← Chapters

အခန်း (၃၆၈)

Vol. 31 Ch. 368

အခန်း (၃၆၈)

Vol. 31 Ch. 368

“ဘာဖြစ်သွားတာလဲ”

ကျောက်ဟိုင်ကျီက မျက်လုံးဖွင့်လိုက်သောအခါတွင် သူ့တကိုယ်လုံးကို ကြိုးများတုပ်နှောင်ထားသည်ကို ခံစားလိုက်ရသည်။

အရင်ဆုံး ကျောက်ဟိုင်ကျီသတိထားမိသည်မှာ၊ လက်ရှိသူဝတ်ဆင်ထားသည်က သူ့အဝတ်အစားများ ဟုတ်မနေသည်ကိုပင် ဖြစ်သည်။

ပြီးတော့ ဘာလို့ ငါ့ကျင့်ကြံခြင်းက ပြန်လည်မွေးဖွားခြင်းအဆင့်ကို ကျဆင်းသွားရတာလဲ

ထိုအရာက အကုန်မဟုတ်သေးပါချေ။ ကျောက်ဟိုင်ကျီက ခေါင်းမော့ကြည့်လိုက်သည့်အခါတွင်တော့ သူ့ကိုယ်သူကို သူပြန်မြင်လိုက်ရသောကြောင့် လွန်စွာမှကို ထိတ်လန့်သွားခဲ့ရပါတော့သည်။

သူ့အရှေ့တွင် အခြားသောလူများကလည်း မတ်တပ်ရပ်နေကြသည်။ ထိုထဲမှ တယောက်မှာ သူကိုယ်တိုင်ပင် ဖြစ်ပါသည်။

ငါ့အရှေ့မှာ ရပ်နေတဲ့လူက ကျောက်ဟိုင်ကျီဆိုမှတော့ ငါကကော ဘယ်သူလဲ

ကျောက်ဟိုင်ကျီက အချိန်တခဏကြာမြင့်အောင် စိတ်ရှုပ်ထွေးနေခဲ့ပါသည်။ သူက မေးခွန်းမေးရန် ဟန်ပြင်လိုက်သော်လည်း ဘာမေးရမှန်းကို မသိနေခဲ့ပါချေ။

“မင်း ဘယ်လိုခံစားရလဲ”

လီချန်ချင်းက ကျောက်ဟိုင်ကျီအား ကြည့်ကာ မေးလိုက်သည်။

ပိုင်တုနှင့် ကျောက်ဟိုင်ကျီတို့၏ ဝိဉာဉ်များသည် မူချင်းကော၏ စွမ်းအားကြောင့် လဲလှယ်သွားကြပြီဖြစ်သည်။

ယခုအချိန်တွင် သူ့ခန္ဓာကိုယ်တခုလုံး မူလစွမ်းအားများနှင့် ပြည့်နှက်နေသည်ကို ပိုင်တုက ခံစားနေခဲ့ရပါသည်။

ယခုလိုမျိုး စွမ်းအားမျိုးကို အရင်က တခါမှ သူ မခံစားခဲ့ဖူးပါချေ။

သူက စိတ်ပင်လှုပ်ရှားနေခဲ့ပါ၏။

ကျောက်ဟိုင်ကျီက သူ့လောက် ရုပ်ရည်မချောမောသော်လည်း ပိုင်တုက ကျောက်ဟိုင်ကျီ၏ ခန္ဓာကိုယ်ကို ကိစ္စပြီးသွားလျှင် ပြန်ပေးရန်အတွက် တွန့်ဆုတ်နေခဲ့ပါသည်။

ဘယ်သူက မူလအဆင့်ခွန်အားကို ရထားပြီးတော့ ပြန်ပြီး လက်လွှတ်ချင်မှာလဲ

ထိုအဆင့်က ပြန်လည်မွေးဖွားခြင်းအဆင့်နဲ့ဆိုလျှင် ကောင်းကင်ပေါ်သို့ ခုန်တက်သွားခြင်းနှင့် မခြားနားပါချေ။

“မင်းတို့တွေက ဘယ်သူလဲ၊ ဘာတွေ ဖြစ်နေတာလဲ”

ကျောက်ဟိုင်ကျီက စိတ်တိုစွာ မေးလိုက်သည်။

“မင်းတို့တွေက ဘာလို့ ငါ့လိုမျိုးဟန်ဆောင်နေတာလဲ”

ဒါပေမယ့် လီချန်ချင်းက ကျောက်ဟိုင်ကျီကို အာရုံစိုက်ရန် လွန်စွာမှကို ပျင်းရိနေခဲ့ပြီ ဖြစ်ပါသည်။ သူက ကျောက်ဟိုင်ကျီကို သတင်းအချက်အလက်များ မေးမြန်းလိုပါသော်လည်း စန်းယွမ်ခန်းမမှ လူများက သတင်းစကားကို လွယ်လွယ်နဲ့ ထုတ်မပြောတတ်မှန်းကို လီချန်ချင်းက သိပါသည်။

စန်းယွမ်ခန်းမမှ သူတို့အား ရွေးချယ်ထားခြင်းမှာ သူတို့၏ နှုတ်လုံမှုကြောင့်ပင် ဖြစ်၏။

ထိုအခိုက်တွင် မူချင်းကောက ရှေ့သို့ တိုးလာခဲ့သည်။

“မူချင်းကော”

သူမကို မြင်သော် ကျောက်ဟိုင်ကျီက အလွန်တရာကို ထိတ်လန့်သွားခဲ့လေ၏။ စန်းယွမ်ခန်းမ၏ အချက်အလက်ပိုင်းအေးဂျင့်ဖြစ်သောကြောင့် သူသည် မူချင်းကောအား သေချာစွာ သိနေပါသည်။

ဒါပေမယ့် မူချင်းကောက စကားတခွန်းမှ မဆိုပါ။ သူမက လက်ထဲတွင်ရှိသော ငွေအပ်ကို ကျောက်ဟိုင်ကျီ၏ ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်နှင့် ကျောက်ဟိုင်ကျီ၏ မျက်လုံးများမှာ မှောင်မည်းသွားပြီး သတိလစ်မေ့မျောသွားခဲ့ပါသည်။

“ကျွန်မ သူ့ကို သတိမေ့အောင် လုပ်လိုက်ပြီ”

မူချင်းကောက ပိုင်တုထံသို့ မျက်နှာလှည့်ကာ ဆက်ပြောလိုက်သည်။

“ကောင်လေး၊ နင်ပြန်လာရင် နင့်ခန္ဓာကိုယ်ထဲကို ငါပြန်ထည့်ပေးမယ်။ နင့်ခန္ဓာကိုယ်က ဘာမှမဖြစ်ဘူး၊ စိတ်မပူနဲ့”

“ကျေးဇူးတင်ပါတယ် စုန့်နတ်သမီးခင်ဗျား”

ပိုင်တုက လက်သီးဆုပ်ကာ အရိုအသေပေးလိုက်ပါသည်။

ပိုင်တုက လွန်စွာမှကို ကျေးဇူးတင်နေခဲ့ပါသည်။

လီချန်ချင်း ဖမ်းဆီးလာသည့် နောက်လူတဦးလည်း ရှိပါသေးသည်။

တောပုန်းဓားပြကျေးရွာ၏ ဒုတိယခေါင်းဆောင်ဖြစ်သည်။

တောပုန်းဓားပြကျေးရွာ၏ ဒုတိယမြောက်ခေါင်းဆောင်မှာ စန်းယွမ်ခန်းမမှ မဟုတ်ပါချေ။ ထို့ကြောင့် သူက ပါးစပ်မလုံပါ။ ပိုင်ကျင့်ဖေး၏ ခြိမ်းခြောက်ကာ မေးခွန်းမေးမြန်းမှုကြောင့် သိပ်မကြာခင်မှာပင် သူက အရာအားလုံးကို ဖွင့်ပြောခဲ့ပါတော့သည်။

သူက သာမန်ဓားပြလေးသာဖြစ်ပြီး လီချန်ချင်းတို့အဖွဲ့လိုစွမ်းအားကြီးသူများနှင့် ဆုံတွေ့သည့်အခါတွင် ခပ်မြန်မြန်ပင် ပူးပေါင်းခဲ့ပါသည်။

ဒုတိယခေါင်းဆောင်မှာ ကျောက်ဟိုင်ကျီအကြောင်းကို သေချာမသိသည့်တိုင်၊ ကျောက်ဟိုင်ကျီက မည်သူနှင့် ဆက်သွယ်သည်၊ ဘာတွေကို လုပ်သည်ဆိုသည်ကိုတော့ သိပေသည်။

ထို့ကြောင့် သူသိသမျှ အားလုံးကို မချွင်းမချန်ကို ပြောပြခဲ့ပါ၏။

ပိုင်တုကလည်း အကုန်လုံးကို မှတ်သားလိုက်ပါသည်။

ဒုတိယခေါင်းဆောင်က ကျောက်ဟိုင်ကျီ၏ ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စရိုက်များကိုလည်း ရှင်းပြခဲ့ပါ၏။

ပိုင်တုက သေချာမှတ်သားထားခဲ့၏၊ တညအတွင်းမှာပင် သူက ကျောက်ဟိုင်ကျီအကြောင်းကို အလုံးစုံ သိသွားခဲ့ပါသည်။

ဒုတိယခေါင်းဆောင်မှာ သူသိသမျှအရာအားလုံးကို ပြောပြပြီးသည့်နောက်တွင် ပိုင်ကျင့်ဖေး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါသည်။

ထိုကဲ့သို့သော သူမျိုးကို အသက်ရှင်ရက်ထားထားရန် မဖြစ်ပါချေ။ ဒီလူက တော်တော်များများကို သိနေပြီ ဖြစ်သောကြောင့် လျို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် သတ်ပစ်ရန်သာ ရှိပါတော့သည်။

လီချန်ချင်းသည် သူလုပ်ချင်သည့် အကြောင်းအရာများကို ပိုင်တုကို ရှင်းပြပြီးသည့်နောက်တွင် ဓားပြကျေးရွာသို့ ပိုင်တုကို ပြန်လွှတ်လိုက်ပါသည်။

ဓားပြများသည် ညလုံးပေါက်လိုက်ရှာကြသည့်တိုင် ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို ရှာမတွေ့ခဲ့ပါချေ။

သူတို့အားလုံးက စိတ်ပျက်လက်ပျက်ဖြစ်နေသည့်အခိုက်တွင် ရုတ်တရက် ကျောက်ဟိုင်ကျီက ပြန်ပေါ်လာခဲ့သည်။ အားလုံးမှာ ဝမ်းမြောက်သွားခဲ့ကြပါတော့သည်။

တချိန်တည်းမှာပင် ပိုင်တုကို ဘာဖြစ်ခဲ့သလဲဟု သူတို့က ဝိုင်းမေးခဲ့ကြပါတော့သည်။

ပိုင်တုက နဂိုတုန်းကတည်းက တွေးထားခဲ့သည့် ဇာတ်လမ်းအတိုင်းသာ ပြောပြခဲ့ပါသည်။ သူက ဖမ်းခေါ်ထားသည့် မိန်းမကို ဖျက်ဆီးနေစဉ်တွင် ဒုခေါင်းဆောင်က တခြားအင်အားစုမှ လွှတ်ထားသည့် သူလျိုဖြစ်ကြောင်းကို ရှာတွေ့ခဲ့လေသည်။ ထို့ကြောင့် မမျှော်လင့်ထားပဲနဲ့ ဒုခေါင်းဆောင်က သူလျိုဖြစ်ကာထွက်ပြေးတော့မည် ဖြစ်သောကြောင့် ရွာအပြင်ထိထွက်ကာ လိုက်ဖမ်းခဲ့ခြင်းပင် ဖြစ်ပါ၏။

နောက်ဆုံးတွင် ရွာအပြင်တွင် ဒုခေါင်းဆောင်က အသတ်ခံခဲ့ရပါတော့သည်။

ထိုအဖြစ်ကို ကြားလိုက်သူတိုင်းက အံ့အားသင့်ကုန်ကြပါတော့သည်။

ဒုခေါင်းဆောင်မှာ သူတို့အပေါ်၌ ညီ၊အစ်ကိုရင်းလိုဆက်ဆံခဲ့သဖြင့် ထိုသူကို သစ္စာဖောက်၊ သူလျိုဖြစ်လိမ့်မည်ဟု မထင်ထားခဲ့မိကြပါ

ပိုင်တုက ဓားပြကျေးရွာမှ လူများအားလုံးကို အရူးလုပ်ပြီးသည့်နောက်တွင်တော့ ကျောက်ဟိုင်ကျီအနေနှင့် အားလုံးကို စတင်စုံစမ်းပါတော့သည်။

သူက အခြေအနေအားလုံးကို မြင်တွေ့ပြီးသည့်နောက်တွင် ပိုင်တု၏ ခေါင်းထဲ၌ အစီအစဉ်တရပ်ကို စတင်၍ ပုံဖော်လာခဲ့ပါသည်။

ဖြစ်ချင်တော့ စန်းယွမ်ခန်းမ၏ အချက်အလက်များကို ဖလှယ်ခြင်းသည်လည်း စာပို့ခိုများကို အသုံးပြုပြီး ဖလှယ်ခြင်းသာ ဖြစ်ပါသည်။ ထို့ကြောင့် ယခုတွင် ပိုင်တုက တာဝန်ကျရက်မစေ့မှီမှာပင် စန်းယွမ်ခန်းမသို့ ပြန်လာမည်ဖြစ်ကြောင်းကို ပိုင်တုက လှမ်းအကြောင်းကြားလိုက်ပါသည်။

စန်းယွမ်ခန်းမသို့ သူမပြန်ပါက ထိုနေရာမှ သတင်းအချက်အလက်များကို ရရှိနိုင်လိမ့်မည် မဟုတ်ပါချေ။

ကျောက်ဟိုင်ကျီ၏ ပြင်ပတာဝန်မှ ပြန်လာခွင့်ကို လူအများအပြားက အားပေးခဲ့ကြပါသည်။ စန်းယွမ်ခန်းမ၏ အတွင်းပိုင်းသတင်းအချက်အလက်ဌာနမှ အပြင်လောကသို့ ထွက်လိုသူများမှာ မနည်းမနောရှိသောကြောင့်ပင် ဖြစ်ပါ၏။

ကျောက်ဟိုင်ကျီ ပြန်လာခြင်းသည် အပြင်ဖက်တွင် တာဝန်ထမ်းဆောင်ခြင်း တနေရာလွတ်သွားသည်ဟူသော သဘောပင်။ ထို့ကြောင့် သူတို့အားလုံးက ထိုတနေရာစာကို ရရှိရန်အတွက် အသည်းအသန် လုပ်နေကြခြင်းပင် ဖြစ်ပါသည်။

စန်းယွမ်ခန်းမ၏ ကိစ္စရပ်များကို စီစဉ်ပြီးသည့်အခါတွင် လီချန်ချင်းက သက်ပြင်းချနိုင်ပါတော့၏။

မူချင်းကော၏ အသစ်ရရှိလာသည့် စွမ်းအားကို လီချန်ချင်းက လွန်စွာမှကို နှစ်ခြိုက်လှပေသည်။ ထိုဝိဉာဉ်ကူးပြောင်းစွမ်အားနှင့်သာဆိုလျှင် စန်းယွမ်ခန်းမတင်မကပေ၊ အခြားအခြားသော အင်အားစုများထံသို့ပင် သူ၏ လူများကို သူလျိုအဖြစ်လွှတ်၍ ရမည် ဖြစ်ပါသည်။

ဒီနည်းနဲ့ဆိုရင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက အနာဂတ်မှာ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီးတော့ စိတ်ပူစရာလိုဦးမှာတဲ့လား

သင်က ဘယ်နေရာကိုပဲ ရောက်နေပါစေ၊ သတင်းအချက်အလက်က အသက်သွေးကြောပင် ဖြစ်ပါသည်။

နောက်ထပ် ခန္ဓာလဲရန်အတွက် ပထမဦးဆုံး လီချန်ချင်း တွေးမိသည်မှာ ဆုရှန်းချီပင် ဖြစ်သည်။

သူသာ ဆုရှန်းချီ၏ ကိုယ်တွင်းသို့ အခြားလူတဦး၏ စိတ်ဝိဉာဉ်ကို ထည့်နိုင်မည်ဆိုလျှင် ဆုမိသားစု၏ လှုပ်ရှားမှုတိုင်းကို သူသိနေရမည် ဖြစ်ပါသည်။

ဒါပေမယ့် လီချန်ချင်းက စိတ်လွတ်လက်လွတ်တော့ မလုပ်ရဲပါချေ။ သူက ပိုင်တု၏ အခြေအနေကို အရင်စောင့်ကြည့်လိုပါသေးသည်။

ပိုင်တုက အဖမ်းမခံရပဲနဲ့ စန်းယွမ်ခန်းမက သတင်းတွေကို ပြန်ပို့နိုင်မလားဆိုတာကို သိချင်သေးတယ်။

ပိုင်တုအား လီချန်ချင်းပေးထားသည့် ပထမတာဝန်မှာ စန်းယွမ်ခန်းမမှ ယွဲ့ဟန်ကျွင်းနှင့် ပတ်သက်သော သတင်းများစွာတို့ကို ရှာဖွေပြီးသည့်နောက်တွင် သူ့အား ပြန်လည်ပို့ပေးရန်အတွက်ပင် ဖြစ်ပါသည်။

ယွဲ့ဟန်ကျွင်းနှင့် ပတ်သက်သည့် အမည်ဖော်ပြရခက်ခဲသော အလိုလိုသိစိတ်က သာမန်ထက် စွမ်းအားကြီးလာသည်ကို လီချန်ချင်းက ခံစားနေခဲ့ရသည်။ သူနှင့် ယွဲ့ဟန်ကျွင်းအကြားတွင် ဆက်နွယ်မှုတစုံတခုတော့ ရှိနေပေလိမ့်မည်။

ထိုကိစ္စမှာ ထျန်းဟိုင်မြို့ကော၊ မြို့အရှင်ပါ ပါဝင်လာနိုင်ချေဖွယ် ရှိပါသည်။

သူက ကျားစေ့တခုအဖြစ် ကစားခံနေရပါသည်ဟု လောရှောင်ချွမ်က သူ့အား ပြောခဲ့ပါသည်။ သူ့ကို အရုပ်လို ထိန်းချုပ်နေသောလူမှာ မည်သူမှန်းကို လီချန်ချင်းက မသိခဲ့ပါ။

ဒါပေမယ့် ယွဲ့ဟန်ကျွင်းနှင့် သူ့အကြားဆက်နွယ်မှုကို အဖြေရှာနိုင်ပါက သူ့ကို ကစားနေသူကို သူရှာတွ့နိုင်လိမ့်မည်ဟု လီချန်ချင်းတွင် ခံစားချက်ရှိနေခဲ့ပါသည်။

ထို့ကြောင့် လီချန်ချင်းက ယွဲ့ဟန်ကျွင်း၏ အချက်အလက်ကို စောင့်ဆိုင်းနေပါတော့သည်။

တချိန်တည်းမှာပင်,,, တုရှန်းမြို့…

ဟွာမိသားစုနှင့် မူအိမ်တော်တို့ကို သတ်ဖြတ်ပြီးသည့် နောက်တွင် မြွေဖြူလမ်းကြောင်းမှာ လွန်စွာမှကို နေချင်စဖွယ်နေရာတခု ဖြစ်လာခဲ့ပါသည်။

သို့သော်လည်း လီဟမ်ရှန်းက ထိုမိသားစုနှစ်စုအပေါ်သို့ စုံစမ်းမှုနှင့် စစ်ဆေးမှုများမှာတော့ မလျော့ကျသွားခဲ့ပေ။ စုံစမ်းမှုများအပြီးတွင် အိမ်တော်နှစ်ခု၏ ဒုစရိုက်မှုများမှာ ထပ်မံ၍ ပေါ်ထွက်လာသောကြောင့် ကျူးလွန်သူများကို စစ်ဆေးရေးမှုးရုံးကလည်း ဆက်တိုက်ကို ဖမ်းဆီးနေပါတော့သည်။

ယခုအချိန်တွင် ဟွာမိသားစု၏ ဘိုးဘေးပင်လျှင် ငြိမ်ငြိမ်ထိုင်မနေရဲပါတော့ချေ။

သို့သော် လီဟမ်ရှန်းကို စိတ်ပျက်စေသည်မှာ ဟွာမိသားစု၏ ဘိုးဘေးကြီးက သူ့ထံသို့ လာပြီး ပြသနာမရှာသောကြောင့်ပင် ဖြစ်သည်။

စစချင်းတုန်းက သူက ပြသနာလာရှာပါက၊ ထိုပြသနာကို အကြောင်းပြပြီး ဟွာမိသားစု၏ ဘိုးဘေးကို သတ်ဖြတ်ချင်လိုပါသည်။

သူတို့၏ နောက်ခံဖြစ်သော ဟွာမိသားစု၏ ဘိုးဘေးကြီး အသတ်ခံလိုက်ရပါက ဟွာမိသားစုမှာ သွားမရှိသော ကျားကြီးတကောင်လို ဖြစ်သွားပေတော့မည်။

သူတို့တွင် အမှန်တကယ်စွမ်းအားမရှိတော့ပါချေ။

ထိုသို့မြန်မြန် မရှင်းပစ်ပါက၊ လီဟမ်ရှန်းအဖို့ သူ့ဦးခေါင်းထက်တွင် ဓားတချောင်းအမြဲ ရှိနေသလို ဖြစ်နေပေလိမ့်မည်။ သူ့အတွက်တော့ စိတ်ဖြောင့်ဖြောင့်နှင့် အသက်ရှင်နိုင်မည်မဟုတ်ပေ။

တောက်ဟီအိမ်တော်နှင့် ပတ်သက်သည့်အခြေအနေကတော့ လီဟမ်ရှန်းက လုံးဝကို မလှုပ်ရှားသေးပါချေ။

သူက ထိုမိသားစုများအားလုံးကို တခုချင်းစီ ကိုင်တွယ်လိုခဲ့ပါသည်။

ယခုနောက်ပိုင်းတွင် တောက်ဟီအိမ်တော်က ၎င်းတို့၏ လှုပ်ရှားမှုများကို ပြောင်းလဲခဲ့ပါသည်။ သူတို့က ဒုစရိုက်လုပ်ငန်းများကို လုပ်ကိုင်ခြင်းမှ ရပ်တန့်လိုက်သည့်အပြင်၊ တုရှန်းမြို့ကို ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ၌ ကိုယ်ပိုင်ငွေကြေးများကို အမြောက်အမြား အကုန်ခံကာ သုံးစွဲခဲ့ပါသည်။

မြွေဖြူလမ်းကြောင်း၏ မြို့ပြင်မှ၊ မြို့တွင်းအထိ ရှည်လျားသော ကုန်လမ်းမကြီးကို တောက်ဟီအိမ်တော်မှ လှူဒါန်းကာ ဆောက်လုပ်ခဲ့ပါ၏။

ထိုသို့ ကူညီပေးရန်အတွက် လီဟမ်ရှန်းကပင် မပြောနိုင်ခင်မှာပင် သူတို့က ဆောင်ရွက်ခဲ့ခြင်းပင် ဖြစ်ပါ၏။

ထို့ထက် တောက်ဟီအိမ်တော်က အလုပ်သမားအများအပြားကို လစာဝင်ငွေအများအပြားကမ်းလှမ်းပြီးတော့ အလုပ်ခေါ်ခဲ့ပါသေးသည်။ ထိုကဲ့သို့ အလုပ်များကမ်းလှမ်းမှုကြောင့် မြို့နေလူထုအတွက် အလုပ်များ မရှားပါးတော့ပါချေ။

ထိုကဲ့သို့ အကွက်များကို ထုတ်သုံးလိုက်ခြင်းက စစ်ဆေးရေးမှုးရုံးရှိလူများအားလုံးကို ပါးစပ်အဟောင်းသားနှင့် ဖြစ်သွားကုန်ကြပါတော့သည်။

လီဟမ်ရှန်းကလည်း ပြောစရာစကားများ ပျောက်ရှကုန်ခဲ့ပါ၏။

တောက်ဟီအိမ်တော်မှာ လူထုအမြင်တွင် သူတို့၏ ပုံရိပ်ကို မြှင့်တင်သည့် လုပ်ကွက်ကို လုပ်နေခြင်းပင် ဖြစ်ပါသည်။

ထို့အပြင် သူတို့က မြို့ခံလူထုကို လစာအမြောက်အမြားပေးကာ သူတို့၏ ဆိပ်ကမ်းများတွင် အလုပ်သမားအဖြစ်ငှားရမ်းထားသောကြောင့် လီဟမ်ရှန်းသာ တောက်ဟီအိမ်တော်ကို ပြသနာရှာပြီး ဖမ်းဆီးလိုက်မည်ဆိုပါက၊ သာမန်လူများစွာတို့မှာ အလုပ်လက်မဲ့ဖြစ်ကုန်လိမ့်မည် ဖြစ်သည်။

လစာများစွာရသော လုပ်ငန်းများမှ အလုပ်လက်မဲ့ဖြစ်လာမည့် ပြည်သူများက သူတို့၏ ဒေါသများကို စစ်ဆေးရေးမှုးရုံးဖက်သို့ ပုံချကြမည်သာ ဖြစ်၏။

ထိုအကွက်က လီဟမ်ရှန်းကို အငိုက်မိသွားစေခဲ့ပါသည်။

ထို့အပြင် တောက်ဟီအိမ်တော်က အပြင်ပန်းပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ပရဟိတလုပ်ငန်းများ၊ အသင်းတော်များကို မြောက်များစွာသော လှူဒါန်းမှုများကို ပြုလုပ်ခဲ့ပါသည်။

ထိုကဲ့သို့ အကွက်မျိုးစုံထုတ်သုံးထားသောကြောင့် တောက်ဟီအိမ်တော်ကို လီဟမ်ရှန်းက လောလောဆယ် လွှတ်ထားရုံသာ တတ်နိုင်ပါသည်။

သူတို့ လုပ်ကိုင်နေသည့် အလုပ်များမှာ ကောင်းမှုများသာ ဖြစ်နေခဲ့ပါ၏။

ထိုသူများနှင့် ရန်ငြိုးဟောင်းများကို ရှင်းပစ်ရန်အတွက်တော့ သူက နောက်ထပ် အခွင့်အရေးကိုသာ စောင့်ဆိုင်းရုံသာ တတ်နိုင်ပါတော့သည်။

အရုဏ်ဦး၏ ပထမဦးဆုံး လင်းရောင်ခြည်က ရောက်ရှိလို့လာခဲ့ပြီ

တုရှန်းမြို့တွင်၊ တုရှန်းတောင်ရှိသည်။ မြို့အမည်မှာ ထိုတောင်ကို အစွဲပြုကာ မှည့်ထားခြင်းလည်း ဖြစ်ပါသည်။

နေရောင်ခြည်ကျဆင်းလာသည်နှင့် တပြိုင်နက် လီဟမ်ရှန်း၏ ပုံရိပ်မှာလည်း တောင်ထိပ်ပေါ်တွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတော့သည်။

သူသည် ထိုနေရာ၌ လှံသိုင်းကျင့်ကြံနေသည်

အစစ်အမှန်လှံသိုင်းကိုးချက်နှင့် အင်မော်တယ်အရှင်သခင်လှံသိုင်းကို အမြဲတန်း လေ့ကျင့်နေခြင်းကြောင့် လီဟမ်ရှန်းက ပို၍ ကျွမ်းကျင်လာခဲ့ပါသည်။

သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ နတ်ဘုရားဖီးနစ်အရိုးကြောင့် မြန်ဆန်နေခဲ့ပါသည်။

ထိုဖြစ်ရပ်ကြောင့် လီဟမ်ရှန်းက ကျင့်ကြံခြင်းကို အားရနေခဲ့ပါသည်။

“သိပ်ကောင်းတဲ့ လှံသိုင်းပဲကွာ”

ထိုအခိုက်မှာပင် လီဟမ်ရှန်း၏ အနောက်မှ ဖော်ရွှေမှုများနှင့် ပြည့်နှက်နေသည့် အသံတသံထွက်ပေါ်လာခဲ့ပါသည်။

လီဟမ်ရှန်းသည် သူ့အနောက်မှ ရုတ်တရက်ထွက်ပေါ်လာသည့်အသံကြောင့် ထိတ်လန့်သွားခဲ့ရပါ၏။

All Chapters