ဗျပ်စောင်းနတ်သမီး။
Vol. 29 Ch. 394
သားကောင်ဟာ မုဆိုးဖြစ်လာနိုင်သလို မုဆိုးကလည်း သားကောင်ဖြစ်လာနိုင်သည်။
ထိုရွှမ်ယွမ်အင်အားစုက သူ၏ ရှန်ရှန့်ကျုံဂိုဏ်းကို သားကောင်တစ်ကောင်အဖြစ် ယူဆခဲ့သည်။ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းတွင် မုဆိုးတစ်ယောက်ဖြစ်လာ နိုင်သည့် စွမ်းအားမျိုး သိုဝှက်ထားကြောင်းကိုတော့ သူတို့က မတွေးဆမိကြပါ။
တခဏကြာ တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက ပြုံးလိုက်ပြီး ခေါင်းညိမ့်လိုက်သည်။
"ကောင်းပြီ ဒါပေမယ့် ငါတို့ ရှန်ရှန့်ကျုံဂိုဏ်းက ရှန်းရွှမ်ဘုံလောကို အုပ်စိုးဖို့နဲ့ ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးဖို့ကိစ္စကို ရွှမ်ယွမ်မျိုးနွယ်စုက ကူညီပေးဖို့ မျှော်လင့်ပါတယ်"
အမ်!
"ဂိုဏ်းချုပ်ဝမ်... ဂိုဏ်းချုပ်ဝမ်က ရည်မှန်းချက်ကြီးတာပဲ ဒါပေမယ့် အစားဆိုတာ အများကြီးမစားသုံးရဘူးလေ"
ယိုဝူမင်က မျက်ဝန်းများကို ကျဥ်းမြောင်းလိုက်ပြီး ဝမ်ဖုန်းကို အေးတိအေးစက်စိုက်ကြည့်ကာ မပျော်မရွှင်ပြောဆိုလိုက်သည်။
"မင်းတို့ ရွှမ်တုရဲ့ မဟာအင်အားစု ၆ စုက သာလွန်မြင့်မြတ်ပြီး ခွန်အားကြီးတယ်ဆို။ မင်းတို့ရဲ့ ခွန်အားနဲ့ ရှန်းရွှမ်ဘုံလောကက ယိယွမ်ဘုရားကျောင်းကို ကြောက်လန့်နေတာလား?"
ဝမ်ဖုန်းက ယိုဝူမင်၏ စိုးရိမ်ပူပန်နေသောလေသံကို လျစ်လျူရှူလိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။
"ငါတို့ ရွှမ်တုမဟာအင်အားစု ၆ စုက ရှန်းရွှမ်ဘုံလောကကြီးကို မနှစ်သက်ပါဘူး ၊ ဒါပေမယ့် ယိယွမ်ဘုရားကျောင်းက ဖျက်ဆီးဖို့မလွယ်ကူဘူး"
ယိုဝူမင်က အေးစက်စွာပြောဆိုလိုက်သည်။
"အမှန်ပဲ! ယိယွမ်ဘုရားကျောင်းက စွမ်းအားကြီးတယ် ဒါပေမယ့် မင်းတို့ကိုယ်တိုင် ဖျက်ဆီးပေးဖို့ မလိုအပ်ဘူး"
ဝမ်ဖုန်းက အေးစက်စက်ရယ်မောကာဖြင့် ပြောဆိုလိုက်သည်။
"ဘာကိုဆိုလိုချင်တာလဲ?" ယိုဝူမင်က မျက်မှောင်ကြုတ်လိုက်ပြီး မေးမြန်းလိုက်သည်။ သူ၏ဘေးနားတွင် ရှိနေသော အနက်ဝတ်လူနှစ်ယောက်ကတောင် ဝမ်ဖုန်းကို စိတ်ဝင်စားစွာ လှမ်းကြည့်လိုက်သည်။
"မြေအောက်ဘုံလောကက ရှန်းရွှမ်ဘုံလောကကို ကျူးကျော်လာတဲ့အကြောင်း မင်းတို့ သိပြီးပြီမဟုတ်လား ၊ ဒီဂိုဏ်းချုပ်လည်း ဒါကို ထူးဆန်းတယ်လို့ ထင်နေမိတယ် ၊ မြေအောက်ဘုံလောကကြီးက ဘယ်လိုလုပ် အကြောင်းအရင်းမရှိဘဲ ရှန်းရွှမ်ဘုံလောကကို ကျူးကျော်လာရမှာလဲ? ကြည်ရတာ အဲ့ဒါက ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းနဲ့ ပက်သက်နေလိမ့်မယ်"
ဝမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောဆိုရှင်းပြလိုက်သည်။
ယိုဝူမင်၏ အမူအရာမှာ အေးခဲသွားသည်။ သူက ဘာစကားတစ်ခွန်းမှ မပြောဘဲ ဝမ်ဖုန်းကို စူးစိုက်ကြည့်နေခဲ့ကာ ဆက်လက်ရှင်းပြမှာကို စောင့်ဆိုင်းနေခဲ့သည်။
"မင်းတို့ ရွှမ်ယွမ်မျိုးနွယ်စုအပြင် အခြား ရွှမ်တုရဲ့ မဟာအင်အားစု ၅ စုကလည်း ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းကို အလိုရှိကြတယ်မဟုတ်လား ၊ မင်းတို့ရွှမ်တုရဲ့ မဟာအင်အားစု ၆ စုက စွမ်းအားကြီးနေကြတာပဲ။ တစ်ခုချင်းစီတိုင်းက ယိယွမ်ဘုရားကျောင်းနဲ့ နှိုင်းဆနိုင်တယ်ဆို ၊ ဒါဆို ဘာလို့ အင်အားစုပေါင်းပြီး ယိယွမ်ဘုရားကျောင်းကို မဖျက်ဆီးရတာလဲ?"
"ဒီလိုဆိုရင် ပြိုင်ဘက်တစ်ယောက်ကို လျှော့ကျနိုင်ရုံသာမက ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိိုင်းကို မြေအောက်ဘုံလောကနဲ့ စိတ်လိုလက်ရ ယှဥ်ပြိုင်နိုင်ပြီလေ"
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ယိုဝူမင်၏ အမူ အရာမှာ ထိတ်လန့်သွားခဲ့သည်။ သူက စဥ်းစားဆင်ခြင်နေလိုက်သည်။ သူက ဝမ်ဖုန်း၏ အစီအစဥ်ကို ခွဲခြမ်းစိတ်ဖြာနေခဲ့သည်။
တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ယိုဝူမင်က ခေါင်းကို ခါယမ်းလိုက်ပြီး လေးနက်စွာပြောဆိုလိုက်သည်။
"ရွှမ်တုရဲ့ မဟာအင်အားစု ၆ စုက တစ်ဦးတည်းလှုပ်ရှားမှာ မဟုတ်ဘူး၊ ငါတို့ရွှမ်းယွမ်အင်အားစုက မင်းတို့ ရှန်ရှန့်ကျုံဂိုဏ်းကို ဆက်သွယ်ခဲ့သလိုပဲ အခြားအင်အားစု ၅ စုကလည်း ယိယွမ်ဘုရားကျောင်းနဲ့ ပူးပေါင်းနေနိုင်တယ်"
"ဒီလိုဆိုရင်လည်း ယိယွမ်ဘုရားကျောင်းကို ရှန်ရှန့်ကျုံဂိုဏ်းက ဖျက်ဆီးပြီးရင် ယိယွမ်ဘုရားကျောင်းနဲ့ ပူးပေါင်းထားတဲ့ အင်အားစုရဲ့စွမ်းအားလည်း လျော့ကျသွားလိမ့်မယ် ၊ ဂူသင်္ချိုင်းကိုပါဝင်ယှဥ်ပြိုင်တဲ့အခါကျရင် ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်တွေကို ပိုပြီးမှီခိုအားထားလို့ရပြီပေါ့"
ဝမ်ဖုန်းက ထိုအကြောင်းကို တွေးဆထားခဲ့ပုံပေါ်ပြီး ဆက်လက်ပြောဆိုလိုက်သည်။
ရွှမ်းယွမ်မျိုးနွယ်စုက ယိယွမ်ဘုရားကျောင်းကို ကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးပေးလိမ့်မည် ဟုတော့ သူမျှော်လင့်မထားခဲ့ပါ ၊ ဆရာသခင်အချို့ကို ငှားရမ်းရယူတာကတင် သူ၏ စစ်မှန်သောရည်ရွယ်ချက်ဖြစ်လေသည်။
ယိုဝူမင်က ထျန်းမိန်အထွတ်အထိပ်အဆင့်ရှိ ဆရာသခင်နှစ်ယောက်ကို ခေါ်ထုတ်လာနိုင်ခဲ့တာကို ကြည့်ရှုခြင်းအားဖြင့် ရွှမ်တုမဟာအင်အားစု ၆ စုက ရိုးရှင်းခြင်းမရှိကြောင်း တွေ့မြင်နိုင်သည်။ သူတို့၏ ခွန်အားမှာ နားမလည်နိုင်လောက်အောင် နက်ရှိုင်းနေသည်။
သူ၏ ရှန်ရှန့်ကျုံဂိုဏ်းတွင် ထျန်းကျိအထွတ်အထိပ်အဆင့်ရှိသော လီပိုင်အပြင် ထျန်းဒန် အထွတ်အထိပ်အဆင့်ရှိသော အမှောင်လောကအတွင်းရှိ တောက်တျဲသားရဲနှင့် ဒုတိယအစောင့်အရှောက် ရှီကန်းတန်တို့ ရှိနေသော် လည်း တောက်တျဲသားရဲနှင့် ရှီကန်းတန်တို့တွင် တားမြစ်ကန့်သတ်ချက်များရှိနေသေးသည်။
ဝမ်ဖုန်းက ယိယွမ်ဘုရားကျောင်းကို ကျိန်းသေပေါက် ဖျက်ဆီးနိုင်လိမ့်မည်ဟုတော့ တွေးမထားပါ။
သူ ဘိုးဘေးငှားယူခြင်း လုပ်ဆောင်ချက်ကို အသုံးပြုနိုင်သော်လည်း ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးချင်ရင် တန်းကြေးကြီးကြီးမားမား ပေးဆပ်ရမည်။ သူ ဘိုးဘေးငှားရမ်းခြင်း လုပ်ဆောင်ချက်ကို တစ်ကြိမ်အသုံးပြုလိုက်တိုင်းတွင် အနိမ့်ဆုံးကုန်ကျမှုမှာ ကံတရား ၅ ဘီလီယံဖြစ်သည်။
ဒီယိုဝူမင်က သူ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းအရှေ့ကို ကိုယ်တိုင် ကိုယ်ကျ ရောက်လာခဲ့တာဆိုတော့ သူတို့ရဲ့ခွန်အားကို ငှားရမ်းအသုံးမပြုရင် ဖြုန်းတီးရာမကျဘူးလား?။
"မင်းတို့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဆရာသခင်အချို့ လာရောက်ပူးပေါင်းပေးမယ်ဆိုရင်တောင်မှ ငါတို့ရွှမ်ယွမ်မျိုးနွယ်စုက ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးနိုင်ဦးမှာ မဟုတ်ဘူး ၊ အခြားအင်အားစု ၅ စုကို ထိန်းသိမ်းထားဖို့ဆိုရင် ငါတို့ ရွှမ်ယွမ်အင်အားစုကလည်း ဂူသင်္ချိုင်းအတွက် ပါဝင်လှုပ်ရှားနိုင်တော့မှာ မဟုတ်ဘူး ၊ မင်းတို့ရှန်ရှန့်ကျုံဂိုဏ်းကိုပဲ မှီခိုဖို့ဆိုတာ မဖြစ်နိုင်ဘူး... ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးလို့မရဘူး"
ယိဝူမင်က တစ်ခဏကြာတွေးတောလိုက်ပြီးနောက် ခေါင်းကိုခါယမ်းကာ လေးနက်စွာဖြင့် ပြောဆိုလိုက်သည်။
ရိုးရိုးသားသား ပြောရပါလျှင် ဝမ်ဖုန်း၏ အကြံအစည်က ယိုဝူမင်ကို အင်မတန်မှ စိတ်လှုပ်ရှားစေခဲ့သည်။ ထိပ်တန်းဆရာသခင်အချို့ ငှားရမ်းပေးလိုက်ရုံမျှဖြင့် ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးပစ်နိုင်ပြီး ပြိုင်ဘက်တစ်ယောက် လျော့ကျသွားလိမ့်မည်။ သူ၏ ရွှမ်ယွမ်မျိုးနွယ်စုအတွက် ၎င်းမှာ ကြီးမားသော အကျိုးအမြတ်ကြီး ဖြစ်လေသည်။
သို့ပါသော်လည်း သူက ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားကို မယုံကြည်ထားပါ။ တစ်နည်းအားဖြင့် ပြောရပါလျှင် ရွှမ်ယွမ်မျိုးနွယ်စုမှ ငှားရမ်းလိုက်သော ဆရာသခင်များနှင့် ရှန်ရှန့်ကျုံဂိုဏ်းတို့ ပူးပေါင်းပြီး ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးနိုင်လိမ့်မည်ဟု သူမထင်ပါ။
"မင်းတို့ ထိပ်တန်းဆရာသခင်တွေရဲ့ အဆင့်က ဘယ်လောက်လဲ?"
ဝမ်ဖုန်း၏ မျက်ဝန်းးများက အနည်းငယ်လှုပ်ရှားသွားပြီး မေးမြန်းလိုက်သည်။
ဤအချိန်တွင် ယိုဝူမင်က ဘာစကားတစ်ခွန်းကိုမှ လက်လွတ်စပါယ်ပြောမလာတော့ဘဲ တိတ်ဆိတ်ငြိမ်သက်သွားသည်။
"မင်းတို့ရဲ ခွန်အားကို မသိဘူးဆိုရင် ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးဖို့ ဘယ်လိုလုပ် အစီအစဥ်ချနိုင်တော့မှာလဲ?"
ဝမ်ဖုန်းက ဆက်လက်ပြောဆိုလိုက်သည်။
"ငါတို့ရဲ့ ထိပ်တန်းဆရားသခင်တွေက ထျန်းကျိ အထွတ်အထိပ်အဆင့်နဲ့ ထျန်းမိန်အထွတ်အထိပ်အဆင့်မှာ ရှိကြတယ်"
တစ်ခဏကြာတွေးတောလိုက်ပြီးနောက် ယိုဝူမင်က စတင်စကားပြောဆိုလာသည်။
ထိုသို့ပြောဆိုလိုက်ခြင်းမှာ ရှန်ရှန့်ကျုံဂိုဏ်းကို ခြောက်လှန့်ရန် ဖြစ်နေသည်။ ဒီလိုဆိုပါက ရှန်ရှန့်ကျုံဂိုဏ်းလည်း မဟုတ်မဟက် ကြံစည်ရဲတော့မှာမဟုတ်ပါ။ ဒါ့အပြင် သူတို့၏ ခွန်အားအကြောင်း သိရှိသွားပြီးနောက် ဝမ်ဖုန်းက ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးဖို့ စီစဥ်ရဲသေးသလားဆိုတာကိုလည်း သိချင်နေမိသည်။
ယိိုဝူမင်၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက စိတ်သက်သာရာရစွာ သက်ပြင်းပုန်းချလိုက်မိသည်။ ၎င်းအဓိက အင်အားစုကြီးများမှာ အမှန်တစ်ကယ် အစွမ်း ထက်သော်လည်း သူ့ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားနှင့် သိပ်မကွာခြားလှပါ။
ထိုအင်အားစုများတွင် ပုန်းကွယ်ထားသော စွမ်းအားရှင်များ ရှိနေနိုင်သော်လည်း အမြင့်ဆုံးမှာ ထျန်းဒန်အထွတ်အထိပ်အဆင့်၌သာ ရှိနိုင်သည်။ သူ့တွင် ဒုတိယအစောင့်အရှောက် ရှီကန်းတန်ရှိနေရာ သူလုံးဝမကြောက် လန့်တော့ပါ။
(ကျွန်တော်ရေးတဲ့ ထျန်းဒန် နဲ့ဆရာမရေးတဲ့ ထျန်းတန့်က တူတူပဲနော်)
သို့ပါသော်လည်း ရွှမ်တု မဟာအင်အားစု ၆ စု၏ခွန်အားမှာ ဒီထက်ပို၍ သန်မာနိုင်သေးကြောင်း ဝမ်ဖုန်းတွေးဆထားမိသည်။ ယိုဝူမင်က သူ့ကိုအရာအားလုံး ပြောခဲ့ပုံပေါ်သော်လည်း တစ်ကယ်တော့ သူပြောသမျှအရာအားလုံးက အမှန်မဖြစ်နိုင်ကြောင်းကို ဝမ်ဖုန်းတစ်ယောက် ခံစားသိရှိမိသည်။
ယိယွမ်ဘုရားကျောင်း၏ ခွန်အားမှာ အစွမ်းထက်သော်လည်း ၎င်းမှာ ရှန်းလန်ဘုံလောကကြီး ပျက်စီးသွားခဲ့သည့်နောက်မှ ထွက်ပေါ်လာသည့် အင်အားစုဖြစ်သည်။
သို့သော်လည်း ယိယွမ်ဘုရားကျောင်းဟာ ရွှမ်တုမဟာအင်အားစု ၆ စုနှင့် ရင်ဆိုင်နိုင်သည်အထိ လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ၎င်းမှာယိယွမ်ဘုရားကျောင်း အဘယ်မျှလောက် ထိတ်လန့်ဖွယ်ကောင်းပုံကို ဖော်ပြနေသည်။
"ငါ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းမှာလည်း ထျန်းကျိအထွတ်အထိပ်အဆင့်ရှိတဲ့ ဘိုးဘေးတစ်ယောက်ရှိတယ်"
ဝမ်ဖုန်းကတစ်ခဏာကြာတွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။
ထိုစာသားက ယိုဝူမင်နှင့် အနက်ဝတ်လူနှစ်ယောက်၏ မျက်ဝန်း သူငယ်အိမ်များကို တုန်လှုပ်သွားစေခဲ့သည်။ သူတို့၏ အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ ဝမ်ဖုန်းပြောပြ၍သာ မဟုတ်ပါက ရှန်ရှန့်ကျုံဂိုဏ်းတွင် ထျန်းကျိအထွတ်အထိပ်အဆင့် ရှိသော စွမ်းအားရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု သူတို့လုံးဝတွေးထားမိမှာ မဟုတ်ပါ။
ထိတ်လန့်သွားပြီးနောက် ယိုဝူမင်၏ စိတ်သဘောထားမှာ ပို၍ တက်ကြွလာခဲ့သည်။ ထျန်းကျိအထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်၊ ဒါ့အပြင် သူတို့ရွှမ်ယွမ်မျိုးနွယ်စုက ငှားရမ်းလိုက်မည့် ထိပ်တန်းဆရာသခင်များ ။၎င်းက ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးနိုင်မည့်ပုံ မပေါ်သေးသော်လည်း ယိယွမ်ဘုရားကျောင်းကိုတော့ ပြင်းပြင်းထန်ထန် ထိခိုက်သွားစေနိုင်သည်။
ဝမ်ဖုန်းက သူ့ကို လိမ်ညာနေလိမ့်မည်ဟုတော့ သူတွေးမထားပါ။ ဒီလိုစွမ်းအားမျိုးမှ မရှိဘူးဆိုရင် ရှန်ရှန့်ကျုံဂိုဏ်းက ယိယွမ်ဘုရားကျောင်းကို ဘယ်လိုလုပ် ရင်ဆိုင်ရဲပါ့မလဲ။
သူတို့ ရှန်ရှန့်ကျုံဂိုဏ်းကို ရောက်မလာခင်က ရှန်ရှန့်ကျုံဂိုဏ်းတွင် ထိုက်ရွှမ်နတ်မင်းအဆင့်ကို ဖြတ်ကျော်ပြီးသော စွမ်းအားရှင်တစ်ယောက် ရှိနေလိမ့်မည်ဟု တွေးဆထားခဲ့သည်။ ဒီလိုမှ မဟုတ်ပါက သူတို့ကလည်း ရှန်ရှန့်ကျုံဂိုဏ်းကို အမြှောက်စာအဖြစ် အသုံးပြုဖို့ တွေးတောမိမှာ မဟုတ်ပါ။ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ ပုန်းကွယ်နေသော စွမ်းအားရှင်မှာ ထျန်းကျိအထွတ်အထိပ်၌ ရှိနေလိမ့်မည်ဟုတော့ သူတို့မျှော်လင့်မထားခဲ့ကြပါ။
ယိုဝူမင်၏ တက်ကြွလာသော အမူအရာကို တွေ့မြင်လိုက် သည့်အခါ ဝမ်ဖုန်းက ရွှတ်နောက်နောက်ပြုံးလိုက်သည်။ သူ ရှန်းရွှမ်ဘုံလောကကြီးကို အုပ်စိုးပြီး စနစ်ကို အဆင့် ၁၁ သို့ မြှင့်တင်နိုင်ပါက ထျန်းတုမြို့အရှင်၏ ဂူသင်္ချိုင်းမှာ သူနှင့် သက်ဆိုင်သွားလိမ့်မည်။ ရွှမ်တုမဟာအင်အားစု ၆ စုကလည်း သူ့ကို တားဆီးနိုင်တော့မှာ မဟုတ်ပါ။
ဤသည်ကသာ သူ၏ အစစ်အမှန် ရည်မှန်းချက်ဖြစ်တော့သည်!
ရွှမ်ယွမ်မျိုးနွယ်စုရဲ့ စွမ်းအားကို အသုံးပြုပြီး ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးမယ်။ အဲ့ဒီနောက် ရှန်းရွှမ်ဘုံလောကကို အပိုင်သိမ်းပြီး စနစ်ကို အဆင့်မြှင့်တင်ရမယ် ၊ အဲ့ဒီရဲ့နောက်မှာတော့ ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းကို လုယက်ယူရမယ်!
တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် ယိုဝူမင်က အံကိုတင်းတင်းကြိတ်လိုက်ပြီး ပြောဆိုလိုက်သည်။
"ငါပြန်သွားပြီး ဒီအကြောင်းကို အစီအရင်ခံလိုက်မယ် ၊ မင်းကို ကူညီပေးဖို့ ထျန်းကျိအထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်နဲ့ ထျန်းမိန်အထွတ်အထိပ် စွမ်းအားရှင် ၅ ယောက် စုဆောင်းပေးနိုင်ဖို့ ကြိုးစားပါမယ် ၊ မှတ်ထားပါ ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးနိုင်ရင်တော့ အကောင်းဆုံးပေါ့။ မဖျက်ဆီးနိုင်ဘူးဆိုရင်လည်း သူတို့ကို ပြင်းပြင်းထန်ထန် ထိခိုက်သွားအောင် တိုက်ခိုက်ရမယ်"
"ကောင်းပြီ "
ဝမ်ဖုန်းက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
"ဒါဆို နှုတ်ဆက်ပါတယ်"
ယိုဝူမင်က လက်သီးဆုပ်ဂါရဝပြုလိုက်ပြီး အနက်ဝတ်လူနှစ်ယောက်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
ဝမ်ဖုန်းက သူတို့ကို တားဆီးခြင်းမရှိခဲ့ပါ။ သူက ယိုဝူမင်နှင့် အခြားသူများ၏ ထွက်ခွာသွားသော နောက်ကျောကို ရွှတ်နောက်နောက်အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ နားမလည်နိုင်လောက်အောင် ရှုပ်ထွေးသော အကြည့်တစ်ခု ဖြစ်တည်လာခဲ့သည်။
အောက်ဘက်တွင်ရှိနေသော လင်းတုန်လိုင်နှင့် အခြားသူများကလည်း ဖြစ်စဥ်အစအဆုံးကို တွေ့မြင်လိုက်ရသည်။ သူတို့က ယိုဝူမင်တို့အုပ်စုအတွက် မသနားဘဲ မနေနိုင်တော့ပါ။ ထိုသနားစရာကောင်လေးက ရှန်ရှန့်ကျုံဂိုဏ်းကို အခွင့်ကောင်းယူနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဂိုဏ်းချုပ်၏ ကစားခြင်းကို ခံလိုက်ရလေပြီ။
"သခင်လေး... သခင်လေးတကယ်ပဲ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ စကားအတိုင်း ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးချင်နေတာလား?"
ရှန်ရှန့်ကျုံဂိုဏ်းမှ ထွက်ခွာလာပြီးနောက် အနက်ဝတ်လူတစ်ယောက်က ယိုဝူမင်ကို လှမ်းကြည့်ပြီး မေးမြန်းလိုက်သည်။
"အို...? ဒီရှန်ရှန့်ကျုံဂိုဏ်းက တစ်ကယ့်ကို တုံးအလွန်းတယ် ။သူတို့က ရှန်းရွှမ်ဘုံလောကကြီးကိုအုပ်စိုးပြီး အကြွင်းမဲ့အာဏာရှင် ဖြစ်ချင်နေတာ"
"ငါတို့ရဲ့ စွမ်းအားကို ဘာဖြစ်လို့ မငှားရမ်းရမှာလဲ? သူရွှမ်ယွမ်မျိုးနွယ်စုရဲ့ စွမ်းအားကို ငှားရမ်းချင်တယ်ဆိုရင်သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ရုံပေါ့ ၊ ယိယွမ်ဘုရားကျောင်းမှာ ထျန်းကျိအထွတ်အထိပ် ဘိုးဘေး ၃ ယောက်ရှိတယ် ၊ သူတို့ကို ဖျက်ဆီးလို့တော့ မရနိုင်ဘူး။ ဒါပေမယ့် ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ယိယွမ်ဘုရားကျောင်းတို့ အပြင်းအထန်တိုက်ခိုက်ကြမယ်ဆိုရင် ငါတို့ ရွှမ်ယွမ်မျိုးနွယ်စုအတွက် သတင်းကောင်းပဲလေ"
"ယိယွမ်ဘုရားကျောင်း ပြိုကွဲသွားတာပဲ ဖြစ်ဖြစ် ၊ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ထျန်းကျိအထွတ်အထိပ်အဆင့် စွမ်းအားရှင် ထိခိုက်ဒဏ်ရာရသွားတာပဲ ဖြစ်ဖြစ် ၊နှစ်ခုစလုံးက ငါတို့ ရွှမ်ယွမ်မျိုးနွယ်စုအတွက် သတင်းကောင်းပဲ ၊ ဒိလိုဆိုရင် ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းနဲ့ ငါတို့ပိုပြီး နီးစပ်သွားလိမ့်မယ်"
ယိုဝူမင်ကရယ်မောလိုက်သည်။ သူ၏မျက်နှာတစ်ခုလုံး၌ နောက်ပြောင်ကျီစယ်ဟန်များ ဖြစ်တည်လာပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
သို့ပါသော်လည်း ယိယွမ်ဘုရားကျောင်းတွင် ဖုံးကွယ်ထားသော ဘိုးဘေးယွမ်ဝူ ရှိနေကြောင်းကိုတော့ သူသိမထားခဲ့ပါ။ ဘိုးဘေးယွမ်ဝူ၏ တည်ရှိမှုအကြောင်းကို ယိယွမ်ဘုရားကျောင်း၏ ထျန်းကျိအထွတ်အထိပ်အဆင့် စွမ်းအားရှင်များမှ လွဲပြီး ဘယ်သူကမှ သိရှိမထားကြပါပေ။
အနက်ဝတ်လူနှစ်ယောက်က တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်များအတွင်း၌ အလင်းတန်းလေးတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သခင်လေးပြောသည့်အတိုင်းပါပင် ၊ ဒီလိုဆိုရင် အကျိုးအမြတ်တွေရရှိနိုင်မှတော့ သူတို့ ရှန်ရှန့်ကျုံဂိုဏ်းကို ဘာလို့ အင်အားမငှားရမ်းပေးဘဲ နေရမှာလဲ?။
"ရွှမ်ကျိဘက်နဲ့လည်း နှစ်ဘက်ကြား ပူးပေါင်းဆက်ဆံရေးကို မထိခိုက်အောင် ပြောဆိုဖို့လိုသေးတယ် "
ယိုဝူမင်က တိုးညင်းစွာရေရွတ်လိုက်ပြီး အနက်ဝတ်လူနှစ်ယောက်နှင့် ထွက်ခွာသွားခဲ့သည်။
ထိုစကားကို ဝမ်ဖုန်းကြားသိလိုက်ရပါက ယိုဝူမင်ကို သင်ခန်းစာ ကောင်းကောင်း ပေးမိမှာပင်။
ထိုသူ့တွင် အစစ်အမှန် တွဲဖက်အင်အားစုရှိနေသော်လည်း သူ၏ရှန်ရှန့်ကျုံဂိုဏ်းကို လာရောက်ကစားပြီး အမြှောက်စာအဖြစ် အသုံးပြုချင်နေသေးသည်။ ဒီလူက တစ်ကယ်ကို သတ္တိကောင်းတာပဲ။
တစ်ချိန်တည်းမှာပဲ အလယ်ပိုင်းနယ်မြေရှိ ယင်ဖုန်းအမတမြို့တော်အတွင်းတွင် တိတ်ဆိတ်ငြိမ်သက်ပြီး ခမ်းနားထည်ဝါသော နန်းဆောင်လေးတစ်ခုရှိနေခဲ့သည်။ ထိုနန်းဆောင်လေး၏ အတွင်းပိုင်းတွင် အင်မတန်မှ လှပသော မျက်နှာထားပိုင်ရှင် အမျိုးသမီးတစ်ယောက်က ကျောက် စိမ်း ဗျပ်ေစာင်းတစ်ခုကို ကိုင်ဆောင်ထားပြီး စားပွဲခုံတစ်ခု၏ရှေ့တွင် ထိုင်နေခဲ့သည်။ ဗျပ်စောင်း၏ ကြိုးများက လျင်မြန်စွာ လှုပ်ခတ်နေခဲ့ပြီး ခမ်းနားထည်ဝါ၍ အံ့အားသင့်ဖွယ်ကောင်းသော တေးသံတစ်ခုသည် သူ မ၏ လက်ချောင်းများကြားမှ ဖြာထွက်ကြားယောင်လာရသည်။ ၎င်းတေးသံမှာ နှလုံးသားအတွင်းသို့ ညင်ညင်သာသာ စီးဆင်းသွားသည့် မြစ်တစ်စင်းအလား ကြားရသည်မှာ နားဝင်ချိုလှသည်။
ဤမြင်ကွင်းမှာ ပန်းချီကားတစ်ချပ်ကို ကြည့်ရှုနေရသည့်အလား လူအများ၏စိတ်ကို သက်တောင့်သက်သာ ဖြစ်စေနိုင်သည်။
တစ်စုံတစ်ယောက်ကသာ ထိုမြင်ကွင်းကို တွေ့မြင်သွားပါက သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။ ကမ္ဘာလောကကြီးအတွင်းရှိ လူအနည်းစုကသာ ဗျပ်စောင်းနတ်သမီး၏ တေးသံကို ကြားသိနိုင်ကြသည်။
နန်းဆောင်လေး၏ အရှေ့တွင် ကျော့ရှင်းသပ်ရပ်သော ဝတ်ရုံရှည်ဝတ်ဆင်ထားပြီး မြင့်မြတ်သည့် ပုံသွင်ရှိသော လှပသည့်အမျိုသမီးတစ်ယောက်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ထိုအချိန်တွင် ဗျပ်စောင်း တေးသံကလည်း ရုတ်ချည်းဆိုသလို ရပ်တန့်သွားခဲ့သည်။ ဗျပ်စောင်းတီးနေသော မိန်းမပျိုလေးသည် ရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး သူမ၏ လှပသော မျက်နှာလေးထက်တွင် အပြုံးချိုချိုပြုံးလျက် တီးတိုးပြောဆိုလိုက်သည်။
"မတွေ့ရတာတောင် ကြာပြီနော် အမေ"
"ငါ့ရဲ့ သမီးလို့ ဆိုတဲ့အတိုင်းပါပဲလား... ထျန်းလင်းဗျတ်ဆောင်းပညာကို အဆင့် ၈ ထိတောင် လေ့ကျင့်ပြီးပြီကိုး"
ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မဖြစ်သော လုချင်းက သူ့သမီးလုရန်ကို ချစ်မြတ်နိုးစွာကြည့်လိုက်ပြီး ရေရွတ်ပြောဆိုလိုက်သည်။
"ကောင်းကောင်းမွန်မွန် သင်ကြားပေးထားတဲ့အတွက် မယ်တော့်ကို ကျေးဇူးတင်ရမှာပါ"
လုရန်က ပြုံးရယ်လိုက်ပြီး တိုးညင်းစွာ ရေရွတ်ပြောဆိုလိုက်သည်။
"အမေ မင်းကို နေရာတစ်နေရာဆီ လူတစ်ယောက်နဲ့အတူ သွားပေးစေချင်တယ်... ရန်အာ ဆန္ဒရှိရဲ့လား?"
လုချင်းက လုရန်၏ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်ပြီး နူးညံ့စွာပြောလိုက်သည်။
"ဘယ်နေရာကိုလဲ?"
ဒါကိုကြားတော့ လုရန်၏ မျက်ဝန်းများအတွင်း၌ စပ်စုလိုစိတ်များ ဖြစ်တည်လာခဲ့သည်။ သူမက ငယ်စဥ်ကလေးဘဝကတည်းက ယင်ဖုန်းအမတမြို့တော်၏ အပြင်ဘက်ကို မထွက်ခွာဖူးပါ ၊ အတိတ်တွင် သူမ၏ အမေက ဘယ်တုန်းကမှ အပြင်ထွက်ခွင့်မပြုခဲ့ချေ၊ ဒီတစ်ကြိမ်မှာတော့ သူမအမေဘက်က စတင်ပြီး အပြင်သို့သွားလာရန်ပြောဆိုနေသည်တဲ့လား
"ရှန်ရှန့်ကျုံဂိုဏ်းကို"
လုချင်း၏ လှပသော မျက်ဝန်းလေးများမှာ ကျဥ်းမြောင်းသွားပြီး တောင်ပိုင်းနယ်မြေရှိရာအရပ်သို့ လှမ်းမျှော်ကြည့်ရှုရင်း ရေရွတ်ပြောဆိုလိုက်သည်။
"အမ်"
လုရန်က မျက်မှောင်ကြုတ်လိုက်သည်။ သူမအမေရဲ့ လေသံထဲမှာ အကြောက်တရကို ခံစားကြားယောင်လိုက်ရတာလား?။