အမတမြို့တော် ၂ ခုအကြားတိုက်ပွဲ
Vol. 29 Ch. 402
တုကုချိုးပိုင်၏ တိုးညင်းသောအသံထွက်ပေါ်လာသည့်အခါ လုချင်းနှင့် အခြားသူများ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားကြပြီး ထိတ်လန့်ကြောင်အသွားကြသည်။
ရှန်ရှန့်ကျုံဂိုဏ်းချုပ်က အစီအစဥ်ချမှတ်ပြီးတာမှ မကြာသေး၊ အစောတလျင် အကောင်အထည်ဖော်လိမ့်မည်ဟု သူတို့တွေးထင်မထားခဲ့ပါ။ထိုလူက သူတို့ကို ပြင်ဆင်ရန်တောင် အခွင့်အရေးမပေးခဲ့ပါချေ။
လုချင်းက သူမ နှလုံးသားအတွင်း၌ ရှိနေသော တုန်လှုပ်မှုများကို ဖိနှိပ်လိုက်သည်။ သူမ၏မျက်နှာထက်၌ ခါးသီးသော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ကာ အံကို တင်းတင်းကြိတ်လိုက်ပြီး သူမ၏ မျက်လုံးထဲ၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။
"လူအိုကြီးလင် ယင်ဖုန်းအမတမြို့တော်ရဲ့ လက်အောက် ခံ အင်အားစုတွေကို အခြားသောအင်အားစုတွေနဲ့ တိုက်ခိုက်ဖို့ အမိန့်ဖြန့်လိုက်ပါ"
လုချင်းက လူအိုကြီးလင်ကို လှမ်းကြည့်လိုက်ပြီး တည်ကြည်စွာ ပြောဆိုလိုက်သည်။ သူမ၏ ကြည်လင်သော အသံအတွင်း၌ ခိုင်မာသော စိတ်နေစိတ်ထားတို့ ကိန်းဝပ်နေခဲ့သည်။
သူမက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ပူးပေါင်းရန် ရူးရူးမိုက်မိုက် ဆုံးဖြတ်ပြီးပြီဆိုမှတော့ တုံ့ဆိုင်းနေရန် မသင့်တော်ပါပေ။
ရှန်ရှန့်ကျုံဂိုဏ်းချုပ်က ဟာသလုပ်လိမ့်မည်ဟုတော့ သူမ ယုံကြည်မထားပါ။ ၎င်းဂိုဏ်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခွန်အားကြီးကာ မှန်းဆ၍ မရနိုင်ပါေချ။ သူမ၏ အလောင်းအစားသာ အနိုင်ရသွားပါက ယင်ဖုန်းအမတမြို့တော်သည် ရှန်ရှန့်ကျုံဂိုဏ်းအပေါ် မှီခိုပြီး ပိုမို၍ တိုးတက်လာနိုင်သည်။
အလယ်ပိုင်းကုန်းမြေကြီးသည် တည်ငြိမ်နေခဲ့သည်မှာ နှစ်ကာလများစွာ ကြာညောင်းခဲ့လေပြီ။ ယခုအချိန်ကတော့ မုန်တိုင်းထန်ရတော့မည့်အချိန်အခါသာတည်း!
"လူအိုကြီးဝမ် ၊ လူအိုကြီးလောင် ၊ လူအိုကြီးလင် ၊ တာအိုရောင်းရင်း ကုချန်း ၊ တာအိုရောင်းရင်း ဟုန်ရွှယ် ၊ တာအိုရောင်းရင်း တင်းဖန်း ရှင်တို့ ၆ ယောက်က ကျွန်မတို့ယင်ဖုန်းအမတမြို့တော်ရဲ့ မိုးကောင်းကင်နတ်မင်းအဆင့် စွမ်းအားရှင်တွေကို ခေါ်ဆောင်ပြီး စန်းချိုက်သိုင်းခန်းမနဲ့ စစ်ရှန်းသိိုင်းခန်းမတို့ကို သွားရောက်တိုက်ခိုက်ပါ။"
"ဟုတ်ကဲ့ပါ!"
အမည်ခေါ်ခံလိုက်ရသော လူများသည် အတူတကွ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။ ထို့နောက် ယင်ဖုန်းအမတမြို့တော်၏ မဟာအကြီးအကဲ လူအိုကြီးဝမ် ၏ ဦးဆောင်မှုအောက်တွင် သူတို့က ခန်းမအတွင်းမှ ထွက်ခွာသွားကြသည်။
"လူအိုကြီးဖန်း ရှင်ကတော့ လူအိုကြီးလင် ၊ တာအိုရောင်းရင်းရှောင်ဖုန်း တို့နဲ့အတူ ဒီနေရာမှာ စောင့်ကြပ်ပြီး ကျန်ရစ်ခဲ့ပါ ။ အချိန်မရွေးကူညီနိုင်အောင်လည်း အသင့်ပြင်ထားပါ။"
လုချင်း၏ စကားဆုံးသွားသည့်အခါ လူအိုကြီးဖန်းနှင့် ရှဲ့ရှောင်ဖုန်းတို့က လက်သီးဆုပ်ဂါရဝပြုလိုက်ကာ ခန်းမအတွင်းမှ ထွက်ခွာသွားခဲ့သည်။
အစီအစဥ်တချို့ ချမှတ်လိုက်ပြီးနောက် ခန်းမကြီးအတွင်း၌ ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မလုချင်း ၊ ယင်ဖုန်းအမတမြို့တော်၏ မဟာအကြီးအကဲ ၅ ယောက်နှင့် တုကုချိုးပိုင်အပါအဝင် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲ ၆ ယောက်တို့ ကျန်ရစ်နေသေးသည်။
"တာအိုရောင်းရင်း တုကု ။ယန်လဲ့အမတမြို့တော်ကို တိုက်ခိုက်ဖို့ ဒီမြို့သခင်မနဲ့အတူ လိုက်ခဲ့နိုင်မလား?"
လုချင်းက တုကုချိုးပိုင်ကို လှမ်းကြည့်ပြီး မေးမြန်းလိုက်သည်။
သူမ၏ ယင်ဖုန်းအမတမြို့တော်တွင် အလင်းဘက်၌ ရှိနေသော အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင် ၁၀ ယောက်အပြင် အမှောင်ထုအတွင်း ဖုံးကွယ်နေသော လူပုဂ္ဂိုလ်တစ်ချို့လည်း ရှိနေသေးသည်။ သို့ပေသိ ယေဘုယျအားဖြင့် သူမတို့တွင် အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင် ၁၅ ယောက်ထက်ပိုမရှိပါ။
ယန်လဲ့အမတမြို့တော်၏ခွန်အားကလည်း မတိမ်းမယိမ်းသာ ။ သို့ပါသော်လည်း ယန်လဲ့အမတမြို့တော်ဟာ မကြာသေးခင်က ရှန်ရှန့်ကျုံဂိုဏ်း၏ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံခဲ့ရကာ ယင်ဖုန်းအမတမြို့တော်ထက် အနည်းငယ် အားနည်းသွားသည်။
တုကုချိုးပိုင်နှင့် အခြားသူများကို တွေ့မြင်လိုက်ရသည့်အခါ သူမသည် ထိုသူများထံမှ ကြီးစွာသော ဖိအားကြီးတစ်ခုကို ခံစားခဲ့ရသည်။ အဆိုပါလူပုဂ္ဂိုလ် ၁၀ ယောက်ဟာ သာမန်အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်များ မဟုတ်နိုင်ပါ။
ထို့အတွက်ကြောင့်ပဲ သူမက ယန်လဲ့အမတမြို့တော်ကို အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင် ၁၂ ယောက်နှင့် သွားရောက်တိုက်ခိုက်ရန် ယုံကြည်မှု ရှိလာခြင်းဖြစ်သည်။
ယန်လဲ့အမတမြို့တော်နှင့် နှစ်ပေါင်းများစွာကြာ ရင်ဆိုင်တိုက်ခိုက်ခဲ့ရပြီးပြီ။ ယခုအချိန်သည်ကား ထိုရန်သူတော်ကြီးကို သုတ်သင်ဖို့ အချိန်အခါကျရောက်လာလေပြီ။ ရှန်ရှန့်ကျုံဂိုဏ်းစွမ်းအားရှင်များ၏ အကူကညီဖြင့် ဆိုပါက ယန်လဲ့အမတမြို့တော်က ဘယ်လိုများခုခံဦးမလဲဆိုတာကို သိချင်မိပါရဲ့။
ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများနှင့် သူမတို့ ယင်ဖုန်းအမတမြို့တော်၏ ခွန်အားဖြင့်ဆိုပါက ယန်လဲ့အမတမြို့တော်ကို အထက်အောက်ပြောင်းပြန်လှန်ပစ်နိုင်လေသည်!
"ဂိုဏ်းချုပ်က ကျုပ်ကို ဒီစေလွှတ်လိုက်တာက မြို့သခင်မလုကို ကူညီဖို့ပါပဲလေ"
တုကုချိုးပိုင်က ခေါင်းညိတ်လိုက်ပြီး ယဥ်ကျေးစွာတုံ့ပြန်လိုက်သည်။
ဤတစ်ကြိမ် ယင်ဖုန်းအမတမြို့တော်က အလယ်ပိုင်းကုန်းမြေကြီးကို တိုက်ခိုက်သိမ်းပိုက်ခြင်းသည် သူ၏ ရှန်ရှန့်ကျုံဂိုဏ်းအတွက်ပင် မဟုတ်ပါလော။
"ဒါနဲ့ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုက ကျွန်မရဲ့ ယင်ဖုန်းအမတမြို့တော်ကို လာရောက်ပူးပေါင်းတယ် ၊ သူတို့ပြောကြတာ ဂိုဏ်းချုပ်ဝမ်နဲ့ အရှုပ်အထွေးတစ်ချို့ ရှိနေတယ်တဲ့.. အဲ့ဒီကိစ္စကို..."
ရှန်ရှန့်ကျုံဂိုဏ်းကသာ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုကို ဖျက်ဆီးချင်နေပါက ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုက သူမတို့ ယင်ဖုန်းအမတမြို့တော်ကို လာရောက်အညံ့ခံခဲ့လျှင်တောင် သူမက ကူညီပေးမှာ မဟုတ်တော့ပါ။ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုလောက်အတွက်နဲ့ စွမ်းအားကြီးတဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ရင်ဆိုင်ရမှာလား?"
ကိစ္စကြီးကြီးမားမား ပြုလုပ်မည့်သူသည် ကြီးမားကျယ်ပြန့်သော အမြင်အာရုံရှိရပေမည်။
"အဲဲဒါက ကိစ္စကြီးမဟုတ်ပါဘူး။ ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုရဲ့ စွန့်ပစ်ခံသားတစ်ယောက်က ကျုပ်တို့ရှန်ရှန့်ကျုံဂိုဏ်းနဲ့ ရန်ငြိုးတစ်ချိို့ရှိခဲ့ဖူးတယ်လေ ၊ အဲ့ဒီစွန့်ပစ်ခံသားကို ဂိုဏ်းချုပ်က သတ်ဖြတ်ပြီးပါပြီ... ဂိုဏ်းချုပ်ကလည်း ဒီကိစ္စကို မေ့ပျောက်သွားလောက်ပါပြီ ၊ ရွှမ်ယွမ်အင်ပါယာ မျိုးနွယ်စုကသာ လှည့်ကွက်တွေမလုပ်ဘူးဆိုရင် ကျုပ်တို့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကလည်း အငြိုးအတေး ကြီးမားနေမှာ မဟုတ်ပါဘူး"
တုကုချိုးပိုင်က တစ်ခဏကြာအောင် တွေးတောလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာဖြင့် ရယ်ကာမောကာ ပြောဆိုလိုက်သည်။
လက်ရှိရှန်ရှန့်ကျုံဂိုဏ်း၏ အဆင့်အတန်းနဲ့ဆိုပါက ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုလေက်ကို မျက်လုံးထဲတောင် ထည့်ထားဖို့ မလိုတော့ပါ။
ဒီအကြောင်းကို ဂိုဏ်းချုပ်သိပါကလည်း ဂိုဏ်းချုပ်ဟာ ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မကို မျက်နှာသာ ပေးလိမ့်မည်ဟု တုကုချိုးပိုင်တစ်ယောက် ယုံကြည်ထားသည်။
"တာအိုရောင်းရင်းတုကု စိတ်အေးအေးထားပါ... ဒီမြို့သခင်မက ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုကို အခြေအနေတွေအကြောင်း ရှင်းပြလိုက်ပါမယ် ၊ သူတို့ကို အလယ်ပိုင်းကုန်းမြေကို တိုက်ခိုက်သိမ်းပိုက်မယ့် ရှန်ရှန့်ကျုံဂိုဏ်းရဲ့ အစီအစဥ်ထဲမှာလည်း ပါဝင်ခိုင်းလိုက်ပါမယ်... သူတို့သာ လှည့်ကွက်တချို့လုပ်ရဲရင် ရှန်ရှန့်ကျုံဂိုဏ်းက ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားဖို့ မလိုပါဘူး... ဒီမြို့သခင်မက ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စုကို ကိုယ်တိုင်ဖျက်ဆီးပေးပါ့မယ်"
လုချင်းက အသက်ကို ပြင်းပြင်းရှုလိုက်ပြီး ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်သည်။
တုကုချိုးပိုင်က ခေါင်းသာညိမ့်ပြလိုက်သည်။
ဒါကိုမြင်တော့ လုချင်းကလည်း ဆက်လက်တုံ့ဆိုင်းမနေတော့ဘဲ ယင်ဖုန်းအမတမြို့တော်၏ အကြီးအကဲများ ၊ တုကုချိုးပိုင်နှင့် အခြားသူများကို ခေါ်ဆောင်သွားပြီး ယန်လဲ့အမတမြို့တော်ဆီ ချီတက်သွားခဲ့သည်။ လက်ရှိတွင် အချိန်ဟာ သူတို့အတွက် အရေးကြီးနေပါသည်။
ယင်ဖုန်းအမတမြို့တော်၏ လက်အောက်ခံအင်အားစုများ စတင်လှုပ်ရှားလိုက်ပါက ယန်လဲ့အမတမြို့တော်ဟာ ထောက်လှမ်းသိရှိသွားလိမ့်မည်။ ယန်လဲ့အမတမြိုတော်သာ ပြင်ဆင်ထားပါက သူတို့နဲ့ရင်ဆိုင်ရန် လွယ်ကူတော့မှာ မဟုတ်ပါ။
လျပ်တပြတ် တိုက်ခိုက်ခြင်းက အကောင်းဆုံးသော နည်းဗျူဟာဖြစ်ပါ၏။
.....
အလယ်ပိုင်းကုန်းမြေတွင် တည်ရှိသော ယန်လဲ့အမတမြို့တော်သည် ယင်ဖုန်းအမတမြို့တော်ကြီးနှင့် မိုင်သောင်းချီအကွာအဝေး၌ တည်ရှိလေသည်။ အမြင့်တစ်နေရာမှ ငုံ့မိုးကြည့်ရှုပါက ယန်လဲ့အမတမြို့နဲ့ ယင်ဖုန်းအမတမြို့တော်တို့ဟာ ထိုက်ကျိကားချပ်တစ်ခုပေါ်ရှိ ယင်၊ယန် မျက်ဝန်းများနှင့် တူနေကြောင်း သိရှိရမည်ဖြစ်သည်။
ယန်လဲ့အမတမြို့တော်၏ အဓိကခန်းမကြီးထဲတွင် မြို့သခင်လဲ့ပသည် အဓိက ပုလ္လင်ကြီးပေါ်၌ ထိုင်နေခဲ့သည်။ ယန်လဲ့အမတမြို့တော်ကြီး၏ မဟာအကြီးအကဲ ၁၀ ယောက်က အောက်ဘက်တွင် ထိုင်နေခဲ့ကြပြီး ပြင်းထန်သော အရှိန်အဝါများသည် ခန်းမကြီးအတွင်း၌ ပြည့်နှက်နေခဲ့သည်။
"လူတိုင်းပဲ! ထျန်းတုမြို့အရှင်ရဲ့ ဒဏ္ဍာရီလာ ဂူသင်္ချိုင်းက ကမ္ဘာကြီးထဲကို မကြာခင် ထွက်ပေါ်လာတော့မယ် ၊ ရက်အနည်းငယ်လောက်အလိုက ယိယွမ်ဘုရားကျောင်းက အကြီးအကဲတစ်ယောက်ကို ငါတို့ဆီ စေလွှတ်ခဲ့တယ်... ဒီမြို့သခင်က ယိယွမ်ဘုရားကျောင်းနဲ့ ပူးပေါင်းပါ့မယ်လို့ ကတိပြုပြီးပြီ ၊ ငါ ယန်လဲ့အမတမြို့တော်က ယိယွမ်ဘုရားကျောင်းကို ကူညီပေးရမယ်!"
လဲ့ပက ခန်းမကြီးအတွင်းရှိ အကြီးအကဲများကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ပြောဆိုလိုက်သည်။ ခမ်းနားကြီးကျယ်သော အသံကြီးသည် ခန်းမတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ယိယွမ်ဘုရားကျောင်းရဲ့ ခွန်အားက ကြီးမားကျယ်ပြန့်လွန်းတယ် ၊ ဒါက ငါတို့ ယန်လဲ့အမတမြို့တော်အတွက် အခွင့်ကောင်းပဲ"
"ဟုတ်တယ် ငါတို့သာ ယိယွမ်ဘုရားကျောင်းကို ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းကို ရရှိအောင် ကူညီပေးနိုင်လိုက်ရင် ငါတို့ရဲ့ ယန်လဲ့အမတမြို့တော်ကလည်း ယိယွမ်ဘုရားကျောင်းရဲ့ အကူအညီနဲ့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ် ၊ အဲ့ဒီအချိန်ကျရင် ယင်ဖုန်းအမတမြို့တော်ကို ခြေထောက်အောက်မှာ ဖိနှိပ်ထားနိုင်တော့မှာ"
"ဒါအမှန်ပဲ! ငါတို့တွေ ယင်ဖုန်းအမတမြို့တော်နဲ့ တိုက်ခိုက်နေကြတာ နှစ်ပေါင်းများစွာ ကြာလှပြီ... အခုချိန်က အရာအားလုံးကို အဆုံးသတ်ရမယ့် အချိန်ပဲကွ!"
လဲ့ပ၏စကားဆုံးသွားသည့်အခါ ရှိနေကြသော အကြီးအကဲများစွာသည် စတင်ဆွေးနွေးပြောဆိုလိုက်သည်။ သူတို့၏ မျက်နှာများထက်၌ သဘောတူထောက်ခံသည့် အပြုအမူများ ရှိနေခဲ့ကြကာ ဘယ်သူကမှ မကန့်ကွက်ကြပါ။
"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လက်အောက်မှာ လဲ့ခုန်းသေသွားတာက ဝမ်းနည်းရာပဲ။ ဒီလိုမှမဟုတ်ရင်..."
ယန်လဲ့အမတမြို့တော်၏ မဟာအကြီးအကဲတစ်ယောက်သည် သူ့ရှေ့ရှိ စားပွဲခုံကြီးကို ပြင်းထန်စွာ ရိုက်နှက်လိုက်ပြီး ခါးသီးစွာ ပြောဆိုလိုက်သည်။ ကြီးမားလေးလံသော စားပွဲကြီးဟာ အစိတ်စိတ် အမွာမွာ ကွဲကြေပျက်စီးသွားရသည်။
သူ၏ စကားဆုံးသွားသည့်အခါ မဟာအကြီးအကဲများအားလုံးသည် ထပ်တူထပ်မျှ ဒေါသထွက်သွားရသည်။ မဟာအကြီးအကဲတစ်ယောက်ကို သေးနုပ်သော ရှန်ရှန့်ကျုံဂိုဏ်းက သတ်ဖြတ်ခဲ့လေသည်။ ၎င်းက ယန်လဲ့အမတမြို့တော်အတွက် အရှက်ရစရာကြီးဖြစ်၏။
များစွာသော အရှုပ်အထွေး ၊အပြောင်းအလဲများကြောင့်သာမဟုတ်ပါက ယန်လဲ့အမတမြို့တော်သည် ရှန်ရှန့်ကျုံဂ်ိုဏ်းကို သွားရောက်ဖျက်ဆီးပြီး မြို့တော်၏ ဂုဏ်သတင်းကို ပြန်လည်ဆောင်ကြဥ်းမှာ ဖြစ်သည်။
"ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းအတွက် တိုက်ပွဲပြီးဆုံးသွားတဲ့အခါ ရှန်ရှန့်ကျုံဂိုဏ်းဆိုတာ မတည်ရှိစေရတော့ဘူး ၊ မစိုးရိမ်ကြပါနဲ့။ ဒီမြို့သခင်က သူတို့ရဲ့ဘဝတွေကို သေတာထက် ဆိုးဝါးစေရမယ်"
လဲ့ပ၏ မျက်ဝန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ကိန်းဝပ်လာပြီး ရူးနှမ်းသော အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။
သူ၏အမြင်တွင် ရှန်ရှန့်ကျုံဂိုဏ်းက သေဖို့ရန် ကံပါလာပြီးဖြစ်သည်။
ခွန်အားနည်းနည်းလောက် ရှိရုံနဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ရူးရူးမိုက်မိုက် လှုပ်ရှားခဲ့သည်။.သူတို့က ယန်လဲ့အမတမြို့တော်၏ မဟာအကြီးအကဲကို သတ်ဖြတ်ခဲ့ရုံသာမက ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များကိုလည်း သတ်ဖြတ်လိုက်သေးသည်။ ဒါက သေခြင်းကို စိန်ခေါ်နေခြင်းပင်။
ထျန်းတုမြို့အရှင်၏ ဂူသင်္ချိုင်းတိုက်ပွဲပြီးဆုံးသွားပါက သူက ရှန်ရှန့်ကျုံဂိုဏ်းကို ဖျက်ဆီးပြီး ယိယွမ်ဘုရားကျောင်းထံမှ အမြင်ကောင်းရယူရမည်။
ဘုန်း!
သို့ပေသိ ထိုကဲ့သို့သော အချိန်အခါသမယတွင် ယန်လဲ့အမတမြို့တော်တစ်ခွင်လုံး၌ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။ စွမ်းအားကြီးအရှိန်အဝါများက ခန်းမကြီးတစ်ခုလုံးကို အရိုင်းဆန်စွာ တုန်လှုပ်လာစေခဲ့သည်။
"ရဲတင်းလိုက်လေ!"
လဲ့ပနှင့် ယန်လဲ့အမတမြို့တော်၏ မဟာအကြီးအကဲများအားလုံးမှာ ရုတ်တရက် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လဲ့ပဟာ ဒေါသတကြီး ဟိန်းဟောက်ပြောဆိုလိုက်ပြီး မဟာအကြီးအကဲများနှင့်အတူ ပျောက်ကွယ်သွားခဲ့ကာ ယန်လဲ့အမတမြို့တော် အထက်ကောင်းကင်ယံ၌ ပြန်လည်ထွက်ပေါ်လာခဲ့သည်။
"လုချင်း မင်းသေချင်နေတာလား?"
ယင်ဖုန်းအမတမြို့တော်မှ လူများကို တွေ့မြင်လိုက်ရသည့်အခါ လဲ့ပနှင့် မဟာအကြီးအကဲများအားလုံးသည် ကောင်းကင်ယံပေါ်မှ ဒေါသတကြီး ကြုံးဝါးလိုက်သည်။ သူတို့၏ မျက်လုံးများမှာ နီစွေးနေကြပြီး သူတို့ဟာ တစ်ဖက်ရှိ လုချင်းတို့ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သည်။
ပြင်းထန်သော သတ်ဖြတ်မှုအရှိန်အဝါများသည် လေထုအတွင်း၌ ဖြစ်တည်လာခဲ့ကာ ယန်လဲ့အမတမြို့တော်အတွင်းရှိ အပူချိန်ကို သုညမှတ်ထိ လျော့ကျသွားစေခဲ့သည်။
မူလက သာယာစည်ကားနေသော ယန်လဲ့အမတမြို့တော်ကြီးသည် လက်ရှိတွင် အပျက်အစီးများစွာနှင့် ရင်ဆိုင်လာရသည်။ ယန်လဲ့အမတမြို့တော်၏ ဂိုဏ်းတပည့်တစ်ချို့မှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။
အရေးကြီးသည်က အဖျက်ဆီးခံလိုက်ရသောနေရာသည် ယန်လဲ့အမတမြို့တော်၏ ဘုံကိုးလွှာမိုးကြိုးအစီအရင် ထားရှိသော နေရာကြီးဖြစ်နေသည်။ ၎င်းမှာ သူတို့ယန်လဲ့အမတမြို့တော် နှစ်ပေါင်းများစွာကြာ အမွေဆက်ခံခဲ့သော အကာအရံအစီအရင်ကြီးဖြစ်ပါသည်။
အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်ဆိုလျှင်တောင်မှ ဘုံကိုးလွှာမိုးကြိုးအစီအရင်ကြီး၏ ရှေ့မှောက်တွင် ဒူးထောက်အရှုံးပေးရမှာသာဖြစ်သည်။ ၎င်းအစီအရင်ကြီးကြောင့်ပဲ ယန်လဲအမတမြို့တော်က ဒီအခြေအနေထိတိုင် တိုးတက်လာခဲ့တာ ဖြစ်သည်။
အခုချိန်မှာတော့ အစီအရင်၏ ဗဟိုချက်က ဖျက်ဆီးခံလိုက်ရပြီး အသုံးပြု၍မရနိုင်တော့ပါ။ ပြန်လည်ပြင်ဆင်မည်ဆိုလျှင် ယန်လဲ့အမတမြို့တော်အနေဖြင့် အရင်းအမြစ်များစွာ ကုန်ဆုံးရလိမ့်မည်။ ဒီလိုဆိုရင်တောင်မှ အပြည့်အဝပြန်လည်ပြင်ဆင်ဖို့ မသေချာလှပါ။
လဲ့ပနှင့် ယန်လဲ့အမတမြို့တော်ရဲ့ အကြီးအကဲတွေ ဘယ်လိုလုပ် ဒေါသမထွက်ပဲ ရှိရမလဲ?
ယန်လဲ့အမတမြို့တော်နှင့် ယင်ဖုန်းအမတမြို့တော်တို့ဟာ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် တစ်ဦးနှင့်တစ်ဦးရန်စောင်နေခဲ့ကြသည်။ ထိုနှစ်ပေါင်းများစွာအတွင်း၌ သူတို့ အင်အားစုနှစ်စုက အကြိမ်ကြိမ်အခါခါ တိုက်ခိုက်ခဲ့ကြပြီး တစ်ယောက်၏ လျို့ဝှက်ချက်ကို ကျန်တစ်ယောက်က ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဒီလိုမှမဟုတ်ရင် လုချင်းဟာ ဘုံကိုးလွှာမိုးကြိုးအစီအရင် တည်နေရာကို ဘယ်လိုလုပ် တိတိကျကျ ဖျက်ဆီးနိုင်ပါ့မလဲ။
"ဒီနေ့မှာ ရှင်တို့ရဲ့ ယန်လဲ့အမတမြို့တော်ကို ဖျက်ဆီးပစ်မယ်"
ဒေါသထွက်နေသော လဲ့ပနှင့် အခြားသူများကို တွေ့မြင်လိုက်ရသည့်အခါ လုချင်းက ထိုသူများကို ပေါ့ပေါ့ပါးပါး ဝေ့ဝဲကြည့်ရှုလိုက်ပြီး တည်ငြိမ်သောအသံဖြင့် ပြောဆိုလိုက်သည်။ နူးညံ့နွေးထွေးပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော အသံကြီးသည် ယန်လဲ့အမတမြို့တော်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။
ဘုန်း!
လုချင်း၏ စကားဆုံးသွားပြီးနောက် ယင်ဖုန်းအမတမြို့တော်၏ အကြီးအကဲများ ၊ တုကုချိုးပိုင်နှင့် အခြားသူများ၏ အရှိန်အဝါများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
ကြီးမားလေးလံသော ဖိအားကြီးများက ယန်လဲ့အမတမြို့တော်၏ တပည့်များကို တုန်လှုပ်သွားစေပြီး လှုပ်ရှားမရ ဖြစ်စေခဲ့သည်။
"သေချင်နေတာပဲ!"
တုကုချိုးပိုင်တို့အုပ်စု၏ စွမ်းအားအရှိန်အဟုန်ကို တွေ့မြင်လိုက်ရသည့်ခါ လဲ့ပ၏ မျက်ဝန်းသူငယ်အိမ်များ တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူဟာ ပို၍တောင် ဒေါသထွက်လာခဲ့သည်။ ယင်ဖုန်းအမတမြို့တော်က ပြင်ဆင်ပြီးရောက်လာတော့ရော ဘာအရေးလဲ ? ဘုံကိုးလွှာမိုးကြိုးအစီအရင်ကြီး ပျက်စီးသွားတော့ရော ဘာဖြစ်သေးလဲ? သူ၊လဲ့ပ ယန်လဲ့အမတမြို့တော်မှာ ရှိနေသေးသရွေ့ ဘယ်သူကမှ ယန်လဲ့အမတမြို့တော်ကို မထိပါးစေရဘူး!
လဲ့ပနှင့် အကြီးအကဲများ၏ ခန္ဓာကိုယ်မှထိတ်လန့်ေခြာက်ခြားဖွယ်ကောင်းသော အရှိန်အဝါကြီးများ ပေါက်ကွဲထွက်လာခဲ့သည်။ ၎င်းက မုန်တိုင်းကြီးတစ်ခုကဲ့သို့ တိုက်ခတ်သွားကာ တုကုချိုးပိုင်တို့အုပ်စု၏ အရှိန်အဝါများနှင့် ထိပ်တိုက်တွေ့ဆုံလိုက်သည်။ လေထုဟာ ပကတိမျက်စိဖြင့် မြင်နိုင်သည်အထိ ပုံပျက်လာခဲ့ရသည်။
နတ်ဘုရားများ တိုက်ခိုက်သည့်အခါ သေမျိုးများ နာကျင်ခံစားရလိမ့်မည်။
ဘုံကိုးလွှာမိုးကြိုးအစီအရင်ကြီးမရှိသည့်အတွက် ယန်လဲ့အမတမြို့တော်၏ ဂိုဏ်းတပည့်များသည် ထိတ်လန့်ဖွယ် အရှိန်အဟုန်နှစ်ခု ပွတ်တိုက်မှုကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ခံစားလိုက်ကြရသည်။ အချို့သော ကျင့်ကြံရေး အားနည်းသည့်တပည့်များမှာ ချက်ချင်းကို အပိုင်းပိုင်းအစစ ပြတ်တောက်သေဆုံးသွားကြသည်။
ယန်လဲ့အမတမြို့တော်၏ မိုးကောင်းကင်နတ်မင်းအဆင့် စွမ်းအားရှင်များက အချိန်မှီတုံ့ပြန်ပြီး ခွန်အားကုန်အသုံးပြုကာ ဂိုဏ်းတပည့်များကို ကာကွယ်ပေးလိုက်၍သာ မဟုတ်ပါက ဤတစ်ကြိမ် စွမ်းအင်ပွတ်တိုက်မှုတွင် ယန်လဲ့အမတမြို့တော်ကြီးသည် ကြီးကြီးမားမား ဆုံးရှုံးရလိမ့်မည်။