အခန်း (၃၆၄)
Vol. 31 Ch. 364
“ဟုတ်တယ်လေ”
လီချန်းချင်းက ဆက်လက်၍ ရှင်းပြလိုက်ပါ၏။
“အခုလဲ အခြေအနေတွေကို မင်းမြင်မှာပါ။ စန်းယွမ်နယ်မြေကြီးက ပိုပြီးတော့ မတည်ငြိမ်တော့ဘူး။ ရှုပ်ထွေးမှုကြီးကြီးမားမားတွေဖြစ်ဖို့ အချိန်တစ်ခုပဲလိုတာ။ အဲလိုအချိန်မှာ ကိုယ်က စွမ်းအားမရှိဘူးဆိုလို့ရှိရင် ဒီအရှုပ်အထွေးတွေကြားမှာ အသက်ရှင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့တွေက တစ်ခြားလူတွေကအသုံးချတာခံရတဲ့ ကျားစေ့တွေဖြစ်သွားလိမ့်မယ်။
ဒါကြောင့် ငါကစောစောစီးစီး ပြင်ဆင်ဖို့လို့တယ်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက မင်းကိုလိုအပ်နေတယ်။ မင်းသာငါတို့ကုန်သွယ်ရေး လုပ်ငန်းထဲကိုဝင်မယ်ဆိုရင် ငါတို့ကမင်းရဲ့ နောက်ခံဖြစ်လာနိုင်တယ်။ မင်းကိုငါတို့က လုံခြုံအောင် ကာကွယ်ပေးနိုင်တယ်။ ဒါက ငါကငါ့ကိုယ်ငါ အထင်ကြီးပြီးပြောနေတာမဟုတ်ဘူး။”
လီချန်းချင်းက စိတ်အားထက်သန်စွာဖြင့်ပြောလိုက်ပါသည်။
“မင်းအဖေဖြစ်တဲ့ မူဟန်ရှန်းကိုမပြောနဲ့ မဟာသိုင်းဂိုဏ်းအဆင့်ကျင့်ကြံသူ ရောက်လာရင်တောင်မှ မင်းရဲ့ဆံပင်ကိုတောင်သူ့လက်ဖျားနဲ့ ထိနိုင်မှာမဟုတ်ဘူး”
“ ငါမင်းကိုကာကွယ်ပေးမယ်။ တကယ်လို့ မင်းဒီမှာမနေချင်ဘူးဆိုရင်လည်း မင်ကိုဘယ်သူမှတားမှာ မဟုတ်ဘူး။ ဒါ လီချန်းချင်းဆိုတဲ့ ငါက မင်းကိုပေးနိုင်တဲ့ ကတိပဲ”
“ ရှင်အဲလောက်ထိရှည်ရှည်ဝေးဝေးတွေ ပြောနေဖို့ မလိုပါဘူး။ ကျွန်မက ရှင့်ရဲ့အဖွဲ့ထဲဝင်ပါ့မယ်”
မူချင်းကောက တိုးညှင်းစွာဖြင့် ပြောလိုက်ပါ၏။
“ဘာ”
လီချန်းချင်းက မူချင်းကောအား စိတ်ဝင်တစားနဲ့ ကြည့်လိုက်ပါ၏။
“ကျွန်မဝင်မယ်လို့”
မူချင်းကောက သူမ၏လေသံကိုမြှင့်ကာ ပြောလိုက်ပါသည်။ ဒါပေမဲ့ ရှင်ကျွန်မကို တစ်ခုတော့ ကူညီပေးမှ ရမယ်။
“ပြောပါ”
လီချန်းချင်းကမေးလိုက်ပါ၏။
“ကျွန်မက ဆေးဘုရင်တောင်ကြားကနေ အသက်လုပြီးပြေးလာရတာဆိုတော့ ကျွန်မရဲ့ တပည့်က အဲ့ဒီ့မှာ ကျန်ခဲ့တယ်။ ကျွန်မ အဲဒီကောင်လေးကို အရမ်းစိတ်ပူတာပဲရှင်။
ကျွန်မရဲ့တပည့်ကို အဲဒီနေရာမှာမနေခိုင်းစေချင်တော့ဘူး။ သူ့ကို ဒီနေရာ ခေါ်လာခိုင်းစေချင်တယ်။”
မူချင်းကောသည် သူမ၏ ဓါးရူးတပည့်ဖြစ်သော ယင်ချန်းလီကို စိတ်ပူနေခဲ့ပါ၏။
“ ကောင်းပြီ” လီချန်းချင်းက သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ပါ၏။
ဒါပေမဲ့သူက တစ်ခဏမျှ တုန့်ဆိုင်းသွားပြီး နောက် ထပ်ပြောလိုက်ပါသည်။
“ဆေးဘုရင်တောင်ကြားကိုကော ဘယ်လိုလုပ်မလဲ။ စန်းယွမ်နယ်မြေကြီး တစ်ခုလုံးက ထာဝရရှင်သန်ခြင်းဂိုဏ်း တစ်ခုလုံးကို အမြစ်ပြတ်ချေမှုန်းချင်နေတာ။ မင်းက ဆေးဘုရင်တောင်ကြားရဲ့ တောင်သခင်ရဲ့သမီးလည်းဖြစ်တယ်။
ဆေးဘုရင်တောင်ကြားက ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်နေတာကြောင့် စန်းယွမ်နယ်မြေကြီး တစ်ခုလုံးက ဝိုင်းဝန်းပြီး ချေမှုန်းတဲ့အခါကျရင် မင်းဘယ်လို လုပ်မလဲ။”
“ကျွန်မမသိဘူး”
မူချင်းကောက သူမ၏ဦးခေါင်းကို ငုံ့လိုက်ပါသည်။ သူမ၏မျက်နှာ အမူအရာများမှာ လွန်စွာမှကို ရှုပ်ထွေးနေခဲ့ပါ၏။ ထာဝရရှင်သန်ခြင်းဂိုဏ်း တစ်ခုတည်း သာဆိုလျှင်မူချင်းကောက ထိုသတင်းကို စန်းယွမ်နယ်မြေကြီး တစ်ခုလုံးသိအောင် ဖြန့်လိုက်မည်ဖြစ်ပါ၏။
ဒါပေမဲ့ ယခုအချိန်တွင်တော့ သူမ၏ဖခင်အရင်းဖြစ်သူ မူဟန်ရှန်းကပါဝင်ပတ်သက်နေသည် မဟုတ်ပါလား။ ထို့ကြောင့် သူမကဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို မသေမချာ မရေမရာဖြစ်နေခဲ့ပါ၏။
“အများကြီးမတွေးနဲ့၊ အများကြီးမတွေးနဲ့”
ထိုရွေးချယ်မှုက ခက်ခဲသောရွေးချယ်မှု ဖြစ်သည်ကို သိသောကြောင့် လီချန်းချင်းကပြောလိုက်ပါသည်။
“မင်းအရင်ဆုံးနားလိုက်ပါဦး။ လောလောဆယ်မှာ မင်းက ငါ့အဖွဲ့ထဲရောက်လာပြီဆိုမှတော့ မင်းကိုအစစအရာရာ ငါဂရုစိုက်ပါ့မယ်”
မူချင်းကောက ဖျော့တော့စွာဖြင့် ခေါင်းငြိတ်ပြပါသည်။
လီချန်းချင်းသည် ကျန်းဖုကွမ်းအား အနားသို့ခေါ်ယူပြီး မူချန်းကောအတွက် အခန်းတစ်ခန်းစီစဉ်ပြီး အနားယူနိုင်ရန်အတွက် အစေခံများပြင်ဆင်ပေးရန်အတွက် အမိန့်ပေးလိုက်ပါသည်။
ထို့နောက်တွင် လီချန်းချင်းက သူ၏ခြံဝန်းလေးထဲသို့ ဝင်သွားခဲ့ပါ၏။ သူသည်လည်း အနည်းငယ်ပြဿနာတက်နေခဲ့ပါသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းက အခုနောက်ဆုံးတွင် လွန်စွာမှကို တိတ်ဆိတ်နေခဲ့ပါ၏။ ထိုရည်မှန်းချက်ကြီးမားသောဂိုဏ်းကို သူက မေ့လျော့လုနီးပါးပင်ဖြစ်နေခဲ့ပါသည်။ ဒါပေမဲ့ ယခုလိုမျိုး ထာဝရရှင်သန်ခြင်းဂိုဏ်းက ဆေးဘုရင်တောင်ကြားနှင့် ပတ်သက်ဆက်နွယ်နေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပါချေ။
တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှ ထွက်ပြေးသွားခဲ့သော အနက်ရောင်ဝတ်ရုံနှင့်လူသည် ဆေးဘုရင်တောင်ကြား၌ မူချင်းကောငယ်စဉ်ကတွေ့ခဲ့သော ကလေးလေးဖြစ်လိမ့်မည်ဟု လီချန်းချင်းက မထင်ထားခဲ့မိပါ။
ယခုအခြေအနေကို ကြည့်ရသည်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းနှင့် ဆေးဘုရင်တောင်ကြားတို့က ပူးပေါင်းထားခဲ့သည်မှာ နှစ်တော်တော်ကြာမြင့်နေခဲ့ပြီဖြစ်၏။
“အခြေအနေတွေက တဖြေးဖြေးနဲ့ ပိုပြီးတော့ရှုပ်ထွေးလာတာပဲ”
လီချန်းချင်းသည် ခေါင်းကိုက်လာသည်ကို ခံစားရပါ၏။ ထာဝရရှင်သန်ခြင်းဂိုဏ်း သည် သတ်ဖြတ်၍မရသော ပိုးဟပ်ကဲ့သို့ဖြစ်နေပါသည်။
သူတို့ကနေရာတိုင်းတွင် ရှိနေပါ၏။ ယခုအချိန်မှာ သူတို့က ဘာတွေကိုစီစဉ်နေတာလဲ။ သူတို့၏လျို့ဝှက်ချက်ကို မူချင်းကောက ရှာတွေ့သွားပြီဖြစ်သောကြောင့် ဆေးဘုရင်တောင်ကြားကလည်း ဒီအတိုင်း ထိုင်ကြည့်နေမည်မဟုတ်ပါ။ သူတို့ကလည်း သတိကြီးကြီး ထားပြီးတော့ စီစဉ်စရာရှိသည်ကို စီစဉ်နေကြမည် ဖြစ်ပါ၏။
သူတို့ရဲ့နောက်ထပ်ရွေ့ကွက်ကဘာဖြစ်နေမလဲ ဆိုတာကို ရှာဖွေဖို့အတွက် ဒီအချိန်ကလွန်စွာမှကို နောက်ကျနေ ပြီဖြစ်၏။ ဒီလိုဆိုမှတော့သူကလည်း စောင့်ကြည့်ရုံသာ တတ်နိုင်ပါတော့ သည်။
ယင်ချန်းလီ၏အခြေအနေကို သိရှိရန်အတွက် ဆေးဘုရင် တောင်ကြားသို့ ကျန်းဝမ်လျှို၏ တိရိစ္ဆာန်ငယ်လေးများကို စေလွှတ်ပြီးသတင်းကောက်ယူရန် အတွက် လီချန်းချင်းကတွေးထားခဲ့ပါ၏။ ဒါပေမဲ့ ဒီအကြောင်းကို လီချန်းချင်းက ကျန်းဝမ်းလျှိုအား ပြောပြလိုက်သည့်အခါတွင် ကျန်းဝမ်လျှိုက ဒေါသတကြီးနဲ့ ငြင်းဆန်နေခဲ့ပါသည်။
“မင်းရူးနေလား” ကျန်းဝမ်လျှိုက ဒေါသတကြီးနဲ့ပြောခဲ့၏။
“ငါက တိရိစ္ဆာန်ငယ်လေးတွေကို အသုံးပြုတာလေ စာကလေးတို့ ရှဉ့်လေးတို့ အဲလိုအကောင်ငယ်လေးတွေကိုအသုံးပြုပြီးတော့ သတင်းအချက်အလက်ကို စုဆောင်းတာ။ မင်းကဒီနေရာကနေ ပြီးတော့ မိုင်ပေါင်းထောင်ချီဝေးတဲ့ ဆေးဘုရင်တောင်ကြားကို စာကလေးတစ်ကောင်ပျံသန်းခိုင်းချင်နေတာလား”
“ မင်း ဒီကောင်တွေကို သေစေချင်နေတာလား။ သူတို့က သာမန် စာကလေးတွေပါကွာ။ စိတ်ဝိဉာဉ်သားရဲမဟုတ်ဘူး။ မင်းဘာတွေတွေးနေတာလဲ”
ကျန်းဝမ်လျှိုက လီချန်းချင်းက မယုံနိုင်စွာကြည့်ရင်းပြောလိုက်ပါ၏။
“မင်းပြောတာ အဓိပ္ပါယ်ရှိတယ်”
ကျန်းဝမ်လျှိုပြောသောစကားက အဓိပ္ပါယ်ရှိသည်ကို လီချန်းချင်းက ထိုအခါမှ သတိပြုမိသွား ပါသည်။
“ဒါဆိုလည်း မင်းက စိတ်ဝိဉာဉ်သားရဲတွေကို ဘာလို့မထိန်းချုပ်တာလဲကွ”
လီချန်းချင်းက ထပ်မံ၍ မေးလိုက်ပါ၏။
“စိတ်ဝိဉာဉ်သားရဲ ဟုတ်လား။ ငါ့ရဲ့ ခွန်အားက အရမ်းကို နိမ့်ပါးလွန်းတယ်ကွ။ ငါသာသူတို့ကို သွားထိန်းချုပ်ရင် စိတ်ဝိဉာဉ်သားရဲက ငါ့ကို အရှင်လတ်လတ်သတ်စားသွားမှာပေါ့။”
ကျန်းဝမ်လျှိုက လီချန်းချင်းအား မျက်စောင်းတစ်ချက်ထိုးရင်း ပြောလိုက်ပါသည်။
“ ဒါလည်းဟုတ်တာပဲ”
စိတ်ဝိဉာဉ်သားရဲတွေကို အသုံးပြုပြီးတော့ သတင်းအချက်အလက်စုဆောင်းဖို့အတွက် လီချန်းချင်းက ရုတ်တရက်အကြံရသွားခဲ့ပါ၏။ စိတ်ဝိဉာဉ်သားရဲတွေက လူသားဘာသာစကားကို မပြောတတ်သည့်တိုင် ကျန်းဝမ်လျှိုက ထိုသားရဲများ၏ စကားကိုနားလည်နိုင်သည်မဟုတ်ပါလား။
လီချန်းချင်းက သူ၏အကြံအစည်ကို ကျန်းဝမ်လျှိုကို ပြောပြလိုက်သောအခါတွင် ကျန်းဝမ်လျှိုက သဘောတူညီခဲ့ပါသည်။ လီချန်ချင်းသာ လိုချင်သော စိတ်ဝိဉာဉ်သားရဲများကိုရှာဖွေနိုင်မည်ဆိုပါက ကျန်းဝမ်လျှိုက တိရိစ္ဆာန်ဘာသာစကားနဲ့ ဆက်သွယ်ပြီး ထိုစိတ်ဝိဉာဉ်သားရဲ အား သူ၏အမိန့်ကိုနာခံအောင် ပြုလုပ်မည်ဖြစ်ပါသည်။
ထို့ကြောင့် လီချန်းချင်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထံသို့ စာတစ်စောင်ပို့လွှတ်ပြီး ပျံသန်းနိုင်သည့် စိတ်ဝိဉာဉ်သားရဲများ ကိုမြောက်ပိုင်းအေးခဲနိုင်ငံသို့ချက်ချင်းစေလွတ်ရန်အတွက် အမိန့်ပေးခဲ့ပါသည်။
ယန်ပါးထောင်ကလည်း စာကို လက်ခံရရှိသည်နှင့် လီချန်းချင်းညွှန်ကြားသည့်အတိုင်း ချက်ချင်းကို စီစဉ်လိုက်ပါသည်။ တစ်ရက်ခန့်အနားယူပြီး သည့်အခါတွင် မူချင်းကော၏ အတွင်းဒဏ်ရာများက အနည်းငယ်တော့ သက်သာသွားခဲ့ပါ၏။ သူမ၏စိတ်ဝိဉာဉ်စွမ်းအားများကလည်း ယခင်ကလိုအားနည်းမနေတော့ပါချေ။ သူမက ထွက်ပြေးခဲ့သော ရက်တော်တော်များများတွင် ကောင်းမွန်စွာ မအိပ်စက်ခဲ့ရပါ။
လီချန်းချင်း၏ အိမ်ရာအတွင်းတွင် အိပ်စက်ပြီးသည့်အခါတွင်တော့ သူမက ယခင်ကထက် အားရှိလာသလိုခံစားရပါသည်။ ကျန်းဖုကွမ်းကတော့ ခြံဝန်းအတွင်း၌ တံမြစ်စည်းလှဲနေဆဲဖြစ်ပါ၏။ သူတွင် တစ်ခြားလုပ်စရာအလုပ် မရှိပါ။ မနက်ပိုင်းတွင် သူသည် သမီးလေးဖြစ်သူကို ကျောင်းသို့ လိုက်ပို့ပါ၏။ နေ့ခင်းတွင် ခြံဝန်းထဲ၌တံမြစ်စည်းလှဲသည်။ သန့်ရှင်းစရာရှိသည်များကို သန့်ရှင်းပါ၏။ ညနေတွင်တော့သမီးဖြစ်သူကို ကျောင်းမှသွားကြိုသည်။ သူ၏နေ့ရက်များကို ထိုကဲ့သို့ပင် အေးချမ်းစွာဖြင့်သာကျန်းဖုကွမ်းကကုန်ဆုံးနေခဲ့ပါ၏။
“လူကြီးမင်းချန်ချင်း ဘယ်မှာရှိလဲရှင့်။” မူချင်းကောက အပြင်သို့ထွက်လာပြီးနောက် ကျန်းဖုကွမ်းအား မေးလိုက်ပါသည်။
“ အခုချိန်ဆိုရင်တော့ ချင်အိမ်တော်မှာ ရှိလိမ့်မယ်”
ကျန်းဖုကွမ်းက မူချင်းကောကို စိုက်ကြည့်လျက်ပြောလိုက်ပါ၏။ သူ၏အကြည့်များမှာ မည်သည့်ခံစားချက်မျှမပါပါ။ မူချန်းကော၏ နတ်သမီးဆန်ဆန်အလှတရားက သူအပေါ်တွင် လုံးဝမသက်ရောက်သည့်အလားပင် ဖြစ်ပါ၏။
“လူကြီးချန်းချင်းက ယင်ချင်းမင်းသမီးရဲ့ဆရာသခင် ဖြစ်နေပါတယ်။ သူကသိပ်မကြာခင်မှာပင် အိမ်ပြန်လာလိမ့်မယ်”
“ အော် ကျွန်မနားလည်ပါပြီရှင့်”
မူချင်းကောက ရွေးချယ်စရာမရှိခဲ့ပါ။
သူမက လီချန်းချင်းပြန်လာသည်ကိုစောင့်ဆိုင်းရန်သာတတ်နိုင်ပါတော့သည်။ မူချင်းကောသည် လီချန်းချင်းနေထိုင်သည့် အနောက်ဘက် ခြံဝန်းထဲသို့သွားရန် ခြေလှမ်းလှမ်းသည့်အခါတွင် ကျန်းဖုကွမ်းက ချက်ချင်းပင်လျှင် သူမ၏ရှေ့တွင်လမ်းပိတ်လိုက်ပါ၏။
“ အနောက်ဘက်ခြံဝန်းက သခင်ကြီးရဲ့ သီးသန့်ခြံဝန်းဖြစ်တယ်။ ခင်ဗျား ဝင်ခွင့်မရှိဘူး”
ကျန်းဖုကွမ်းက အေးစက်စွာပြောလိုက်ပါ၏။
“ အို”
မူချင်းကောသည် ချက်ချင်းကို စိတ်ဝင်စားလာခဲ့ပါ၏။ ဒါပေမဲ့ တစ်ခဏကြာအောင်တွေးတောပြီးသည့်အခါတွင် သူမသည် ခေါင်းမာမနေတော့ဘဲအနောက်သို့ ပြန်လှည့်လာခဲ့ပါ၏။ သူမ၏ စပ်စုလွန်းသောစိတ်မှာ သူမအတွက် ကောင်းကျိုးတစ်ခုမှ မဖြစ်ခဲ့ဘဲ အသက်အန္တရာယ်သာကြုံတွေ့ခဲ့သည်ကို အတိတ်မှ သင်ခန်းစာများက ကောင်းကောင်းရခဲ့ပြီဖြစ်ပါသည်။
သိပ်မကြာခင်မှာပင် လီချန်းချင်းပြန်လာခဲ့ပါ၏။
“လူကြီးမင်းချန်းချင်း ပြန်လာပြီပဲ”
ကျန်းဖုကွမ်းက အနားသို့တိုးကာ ပြောလိုက်ပါ၏။
“ အေး ပြန်လာပြီ”
လီချန်းချင်းက ကျန်းဖုကွမ်းအား ပြန်ဖြေပြီးသည့်အခါတွင် မူချင်းကော၏အနားသို့ တိုးသွားပြီး ပြုံးရင်းပြောလိုက်ပါ၏။
“မင်းရဲ့ဒဏ်ရာတွေက သက်သာသွာပြီလား။ ဒဏ်ရာတွေကအဲလောက် အရေးမကြီးပါဘူးရှင်။”
မူချင်းကောကလည်းအပြုံးနှင့်ပြောလိုက်ပါ၏။
လီချန်းချင်းသည် မူချင်းကော၏ လည်ပင်းတွင်ရှိသော မကျေမချမ်းဝိဉာဉ်ကျိန်စာအမှတ်အသားကို စိုက်ကြည့်လိုက်ပါ၏။
မှန်ပါသည်။
မကျေမချမ်းဝိဉာဉ်ကျိန်စာနဲ့ နှိုင်းယှဉ်ပါက သူမ၏အတွင်းဒဏ်ရာများမှာ အဲလောက်ထိ မဆိုးရွားလှပါချေ။ မကျေမချမ်းဝိဉာဉ်ကျိန်စာသာ ထဖောက်သည့်အချိန်တွင်ခံစားရသည့် နာကျင်မှုက လူသားတစ်ဦးခံစားနိုင်သည့်နာကျင်မှု မဟုတ်ပါ။
“ကျုပ်နဲ့တူတူလိုက်ခဲ့”
ထိုသို့ပြောပြီးနောက်တွင် လီချန်းချင်းက သူနေထိုင်ရာအနောက်ဘက်ခြံဝန်းထဲသို့ မူချင်းကောအား ခေါ်သွားခဲ့ပါ၏။ မူချင်းကောကလည်း ခပ်မြန်မြန်ပင် လိုက်သွားခဲ့ပါသည်။