ကောင်းကင်ဘုံ၏ မျက်ဝန်းတော်
Vol. 29 Ch. 401
ရှန်ရှန်ကျုံဂိုဏ်း၏ ဌာနချုပ်တည်ရှိရာအပြင်ဘက်တွင် ဝမ်ဖုန်းက လေထုအတွင်း၌ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။ လီပိုင်ကတော့ သူ၏ဘေးနားတွင် မတ်တပ်ရပ်နေသည်။အမည်မဲ့ဓားသမားနှင့် အခြားသောရှန်ရှန်ကျုံဂိုဏ်းရဲ့ အကြီးအကဲများ၊ ကုကန်းချိုးတို့လို လက်ရွေးစင်တပည့်များက သူ၏အနောက်တွင် မတ်တပ်ရပ်နေကြသည်။
ကြီးမားသောရှန်ရှန်ကျုံဂိုဏ်းကြီးတစ်ခုလုံးကို ဝမ်ဖုန်းက ကမ္ဘာဘောလုံးလေးအတွင်းသို့ ထည့်သွင်းလိုက်ပြီး စနစ်၏ နေရာလွတ်ထဲ၌ သိမ်းဆည်းထားလိုက်သည်။
ယိယွမ်ဘုရားကျောင်းကိုဖျက်စီးခြင်းက ကြီးကျယ်သောတိုက်ပွဲတစ်ခုကို ဆိုလိုနေသည်။ ကုကန်းချိုးတို့လို လက်ရွေးစင်တပည့်များက ယခုအချိန်တွင် အားမနည်းတော့ပါ။ ထို့အတွက်ကြောင့် သူတို့က ဤတိုက်ပွဲကြီးတွင် အတွေ့အကြုံယူနိုင်ပြီး ပိုမိုမြင့်မားသော အဆင့်များသို့ တက်လှမ်းနိုင်ကောင်းသည်။
ဝမ်....
ဤအချိန်တွင် လေထုဆုတ်ပြဲသံတစ်သံထွက်ပေါ်လာခဲ့ပြီး လေထုအတွင်းမှ လူခုနှစ်ယောက်ထွက်ပေါ်လာကြကာ ဝမ်ဖုန်းတို့၏ရှေ့၌ ရပ်တန့်လိုက်ကြသည်။
ထိုလူခုနှစ်ယောက်ထွက်ပေါ်လာသည့်အခါ လေဟာပြင်တစ်ခုလုံးက သိပ်သည်းသွားပုံပေါ်ပြီး လေးလံကာ ဖိနှိပ်နိုင်စွမ်းရှိသော အရှိန်အဝါကြီးက ကမ္ဘာ့လေထုအတွင်း၌ ဖြစ်တည်လာခဲ့သည်။ ရှန်ရှန်ကျုံဂိုဏ်း၏ များစွာသော အကြီးအကဲများနှင့် ကုကန်းချိုးတို့လို လက်ရွေးစင်ဂိုဏ်းများသည် အဆိုပါဖိအားကြီး၏အောက်တွင် တုန်လှုပ်သွားကြသည်။ သူတို့၏အပေါ်တွင် တန်ထောင်ချီလေးလံသော တောင်တန်းကြီးဖိနှိပ်ထားသကဲ့သို့ ဖြစ်နေခဲ့ကာ အသက်ရူကြပ်လာရသည်။
ဟမ့်....
ဝမ်ဖုန်း၏ဘေးနားတွင်ရှိနေသော လီပိုင်က တိုးညှင်းစွာအသံပြုလိုက်သည်။ ထို့နောက် စွမ်းအားကြီးသော အရှိန်အဝါတစ်ခုထွက်ပေါ်လာခဲ့ပြီး ဖိနှိပ်နေသောအရှိန်အဝါကို ပျက်ပြယ်စေလိုက်သည်။
လူခြောက်ယောက်သည် လီပိုင်ကို တစ်ညီတစ်ညွတ်တည်း လှမ်းကြည့်လိုက်ကြသည်။ ဦးဆောင်လာသူ ယိုဝူမင်၏မျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်နေခဲ့သည်။ သူတို့တကယ်ပဲ ယိယွမ်ဘုရားကျောင်းကို အထိနာစေလောက်သည်။
" သခင်လေး အဲ့ဒီလူက အရမ်းအစွမ်းထက်တယ်။ "
ယိုဝူမင်၏ဘေးနားတွင် မတ်တပ်ရပ်နေသော ရွမ်ယွမ်မျိုးနွယ်စုရဲ့အကြီးအကဲ ရွမ်ဟန်းက တည်ငြိမ်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
အဆိုပါစကားများက ယိုဝူမင်းကို ထိတ်လန့်သွားစေခဲ့သည်။
ဤတစ်ကြိမ်တွင် ယိယွမ်ဘုရားကျောင်းနှင့်ရှန်ရှန်ကျုံဂိုဏ်းတိုက်ခိုက်ရာ၌ အခွင့်ကောင်းယူနိုင်ဖို့အတွက် အင်မတန်မှ အစွမ်းထက်သော အကြီးအကဲရွမ်ဟန်းကို စေလွှတ်ခဲ့သည်။ ရွမ်ဟန်း၏ခွန်အားမှာ ထျန်းကျိအထွတ်အထိပ်၌ ရှိနေခဲ့ပြီး ထိပ်တန်းအဆင့်ဆရာသခင်တစ်ပါးဟု ပြောဆို၍ရသည်။
ရွမ်ဟန်းကတောင် ရှန်ရှန်ကျုံဂိုဏ်း၏ဘိုးဘေးမှာ အင်မတန်မှသန်မာကြောင်း ဝန်ခံလိုက်လေသည်။ ကြည့်ရတာ ရှန်ရှန်ကျုံဂိုဏ်းဘိုးဘေးတွင် သူမတူသောစွမ်းရည်များ ရှိနေပုံပင်။
ယိုဝူမင်းက သူ၏အကြည့်များကို တည်ငြိမ်စွာဖြင့် ရုတ်သိမ်းလိုက်သည်။ သူက ဝမ်ဖုန်းကို အပြုံးတစ်ပွင့်ဖြင့် စိုက်ကြည့်လိုက်ပြီး ပြောဆိုလိုက်သည်။ " ဂိုဏ်းချုပ်ဝမ် အဆင့်အသင့်ဖြစ်ပြီလား။ "
" အဆင်အသင့်ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ ယိယွမ်ဘုရားကျောင်းက လျို့ဝှက်ဆန်းကြယ်ပြီး မခန့်မှန်းနိုင်ဘူး။ မင်းတို့တွေ လမ်းကို ဦးဆောင်ပေးပါ။ " ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့်ပြောဆိုလိုက်သည်။
"'စကားပြောကောင်းတယ်။ "
ထိုသို့ပြောဆိုလိုက်ပြီးနောက် ယိုဝူမင်းက ချက်ချင်းဆိုသလို သူ့နောက်ဖက်ရှိ လူခြောက်ယောက်ကို ဦးဆောင်လိုက်ပြီး အလယ်ပိုင်းကုန်းမြေရှိရာသို့ စတင်ထွက်ခွာလိုက်သည်။ ဤတစ်ကြိမ်တွင် ရွမ်ယွမ်မျိုးနွယ်စုက ထျန်းကျိအထွတ်အထိပ်တွင်ရှိနေသော မဟာအကြီးအကဲရွမ်ဟန်းနှင့် ထျန်းမိန်အထွတ်အထိပ်တွင်ရှိနေသာ စွမ်းအားရှင်ငါးယောက်ကို စေလွှတ်ခဲ့သည်။
ယိယွမ်ဘုရားကျောင်းနှင့်တိုက်ပွဲကို ရွမ်ယွမ်မျိုးနွယ်စုက အင်မတန်မှ အလေးထားကြောင်းပေါ်လွင်စေသည်။ ယိယွမ်ဘုရားကျောင်းကို လုံးဝအမြစ်ဖြတ်သုတ်သင်ဖို့ကိုတော့ ယိုဝူမင်တို့က တွေးတောမထားပါပေ။ ယိယွမ်ဘုရားကျောင်းကို အထိနာစေတာကတောင် အတော်ကလေးကောင်းမွန်သော ရလဒ်ဟု ပြောဆိုနိုင်သည်။
ဒါကိုမြင်တော့ ဝမ်ဖုန်းကလည်း သူ၏လက်ကို ဝှေ့ရမ်းလိုက်ကာ များစွာသောအကြီးအကဲများကို ဦးဆောင်လျက် ယိုဝူမင်းတို့၏နောက်သို့ လိုက်ပါသွားခဲ့သည်။
ယိုဝူမင်းပဲဖြစ်ဖြစ်၊ ဝမ်ဖုန်းပဲဖြစ်ဖြစ် သူတို့နှစ်ဖက်စလုံး၏ နှလုံးသားအတွင်း၌ လှိုင်းထန်နေခဲ့ကြသည်။ သူတို့က တစ်ဖက်နဲ့တစ်ဖက် စပ်စုခြင်းမပြုခဲ့ကြပါ။
.....
ယိယွမ်ဘုရားကျောင်းတည်ရှိရာ လျို့ဝှက်ကမ္ဘာငယ်လေးအတွင်းတွင် ဘိုးဘေးယွမ်ဝူက တောင်ထိပ်ပေါ်တွင် တင်ပုလ္လင်ချိတ်၍ ထိုင်နေခဲ့သည်။ သူ၏ဖိမှိတ်ထားသောမျက်ဝန်းများမှာ ရုတ်တရက်ဖွင့်ဟလာခဲ့ပြီး အာကာပြင်ကို ဖြတ်သန်းသွားသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုမျက်ဝန်းများကို စေ့စေ့စိုက်ကြည့်လိုက်ပါက နက်ရှိုင်းကျယ်ပြောသော ညဏ်ပညာအရိပ်အယောင်များကို တွေ့မြင်နိုင်လေသည်။
" နတ်ဘုရားသားတော်လို့ ဆိုရတဲ့အတိုင်းပါပဲလား။သူက တံခါးဝကို ကိုယ်တိုင်ကိုယ်ကျရောက်လာခဲ့တာပဲ။ "
ဘိုးဘေးယွမ်ဝူ၏မျက်နှာပြင်၌ အပြုံးတစ်ခုဖြစ်ပေါ်ခဲ့ပြီး တိုးညှင်းစွာရေရွတ်လိုက်သည်။
" ကြည့်ရတာ ယိယွမ်ဘုရားကျောင်းလို့ခေါ်တဲ့ စစ်တုရင်အရုပ်ကလေးကို စွန့်လွှတ်ရတော့မှာပဲ။"
ဘိုးဘေးယွမ်ဝူက ခပ်ဖွဖွပြုံးလိုက်သည်။ သူ၏အသံက စိုးစဥ်းမျှ ပြောင်းလဲခြင်းမရှိဘဲ သာမန်ဆန်နေခဲ့သည်။
ဒါပေမဲ့လည်း အရာအားလုံးကို အကောင်းဆုံးပြုမူရမယ်။ ဒီစစ်တုရင်အရုပ်ကလေးရဲ့တန်ဖိုးကိုလည်း အမြင့်ဆုံးအထိ ဖျစ်ညစ်ရယူရမယ်။
ကောင်းကင်တာအို၏ဖိနှိပ်မှုကြောင့်မဟုတ်ပါက သူဟာ နတ်ဘုရားသားတော်ကို သတ်ဖြတ်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလောက်သည်။သူဟာ မရေမတွက်နိုင်သော ကံကြမ္မာ၏သားတော်များကို သတ်ဖြတ်အမဲလိုက်ခဲ့သော်လည်း ခန့်မှန်း၍မရနိုင်သော နတ်ဘုရားသားတော်နှင့်ရင်ဆိုင်နေရသည့်အခါ လျစ်လျူမရှူ့ရဲပါပေ။
ဘိုးဘေးယွမ်ဝူဟာ အလွန်သန်မာသော်လည်း ကျူပင်ခုတ် ကျူငုတ်ပါမကျန်ဟူသော စကားကို တိကျသေချာစွာနားလည်လေသည်။ ဤကမ္ဘာကြီးတွင် ထူးဆန်းသောတည်ရှိမှုများရှိနေသည်။ နတ်ဘုရားသားတော်များ၏ကံတရားမှာ မယုံကြည်နိုင်လောက်အောင် သန်မာသည်။ ထိုသူများကို ဘယ်လိုပင်တိုက်ခိုက်သတ်ဖြတ်ပါစေ လွယ်လင့်တကူအောင်မြင်မည်မဟုတ်ပါ။
သူ၏သတိထားဆောင်ရွက်တတ်သော စိတ်နေသဘောထားကြောင့်သာ မဟုတ်လျှင် သူနှင့်သူ၏မိတ်ဆွေဟောင်းကြီးများမှာ ကံကြမ္မာသားတော်များကို အမဲလိုက်သတ်ဖြတ်နိုင်ခဲ့မှာ မဟုတ်ပါ။သူတို့ဟာ ကောင်းကင်တာအိုက မတားမြစ်နိုင်လောက်အောင် အင်မတန်မှထိတ်လန့်ဖွယ်ကောင်းသည့် ကျင့်ကြံမှုကြီးများကို ရရှိလာနိုင်ခဲ့မှာမဟုတ်ပါ။
သူခွန်အားအကုန်သုံး၍ တိုက်ခိုက်ပါက နတ်ဘုရား၏သားတော်ကို သတ်ဖြတ်နိုင်ကောင်းသည်။သို့ပါသော်လည်း ကောင်းကင်ဘုံ၏အပြစ်ပေးမှုအောက်တွင် သူလည်း ကျိန်းသေပေါက်သေဆုံးရလိမ့်မည်။
သူသေဆုံးသွားရင် နတ်ဘုရားသားတော်ကို သတ်ဖြတ်တာကရော ဘာများအသုံးဝင်ဦးမှာလဲ။
" ယွမ်မန်၊ ယွမ်ဝူ၊ဒီလူအိုကြီးကို လာတွေ့လှည့်ပါဦး"
( ဘိုးဘေးယွမ်ဝူနဲ့ နာမည်တူတာပါ) ။
ဘိုးဘေးယွမ်ဝူဟာ နှုတ်ဖျားကို ဖွင့်ဟလိုက်သည့်အခါ မယှဥ်သာနိုင်အောင် နက်ရှိုင်းကျယ်ပြောသော အသံကြီးတစ်သံ ထွက်ပေါ်လာရသည်။ ထူးဆန်းသည့်အရာမှာ ထိုအသံဟာ လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ကျယ်လောင်လှသော်လည်း ယိယွမ်ဘုရားကျောင်းတစ်ခုလုံးတွင် လူနှစ်ဦးတည်းကသာလျှင် ကြားသိလိုက်ရသည်။
ရုတ်တရက်ဆိုသလို အဖြူရောင်နှင့် အနက်ရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသောလူနှစ်ယောက်သည် တောင်ထိပ်ပေါ်သို့ ရောက်ရှိလာကြသည်။
" ဘိုးဘေးယွမ်ဝူကို တွေ့ဆုံပါတယ်။ "
ယွမ်မန်နဲ့ ယွမ်ဝူတို့က ဘိုးဘေးယွမ်ဝူကို လေးလေးစားစားဂါရဝပြုလိုက်ပြီး တစ်ဖက်တစ်ချပ်စီတွင် ရိုသေလေးစားစွာ မတ်တပ်ရပ်လိုက်ကြသည်။
ထိုလူနှစ်ယောက်ဟာ ယိယွမ်ဘုရားကျောင်း၏ ဒုတိယနှင့်တတိယဘိုးဘေးများ ဖြစ်ကြသည်။ သူတို့၏ခွန်အားမှာ ထိတ်လန့်ဖွယ်ကောင်းသော ထျန်းကျိအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့ကြသည်။ သူတို့က ဘိုးဘေးယွမ်ဝူ၏ သင်ကြားပြသမှုများကို ခံယူခဲ့ကြသူများဖြစ်သည်။
" ယိယွမ်ဘုရားကျောင်းရဲ့ ကပ်ဘေးဒုက္ခက ရောက်လာနေပြီ။ မင်းတို့တွေ ဒီလူအိုကြီးအတွက် နောက်ဆုံးအထိတိုက်ခိုက်ပေးနိုင်မလား။ "
ဘိုးဘေးယွမ်ဝူက အနောက်ကိုလှည့်ကြည့်ခြင်းမရှိဘဲ ပြောဆိုလိုက်သည်။
" တပည့် ဆန္ဒရှိပါတယ်။"
ယွမ်ဝူတို့နှစ်ယောက်သည် ဒူးထောက်ချလိုက်ပြီး လေးလေးစားစားပြောဆိုလိုက်သည်။ သူတို့ဟာ သူတို့ဘဝရဲ့အဆုံးသတ်ကို အချိန်ကြာမြင့်စဥ်ကတည်းက သိရှိခဲ့ရသည့်အလား အလွန်အမင်းတည်ငြိမ်နေခဲ့သည်။
ဘိုးဘေးယွမ်ဝူက အနောက်ကိုလှည့်လာခဲ့ပြီး သူ၏လက်ချောင်းများကို ဆန့်ထုတ်လိုက်ကာ ယွန်ဝူနှင့်ယွမ်မန်တို့၏ နဖူးပြင်များနှင့် ထိတွေ့လိုက်သည်။ အလင်းတန်းနှစ်ခုက သူ့လက်ချောင်းထိပ်မှနေ၍ ယွမ်မန်နှင့်ယွမ်ဝူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
ဘုန်း....
ယွမ်မန်တို့နှစ်ယောက်ထံမှ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးနှစ်ရပ် ထွက်ပေါ်လာခဲ့ပြီး တောင်ထိပ်ကြီးတစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ သို့ပါသော်လည်း ၎င်းအရှိန်အဝါဟာ တောင်ထိပ်ကိုလွန်၍ ဆက်လက်ပျံ့လွင့်ခြင်းမရှိတော့ပါ။ သူတို့၏ကျင့်ကြံမှု အခြေခံများက အရိုင်းဆန်စွာ မြင့်တက်လာခဲ့သည်။
" ဘုန်း...."
ဤအချိန်တွင် ကျယ်လောင်သောမိုးခြိမ်းသံကြီးသည် မြည်ဟီးထွက်ပေါ်လာခဲ့သည်။တောင်ထိပ်ပေါ်တွင် လေပြင်းများတိုက်ခတ်လာပြီး တိမ်မည်းများစုရုံးလာခဲ့သည်။ မိုးကြိုးကပ်ဘေး၏ နက်မှောင်သောမဟူရာ တိမ်တိုက်များက လျို့ဝှက်နယ်မြေတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။
ယိယွမ်ဘုရားကျောင်း၏ဂိုဏ်းချုပ် ယွမ်ကုန်းသည် အဓိကခန်းမကြီးအရှေ့တွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေသည်။ သူသည် တောင်ထိပ်ရှိရာဘက်သို့ စိုးရိမ်ပူပန်နေသော အမူအရာဖြင့် လှမ်းကြည့်နေခဲ့သည်။ဘာတွေဖြစ်နေသလဲဆိုတာ သူမသိသော်လည်း ယိယွမ်ဘုရားကျောင်းကြီးတစ်ခုလုံးတွင် ကောင်းကင်နှင့်ကမ္ဘာမြေပြင်ကို ပြောင်းလဲစေသော ထိုကဲ့သို့မြင်ကွင်းမျိုး ပြုလုပ်နိုင်သူမှာ တစ်ယောက်တည်းသာ ရှိသည်။ ၎င်းမှာ လျို့ဝှက်ဆန်းကြယ်သော ဘိုးဘေးယွမ်ဝူဖြစ်လေသည်!
တောင်ထိပ်ပေါ်တွင် ဘိုးဘေးယွမ်ဝူက မျက်မှောင်ကျုံ့လိုက်ပြီး သူ၏လက်ချောင်းများကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူက မိုးကောင်းကင်ပေါ်ကို မျက်လုံးလှန်၍ မော့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းများမှာ တိမ်စိုင်တိမ်ခဲများကို ဖြိုခွင်းသွားပြီး အနက်ရောင်တိမ်စိုင်ကြီးများ၏ အတွင်း၌ ပုန်းကွယ်နေသော ကြမ်းတမ်းခက်ထန်သည့် အရိပ်အယောင်များကို တွေ့မြင်လိုက်ရပုံပေါ်သည်။
ဘိုးဘေးယွမ်ဝူရပ်တန့်သွားသည်နှင့်တစ်ပြိုက်နက် မိုးကောင်းကင်ပေါ်ရှိ အနက်ရောင်တိမ်စိုင်တိမ်တိုက်များမှာလည်း တဖြည်းဖြည်းချင်း ပျက်ပြယ်သွားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးကြားတွင် ထွက်ပေါ်လာသော ထိတ်လန့်ဖွယ်ကောင်းသည့် စွမ်းအားတစ်ရပ်သည်လည်း ဘယ်တုန်းကမှ ထွက်ပေါ်မလာခဲ့သလိုမျိုး ပျောက်ကွယ်သွားခဲ့သည်။
" ထျန်းဒန်အထွတ်အထိပ်လား။"
ဘိုးဘေးယွမ်ဝူက မျက်ဝန်းများကို ဖိပိတ်ထားပြီး စွမ်းအားများကို စုပ်ယူနေသော ယွမ်ဝူတို့နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ သူ၏မျက်ခုံးများဟာ အနည်းငယ် ဖိကျုံ့သွားခဲ့သည်။ သူ၏အိုမင်းနေသောမျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် မလိုလားမနှစ်သက်မှုများ ထွက်ပေါ်လာခဲ့သည်။ သူက ယွမ်ဝူတို့နှစ်ယောက်ကို ထျန်းကျွင်းအဆင့်အထိ တိုက်ရိုက်မြှင့်တင်ပေးပြီး နတ်ဘုရားသားတော်၏ဝှက်ဖဲများကို ဖော်ထုတ်စေချင်ခဲ့သည်။ သို့ပါသော်လည်း ကောင်းကင်တာအို၏သတိပေးမှုကြောင့် သူဟာ ရပ်တန့်ခဲ့ရသည်။
" ကျေးဇူးတင်ပါတယ် ဘိုးဘေး"
ယွမ်ဝူတို့နှစ်ယောက်၏ ကျင့်ကြံမှုများသည် ထျန်းတန်အထွတ်အထိပ်အဆင့်၌ တည်မြဲသွားကြသည်။ သူတို့က မျက်ဝန်းများကို ပြန်လည်ဖွင့်လှစ်လိုက်ကြပြီး ဘိုးဘေးယွမ်ဝူကို လေးလေးစားစားဂါရဝပြုကာ ကျေးဇူးတင်လိုက်သည်။
သူတို့က မကြာခင်သေဆုံးတော့မှာ အမှန်ဖြစ်သော်လည်း သူတို့မသေဆုံးခင်တွင် ထျန်းဒန်အထွတ်အထိပ်အဆင့်၏ ခွန်အားများကို ကြုံတွေ့ခဲ့ရလေပြီ။
ယိယွမ်ဘုရားကျောင်း ရှန်းရွမ်ဘုံလောကအတွင်း၌ အောင်မြင်ကျော်ကြားလာပြီး ရွမ်တုမဟာအင်အားစုခြောက်စုနဲ့ ယှဥ်ပြိုင်လာနိုင်ခဲ့ခြင်းမှာ ဘိုးဘေးယွမ်ဝူ၏ ကူညီစောင်မမှုများကြောင့်ဖြစ်သည်။
" သိပ်မကြာခင်မှာ တစ်ယောက်ယောက်က ယိယွမ်ဘုရားကျောင်းကို လာရောက်တိုက်ခိုက်လိမ့်မယ်။ မင်းတို့ရှိရှိသမျှ ခွန်အားတွေကို အသုံးပြုပြီး အဲ့ဒီလူကို သတ်ဖြတ်ရမယ်။ " ဘိုးဘေးယွမ်ဝူက လက်ကိုဝှေ့ရမ်းလိုက်ပြီး တည့်တိုးပြောဆိုလိုက်သည်။
" ဟုတ်ကဲ့ပါ "
ယွမ်ဝူတို့နှစ်ယောက်က တစ်ညီတစ်ညွတ်တည်းခေါင်းညိတ်လိုက်ကြသည်။ ဘိုးဘေးယွမ်ဝူတွင် နောက်ထပ်ညွှန်ကြားစရာ မရှိတော့ဘူးဆိုတာ သေချာသည့်အခါ သူတို့က ထပ်မံ၍ ဂါရဝပြုလိုက်ကြပြီး တောင်ထိပ်ပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။
ယွမ်ဝူတို့နှစ်ယောက်ထွက်ခွာသွားပြီးသည့်အခါ ဘိုးဘေးယွမ်ဝူ၏မျက်နှာပေါ်တွင် မှိုင်းညှို့နေသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယွမ်ဝူတို့နှစ်ယောက်၏ခွန်အားမှာ ထျန်းဒန်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ရွှမ်တုမဟာအင်အားစုခြောက်စုနှင့် ယှဥ်ပြိုင်နိုင်ရန် လုံလောက်ခဲ့လေသည်။
သို့ပေသိ နတ်ဘုရားသားတော်နှင့် ရင်ဆိုင်ရာတွင်တော့ လုံလောက်ခြင်းအလျှင်းမရှိသေးပါ။
နတ်ဘုရားသားတော်ကသာ သတ်ဖြတ်ဖို့လွယ်ကူနေပါက သူ့ကို နတ်ဘုရားသားတော်လို့ခေါ်မှာမဟုတ်ေချ။ ယွမ်ဝူ၏ ဂရုတစိုက်လုပ်ဆောင်မှုများနှင့်လည်း ထိုက်တန်မှာမဟုတ်ပါ။
" သောက်ကျိုးနည်း ကောင်းကင်ဘုံ!"
" ဒီလူအိုကြီးသာ နတ်ဘုရားသားတော်ကို ဝါးမြိုပြီးရင် မင်းနဲ့ကျိန်းသေပေါက် ထိပ်တိုက်တွေ့မယ်!"
ဘိုးဘေးယွမ်ဝူက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်သည်။ သူဟာ မိုးကောင်းကင်ပေါ်မှ တရွေ့ရွေ့ပျောက်ကွယ်သွားသော အကြင်နာကင်းမဲ့သည့် မျက်ဝန်းတစ်စုံကို တွေ့မြင်လိုက်ရပုံပေါ်ပြီး ထိုမျက်ဝန်းရှိရာသို့ ကြမ်းကြုတ်စွာ ပြောဆိုခဲ့သည်။
ကောင်းကင်တာအိုကသာ လာရောက်နှောင့်ယှက်ခြင်းမရှိလျှင် သူက ယွမ်ဝူတို့နှစ်ယောက်၏ ကျင့်ကြံမှုကို ထျန်းကျွင်းအထွတ်အထိပ်အဆင့်အထိ မြှင့်တင်ပေးနိုင်သည်။ နတ်ဘုရားသားတော်ကို သတ်ဖြတ်နိုင်ခြင်းမရှိဘူးဆိုလျှင်တောင် နတ်ဘုရားသားတော်၏ဝှက်ဖဲများကို ဖော်ထုတ်နိုင်လေသည်။
ထျန်းဒန်အထွတ်အထိပ်အဆင့်လောက်နဲ့တော့ နတ်ဘုရားသားတော်ရဲ့ ဆံချည်တစ်မျှင်ကိုတောင် မထိတွေ့နိုင်မှာ စိုးရိမ်မိပါရဲ့။
" ကိစ္စမရှိပါဘူး။ ငါအခုမင်းကို မသတ်နိုင်သေးေပမယ့် နောက်တစ်ကြိမ်ကျရင်တော့ မင်းငါ့လက်ထဲက ပြေးလွတ်မှာမဟုတ်ဘူး။ ဒီလူအိုကြီးနဲ့ အပေါင်းအပါတွေက နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ပြင်ဆင်ခဲ့ပြီးပြီ။ နတ်ဘုရားသားတော်ဆိုရင်တောင် ဒီလူအိုကြီးတို့ရဲ့လက်က လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ "
" အဲ့ဒီပုဂ္ဂိုလ်ကိုတောင် ဒီလူအိုကြီးက ရအောင်သတ်နိုင်ခဲ့တာ။ မင်းလို နတ်ဘုရားသားတော်ပေါက်စနဆိုရင် ပြောစရာတောင် မလိုတော့ဘူးကွ "
" ဒီလူအိုကြီးက မင်းကို ယွမ်ဟွားကောင်းကင်ဘုံက စောင့်ဆိုင်းနေမယ်။"
ဟက်ဟက်ပက်ပက်ရယ်မောသံကြီးနဲ့အတူ ဘိုးဘေးယွမ်ဝူရဲ့ပုံရိပ်က တောင်ထိပ်ပေါ်မှ လုံးဝပျောက်ကွယ်သွားခဲ့သည်။ သူပျောက်ကွယ်သွားပြီးသည့်နောက်တွင် လေထုထဲ၌ ရှုပ်ထွေးဆန်းကြယ်သော သင်္ကေတများ ထွက်ပေါ်လာခဲ့သည်။
.....
ယင်ဖုန်းအမတမြို့တော်၏ အဓိကခန်းမကြီးထဲတွင် သုသန်တစပြင်အလား တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။ စဥ်ဆက်မပြတ်အသက်ရှုသံများကသာ ထွက်ပေါ်လာနေသည်။
ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မလုချင်းနှင့် ယင်ဖုန်းအမတမြို့တော်မဟာအကြီးအကဲများစွာ၏ မျက်နှာထက်၌ ထိတ်လန့်နေသော အမူအရာများရှိနေကြသည်။
အထူးအင်အားစုတစ်ခု၏ သခင်မဖြစ်ပြီး အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်တစ်ယောက် ဖြစ်သည့်အလျောက် လုချင်းဟာ အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးတွင် အထွတ်အထိပ်တည်ရှိမှုတစ်ခု ဖြစ်သည်။ ယန်လဲ့အမတမြို့တော်၏ မြို့သခင်ကသာ သူမနှင့် ယှဥ်ပြိုင်နိုင်၏။
ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများကို စဥ်ဆက်မပြတ်တွေ့ကြုံခဲ့ဖူးသည့် သူမဟာ ဒီတစ်ကြိမ်မှာတော့ စိတ်လွတ်သွားခဲ့ရသည်။
သူမက ရှန်ရှန်ကျုံဂိုဏ်းနှင့် မဟာမိတ်ဖွဲ့လိုခဲ့သည့် သူမ၏ရည်ရွယ်ချက်ကိုတောင် ပြန်လည်၍ သံသယဝင်လာရသည်။ သူမက ရှန်ရှန်ကျုံဂိုဏ်းအပေါ် မှီခိုချင်ခဲ့ရုံသာ ဖြစ်သည်။ အခုတော့ ယင်ဖုန်းအမတမြို့တော်နှင့်သူမသည် ရှန်ရှန်ကျုံဂိုဏ်း၏ ကြီးမားသောရည်မှန်းချက်ကြီးကြောင့် ထိတ်လန့်ခဲ့ရပြီ....
ယိယွမ်ဘုရားကျောင်းကို ဖျက်စီးချင်ရုံသာမက အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို အုပ်စိုးဖို့ကြံစည်နေတာလား? ဒီလိုရူးနှမ်းတဲ့အရာမျိုးကို လုချင်းကတောင် တစ်ကြိမ်တစ်ခါကမှ မတွေးခဲ့ဖူးပါ။
သူမအရှေ့တွင် မတ်တပ်ရပ်နေသော ရှန်ရှန့်ကျုံဂိုဏ်း၏ အန္တိမနတ်မင်း အထွတ်ထိပ်အဆင့်အကြီးအကဲ ဆယ်ယောက်ကြောင့်သာမဟုတ်ပါက သူမသည် ရှန်ရှန်ကျုံဂိုဏ်းနှင့်မဟာမိတ်ဖွဲ့ခြင်းကို ရပ်ဆိုင်းပစ်လောက်သည်။
သူမ၏ယင်ဖုန်းအမတမြို့တော်သည် သေးငယ်ပါသည်။ သူမဟာ ရှန်ရှန်ကျုံဂိုဏ်းနှင့်အတူ ရူးမိုက်သောအရာများကို မပြုလုပ်ချင်ပါ။
သို့ပေသော်ငြား လက်ရှိတွင် ယင်ဖုန်းအမတမြို့တော်အတွက် ရွေးချယ်စရာ မရှိတော့သည့်ပုံပင်။
သူမသာ ငြင်းပယ်လိုက်ပါက ရှန်ရှန်ကျုံဂိုဏ်း ၏ အထွတ်အထိပ်စွမ်းအားရှင်ဆယ်ယောက်မှာ သူမတို့ကို ချက်ချင်းတိုက်ခိုက်လာနိုင်သည်။ သူတို့က ယင်ဖုန်းအမတမြို့တော်ကို မဖျက်စီးနိုင်ဘူးဆိုသော်လည်း ယင်ဖုန်းအမတမြို့တော်ကို အထိနာသွားစေနိုင်သည်။
" ဂိုဏ်းချုပ်ဆီက သတင်းစကားရရှိတယ်။ မြို့သခင်မလုသာ သဘောတူတယ်ဆိုရင် စတင်ပြင်ဆင်ပါလေ။ ဂိုဏ်းချုပ်နဲ့ အခြားသူတွေက ယိယွမ်ဘုရားကျောင်းကို တိုက်ခိုက်မယ့် လမ်းကို ရောက်နေကြပြီ။"
တုကုချိုးပိုင်က လုချင်းကို ထူးမခြားနားစွာ လှမ်းကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။