← Chapters

ဒီမိန်းခလေးကို ငါကြိုက်တယ်။

Vol. 29 Ch. 397

ဒီမိန်းခလေးကို ငါကြိုက်တယ်။

Vol. 29 Ch. 397

ဝမ်ဖုန်း၏စကားလုံးများက လူအိုကြီးလင်၏ နှုတ်ခမ်းများကို တွန့်လိမ်သွားစေခဲ့ကာ ပြောစရာစကား ကင်းမဲ့သွားစေခဲ့သည်။

သခင်မလေးအကြောင်း သူသိထားသလောက်ကို အခြေခံလိုက်ပါက သခင်မလေးဟာ ဝမ်ဖုန်း၏ရန်စခြင်းကို လက်ခံရန် (80) % လောက် သေချာနေသည်။

လူငယ်မျိုးဆက်များအားလုံးဟာ မောက်မာထောင်လွှားကြပြီး မာနကြီးသော နှလုံးသားကို ပိုင်ဆိုင်ထားသည်။ သခင်မလေးလို ထိပ်တန်းအလှနတ်သမီး ပါရမီရှင်ဆိုပါက ပြောဖွယ်မရှိတော့ပြီ။ သမန်လူတစ်ယောက်သာ သခင်မလေးကို ဒီလိုမျိုးရန်စရဲပါက လူအိုကြီးလင်ဟာ သေသည်အထိ ရိုက်သတ်လိုက်ပြီးပြီဖြစ်သည်။

သို့ပါသော်လည်း ဝမ်ဖုန်းကိုတော့ လူအိုကြီးလင်က မရိုက်နှက်ရဲပါပေ။

ယင်ဖုန်းအမတမြို့တော်က ရှန်ရှန်ကျုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့တော့မှာကိုတောင် မပြောနဲ့ဦး။ ခန်းမကြီးထဲတွင်ရှိနေသော ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများက သူ့ကို ကြီးမားစွာ ဖိအားပေးနေပြီး သူဟာ အလျင်စလိုမလှုပ်ရှားရဲတော့ပါ။

ဝမ်ဖုန်းအတွက်တော့ သူဟာ ဝမ်ဖုန်း၏ကျင့်ကြံမှုကို ထောက်လှမ်းနိုင်ခြေမရှိသလို ဝမ်ဖုန်းထံမှ အလွန်ပြင်းထန်သော ဖိအားတစ်ရပ်ကို ရေးရေးမျှ ခံစားနေရသည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဟာ လွယ်ကူသောမျိုးဆက်တစ်ယောက် မဟုတ်ပါပေ။

သူသာ အစောတလျင်တိုက်ခိုက်လိုက်ပါက သူနှင့် အကြီးဆုံးသခင်မလေးတို့က ရှန်ရှန်ကျုံဂိုဏ်းအပြင်ဘက်ကို ပြန်လည်ထွက်ခွာနိုင်တော့မှာ မဟုတ်ပါ။

မြို့သခင်မရယ်။ မင်းက ရှန်ရှန်ကျုံဂိုဏ်းအပေါ် ထင်မြင်ချက်ကောင်းရှိတယ်ဆိုရင်လည်း ဘာလို့ အကြီးဆုံးသခင်မလေးကို လာခိုင်းလိုက်ရတာလဲကွာ။ 

 ဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းရဲ့သမီးလေးကို မင်းဆုံးရှုံးရတော့မှာ မင်းသိလား!?

လူအိုကြီးလင်က နှလုံးသားအတွင်းမှ ခါးသီးစွာပြုံးလိုက်မိသည်။ မြို့သခင်မနှင့်၊ ယင်ဖုန်းအမတမြို့တော်၏ ရတနာမျက်ရှုဖြစ်သော အကြီးဆုံးသခင်မလေးသည် သူမတူလောက်အောင်ထူးချွန်သော ပါရမီစွမ်းရည်နှင့် ကျယ်ပြောသောညဏ်ပညာရှိသော်လည်း သူမ၏အတွေးအခေါ်များက စက္ကူတစ်ရွက်လိုမျိုး ရိုးရှင်းနေသည်။

သခင်မကလေးကသာ အနည်းငယ်ကောက်ကျစ်ပြီး စဥ်းစားတတ်သူဖြစ်ပါက ဝမ်ဖုန်း၏ရန်စမှုကို လက်ခံမှာမဟုတ်ပါ။

ဖြစ်ချင်တော့ သူက သခင်မလေး၏ဆုံးဖြတ်ချက်များကို တားဆီးနိုင်စွမ်းမရှိပါပေ။ ထိုသို့တားဆီးလိုက်ပါက သခင်မလေးက ရှန်ရှန်ကျုံဂိုဏ်း၏ လူငယ်ပါရမီရှင်များနှင့် ရင်ဆိုင်နိုင်စွမ်းမရှိဟု သွယ်ဝိုက်ပြောလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။ ထိုသို့ဆိုပါက သူ့အတွက် ဆိုးကျိုးများရရှိလာလိမ့်မည်။

" ကျွန်မ လက်ခံတယ် "

လုရန်က ဝမ်ဖုန်းကို လှပသောမျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။ သူမက ဘေးတွင်ရှိနေသော အကြီးအကဲလင်ကိုတောင် တစ်ချက်လှမ်းမကြည့်ဘဲ ဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်သည်။ အကြီးအကဲလင်၏မျက်နှာကြီးကတော့ မဲမှောင်သွားခဲ့သည်။

ဒီမဟာမိတ်ဖွဲ့ခြင်းက ဆိုးဆိုးရွားရွား ဆုံးရှုံးမှုကြီးပဲ!

ရှန်ရှန်ကျုံဂိုဏ်းက ကြွယ်ဝချမ်းသာမှုတွေရော အချောအလှလေးကိုပါ ရရှိသွားတော့မှာ။

လူအိုကြီးလင်ဟာ လုရန်ရဲ့ပါရမီခွန်းအားနှင့် ပတ်သတ်ပြီး စိုးရိမ်ခြင်းမရှိပါ။ သို့ပါသော်လည်း သူကတော့ ဝမ်ဖုန်းကို စိုးရိမ်နေမိသည်။

သခင်မလေးက ချမ်းသာကြွယ်ဝသည့်အပြင် ပြိုင်ဖက်ကင်းသော အလှတရားကိုလည်း ပိုင်ဆိုင်ထားသည်။ ဘယ်လူငယ်ပါရမီရှင်မဆို လုရန်ကို ရရှိဖို့အတွက် တိုက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် အသုံပြုယှဥ်ပြိုင်မှာ ဖြစ်သည်။

သူ၏နှလုံးသားအတွင်း၌ ပြင်းပြင်းထန်ထန်ရယ်မောချင်နေခဲ့သော်လည်း အပြင်ပိုင်းတွင်တော့ ဝမ်ဖုန်းက တည်ငြိမ်နေဆဲသာ။ သူက ခေါင်းကို ခပ်သာသာညိမ့်လိုက်ပြီး တစ်စုံတစ်ခုပြောဆိုတော့မည့်အချိန်တွင် အသံတစ်သံက ကြားဝင်နှောင့်ယှက်လိုက်၏။

" ခဏလေးစောင့်ပါဦး။ "

ဝမ်ဖုန်းက ထိုစကားကို ပြောဆိုလိုက်သော လူအိုကြီးလင်ကို မျက်မှောင်ကျုံ့၍ လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။ " လူကြီးမင်းလင် ဘာများကိစ္စရှိသေးလို့လဲ။ "

ဤအချိန်တွင် အကြီးအကဲလင်သည် ပြိုင်ဖက်ကင်းသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရကာ သူ၏စိတ်နှလုံးတစ်ခုလုံး တုန်ရင်သွားခဲ့ရသည်။ သူကအသက်ကို ပြင်းပြင်းရှူရှိုက်လိုက်ပြီး သူ၏စိတ်အစဥ်ကို ငြိမ်သက်အောင် ဖိအားပေးထိန်းချုပ်လိုက်ကာ ပြောဆိုလိုက်သည်။ " ဒီလောင်းကြေးစားကြေးတိုက်ပွဲနဲ့ ပတ်သတ်ပြီး လူအိုကြီးမှာ တောင်းဆိုစရာရှိပါတယ်။ ကျေးဇူးပြုပြီး ဂိုဏ်းချုပ်ဝမ်လက်ခံပေးပါ။ "

" ပြောပါ..."

" ဒီတိုက်ပွဲအတွင်းမှာ ကျုပ်တို့တွေ သမာသမတ်ရှိရှိ ရင်ဆိုင်ရမယ်။ ဘယ်မှော်လက်နက်ကိုမှ အသုံးပြုခြင်းမရှိရဘူး။ ကိုယ်ပိုင်ခွန်အားနဲ့ပဲ တိုက်ခိုက်ကြရမယ်။ "

ထိုသို့ပြောဆိုလိုက်ပြီးနောက် အကြီးအကဲလင်ဟာ တစ်ဖက်တွင်ရှိသော လုရန်ကို လှမ်းကြည့်လိုက်ပြီး စိတ်ထဲမှ ပြောဆိုလိုက်သည်။

 ရူးအလိုက်တဲ့ကောင်မလေး...ဒီလူအိုကြီးက သခင်မလေးကို ဒီလောက်အထိပဲကူညီပေးနိုင်တော့မယ်

လုရန်ကြီးပြင်းလာတာကို စောင့်ကြည့်ခဲ့ရတဲ့လူဖြစ်သည့်အလျောက် လူအိုကြီးလင်ဟာ လုရန်ရဲ့ပါရမီနဲ့စွမ်းဆောင်ရည်အကြောင်းကို ကောင်းမွန်စွာ သိရှိထားလေသည်။ အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးမှာတောင် လုရန်နှင့်ရင်ဆိုင်နိုင်သူ လူငယ်ပါရမီရှင်ဟူ၍ လက်ချိုးရေ၍ရလေသည်။ ယန်လဲ့အမတမြို့တော်၏ မြို့သခင်ငယ်လေးများကတောင် လုရန်၏အရှေ့တွင် ဆန်ကုန်မြေလေးများ ဖြစ်ကြသည်။ လျို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်သော ယိယွမ်ဘုရားကျောင်းမှ ပါရမီရှင်များကသာ သခင်မလေးလုရန်နဲ့ ရင်ဆိုင်နိုင်စွမ်းရှိပါသည်။

ဤတိုက်ပွဲတွင် ရှန်ရှန်ကျုံဂိုဏ်း၏ ပါရမီရှင်ကသာ သမာသမတ်ကျစွာဖြင့် အနိုင်ယူလိုက်လျှင် ထိုလူငယ်ပါရမီရှင်က လုရန်ထက် ပို၍ကြောက်မက်ဖွယ် ကောင်းနေလိမ့်မည်။ဒီလိုဆိုပါက သူ့တွင်လည်း ပြောစရာမရှိတော့ပါပေ။

ဝမ်ဖုန်းက လူအိုကြီးလင်ကို ခပ်မဲ့မဲ့ပြုံးလျက် လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းများအတွင်း၌ နားမလည်နိုင်သော အဓိပ္ပါယ်များ ဖြတ်သန်းသွားခဲ့သည်။ သူ၏မျက်ဝန်းများက ကြယ်စင်များအလားနက်ရှိုင်းနေခဲ့ကာ လူအိုကြီးလင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထွင်းဖောက်လုမတတ်စိုက်ကြည့်လိုက်ပြီး သူ့ကို ထိန်းချုပ်မရ တုန်ယင်လာစေခဲ့သည်။

" ကောင်းပြီ....ကျုပ်ကတိပေးတယ်။" ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး ပြောဆိုလိုက်သည်။

မင်းအတွက် အခွင့်အရေးတော့ ဖန်တီးပေးပြီးပြီ။ ဒီအချောအလှလေးကို ရယူနိုင်မလားဆိုတာတော့.... ကုကန်းချိုး မင်းအပေါ်ပဲ မူတည်သွားခဲ့ပြီ။

လှည့်ကွက်များအသုံးပြုပြီး ရယူခြင်းကိုတော့ ဝမ်ဖုန်းကလည်း အထင်အမြင်သေးပါသည်။

အခြားသောနည်းလမ်းဖြင့် ပြောဆိုရပါလျှင် ယင်ဖုန်းအမတမြို့တော်လောက်ကို ရှန်ရှန်ကျုံဂိုဏ်းက လှည့်ကွက်များအသုံးပြုပြီး အနိုင်ယူရန် မလိုအပ်ပါပေ။

ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲလင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။

" ကုကန်းချိုးကို ဆင့်ခေါ်လိုက်ပါ။ "

ဝမ်ဖုန်းက အောက်ဘက်ရှိ ကျန်းစန်ဖုန်းကို လှမ်းကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

ကျန်းစန်ဖုန်းက ခေါင်းညိမ့်လိုက်ကာ သူ၏ပုံရိပ်က ခန်းမကြီးအတွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

ဝမ်ဖုန်းကတော့ ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများနှင့် လုရန်တို့နှစ်ယောက်ကို ရှန်ရှန်ကျုံဂိုဏ်း၏ ကွင်းပြင်ကြီးအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ဝမ်ဖုန်းက ဒီတိုက်ပွဲအကြောင်းကို ဖုံးကွယ်မထားခဲ့ပါ။ သူက ရှန်းရွှမ်ဘုံလောကအတွင်းရှိ ထိပ်တန်းပါရမီရှင်များ၏ စွမ်းအားအကြောင်းကို ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများအား နားလည်လာစေချင်သည်။ ဒီလိုဆိုပါက အပြင်ဘက်တွင်လည်း သန်မာသောပုဂ္ဂိုလ်များ ရှိနေသေးကြောင်း သူတို့ သိရှိသွားလိမ့်မည်။ ထိုနည်းအားဖြင့် သူတို့၏ မောက်မာထောင်လွှားမှုများကို ချိုးနှိမ်ပစ်ရမည်။

ဝမ်ဖုန်းနှင့်အခြားသူများ ရှန်ရှန်ကျုံဂိုဏ်း၏ ကွင်းပြင်အတွင်းသို့ ရောက်ရှိလာသည့်အခါ ထိုကွင်းပြင်ကြီး၏ ပတ်ပတ်လည်တွင် ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများက ဝန်းရံစောင့်ကြိုနေပြီးသား ဖြစ်နေကြသည်။ ရှန်ရှန်ကျုံဂိုဏ်းနှင့် ယင်ဖုန်းအမတမြို့တော်တို့အကြားရှိ အလောင်းအစားတိုက်ပွဲအကြောင်းမှာ ရှန်ရှန်ကျုံဂိုဏ်းတစ်ခွင်ကို ပျံ့နှံ့သွားပြီးသားဖြစ်သည်။ ဂိုဏ်းသားများအားလုံးလိုလိုက ဤပြပွဲကောင်းကြီးကို လက်လွှတ်မခံချင်ကြပါ။

" မင်းပြောကြည့်စမ်း....ယင်ဖုန်းအမတမြို့တော်ရဲ့ မြို့သခင်မလေးကို ဂိုဏ်းတူအကိုကြီး ကုကန်းချိုးက နှစ်သက်လိမ့်မယ်လို့ထင်လား။"

" ပြောဖို့ခက်ခဲတယ်။ ဂိုဏ်းတူအကိုကြီး ကုကန်းချိုးက အချောအလှလေးထောင်ကျော်ရှိနေတာတောင် ငြင်းပယ်ခဲ့တာ။ ငါတော့တကယ့်ကို မနာလိုဖြစ်မိတယ်ကွာ။ "

" ငါလောင်ကျူလည်း ဂိုဏ်းတူအကိုကြီး ကုကန်းချိုးလို အချောအလှလေးတွေကို အဝတ်အထည်ရွေးသလိုမျိုး ဘယ်တော့မှ ရွေးယူနိုင်မှာလဲကွာ။ "

" မင်း..အဲ့မှာ အိမ်မက်မက်နေလိုက်။ "

" ယင်ဖုန်းအမတမြို့တော်ရဲ့ သခင်မလေးက ဘယ်လိုပုံရှိလဲမသိဘူးနော်။ "

" ဟာ.......!!!"

ရှန်ရှန်ကျုံဂိုဏ်း၏ များစွာသောဂိုဏ်းသားများ ဆွေးနွေးပြောဆိုနေကြပြီး ပျားပန်းခတ်မျှလုပ်ရှားနေကြစဥ်တွင် လုရန်၏ပုံရိပ်ကလေးက ထွက်ပေါ်ခဲ့သည်။ အကြည့်တစ်ချက်ဖြင့်ပင် ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများအားလုံး ရူးခါသွားကြသည်။

လုရန်က ခပ်ဖွဖွမျက်မှောင်ကျုံ့လျက် ခပ်ယောင်ယောင်ပြုံးရယ်နေခဲ့သည်။ သူမ၏ ကျော့ရှင်းလှပသော ပုံရိပ်ကလေးက အမျိုးသားများအားလုံး၏ နှလုံးသားကို ဆွဲဆောင်သွားခဲ့သည်။

" ဂိုဏ်းတူအကိုကြီး ကြိုက်ကြိုက် မကြိုက်ကြိုက် ငါတော့ သူမကို အရမ်းသဘောကျနေပြီ။ "

" မင်းအတွေးလွန်နေပြီ။ ဂိုဏ်းတူအကိုကြီးက အရုပ်ဆိုးပေမဲ့ သူ့ခွန်အားနဲ့ ပါရမီစွမ်းရည်က တကယ့်အစစ်အမှန်ပဲ။ မင်းအယောက်တစ်ရာရှိနေရင်တောင် ဂိုဏ်းတူအကိုကြီးကို နှိုင်းယှဥ်နိုင်မှာ မဟုတ်ဘူး။ ဂိုဏ်းတူအကိုကြီးရဲ့မိန်းကလေးကို ဘယ်လိုအကြောင်းကြောင့်နဲ့များ ယှဥ်လုဦးမှာလဲ။ "

" သွားပြီ....ငါရဲ့အချစ်က စတောင်မစတင်ရသေးဘူး။ ပြိုပျက်သွားခဲ့ပြီ။ "

ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများသည် လုရန်၏ပုံရိပ်ကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်းပမ်းတနည်း ရေရွတ်လိုက်ကြသည်။ ထိုကဲ့သို့သော နတ်သမီးတမျှလှပသည့် မိန်းမပျိုလေးက သူတို့၏နှလုံးသားကို ထိရှသွားစေခဲ့သည်။ ကုကန်းချိုးလိုအရုပ်ဆိုးသည့်လူတစ်ယောက်က ထိုလှပသည့်မိန်းမငယ်လေးကို ပွေ့ဖက်နေမည့်မြင်ကွင်းအား မြင်ယောင်လိုက်မိသည့်အခါ သူတို့၏နှလုံးသားများက ပို၍တောင်နာကျင်သွားရသည်။

" ဂိုဏ်းတူအစ်ကိုကြီး ကုကန်းချိုးရောက်လာပြီ! "

ဟစ်ကြွေးသံတစ်သံ ထွက်ပေါ်လာခဲ့ကာ မူလက ဆူညံနေသော ဂိုဏ်းသားများမှာ အရပ်မျက်နှာတစ်ဖက်စီသို့ မနာလိုဝန်တိုနေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်သည်။ စင်မြင့်ထက်ရှိ လုရန်နှင့် အကြီးအကဲလင်တို့ကလည်း အသံလာရာဘက်သို့ လှမ်းကြည့်လိုက်သည်။ ရောက်လာသောလူနှစ်ယောက်၏ ပုံစံကို တွေ့မြင်လိုက်ရသည့်အခါ သူတို့မျက်မှောင်ကျုံ့မိသွားကြသည်။

ဂိုဏ်းချုပ်ဝမ်ဖုန်းက သူတို့ကို ဟာသလုပ်နေသလား မသိတော့ပါ။ အကြီးအကဲလင်ဟာ ဝမ်ဖုန်း၏ဦးခေါင်းကို ဖြတ်ရိုက်ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ ဒီလောက်အရုပ်ဆိုးတဲ့လူက ငါတို့ရဲ့သခင်မလေးနဲ့ တန်လို့လား။

လူသုံးယောက်လမ်းလျှောက်လာခဲ့ပြီး ထိုအထဲတွင် အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ပွေ့ဖက်ထားခဲ့ကာ ပျော်ရွှင်နေသောအမူအရာများ ရှိကြသည်။ သိသာစွာဖြင့် သူတို့က အကြီးဆုံးသခင်မလေးအတွက် ပါဝင်ယှဥ်ပြိုင်မည့်လူ မဖြစ်နိုင်ပါ။ သူတို့၏ဘေးနားတွင်တော့ စိတ်ပျက်လက်ပျက်အမူအရာနှင့် လူငယ်လေးတစ်ယောက်ရှိနေခဲ့သည်။

မှန်ပါပေသည် ။ကုကန်းချိုးက အခုအချိန်တွင် ပျော်ရွှင်မနေပါ။ ကုချိုးနှင့် လင်ချင်းချင်းတို့က လမ်းတစ်လျှောက်တွင် ပွေ့ဖက်ရင်း ရယ်မောပြောဆိုနေကြသည်လေ။

ဒီအကိုကြီးကို ဒီလောက်တောင် ရန်စရလားကွာ။

မင်းတို့ဟာက မဟုတ်တော့ဘူး။

ရှန်ရှန့်ကျုံဂိုဏ်းက အချောအလှလေးများကို ဆင့်ခေါ်လိုက်သည့်ဖြစ်စဥ်ပြီးနောက် ကုကန်းချိုးက ပို၍တောင် စိတ်ပျက်အားလျော့သွားရသည်။ လင်ချင်းချင်းလို လှပပြီး အရည်အချင်းရှိသည့်မိန်းမငယ်လေးတစ်ယောက်ကို ရှာတွေ့ဖို့ဆိုသည်က မဖြစ်နိုင်တော့ပါ။

ထို့အတွက်ကြောင့် ဒီအလောင်းအစားတိုက်ပွဲနဲ့ပတ်သတ်ပြီး ကုကန်းချိုးက အလေးအနက်မထားပါ။ သူ့ကို ညီငယ်လေးကုချိုးက အတင်းဆွဲခေါ်လာခဲ့ခြင်းဖြစ်သည်။

ဤအချိန်တွင် ကုချိုးကတော့ အင်မတန်မှ စိတ်လှုပ်ရှားနေမိသည်။ ကျန်းစန်ဖုန်းက သူ့ကိုလာရောက်သတင်းပေးသည့်အခါ သူက တွေးတောနေခြင်းတောင်မရှိဘဲ ကုကန်းချိုးကို အတင်း ဆွဲခေါ်လာခဲ့သည်။ ဤအချိန်အတွင်းတွင် သူက လွန်မင်းစွာ စိတ်ဓာတ်တက်ကြွနေခဲ့သည်။

အတိတ်တွင် ကုကန်းချိုး၏အရှေ့၌ သူက ညီငယ်လေးတစ်ယောက်ဖြစ်ခဲ့သည်။ ကုကန်းချိုးက အချိန်တိုင်းလိိုလိုသူ့ကို စကားနာထိုးခဲ့သည်။ သို့ပါသော်လည်း လင်ချင်းချင်းလို ချောမောလှပသည့် ချစ်သူရည်းစားလေးရရှိပြီးနောက် သူက ကုကန်းချိုး၏အရှေ့တွင်တောင် မောက်မာထောင်လွှားလာနိုင်ခဲ့သည်။

သူကညီငယ်လေးဖြစ်သည်။ သို့ပါသော်လည်း သူ့အကိုကြီးကုကန်းချိုးတောင် မလုပ်နိုင်ခဲ့သည့်အရာကိုတောင် လုပ်ဆောင်နိုင်ခဲ့သည်။ သူဟာ အလွန်လှပသော မိန်းမပျိုလေးကို ပွေ့ဖက်ထားနိုင်သည်။ ထိုကဲ့သို့သော စိတ်ခံစားချက်မျိုးက အင်မတန်မှ ခံစားရကောင်းလေသည်။

သို့ပါသော်လည်း နောက်တခဏတွင် ကုချိုးက မရယ်နိုင်တော့ပါ။ သူက လုရန်ကို တွေ့မြင်လိုက်ရသည်။

" ငါ့အကိုကြီးက ဘယ်လိုများ ကံကောင်းနေတာလဲ။ ငါကံကောင်းလာတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်လေ။ အကိုကြီးရဲ့ပြစ်တင်ရှုံ့ချမှုကို ပြန်ခံရတော့မှာလား။ "

ကုချိုးက အရမ်းဒေါသထွက်လာမိသည်။ သူသာ ဒီလိုမှန်းသိပါက အကိုကြီးကို အတင်းဆွဲခေါ်လာခဲ့မှာ မဟုတ်ပါ။ ငါ့ကိုယ်ငါအတွက် ပြသနာရှာလိုက်မိတာလား။

သူက ကုကန်းချိုးကို လှမ်းကြည့်လိုက်သည့်အခါ သူ၏အရူးအကိုကြီးက ငူငူငိုင်ငိုင်ဖြစ်နေသေးကြောင်း တွေ့မြင်လိုက်ရသည်။ ကုချိုးက ဘာစကားမှမပြောဘဲ လင်ချင်းချင်းကို လက်တစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ကုကန်းချိုး၏ပခုံးကို လက်တစ်ဖက်ဖြင့် ခပ်ဖွဖွပုတ်ပေးလိုက်ပြီး သူ့ကို စင်မြင့်ပေါ် ခေါ်ဆောင်သွားခဲ့သည်။

" ချင်းအာ ငါအမျိုးသမီးနှစ်ယောက်ကို အတူတူလက်ထပ်ရင် မင်းစိတ်ဆိုးမှာလား။ " ကုချိုး ထိုသို့မေးမြန်းဖို့အတွက် သတ္တိဘယ်လောက်များ စုလိုက်ရသလဲဆိုတာ နတ်ဘုရားသာသိပါလိမ့်မည်။

" အင်း...ရှင်လုပ်နိုင်ပါတယ်။ "

လင်ချင်းချင်းက ချိုမြိန်စွာပြောဆိုလိုက်သည်။ သို့ပါသော်လည်းကုချိုးတစ်ယောက် မပျော်ရွှင်ရသေးခင်တွင် သူမ၏အကြည့်စူးစူးများက ဓားထက်ထက်နှစ်ချောင်းလိုမျိုး ကုချိုးကို လှမ်းစူးစိုက်ကြည့်လိုက်သည်။ကုချိုး၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ခဲတောင့်သွားပြီး အလျင်အမြန်တောင်းပန်ပြောဆိုလိုက်ရသည်။

 " ငါ့မျက်လုံးထဲမှာ ချင်းအာ တစ်ယောက်တည်းရှိတာပါ။ အခြားအမျိုးသမီးတွေက ငါကုချိုးရဲ့မျက်လုံးထဲကို ဝင်ရောက်ဖို့တောင် မထိုက်တန်ဘူး။ "

လင်ချင်းချင်းက မျက်လုံးလှိမ့်လိုက်ပြီး ကုချိုးကိုကြည့်လိုက်ကာ ဘာစကားတစ်ခွန်းမှ မပြောခဲ့ပါ။ သို့ပါသော်လည်း သူမ၏စိတ်ထဲမှာ ဒီနေ့ညတစ်ယောက်တည်းအိပ်ဖို့အတွက် အစီအစဥ်ချလိုက်သည်။

"ဂိုဏ်းချုပ်ကို တွေ့ဆုံပါတယ်။ " ခေါင်းကိုခါရမ်းလိုက်ပြီး ကုချိုးက ကုကန်းချိုးနှင့် လင်ချင်းချင်းတို့ကို ဝမ်ဖုန်းအရှေ့ဆွဲခေါ်သွားခဲ့ပြီး ဝမ်ဖုန်းကို ဂါရဝပြုလိုက်သည်။

ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ သူကခေါင်းငုံထားပြီး ဆူပုပ်နေသောအမူအရာနဲ့ ကုကန်းချိုးကို မြင်လိုက်ရသည့်အခါ ပြုံးရယ်လိုက်သည်။

" ကုကန်းချိုး၊ ဒါက ယင်ဖုန်းအမတမြို့တော်ရဲ့ မြို့သခင်မလေး လုရန်ပဲ။ မင်းနဲ့တိုက်ခိုက်ရမယ့်တစ်ယောက်ပေါ့။ "

" သခင်မလေးလု ဒါကတော့ ကုကန်းချိုး၊ကျုပ်တို့ရှန်ရှန်ကျုံဂိုဏ်းရဲ့ လက်ရွေးစင်ဂိုဏ်းသားတစ်ယောက်ပေါ့။ "

ဝမ်ဖုန်းက ကုကန်းချိုးနဲ့လုရန်ကို လှမ်းကြည့်လိုက်ပြီး မိတ်ဆက်ပေးလိုက်သည်။

ထိုအချိန်တွင် ကုကန်းချိုးက ဖြည်းလေးစွာ ခေါင်းမော့ကြည့်လိုက်သည်။ လူအများရှေ့တွင် သူက ဂိုဏ်းချုပ်ကို မျက်နှာသာမပေးပါက ဂိုဏ်းချုပ်၏နှိပ်စက်ခြင်းကို ခံရလိမ့်မည်။ သူက စိတ်ဓာတ်ကျနေသော်လည်း ယင်ဖုန်းအမတမြို့တော်၏ သခင်မလေးကို လှမ်းကြည့်လိုက်သေးသည်။

မြတ်စွာဘုရား....

ခန္ဓာကိုယ်လေးကလည်း ပြီးပြည့်စုံလိုက်တာ။

အဲ့ဒီ ရှည်သွယ်တဲ့ ခြေထောက်တွေ လက်လေးတွေကိုလည်း ကြည့်ပါဦး။

အသားအရည်လေးကလည်း ဖြူဖွေးနေတာဘဲ။

မျက်နှာထားကလေးကလည်း လှလိုက်တာ။

ဆံပင်လေးကလည်း တောက်ပရွှန်းစိုနေတာပဲ။

တစ်ချက်လှမ်းကြည့်ရုံမျှဖြင့် ကုကန်းချိုး၏မျက်ဝန်းများမှာ လင်းလက်တောက်ပလာခဲ့သည်။ သူက လုရန်ကို ဝါးစားလုမတတ် စေ့စေ့စပ်စပ်စိုက်ကြည့်လိုက်သည်။ လုရန်က မျက်မှောင်ကျုံ့လိုက်သည်။ အကြီးအကဲလင်ရဲ့ မျက်နှာကလည်း မဲမှောင်သွားသည်။

"ရှန်ရှန်ကျုံဂိုဏ်းရဲ့ လက်ရွေးစင်ဂိုဏ်းသားကုကန်းချိုးက သခင်မလေးလုကို တွေ့ဆုံပါတယ်!"

ကုကန်းချိုးက သတိပြန်လည်လာပြီး သူ၏ဝတ်ရုံကို ဖြန့်ခါလိုက်ကာ လေးနက်စွာဖြင့် ဂါရဝပြုလိုက်သည်။ သူက အပြုံးဖွဖွပြုံးထားခဲ့ပြီး အလွန် နူးညံ့သိမ်မွေ့စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့ပါသော်လည်း သူ့မျက်နှာအပြင်ပေါ်ရှိ မျဥ်းကြောင်းများမှာ သူ့အပြုံးနှင့်အတူ တုန်ခါသွားခဲ့ပြီး သူ့ကို ပို၍တောင် ရုပ်ဆိုးအကျည်းတန်လာစေခဲ့သည်။

ဒီမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်း၏နှုတ်ခမ်းထောင့်များမှာ တွန့်လိမ်သွားသည်။ ကုကန်းချိုးက ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတစ်ယောက်ဖြစ်နေ၍၊ ပြီးလျှင် အလွန်အမင်းပါရမီရှိနေ၍သာမဟုတ်ပါက သူ့ရဲ့မျက်နှာဖြင့် ဇနီးတစ်ယောက် မရှာဖွေနိုင်တော့မှာကို စိုးရိမ်မိသည်။

All Chapters