အခန်း (၃၆၂)
Vol. 31 Ch. 362
ကျန်းထျန်းယွမ်သည် အချိန်အကြာကြီး ကြာမြင့်သည်အထိ တိတ်ဆိတ်နေခဲ့ပါသည်။ သူက ယွဲ့ဟန်ကျွင်း၏ အနောက်တွင် မတ်တပ်ရပ်နေပြီး ယွဲ့ဟန်ကျွင်းအား တိတ်ဆိတ်စွာဖြင့် စိုက်ကြည့်နေခဲ့ပါသည်။
“ဘာဖြစ်လို့လဲ။”
ယွဲ့ဟန်ကျွင်းက သူ၏ မျက်ဝန်းများကို ဖွင့်ဟလိုက်ပါ၏။
“ကျုပ်ကို သတ်ဖို့ အတွက် ခင်ဗျား တွေးနေပြီလား။”
“မင်းကို သတ်ရမယ် ဟုတ်လား။” ကျန်းထျန်းယွမ်က သူ၏ ဦးခေါင်းကို ခါယမ်း လိုက်ပါသည်။
“မင်းကိုသတ်တာက ဘာအကျိုးရှိမှာ မို့လို့လဲ။
“ ဟား ဟား ဟား ဟား ဟား” ထိုစကားကို ကြားသော် ယွဲ့ဟန်ကျွင်းသည် စိတ်ဖောက်ပြန်သွားသော သူတစ်ဦးကဲ့သို့ အားပါးတရ ဟစ်ကြွေးကာ ရယ်မောလိုက်ပါ၏။ သူက အလွန်အကျွံ ရယ်မောလိုက်သောကြောင့် သူ၏ မျက်ဝန်း ထောင့်တွင် မျက်ရည်များပင် စီးကျလာခဲ့ပါသည်။ သူ့ ခန္ဓာကိုယ်ကိုတုပ်နှောင်ထားသည့် သံကြိုးများကလည်း ပြင်းထန်ကျယ်လောင်သော အသံများမြည်လာပြီး တုန်ရီလာ ခဲ့ပါ၏။ သူ၏ပုံစံမှာ အဝေးကကြည့်လိုက်ပါက ရူးသွပ်နေသည့် လူတစ်ယောက် အလားပင် ဖြစ်နေခဲ့ပါသည်။
“နှစ်ဘယ်လောက်ကြာအောင် ကျုပ် စောင့်နေခဲ့ရလဲ ဆိုတာကို ခင်ဗျား သိရဲ့လား ကျန်းထျန်းယွမ်။ အခု ခင်ဗျား မျက်နှာပေါ်မှာ ဖြစ်နေတဲ့ အမူအရာ၊ ဒီအမူအရာမျိုးကို ကျုပ်မြင်ချင်လို့ စောင့်ဆိုင်းနေခဲ့ရတာ အတော်ကြာခဲ့ပြီ။ ခင်ဗျားလိုမျိုး စန်းယွမ်နယ်မြေရဲ့ အရှင်သခင်၊ လောကကြီးရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ လူက အခုလို ဘာမှ တန်ဖိုးမရှိတော့တဲ့ အခြေအနေမျိုးအထိ ရောက်သွားအောင် ကျုပ်က ဖြစ်စေ ချင်တာ။
တစ်ခါက မာနကြီးပြီးတော့ မြင့်မြတ်ခဲ့တဲ့လူက အခုလိုမျိုး ထိတ်လန့် တုန်လှုပ်နေရတဲ့ မျက်နှာထားမျိုး ဖြစ်တာကို ကျုပ်က အရသာခံပြီး ကြည့်ချင်တာဗျ။ တစ်ချိန်တုန်းက ကျုပ်ဆိုတဲ့လူက ခင်ဗျားအတွက်တော့ ပုရွက်ဆိတ် တစ်ကောင်ထက် မပိုခဲ့ဘူး။ ခင်ဗျားအနေနဲ့ ကျုပ်လိုမျိုး ကောင်ကို အချိန်မရွေး ညှစ်ပြီးတော့ သတ်ပစ်နိုင်တဲ့ အနေအထားမှာ ရှိခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဟား ဟား ဟား ဟား ဟား”
နှစ်ပေါင်းများစွာ ကြာအောင် ဖိနှိပ်ခံထားရသည့် ခံစားချက်များက ပေါက်ကွဲ ထွက်လာသည့်အလား ယွဲ့ဟန်ကျွင်းသည် မျက်ရည် ပေါက်ပေါက်ကျအောင် အထိကိုပင် အော်ဟစ်ကာ ရယ်မောနေမိပါ၏။
ရုတ်တရက် စူးရှထက်မြက် သော သူ၏ အကြည့်များက လွမ်းမော တမ်းတကာ လွမ်းဆွတ်နေသည့် အကြည့်များအဖြစ်သို့ ပြောင်းလဲသွား ခဲ့ပါ၏။ ယခု သူ၏ ပုံစံမှာ သူဆုံးရှုံးခဲ့ရသော တစ်စုံတစ်ဦးကို လွမ်းဆွတ်နေသည့် အလားပင် ဖြစ်ပါသည်။ ကျန်းထျန်းယွမ်က ဘာတစ်ခွန်းမှ မပြောဘဲနဲ့ အနောက်သို့လှည့်ကာ ထွက်သွားခဲ့ ပါ၏။ ယခုအကြိမ်သည် အဆုံးအစမဲ့ အကျဉ်းထောင်သို့ နောက်ဆုံးအကြိမ် သူလာခြင်း ဖြစ်ပါ၏။
“ခင်ဗျား သူ့ကို ရှာမှာလား။” ယွဲ့ဟန်ကျွင်းက မေးမြန်းလိုက်ပါ၏။ အခုအချိန်မှာ ရှာမယ်ဆိုရင်တော့ နောက်ကျသွားပြီ။ အသီးက မှည့်ဖို့အတွက် အချိန်လိုသေးတယ်။ မမှည့်သေးတဲ့ အချိန်မှာ အသီးကို ခင်ဗျား ဘယ်လိုလုပ်ပြီး ခူးနိုင်မှာလဲ”
“မင်း ငါ့ကို စိတ်ပူနေဖို့ မလိုပါဘူး။” ထိုစကားကို ပြောပြီးသည့် နောက်တွင် ကျန်းထျန်းယွမ်က အဆုံးအစမဲ့ အကျဉ်းထောင်မှ လုံးဝကို ထွက်ခွာသွားခဲ့ ပါတော့သည်။ အကျဉ်းထောင် တစ်ခုလုံး၏ နောက်ဆုံး အလင်းရောင်လေး မပျောက်ကွယ် ခါနီးလေးမှာပင် ယွဲ့ဟန်ကျွင်း၏ လွမ်းမော တမ်းတနေသော မျက်ဝန်းများက စူးရှထက်မြက်သော အကြည့်များအဖြစ်သို့ ချက်ချင်းပြောင်းလဲ သွားခဲ့ပါ၏။
“အချိန်က ငါတို့ နှစ်ယောက်လုံး အတွက် သိပ်မကျန်တော့ဘူး”
သူ၏ နောက်ဆုံး စကားလုံးများမှာ အမှောင်ထုထဲသို့ ကျရောက်ကာ ပျောက်ကွယ်သွားခဲ့ပါတော့သည်။
သုံးရက်ကြာမြင့်ပြီးသော အခါတွင် မြောက်ပိုင်း အေးခဲနိုင်ငံတော်…
လီချန်းချင်းက ချင်းအိမ်တော်မှ ပြန်လာသည့်အခိုက်တွင် ကျန်းဖုကွမ်းက သူ့ထံသို့ တန်းတန်းမတ်မတ် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရပါ၏။
“သခင်ကြီး တစ်ယောက်ယောက်က သခင်ကြီးကို လာရှာပါတယ်။”
“ငါ့ကို လာရှာတယ် ဟုတ်လား။” ချန်းချင်းကုန်သွယ်ရေးလုပ်ငန်းမှ တစ်ယောက်ယောက်က သူ့အား လာရှာသည်ဟု လီချန်းချင်းက ထင်ထားခဲ့ပါသည်။ ဒါပေမဲ့ ရောက်လာသော သူကို မြင်သောအခါတွင် လီချန်းချင်းက အံ့ဩသွားခဲ့ပါ၏။
အဘယ်ကြောင့်ဆိုသော် ရောက်လာသောသူသည် အမျိုးသမီးတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်ပါ၏။ ထိုအမျိုးသမီးသည် တောကြိုအုံကြားမှလာသော သာမာန် အမျိုးသမီးနဲ့ တူလှပါ၏။
ထိုတစ်ခါမျှ မမြင်ဖူးသည့် အမျိုး သမီးက သူ့အား အဘယ်ကြောင့် လာရှာသနည်းဆိုတာကို လီချန်းချင်းက နားမလည်နိုင်ဖြစ်နေခဲ့ပါသည်။ ထို့အပြင် ကျန်းဖုကွမ်းလိုမျိုး အစစအရာရာ သတိထားသည့်သူက သာမာန်လူ တစ်ဦးအား လီချန်းချင်းနဲ့ တွေ့ပေးသည့် အတွက်ပင် လီချန်းချင်းက ပို၍ အံ့ဩနေခဲ့ပါ၏။
ထိုသာမာန်ပြည်သူနဲ့တူသော အမျိုးသမီးက သူမ၏ လက် ဖဝါးကို မြှောက်လိုက်ပြီး သူမ၏ မျက်နှာကို ကိုင်ကာ ဆုတ်ဖြဲချလိုက်ပါသည်။
သူမသည် မျက်နှာဖုံးဝတ်ဆင်ထားခြင်း ဖြစ်ပါ၏။ မျက်နှာပေါ်ရှိ အရေပြားအတု ကွာကျသွားပြီး သောအခါတွင် အသက်ရှူမှားလောက်အောင် လှပသည့် မျက်နှာလေးတစ်ခုက လီချန်းချင်း၏ မျက်ဝန်းအရှေ့တွင် တိမ်ထူနေသည့် ရာသီဥတုမှ နေရောင်များ ဖြာကျလာသကဲ့သို့ ပေါ်ထွက်လာခဲ့ပါတော့၏။
သူမသည် အရောင်အဆင်း ကင်းမဲ့သော နွမ်းပါးလှသည့် အဝတ်အစားများကို ဝတ်ဆင် ထားသော်လည်း သူမ၏ မြင့်မြတ်ကာ နန်းဆန်သည့် အရှိန်အဝါများက လှပသော မျက်နှာထားနဲ့အတူ ထွန်းလင်း စွာ ထွက်ပေါ်လာခဲ့ပါ့၏။
“မူချင်းကော လား။”
မူချင်းကောကို မြင်လိုက်သောကြောင့် လီချန်းချင်းက အံ့ဩသင့်သွားခဲ့ပါ၏။ သို့သော် မူချင်းကော၏ မျက်နှာမှာ ဖြူဖပ်ဖြူလျော်ဖြစ်နေသည်။ သူမသည် အတွင်းဒဏ်ရာ ကြီးကြီးမားမားရလာသည်မှာ ထင်ရှားလှပါ၏။
“ဘာဖြစ်တာလဲ။” လီချန်းချင်းက စိုးရိမ်ပူပန်စွာဖြင့် အနားသို့ တိုးကပ်သွားပါ၏။ မူချင်းကောက ထိုမျှ စုတ်ပြတ်သတ်နေသည့် အနေအထားကို သူတစ်ကြိမ် တစ်ခါမှ မမြင်ဖူးခဲ့ပါချေ။
မူချင်းကောသည် ဆေးဘုရင် တောင်ကြား၏ အကြီးအကဲ တစ်ဦးဖြစ်ပြီး ဆေးဘုရင် တောင်ကြား သခင်၏ တစ်ဦးတည်းသော သမီးလည်း ဖြစ်ပါသည်။ သူမလို အဆင့်အတန်းရှိသောသူကို ဘယ်သူကများ အန္တရာယ်ပြုရဲရတာလဲ။
“ဗုဒ္ဓရုပ်ထု၊ ဗုဒ္ဓ ရုပ်ထုက ပျက်ဆီးသွားပြီ။”
မူချင်းကောက သူမ၏ လက်ဖဝါး ထဲမှ ဗုဒ္ဓဆင်းတုတော်ကို ထုတ်ပြလိုက်ပါသည်။ ဗုဒ္ဓဆင်းတု တော်မှာ နှစ်ခြမ်းကွဲနေခဲ့ပါ၏။ လီချန်းချင်း၏ မျက်ဝန်းများမှာ ထိုကျိုးပြတ်နေသော ရုပ်ထုကို မြင်သောအခါတွင် ကျဉ်းမြောင်း သွားခဲ့ပါ၏။ ထိုဗုဒ္ဓရုပ်ထုသည် ထာဝရရှင်သန်ခြင်း သစ်သားနဲ့ ထုလုပ်ထားခြင်းဖြစ်ပါ၏။ ထိုကဲ့သို့သော ထူးခြားဆန်းကြယ်သည့် သစ်သားနဲ့ ထုလုပ်သည့် အရုပ်က ဘယ်လိုလုပ်ပြီး ယခုလိုမျိုး လွယ်လွယ်နဲ့ ပျက်ဆီးနေခဲ့ရတာလဲ။
မူချင်းကော၏ ဖြူဖပ်ဖြူလျော် ဖြစ်နေသည့် အနေအထားကို ကြည့်ရ သလောက်ကတော့ ရုပ်ထုကျိုးပြတ် သွားပြီးနောက် တွင် မကျေမချမ်း ဝိဉာဉ်ကျိန်စာ ထလာခြင်း ကြောင့်ပင် ဖြစ်နိုင်ပါ၏။ ရှမူဟိုင်ကဲ့သို့သော သန်စွမ်းသည့် ခန္ဓာကိုယ် ရှိသည့် အမျိုးသားပင်လျှင် မကျေမချမ်း ဝိဉာဉ်ကျိန်စာကြောင့် သေလောက်အောင် ခံစားခဲ့ရသည်ကို လီချန်းချင်း မြင်တွေ့ခဲ့ရ ဖူးပါ၏။
မူချင်းကောကဲ့သို့ နုနယ်ပျိုမြစ်သည့် အမျိုးသမီး ကလေး တစ်ဦးဆိုလျှင် ထိုကျိန်စာကြောင့် ယခုအချိန်အထိ အသက်ရှိနေသည်မှာ အတော်လေးကို ကံကောင်းနေလှ သည်ပင် ဖြစ်၏။
သူမသည် ကျိန်စာထနေသည့်အတွင်း အံကြိတ်ကာ သူ့အား မရမက လိုက်ရှာနေခြင်းကို တွေးပြီး လီချန်းချင်း၏ နှလုံးသားများက နာကျင်လာခဲ့ပါ၏။ ထို့ကြောင့် လီချန်းချင်းသည် ခပ်မြန်မြန်ပင်လျှင် သူ၏ လည်ပင်းတွင် ဆွဲထားသော ဗုဒ္ဓရုပ်ထုကို ဆွဲဖြုတ်လိုက်ပြီး မူချင်းကော၏ လည်ပင်းထက်တွင် ဆွဲပေးလိုက်ပါ၏။
ထိုဗုဒ္ဓရုပ်ထုက တစ္ဆေနတ်ဆိုး စမ်းသပ်ပွဲသို့ သူဝင်ခဲ့သည့် အခါတုန်းက တစ္ဆေသရဲများ၏ ခြောက်လှန့်ခြင်းကို ခံရမည်ကို စိတ်ပူသောကြောင့် သူ့အတွက် ထုလုပ်ထားသော ရုပ်ထုပင် ဖြစ်ပါသည်။ ပြင်းထန်လှသော ဗုဒ္ဓစွမ်းအားများ၏ ဖိနှိပ်မှု အောက်တွင် မကျေမချမ်း ဝိဉာဉ်ကျိန်စာသည် သူမ၏ လည်ပင်းအောက်သို့ ပြန်လည်ရောက်ရှိလာပြီး ငြိမ်သက် သွားခဲ့ပါ၏။
တစ်ချိန်တည်းမှာပင် မကျေမချမ်း ဝိဉာဉ်ကျိန်စာ ၏ ခက်ခဲလှပုံကို လီချန်းချင်းက စိတ်မောစွာဖြင့် တွေးမိ သွားပါ၏။ သူကိုယ်တိုင် အပင်ပန်းခံပြီး ထုထားသည့် ရုပ်ထုပင်လျှင် ကျိန်စာကို ဖိနှိပ်ရုံသာ ဖိနှိပ်နိုင်ပြီး ပျက်ဆီး ပျောက်ကွယ်အောင် အမြစ်ပြတ် မသုတ်သင်နိုင်ခဲ့ပါချေ။ သူက ဗုဒ္ဓနည်းလမ်းနှင့်မရပါက တာအိုနည်းလမ်းနဲ့ ပြောင်းလဲ အသုံးပြုရန်အတွက် တွေးလိုက်မိပါသည်။