ပြင်းထန်လွန်းသော တိုက်ပွဲ
Vol. 29 Ch. 405
အစိမ်းရောင်ကြာပန်းကြီးသည် ရုတ်တရက်ဖူးပွင့်သွားသည့်အခါ အစိမ်းရောင်အလင်းတန်းကြီးတစ်ခုအဖြစ် အသွင်ပြောင်းလဲသွားပြီး ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးသုံးယောက်ထံသို့ အလွန်လျင်မြန်သောနှုန်းဖြင့် ပြေးဝင်သွားခဲ့သည်။ ၎င်းအစိမ်းရောင်အလင်းတန်းကြီး၏ ပတ်ပတ်လည်တွင် ရေတွက်မရသော ပြင်းထန်သည့် ဓားစွမ်းအင်များက ရစ်ပတ်တွယ်နှောင်လျက်ရှိ၏။
အလွန်အမင်းပြင်းထန်သောစွမ်းအားက ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေးသုံးယောက်ကို ထိတ်လန့်သွားစေခဲ့သည်။ ထျန်းကျိအထွတ်အထိပ်စွမ်းအားများသည် ထွက်ပေါ်လာခဲ့ပြီး ဘိုးဘေးသုံးယောက်သည် လီပိုင်၏ထိတ်လန့်ဖွယ်ကောင်းသော တိုက်ကွက်ကို ခုခံရန် အကာအရံကြီးတစ်ခုကို အလျှင်အမြန်တည်ဆောက်လိုက်ကြသည်။
" လင်းထျန်းယီကျန်း!"
မနီးမဝေးတွင်ရှိနေသော ရွှမ်ယွမ်မျိုးနွယ်စု၏ မဟာအကြီးအကဲရွှမ်ဟန်းဟာ လီပိုင်၏တိုက်ကွက်ကြောင့် ထိတ်လန့်သွားခဲ့သည်။ သိုပေသိ သူဟာ တခဏကြာသာကြောင်အသွားခဲ့ပြီး ပြင်းထန်သောဓားဆန္ဒအရှိန်အဝါကို ပေါက်ကွဲထုတ်ဖော်လိုက်သည်။
ရွှမ်ဟန်းဟာ ဓားကို ဝှေ့ရမ်းလိုက်သည့်အခါ ဧရာမဓားအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းက မိုးကောင်းကင်ကြီးကို ဆုတ်ဖြဲတော့မည့်အလား ပြိုင်ဖက်ကင်းလွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါများကို သယ်ဆောင်လျက်ရှိပြီး လီပိုင်၏ ချင်းလျန်ဓားတေးသံ၏ အနောက်မှကပ်ပါသွားကာ ယိယွမ်ဘုရားကျောင်းဘိုးဘေးသုံးယောက်ကို တိုက်ခိုက်လိုက်သည်။
ဘုန်း...
ထိတ်လန့်ဖွယ်ကောင်းသော ဓားသိုင်းကွက်နှစ်ခုသည် တစ်ဆက်တည်းဆိုသလို ဘိုးဘေးသုံးယောက်၏ အကာအရံအလွှာကို ထိတွေ့မိသွားကြသည်။ နားကွဲလုမတတ်ကျယ်လောင်သော ပေါက်ကွဲသဲကြီး ထွက်ပေါ်လာခဲ့ကာ စွမ်းအားလှိုင်းလုံးများသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားခဲ့သည်။ ၎င်းစွမ်းအားလှိုင်းများပျံ့လွင့်သွားသည့် နေရာတိုင်းတွင် လေထုက အက်ကွဲသွားခဲ့ပြီး မြေပြင်ပေါ်ရှိ သစ်တောအုပ်ကြီးမှာလည်း အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့ရသည်။
သစ်ပင်ကြီးများ ပြိုလဲပျက်စီးသွားြခင်းနှင့်အတူ မီးခိုးငွေ့များကလည်း ကောင်းကင်ယံထက်၌ ရစ်သိုင်းလျက်ရှိသည်။ ကုန်းမြေပေါ်တွင် မုန်တိုင်းတိုက်သကဲ့သို့ လေပြင်းများ တိုက်ခတ်လျက်ရှိပြီး အရပ်လေးမျက်နှာကို ထိတ်လန့်စေခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားအရှိန်အဝါကြီးက အနီးအနားတွင် တိုက်ခိုက်နေသောလူများကို တုန်လှုပ်သွားစေခဲ့သည်။ ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များနှင့်အတူ သူတို့က လီပိုင်တို့တိုက်ခိုက်နေသောနေရာနှင့် ဝေးရာအရပ်သို့ဆုတ်ခွာသွားပြီး ဆက်လက်တိုက်ခိုက်နေကြသည်။
ဝမ်ဖုန်းနဲ့ ယိုဝူမင်တို့ကလည်း ယိယွမ်ဘုရားကျောင်းတည်ရှိသော လျို့ဝှက်ကမ္ဘာလေးအတွင်းမှ ထွက်ခွာသွားကြသည်။ သူတို့က ခပ်လှမ်းလှမ်းတွင်ရှိနေသာ တောင်ထိပ်တစ်ခုပေါ်၌ ရပ်တန့်လိုက်ကြပြီး နတ်ဘုရားများ၏တိုက်ပွဲကဲ့သို့ ပြင်းထန်သောတိုက်ပွဲမြေပြင်ကို ငုံ့မိုးကြည့်ရှူ့နေခဲ့သည်။
ဘုန်း....
မိုးခြိမ်းသံကြီးကဲ့သို့ ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်သံ ထပ်မံထွက်ပေါ်လာခဲ့သည်။ ယွမ်အောင်းတို့သုံးယောက်ထုတ်ဖော်လိုက်သော အကာအရံအလွှာကြီးသည် ချင်းလျန်ဓားသိုင်းကွက်၏ ဖိအားပေးခြင်းကို ခံလိုက်ရပြီး အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
အဝေးတစ်နေရာတွင် တိုက်ခိုက်နေသော တိုက်ပွဲရှိလူများကလည်း လီပိုင်တို့အုပ်စု၏ တိုက်ပွဲကို စောင့်မျှော်ကြည့်ရှု့နေကြသည်။ သူတို့၏တိုက်ပွဲများကလည်း အရေးပါသော်ငြား ဤတိုက်ပွဲကြီး၏ အနိုင်အရှုံးကို ဆုံးဖြတ်ပေးမည့်တိုက်ပွဲဟာ လီပိုင်တို့၏တိုက်ပွဲပင် ဖြစ်တော့သည်။
ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များကတော့ စိုးရိမ်ပူပင်နေသည့်မပေါ်ပါ။ သူတို့၏ယိယွမ်ဘုရားကျောင်းတွင် ထျန်းကျိအထွတ်အထိပ်ဘိုးဘေးသုံးယောက် ပိုင်ဆိုင်ထားသည်။ ဝမ်ဖုန်းတို့ဘက်တွင်တော့ ထျန်းကျိအထွတ်အထိပ်လူနှစ်ယောက်သာ ရှိလေသည်။
သူတို့ရဲ့ယိယွမ်ဘုရားကျောင်းက အလယ်ပိုင်းကုန်းမြေကြီးမှာ အချိန်ကာလရှည်ညောင်းစွာ ရပ်တည်နိုင်ခဲ့တာလေ။ အဲ့ဒါက အချည်းအနှီးနာမည်မဟုတ်ဘူး!
ခရက်...
လေထုအက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။ ယိယွမ်ဘုရားကျောင်းစွမ်းအားရှင်များ၏ မယုံကြည်နိုင်သောအကြည့်များအောက်တွင် ယိယွမ်ဘုရားကျောင်းဘိုးဘေးသုံးယောက်ဖော်ဆောင်ထားသော အကာအရံအလွှာကြီးသည် ရုတ်တရက် အက်ကွဲသွားခဲ့သည်။ ထက်မြက်သော ဓားစွမ်းရည်များသည် ယွမ်အောင်းတို့သုံးယောက်ထံသို့ ပြေးဝင်သွားခဲ့ကာ သူတို့က အရူးအမူးဆုတ်ခွာလိုက်ရသည်။ တချိန်တည်းမှာပင် သူတို့ဟာ လက်နှစ်ဖက်ဖြင့် လေဟာပြင်ကို ရိုက်ခတ်လိုက်ပြီး ရောက်ရှိလာသော ပြင်းထန်သည့်ဓားချီများကို တတ်နိုင်သမျှ တွန်းကန်လိုက်ကြသည်။
မရေမတွက်နိုင်သောဓားချီများသည် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ နောက်တဒင်္ဂကြာသည့်အခါ ယွမ်အောင်းနဲ့ ဘိုးဘေးသုံးယောက်တို့သည် အရှက်ရစရာအခြေအနေသို့ ရောက်ရှိသွားကြသည်။
အဆိုပါမြင်ကွင်းက ယိယွမ်ဘုရားကျောင်း၏စွမ်းအားရှင်များကို ထိတ်လန့်ခြောက်ခြားစေခဲ့သည်။ သူတို့၏မျက်နှာထက်၌ မယုံကြည်နိုင်သောအကြည့်များ ဖြစ်ပေါ်လာခဲ့သည်။
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?
" ကောင်းကင်ဘုံက ငါ့ကိုမွေးဖွားမပေးဘူး။ ငါလီပိုင်ရဲ့ဓားပညာက ရှည်လျားတဲ့တစ်ညတာလိုပဲ။ "
အလွန်အမင်းလွှမ်းမိုးချုပ်ကိုင်နိုင်သော ဟိန်းဟောက်သံကြီးထွက်ပေါ်လာခဲ့သည်။ ၎င်းအသံကြီးက မိုးခြိမ်းသံကြီးအလား ကမ္ဘာလောကကြီးအတွင်း ပေါက်ကွဲထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ နားစည်များကို ရိုက်ခတ်မိသွားသည်။ သူတို့က မိုးကောင်းကင်ယံထက်တွင် ဓားတစ်ချောင်းကို ဆွဲကိုင်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ မတ်တပ်ရပ်နေသော လီပိုင်ကို မော်ကြည့်မိလိုက်ကြသည်။
အခြေအနေကို အခွင့်ကောင်းယူပြီး သတ်ဖြတ်ပစ်ရမယ်။ ရန်သူကို သတ်ဖြတ်ရန် နည်းလမ်းကိုသိရှိပြီးသော လီပိုင်သည် ဆက်လက်လှုပ်ရှားရန် ပြင်ဆင်လိုက်သည်။ သူက ယိယွမ်ဘုရားကျောင်း၏ဘိုးဘေးသုံးယောက်မှာ အရှက်ရဖွယ်အခြေအနေ၌ ရှိနေကြောင်း သိထားခဲ့သည်။ သူတို့သာ အရူးအမူးတုံ့ပြန်လာပါက သူနဲ့ရွှမ်ဟန်းတို့ ထိခိုက်နာကျင်ရလိမ့်မည်။
လီပိုင်၏လွှမ်းမိုးနိုင်စွမ်းရှိသော ဟိန်းဟောက်သံကြီးထွက်ပေါ်လာခြင်းနဲ့အတူ သူ၏အနောက်ဖက်၌ သိပ်သည်းသောဓားချီများလည်း ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အဆိုပါဓားချီများဟာ စက်ဝိုင်းတစ်ခုပုံသဏ္ဍာန် ပုံဖော်လိုက်ကြပြီး လီပိုင်၏ကျောပြင်အနောက်၌ ရှိနေခဲ့သည်။ လီပိုင်၏စွမ်းအားများမှာ ပိုမို၍ထိတ်လန့်ခြောက်ခြားဖွယ် ကောင်းလာခဲ့သည်။
လီပိုင်က ဓားရှည်ကို ထိုးညွှန်လိုက်သည့်အခါ သူ့အနောက်ဖက်ရှိ စက်ဝိုင်းပုံစံဓားစွမ်းအင်များမှာလည်း ရုတ်တရက်ပြိုကွဲသွားခဲ့သည်။ ဓားအစွန်းများက ယွမ်အောင်းတို့သုံးယောက်ထံ ချိန်ရွယ်ထားကြသည်။
ရာထောင်ချီသောမြှားများကဲ့သို့ ဓားချီများတစ်ခုပြီးတစ်ခု ပျံသန်းထွက်ပေါ်လာခဲ့သည်။ အဆိုပါမြင်ကွင်းက ရှိရှိသမျှလူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ ထျန်းမိန်အထွတ်အထိပ်စွမ်းအားရှင်များ၏ မျက်ဝန်းများမှာ အကြောက်တရားဖြင့် ပြူးကျယ်သွားကြသည်။
သူတို့က အဆိုပါဓားချီတစ်ခုကိုတောင် ခုခံနိုင်လိမ့်မည်ဟု မသေချာပါ။ သို့ပါသော်လည်း သူတို့၏အရှေ့တွင် အဆုံးအစမဲ့စွာ များပြားသော ဓားချီပင်လယ်ကြီးရှိနေခဲ့သည်။ လီပိုင်အဘယ်မျှလောက် သန်မာကြောင်းကို မှန်းဆရန်ကြည့်ပါလေ။
လီပိုင်နဲ့မနီးမဝေးတွင်ရှိနေသောရွမ်ဟန်းဟာ အဆိုပါမြင်ကွင်းကြောင့် ကြောင်အသွားခဲ့သည်။ လီပိုင်က နူးညံ့သောအသွင်အပြင်ရှိသော်လည်း ရန်သူ့ကိုသတ်ဖြတ်ရာ၌ အင်မတန်မှ ရက်စက်လိမ့်မည်ဟု သူထင်မထားခဲ့ပါ။
" မိုးကောင်းကင်ကြီးဟာ ကျယ်ဝန်းပြီး အကြင်နေရာ၌ ဓားများပြည့်နှက်လျက် ရှိကြသည်။ "
အနည်းငယ်ထိတ်လန့်သွားခဲ့သော်လည်း ရွှမ်ယန်း၏လှုက်ရှားမှုများမှာလည်း မနှေးကွေးခဲ့ပါ။ သူက ခပ်ဖွဖွရေရွတ်လိုက်ပြီး သူ့လက်ထဲရှိဓားရှည်ကို အဆက်မပြတ်ဝှေ့ရမ်းလိုက်သည်။ သူဟာ ဓားရှည်ကိုလွှဲရမ်းရင်း လေထုအတွင်း၌ ကခုန်နေခဲ့သည်။ သူ့ထံမှထွက်ပေါ်လာသော ပြင်းထန်သည့်ဓားစွမ်းရည်များသည် လေးထောင့်ပုံသဏ္ဍာန် ဓားစွမ်းအင်ပိုက်ကွန်ကြီးအဖြစ် အသွင်ပြောင်းလဲသွားခဲ့ကာ ကောင်းကင်နှင့်မြေပြင်အကြား ထွက်ပေါ်ခဲ့သည်။
လီပိုင်နှင့်ရွှမ်ဟန်းတို့သည် ယခင်က အုပ်စုဖွဲ၍တိုက်ခိုက်ဖူးခြင်းမရှိသော်လည်း သူတို့ဟာ ဤအချိန်တွင် အချင်းချင်းနားလည်နေကြသည်။ မကောင်းဆိုးဝါးဆန်သော ဓားစွမ်းအင်များသည် ကောင်းကင်ယံပေါ်၌ ပြည့်နှက်လျက်ရှိသည်။ လီပိုင်နှင့်ရွှမ်ဟန်းတို့ကို ဗဟိုပြု၍ မိုင်တစ်သောင်းပတ်ပတ်လည်၌ ဘယ်အရာကိုမျှ မတွေ့မြင်ရတော့ပါ။ ၎င်းမိုင်တစ်သောင်းပတ်ပတ်လည်တွင် အဆုံးအစမဲ့သော ဓားမုန်တိုင်းကြီးတစ်ခုသာ ဖြစ်တည်နေခဲ့သည်။
ကောင်းကင်နှင့်မြေပြင်ကို ဖျက်စီးနိုင်သော အဲ့ဒီမြင်ကွင်းကြီးက ရှိနေကြသောလူများအားလုံးကို အကြောက်တရားဖြင့် တုန်လှုပ်သွားစေခဲ့သည်။
သို့ပါသော်လည်း တောင်ထိပ်ပေါ်တွင်ရှိနေသော ဝမ်ဖုန်းသည် အနည်းငယ်သော ပျော်ရွှင်မှုကိုမျှ မခံစားရပါ။ ထို့အစား သူက မျက်မှောင်ကျုံ့လိုက်ပြီး ယိယွမ်ဘုရားကျောင်းတည်ရှိရာ လျို့ဝှက်ကမ္ဘာလေးအထဲရှိ တုန်ထျန်းတောင်ထိပ်ဘက်သို့ လှမ်းမျှော်ကြည့်ရှု့လိုက်သည်။
လီပိုင်နှင့် အခြားသူများ၏တိုက်ပွဲမှ ထွက်ပေါ်လာသော စွမ်းအားအရှိန်အဝါများသည် ယိယွမ်ဘုရားကျောင်းတည်ရှိသော လျို့ဝှက်ကမ္ဘာလေးတစ်ခုလုံးကို လွှမ်းခြုံထားခဲ့သည်။ ယခင်က နတ်ဘုံတမျှလှပခဲ့သော လျို့ဝှက်ကမ္ဘာလေးသည် ဤတိုက်ပွဲကြောင့် အပျက်အစီးပုံကြီးအဖြစ် ပြောင်းလဲသွားခဲ့ရသည်။
သို့ပါသော်လည်း ထူးဆန်းသည့်အရာမှာ တိုက်ပွဲမြေပြင်နှင့် အနီးစပ်ဆုံးတွင် တည်ရှိနေသော တုန်ထျန်းတောင်ထိပ်သည် အဘယ်သို့သော ထိခိုက်မှုကိုမှ မခံစားရပါ။
ဤသည်မှာ ထျန်းကျိအထွတ်အထိပ်စွမ်းအားရှင်ငါးယောက်၏ တိုက်ပွဲဖြစ်သည်။ ယိယွမ်ဘုရားကျောင်းတည်ရှိရာ လျို့ဝှက်ကမ္ဘာလေး၏ ပိတ်ဆို့ပေးမှုကြောင့်သာ မဟုတ်ပါက အဆိုပါတိုက်ပွဲမှ ထွက်ပေါ်နေသော အရှိန်အဝါများသည် အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို ထိတ်လန့်စေနိုင်သည်။ ၎င်းက အလယ်ပိုင်းကုန်းမြေကြီး၏ နေရာဒေသ အတော်များများကိုတောင် ဖျက်စီးပစ်နိုင်သည်။
ဖြစ်နိုင်တဲ့အရာက ယိယွမ်ဘုရားကျောင်းရဲ့ ကြောက်စရာအကောင်းဆုံးစွမ်းအားရှင်တွေက ပုန်းအောင်းနေသေးတယ်။
ဒါကိုတွေးလိုက်မိသည့်အခါ ဝမ်ဖုန်း၏နှလုံးသားက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့သည်။ သူက အချိန်မရွေးလှုပ်ရှားရန် ဒုတိယအစောင့်အရှောက် ရှီကန်းတန်ကို လျို့ဝှက်စွာ ဆင့်ခေါ်လိုက်သည်။ ဤအချိန် ယိယွမ်ဘုရားကျောင်း၏အင်အားသည် ရှီကန်းတန်ကိုဆင့်ခေါ်ရန် ဖိအားပေးနိုင်ခဲ့သည်။
သို့ပါသော်လည်း ရှီကန်းတန်ကို လှုပ်ရှားခိုင်းလိုက်ပါက သူ၏ဂိုဏ်းအမှတ်များအားလုံးဟာ သုညသို့ပြန်လည်ရောက်ရှိသွားလိမ့်မည်။ ဝမ်ဖုန်းက အတော်လေးနာကြင်နေမိသည်။ ကံကောင်းထောက်မစွာဖြင့် ယိယွမ်ဘုရားကျောင်းသို့ ချီတက်လာသည့်လမ်းတွင် သူဟာ ရှန်ရှန်ကျုံဂိုဏ်းအတွက် ဂိုဏ်းအမှတ်တစ်ရာဘီလီယံကို အသုံးပြုခဲ့ပြီးဖြစ်သည်။ဂိုဏ်းတပည့်များ၏ ရုပ်ခန္ဓာများကို အဆင့်မြင့်အဆင့်သို့ မြှင့်တင်ပေးခဲ့သည်။ သူတို့၏ ကျင့်ကြံမှုများကိုလည်း မိုးကောင်းကင်နတ်မင်းအဆင့်အထိ မြှင့်တင်ပေးခဲ့သည်။
ဤသည်မှာ သူသုံးခဲ့ဖူးသမျှထဲတွင် အများပြားဆုံးပမာဏဖြစ်ပါသည်။ သူရှီကန်းတန်ကို အသုံးပြုမှာကြောင့်သာမဟုတ်ပါက သူဟာ တစ်ချိန်တည်းနဲ့ ဂိုဏ်းအမှတ်ဒီလောက်များများ အသုံးပြုခဲ့မှာ မဟုတ်ပါ။
သူ့တွင် ဂိုဏ်းအမှတ်ခြောက်ဆယ်ဘီလီယံကျော် ကျန်ရှိနေသေးသည်။ သို့ပါသော်လည်း ဝမ်ဖုန်းက ၎င်းတို့ကို အသုံးမပြုဘဲ ဂိုဏ်းအမှတ်ခြောက်ဆယ်ဘီလီယံကျော်၏ စွမ်းအားဖြင့် ရှီကန်းတန်ကို ကောင်းချီးပေးရန် ဆုံးဖြတ်ထားခဲ့သည်။
၎င်းမှာ ယိယွမ်ဘုရားကျောင်းအတွက် သူပြင်ဆင်ထားခဲ့သော နောက်ဆုံးဝှက်ဖဲဖြစ်လေသည်။ ဂိုဏ်းအမှတ်ခြောက်ဆယ်ဘီလီယံကျော်ကို စွမ်းအားအဖြစ်ပူးပေါင်းပြီး ရှီကန်းတန်အပေါ်ကောင်းချီးပေးလိုက်ပါက ရှီကန်းတန်၏ကျင့်ကြံမှုသည် ထျန်းဒန်အထွတ်အထိပ်အဆင့်၌သာ ရှိနေသော်လည်း သူ၏တိုက်ပွဲဝင်စွမ်းအားဟာ ထျန်းယုအဆင့်စွမ်းအားရှင်များနဲ့တောင် ရင်ဘောင်တန်းနိုင်လိမ့်မည်။
သတိထားတာက အမြဲတမ်းကောင်းမွန်တဲ့ အကျင့်တစ်ခုပင်။ မလုပ်ချင်ရင်လဲ မလုပ်နဲ့။ လုပ်တော့မယ်ဆိုရင်လဲ အဆုံးစွန်ထိအောင် ပြုမူဆောင်ရွက်ရမယ်!
ဝမ်ဖုန်းက လေးနက်စွာ တွေးတောနေစဥ်တွင် ယိယွမ်ဘုရားကျောင်းတည်ရှိရာ တောင်ထိပ်တစ်ခုပေါ်တွင် လူအိုကြီးနှစ်ယောက်က လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူတို့က အရပ်လေးမျက်နှာကို ထိတ်လန့်တုန်လှုပ်စေနိုင်သော တိုက်ပွဲကြီးကို ထူးမခြားနားစွာ စောင့်ကြည့်နေခဲ့သည်။ ပုရွက်ဆိတ်များ၏တိုက်ပွဲကို စောင့်ကြည့်နေသည့်အလား သူတို့၏မျက်နှာထက်၌ အဘယ်သို့သော အမူအရာမျိုးကိုမှ မတွေ့မြင်ရပါ။
ထိုပုဂ္ဂိုလ်နှစ်ယောက်ဟာ ယိယွမ်ဘုရားကျောင်း၏ ဒုတိယနှင့် တတိယဘိုးဘေးဖြစ်သော ယွမ်ဝူနှင့်ယွမ်မန်တို့ပင်။
" အဲ့ဒီလောက်ခွန်အားလောက်လေးနဲ့ ငါတို့ရဲ့ ယိယွမ်ဘုရားကျောင်းကို လာရောက်တိုက်ခိုက်ရဲတာလား။ "
ယွမ်မန်က တိုက်ပွဲမြေပြင်ကို စူးစိုက်ကြည့်လိုက်ပြီး အမူအရာမဲ့စွာ ပြောဆိုလိုက်သည်။ သို့ပေသော်ငြားလဲ သူ၏လေသံထဲတွင် ဖုံးကွယ်မရသော အထင်မမြင်သေးမှုများ ပါရှိနေခဲ့သည်။ သူက ထျန်းဒန်အဆင့်သို့ရောက်ရှိနေသော စွမ်းအားရှင်ဖြစ်ပြီး လီပိုင်နှင့်အခြားသူများကို အထင်အမြင်သေးရန် အဆင့်မှီပါသည်။
လီပိုင်၏ခွန်အားက အင်မတန်မှကောင်းမွန်ပြီး ထျန်းဒန်အဆင့်နဲ့ နီကပ်လုနီးပါးဖြစ်နေခဲ့သည်။ သူသာ ထျန်းကျိအထွတ်အထိပ်အဆင့်၌ ရှိနေသေးပါက သူက လီပိုင်ကို သတိကြီးကြီးထားမိလိမ့်မည်။ သို့ပါသော်လည်း အခုအချိန်မှာတော့ သူဟာ လီပိုင်ကို တိုက်ကွက်တစ်ကွက်ဖြင့် သတ်ဖြတ်နိုင်စွမ်းရှိပါသည်။ အဘယ့်ကြောင့်များ လေးလေးနက်နက်တွေးတောနေရဦးမည်နည်း။
သူတို့နှစ်ယောက်သည် တူညီသောအဆင့်တွင် ရှိမနေကြပါ။
" ဘိုးဘေးပြောသွားတဲ့စကားက မမှားယွင်းနိုင်ဘူး။ဘိုးဘေးယွမ်ဝူသာ ရှိမနေဘူးဆိုရင် ငါတို့ညီအစ်ကိုနှစ်ယောက် ဒီအဆင့်အထိ ဘယ်လိုလုပ်ရောက်လာနိုင်မှာလဲ။ ယိယွမ်ဘုရားကျောင်းကရော ရှန်းရွှမ်ဘုံလောကကြီးတစ်ခုလုံးကို ဘယ်လိုလုပ်ဖိနှိပ်နိုင်ပါ့မလဲ။ "
" ငါတို့နှစ်ယောက်လိုမျိုးပဲ အဲ့ဒီလူတွေကြားထဲမှာ ငါတို့တောင် ရှာမတွေ့နိုင်တဲ့သန်မာတဲ့လူတွေ ဖုံးကွယ်နေတာဖြစ်လောက်တယ်။ "
ယွမ်ဝူ၏မျက်ဝန်းများမှာ အနည်းငယ်မှေးကျဥ်းသွားခဲ့ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။ သူ၏လေသံက လေးနက်နေခဲ့သည်။
ယခုအချိန်တွင် သူတို့နှစ်ယောက်ဟာ ထျန်းဒန်အထွတ်အထိပ်သို့ရောက်ရှိနေကြသည်။ သူတို့တောင် ရှာမတွေ့နိုင်သော ရန်သူများမှာ အနည်းဆုံးတော့ သူတို့နှင့်အဆင့်တူတွင် ဖြစ်လောက်သည်။
ယွမ်ဝူ၏စကားကို ကြားလိုက်ရသည့်အခါ ယွမ်မန်၏အမူအရာမှာ ပျက်ယွင်းသွားခဲ့သည်။ သူ့မျက်ဝန်းအထဲရှိ အထင်အမြင်သေးမှုများမှာ ပျောက်ကွယ်သွားခဲ့သည်။ အမှန်ပါပင်။ ဘိုးဘေးယွမ်ဝူက သူတို့ကို ဘယ်တုန်းကမှ မလိမ်ညာခဲ့ပါ။ ရောက်လာတဲ့လူတွေကသာ အရမ်းမသန်မာနေရင် ဘိုးဘေးယွမ်ဝူက သူတို့ရဲ့ကျင့်ကြံမှုကို တိုးမြှင့်ပေးမှာတဲ့လား။
" ငါတို့အခု လှုပ်ရှားကြမလား။ "
ဒါကိုတွေးမိသွားပြီးနောက် ယွမ်မန်က လေသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။
" စောင့်ဦး..."
" ယွမ်အောင်းတို့သုံးယောက်က လက်ရှိမှာ အရေးနိမ့်နေပေမဲ့ သူတို့သာ အပြင်းအထန်တိုက်ခိုက်ရင် ထျန်းကျိအထွတ်အထိပ်လူနှစ်ယောက်လောက်က ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ကျန်တဲ့လူတွေကလည်း ယိယွမ်ဘုရားကျောင်းရဲ့ ပြိုင်ဖက်တွေ မဟုတ်ကြဘူး။ စိုးရိမ်နေသင့်တာက သူတို့တွေ။ ငါတို့မဟုတ်ဘူး။"
ယွမ်ဝူက ခေါင်းကိုခါရမ်းလိုက်သည်။ သူ၏အိုမင်းနေသော မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူဟာ လေးနက်စွာ ပြောဆိုခဲ့သည်။သူက လူအုပ်စုအတွင်းဖုံးကွယ်နေသည့် စွမ်းအားရှင်များကို ရှာဖွေမတွေ့ရှိသေးပါ။ ထို့အတွက်ကြောင့် အစောတလျှင် မလှုပ်ရှားချင်ပေ။
ယွမ်မန်ကခေါင်းညိမ့်လိုက်သည်။ သူက အဝေးတစ်နေရာရှိ တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေသော ဝမ်ဖုန်းတို့နှစ်ယောက်ကို စူးစိုက်ကြည့်လိုက်သည်။သူ၏မျက်ဝန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပေါ်လာပြီး အေးစက်စွာ မေးမြန်းလိုက်သည်။
" ဒီလူအုပ်စုကို အဲ့ဒီကလေးနှစ်ယောက်က ဦးဆောင်လာတဲ့ပုံပဲ။ အဲ့ဒီကောင်လေးနှစ်ယောက်ကို အရင်ဦးဆုံးသတ်ဖြတ်လိုက်ရင် ဘယ်လိုလဲ။ "
ဝမ်ဖုန်းတို့နှစ်ယောက်ကို ယွမ်မန်သည် အပိုင်းပိုင်းထောင်ချီအဖြစ် ဖြတ်တောက်ပစ်ချင်နေသည်။ ဒီလိုလူမမယ်လေးတွေက ယိယွမ်ဘုရားကျောင်းကို လာရောက်တိုက်ခိုက်ရဲတယ်လား။ ဒါက တကယ့်ကို အရှက်ရစရာပဲ! ဘိုးဘေးယွမ်ဝူ၏ သတိပေးမှုကြောင့်သာမဟုတ်ပါက သူက ချက်ချင်း သွားရောက်သတ်ဖြတ်မိလိမ့်မည်။
" ကောင်းပြီ။ ရွှမ်ယွမ်မျိုးနွယ်စုရဲ့ ကောင်လေးကိုတော့ ခဏထားလိုက်ဦး။ ရွှမ်တုမဟာအင်အားစုခြောက်စုမှာ ဆန်းကြယ်တဲ့နောက်ခံတွေ ရှိကြတယ်။သူတို့ကို ရန်စဖို့အတွက် အချိန်ကောင်းမဟုတ်သေးဘူး။ အဲ့ဒီကောင်လေးကိုသာ ဖမ်းမိလိုက်ရင် ထျန်းတုမြို့အရှင်ရဲ့ ဂူသချိုင်းကို ယှဥ်ပြိုင်ရာမှာ အသုံးချနိုင်လိမ့်မယ်။ "
ယွမ်ဝူက ယွမ်မန်စိုက်ကြည့်နေသည့်နေရာသို့ လှမ်းမျှော်ကြည့်ရှူ့လိုက်သည်။သူ၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး ခေါင်းညိမ့်ကာ ပြောဆိုလိုက်သည်။