← Chapters

အခန်း (၃၆၅)

Vol. 31 Ch. 365

အခန်း (၃၆၅)

Vol. 31 Ch. 365

“အခုလတ်တလောမှာ အခြေအနေတွေက အရမ်းရှုပ်ထွေးနေတာဖြစ်တာကြောင့်မလို့အနာဂါတ်မှာ ဘာတွေဖြစ်လာနိုင်လဲဆိုတာကို ကျုပ်လဲသေချာမသိဘူး။

လောလောဆယ် မင်းအတွက် ကျုပ်လုပ်ပေးနိုင်တာက မင်းရဲ့ လက်ရှိခွန်အားကနေပြီးတော့ ပိုပြီးတိုးတက်ဖို့အတွက်ပဲ လုပ်ပေးနိုင်မယ်”

လီချန်းချင်းက မူချင်းကောအား အနောက်ဘက် ခြံဝန်းထဲတွင်ရှိသော အခန်းတစ်ခန်းရှေ့သို့ ခေါ်သွားခဲ့ပါသည်။

“ဒီနေရာကဘာများလဲ” မူချင်းကောသည် အခန်းအတွင်းသို့ စိတ်ဝင်တစားနဲ့ကြည့်လိုက်ပါ၏။

လီချန်းချင်းက ခြံဝန်းတံခါးကို ဆွဲဖွင့်လိုက်သည့်အခါတွင် အတွင်းတွင် စောင့်ကြည့်နေသည့် ဖေးက ရုတ်တရက် ခုန်ထလာ၏။ ဝင်လာသူမှာ လီချန်းချင်းဖြစ်သောကြောင့် သူက စိတ်ပြန်အေးသွားပြီး လှဲအိပ်လိုက်ပြန်သည်။

လီချန်းချင်းက ဖေးအားဤနေရာတွင် အစောင့်အဖြစ်ထားခဲ့ခြင်းပဲ ဖြစ်ပါသည်။ အတွင်းတွင် လီချန်းချင်း ထုလုပ်ထားသည့် တန်ဖိုးကြီးသော ပန်းပုများရှိနေသောကြောင့် ဖြစ်ပါ၏။ ထိုပန်းပုများမှာ ပန်းချီရတနာ အစစ်မဟုတ်ပါ။

ပန်းချီရတနာထက်ပင် ပိုမို၍ အဆင့်မြင့်သော ပန်းပုရတနာများဖြစ်ပါသည်။ မူချင်းကောက အတွင်းသို့ ဝင်လိုက်သောအခါတွင် သူမမြင်လိုက်ရသော မြင်ကွင်းက သူမကိုကျောက်ရုပ်သဖွယ် ဖြစ်သွားစေခဲ့ပါ၏။ အခန်းထဲ၌ စင်မြင့်များစွာရှိပါသည်။ ထိုစင်မြင့်များစွာတို့၌ ထူးခြားဆန်ကြယ်သော ပန်းပုရုပ်များစွာတို့က စီတန်းလျက် ထားရှိသည်ကို မြင်တွေ့ရပါသည်။

ထူးခြားဆန်းကြယ်သော ပုံပန်းသဏ္ဍာန် သွင်ပြင်ရှိသည့် သားရဲမိစ္ဆာ ပုံစံများရှိသည်။ သူမလုံးဝမသိသော လူများ၏ ရုပ်ထုလည်းရှိပါ၏။ ထိုအရာ များမှာ ဒါဇင်နှင့်ချီအောင်ကို ရှိပါသည်။ ထိုပန်းပုရုပ်များသည် လတ်တလော၌ လီချန်းချင်းထုလုပ်နေသော ပန်းပုရုပ်များ ပင်ဖြစ်ပါ၏။

သားရဲပုံစံများမှာ “အနောက်အရပ်သို့ ခရီးသွားခြင်း” ရုပ်သံဇာတ်လမ်းတွဲမှကို ပုံစံများကိုတုပပြီးတော့ လီချန်းချင်းက ထုလုပ်ထားခြင်း ဖြစ်ပါ၏။

ထိုရုပ်သံဇာတ်လမ်းတွဲမှ ဗုဒ္ဓများ၊ နတ်မင်းကြီးများ၊ မိစ္ဆာများအားလုံးကို လီချန်းချင်းသည် သူမှတ်မိသလောက်သော အနေအထားနှင့် ထုလုပ်ထားခြင်း ဖြစ်ပါသည်။

သိပ်မကြာခင်မှာပင် လှုပ်ခတ်လာတော့မည့် စန်းယွမ်နယ်မြေကြီး၏ ခက်ခဲကြမ်းတမ်းသောအခြေအနေကို ဖြတ်သန်းနိုင်ရန်အတွက် လီချန်းချင်းက သူ၏ ကိုယ်ပိုင် အင်အားစုတစ်ခုကို တည်ထောင်ရန်အတွက် ပြုလုပ်ခဲ့ခြင်း ဖြစ်ပါ၏။ သူ့၌ တစ်ခြားတစ်ခြားသော စွမ်းအင်များမရှိပါ။ သူလုပ်နိုင်သည်မှာ သူ၏ဘက်တွင်ရှိသော သူလူများကို ခွန်အား တိုးတက်ရန်အတွက်သာ ဆောင်ရွက်ပေး နိုင်ရုံသာဖြစ်ပါ၏။

ထိုအရာများကို ပြုလုပ်မှသာ ခက်ခဲကြမ်းတမ်းသော အခြေ အနေတွင် သူနှင့်သူ၏အင်အားစုက ရှင်သန်နိုင်လိမ့်မည် ဖြစ်ပါ၏။ သူမ၏မြင်ကွင်းရှေ့တွင် မြင်လိုက်ရသော ပုံရိပ် များကြောင့် မူချင်းကောက ကြက်သီးမွှေးညှင်းများထပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားခဲ့ပါ၏။

လီချန်းချင်း၏ ပန်းပုရုပ်ထုများ၏ စွမ်းအားကို သူမက ကျိန်းသေပေါက် သိပါသည်။ သူမ၏ မျက်စိရှေ့တွင်ရှိသော မြောက်မြားစွာသော ပန်းပုရုပ်ထုများကို မြင်ပြီးနောက်တွင် ပန်းပုရုပ်ထု တစ်ခုချင်းစီက တန်ဖိုးဖြတ်၍ မရနိုင်အောင် ကြီးမားသော ရတနာများ ဖြစ်သည်ဟု သူမတွေးမိပါသည်။

ပန်းပုရုပ်ထု တစ်ခုချင်းစီက လူပေါင်းများစွာကို သတ်ဖြတ်ပြီး လုယူနိုင် လောက်သည်ထိ တန်ဖိုးကြီးမားလှပေ၏။ ထိုကဲ့သို့ တန်ဖိုး ကြီးမားလှသည့် အရာများက ဤနေရာတွင် စုစည်းနေလိမ့်မည် ဟု သူမကလုံးဝမမျှော်လင့်ထားခဲ့မိပါချေ။

“မင်းကြိုက်တဲ့တစ်ခုကို ရွေးပြီးတော့ ဉာဏ်အလင်းပွင့်အောင်ကြိုးစားကြည့်လိုက်ပါ။ ပန်းပုရုပ်ထုတွေကနေပြီးတော့ မင်းလည်းတစ်ခုခုတော့ ရမယ်လို့ကျုပ်မျှော်လင့်ပါတယ်”

သူ၏ ပန်းပုရုပ်ထုများစွာထဲမှ မည်သည့်ပန်းပုရုပ်ထုက မူချင်းကောအား ကူညီပေးနိုင်မည် ဆိုသည်ကို လီချန်းချင်းမသိပါ။ အနည်းဆုံးတော့ ထိုအရုပ်များစွာ ထဲမှ တစ်ရုပ်ရုပ်ကို သူမက လေ့လာပြီး ဉာဏ်အလင်း ပွင့်ခဲ့ပါက သူမ၏စွမ်းအားများသည် အနာဂါတ်၌ အဆင့်မြင့်ဆရာသခင် အဆင့်သို့ရောက်ကောင်း ရောက်သွား နိုင်ခဲ့မည်ဖြစ်၏။

ထိုသို့သာ ဖြစ်သွားခဲ့ပါက သူ၏ ချန်းချင်းကုန်သွယ်ရေးလုပ်ငန်း ၏ အင်အားမှာ တစ်ဟုန်ထိုး တိုးတက် သွားမည်ဖြစ်ပါသည်။

“တစ်ကယ်လား။ ကျွန်မတစ်ကယ်ကြိုက်တဲ့ ပန်းပုရုပ်တစ်ခုကို ယူလို့ရတယ်လား။” မူချင်းကောက အခန်းထဲသို့စိတ်လှုပ်ရှားစွာ ဖြင့်ဝင်ရင်း တက်ကြွစွာမေးမြန်းလိုက်ပါသည်။

“ မှန်တယ်။ မင်းကြိုက်တဲ့တစ်ခုကိုရွေးလို့ရတယ်”

လီချန်းချင်းက လေးနက်စွာဖြင့်ပြောလိုက်ပါ၏။ သူမကို ပန်းပုရုပ်များစွာကို ကြည့်ပြီး ဉာဏ်အလင်းပွင့်အောင် မစေခိုင်းခဲ့ခြင်းမှာ အရုပ်များစွာကို ကြည့်ပြီး ဉာဏ်အလင်းပွင့်ခြင်း သည်ကျင့်ကြံသူအား ကောင်းကျိုးထက် ဆိုးကျိုး ပိုများစေသော ကြောင့်ဖြစ်ပါ၏။ ထို့အပြင် အရုပ်များစွာကိုကြည့်ပြီး ဉာဏ်အလင်းပွင့်အောင် အားထုတ်ခြင်းက ဉာဏ်အလင်းပွင့်မှုမဖြစ်ပွားဘဲ အဓိပ္ပါယ်မရှိဘဲ အချိန်ကုန်သွားနိုင်ချေ များပါသည်။

“ကျွန်မနားလည်ပါတယ်ရှင့်။” မူချင်းကောကလည်း ခေါင်းညိတ်ပြလိုက်ပါ၏။

“ ကောင်းပြီလေ။ ဒါဆိုရင် ဉာဏ်အလင်းပွင့်မလားဆိုတာကို ကြိုးစားကြည့်ပြီးတော့ ကြည့်ကြတာပေါ့”

“မင်းအဆင်ပြေမဲ့ ပန်းပုရုပ်တစ်ခုကိုရွေးလိုက်ပါ။”

ထိုသို့ပြောပြီးနောက်တွင် လီချန်းချင်းက မူချင်းကောအနှောင့်အယှက်မပေးလိုသောကြောင့် အခန်းအတွင်းမှ ထွက်ခွာသွားခဲ့ပါသည်။ လီချန်းချင်းသည် အခန်းအပြင်သို့ရောက်သော်တံခါးကို ပိတ်လိုက်ပါ၏။ မူချင်းကော၏ အကြည့်များကလည်း လေးနက်သွားပြီး စင်များစွာတွင်ရှိသော ပန်းပုရုပ်ထုများကို စိုက်ကြည့်နေခဲ့ပါ၏။

မူချင်းကောသည် ပန်းပုရုပ်ထုတစ်ခုချင်းစီ သို့အနားတိုးကပ်သွားပါ၏။ အသက်ဝင်လုမတတ် ရုပ်လုံးကြွနေသောအရုပ်များကိုမြင်ပြီး သူမ၏နှလုံးသား မှာ တစ်ဒိတ်ဒိတ်နဲ့ ခုန်လာခဲ့ပါသည်။ ထိုပန်းပုရုပ်ထုများက လူပုံစံဖြစ်နေသော်လည်း ထိုလူများကို သူမ မသိပါ။

ဒါပေမဲ့ လီချန်းချင်းက တရေးတယူလုပ်ပြီး ထိုလူများ၏ ပုံစံကို ပုံတူပန်းပု ထုထားသောကြောင့် ထိုလူများသည် လွန်စွာမှကိုစွမ်းအားကြီးမားသောသူများ ဖြစ်လိမ့်မည်ဟု မူချင်းကောကတွေးမိခဲ့ပါသည်။

“အနောက်အရပ်သို့ ခရီးသွားခြင်း” ဇာတ်လမ်းမှာ ပါဝင်သော မကောင်းဆိုးဝါးများ၏ ရုပ်ပုံများကတော့ မူချင်းကောအနေနှင့် လွန်စွာကြောက်ရွံ့တုန်လှုပ်သောခံစားချက်ကိုသာခံစားခဲ့ရပါ၏။

လီချန်းချင်းက ထိုမကောင်းဆိုးဝါးများကို အပြင်လောကတွင် တစ်ကယ်မြင်ခဲ့ခြင်း ဟုတ်မဟုတ်ကိုတော့ မူချင်းကောက တပ်အပ်မပြောနိုင်ပါချေ။ ဒါပေမဲ့ တစ်ချက်ကြည့်လိုက်ရုံနဲ့ ထိုမကောင်းဆိုးဝါးများက အလွန်တရာတုန်လှုပ်ဖွယ် ကောင်းသည်ကိုတော့ သူမကောင်းကောင်းသိပါသည်။

နောက်ဆုံးတွင်တော့ မူချင်းကောသည် အမျိုးသမီး ပန်းပုရုပ်ထု တစ်ခုရှေ့သို့ ရောက်သွားခဲ့ပါသည်။ ထိုပန်းပုရုပ်ထုရှေ့သို့ ရောက်သွားသည်နှင့် သူမ၏ မျက်ဝန်းများက အရောင်လက် သွားပါ၏။ ထိုအမျိုးသမီးသည် လွန်စွာချောမောလှပပြီး ထူးခြားဆန်းကြယ်သော အရှိန်အဝါတစ်ခုရှိပါသည်ဟု သူမကခံစားခဲ့ရပါ၏။ ထို့ကြောင့် ထိုအမျိုးသမီး ပုံတူ ပန်းပု ရုပ်ထုကို ဉာဏ်အလင်းပွင့်ရန် ကြိုးစားမည်ဟုမူချင်းကောက ကြံရွယ်ခဲ့ပါ၏။ သူမသည် ထိုအမျိုးသမီး ပန်းပုရုပ်ထု၏ မျက်ဝန်းကိုစိုက်ကြည့်ရင်း အတွေးယာဉ်ကြောထဲ နစ်မြောနေခဲ့ ပါသည်။

လောကကြီးတစ်ခုလုံးက ရုတ်တရက် သဲများနှင့် ပြည့်နေခဲ့ပါ၏။ ယခုအချိန်တွင် မူချင်းကောက ထူးခြား ဆန်းကြယ်သော လောကကြီးတစ်ခုသို့ ရောက်သွားခဲ့ပြီဖြစ်ပါသည်။

“ဒါကဘယ်နေရာလဲ။”

သူမသည် တစ်ခြားလောကတစ်ခုသို့ အဆွဲသွင်းခံလိုက်ရသည်ကို သတိပြုမိလိုက်၏။

သူမရောက်ရှိနေသောနေရာမှာ စံအိမ်တစ်ခုသို့ရောက်ရှိနေသည် ဟု သူမကခံစားမိပါသည်။ ထိုအခိုက်မှာပင် တစ်စုံတစ်ယောက်က ခပ်တိုးတိုး ရေရွက်နေသည်ကို သူမကြားလိုက်မိပါ၏။ သူမသည် အသံထွက်ပေါ်လာရာအရပ်သို့ တိုးကပ်သွားသောအခါတွင် အမျိုးသမီးတစ်ဦး၏ မပီမသ ရေရွက်နေသော အသံကို ကြားလိုက်ရပါ၏။

“ရှင်ကကျွန်မနဲ့ အတူတူ လမင်းကို ငေးကြည့်နေတုန်းက ကျွန်မကို အချစ်လေး ဆိုပြီးခေါ်တယ်။ အခုရှင်က နောက်ထပ် အမျိုးသမီးကို တွေ့တဲ့အခါကျတော့ သူ့ကိုရှင်က မဒမ်ညို လို့ခေါ်တယ်။”

မူချင်းကောက အသံထွက်ပေါ်လာရာနေရာသို့ ကြည့်လိုက်သောအခါတွင် အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရပါ၏။ ထိုအမျိုးသမီးသည် လွန်စွာလှပပြီး သူမစိုက်ကြည့်ခဲ့သော ပန်းပုရုပ်ထုမှ အမျိုးသမီးဖြစ်နေသည်ကို အံအားသင့်ဖွယ် တွေ့လိုက်ရပါ၏။

“မဒမ်ညို” မူချင်းကောသည် ထိုအမည်ကို မကြားဖူးသောကြောင့် နားမလည်နိုင်အောင် ဖြစ်နေခဲ့ပါ၏။ လီချန်းချင်းကလည်း မူချင်းကောက မည်သည့်ပန်းပုရုပ်ကို ရွေးချယ်မည်မှန်းကို မသိပါ။

သူက ကံကြမ္မာအလိုတော်အတိုင်းသာ ထားရစ်ခဲ့ပါ၏။ ဘာမှလုပ်စရာ မရှိသောကြောင့် လီချန်းချင်းသည် အိပ်မက်ဝိဉာဉ် ကျောက်တုံးထဲ၌ ပိတ်မိနေသော မြေးအဘိုးနှစ်ယောက်ကို အပျင်းပြေ ကြည့်ရန်အတွက် တွေးလိုက်ပါသည်။

အချိန်တစ်ခဏကြာအောင် ကြည့်ရှုပြီးသည့်နောက်တွင် လီချန်းချင်းမှာ ပြောစရာစကားပင်မရှိအောင် ဆွံ့အနေခဲ့ပါ၏။

စာသင်ကြားရန်မှာ လွန်စွာလွယ်ကူသည်ဟု တွေးထားခဲ့သည့် ဆုရှန်းချီမှာ မည်သည့်ဘာသာရပ်ကိုမှ ကောင်းကောင်းမွန်မွန် မသင်ယူနိုင်ခဲ့ပါပေ။ သင်္ချာ၊ အင်္ဂလိပ်၊ ဓာတုဗေဒ၊ ရူပဗေဒ တစ်ခုမှ သူနားမလည်ခဲ့ပါ။ အမ်အိုင်တီ တက္ကသိုလ်သို့ ဝင်ရမည့် ရည်ရွယ်ချက်မှာလဲ တဖြေးဖြေးနဲ့ သူနဲ့ ပို၍ ဝေးကွာလာခဲ့သည် ဖြစ်ပါသည်။

ရေသန့်ဗူးခွံများကောက်ခြင်း၊ အမှိုက်ကောက်ခြင်း ထိုအရာများကို ပြုလုပ်နေသ၍ကတော့ လောက၏ အချမ်းသာဆုံး သူဋ္ဌေးကြီး ဖြစ်လာမည် မဟုတ်မှန်းကို ဆုကျန်းကလည်း သိခဲ့ပါသည်။ ဤလောက၏ အချမ်းသာ ဆုံးသော သူဋ္ဌေးကြီးသည် ငွေ ထရီလံယံခန့်ရှိသည်ဟု သိလိုက်ရပြီးသည့်နောက်တွင် သူဘယ်လောက်ပဲ အလုပ်ကြိုးစားကြိုးစား အဲ့လောက်ပမာဏကို ရှာနိုင်မည် မဟုတ်မှန်းကို ဆုကျန်းသိခဲ့ရပါ၏။

ထို့ကြောင့် ဆုကျန်းက စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန်အတွက် ဆုံးဖြတ်ချက် ချခဲ့ပါသည်။ လူအိုကြီးဟွမ်က အဓိပ္ပာယ်မရှိသော အိပ်မက်များကို ရူးရူးမိုက်မိုက် မလုပ်ရန်အတွက် ဆုကျန်းကို နားချခဲ့ပါ၏။ ဒါပေမဲ့ ဆုကျန်းက လုံးဝနားမဝင်ခဲ့ပါ။ သူက စီးပွားရေးလုပ်ငန်းတစ်ခု စတင်ရန်အတွက်ကိုသာ တထစ်ချ ဆုံးဖြတ်ထားခဲ့ပါ၏။

စီးပွားရေးလုပ်ငန်းသာ မစပါက သူက ဤလောကတွင် ဘယ်လိုလုပ်ပြီး ချမ်းသာမှာလဲ။ ထိုကြောင့် သူစုဆောင်းထားသမျှသော ငွေကြေးများ အားလုံးကို ထုတ်ယူခဲ့သည့်အပြင် လူအိုကြီးဟွမ်ထံမှပင် ငွေများကို ချေးငှားခဲ့ပါ၏။ လူအိုကြီးဟွမ်ကလည်း သူ၏ မိတ်ဆွေဟောင်းကြီးဖြစ်သော ဆုကျန်းအား သူပိုင်ဆိုင်ထားသမျှ‌သော အရာများအားလုံးကို ထုတ်ချေးပေးခဲ့ပါသည်။ ဆုရှန်းချီကလည်း သူရရှိသော မုန့်ဖိုးများအားလုံးကို အဘိုးဖြစ်သူကို ပေးခဲ့ပါ၏။ ထိုအရာများ အားလုံးကို စုပေါင်းပြီးသည့် အခါတွင်လည်း သူတို့၌ ယွမ် ခုနစ်ထောင်ခန့်သာ ရှိပါသည်။

ယွမ်ခုနစ်ထောင်ကို အသုံးပြုပြီး မည်သည့်အရာမှ လုပ်ကိုင်ရန်မဖြစ်မှန်းကို ဆုကျန်းက ခံစားခဲ့ရပါ၏။ ငွေမလောက်ဖြစ်နေသောကြောင့် လူအိုကြီးဟွမ်က ဘဏ်၌ အတိုးနှင့် ချေးရန်အတွက် အကြံပေးခဲ့ပါသည်။ အတိုးနှင့် ချေးငှားသည့် လုပ်ငန်းစဉ်ကို ဆုကျန်းကို ရှင်းပြပြီးသည့်နောက်တွင် ဆုကျန်းနှင့် ဆုရှန်းချီမှာ အွန်လိုင်းမှ နေ၍ အွန်လိုင်းငွေချေးလုပ်ငန်းများစွာတို့မှ ငွေကြေးများကို ချေးယူခဲ့ပါသည်။

ဆုကျန်းက သူ၏မှတ်ပုံတင်ကို အသုံးပြုပြီး ဘဏ်ထံမှ ခရက်ဒစ်ကတ်ကို အသုံးပြုပြီး အတိုးငွေများကို ချေးယူခဲ့ပါသည်။ လူအိုကြီးဟွမ်ကပင်လျှင် ငွေချေးလုပ်ငန်းများလုပ်သော ပုဂ္ဂလိကကုမ္ပဏီများနဲ့ မိတ်ဆက်ပြီး ချေးငှားခဲ့ပါ၏။ ထိုကဲ့သို့ ချေးငှားပြီးသည့် နောက်ပိုင်းတွင် သူတို့အားလုံးက ယွမ် လေးသိန်းခန့်တော့ ရခဲ့ပါ၏။

ဆုကျန်း၏ မူလအစီအစဉ်မှာ သူတို့က စားသောက်ဆိုင် တစ်ဆိုင်ဖွင့်ပြီး စီးပွားရေးလုပ်ရန်ဖြစ်ပါ၏။ နောက်ဆုံးတွင် သူတို့က ဆိုင်ခန်းငှားရန်အတွက် ဆိုင်ခန်းလွတ်တစ်ခုကို ရှာတွေ့ခဲ့ပါသည်။ ဆုကျန်းက ထိုဆိုင်ခန်းကို ငှားပြီး စားသောက်ဆိုင်ဖွင့်မည်ဟု ကြံရွယ်လိုက်၏။ သူ၏ ပထမဦးဆုံး အမြတ်အစွန်းကို ရရှိတော့မည်ဟု စိတ်လှုပ်ရှားပြီး စိတ်ကူးယဉ်နေခဲ့ပါသည်။

လူအိုကြီးဟွမ်က ဆိုင်ခန်းပိုင်ရှင်ကို ဆက်သွယ်ပြီး ငွေကြိုချေရန်အတွက် တာဝန်ယူခဲ့ပါ၏။ ဆုကျန်းက ဤလောက၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် မိမိကိုယ်ကို မိမိမြင်ယောင်ရင်း စိတ်ကူးယဉ်နေခဲ့ပါသည်။

ဒါပေမဲ့ သူလုံးဝ မမျှော်လင့်ထားခဲ့သည်မှာ လူအိုကြီးဟွမ်က ပိုက်ဆံများအားလုံးကို ယူပြီး ငွေသွားချေမည်ဟု ပြောသွားပြီးသည့် နောက်တွင် လုံးဝပြန်မပေါ်လာခဲ့ခြင်းကိုပင်ဖြစ်ပါသည်။

နောက်တစ်နေ့ နံနက်အထိ လူအိုကြီးဟွမ်က လုံးဝပြန်မလာသောကြောင့် ဆုကျန်းက အရာအားလုံးကို ကောင်းကောင်းကြီးကို သိသွားခဲ့ပါ၏။ လူအိုကြီးဟွမ်သည် ငွေကြေးများ အားလုံးကို ယူပြီး ထွက်ပြေးသွားခဲ့ပြီ ဖြစ်၏။ ထိုဖြစ်ရပ်ကြောင့် ဆုကျန်းမှာ ဤလောကကြီး၏ အမြင့်ဆုံးသို့ တက်ရမည့်အစား အဆိုးတကာ့ အဆိုးဆုံး အောက်ခြေ နင်းပြားအခြေအနေသို့ ချက်ချင်းကို ထိုးဆင်းကျကာ ဒုက္ခရောက်သွားခဲ့ပါတော့သည်။

All Chapters