အခန်း (၃၇၂)
Vol. 31 Ch. 372
“သူ ပြန်သွားပြီလား”
လီချန်ချင်းက လောရှောင်ချွမ် ရောက်လာသည်ကို မြင်သောအခါတွင်၊ လက်ဖက်ရည်ကြမ်းကို အသင့်ပြင်ဆင်ထားလျက် မေးလိုက်ခြင်းပင် ဖြစ်ပါသည်။
“သူ လိုချင်နေတာကို ရှာမတွေ့မှတော့ ထွက်သွားပြီပေါ့”
လောရှောင်ချွမ်က ထိုင်ချလိုက်လေ၏။
“အဲ့ဒါကြောင့်မို့လို့ မင်းကို စိတ်မပူဖို့နဲ့၊ ကိုယ်တိုင်သွားတိုက်ခိုက်ဖို့မလိုဘူးလို့ ကျုပ်ပြောတာပေါ့။ သူသာ တကယ်အတည်ချမယ်ဆိုရင် မင်းကော၊ ငါကော ပေါင်းချရင်တောင် သူ့ကို နိုင်မှာမဟုတ်ဘူး။ အဲ့ဒီ့အရာက လီဟမ်ရှန်းရဲ့ ကိုယ်ပေါ်မှာ မရှိတော့လို့ သူလည်း ထွက်သွားခဲ့တာ”
“သူက ဘာကို ရှာနေတာလဲဆိုတာကို ခင်ဗျားက ကျုပ်ကို မရှင်းပြခဲ့ဘူးနော်။ ပြီးတော့ သူ ရှာနေတာကလည်း ဘာလို့ ကျုပ်သားဆီမှာ ရှိနေရမှာလဲ”
လီချန်ချင်းက မျက်မှောင်ကုတ်ကာ ပြောလိုက်၏။
“လီဟမ်ရှန်းဆီမှာ ဘာလို့ရှိနေလဲဆိုတာကို ကျုပ်ကိုယ်တိုင်လည်း မရှင်းလင်းနေဘူးဗျ”
လောရှောင်ချွမ်က သူ၏ ဦးခေါင်းကို ခါယမ်းလျှက် ပြောလိုက်သည်။
“လီဟမ်ရှန်းကို ကျုပ်ပထမဦးဆုံးစတွေ့တဲ့အချိန်ပေါ့၊ အဲ့ဒီ့အချိန်တုန်းက ကျုပ်တွက်ချက်မိရသလောက်ကတော့ ဒီကလေးက ကံကောင်းမှုကြီးကြီးမားမားရှိတဲ့ ကလေးဆိုတာပဲ သိခဲ့တာ။
အဲ့ဒါကြောင့်လည်း သူ့ကို ကျုပ်တို့ဂိုဏ်းထဲကို ဝင်ခွင့်ပြုလိုက်ပြီး သေသေချာချာကို စောင့်ကြည့်နေခဲ့တာပဲ။ ဒါပေမယ့် လီဟမ်ရှန်းက သေရာကနေ ပြန်ရှင်လာပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ ကြီးမားတဲ့ကံကောင်းမှုကြီးက အစအနရှာမရအောင်ကို ပျောက်ဆုံးသွားခဲ့တာပဲ”
“အဲ့ဒါကြောင့်ပဲ ကျန်းထျန်းယွမ်က သူ့ကို တခုခုလုပ်မှာကို ကျုပ်က မစိုးရိမ်ခဲ့တာ”
လောရှောင်ချွမ်က တချက်ပြုံးရင်း ဆိုလိုက်၏။
“ဖြစ်နိုင်တာက အဲ့ဒီ့အရာကို လီဟမ်ရှန်းပေါ်မှာ ထားခဲ့တာ ယွဲ့ဟန်ကျွင်းလည်း ဖြစ်နိုင်တယ်လေ”
“လာပြန်ပြီလား… ဒီယွဲ့ဟန်ကျွင်း”
လီချန်ချင်းသည် ထို ယွဲ့ဟန်ကျွင်းကို ပို၍ စိတ်ဝင်စားလာခဲ့ပြန်တော့သည်။
“အဲ့ဒါက ဘာလဲဆိုတာကိုတော့ ကျုပ်မသိဘူး” လောရှောင်ချွမ်က သက်ပြင်းချလျက်ပြောပါသည်။
“ကျုပ်သိတာကတော့ ၊ ကျန်းထျန်းယွမ်က စန်းယွမ်နယ်မြေသခင်ဆိုတဲ့ ရာထူးကနေ လုံးဝမဆင်းပေးပဲ နေနေတာက အတော်ကိုကြာနေပြီ။ သူအခုလိုမျိုးစောင့်နေတာကလည်း သူရှာနေတဲ့ အဲ့အရာကြောင့်ပဲဖြစ်မှာပေါ့။
ပြီးတော့ အခုသူက လီရွှမ်ရှီနဲ့ တိုက်ပွဲကို ရှောင်လွှဲလို့လည်း မရတော့ဘူးလေ။ သူ့ရဲ့ လက်ရှိအခြေအနေအရဆိုရင် အဲ့ဒီ့အရာက သူ့အတွက်နောက်ဆုံးအားကိုးရာပဲ ဖြစ်နိုင်လိမ့်မယ်”
“ပြီးတော့ ငါက လျို့ဝှက်ချက်တခုကို သိသေးတယ်၊ မင်းစိတ်ဝင်စားလား”
လောရှောင်ချွမ်က လီချန်ချင်းကို စိုက်ကြည့်လိုက်သည်။
“ပြော”
လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သည်။
“အချက်အလက်တွေသာ မှန်တယ်ဆိုရင် လီဟမ်ရှန်းက ကျန်းထျန်းယွမ်ရဲ့ တဦးတည်းသောမြေးပဲ”
“လီဟမ်ရှန်းရဲ့ အမေက ကျန်းချင်းရို၊ ကျန်းထျန်းယွမ်ရဲ့ သမီး”
လောရှောင်ချွမ်၏ စကားက လီချန်ချင်းကို အမှန်တကယ်ပင် ငုတ်တုတ်မေ့သွားစေခဲ့ပါသည်။
“ခင်ဗျား ဘာသောက်အဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ”
လီချန်ချင်းက ထိုအရာကို မယုံကြည်နိုင်ပါ။
ဒီအချက်အလက်အရဆိုရင် ကျန်းချင်းရိုက သူ့ဇနီးပေါ့?
သူက လီဟမ်ရှန်းရဲ့ အမေကော ဟုတ်လို့လား
လောရှောင်ချွမ်က လီချန်ချင်း၏ ကံကြမ္မာကို မတွက်ချက်နိုင်သောကြောင့်၊ လီဟမ်ရှန်း၏ ဖခင်အရင်းမှာ လီချန်ချင်းမဟုတ်ကြောင်းကို သိထားပြီး ဖြစ်သောကြောင့် လီချန်ချင်း၏ ယခု အမူအရာကို မအံ့ဩပါချေ။
“ကျုပ်အမှတ်မမှားရင်၊ လီဟမ်ရှန်းရဲ့ အဖေအရင်းက ယွဲ့ဟန်ကျွင်းပဲ”
လောရှောင်ချွမ်က အကြမ်းရည်တငုံသောက်ရင်း ပြောလိုက်ခြင်းပင် ဖြစ်သည်။၏
“အဓိပ္ပာယ်မရှိတာ”
လီချန်ချင်းက မယုံကြည်ချေ။
“လီဟမ်ရှန်းက ယွဲ့ဟန်ကျွင်းရဲ့ကလေးဆိုရင်၊ ကျုပ်က ဘယ်သူလဲ”
“မင်းကဘယ်သူလဲဆိုတာကို ဘယ်လိုလုပ်ပြီးသိမှာလဲ”
လောရှောင်ချွမ်က အရေးမစိုက်သလိုပင် ပြောလိုက်၏။
လီချန်ချင်းက ဘယ်သူလဲဆိုတာကို လောရှောင်ချွမ် မသိပါချေ။
ထို့အပြင် သိလည်းမသိချင်ပါချေ။ သူ၏ အာရုံမှာ ကျန်းထျန်းယွမ်အပေါ်တွင်သာ ရှိပါသည်။
ကျန်းထျန်းယွမ်နှင့် လီရွှမ်ရှီတို့အကြားတိုက်ပွဲကိုသာ သူက အာရုံရောက်နေပါသည်။
လောရှောင်ချွမ်၏ အမြင်တွင် လီရွှမ်ရှီက လုချောင်းချောင်း၏ ကိုယ်တွင်း၌ နိုးထလာသော်လည်း သူမ၏ အရင်ဘဝက စွမ်းအားများကို အပြည့်အဝ အသုံးမပြုနိုင်သေးပေ။ အရင်ဘဝစွမ်းအားများ၏ အများဆုံး ရှစ်ဆယ်ရာခိုင်နှုန်းလောက်သာ အသုံးပြုနိုင်ပါသေး၏။ အဲ့လောက် အတော်လေးမဆိုးလှပေ။
တဖက်တွင်တော့ ကျန်းထျန်းယွမ်၏ အခြေအနေမှာမူ လွန်စွာမှကို ဆိုးရွားနေခဲ့ပါသည်။
မြေလျှောက်အင်မော်တယ်များသည် အစစ်အမှန်အင်မော်တယ်များမဟုတ်ပါချေ။ သူတို့တွင်လည်း သက်တမ်းရှိသည်။
ကျန်းထျန်းယွမ်မှာ အသက်သုံးရာပြည့်တော့ပေမည်။
သူက သက်တမ်းကုန်ဆုံးလုနီးပါးရောက်နေပြီး သာမန်လူများကဲ့သို့ သေဆုံးတော့မည်ဖြစ်သည်။ သူ့အမြင်တွင် ကျန်းထျန်းယွမ်က ယခုအခြေအနေနှင့် လီရွှမ်းရှီကို တိုက်ခိုက်လျှင် ကျန်းထျန်းယွမ်၏ အနိုင်ရနိုင်နှုန်းမှာ အတော်လေးကို နိမ့်ပါးပေသည်။
ဒါပေမယ့် ကျန်းထျန်းယွမ်က မြေလျှောက်အင်မော်တယ်ဖြစ်နေတာက နှစ်အရမ်းကြာနေပြီ။ သူ့ရဲ့ ကျင့်ကြံခြင်းအုတ်မြစ်က အရမ်းကို ကြောက်ဖို့ကောင်းနေတာ။ လီရွှမ်ရှီက ကောင်းကင်နတ်သမီးဓားကိုပဲ အမှီပြုပြီး အနိုင်ယူဖို့မျှော်လင့်နေတာဆိုရင်တော့ မလုံလောက်ဘူး။
ထို့ကြောင့် ကျန်းထျန်းယွမ်၏ အခြေအနေက အကျဖက်သို့ ရောက်နေပြီ ဖြစ်သောကြောင့် လောရှောင်ချွမ်က ယနေ့တွင် တမင်တကာ ကျန်းထျန်းယွမ်၏ စွမ်းအားကို စမ်းသပ်ကြည့်ခြင်းပင် ဖြစ်ပါ၏။ သူနှင့် ကျန်းထျန်းယွမ်အကြားကွာခြားမှုမှာ နှိုင်းယှဉ်၍ မရနိုင်အောင်ကိုပင် ဖြစ်နေခဲ့ပါသေးသည်။
ကျန်းထျန်းယွမ်ကော၊ လီရွှမ်ရှီ နှစ်ယောက်စလုံးက သူ၏ ပြိုင်ဘက်မဟုတ်နေပါချေ။
သူက စန်းယွမ်နယ်မြေသခင်ဖြစ်လိုသော်လည်း၊ ဖြစ်နိုင်တော့မည် မဟုတ်ပါ။
ဒါပေမယ့် ထိုအကြောင်းအရာများနှင့် ပတ်သက်ပြီးတော့ လီချန်ချင်းတွင်တော့ အတွေးများများစားစား ရှိမနေပါချေ။
သူက လီဟမ်ရှန်း၏ အကြောင်းကိုသာ စိတ်ပိုဝင်စားနေခဲ့ပါသည်။
လီဟမ်ရှန်းရဲ့ အဖေက ယွဲ့ဟန်ကျွင်းလား
အနည်းဆုံးတော့ သူ့ခန္ဓာကိုယ်က လီဟမ်ရှန်းရဲ့ ဖခင်၏ ခန္ဓာကိုယ်သာ ဖြစ်သည်။ သူတို့နှစ်ဦးအကြား သွေးသားတော်စပ်မှုခံစားချက်မှာ စစ်မှန်လွန်းလှသည်။
လီချန်ချင်းက ယွဲ့ဟန်ကျွင်း၏ အကြောင်းကို အမှန်တကယ် သိချင်နေခဲ့မိပါသည်။
သုံးရက်ကြာမြင့်ပြီးသော်…
ပိုင်တုက တျန်းဟိုင်မြို့သို့ ရောက်လာခဲ့ပြီး စန်းယွမ်ခန်းမသို့ ဝင်လာသည်။
စန်းယွမ်ခန်းမ၏ စစ်ဆေးရေးများမှာ တင်းကြပ်လှပါသည်။ ကျောက်ဟိုင်၏ ကိုယ်ရေးအချက်အလက်များကို အဆင့်ဆင့်စစ်ဆေးသည်။ သူ၏ ကိုယ်ပေါ်တွင် အမှတ်အသားများ ခပ်ထားမည်လားဆိုသည်ကိုလည်း စစ်ဆေးသည်။ စိတ်ညှို့ခံထားရလားဆိုတာကိုလည်း စစ်သည်။
သို့သော် သူတို့က ဘယ်လိုပဲ စစ်ဆေးပါစေ။ ကျောက်ဟိုင်ကျီက လုံးဝ ပုံမှန်သာဖြစ်နေသည်။
ထို့ကြောင့် သူတို့က ကျောက်ဟိုင်ကျီကို စန်းယွမ်ခန်းမ၏ အချက်အလက်ဌာနထဲသို့ ဝင်ခွင့်ပြုလိုက်ပါသည်။
စန်းယွမ်ခန်းမသို့ ဝင်ပြီးသည့်နောက်တွင် ပိုင်တု၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ပါ၏။ အချက်အလက်ဌာနမှာ ထိုမျှလောက် ကျယ်ပြန့်ကာ ခမ်းနားလိမ့်မည်ဟု သူကလုံးဝကို မမျှော်လင့်ထားသောကြောင့်ပင် ဖြစ်ပါသည်။
ထို့အပြင် အချက်အလက်များကို ကောက်ယူခြင်းနှင့် ပို့သခြင်းများသည် တနေ့တာအတွင်း လွန်စွာမှကို မြန်ဆန်လွန်းလှပါ၏။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ အချက်အလက်ဌာနမှာ ဤနေရာနှင့် ယှဉ်လျှင် မွေးကင်းစကလေးသာသာပင် ရှိမည်
သို့ပေမယ့် ပိုင်တုက သူ၏ တာဝန်ကို မမေ့လျော့ပါချေ။
သူ၏ တာဝန်က ယွဲ့ဟန်ကျွင်း၏ သတင်းအချက်အလက်ကို ရှာဖွေရန်ဖြစ်ပါသည်။
“ကျောက်ဟိုင်ကျီ”
“အမည်မဖော်လိုသူတဦးက တစ္ဆေဝိဉာဉ်မြက်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်ကို ဝယ်ချင်နေတယ်။ မြန်မြန် အချက်အလက်သိုလှောင်ခန်းကိုသွားယူခဲ့ပေး”
“အေး”
ပိုင်တုက ပြန်ဖြေလိုက်သည်။
ယင်းတာဝန်မှာ သူ၏ အလုပ်တစိတ်တပိုင်းပင်ဖြစ်သည်။
သူက အချက်အလက်သိုလှောင်ခန်းသို့ ရောက်သောအခါ၊ ခေါင်းစဉ်ခွဲများစွာတို့နှင့် စီတန်းထားသော စင်မြင့်များစွာတို့ကို တွေ့ရသည်။ အရေအတွက်မှာ ထောင်ချီနိုင်လောက်ပေသည်။
အချက်အလက်များကိုလည်း အဆင့်သတ်မှတ်ထားပြန်သည်။
ကောင်းကင်
မြေကြီး
ဆန်းကြယ်
သာမန်
အဆင့်မြင့်ဆုံးမှာ ကောင်းကင်အဆင့် အချက်အလက်ဖြစ်သည်။
ထိုအဆင့်ရှိသော အချက်အလက်ကို ဝယ်ယူရန်မှာ ငွေကြေးသက်သက်နှင့် မရတော့ပါချေ.
လွန်စွာမှကို ရှားပါးကာ တန်ဖိုးကြီးမားလှသည့် ရတနာများနှင့် လဲလှယ်မှသာ ရနိုင်ပေမည်။
လောလောဆယ်၌ ပိုင်တုမှာ တစ္ဆေဝိဉာဉ်မြက်နှင့် ပတ်သက်သော အချက်အလက်ကို ရှာဖွေနေစဉ်၌ တစုံတခုက သူ၏ အာရုံကို ဖမ်းစားသွားခဲ့သည်။
သူတွေ့လိုက်ရသည်က ကောင်းကင်အဆင့် အချက်အလက်စင်ပေါ်မှဖြစ်သည်။
ယွဲ့ဟန်ကျွင်း
ထိုအချက်အလက်မှာ သူ့အရှေ့တွင်ပင် ရှိနေပြီ
သူ့ပတ်ချာလည်တွင် အချက်အလက်များကို ရှာဖွေနေသည့်အခြားသော လူများစွာတို့လည်း ရှိနေပါသည်။ သူ့ကို ဘယ်သူမှ သတိမထားမိစဉ်မှာပင် ယွဲ့ဟန်ကျွင်းအမည်ပါသော အချက်အလက်ကို ပိုင်တုက လှမ်းဆွဲလိုက်ပါသည်။
“ကျောက်ဟိုင်ကျီ၊ မြန်မြန်လုပ်၊ အနက်ရောင်ဝိဉာဉ်မြက်ရဲ့ အချက်အလက်က မရောက်လာသေးဘူး”
သူ့အနောက်ရှိ တစုံတဦးက ပြောလိုက်ခြင်း ဖြစ်သည်။