← Chapters

မင်းကိုနားလည်ပေးဖို့ တစ်ဘဝစာလုံးရင်းနှီးပါ့မယ်

Vol. 29 Ch. 399

မင်းကိုနားလည်ပေးဖို့ တစ်ဘဝစာလုံးရင်းနှီးပါ့မယ်

Vol. 29 Ch. 399

ကြယ်စင်များအလား များပြားသိပ်သည်းသော သံစဥ်လှိုင်းများသည် ကုကန်းချိုး၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် သက်ဆင်းသွားခဲ့သည်။

ဘုန်း!

ကုကန်းချိုး၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါများမှာ အပြည့်အဝနှိုးဆွထွက်ပေါ်လာခဲ့သည်။ မြောက်များစွာသော အနက်ရောင်အခိုးအငွေ့များသည် ဒိုင်းကာကြီးတစ်ခုအဖြစ် သိပ်သည်းပြောင်းလဲသွားပြီး ကုကန်းချိုး၏ ခန္ဓာကိုယ်ကို သိပ်သည်းရစ်ပတ်လိုက်ကာ သံစဥ်လှိုင်းများကို ခုခံတားဆီးလိုက်သည်။

စွမ်းအားကြီးသော ဖိအားကြောင့် ကုကန်းချိုးဟာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်ခဲ့ရသည်။ 

သူ ခြေတစ်လှမ်းနောက်ဆုတ်လိုက်တိုင်းတွင် စင်မြင့်ကြီးပေါ်၌ ကြီးမားသော အက်ကွဲကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သည်။ ကုကန်းချိုး၏ နှုတ်ခမ်းထောင့်မှ သွေးစီးကြောင်းတစ်ချို့ ထွက်ပေါ်လာလေသည်။

သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးနှင့်ချီစွမ်းအားများမှာ ကပြောင်းကပြန် ဖြစ်နေခဲ့ပြီး သူ၏ရှေ့တွင် ပြင်းထန်သော သံစဥ်လှိုင်းများ တည်ရှိနေခဲ့သော်လည်း သူက ၎င်းသံစဥ်လှိိုင်းများနှင့် ရင်ဆိုင်ပြီး လုရန်ထံသို့ တစ်လှမ်းပြီးတစ်လှမ်း တဖြည်းဖြည်း ချဥ်းကပ်သွားခဲ့သည်။

ထက်မြသော သံစဥ်လှိုင်းများသည် အင်မတန်မှ ပြင်းထန်ပြီး ခုခံတားဆီးရန် ခက်ခဲသော်လည်း ၊ သူ့ကိုယ်တွင်းရှိ သွေးများနှင့် အသက်စွမ်းအားမှာ ကသောင်းကနင်းဖြစ်တည်နေခဲ့သော်လည်း ကုကန်းချိုးက တန်ပြန်တိုက်စစ်မပြုဘဲ ဆက်လက်၍ ခုခံနေခဲ့သည်။

အဆိုပါမြင်ကွင်းက ရှန်ရှန့်ကျုံဂိုဏ်း၏ များစွာသော ဂိုဏ်းသားများကို သံသယဝင်သွားစေခဲ့သည်။ သူတို့က ကုကန်းချိုးကို တိတ်တဆိတ် စိုးရိမ်ပူပန်မိလိုက်ကြသည်။ 

ရှန်ရှန့်ကျုံဂိုဏ်း၏ အမျိုးသမီးဂိုဏ်းတပည့်များသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ကုကန်းချိုးကို နှလုံးသားအတွင်းမှ အားပေးလ်ိုက်သည်။ ကုကန်းချိုးက လုရန်အပေါ် ချစ်မြတ်နိုးသော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့သော်လည်း သူ၏စိတ်နေသဘောထားကို ဘယ်သူကမှ လျစ်လျူမရှုနိုင်တော့ပါ။

သူတို့အားလုံးက ကုကန်းချိုးကို ဒီတိုက်ပွဲတွင် အနိုင်ရစေချင်ပြီး အချောအလှလေးကို ပိုင်ဆိုင်စေချင်သည်။ 

ချစ်စိတ်ပြင်းပြသော အမျ်ိုးသားတစ်ယောက်၏ အရှိန်အဝါက ဤအချိန်တွင် ရှိရှိသမျှသော အမျိုးသမီးလေးများအားလုံးကို တုန်လှုပ်စေခဲ့ပြီ။

'ဒီကလေးက အံ့ဩစရာပဲ...'

ဝမ်ဖုန်းက ကုကန်းချိုးကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး တစ်ကိုယ်တည်း တွေးတောလိုက်သည်။ သူက ကုချိုးတို့ ညီကိုနှစ်ယောက်ကို ချစ်သူရည်းစား ရှာပေးရာတွင် အခက်အခဲများနှင့် တွေ့ကြုံရလိမ့်မည်ဟု တွေးဆထားခဲ့သည်။ သို့ပါသော်လည်း သူတို့ညီကိုနှစ်ယောက်က ချစ်ရေးချစ်ရာတွင် အင်မတန်မှ ထက်မြက်နေလိမ့်မည်ဟု ထင်မထားခဲ့ပါ။

သူတို့က ဘယ်တုန်းကမှ အမျိူးသမီးတွေနဲ့ မထိတွေ့ခဲ့ဖူးဘူးလေ။ ဒါက သင်စရာမလိုပဲ အလိုအလျောက်တတ်လာတဲ့ ဒဏ္ဍာရီလာ စွမ်းရည်များလား?။

ကုကန်းချိုး၏ ရှေ့တွင်ရှိနေသော လုရန်ကလည်း ဤတစ်ကြိမ်တွင် စိတ်လှုပ်ရှားသွားခဲ့သည်။ သူမက ကုကန်းချိုးကြောင့် စိတ်လှုပ်ရှားသွားခဲ့ခြင်း မဟုတ်ပါ။ ကုကန်းချိုး၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အခိုးအငွေ့များက သူမ၏ အင်အားအကုန်သုံးခဲ့သော တိုက်ကွက်ကို ခုခံလိုက်နိုင်တာကြောင့် စိတ်လှုပ်ရှားထိတ်လန့်သွားတာ ဖြစ်သည်။

သူမက ထိပ်တန်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး ကုကန်းချိုးထက်တောင် ပို၍ ကျင့်ကြံမှုမြင့်မားသေးသည်။ သူမက အားကုန်ထုတ်သုံး တိုက်ခိုက်ခဲ့တာတောင် ကုကန်းချိုးရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အခိုးအငွေ့တွေကို မထိုးဖောက်နိုင်ဘူးလား။

ဂိုဏ်းချုပ်ဝမ်က နတ်ဘုရင်အထွတ်အထိပ်အဆင့်သာရှိသော ကုကန်းချိုးကို သူမနှင့်အဘယ့်ကြောင့် တိုက်ခိုက်ခိင်းရသလဲဆိုတာကို ဤအချိန်၌ သူမနားလည်သွားခဲ့သည်။

လူအိုကြီးလင်ကလည်း ဒီမြင်ကွင်းကို လျှို့ဝှက်စွာ စိုက်ကြည့်နေခဲ့ပြီး စိတ်ဖိစီးနေခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် သူတို့တော့ ရှန်ရှန့်ကျုံဂိုဏ်းချုပ်ရဲ့ လှည့်စား မှုကို ခံလိုက်ရပြီ။ မဟာမိတ်ဖွဲ့တာတင် မကသေးပဲ ဘာဖြစ်လို့ သခင်မလေးကိုပါ လိုချင်ရတာလဲကွာ။ သူက ကုကန်းချိုး၏ လုပ်ဆောင်ချက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့သော်လည်း သခင်မလေးကို ဆုံးရှုံးရမှာကို ပို၍ တွေးကြောက်နေမိသည်။

"ထျန်းယင်နတ်ဆိုးဓါး.."

လုရန်၏နှလုံးသားက အကြင်နာတရားကင်းမဲ့ပါသည်။ သူမက ဟိန်းဟောက်ပြောဆိုလိုက်သည်။ သူမကိိုယ်တွင်းရှိ စွမ်းအားများမှာ ပိုမို၍ပြင်းထန်စွာထွက်ပေါ်လာခဲ့သည်။ သူမ၏ ကျောက်စိမ်းရောင် လက်ကလေးများက ဗျပ်စောင်းကြိုးများပေါ်တွင် လျင်မြန်စွာကခုန်နေခဲ့သည်။ ဗျပ်စောင်း၏ အသံကလည်း ပိုမို၍ မြန်ဆန်စွာထွက်ပေါ်လာခဲ့သည်။ သတ်ဖြတ်မှုအရှိန်အဝါများသည် စင်မြင့်ကြီးတစ်ခုလုံးပေါ်၌ ပြည့်နှက်လာခဲ့ကာ စင်မြင့်ပေါ်တွင် လေးလံပြီး ခြောက်ခြားဖွယ်ကောင်းသော လေထုကြီးကြီးစိုးနေခဲ့သည်။ 

ဟွမ်!

တိုးညင်းသော အသံတစ်သံနှင့်အတူ လုရန်တီးခတ်လိုက်သော သံစဥ်တေးသွားများသည် ထက်မြသော ဓါးတစ်ချောင်းအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။

၎င်းထက်မြသော ဓါး၏အစွန်းတွင် သံစဥ်လှိုင်းများ မြှုပ်နှံလျက်ရှိပြီး ပြင်းစွာသော အရှိန်အဟုန်ကို ဖုံးကွယ်ထားခဲ့သည်။ ၎င်းက မည်သည့်နတ်ဝိဇ္ဇာ အထွတ်အထိပ်စွမ်းအားရှင်ကိုမဆို တုန်လှုပ်သွားစေရန် လုံလောက်ပါသည်။

သို့သော်လည်း လုရန်၏ တိုက်ကွက်နှင့်အတူ ဗျပ်စောင်းကြိုးများပေါ်တွင် လုရန်လက်ချောင်းထိပ်မှ သွေးများစိုရွဲနေခဲ့သည်။

'လုံဖုန်းမိုယုချင်'ဟု အမည်ရသော ဤဗျပ်စောင်းမှာ ယင်ဖုန်းအမတမြို့တော်၏ အမွေအနှစ်လက်နက်သုံးခုအနက် တစ်ခုဖြစ်သည်။ ၎င်းတွင် ပြင်းထန်သော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ၎င်း၏ ကြိုးများကို နဂါးကျောရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဤမြင့်မြတ်သည့် ဗျပ်စောင်းကို ဘယ်သူကမှ အပြည့်အဝမထိန်းချုပ်နိုင်သေးပါ။

ခွန်အားကုန်သုံးတိုက်ခိုက်ခဲ့သည့်အတွက် သူမဟာလည်း မလွဲမရှောင်သာ ထိခိုက်ဒဏ်ရာရခဲ့ရသည်။ 

ကုကန်းချိုးကလည်း အဆိုပါမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။ သူ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားခဲ့သည်။

ချွင်!

ထက်မြသော ဓါး၏အသံက ထွက်ပေါ်လာခဲ့သည်။ လုရန်၏ ဗျပ်စောင်းတီးခတ်သံများနှင့်အတူ သူမအရှေ့ရှိ ထက်မြသော ဓါးသေးသေးလေးမှာ အချိန်နှင့်အာကာပြင်ကို ဖြတ်သန်း၍ အလွန်မြန်ဆန်သော နှုန်းထားဖြင့် ကုကန်းချိုးရှိရာဘက်သို့ ပြေးဝင်သွားခဲ့ပြီး အနက်ရောင်အခိုးအငွေ့ဒိုင်းကာကြီးကို ထိုးစိုက်လိုက်သည်။

သို့ပေသိ ဤအချိန်တွင် ကုကန်းချိုးက ရှိနေကြသော လူတိုင်း၏ အမူအရာများကို အကြီးအကျယ်ပြောင်းလဲသွားစေမည့် လုပ်ရပ်တစ်ခုကို ပြုလုပ်ခဲ့သည်။

သူက သူ့အရှေ့ရှိ ဒိုင်းကာကို ဖြိုဖျက်လိုက်ပြီး အနက်ရောင်အခိုးအငွေ့များကို ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ထက်မြသော ဓါး၏ရှေ့တွင် ခုခံမှုတစ်စုံတစ်ရာမပါဝင်ဘဲ တည်ရှိနေခဲ့သည်။

ဖစ်!

ဓါးစွမ်းအင် ကိုယ်တွင်းသို့ ထိုးဖောက်သွားခဲ့သည့် အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ကုကန်းချိုး၏ ခန္ဓာကိုယ်ဟာ ဓါးချက်ကြောင့် တရွတ်တိုက်ပါသွားခဲ့ပြီး စင်မြင့်အစွန်ရှိ အကာအကွယ်နံရံနှင့် ထိတွေ့မိသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူ့ရဲ့ ဝတ်ရုံတစ်ခုလုံးဟာ သွေးများဖြင့် စွေးစွေးနီသွားခဲ့သည်။

သူက ဒယိမ်းဒယိုင်ဖြင့် ပြန်ထလာခဲ့ကာ လုရန်ထံသို့ တစ်လှမ်းပြီးတစ်လှမ်း ချဥ်းကပ်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း ထိုးစိုက်နေသော ဓါးစွမ်းအင်က သူ့ကို သနားစဖွယ်ကောင်းလာစေခဲ့သည်။ အချို့သော ရှန်ရှန့်ကျုံဂိုဏ်း၏ အမျိုးသမီးတပည့်များမှာ ဒီမြင်ကွင်းကို ဆက်လက်မကြည့်ရှုနိုင်တော့ဘဲ အော်ဟစ်ငိုကြွေးမိကြတော့သည်။

"ရှင်ဘာလို့ မခုခံလိုက်တာလဲ?"

လုရန်၏ လှပသော မျက်နှာကလေးမှာ ပြောင်းလဲသွားခဲ့ပြီး ကုကန်းချိုးကို စိုက်ကြည့်ကာ နက်ရှိုင်းသော လေသံဖြင့် မေးမြန်းလိုက်သည်။

သူမက အနည်းငယ်ဒေါသထွက်နေမိသည်။ ဒီလိုလုပ်လိုက်တာကြောင့် သူမ၏ နှစ်သက်မှုကို ရရှိသွားမည်ဟု ကုကန်းချိုးတွေးထင်ထားပါက မှားယွင်းသွားလိမ့်မည်။ ဤသည်က အမှားကြီးတစ်ခု ပြုလုပ်လိုက်ခြင်းသာဖြစ်သည်။

ဤဓါးကွက်ဟာ သူမလို ထိပ်တန်းပါရမီရှင်တစ်ယောက်အတွက်တော့ အရှက်ရဖွယ်ပင်ဖြစ်တော့သည်။

အဝေးတစ်နေရာတွင်ရှိနေသော ဝမ်ဖုန်းကလည်း ဒီမြင်ကွင်းကို တွေ့မြင်လိုက်ရသည်။ သူ၏မျက်နှာထက်တွင် အပြုံးမဟုတ်သော အပြုံးတစ်ပွင့်ရှိနေခဲ့သည်။ သူပဲဖြစ်ဖြစ် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများဖြစ်ဖြစ် ကုကန်းချိုးထိခိုက်ဒဏ်ရာရတာကနေ ကာကွယ်နိုင်လေသည်။ သို့ပါသော်လည်း ကုကန်းချိုးက ရည်ရွယ်ချက်ရှိရှိ အရှုံးပေးခဲ့တာကို သူခံစားသိရှိခဲ့ရသည်။ ထို့အတွက်ကြောင့် သူကိုယ်တိုင်လည်း မလှုပ်ရှားခဲ့သလို ဝင်ရောက်လှုပ်ရှားချင်သည့် ဂိုဏ်းအကြီးအကဲများကိုလည်း တားဆီးခဲ့သည်။

"ငါခုခံနိုင်တာပေါ့..."

ကုကန်းချိုး၏ မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူက လုရန်ကို တည်ကြည်စွာလှမ်းကြည့်လိုက်ပြီး တိုးညင်းစွာဖြင့် ရေရွတ်လိုက်သည်။

ကုကန်းချိုး၏ ခွန်းတုံ့ပြန်စကားကို ကြားလိုက်ရသည့်အခါ လုရန်က ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်သည်။ 

"ရှင် ခုခံတားဆီးနိုင်တယ်? ဒါဆို ဘာလို့မတားဆီးတာလဲ? ကျွန်မကို သနားနေတာလား?"

သို့ပါသော်လည်း နောက်တဒင်္ဂအကြာတွင် နောက်ထပ်စကားတစ်ခွန်းထွက်ပေါ်လာပြီး သူမ၏ နူးညံ့လှပသော ခန္ဓာကိုယ်လေးတစ်ခုလုံး တသိမ့်သိမ့် တုန်လှုပ်သွားခဲ့သည်။ သူမဟာ လုံးဝကို ကြောင်အသွားပါသည်။

"ငါ... ငါမင်းကို မနာကျင်စေဘူး"

ကုကန်းချိုးက လုရန်၏ သွေးစွန်းနေသော လက်ချောင်းကလေးများကို စူးစိုက်ကြည့်နေခဲ့ပြီး ဝမ်းနည်းစွာပြောလိုက်သည်။

'အစ်ကိုကြီးရေ အရမ်းတွေ သရုပ်ဆောင်ကောင်းလိုက်တာ ညီငယ်လေးတောင် အရှက်ရမိပါတယ်!'

ကုကန်းချိုး၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ ကုချိုးက နှလုံးသားအတွင်းမှ သက်ပြင်းချလိုက်သည်။ အစ်ကိုကြီးကတော့ အစ်ကိုကြီးပါပဲ ဒီညီငယ်လေးကတော့ အစ်ကိုကြီးကို အနိုင်မယူနိုင်တော့ပါဘူး။

မူလကတည်းက စိတ်လှုပ်ရှားနေခဲ့ပြီးကြသော အမျိုးသမီးဂိုဏ်းသားများ၏ နောက်ဆုံးသော ခံစစ်သည် ကွဲကြေသွားခဲ့သည်။ သူတို့က ကုကန်းချိုးကို လေးစားအားကျနေသော မျက်ဝန်းများဖြင့် လှမ်းကြည့်လိုက်ကြသည်။ ဤအချိန်တွင် ကုကန်းချိုး၏ အရှေ့၌ မတ်တပ်ရပ်နေသည့်လူမှာ လုရန်မဟုတ်ပဲ သူတို့ဖြစ်ဖို့အတွက် ဆုတောင်းနေမိသည်။ 

"မင်းတစ်ကယ်ပဲ ငါ့ကိုမကြိုက်ဘူးဆိုရင် ငါဒီတိိုက်ပွဲမှာ အရှုံးပေးပါ့မယ်"

"မင်းသိလား? မင်းထိခိုက်ဒဏ်ရာရတဲ့အချိန်တိုင်း ငါရဲ့နှလုံးသားက နာကျင်နေရတယ် ၊ အသက်တောင် ဖြောင့်ဖြောင့်မရှုနိုင်ရလောက်အောင်ပေါ့"

"မင်းနဲ့ငါနဲ့ကြားမှာ ကံကြမ္မာအကြောင်းမရှိဘူးနဲ့တူပါတယ် ဒါပေမယ့် ငါမင်းကို နောက်ဆုံးသော စကားလေးတစ်ခွန်းတော့ ပြောပြချင်တယ်"

ကုကန်းချိုးက လုရန်၏ရှေ့သို့ လမ်းလျှောက်သွားလိုက်သည်။ သူက ထိတ်လန့်ကြောင်အနေသော လုရန်ကို ချစ်မြတ်နိုးယုယစွာဖြင့် လှမ်းကြည့်လိုက်သည်။ 

"ငါ ဗျပ်စောင်းအကြောင်းကို နားမလည်ပါဘူး ။ဒါပေမယ့် ငါ့ရဲ့တစ်ဘဝလုံးကို ရင်းနှီးမြှုပ်နှံပြီး မင်းကို နားလည်ပေးချင်တယ်"

မြတ်စွာဘုရား!

'အစ်ကိုကြီး ကုကန်းချိုးက အချစ်ဂုရုကြီးပါလား'

ကုကန်းချိုး၏ အက်ရှသောအသံ ပြီးဆုံးသွားသည့်အခါ ရှိနေကြသော ရှန်ရှန့်ကျုံဂိုဏ်းသားများ၏ မျက်စိ သူငယ်အိမ်များမှာ ပြူးကျယ်သွားကြသည်။ သူတို့က ကုကန်းချိုးကို နတ်ဘုရားတစ်ပါးကို ကြည့်သလိုမျိုး လှမ်းကြည့်လိုက်ကြသည်။

လူအိုကြီးလင်ကတော့ ဒီစကားလုံးများကို ကြားလိုက်ရသည့်အခါ မြေကြီးပေါ် မေ့လဲကျမတက် ဖြစ်သွားခဲ့သည်။ သူက အကြီးသခင်မလေး ကျရှုံးတော့မယ်ဆိုတာကို အာရုံခံရရှိလိုက်သည်။ သူဟာ အကြီးဆုံးသခင်မလေး၏ စိတ်နေစရိုက်ကို ကောင်းစွာသိရှိနားလည်ထားပါသည်။

အကြီးဆုံးသခင်မလေးဟာ စိတ်နေသဘောထားအရာတွင် စက္ကူဖြူတစ်ရွက်ကဲ့သို့ နူးညံ့ဖြူစင်လှသည်။ ယေဘုယျအားဖြင့်ဆိုပါက ထိုသို့သောလူတစ်ယောက်၏ အတွင်းစိတ်နှလုံးကို သာမန်လူများ အလွယ်တကူချိုးဖြတ်နိုင်မှာ မဟုတ်ပါ။ သို့ပါသော်လည်း ကုကန်းချိုးကတော့ သာမန်လူမဟုတ်ခဲ့ပါ။ သူက တစ်လှမ်းပြီးတစ်လှမ်းဖြင့် အကြီးဆုံးသခင်မလေး နှလုံးသားအတွင်းရှိ ခုခံမှုကို ပယ်ဖျက်ခဲ့သည်။ 

ဤတိုက်ပွဲတွင် သူဟာ ရှုံးနိမ့်ခဲ့ပုံပေါ်သော်လည်း အမှန်တစ်ကယ်ကတော့ အကြီးဆုံးသခင်မလေးကို အနိုင်ရသွားလေပြီ။ 

အံ့ဖွယ်ပါတကား!

အကြီးအကဲလင်တောင်မှ ဒီရှန်ရှန့်ကျုံဂိုဏ်းသားတွင် သူမတူထူးခြားသော ချစ်ရေးချစ်ရာနားလည်မှုများ ရှိနေကြောင်း ဝန်ခံလိုက်ရသည်။ 

ထိုသို့ပြောဆိုလိုက်ပြီးနောက် ကုကန်းချိုးက လုရန်ကို နက်နက်ရှိုင်းရှိုင်းကြည့်လိုက်ကာ လည်ပြန်လှည့်၍ ထွက်ခွာသွားခဲ့သည်။ သူ၏ကျောပြင်မှ အင်မတန်မှ အားနည်းဖျော့တော့နေပုံပေါ်၏။

"ရှင်ဘယ်ကိုသွားချင်တာလဲ? ကျွန်မ ရှုံးသွားပြီ"

နွေဦးရေစဥ်ကဲ့သို့ ကြည်လင်သောအသံလေး ထွက်ပေါ်လာသည့်အခါ ကုကန်းချိုးက အပျော်များဖြင့် ပြည့်နှက်သွားခဲ့သည်။ သူက ဆက်လက်တောင်ခံနိုင်ခြင်းမရှိတော့ဘဲ မြေပြင်ပေါ် ချက်ချင်း ပြိုကျသွားခဲ့သည်။

သောက်ကျိုးနဲ! နာတယ်ဟ...

မိန်းမငယ်လေးတစ်ယောက်ကိုရရှိဖို့ ရင်းနှီးခဲ့ရတဲ့ တန်ကြေးက တစ်ကယ့်ကိုကြီးမားတာပဲ။

သို့ပါသော်လည်း ကုကန်းချိုးတစ်ယောက် နာကျင်စွာ မညဥ်းညူရသေးခင်မှာပဲအမွှေးရနံ့လေးတစ်ခုသည် သူ၏ နှာခေါင်းထိပ်ကို ပွတ်သပ်ကျီစယ်သွားခဲ့သည်။ ထို့နောက် သူဟာ တင်းတင်းကျပ်ကျပ် ထွေးပွေ့ခံလိုက်ရသည်။

တန်းကြေးက ကြီးမားပေမယ့်လည်း ထိုက်တန်ပါတယ်လေ။

"ရှင် ရူးနေလား?"

လုရန်က ဖြူဖျော့နေသော ကုကန်းချိုးကို လှမ်းကြည့်လိုက်ပြီး ကုကန်းချိုး၏ သွေးယိုစိမ့်‌ေနသော ရင်ဘတ်ကို သူမ၏ ကျောက်စိမ်းရောင် လက်ကလေးများဖြင့် ဖိကပ်လိုက်ပြီး ကုကန်းချိုး၏ ဒဏ်ရာအတွင်းသို့ စွမ်းအင်များ လွှဲပြောင်းပေးနေသည်။ 

"မင်းအတွက်ဆို သေဖို့တောင် အဆင်သင့်ပါကွာ"

ကုကန်းချိုးက ရူးရူးနှမ်းနှမ်းပြုံးရယ်လိုက်ပြီး အားနည်းစွာ ရေရွတ်လိုက်သည်။

ထို အရုပ်ဆိုးအကျည်းတန်သော အပြုံးသည် လုရန်ကို ကြောင်အသွားစေခဲ့သည်။ ယခင်က သူမသည် ကုကန်းချိုး၏ အပြုံးမှာ အင်မတန်မှ ရုပ်ဆိုးသည်ဟု မှတ်ထင်ခဲ့သည်။ သို့ပါသော်လည်း ဒီတစ်ကြိမ်မှာတော့ ၎င်းအပြုံးက အင်မတန်မှ နွေးထွေးသည်ဟု ခံစားနေရသည်။ ဤသည်မှာ အမျိုးသားတစ်ယောက်ထံမှ ပထမဆုံးအကြိမ်အဖြစ် နွေးထွေးမှုကို သူမ ခံစားဖူးခြင်းပင်။

အမေ့ရဲ့ အပြုံးနဲ့မတူဘဲ ဒီအပြုံးက နွေးထွေးဆွဲဆောင်မှုရှိပြီး ကြည့်လို့ကောင်းလိုက်တာ။

"မင်းရဲ့လက်ကလေးတွေက သိပ်လှတယ်လေ... ဒဏ်ရာရဖို့ မသင့်တော်ဘူး"

"အနာဂတ်မှာ ငါမင်းကို ကာကွယ်ပေးပါမယ် ၊ အချိန်တိုင်း မင်းတစ်ယောက်တည်း တိုက်ခိုက်နေဖို့ မလိုတော့ပါဘူး"

ကုကန်းချိုးက လုရန်၏ လက်ကလေးကို နူးညံ့စွာ ဆုပ်ကိုင်လိုက်သည်။ သူ့ကိုယ်တွင်းရှိ စွမ်းအားများမှာ လုရန်၏ လက်ချောင်းထိပ်ကလေးတွေဆီသို့ စီးဆင်းသွားပြီး ခြစ်ရာကလေးများကို ပြေပျောက်စေလိုက်သည်။

မိမိကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရနေသော်လည်း သူမလက်ပေါ်ရှိ သေးငယ်သော ဒဏ်ရာကလေးများကို အရေးပေးနေသော ထိုအမျိုးသားကြီးအား တွေ့မြင်လိုက်ရသည့်အခါ လုရန်၏ နှလုံးသား၌ အပျော်များ ပြည့်နှက်သွားခဲ့သည်။ 

"ကျွန်မတို့နှစ်ယောက်ကြားမှာ ကံကြမ္မာမရှိဘူးလို့ ရှင်ပဲ ပြောခဲ့တယ်မဟုတ်လား" 

လုရန်က ရေရွတ်ပြောဆိုလိုက်ပြီး ကုကန်းချိုးကို မျက်စောင်းထိုး စိုက်ကြည့်လိုက်သည်။ ကုကန်းချိုးက မျက်လုံးလှိမ့်ပြလိုက်ပြီး ရယ်မောပြောလိုက်သည်။

"အင်း... ငါတို့ကြားထဲမှာ သူငယ်ချင်းဖြစ်ဖို့ ကံကြမ္မာမရှိဘူးလေ။ ဒါပေမယ့် ကြင်ဖက်ဖြစ်ဖို့တော့ ကံပါလာတယ်"

လုရန်က ကုကန်းချိုးကို ထပ်မံ၍ မျက်စောင်းထိုးကြည့်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူမ၏ နှလုံးသားက ချိုမြိန်နေခဲ့သည်။ သူမ ဒီတစ်ကြိမ် သူမအမေ၏ စကားကို နားထောင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းသို့ လာရောက်ခဲ့ခြင်းက တစ်ကယ့်ကို ကံကောင်းပါပေသည်။ ဒီလိုမှမဟုတ်ရင် သူမ ဒီအမျိုးသားနဲ့ လွဲချော်သွားရတော့မှာ။

"ငါ့ကို တွဲကူပေးပါဦး... ဂိုဏ်းချုပ်ကို စောင့်ဆိုင်းရအောင် မလုပ်နဲ့ "

ကုကန်းချိုး၏ စကားဆုံးသွားသည့်အခါ လုရန်၏ မျက်နှာကလေးက နီစွေးသွားခဲ့သည်။ သူမက ရှန်ရှန့်ကျုံဂိုဏ်းမှ လူများ စောင့်ကြည့်နေသေးကြောင်း သတိရသွားပြီး ကုကန်းချိုးကို အလျင်အမြန်တွဲထူလိုက်သည်။

"ဟမ်! လူတွေရော ဘယ်ရောက်သွားတာလဲ?"

သူမ လည်ပြန်လှည့်ကြာ့်လိုက်သည့်အခါ ကွင်းပြင်ကျယ်ကြီးအတွင်းရှိ လူအုပ်ကြီးမှာ ပျောက်ချင်းမလှပျောက်သွားခဲ့သည်။ လုရန်ကို ကာကွယ်စောင့်ရှောက်ပေးရသော အကြီးအကဲလင်ကတောင် ပျောက်ကွယ်သွားခဲ့သည်။ လွန်ခဲ့သည့် ၁၅ မိနစ်လောက်တုန်းက ဝမ်ဖုန်းနှင့် အကြီး အကဲများ ထွက်ခွာသွားခဲ့သည်။ ယင်းနောက် ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းတပည့်များကလည်း အလိုက်သိစွာဖြင့် ဖယ်ကြဥ်သွားပေးခဲ့ကြသည်။

......

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမကြီးထဲတွင် ဝမ်ဖုန်းက အဓိကနေရာ၌ ထိုင်နေခဲ့သည်။ အကြီးအကဲများစွာကတော့ အောက်ဘက်တွင် မတ်တက်ရပ်နေကြသည်။ လုအိုကြီးလင်ကလည်း လူအုပ်ကြီး၏ အလယ်တွင်ရှိနေခဲ့သည်။

"ဂိုဏ်းချုပ်ဝမ် ယင်ဖုန်းအမတမြို့တော်ရဲ့ ကာကွယ်စောင့်ရှောက်သူ အကြီးအကဲ၊ ကျုပ် လင်ရွှမ်က ယင်ဖုန်းအမတမြို့တော်ကြီး တစ်ခုလုံးရဲ့ ကိုယ်စား ကြောငြာပါတယ် ၊ ကျုပ်တို့က ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ပါမယ်"

"အခုချိန်ကစပြီး ကျုပ်တို့ ယင်ဖုန်းအမတမြို့တော်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဦးဆောင်မှုတွေနောက်ကို လိုက်ပါပြီး ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး"

အကြီးအကဲလင်၏ ခမ်းနားထည်ဝါသော အသံကြီးသည် ခန်းမကြီးအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။

"ကောင်းပြီ ရှန်ရှန့်ကျုံဂိုဏ်းကလည်း ယင်ဖုန်းအမတမြို့တော်နဲ့ မဟာမိတ်ဖွဲ့ခြင်းကို လက်ခံပါတယ် ၊ အခုချိန်ကစပြီး ယင်ဖုန်းအမတမြို့တော် အန္တရာယ်ကျရောက်တဲ့အခါမှာ ကျုပ်တို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကလည်း ရပ်ကြည့်နေမှာမဟုတ်ပါဘူး ၊ ယင်ဖုန်းအမတမြို့တော်သာ ကျုပ်တို့အပေါ် သစ္စာရှိပေးမယ်ဆိုရင် ကျုပ်တို့ ရှန်ရှန့်ကျုံဂိုဏ်းကလည်း ယင်ဖုန်းအမတမြို့တော်ကို စိတ်ပျက်စေရမှာမဟုတ်ပါဘူး"

ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး လေးနက်နေသော အမူအရာဖြင့် ပြောဆိုလိုက်သည်။

အလေးအနက်ထားရမည့် အချိန်အခါမှာ ပြီးဆုံးသွားလေပြီ။ ဝမ်ဖုန်းက အကြီးအကဲလင်ကို ခပ်ဖွဖွပြုံးလျက် ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။

"အကြီးအကဲလင် ကလေးနှစ်ယောက်ရဲ့ လက်ထပ်ပွဲကိစ္စကို ခင်ဗျား...."

All Chapters