ရူးလောက်သည့်အကြံ
Vol. 29 Ch. 400
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ လူအိုကြီးလင်က ခါးသီးစွာပြုံးလိုက်ပြီး ရေရွတ်ပြောဆိုလိုက်သည်။
" ဒီလူအိုကြီးပြန်ရောက်သွားသည့်အခါ မြို့သခင်မကို အစီရင်ခံလိုက်ပါမယ်။"
ဤအချိန်တွင် အဖိုးအိုလင်ဟာ အကူအညီမဲ့စွာ ခံစားနေရသည်။ သူပြန်ရောက်သည့်အခါ မြို့သခင်မကို ဘယ်လိုရှင်းပြရမလဲ မသိတော့ပါ။ အစက သူတို့က မဟာမိတ်ဖွဲ့လိုသော ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြသည်။ အခုအချိန်မှာတော့ သူတို့ရဲ့သခင်မကလေးကိုပါ ဆုံးရှုံးခဲ့ရသည်။ ဒါက ဘယ်လိုအရာမျိုးပါလိမ့်။
ကံကောင်းတာက ရှန်ရှန်ကျုံဂိုဏ်း၏ လက်ရွေးစင်ဂိုဏ်းသားသည် ရုပ်ဆိုးအကျည်းတန်သော်လည်း သူ၏ပါရမီစွမ်းအားက အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းသည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ပါရမီရှင်များက ယိယွမ်ဘုရားကျောင်း၏ ပါရမီရှင်များနှင့်တောင် နှိုင်းယှဥ်နိုင်မှာကို စိုးရိမ်မိသည်။
ဒါ့အပြင် ဒီကလေးက အကြီးဆုံးသခင်မလေးအပေါ်တွင် အင်မတန်မှ ချစ်ခင်ကြင်နာသေးသည်။ အကြောင်းပြချက်က ဘယ်လိုပဲဖြစ်ပါစေ တိုက်ပွဲအတွင်းသူ၏ လုပ်ဆောင်ချက်များကို လူအိုကြီးလင်က အသိအမှတ်ပြုပါသည်။
ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ သူ၏အမူအရာက ပိုမို၍ လေးနက်လာခဲ့သည်။ " လူအိုကြီးလင် အနာဂတ်မှာ ကျုပ်တို့ရဲ့ ရှန်ရှန်ကျုံဂိုဏ်းက ကိစ္စကြီးတစ်ခုကို ပြုလုပ်တော့မယ်။ ယင်ဖုန်းအမတမြို့တော်ကို ပါဝင်ကူညီဖို့ တောင်းဆိုချင်ပါတယ်။"
" အို...ဘယ်လိုကိစ္စကြီးများလဲ မသိဘူး။ "
လူအိုကြီးလင်၏ အမူအရာမှာ ပြောင်းလဲသွားပြီး သူက ဝမ်ဖုန်းကို စူးစမ်းလိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။ သူက ချက်ချင်းကူညီပါမည်ဟု ကတိမပြုဘဲ အရင်ဦးဆုံးမေးမြန်းလိုက်ခြင်း ဖြစ်လေသည်။
ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားမှာ နားမလည်နိုင်လောက်အောင် ထက်မြက်လှသည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သော ဝမ်ဖုန်းကတောင် ကိစ္စကြီးဟုပြောနေမှတော့ ရိုးရှင်းသော ကိစ္စကလေးဖြစ်နိုင်တော့မှာ မဟုတ်ပါ။ အနည်းငယ်သတိမမူပြုလုပ်လိုက်ပါက ရှန်းရွှမ်ဘုံလောကကြီးတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပါသည်။
ထိုကျရောက်လာတော့မည့် အဖြစ်အပျက်ကြီးတွင် ဖြစ်နိုင်ပါက လူအိုကြီးလင်သည် ယင်ဖုန်းအမတမြို့တော်ကို ပါဝင်မပတ်သတ်စေလိုပါ။
ဥပမာအားဖြင့် ယင်ဖုန်းအမတမြို့တော်၊ ယန်လဲ့အမတမြို့တော်နဲ့ ဤကနေ့ရှန်ရှန်ကျုံဂိုဏ်းတို့သည် ရှန်းရွှမ်ဘုံလောကကြီးအတွင်းတွင် စွမ်းအားအကြီးဆုံး အင်အားစုကြီးဖြစ်ပါသည်။ သူတို့၏ မည်သည့်လှုပ်ရှားမှုကမဆို ရှန်းရွှမ်ဘုံလောကကြီးကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။
" ယိယွမ်ဘုရားကျောင်းကို ဖျက်စီးပစ်မယ်။ "
" ဘာကြီး....."
" မင်းရူးနေတာလား...."
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ လူအိုကြီးလင်၏မျက်ဝန်းများမှာ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွာ ရေရွတ်ပြောဆိုလိုက်သည်။
ဒါက ကိစ္စကြီးတဲ့လား။ ဒါက မိုးကောင်းကင်ကို ဆုတ်ဖြဲမည့်အရာကြီးပဲ မဟုတ်ပါလား။
ယိယွမ်ဘုရားကျောင်းဆိုတာ ဘယ်လိုတည်ရှိမှုကြီးလဲ။ ၎င်းဟာ အလယ်ပိုင်းကုန်းမြေတွင် အကြွင်းမဲ့အာဏာရှင် ဖြစ်လေသည်။ ထိုအင်အားစုက ပေါ်ပေါက်လာခဲ့သည်မှာ မကြာသေးသော်လည်း အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ဖိနှိပ်ထားနိုင်ခဲ့ကာ နှစ်ပေါင်းမရေမတွက်နိုင်အောင် အင်အားစုကြီးကြီးငယ်ငယ်များဟာ သူတို့ကို အာမခံရဲကြပါ။
သူ၏ယင်ဖုန်းအမတမြို့တော်ကတောင် ယိယွမ်ဘုရားကျောင်းကို အံတုဖက်မပြိုင်ရဲပါပေ။
ဤရှန်ရှန်ကျုံဂိုဏ်းက တကယ့်ကို စွမ်းအားကြီးပါသည်။ သို့ပါသော်လည်း ရှန်ရှန်ကျုံဂိုဏ်းကသာ ယိယွမ်ဘုရားကျောင်းကို ဖျက်စီးနိုင်ပါသည်ဟု ပြောလာလျှင် လူအိုကြီးလင်က ကျိန်းသေပေါက် ယုံကြည်မှာမဟုတ်ပါ။
ယိယွမ်ဘုရားကျောင်းသည် ရှေးယခင်ကတည်းက အလယ်ပိုင်းကုန်းမြေတွင် မဟာဂုဏ်သရေ အင်အားစုကြီးဖြစ်လေသည်။ ရွမ်တုမဟာအင်အားစုကြီးခြောက်စုမှလွဲ၍ ဘယ်သူကမှ ယိယွမ်ဘုရားကျောင်း၏ နောက်ခံကို ရင်မဆိုင်နိုင်ကြပါ။ အဲ့ဒီလိုအင်အားစုကြီးကို ဖျက်စီးချင်တိုင်းဖျက်စီးပစ်လို့ ရမှာတဲ့လား။
ဤအချိန်တွင် လူအိုကြီးလင်ဟာ ယင်ဖုန်းအမတမြို့တော်က ရှန်ရှန်ကျုံဂိုဏ်းနှင့်မဟာမိတ်ဖွဲ့လိုက်သည့်အတွက် နောင်တရလာမိသည်။ဒါက တကယ့်ကို ပျက်စီကိန်းပါပဲ။
သူတို့အခုအချိန်တွင် တစ်လှေတည်းစီးနေ၍သာ မဟုတ်ပါက သူဟာလည်း ချက်ချင်းကို ထွက်ခွာသွားလောက်သည်။
" ယိယွမ်ဘုရားကျောင်းကို ဖျက်စီးဖို့အတွက် ဒီဂိုဏ်းချုပ်က (80)% သေချာတယ်။ " ဝမ်ဖုန်းက ဒေါသထွက်မသွားပါ။ သူက အကြီးအကဲလင်ကို လှမ်းကြည့်လိုက်ပြီး ပေါ့ပါးစွာ ကောက်ချက်ချလိုက်သည်။
အဆိုပါအသံဟာ မိုးခြိမ်းသံကြီးလိုမျိုး လူအိုကြီးလင်၏ နားစည်များအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တစ်သိမ့်သိမ့်တုန်လှုပ်သွားသည်။ သူက ခေါင်းကိုရုတ်တရက်မော့လိုက်ပြီး ဝမ်ဖုန်းကို စူးစူးနက်နက် စိုက်ကြည့်လိုက်သည်။ဝမ်ဖုန်း၏စကားများက တကယ်ပဲအမှန်လားဆိုတာကို စစ်ဆေးအကဲဖြတ်နေခြင်းပင်။
သို့ပါသော်လည်း သနားစရာပင်။ ဝမ်ဖုန်း၏မျက်နှာထက်တွင် သူဟာ တည်ငြိမ်မှုနှင့် အဆုံးစွန်သော ယုံကြည်မှုကိုသာ တွေ့မြင်နိုင်ခဲ့သည်။
လူအိုကြီးလင်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ သူဟာ ဘဝတွင် ဤမျှလောက်ကြီးမားသော အပြောင်းအလဲကြီးကို ကြုံတွေ့ဖူးခြင်းမရှိပါ။
ထိုထိတ်လန့်ဖွယ်ကောင်းသော သတင်းအချက်အလက်က လူအိုကြီးလင်၏ ငြိမ်သက်နေသော နှလုံးသားကို လှိုင်းထန်စေခဲ့သည်။
" ဒီကိစ္စမှာ ကျွန်မတို့ယင်ဖုန်းအမတမြို့တော်က အကောင်းဆုံးကူညီဖို့ ကြိုးစားပါမယ်။ "
ဤအချိန်တွင် လှပပြီး နှစ်သက်ဖွယ်ကောင်းသော အသံတစ်သံက ခန်းမကြီးအထဲ၌ ထွက်ပေါ်လာခဲ့သည်။ လုရန်နဲ့ကုကန်းချိုးတို့က အတူတကွ လမ်းလျှောက်ဝင်လာခဲ့သည်။ ထိုအသံက လုရန်၏နှုတ်ဖျားမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
" သခင်မလေး ဒါက....."
၎င်းအသံက လူအိုကြီးလင်ကို တိတ်ဆိတ်နေရာမှ လှုပ်နိုးလိုက်သည်။ သူက ဘေးနားကို လမ်းလျှောက်လာသော လုရန်ကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ဖွဖွကျုံ့လိုက်ကာ တွန့်ဆုတ်စွာဖြင့် မေးမြန်းလိုက်သည်။
ဒီအရုပ်ဆိုးတဲ့အကောင်အတွက်နဲ့ သခင်မလေးက ယင်ဖုန်းအမတမြို့တော်ကြီးတစ်ခုလုံးကို ချောက်နက်ကြီးထဲဆွဲချသွားမှာကို သူစိုးရိမ်နေမိသည်။
ထိုသို့တွေးလိုက်မိသည့်အခါ လူအိုကြီးလင်က ကုကန်းချိုးကို မကျေမနပ်လှမ်းကြည့်လိုက်သည်။ ဒီကလေးကြောင့်သာမဟုတ်ပါက သူလည်းပဲ ဒီလိုအကြပ်အတည်းမျိုးကို တွေ့ကြုံရမှာလား။
ယိယွမ်ဘုရားကျောင်းကို ဖျက်စီးမည့်ကိစ္စဟာ ထိတ်လန့်ဖွယ်ကောင်းသော ဖြစ်ရပ်ကြီးမဟုတ်ပါ။ ၎င်းက ကောင်းကင်ကြီးပြိုကွဲသည့် ဖြစ်ရပ်ပင် ဖြစ်တော့သည်။ ဒီလိုကိစ္စမျိုးက သူရဲ့ယင်ဖုန်းအမတမြို့တော် ပါဝင်ပတ်သတ်နိုင်တဲ့ ကိစ္စမျိုးလား။
အကြီးအကဲလင်ဟာ ယင်ဖုန်းအမတမြို့တော်ရဲ့ခွန်အားကို မယုံကြည်ခြင်းမဟုတ်ပါ။ သို့ပါသော်လည်း ရှေးယခင်အချိန်ကတည်းက စတင်၍
ယိယွမ်ဘုရားကျောင်းက အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ ဘယ်အင်အားစုကမှ သူတို့ကို ရင်မဆိုင်ရဲကြပါ။
သူ၏ယင်ဖုန်းအမတမြို့တော်က တကယ့်ကို အစွမ်းထက်ပါသည်။ သို့ပါသော်လည်း သူက ယိယွမ်ဘုရားကျောင်းကို ရင်ဆိုင်ဖို့တော့ သတ္တိမရှိပါပေ။
" လူအိုကြီးလင် ကျမတို့ ယင်ဖုန်းအမတမြို့တော်မှာ ရွေးချယ်စရာ ရှိသေးတယ်လို့ ထင်နေတာလား။ "
လုရန်၏မျက်နှာက တည်ငြိမ်နေခဲ့သည်။ သူမက လူအိုကြီးလင်ကို ပြန်၍လှည့်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
သူမက ကုကန်းချိုးကို နှစ်သက်သော်လည်း ကုကန်းချိုးတစ်ယောက်အတွက်နဲ့တော့ ယင်ဖုန်းအမတမြို့တော်ကြီးတစ်ခုလုံးကို ရေတိမ်နစ်စေမှာ မဟုတ်ပါ။ ဒီကိစ္စကို သူမဟာ သေသေချာချာစဥ်းစားဆုံးဖြတ်ပြီးမှသာ လက်ခံခဲ့ခြင်းဖြစ်သည်။
ဒါကိုကြားတော့ လူအိုကြီးလင်၏အမူအရာမှာ ခဲတောင့်သွားသည်။ သူက မဲ့ပြုံးပြုံးလိုက်မိသည်။ ဟုတ်ပါပြီ ။သူတို့ယင်ဖုန်းအမတမြို့တော်တွင် ရွေးချယ်စရာမရှိခဲ့ပါ။ သူတို့သဘောမတူဘူးဆိုပါက ရှန်ရှန်ကျုံဂိုဏ်းက သူတို့ကို ချက်ချင်းတိုက်ခိုက်လာနိုင်သည်။
ဒါ့အပြင် ရှန်ရှန်ကျုံဂိုဏ်းက ယိယွမ်ဘုရားကျောင်းကို တိုက်ခိုက်သည့်အခါ ထိုအင်အားစုကြီးနှစ်စုကြားရှိ တိုက်ပွဲသည် အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ဂယက်ထစေလိမ့်မည်။
" ရွေးချယ်စရာမရှိတော့ဘူးဆိုမှတော့ ဘာဖြစ်လို့ အလောင်းအစားမလုပ်ကြည့်ရမှာလဲ။ "
လုရန်၏အသံက ထွက်ပေါ်ခဲ့သည်။ လူအိုကြီးလင်က အံကိုတင်းတင်းကြိတ်လိုက်ပြီး ဘာစကားမှ ထပ်ပြောမလာတော့ပါ။
" မင်းတို့နားလည်မှု လွဲနေပြီ။ ဒီဂိုဏ်းချုပ်အကူအညီတောင်းတာက မင်းတို့ကို ယိယွမ်ဘုရားကျောင်းနဲ့ ရင်ဆိုင်ခိုင်းဖို့ မဟုတ်ပါဘူး။ ယိယွမ်ဘုရားကျောင်းအတွက်ကတော့ ငါ့ရဲ့ရှန်ရှန်ကျုံဂိုဏ်းကပဲ လုံလောက်နေပြီ။ "
" ယိယွမ်ဘုရားကျောင်းကို ဖျက်စီးတာက ငါ့ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုပဲ။ ဒီဂိုဏ်းချုပ်ရဲ့ အစစ်အမှန်ရည်မှန်းချက်က အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ကြီးစိုးဖို့ပဲ။ "
ဝမ်ဖုန်းက လူအိုကြီးလင်နဲ့ လုရန်တို့ကို လှမ်းကြည့်လိုက်ပြီး ပြုံးလျက် ခေါင်းခါလိုက်သည်။ သူက ထူးမခြားနားစွာ ပြောဆိုခဲ့သည်။
" ဟူး......."
သက်ပြင်းရှိုက်သံကြီးတစ်သံထွက်ပေါ်ခဲ့သည်။ လူအိုကြီးလင်နှင့် လုရန်တို့က ထိတ်လန့်ကြောင်အသွားကြသည်။ သူတို့က ဝမ်ဖုန်းကို မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်သလိုမျိုး လှမ်းကြည့်မိလိုက်ကြသည်။
ရှန်ရှန်ကျုံဂိုဏ်းရဲ့ဂိုဏ်းချုပ်က ဘယ်လိုရည်မှန်းချက်ကြီးမျိုး ရှိနေတာလဲ။
ဟိယွမ်ဘုရားကျောင်းကို ဖျက်စီးတာကပဲ ထိတ်လန့်ဖို့ကောင်းနေပြီလေ။ သူက အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ကြီးစိုးချင်နေသေးတာလား။
ထိုသတင်းသာပျံ့နှံ့သွားပါက လူတိုင်းက ဝမ်ဖုန်းကို အရူးတစ်ယောက်လိုမျိုး ရှူမြင်မှာကို စိုးရိမ်မိသည်။
" ရူးနေပြီ...ရူးနေပြီ...မင်းတကယ်ကို ရူးနေပြီ"
လူအိုကြီးလင်က စိတ်ပျက်အားလျော့စွာ ရေရွတ်လိုက်သည်။ သူတကယ့်ကို နောင်တရနေပါပြီ။ သူက ရှန်ရှန်ကျုံဂိုဏ်းနဲ့ ယင်ဖုန်းအမတမြို့တော်တို့ တစ်လှေတည်းစီးဖြစ်သွားပြီမို့ အင်မတန်မှ ပူပန်နေသည်။
" ဂိုဏ်းချုပ်ဝမ်မှာ ဘယ်လိုအစီအစဥ်မျိုးရှိလဲ မသိဘူး။"
လုရန်က ထိတ်လန့်ကြောင်အနေရာမှ ပြန်လည်၍ သတိဝင်လာခဲ့သည်။ သူမက နှလုံးသားအတွင်းရှိ ထိတ်လန့်မှုများကို ဖိနှိပ်လိုက်ပြီး ဝမ်ဖုန်းကို စိုက်ကြည့်ကာ နက်ရှိုင်းစွာ မေးမြန်းလိုက်သည်။ သူမ၏လှပသော မျက်နှာကလေးက လေးနက်တည်ကြည်နေခဲ့သည်။
သူမက ယင်ဖုန်းအမတမြို့တော်၏ ကံတရားကို ရှန်ရှန်ကျုံဂိုဏ်းအပေါ် လောင်းကြေးထပ်ဖို့ ရွေးချယ်ခဲ့သည်။ သို့ပါသော်လည်း ထိုရွေးချယ်မှုက သူမတို့တွေ ရှန်ရှန်ကျုံဂိုဏ်းကို အပြည့်အဝ ယုံကြည်သည်ဟုတော့ မဆိုလိုပါ။ ရှန်ရှန်ကျုံဂိုဏ်း၏အစီအစဥ်ကသာ ပြီးပြည့်စုံခြင်းမရှိပါက သူမဟာလည်း ရှန်ရှန်ကျုံဂိုဏ်းနဲ့အတူ ယင်ဖုန်းအမတမြို့တော်ကို ဆွဲခေါ်ပြီး ချောက်နက်ကြီးထဲ ခုန်ဆင်းမှာ မဟုတ်ပါပေ။
" ငါရဲ့ ရှန်ရှန်ကျုံဂိုဏ်းက ယိယွမ်ဘုရားကျောင်းကို ရင်ဆိုင်နိုင်ပါတယ်။ သူတို့ကို မဖျက်စီးနိုင်ဘူးဆိုရင်တောင်မှ အပြင်းအထန်ဒဏ်ရာ ရစေနိုင်တယ်။ "
" မင်းတို့ယင်ဖုန်းအမတမြို့တော်ကတော့ ယန်လဲ့အမတမြို့တော်နဲ့ အလယ်ပိုင်းကုန်းမြေရဲ့ တခြားအင်အားစုကြီးတွေကို တိုက်ခိုက်အနိုင်ယူရမယ်။"
" ယန်လဲ့အမတမြို့တော်နဲ့ အလယ်ပိုင်းကုန်းမြေရဲ့ အခြားအင်အားစုကြီးတွေကို ရင်ဆိုင်အနိုင်ယူနိုင်ဖို့အတွက် ဒီဂိုဏ်းချုပ်က အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်ဆယ်ယောက်ကို စေလွှတ်ပေးပါမယ်။ "
ဝမ်ဖုန်းရဲ့စကားဆုံးသွားသည့်အခါ ခန်းမကြီးတစ်ခုလုံး ခြောက်ခြားဖွယ်တိတ်ဆိတ်သွားခဲ့သည်။ အကြီးအကဲလင်နှင့်လုရန်တို့၏ သက်ပြင်းရှိုက်သံများသာ ကြားနေရသည်။သူတို့၏မျက်ဝန်းများက ဝမ်ဖုန်းကို စူးစိုက်ကြည့်နေကြပြီး ထိတ်လန့်တုန်လှုပ်နေကြသည်။
သူတို့က ရှန်ရှန်ကျုံဂိုဏ်း၏ ခွန်အားကို အထင်အမြင်သေးခဲ့မိသည်။
အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင် ဆယ်ယောက်ကို သာမန်ကာလျှံကာ စေလွှတ်လိုက်တာလား။
မင်းတို့က ယိယွမ်ဘုရားကျောင်းနဲ့ ရင်ဆိုင်နေရတာတောင် အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်ဆယ်ယောက်ကို ဒီလိုပဲ စေလွှတ်လိုက်တာလား။
ရှန်ရှန်ကျုံဂိုဏ်းမှာ ဘယ်လိုမျိုးသိုဝှက်ထားတဲ့ စွမ်းအားမျိုးရှိနေတာလဲ။
သူတို့၏ယင်ဖုန်းအမတမြို့တော်ဟာ ယိယွမ်ဘုရားကျောင်းပြီးသည့်နောက်တွင် အလယ်ပိုင်းကုန်းမြေ၌ ထိပ်တန်းအင်အားစုတစ်စုအဖြစ် ယူဆနိုင်သည်။ သို့ပါသော်လည်း သူတို့ကတောင် အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်ဆယ်ယောက်ကို ဒီလိုမျိုး မစေလွှတ်နိုင်ပါ။
ရှန်ရှန်ကျုံဂိုဏ်းကတော့ ယင်ဖုန်းအမတမြို့တော် နှစ်ပေါင်းများစွာ စုစည်းလာခဲ့ရသည့်အင်အားကို ဒီလိုပဲ အလွယ်တကူ စေလွှတ်နိုင်တာလား။
" ကောင်းပြီ။ ကျုပ်တို့ရဲ့ ယင်ဖုန်းအမတမြို့တော်က အလယ်ပိုင်းကုန်းမြေကြီးကို ရှန်ရှန်ကျုံဂိုဏ်းကြီးစိုးဖို့အတွက် ကူညီချင်ပါတယ်။ "
လူအိုကြီးလင်နှင့်လုရန်တို့က တစ်ယောက်ကိုတစ်ယောက် ဆုံးဖြတ်ချက်ခိုင်မာစွာ လှမ်းကြည့်လိုက်ပြီး လူအိုကြီးလင်က ချက်ချင်းအတည်ပြု ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။
ဒါကိုကြားတော့ ဝမ်ဖုန်း၏မျက်နှာထက်၌ အပြုံးလေးတစ်ခု ဖူးပွင့်လာခဲ့သည်။ သူက စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်သည်။ လူအိုကြီးလင်တို့သာ လက်မခံပါက သူက သူတို့ကို သတ်ဖြတ်ဖို့တော့ တွေးမထားပါ။ ဒါပေမဲ့ ရှန်ရှန်ကျုံဂိုဏ်းမှ ထွက်ခွာခွင့်ပြုမှာ မဟုတ်တော့ပါ။
ဤသည်မှာ ယင်ဖုန်းအမတမြို့တော်အတွက် သူ့ရဲ့စမ်းသပ်မှုဖြစ်သည်။ ယင်ဖုန်းအမတမြို့တော်က တကယ်ပဲအစစ်အမှန် မဟာမိတ်အဖြစ် ထိုက်တန်သလား ဆိုတာကိုပေါ့။
ယင်ဖုန်းအမတမြို့တော်၏ အကူအညီနဲ့ဆိုပါက အလယ်ပိုင်းကုန်းမြေကို ကြီးစိုးဖို့အရေးကိစ္စသည် ပိုမို၍မြန်ဆန်သွားလိမ့်မည်။
ယိယွမ်ဘုရားကျောင်းကိုသာ အောင်မြင်စွာ ဖျက်စီးနိုုင်လိုက်ပါက ရွှမ်ယွမ်မျိုးနွယ်စုမှ စွမ်းအားရှင်များကလည်း စတင်လှုပ်ရှားလာလိမ့်မည်။ သူတို့က ရှန်ရှန်ကျုံဂိုဏ်းကို ဖျက်စီးဖို့ အရူးအမူးကြိုးစားလာမှာကိုတောင် ဝမ်ဖုန်းက စိုးရိမ်နေမိသည်။
ထို့အတွက်ကြောင့် ရွှမ်ယွမ်မျိုးနွယ်စု စတင်မလုပ်ဆောင်ခင်မှာ သူက အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ကြီးစိုးရမည်။ ထို့နောက် စနစ်ကို အဆင့်ဆယ့်တစ်ကို တိုးမြှင့်ပြီး ပိုမို၍ စွမ်းအားကြီးသော တည်ရှိမှုတစ်ခုကို ဆင့်ခေါ်ရမည်။
ထိုအချိန်ရောက်ပါက ရွှမ်ယွမ်မျိုးနွယ်စုသာမက ရွှမ်တု၏မဟာအင်အားစု ခြောက်စုကတောင် သူ၏လက်ခုပ်အတွင်းသို့ ရောက်ရှိသွားလိမ့်မည်။ ထျန်းတုမြို့အရှင်၏ ဂူသချိုင်းကလည်း သူ့လက်ထဲသို့ အလိုအလျောက်ကျရောက်လာလိမ့်မည်။
တုကုချိုးပိုင်၊ စုန့်ချယ် မင်းတို့နှစ်ယောက်က ဓါးလေးလက် အကြီးအကဲလေးယောက်ကို ဦးဆောင်ပြီး အလယ်ပိုင်းကုန်းမြေရဲ့ အခြားအင်အားစုတွေကို အုပ်စိုးဖို့ ယင်ဖုန်းအမတမြို့တော်ကို ကူညီပေးလိုက်ပါ။
ဝမ်ဖုန်းက အောက်ဘက်ရှိ ရှန်ရှနါကျုံဂိုဏ်းအကြီးအကဲများကို ဝေ့ဝဲကြည့်လိုက်ပြီး ညွှန်ကြားပြောဆိုလိုက်သည်။
" ကောင်းပါပြီ ဂိုဏ်းချုပ်။ "
ဝမ်ဖုန်း၏စကားဆုံးသွားသည့်အခါ တုကုချိုးပိုင်၊စုန့်ချယ်၊ ယဲ့ကူချန်၊ တင်းဖန်းနှင့် အခြားသူများက မတ်တပ်ရပ်လိုက်ပြီး လက်သီးဆုပ် ဂါရဝပြုကာဖြင့် ပြောဆိုလိုက်သည်။
ဤအချိန်တွင် သူတို့ဟာ သူတို့ရဲ့ ကျင့်ကြံမှုကို ဆက်လက်ဖုံးကွယ်ခြင်းမရှိတော့ပါ။ တစ်ဖက်တွင်ရှိနေသော လူအိုကြီးလင်သည် တုကုချိုးပိုင်နှင့် အခြားသူများ၏ ထိတ်လန့်ဖွယ်ကောင်းသော အရှိန်အဝါများကို ခံစားလိုက်ရသည်။ ၎င်းက သူ့ထက်တောင် ပို၍သန်မာနေလေသည်။
ထိုလူဆယ်ယောက်တွင် တစ်ယောက်ချင်းစီတိုင်းက သူ့လို အန္တိမနတ်မင်း အထွတ်အထိပ်အဆင့်ရှိသော စွမ်းအားရှင်ကြီးကို ခြိမ်းခြောက်နိုင်လေသည်။ သူတို့က သာမန်အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်မျိုး မဟုတ်မှာကို ထိတ်လန့်မိသည်။
ဤသည်က လူအိုကြီးလင်ကို ပိုလို့တောင် ထိတ်လန့်သွားစေခဲ့သည်။ သူက ရှန်ရှန်ကျုံဂိုဏ်း၏ အစီအစဥ်နဲ့ပတ်သတ်ပြီး ပိုမို၍ အနည်းငယ်ယုံကြည်ချက်ရှိလာခဲ့သည်။
" ဂိုဏ်းချုပ်ဝမ် အခုက သိပ်ပြီး မနောက်ကျသေးပါဘူး။ ဒီလူအိုကြီးက ရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲတွေကို ခေါ်ဆောင်ပြီး ယင်ဖုန်းအမတမြို့တော်မှာ မြို့သခင်မကို ပြန်လည်တွေ့ဆုံလိုက်ပါဦးမယ်။ ဒီလိုဆိုရင် မြို့သခင်မအတွက်လည်း စီစဥ်ဖို့အချိန်ရတာပေါ့။"
လူအိုကြီးလင်က ဝမ်ဖုန်းကို ဂါရဝပြုလိုက်ပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။
မြို့သခင်မသည် ဒီအစီအစဥ်နဲ့ ပတ်သတ်ပြီး ဘာမှမသိရသေးပါ။ အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင််ဆယ်ယောက်ရဲ့ အကူအညီဖြင့်ဆိုလျှင်တောင် သူတို့ဟာ ကောင်းမွန်စွာ ပြင်ဆင်ထားဖို့ လိုအပ်သေးသည်။ အလယ်ပိုင်းကုန်းမြေတွင် သန်မာသောအင်အားစုကြီးများစွာ ရှိနေသည်မဟုတ်ပါလော။
အလယ်ပိုင်းကုန်းမြေတွင် အမွေအနှစ်ခိုင်မာပြီး သန်မာသော အင်အားစုကြီး များစွာရှိနေသေးသည်။ထို့အတွက်ကြောင့် ထိုအင်အားစုများကို အုပ်စိုးဖို့ဆိုသည်က လွယ်ကူမည့်ကိစ္စတော့ မဟုတ်ပါပေ။
" မြို့သခင်မလုကိုလည်း ဒီဂိုဏ်းချုပ်က နှုတ်ဆက်တယ်လို့ ပြောလိုက်ပါဦး။ အရာအားလုံးပြီးဆုံးသွားရင် ဒီဂိုဏ်းချုပ်က လာရောက်လည်ပတ်ပါမယ်"ဝမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
" အဲ့ဒီအချိန်ကျရင် ယင်ဖုန်းအမတမြို့တော်ကလည်း ဂိုဏ်းချုပ်ဝမ်ကို သောင်းသောင်းဖျဖျ ကြိုဆိုပါမယ်။"
လင်လုံက အလျင်အမြန်ပြောဆိုလိုက်သည်။ သူက တုကုချိုးပိုင်နှင့် အခြားသူများကို လှမ်းကြည့်လိုက်ပြီး လက်ဆန့်ထုတ်ကာ ပြောဆိုလိုက်သည်။ " မိတ်ဆွေကြီးတို့ ကျေးဇူးပြုပြီး...."
" ကျေးဇူးပြုပြီး...."
တုကုချိုးပိုင်နှင့် အခြားသူများကလည်းခေါင်းညိတ်လိုက်ကြသည်။ သူတို့က လူအိုကြီးလင်နောက်ကို လိုက်ပါ၍ ရှန်ရှန်ကျုံဂိုဏ်းမှ ထွက်ခွာသွားကြသည်။
" မင်းလဲ ထွက်သွား! "
ဝမ်ဖုန်းက ထွက်ခွာသွားသော လူအိုကြီးလင်နှင့် အခြားသူများ၏ ကျောပြင်မှ အကြည့်ဖယ်ခွာလိုက်သည့်အခါ ကုကန်းချိုး၏ သနားစဖွယ်ကောင်းသော အကြည့်ကို ရင်ဆိုင်ကြည့်လိုက်ရသည်။ သူက ဒေါသတကြီး ကျိန်ဆဲပြောဆိုလိုက်ပြီး လှောင်ပြောင်မိလိုက်သည်။
" ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်! "
ကုကန်းချိုး၏မျက်နှာက ပျော်ရွှင်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ သူကအလျင်အမြန်ပြောဆိုလိုက်သည်။သူက ဘေးနားက ရှက်ေသွးဖြာနေသော လုရန်ကို ဆွဲခေါ်လိုက်ကာ ခန်းမကြီးအတွင်းမှ ပြေးထွက်သွားတော့သည်။