ့ သူတို့အားလုံး နားလည်ထားသည်မှာ တစ်ခုရှိပါ၏။ ထိုလက်ဖက်ခြောက်က ဝယ်ယူရဖို့အတွက် ခက်ခဲလွန်းလှပါ၏။ ထို့အပြင် ဝယ်ယူရန် လိုအပ်သည့် လိုအပ်ချက်မှာလည်း ပို၍ပင် မြင့်မားပါသေးသည်။
လက်ဖက်ခြောက်ရွက်မှာ အင်မော်တယ် သစ်ပင်မှ လာသည် ဖြစ်သောကြောင့် ထိုလက်ဖက်ခြောက်ရွက် ကို သောက်သုံးပါက ကျင့်ကြံခြင်းများ တိုးမြှင့်မည်ဟူသော ကောလဟာလများက လည်းတပြိုင်တည်းမှာ ထွက်ပေါ်လာခဲ့ ပါသည်။နောက်ဆုံးတွင်တော့ မူလအဆင့်၏ ပြီးပြည့်စုံခြင်း တွင် ရှိသောစွမ်းအားရှင်တစ်ဦး က ငွေကြေးအမြောက်အများကို အသုံးပြုပြီးလက်ဖက်ခြောက် နှစ်ကျပ်သားကို ဝယ်ယူခဲ့ပါတော့၏။
စွမ်းအားရှင်တစ်ယောက် က အစပြုလိုက်ပြီဖြစ်သောကြောင့် အခြားစွမ်းအားရှင်များကလည်း ဆက်တိုက်ကို ဝယ်ယူ လာခဲ့ပါတော့၏။
ထို့ထက်ပိုပြီးအရေးကြီးသည်မှာထိုကုန်ပစ္စည်း က ရောင်းချပေးသည့်အခါတွင် ၎င်း၏သဘောသဘာဝက ချက်ချင်းကို ပြောင်းလဲသွားခဲ့ပါတော့၏။ ယင်းလက်ဖက် ခြောက်ကို ဝယ်ယူခြင်းက ဂုဏ်သိက္ခာ၏ ပြယုဂ်တစ်ရပ်ကဲ့သို့ ဖြစ်လာခဲ့ပါသည်။
“မင်း တဟောင်ပေါင်လက်ဖက်ခြောက်ကို စမ်းပြီး သောက်ကြည့်ပြီး သွားပြီလား။”
“ကျုပ်မသောက်ရသေးဘူးဗျ။”
“အို ဟုတ်လား။”
“ကျုပ်က တဟောင်ပေါင် လက်ဖက်ခြောက် ကို သောက်ထားတာဆိုတော့ ခင်ဗျားနဲ့ ကျုပ်နဲ့က အဆင့်တူမှာ မရှိတော့ဘူး။ ကျုပ်နဲ့ စကားပြောဖို့ ခင်ဗျားက မတန်တော့ဘူး။ သွား သွား သွား ခပ်ဝေးဝေးကိုသွား။”
“ဟမ်”
လီချန်ချင်း၏ ထိုလုပ်ကြံ ဖန်တီးထားသော ဇာတ်လမ်းမှာ လူအများစု၏ အာရုံကိုရရှိသွား တော့ပါ၏။
“တဟောင်ပေါင်လက်ဖက်ခြောက်ကို သောက်လို့ရှိရင် တကယ်ပဲ ကျင့်ကြံခြင်းတိုးတက်လာတာလားဗျ”
“ အင်း ပြောရမယ်ဆိုရင် လက်ဖက်ခြောက်က ကျင့်ကြံခြင်းကို သက် ရောက်မှုရှိသလိုပဲဗျ။ အဲဒီလက်ဖက်ခြောက်အရသာက ကောင်းရုံတင်မကဘူး သောက်ပြီးသွားတဲ့အချိန်မှာ ကျုပ်ရဲ့ ကျင့်ကြံချင်း အမြန်နှုန်းက အရင်တုန်းကထက် နည်းနည်းလေး မသိမသာ တိုးတက်လာ တယ်လို့ ခံစားရတယ်”
လက်ဖက်ခြောက်၏ ဂုဏ်သတင်းမှာ ဝယ်ယူသူများ၏တစ်ဦးနှင့် တစ်ဦးကြားပြောဆိုမှုများမှတဆင့် အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့ပါ၏။ ထို့ကြောင့် လူတော်တော်များများက သတင်းစကားများစွာကို ကြားရသဖြင့် ထိုလက်ဖက်ခြောက်ကို သောက်သုံးလျှင် သူတို့၏ ကျင့်ကြံခြင်းက မူလကထက် ပိုမိုချောမွေ့ပြီး မြန်ဆန်လာတယ်ဟု တစ်ထစ်ချမှတ်ယူ လိုက်ကြပါ၏။
ချန်ထင်မြို့…
“ယန်မိသားစု”
“မိသားစုခေါင်းဆောင်…”
“တဟောင်ပေါင်လက်ဖက်ခြောက်က အရမ်းကို ရောင်းရနေတယ်ဗျာ။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွဲတော်တော်များများမှာ ပစ္စည်းတွေပြတ်ကုန်ပြီဗျ။ ကျွန်တော်တို့တွေ ဂိုထောင်ထဲမှာကျန်တဲ့ လက်ဖက်ခြောက်ကို ဆက်ပြီး ရောင်းသင့်လား။”
ယန်မိသားစု၏ အကြီးအကဲက စိတ်ဖိစီးစွာဖြင့် ပြောလိုက် ပါ၏။
“တဟောင်ပေါင် လက်ဖက်ခြောက်”
လက်ဖက်ခြောက် နှစ်ကျပ်သားကို ရရှိစေရန် ငွေစငါးထောင်နှင့် ဝယ်ယူရမည်။ ထိုလက်ဖက်ခြောက်က ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းကို ကျိကျိတက်အောင် ချမ်းသာသွားစေခဲ့ပါ၏။ ဒါပေမဲ့ လုပ်ငန်းခွဲ တော်တော်များများက ကုန်ပစ္စည်းက လျော့နည်းနေပြီ ဖြစ်သောကြောင့် ယန်မိသားစုအကြီးအကဲများမှာ စတင်ပြီး စိုးရိမ်လာခဲ့ပါသည်။
“ပြန်ဖြည့်စရာမလိုဘူး။”
ယန်ပါးထောင်က သူ၏ ဦးခေါင်းကို ခါယမ်းလိုက်ရင်းပြောလိုက်ပါသည်။
“မဟာအကြီးအကဲက ဒီလောက်ပဲရောင်းချဖို့အတွက်ပြောထားတာ။ ကျန်တဲ့ဟာတွေအကုန်လုံးကိုတော့ နောက်နှစ်မှပဲထုတ်ရောင်းမယ်။”
“မဟာအကြီးအကဲ ဘာတွေတွေးနေလဲဆိုတာတော့ ကျုပ်နားမလည်ဘူး။ ကျုပ်တို့ မှာ လက်ဖက်ခြောက်တွေက အများကြီးရှိတယ်လေ။ အခုအချိန်မှာသာ ကျုပ်တို့က အများကြီးရောင်းလိုက်မယ်ဆိုရင် အမြတ်တွေအများကြီးပိုရမှာ မဟုတ်ဘူးလား။”
ယန်မိသားစု၏အကြီးအကဲက သက်ပြင်းဖျော့ဖျော့ချရင် ပြောလိုက်ပါသည်။
“ မင်းဘာသိလို့လဲ။” ယန်ပါးထောင်က သူ့အား စိုက်ကြည့်လိုက်ပါ၏။
“မင်းက ဒီကိစ္စတွေရဲ့ အခြေအနေကို နားလည်မယ်ဆိုလို့ရှိရင် မင်းရဲ့ ဉာဏ်ရည်ဉာဏ်သွေးက မဟာအကြီးအကဲထက်တောင်မှ ပိုပြီးတော့ မြင့်သွားပြီး မဟုတ်ဘူးလား”
“ မင်းလိုမျိုး ဦးနှောက်နဲ့ လူတောင်မှ တွေးနိုင် တယ်ဆိုလို့ရှိရင် မဟာအကြီးအကဲကရော မတွေးနိုင်ဘူးလို့ ထင်လို့လား။”
“မဟုတ်ဘူးဗျ။ ကျုပ်ပြောချင်တာက အခု လောလောဆယ် တက်နေတဲ့ ပြဿနာက ကျုပ်တို့ရဲ့ ချန်ချင်း ကုန်သွယ်ရေးလုပ်ငန်းကို လူတွေအများကြီး လာပြီးတော့ လက်ဖက်ခြောက် ဝယ်ဖို့အတွက် တန်းစီနေကြတာပဲ။”
ယန်မိသားစု အကြီးအကဲက ဖျော့တော့စွာဖြင့် ပြုံးရင်းနှင့် ပြောလိုက်ပါသည်။
“ဒါနဲ့လေ မိသားစုခေါင်းဆောင် တဟောင်ပေါင်လက်ဖက်ခြောက်က တစ်ကယ်ကြီးကို ကျင့်ကြံချင်းကို တိုးစေတာလားဗျ။” အကြီးအကဲက သတိကြီးကြီးထားပြီးမေးလိုက်ပါသည်။
“ကျုပ်ငွေပေး နိုင်ပါတယ်ဗျာ။ ဒါပေမဲ့ ကျုပ်တို့က တစ်မိသားစုထဲက လူတွေဖြစ်တာကြောင့် ဈေးလေးနည်းနည်း လျော့ပြီးတော့ လက်ဖက်ခြောက်ကို ကျုပ်အတွက် ရောင်းပေးလို့မရဘူးလား။”
“ဒီလက်ဖက်ခြောက်ကို သောက်ရင် ကျင့်ကြံချင်းအဆင့်ကို တိုးနိုင်တယ်ဆိုတဲ့ ကောလဟာလကို မင်းဘယ်ကကြားလာ တာလဲ။ အဲဒါကောလဟာလ သက်သက်ပဲကွ။” ယန်ပါးထောင်က ရယ်လိုက်ပါသည်။
“ ဒါပေမဲ့ အပြင်မှာ ရှိတဲ့လူတိုင်းက အဲဒါကို ပြောနေကြတာလေ။” ယန်မိသားစုအကြီးအကဲက နားမလည် နိုင်သော မျက်နှာ အမူအရာဖြင့် ပြောလိုက်ပါသည်။
“အဲလိုမျိုး ဖြစ်အောင်လို့ မဟာအကြီးအကဲက ကောလဟာလတွေ ဖြန့် ထားတာလေ။ မဟာ အကြီးအကဲခေါ်တာက ဒါကစိတ်ပိုင်းဆိုင်ရာ လှည့်စားခြင်းလို့ ခေါ်တယ်တဲ့။” ယန်ပါးထောင်က ရှင်းပြလိုက်ပါ၏။
“ဒီကောလဟာလတွေကို အရင်ဆုံးဖြန့်တဲ့ လူတွေက ငါတို့ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လူတွေပဲလေ။ တိတိကျကျပြောရမယ်ဆိုလို့ရှိရင်ကွာ ပိုင်ကျင့်ဖေးရဲ့ အချက် အလက်စုဆောင်ရေး ဌာနက လူတွေပဲပေါ့ကွ”
“ လူအများကြီးက စပြီးပြောလာပြီဆိုလို့ရှိရင် လူအချို့ကတော့ စပြီးယုံလာလိမ့် မယ်။ အချိန်နည်းနည်း ကြာလာလို့ရှိရင် လူတိုင်းက ဘာမှမဟုတ်တဲ့အရာကို အမှန်တရား လို့ယုံကြည်လာလိမ့်မယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာ အသုံးချနည်းပဲ။”
လီချန်ချင်း၏ ထိုရွေ့ကွက်ကို ယန်ပါးထောင်က အသည်းခိုက်အောင်ကိုပင် လေးစားခဲ့ရပါ၏။ ကုန်လွန်ခဲ့သော ရက်များတွင်ပင်လျှင် ယန်ပါးထောင်ကိုယ်တိုင်ပင်လျှင် ဤလက်ဖက်ခြောက်ကို သောက်သုံးခဲ့ပါသည်။ ဤလက်ဖက်ခြောက်ကို သောက်သုံးပါက သူ၏ကျင့်ကြံချင်းများပင် အဆင့်မြင့်လာလိမ့်မည်ဟု ယန်ပါးထောင် ကိုယ်တိုင်ပင် အဖြစ်မှန်ကို သိသိချည်းနှင့် ယုံကြည်လုနီးပါး ဖြစ်ခဲ့ရပါ၏။
တစ်လအတွင်းမှာပင်လျှင် တဟောင်ပေါင် လက်ဖက်ခြောက်မှာ နာမည်ကြီးလူကြိုက်များသော စတား တစ်ခုဖြစ်နေခဲ့ပါသည်။ ယခုအချိန်တွင်တော့ လက်ဖက်ခြောက်ရွက်များအားလုံးက ပြတ်လတ်လုနီးပါး ဖြစ်နေခဲ့ပါသည်။
တစ်ချိန်တည်းမှာပင် တဟောင်ပေါင် လက်ဖက်ခြောက်က မှောင်ခိုဈေးအတွင်းမှာပင်လျှင် ပေါ်လာခဲ့ပါသည်။ မှောင်ခိုဈေးထဲတွင်ပေါ်လာသော တဟောင်ပေါင် လက်ဖက်ခြောက် တစ်ကျပ်သားကို ငွေစရှစ်ထောင်ထိ ဈေးပေါက်နေခဲ့ပါ၏။ ယခုလိုမျိုး မှောင်ခိုဈေးမှာပင် ပေါ်လာခဲ့သည့်တိုင် လက်ဖက်ခြောက်ရွက်မှာ ဝယ်လို အား အရမ်းများနေဆဲပင် ဖြစ်ပါသည်။
တစ်ခြားသော ကုန်သွယ်ရေးလုပ်ငန်းများမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ငွေရှာနိုင်သည့် စကေးကို မယှဉ်နိုင်ကြပါချေ။ လီချန်ချင်းလဲ ထိုရွေ့ကွက်ကြောင့် အလွန်ကို ချမ်းသာခဲ့ရပါ၏။ ငွေကြေးများမှာ လီချန်ချင်းအတွက်ကတော့ ကိန်းဂဏန်းများထက် မပိုပါတော့ ချေ။
ထျန်းဟိုင်မြို့… အဆုံး အစမဲ့ အကျဉ်းထောင်
ထိုနေရာတွင် အဆုံး အစမဲ့သော အမှောင်ထုက အရာအားလုံးကို အုပ်လွှမ်း ထားပါသည်။ ရုတ်တရက် မှောင်မိုက်နေသော လေဟာနယ်က အလင်းတန်းတစ်ခုနှင့် လင်းထိန်လာခဲ့ပါ၏။ ထိုအလင်းရောင်ကြောင့် အမှောင်ထုထဲတွင် သံကြိုးများနှင့် တုပ်နှောင်ထားပြီး စုတ်ပြတ်သပ်နေသော အဝတ်အစားများကို ဝတ်ထားသည့် အမျိုးသားတစ်ဦး၏ ရုပ်သွင်က အလင်းရောင်၏အရှိန်ဖြင့် မြင်တွေ့ရမည်ဖြစ်ပါသည်။
အလင်းရောင်ပေါ်လာသော်လဲ ထိုအမျိုးသားက အလင်းရောင်ကို သတိပင်မပြုမိပါချေ။
“ အဟွတ် အဟွတ်”
အလင်းရောင်အတွင်းမှ ကျယ်လောင်စွာဖြင့် နာကျင်စဖွယ်ကောင်းသော ချောင်းဆိုးသံများ ထွက်လာခဲ့ပါ၏။ ချောင်းဆိုးသံနှင့်အတူ ကျန်းထျန်းယွမ် က ထွက်ပေါ်လာပါ သည်။ သူသည် အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အဆုံအစမဲ့ အကျဉ်းထောင်၏ အတွင်းဘက်မှ ထွက်ပေါ် လာခဲ့၏။
“ခင်ဗျားက အခုထက်ထိ မသေသေးဘူးလား။” ယွဲ့ဟန်ကျွင်း က တစ်ချက်ရီလိုက်၏။
“ချောင်းအဆိုးလွန်ပြီး အဆုတ်နှစ်ဖက်လုံးကွဲပြီးတော့ အခုလောက်ဆိုခင်ဗျားသေပြီလို့ ကျုပ်ကထင်တာ။” ကျန်းထျန်းယွမ်က အဆုံးအစမဲ့ အကျဉ်း ထောင်၏ အနက်ရှိုင်းဆုံး နေရာသို့ ဖြေးညှင်းစွာဖြင့် တိုးကပ်လာပါ၏။
သူ၏အကြည့်မှာ ယွဲ့ဟန်ကျွင်း၏ တစ်ကိုယ်လုံးကို တုတ်နှောင်ထားသော သံကြိုးများအပေါ်သို့ လွှမ်းခြုံသွားခဲ့ပါသည်။ သူက ယွဲ့ဟန်ကျွင်းကို စိုက်ကြည့်လိုက်ပြီးနောက်တွင် ဖြေးညှင်းစွာဖြင့် ပြောလိုက်ပါ၏။
“ငါတို့နှစ်ယောက်ကြားမှာ အဲဒီလောက်ထိ စကားလုံးအကြမ်းကြီး တွေး သုံးဖို့ မလိုပါဘူးကွာ။”
“မကောင်းဆိုးဝါးတစ်ကောင်နဲ့ စကားပြောနေလို့ကော ဘာထူးမှာလဲ” ယွဲ့ဟန်ကျွင်းက သူ၏မျက်လုံးကိုပင် မဖွင့်ပါ။
“ချင်းယို ဘယ်လိုသေခဲ့ရလဲဆိုတာ ကျုပ်ဒီတစ်သက်လုံးမေ့မှာ မဟုတ်ဘူး။”
“ အဟွတ် အဟွတ် မင်းက ချင်းယို ဆိုတဲ့နာမည်ကို ထုတ်ပြောရဲသေးတယ်။ ဟုတ်လား။”
ကျန်းထျန်းယွမ်၏ မျက်လုံးထဲတွင် ဒေါသများက တစ်ဟုန်ထိုး တက်လာခဲ့ပါ၏။
“မင်းကြောင့်သာမဟုတ်ရင် ချင်းယိုက သေမှာ မဟုတ်ဘူး။”
“ ခင်ဗျား မှားနေပြီ”
ယွဲ့ဟန်ကျွင်းက တည်ငြိမ်စွာ ပြောလိုက်၏။
“ကျုပ်ကြောင့်သာမဟုတ်ရင် ချင်းယိုက အစော ကြီးကတည်းက သေမှာ။ သူမကိုသတ်ချင်နေတဲ့သူက သူမရဲ့ အဖေဆိုတာကို သူမက ထင်ထားမှာမဟုတ်ဘူး။”
“ငါသူ့ကို ကယ်နိုင်တယ်ကွ။" ကျန်းထျန်းယွမ်က အော်ဟစ်လိုက်၏။
“ငါသူ့ကို အသက်ပြန်သွင်းပေးနိုင်တယ်ကွ။ မင်းက သူမကို ရွေးချယ်ခွင့်မရအောင်လုပ်ခဲ့တာပဲ။”
“ ရွေးချယ်ခွင့် ဟုတ်လား။ ဘာရွေးချယ်ခွင့်လဲ။” ယွဲ့ဟန်ကျွင်း၏ မျက်လုံးများက ဖြေးညှင်းစွာ ပြန်ပွင့်လာပါ၏။
“အဖြူအနက် လျို့ဝှက်နယ်မြေ ရဲ့အဆုံးသတ်မှာ ခင်ဗျားမြင်ခဲ့တဲ့အရာကို ခင်ဗျား ပြန်ပြောပြနေတာလား။ အဲဒီအရာနဲ့ ပတ်သက်ပြီးတော့ ချင်းယိုရဲ့ အသက်ကို အလောင်းအစားလုပ်ဖို့ မထိုက်တန်ဘူး။
ခင်ဗျား ကျုပ်ကို ဒီနေ့လာတွေ့တာ ကျုပ်မအံ့ဩတော့ပါဘူး။” ယွဲ့ဟန်ကျွင်းက သက်ပြင်းတစ်ချက် ချလိုက်ပါ၏။
“အခုကြည့်ရသလောက်က ခင်ဗျားက ရှာတွေ့သွားလောက်ပြီထင်ပါတယ်။ ဒါပေမဲ့ ကံဆိုးတာက အရမ်းနောက်ကျသွားပြီ။ လီချန်ချင်းက အရမ်းကို နာမည်ကြီးနေပြီ။ အခုချိန်မှာ ခင်ဗျားရဲ့ ရည်မှန်းချက်ကို လွယ်လွယ်နဲ့ ရောက်နိုင်တော့မှာ မဟုတ်ဘူး။”